သူ တစ်ရက်ရက်၌ ဓမ္မလက်နက်တစ်ခုကို အောင်မြင်စွာ သန့်စင်နိုင်သွားသည့်အချိန်တွင် လူကြီးလူငယ်၊ ကျားမ မရွေး သူ့အား ” မဟာသခင် “ဟု ခေါ်ဆိုကြရမည်ဖြစ်ကြောင်း တွေးတောရင်း ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားလာရသလို ဇဝေဇဝါလည်း ဖြစ်သွားရ၏။
” သူတို့တွေက ငါ့ကို မဟာသခင်ဝမ်လို့ ခေါ်ကြမှာလား။ မသာသခင်ပေါင်လို့ ခေါ်ကြမှာလား။ ဒါမှမဟုတ် မဟာသခင်လဲ့လို့ ခေါ်ကြမှာလား မသိဘူး ”
ဝမ်ပေါင်လဲ့မှာ မည်ကဲ့သို့ လှည့်ပတ်၍ တွေးတောနေစေကာမူ ” မဟာ ” ဆို စာလုံးကြောင့် ထိုဘွဲ့နာမည်မှာ နားကလောနေသည်ဟု ခံစားနေရ၏။ သူသည် ဓမ္မလက်နက်တစ်ခုကို သန့်စင်ပြီးသွားပါက လျှိုတောက်ပင်းနှင့် အပေါင်းအပါများကဲ့သို့သော လူများကို သူ့ဘက်မှ အရင်ဆုံးသိမ်းသွင်းကာ သူ့အား ” သခင်ဝမ်” ဟု ခေါ်ဆိုခိုင်းရန် ရည်ရွယ်ထား၏။ သို့မှသာ အခြားလူများကလည်း ထိုကဲ့သို့ လိုက်ခေါ်ကြမည်ဖြစ်သည်။
” သခင်ဝမ် ” ဝမ်ပေါင်လဲ့မှာ ထိုဘွဲ့နာမည်ကို ကျေနပ်သွား၏။ သူသည် တစ်ခဏမျှ စိတ်ကူးယဉ်နေလိုက်ပြီးနောက် စိတ်ဓာတ်များ ပြန်လည်တတ်ကြွလာပြီး ဓမ္မလက်နက်များအား ဆက်လက်လေ့လာနေလိုက်တော့သည်။
ဓမ္မလက်နက်တစ်ခုမှာ ကိုယ်ထည်အပိုင်းတွငါ ဝိညာဉ်အမြုတေနှင့် ကမ္ဗည်းစာလုံးများ ပါဝင်နေသောကြောင့် နတ်ဘုရားရတနာတစ်ခုနှင့် ဆင်တူပါသော်လည်း အသေးစိတ်ကြည့်ရှုလိုက်ပါက ကွဲပြားခြားနားချက် မြောက်မြားစွာကို တွေ့ရှိရမည်ဖြစ်သည်။ ထို့အပြင် ဝိညာဉ်ပေါင်းစည်းခြင်းနှင့် မိုးကောင်းကင်လှုံ့ဆော်ခြင်းဟူသည့် အခြားအချက်နှစ်ချက်လည်း ရှိနေသေးသည်။
ဝမ်ပေါင်လဲ့ ကောင်းကင်တာအိုကျောင်းထဲ၌ ရှိနေခဲ့စဉ်တုန်းက လေ့လာဆည်းပူးခဲ့သည့် ဗဟုသုတများအရဆိုလျှင် ဓမ္မအဆောင်တစ်ခုဖြစ်စေ နတ်ဘုရားရတနာတစ်ခုဖြစ်စေ ၎င်းတို့မှာ ဝိညာဉ်စွမ်းအင်အား အသုံးပြုသည့် နည်းလမ်းတစ်ခုသာဖြစ်ကြောင်း သူက သိရှိထား၏။ ဝိညာဉ်စွမ်းအင်များမှာ ကမ္ဗည်းစာလုံးများအတိုင်း စီးဆင်းကာ အစွမ်းအမျိုးမျိုးကို ထုတ်ပေးကြသည်ဖြစ်သည်။
ဓမ္မလက်နက်တစ်ခုမှာမူ ဝိညာဉ်စွမ်းအင်တစ်ခုတည်းကိုသာ မဟုတ်ဘဲ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအားများကိုပါ အသုံးပြုသောကြောင့် ကွဲပြားခြားနားသည်ဟု ဆိုနိုင်ပေသည်။
ထို မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအားဆိုသောအရာကို လက်ဆုပ်လက်ကိုင်ပြ၍ မရပေ။ တာအိုကျောင်းများ၏ သင်ကြားမှုများအရဆိုလျှင် ထိုစွမ်းအားကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုသာမက သဘာဝတရားကြီးထဲရှိ အရာအားလုံးကိုပါ သက်ရှိများအဖြစ် သတ်မှတ်နိုင်ပေသည်။ ထိုကဲ့သို့သော သက်ရှိများထံမှ ထွက်ပေါ်လာကြသည့် အငွေ့အသက်များမှာ တဖြည်းဖြည်းနှင့် စုပေါင်းကာ ကမ္ဘာကြီးတစ်ခုလုံးထဲ၌ ပြည့်နှက်နေကြမည်ဖြစ်သည်။ ထိုကဲ့သို့ တကွဲတပြား ဖြစ်နေပါသော်လည်း ပေါင်းစည်းမှုအပြည့်ရှိနေသည့် စွမ်းအားကို မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအားဟု ခေါ်ဆိုခြင်းဖြစ်သည်။
” ဒါကတကယ်တမ်းတော့ သံလိုက်ဓာတ် တစ်ခုပါပဲ။ မိုးကောင်းကင်ဆီမှာ စိတ်ဆန္ဒတစ်ခုရှိနေတော့ မိုးကောင်းကင်ကြီး ပိုင်ဆိုင်တဲ့ သံလိုက်ဓာတ်တွေ ထွက်ပေါ်လာတာ။ ကမ္ဘာကြီး၊ တောင်တန်း၊ မြစ်၊ ရွှံ့၊ ကျောက်တုံး၊ လျှပ်စီး၊ လေ၊ မိုး… အဲဒီအရာတွေလည်း အတူတူပဲ ” ဝမ်ပေါင်လဲ့မှာ သူ၏နဖူးကိုပွတ်ရင်း တာအိုကျောင်းထဲ၌ လေ့လာဆည်းပူးခဲ့သော ဗဟုသုတများကို ပြန်လည်တွေးတောနေလိုက်၏။
ဓမ္မအဆောင်များနှင့် နတ်ဘုရားရတနာများမှာ ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်ပေးကြသည်ဖြစ်ပြီး ဓမ္မလက်နက်များမှာမူ ထို ဝိညာဉ်စွမ်းအင်ကိုသာမဟုတ်ဘဲ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအားများကိုပါ ထိန်းချုပ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့်လည်း မည်သည့် ဓမ္မလက်နက်ကိုမဆို အသုံးပြုလိုက်မည်ဆိုပါက အရက်မျက်နှာအနှံ့သို့ တုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားရခြင်းဖြစ်သည်။ ထိုစွမ်းအားမှာ အသစ်အဆန်း မဟုတ်လျှင်တောင် အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေဆဲပင်။
မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအားကို ထိန်းချုပ်နိုင်သည့် နည်းလမ်းမှာ နတ်ဘုရားရတနာနှင့် ဓမ္မလက်နက်တို့ကို ကွဲပြားခြားနားစေသည့် အချက်နှစ်ချက်ထဲမှ တစ်ချက်ဖြစ်သော မိုးကောင်းကင်လှုံ့ဆော်ခြင်းဟူသည့် ပညာရပ်ပင်ဖြစ်သည်။
ထို မိုးကောင်းကင်လှုံ့ဆော်ခြင်းဆိုသည်မှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားရှိ အရာဝတ္ထု တစ်ခုချင်းစီတိုင်းမှ ထွက်ပေါ်နေသည့် လျှို့ဝှက်ဆန်းကြယ်စွမ်းအားများကို ဓမ္မလက်နက် တစ်ခုထဲသို့ ပေါင်းစည်းထည့်သွင်းပေးခြင်းပင်ဖြစ်သည်။ ထိုသို့ ပေါင်းစည်းပေးလိုက်ခြင်းဖြင့် ဓမ္မလက်နက်တစ်ခုမှာ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ စွမ်းအားများဖြင့် ဆက်သွယ်နိုင်စွမ်းရှိသော ကြားခံနယ်တစ်ခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
ထိုအဆင့်ပြီးလျှင် ဓမ္မလက်နက်တစ်ခု ပြုလုပ်ရန် လိုအပ်သည့် ပထမဆုံးအဆင့် ပြီးဆုံးသွားပြီဖြစ်သည်။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအားများဖြင့် ဆက်သွယ်နိုင်စွမ်းရှိနေသော ဓမ္မရတနာတစ်ခုကို ဓမ္မလက်နက်တစ်ပိုင်းဟု သတ်မှတ်၍ရနေပြီဖြစ်သည်။ ၎င်း၏ စွမ်းအားမှာ ဓမ္မလက်နက်အစစ်တစ်ခုနှင့် မယှဉ်နိုင်လျှင်တောင် နတ်ဘုရားရတနာ တစ်ခုထက် အများကြီးပို၍ သာလွန်နေပြီဖြစ်သည်။
ထိုအချိန်တွင် သန့်စင်မှု၏ ဒုတိယအဆင့်ဖြစ်သော ဝိညာဉ်ပေါင်းစည်းခြင်းကို စတင်ပြုလုပ်ရမည်ဖြစ်သည်။
၎င်း၏ အမည်အတိုင်းပင်။ ဝိညာဉ်ပေါင်းစည်းခြင်းဆိုသည်မှာ ဝိညာဉ်အား ဓမ္မလက်နက်တစ်ခုထဲသို့ ပေါင်းထည့်ပေးရခြင်း ဖြစ်သည်။
ထိုအဆောင်ဝိညာဉ်တွင် ဝိညာဉ်အသိဉာဏ် ရှိနေစရာမလိုပေ။ လိုအပ်သည့် သတ်မှတ်ချက်များဖြင့် ပြည့်စုံနေသည်နှင့် ထိုဝိညာဉ်အား ပေါင်းစည်းပြီးသွားသည်နှင့် တစ်ပြိုင်နက် ၎င်းမှာ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ စွမ်းအားများကိုပိုင်ဆိုင်ထားသော ဓမ္မလက်နက်တစ်ခု၏ အစွမ်းများကို ထုတ်သုံးနိုင်သော ထွက်ပေါက်တစ်ပေါက်ကဲ့သို့ ပြောင်းလဲသွားမည်သာဖြစ်သည်။ ထိုအချိန်တွင် အဆောင်ဝိညာဉ်၏ လမ်းညွှန်ပေးမှုဖြင့် အံ့ဩဖွယ်ရာ စွမ်းအားတစ်မျိုးကို ထုတ်လွှတ်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။
ဥပမာပြရလျှင် ဝမ်ပေါင်လဲ့၏ ဓမ္မလက်နက်ဓားရှည်ကြီးထဲမှ အနက်ရောင်လေမုန်တိုင်းကြီး ထွက်ပေါ်လာရသည့် အကြောင်းအရင်းမှာ ထိုဓမ္မလက်နက်ထဲရှိ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏စွမ်းအားများမှာ လေမုန်တိုင်းတစ်ခုစီမှ ရရှိခဲ့သောကြောင့်ဖြစ်သည်။ ထိုအနက်ရောင်လေမုန်းတိုင်းကြီးထဲရှိ မိကျောင်းကြီးမှာမူ အဆောင်ဝိညာဉ်ဖြစ်၏။
” မိုးကောင်းကင်လှုံ့ဆော်ခြင်းနဲ့ ဝိညာဉ်ပေါင်းစည်းခြင်း…. ဒီအဆင့်နှစ်ဆင့်က တော်တော်ခက်မှာ ” ဝမ်ပေါင်လဲ့မှာ သူလေ့လာဆည်းပူးထားသော ဗဟုသုတများကို ဝေဖန်ပိုင်းခြားနေ၏။ ထို့နောက် သူသည် နှုတ်ဆိတ်နေပြီး ဓမ္မလက်နက်တစ်ခုဆီ၌သာရှိသော ထို အဆင့်နှစ်ဆင့်အကြောင်းကို စဉ်းစားတွေးတောနေတော့သည်။ မိုးကောင်းကင်လှုံ့ဆော်ခြင်းအဆင့်ကိုမူ သူ့ဘက်မှ အဆက်မပြတ် လေ့ကျင့်နေရန် လိုအပ်ပေသည်။ ဝိညာဉ်ပေါင်းစည်းခြင်းကိုမူ ထိုအဆင့်နှစ်ဆင့်ထဲ၌ ပို၍လွယ်ကူသော အဆင့်အဖြစ် သတ်မှတ်နိုင်ပေသည်။
” ငါ အဆောင်ဝိညာဉ်အဖြစ် အသုံးပြုနိုင်ဖို့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကြီးတစ်ကောင်ကောင်ကို ဖမ်းဆီးဖို့လိုတယ်။ အဆောင်ဝိညာဉ်ကို ဓမ္မလက်နက်ရဲ့ စွမ်းအားနဲ့ လိုက်လျောညီထွေမှုရှိအောင် ရွေးချယ်သင့်တယ်။ အဲ့တာမလို့ အခု ငါက ဓမ္မလက်နက်အော်လံကြီးတစ်လုံး သန့်စင်မှာဆိုတော့ အသံအကျယ်ကြီး ဟိန်းဟောက်နိုင်စွမ်းရှိတဲ့ သားရဲကြီးတွေကို လိုက်ရှာမှ ဖြစ်မယ်…. ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်ပြီးနောက် မြည်းလေး၏ပုံရိပ်မှာ သူ၏အသိစိတ်ထဲ၌ ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် မျက်လုံးများ အရောင်လက်သွားပါသော်လည်း ခဏအကြာတွင် သက်ပြင်းပြန်ချလိုက်ရ၏။ မည်သည့်အမှားမှ မလုပ်ထားသော အပြစ်မဲ့ မြည်းလေးကို သတ်ဖြတ်ရန်မှာ လူမဆန်သောလုပ်ရပ်တစ်ခုဖြစ်ကြောင်း ခံစားနေရ၏။
သို့သော် ထိုမြည်းလေးအား အဆောင်ဝိညာဉ်တစ်ခုအဖြစ် အသုံးပြုကာ ဓမ္မလက်နက်အော်လံကြီးကို ဖန်တီးလိုက်မည်ဆိုပါက ၎င်းမှာ အလွန်အင်မတန်မှ အထင်ကြီးအံ့သြဖွယ်ရာ ကောင်းနေလိမ့်မည်ဟုလည်း သူက ခံစားနေရပြန်သည်။
ဝမ်ပေါင်လဲ့မှာ ဆက်လက်စဥ်းစားတွေးတောနေလိုက်ပြီးနောက် မြည်းလေးအား အဆောင်ဝိညာဉ်အဖြစ် အသုံးပြုမည့်အစီအစဉ်ကို ခေါင်းထဲမှ ထုတ်ထားလိုက်တော့သည်။ ထို့နောက် သူသည် မိုးကောင်းကင်လှုံ့ဆော်ခြင်းအကြောင်းကို စတင်လေ့လာလိုက်၏။ ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး ခုနစ်ရက်တိတိ ကုန်ဆုံးသွားတော့သည်။
ထို ခုနစ်ရက်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ အအိပ်မေ့အစားမေ့အဆင့်အထိ မရောက်ခဲ့ပါသော်လည်း ဓမ္မလက်နက်များအား လေ့လာခြင်းဖြင့်သာ အချိန်အားလုံးကို ကုန်ဆုံးစေခဲ့၏။ သို့သော် သူသည် အချိန်အချို့ ဖဲ့ပေးကာ လျှိုတောက်ပင်းနှင့် အပေါင်းအပါများဆီမှ သတင်းများကို နားထောင်နေဆဲပင်။ သူတို့ ရှိနေသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ့မြို့တော်ကြီး၏ အကြောင်းကို နောကျေနေအောင် သိထားတော့သည်။
ဥပမာပြရမည့်ဆိုလျှင် လွန်ခဲ့သော ခုနစ်ရက်အတွင်းတွင် ချန်းမုနှင့် အပေါင်းအပါများမှာ မြို့တော်ဆောက်လုပ်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ပါသော်လည်း ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့နှစ်ယောက်သာ သိုသိုသိပ်သိပ် နေခဲ့ကြသည်ဖြစ်ပြီး ချန်းမုမှာ လွန်ခဲ့သော သုံးရက်ခန့်က သူ၏နယ်မြေထဲ၌ အသေးစား ထမင်းစားပွဲလေးတစ်ခုကို ကျင်းပခဲ့သည်ဖြစ်သည်။ သူသည် လူပေါင်းများစွာကို ဖိတ်ကြားခဲ့၏။ လီဝမ်အာမှာလည်း ထိုပွဲသို့တက်ရောက်ခဲ့သည်ဖြစ်ပြီး ချန်းမုအား အလွန်အင်မတန်မှ ဖော်ရွေစွာ ပြောဆိုဆက်ဆံခဲ့၏။
နောက်ထပ် ဥပမာတစ်ခုမှာ ထိုအတောအတွင်းတွင် ချန်းမုနှင့်အပေါင်းအပါများ၏ နယ်မြေများထဲ၌ ပစ္စည်းများပျောက်သည့် ကိစ္စရပ်များ ခဏခဏ ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။ ထို့အပြင် အခင်းမဖြစ်ပွားခင်နှင့် ဖြစ်ပွားပြီးသည့်အချိန်တိုင်းတွင် မြည်းလေးမှာ အခင်းဖြစ်ရာနေရာ၌ ပေါ်ပေါက်လာသည်သာ ဖြစ်သည်။ အဖွဲ့အစည်းသုံးခုမှ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်စီ အစောင့်အဖြစ် တာဝန်ယူလိုက်သောအခါမှ ထိုပြဿနာမှာ ပြေလည်သွားခဲ့၏။ သို့သော် ထိုအတောအတွင်း ထိုအဖွဲ့အစည်းသုံးခု ဆုံးရှုံးလိုက်ရသည့် ပမာဏမှာ အံ့ဩမှင်တက်ဖွယ် ကောင်းလောက်အောင် များပြားနေခဲ့သည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲတွင် ထိုပုံရိပ်များအားလုံး ပြန်ပေါ်လာ၏။ ထို့ကြောင့် သူသည် မြည်းလေး၏ စွမ်းဆောင်မှုများကို ကျေနပ်အားရသွားတော့သည်။ တစ်ချိန်ထဲမှာပင် သူသည် လီဝမ်အာထံမှ အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်၏။ သူမသည် ခမ်းကြီးနားကြီးလေသံဖြင့် မြည်းလေးအား ဖမ်းဆီးပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့ကလည်း ထိုတောင်းဆိုချက်ကို ချက်ချင်းပင်ငြင်းဆန်လိုက်၏။ လီဝမ်အာမှု ထိုငြင်းဆန်မှုကို လက်ခံရရှိလိုက်ပြီးနောက် စကားအများကြီး ထပ်ပြောမနေတော့ပေ။ ထိုသို့သာ ဆက်ဖြစ်ပါက သူမသည် ဘုရင်ခံဆီသို့ တိုက်ရိုက်သတင်းပို့ရမည်ဖြစ်ကြောင်းကိုသာ ပြောပြလိုက်၏။ မြို့တော်အသစ်၏ ဆောက်လုပ်ရေးလုပ်ငန်းမှာ အရေးအကြီးဆုံးမဟုတ်ပါလော။ ထို့ကြောင့် ထိုဆောက်လုပ်ရေးလုပ်ငန်းအား နှောင့်ယှက်သည့် မည်သူ့ကိုမဆို အပြစ်ပေးရမည်သာဖြစ်သည်။
” သူက ငါ့ကို ခြိမ်းခြောက်နေတာလားဟ ” ဝမ်ပေါင်လဲ့မှာ မရွှင်မပျ ဖြစ်သွားရပြီး သူ၏ မျက်ဝန်းများမှာ ယခင်ကထက်ပို၍ အေးစက်လာတော့သည်။ လီဝမ်အာမှာ စိတ်ပြောင်းသွားပြီဟု သူက ခံစားလိုက်ရ၏။ သူမသည် စေ့စပ်မျှသာ စေ့စပ်ထားသည်ဖြစ်ပါသော်လည်း သူမ၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးချ၍ ချန်းမုဘက်မှ ရပ်တည်ပေးနေခြင်းဖြစ်သည်။
” သူက ချန်းမုကို မဟုတ်တာတွေ မလုပ်ဖို့ ငါ့ကို သတိပေးချင်နေတာများလား… ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ တွေးလိုက်၏။ သူသည် နှစ်ပေါင်းများစွာတိုင်အောင် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ဖတ်ရှုလေ့လာခဲ့သည်ဖြစ်ရာ လီဝမ်အာ၏ လုပ်ရပ်များ၏ နောက်မှ အဓိပ္ပါယ်ကို ရိပ်မိစပြုလာတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သောအခါ သူ၏ မျက်ဝန်းများမှာ အေးစက်သွား၏။ သို့သော် ချန်းမုနှင့်အပေါင်းအပါများ၏ ကိစ္စများထဲ၌ ဝင်ရှုပ်ရန် အချိန်မကျသေးကြောင်း သူက ကောင်းကောင်းကြီး သိထားသောကြောင့် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။ မြို့တော်ကြီးမှာ ပြီးစီးမှု မရှိသေးသည် မဟုတ်ပါလော…
ထိုသို့ဖြင့် နောက်ထပ်လဝက်တိတိ ကုန်ဆုံးသွားပြင်သည်။ ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်များ၏ မိုးကောင်းကင်လှုံဆော်ခြင်းအပိုင်းကို အထူးလေ့လာနေခဲ့သည်ဖြစ်ရာ အတော်အသင့် တိုးတက်လာပြီဖြစ်သည်။ သူသည် ညနေတစ်ခု၌ ထိုပညာရပ်အား စမ်းသပ်ရန် ပြင်ဆင်နေသည့်အချိန်တွင် မြေပြင်ကြီးမှာ ရုတ်တရက်ဆိုသလို ပြင်းထန်စွာ တုန်ရီသွား၏။ ထို့နောက် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပွင့်လာတော့သည်။
လီယီရှိခဲ့စဉ်တုန်းက ဖြစ်ရပ်ကြီးကြောင့် အတွေ့အကြုံများ ရှိနေကြပြီဖြစ်သော ကျင့်ကြံသူပေါင်းမြောက်မြားစွာမှာ ထိုပေါက်ကွဲသံကြ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင်လှုပ်ရှားလိုက်ကြ၏။ ခုန်းတောက်၊ ကျင့်သိုမင်နှင့် အပေါင်းအပါများမှာလည်း အလားတူပင်။
လီဝမ်အာမှာလည်း သူတို့နှင့် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်၏။ သူမသည် ထိုအပိုင်းတွင် အတွေ့အကြုံမရှိပါသော်လည်း ကူညီပေးရန် တာဝန်ရှိနေသည် မဟုတ်ပါလော။ ထို့အပြင် သူမသည် မြို့တော်ကြီးနှင့် လှိုဏ်ခေါင်းကြီးတို့၏ အကြောင်းများကို လေ့လာနေခဲ့သည်မှာ အချိန်အတော်အတန်ကြာပြီဖြစ်၍ ယခုလို ပေါက်ကွဲသံကြီး ရုတ်တရက်ထွက်ပေါ်လာရသည်မှာ လှိုဏ်ခေါင်းကြီးနှင့် ဆက်နွှယ်မှု ရှိနေရမည်ဖြစ်ကြောင်း ချက်ချင်းပင်သိလိုက်၏။
ဝမ်ပေါင်လဲ့မှာမူ ထိုပါကွဲသံကြီး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တံခါးပိတ်လေ့ကျင့်နေရာမှ ထွက်လာပြီး မန္တန်အစီအရင်ကြီးအားဖွင့်ကာ သူ၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ နယ်မြေတစ်ခုချင်းစီတိုင်းကို စစ်ဆေးလိုက်၏။
ဆောက်လုပ်ရေးလုပ်ငန်းများ မစတင်ရသေးသည့် နေရာများအပါအဝင် မြို့တော်ထဲရှိ နေရာတိုင်းမှာ ပုံမှန်းအတိုင်း ရှိနေဆဲပင်။ လီယီ၏ လှိုဏ်ခေါင်းကြီးနှင့် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးတို့မှာလည်း ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော် မြို့တော်ကြီးနှင့် သိပ်မဝေးသော လူသူကင်းမဲ့သည့် နေရာတစ်ခုတွင် လှိုဏ်ခေါင်းအသစ်ကြီးတစ်ခု ပေါ်ပေါက်လာသည်ဖြစ်သည်။
လီယီ၏ လှိုဏ်ခေါင်းကြီး ထွက်ပေါ်လာခဲ့သည်မှာ သိပ်မကြာသေးပါသော်လည်း ယခုတွင် နောက်ထပ် လှိုဏ်ခေါင်းအသစ်ကြီးတစ်ထု ထပ်၍ ပေါ်ပေါက်လာပြီဖြစ်သည်။ သို့ဖြစ်ရာ နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးထဲရှိ အငွေ့အသက်များမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီဖြစ်ကြောင်း သိနိုင်ပေသည်။ ၎င်းမှာ အင်္ဂါဂြိုဟ်ဘုရင်ခံ၏ သုံးသပ်ချက်များနှင့် ကိုက်ညီနေပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ ဖိအားမြောက်မြားစွာ ခံစားနေရဆဲပင်။
ထိုလှိုဏ်ခေါင်းများ ပေါ်လာသည်နှင့် သူသည် ၎င်းတို့အား အမြန်ဆုံးနည်းဖြင့် ပြန်ပိတ်နိုင်ရန် လိုအပ်ကြောင်း သူက သိထား၏။ ၎င်းမှာ မြို့တော်ကြီး၏ အပြင်ဘက်တွင် ရှိနေသဖြင့် မြို့တော်ထဲတွင် ရှိနေတုန်းကလောက် ၎င်းအား ဖိနှိပ်ချုပ်တည်းရန် မလွယ်ကူပါသော်လည်း မြို့တော်အသစ်ကြီးအား တည်ဆောက်ရသည့်ရည်ရွယ်ချက်မှာ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးအတွက် ကျင့်ကြံသူများ ပို၍စုဝေးလာနိုင်ရန် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ဦးဆောင်မှုနှင့်အတူ ကျင့်ကြံသူများနှင့် နယ်မြေခြောက်ခုမှ အမြုတေအဆင့် ကျွမ်းကျင်ပညာရှင်များမှာ လှိုဏ်ခေါင်းအသစ်ကြီးအား ပြိုင်တူပိတ်ဆို့နိုင်ရန်အတွက် ၎င်းပေါ်ပေါက်လာသည့်နေရာ၌ စုဝေးလာကြတော့သည်။
အဖွဲ့အစည်းအသီးသီးမှ လူမျိုးစုံ ရောက်ရှိလာကြသည်ဖြစ်ရာ နတ်ဘုရားလက်နက် မြို့တော်အသစ်ထဲရှိ အမြုတေအဆင့် ကျင့်ကြံသူအရေအတွက်မှာလည်း သိသိသာသာ မြင့်တက်လာခဲ့၏။ ဝမ်ပေါင်လဲ့၏ အမိန့်များကို မြို့တော်တစ်ခုလုံးသိအောင် ကြေညာလိုက်၏။ ကျင့်သိုမင်၊ ခုန်းတောက်တို့သာမက လီဝမ်အာကဲ့သို့သော အခြားပုဂ္ဂိုလ်များမှာလည်း ထိုအမိန့်များကို လက်ဆင့်ကမ်း ဖြန့်ဝေပေးလိုက်ကြ၏။ ထိုသို့ဖြင့် သိပ်မကြာခင်တွင် မြို့တော်ကြီးထဲမှ ကျင့်ကြံသူပေါင်း မြောက်မြားစွာ ထွက်ပေါ်လာကြပြီး လှိုဏ်ခေါင်းအသစ်ကြီး ပေါ်လာသည့်နေရာသို့ အရှိန်အဟုန်ဖြင့် ပြေးသွားကြတော့သည်။
ထိုနေရာသို့ ရောက်ရှိလာသည့် လူတိုင်းမှာ လှိုဏ်ခေါင်းအသစ်ကြီးအား မြင်လိုက်ရသောအခါ စိတ်အေးသွားရပြီး သက်ပြင်းချလိုက်ကြ၏။ ၎င်း၏ အရွယ်အစားမှာ လီယီရှိခဲ့စဉ်တုန်းက ပေါ်ပေါက်လာခဲ့သည့် လှိုဏ်ခေါင်းကြီး၏ အရွယ်အစားထက် သိသိသာသာ ပို၍ သိန်းငယ်နေသည်ဖြစ်သည်။ ယခုတွင် ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများနှင့် အလောင်းကောင်ပေါင်း မြောက်မြားစွာမှာ အသံကုန် ဟိန်းဟောက်ရင်း ထိုလှိုဏ်ခေါင်းထဲမှ ပြေးထွက်လာကြပါသော်လည်း ၎င်းတို့အား ဖိနှိပ်ချုပ်တည်းရန်မှာ မခက်ခဲပေ။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ထိုနေရာသို့ စတင်ရောက်ရှိလာခဲ့သည့် အချိန်ကတည်းက ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားပြီး မျက်နှာအမူအရာ တည်ကြည်သွားရ၏။
ခုန်းတောက်၊ ကျင့်သိုမင်၊ လင်းတျန်ဟောက်တို့ အပါအဝင် တာအိုကျောင်းကြီးလေးကျောင်းမှ အခြားသူများအားလုံးမှာ ထိုနေရာ၌ စုဝေးနေကြပါသော်လည်း ချန်းမု၊ ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့၏ နယ်မြေများမှ ကျင့်ကြံသူ အနည်းငယ်ခန့်သာ ထိုနေရာသို့ ရောက်လာကြသည်ဖြစ်သည်။ ထို့အပြင် ထို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများမှ အမြုတေအဆင့်ကျင့်ကြံသူများအပြင် မြို့တော်ဝန်သုံးယောက်စလုံးမှာလည်း ရောက်ရှိလာခဲ့ခြင်းမရှိပေ။
👍👍👍👍👍👍👍👍👍