Switch Mode

အခန်း (၃၉၃) – ‌ဓမ္မလက်နက်သခင်

ဓမ္မလက်နက်သခင်

ဝမ်ပေါင်လဲ့မှာ ချန်းမုအပါအဝင် ထို သုံးယောက်၏ မောက်မာဝင့်ကြွားမှုများကို နောကျေနေအောင် သိထား၏။ ယခုတွင် သူသည် မြည်းလေးကို ပွတ်သပ်ပေးနေရင်း မျက်လုံးများမှေးသွား၏။ ချန်းမုနှင့် အပေါင်းအပါများမှာ သူတို့အား ပြုစုပျိုးထောင်ပေးခဲ့သည့် ပြည်ထောင်စုကြီးကို ကျေးဇူးတင်သင့်သည်ဟု ဝမ်ပေါင်လဲ့က တွေးလိုက်၏။ ထိုသို့သာမဟုတ်ပါက သူ၏ ဒေါသထွက်လွယ်သည့် စိတ်မျိုးနှင့်သာဆိုလျှင် သူသည် ထိုသုံးယောက်ဆီသို့သွား၍ သူတို့အား ရိုက်နှက်ကန်ကျောက်မိနေလောက်ပြီ ဖြစ်သည်။

” ငါက အထင်ကရပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီဆိုတော့ တွေ့ကရာမြင်ကရာလူတွေကို စိတ်ရှိတိုင်း ရိုက်နှက်နေလို့ မဖြစ်တော့ဘူး။ ဟုတ်တယ်မလား လစ်လိုက်တော့ ” ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး အဓိပ္ပါယ်နက်နဲသောစကားများကို ပြောနေသည့်ပုံစံဖြင့် မြည်းလေးအား မေးလိုက်၏။

မြည်းလေးမှာမူ မတရားအနိုင်ကျင့်ခံနေရသကဲ့သို့ ခံစားနေရပြီဖြစ်သည်။ ၎င်းမှာ အပြင်ဘက်၌ ဆော့ကစားလာပြီးနောက် မောပန်းလာသဖြင့် အနားယူရန် ပြန်လာခဲ့ပြီး ဝမ်ပေါင်လဲ့ရှိနေသည့် ရုံးခန်းရှေ့မှ ဖြတ်လျှောက်သွားမိခဲ့ခြင်းဖြစ်သည်။ သို့သော် သူ ခပ်ဝေးဝေးသို့ မရောက်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ၎င်းအား သူ့ဆီသို့လာရန် အမိန့်ပေးလိုက်သောကြောင့် သူ့ဆီသို့ ရောက်အောင်သွားကာ အပွတ်အသပ်ခံနေရခြင်းဖြစ်သည်။ ထိုမြည်းလေးမှာ မ‌ပျော်မရွှင် ဖြစ်နေရပါသော်လည်း ထိုခံစားချက်များကို ထုတ်ပြ၍ မဖြစ်ပေ။ ယခုတွင်မူ ၎င်းမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောကြောင့် ချက်ချင်းပင် သွားဖြဲပြလိုက်ပြီး အမိန့်နာခံသည့်အမူအရာဖြင့် မာန်ပါပါ ခေါင်းညိတ်ပြလိုက်တော့သည်။

၎င်းမှာ ဝမ်ပေါင်လဲ့ ပြောသမျှစကားတိုင်းမှာ မှန်ကန်နေသည်ဟု ထောက်ခံပေး‌နေသည့်ပုံ ပေါက်နေ၏…

” သူတို့လို မလောက်လေးမလောက်စားကောင်တွေကို အထင်ကရပုဂ္ဂိုလ်တွေဘက်က ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းတွေ အများစုက စိတ်ကူးနဲ့ မမှန်းဆနိုင်လောက်အောင်ကို နက်နဲတယ်။ သူတို့က မလှုပ်ရှားဘူးဆိုရင်လည်း မလှုပ်ရှားဘူး။ ဒါပေမဲ့ လှုပ်ရှားလိုက်ပြီဆိုရင်လည်း အုန်းအုန်းဒိုင်းဒိုင်းတွေ ဖြစ်ကုန်ကြတော့တာပဲ ” ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို တွေးတောလေလေ အရာအားလုံးမှာ အဓိပ္ပါယ်ရှိနေသည်ဟု ပို၍ ခံစားရလာလေလေ ဖြစ်နေတော့သည်။ သူသည် ကျေနပ်အားရနေပြီး အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ပို၍ပင် နားလည်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။

သို့သော် သူသည် ချန်းမုနှင့် အပေါင်းအပါများ၏ မောက်မာဝင့်ကြွားမှုများကို ပြန်၍တွေးမိသွားသောအခါ မရွှင်မပျ ဖြစ်သွားရပြန်သည်။ ထို့ကြောင့် သူသည် မြည်းလေးကို မျက်စောင်းထိုးကြည့်ရင်း သူ၏မျက်ဝန်းများထဲမှတစ်ဆင့် ၎င်းအား ချန်းမုနှင့် အပေါင်းအပါများ၏ အိမ်များကို မကြာခဏ သွားစားသင့်ကြောင်း တိုက်တွန်းရန် ကြိုးပမ်းနေတော့သည်။

သို့သော် မြည်းလေးမှာ လိမ္မာပါးနပ်သည့်တိုင်အောင် လူသားတစ်ယောက်၏ ဉာဏ်ရည်မျိုးကို ပိုင်ဆိုင်ထားခြင်းမရှိပေ။ ထို့ကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့၏ အကြည့်ကို မြင်လိုက်ရသောအခါ သူဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားမလည်သည့်ပုံဖြင့် ဇဝေဇဝါ ဖြစ်သွားရတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားပြီး ထိုမြည်းလေးအား ကန်ကျောက်လိုက်တော့သည်။

ထိုကန်ချက်မှာ မြန်ဆန်ကာ အသံကျယ်လောင်လွန်းနေ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့ ကျင့်ကြံခြင်းစွမ်းအား၊ သန်မာသော အပြင်ခန္ဓာကိုယ်စွမ်းအားနှင့် သူ၏ ကျစ်လျစ်သေးသွယ်သော ခြေထောက်များကို ပေါင်းစည်းထားသကဲ့သို့ ဖြစ်နေသဖြင့် အလွန်အင်မတန်မှ အားပြင်းနေ၏။

ထို အားပြင်းသောကန်ချက်ကြီးကြောင့် မြည်းလေးမှာ တုန်လှုပ်ချောက်ချားသွားရပြီး အသိစိတ်များဝင်သွားသည်လားတော့ မသိပေ။ ထိုသို့ အကန်ခံပြီးနောက် ၎င်းမှာ ဝမ်ပေါင်လဲ့၏ အကြည့်နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်သွားသည်ပုံ ပေါက်သွားသဖြင့် မာန်ပါပါ ခေါင်းညိတ်ရင်း အော်ဟစ်မြည်တမ်းလိုက်တော့သည်။

မြည်းလေးမှာ အခြေအနေကို ရိပ်စားမိသွားပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ၎င်းအား ကန်ကျောက်နေခြင်းကို ရပ်တန့်လိုက်၏။ သူသည် ဆက်လက်ကန်ကျောက်ရန် သင့်မသင့် စဉ်းစားတွေးတောနေရင်း သူ့ကိုယ်သူ ကြင်နာသနားစိတ်အပြည့်ရှိသော ပိုင်ရှင်တစ်ယောက်ဖြစ်ကြောင်း မှတ်ယူလိုက်သဖြင့် ချောင်းဟန့်လိုက်ပြီး ဆက်မကန်တော့ရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် သူသည် ထိုမြည်းလေးအား နူးညံ့သိမ်မွေ့စွာ ပွတ်သပ်ပေးရင်း ဆိုလိုက်၏။

” လိမ္မာလိပ်တာ။ လစ်လိုက်တော့… ဒီအလုပ်ကို ကောင်းကောင်းလုပ်ခဲ့နော် ”

ထိုအခါ မြည်းလေးမှာ ဝမ်ပေါင်လဲ့၏ နူးညံ့သိမ်မွေ့သော ပွတ်သပ်မှုများနှင့် စကားသံများကြောင့် စိတ်နှလုံးလှုပ်ရှားသွားရ၏။ ၎င်းမှာ သူ၏ သခင်ဖြစ်သူမှာ အနှိပ်အစက်ကြမ်းပါသော်လည်း တစ်ခါတစ်ရံတွင်ဆိုလျှင် သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် ၎င်းမှာ ရုတ်တရက်ဆိုသလို ဝမ်ပေါင်လဲ့၏ လက်အား လျှာဖြစ်ရပ်လျက်မိလိုက်တော့သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။ ထိုအချိန်တွင် မြည်းလေးမှာ နောက်သို့လှည့်ကာ တံခါးပေါက်ဆီသို့ ပြေးသွားပြီဖြစ်သည်။

” ဘာတွေဖြစ်နေတာလဲဟ ” ဝမ်ပေါင်လဲ့ တအံ့တသြ ဖြစ်နေရ၏။ မြည်းလေးမှာ သူ့အား လျှာဖြင့်လျက်လိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် သူသည် မတ်တပ်ထလာပြီး ပြတင်းပေါက်နားသို့သွား၍ အပြင်ဘက်သို့လှမ်းကြည့်လိုက်၏။ ထိုအခါ ထိုမြည်းလေး ချန်းမုနှင့် အပေါင်းပါများ ရှိနေသည့် နယ်မြေအသစ်ဘက်သို့ ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် သူသည် နားလည်သဘောပေါက်သွားပြီး မျက်တောင်တဖျတ်ဖျတ် ခပ်မိသွားတော့သည်။

” သဘောကျတယ်။ ဒါ သူ့ရဲ့သခင်ကို ချစ်မြတ်နိုးကြောင်း ထုတ်ပြတာပဲ။ ပြီးတော့ သူက သူ့သခင်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခွဲယူပေးပြီးတော့ လက်စားချေတဲ့နေရာမှာ ကူညီပေးနိုင်ဖို့ ကြိုးစားနေတာ။ တော်လိုက်တဲ့ မြည်းလေး ” ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွသွားရပြီး ထိုမြည်းလေးအား လိမ္မာရေးခြားရှိလာအောင် ဆုပေးဒဏ်ပေးစနစ်ဖြင့် ပြုစုပျိုးထောင်ပေးခဲ့သည်မှာ မှန်ကန်သော နည်းလမ်းတစ်ခုဖြစ်ကြောင်း ယုံကြည်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ ချန်းမုနှင့် အပေါင်းအပါများ၏ ရိုင်းပျသော အပြုမူများကို မေ့ပျောက်ထားလိုက်ပြီး သူ၏ ပုံမှန်ကျင့်ကြံခြင်းလုပ်ငန်းစဉ်များကို ပြန်လည်စတင်လိုက်တော့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လက်ရှိတွင် နှောင်းပိုင်း အခြေတည်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ မန္တန်အစီအရင်ကြီး ရှိနေသောကြောင့် သူသည် ကျင့်ကြံခြင်း လေ့ကျင့်သည့် အချိန်တိုင်းတွင် လှိုဏ်ခေါင်းထဲမှ အမှောင်ချီများကို စုပ်ယူနိုင်စွမ်းရှိနေသောကြောင့် သူ၏ တိုးတက်မှုနှုန်းမှာ သိသိသာသာ ပို၍ မြန်ဆန်လာ၏။

ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း တစ်ရက်ပြီးတစ်ရက် တိုးတက်လာနေတော့သည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ အနာဂတ်အတွက် အများကြီးမျှော်လင့်ထား၏။ မန္တန်အစီအရင်ကြီး၏ ကိုယ်ထည်တစ်ခုလုံးအား အပြီးအစီးတည်ဆောက်ပြီးသွားသည့် အချိန်သို့ရောက်သွားလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ စိတ်ကူးများဖြင့် မမှန်းဆနိုင်လောက်သော အဆင့်တစ်ခုအထိ ရောက်နေလောက်ပြီဖြစ်သည်။

နှောင်းပိုင်းအခြေတည်အဆင့်မှ အခြေတည်ထိပ်ဆုံးအဆင့်သို့ တက်လှမ်းလိုသော ကျင့်ကြံသူများအတွက် ဖြတ်လမ်းများမရှိပါသော်လည်း မန္တန်အစီအရင်ကြီး၏ အကူအညီကိုသာ ရနေမည်ဆိုပါက သူ၏ တိုးတက်မှုနှုန်းမှာ အကန့်အသတ် မရှိလောက်အောင် ပို၍ မြန်ဆန်လာမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်ထားဆဲပင်။

ချန်းမုနှင့် အပေါင်းအပါများ၏ ရောက်ရှိလာမှုကြောင့် မြို့တော်အသစ်၏ ဆောက်လုပ်ရေးလုပ်ငန်းများမှာလည်း သိသိသာသာ တိုးတက်မြန်ဆန်လာတော့သည်။ သူတို့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားကြသည်တိုင်အောင် လီယီ ကြုံလိုက်ရသည့် ဖြစ်ရပ်ကြီးအကြောင်းကို သိရှိထားကြပြီးဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးမှာ မြို့တော်ကြီးနှင့် မန္တန်အစီအရင်ကြီးတို့အား ချမှတ်ထားသည့် သတ်မှတ်ချက်များအတိုင်းသာ ဆောက်လုပ်နေခဲ့ကြ၏။ သူတို့မှာ စီမံခန့်ခွဲမှုအပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားကြပါသော်လည်း ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအပေါ် အကျိုးသက်ရောက်မှု မရှိပေ။

ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွား၏။ မြို့တော်အသစ်ကြီးကို အပေါ်စီးမှနေ၍ ကြည့်လိုက်မည်ဆိုပါက လူပေါင်းမြောက်မြားစွာမှာ ဆောက်လုပ်ရေးလုပ်ငန်းများထဲ၌ အလုပ်ရှုပ်နေကြသည်ကို မြင်နိုင်ပေသည်။ မြို့တော်ကြီး၏ ရှေ့ပြေးပုံစံမှာလည်း တဖြည်းဖြည်းနှင့် ပိုပို၍ ရုပ်လုံးပေါ်လာနေပြီဖြစ်သည်။

တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်း လေ့ကျင့်နေရင်း ဓမ္မအဆောင် သန့်စင်မှုများကိုလည်း လျစ်လျူရှုထားခြင်း မရှိပေ။ သူ၏ ဓမ္မအဆောင်အားလုံးကို ဆဋ္ဌမအဆင့် ဓမ္မလက်နက်များအဖြစ်သို့ အဆင့်မြှင့်တင်ပြီးသွားပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဓမ္မအဆောင်ကိုပင်လျှင် ပဉ္စမအဆင့်အထိ အဆင့်မြှင့်တင်ပြီးသွားပြီဖြစ်သည်။ ၎င်းအား ဆဋ္ဌမအဆင့်သို့ မြှင့်တင်နိုင်ရန် ကုန်ကြမ်းပစ္စည်းများ ပို၍ လိုအပ်ဦးမည်ဖြစ်ပါသော်လည်း လအနည်းငယ်အတွင်းတွင် ၎င်းအား ဆဋ္ဌမအဆင့်သို့ မြှင့်တင်နိုင်လိမ့်မည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်ထား၏။

သူသည် ပဉ္စမအဆင့်သို့ ရောက်နေပြီဖြစ်သော သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးကို ကြည့်ရှုစစ်ဆေးကြည့်လိုက်သောအခါ ပြောင်းလဲမှုအချို့ကို သတိထားမိလိုက်၏။ ၎င်းထဲ၌ ရှိနေသည့် ခြင်အရေအတွက်မှာ ကိုးကောင်မဟုတ်တော့ဘဲ နှစ်ဆတိတိ ပိုများလာပြီး ဆယ့်ရှစ်ကောင်အထိ ဖြစ်သွားပြီဖြစ်သည်။

ထို့အပြင် ထိုခြင်ဆယ့်ရှစ်ကောင် ပျံထွက်လာချိန်တွင် ၎င်းတို့မှာ ယခင်တုန်းကထက် သူနှင့် ပိုဝေးဝေးသို့ ပြန်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိလိုက်ရ၏။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်များကို စမ်းသပ်ကြည့်လိုက်သောအခါ အံ့ဩတုန်လှုပ်သွားရပြန်သည်။ လက်ရှိတွင် ထိုခြင်ဆယ့်ရှစ်ကောင်မှာ အလယ်အလတ် အာနာပါနအဆင့်တွင် ရှိနေကြပြီဖြစ်သည်။

အရေးအကြီးဆုံး အချက်မှာမူ ၎င်းတို့မှာ အကန့်အသတ်မရှိ ပြန်လည်ထွက်ပေါ်လာနိုင်စွမ်း ရှိနေဆဲပင်။ ဓားအိမ်လေးမှာ ၎င်းတို့ ပြန်လည်ထွက်ပေါ်လာနိုင်ရန် လိုအပ်သည့် စွမ်းအားများကို ထုတ်လွှတ်ပေးနိုင်စွမ်း ရှိနေသရွေ့ သူသည် မည်သည့်နေရာသို့သွားသွား သူနှင့်အတူ အာနာပါနအဆင့် စစ်တပ်ကြီးတစ်ခုကို ခေါ်ဆောင်သွားသကဲ့သို့ ဖြစ်နေတော့မည်သာဖြစ်သည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးထဲမှ တမူထူးခြားသော ခြင်သုံးကောင်အကြောင်းကို စိတ်ထဲမှ မထုတ်နိုင်ဘဲ ဖြစ်နေရ၏။ မီးခိုးရောင်ခြင်လေးမှာ မြည်းလေးနှင့်အတူ တစ်သားတည်း ပေါင်းစည်းသွားခဲ့ပါတော့လည်း ယခုတွင် ဒုတိယမြောက်တစ်ကောင် ထပ်၍ ပေါ်ထွက်လာပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုဒုတိယမြောက်ခြင်လေးဖြင့် နောက်ထပ်သားရဲကြီးတစ်ကောင်ကို ထိန်းချုပ်နိုင်စွမ်း ရှိနိုင်လောက်ပေသည်ဟု ခန့်မှန်းထား၏။

ကျန်ရှိနေသေးသော ခြင်နှစ်ကောင်ဖြစ်သည့် ခရမ်းရောင်ခြင်နှင့် အနက်ရောင်ခြင်တို့ကိုမူ ဝမ်ပေါင်လဲ့က အလိုချင်ဆုံး ဖြစ်နေ၏။ ထိုခြင်နှစ်ကောင်မှာ ပြိုင်ဘက်ကင်းလောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု သူက ယုံကြည်ထားပါသော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးမှာ ပဉ္စမအဆင့်အထိ ရောက်ပြီးသွားသည့်တိုင်အောင် ထိုခြင်နှစ်ကောင်အား ထိန်းချုပ်နိုင်စွမ်းမရှိသေးပေ။

ထို့ကြောင့် သူသည် စိတ်မချမ်းမသာ ဖြစ်သွားရပါသော်လည်း သူ၏ ဓားအိမ်လေး အဆင့်တက်လာသည်နှင့်အမျှ ထိုခြင်နှစ်ကောင်အား ထိန်းချုပ်နိုင်စွမ်း ရှိသွားမည်ဖြစ်ကြောင်း အပြည့်အဝ ယုံကြည်ထားတော့သည်။

ဝမ်ပေါင်လဲ့မှာ သန့်စင်ခြင်းပညာရပ်၏ လက်ရှိအဆင့်အထိ ရောက်လာပြီဖြစ်ရာ သူ၏ တစ်ခုတည်းသော ရည်မှန်းချက်ပန်းတိုင်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ဓမ္မအဆောင်အား အဆက်မပြတ် အဆင့်မြှင့်တင်ရန် တစ်ခုတည်းသာ မဟုတ်တော့ပေ။ သူ့ဆီတွင် သူတွေးမိလိုက်တိုင်း သူ့အား အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားစေသည့် နောက်ထပ်ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိနေပြီဖြစ်သည်။

သူသည် ကောင်းကင်တာအိုကျောင်းသို့ စတင်ဝင်ရောက်ခွင့် ရခဲ့ပြီး ဓမ္မလက်နက်ဌာနထဲသို့ ရောက်ရှိသွားခဲ့သည့်နေ့ကို လုံးဝမေ့နိုင်မည်မဟုတ်ပေ။ ထိုနေ့တုန်းက သူသည် ဓမ္မလက်နက်ဌာန၏ ကျောက်တုံးကြီးပေါ်တွင် ရေးထွင်းထားသော ဆောင်ပုဒ်ကို ဖတ်ရှုခဲ့ရ၏။

” ဓမ္မအဆောင်‌တွေနဲ့ နတ်ဘုရားရတနာတွေနဲ့ အနန္တတာအိုကို ဖီဆန်မယ်။ အဲ့လောက်နဲ့မှ မအောင်မြင်နိုင်ဘူးဆိုရင် နတ်ဘုရားလက်နက်တွေနဲ့ ချေမှုန်းမယ် ”

” ပထမအဆင့်နဲ့ ဒုတိယအဆင့်ကို ဓမ္မအဆောင်၊ ဆဋ္ဌမအဆင့်အောက်က အဆောင်တွေကို နတ်ဘုရားရတနာတွေလို့ခေါ်ပြီးတော့ သတ္တမအဆင့်ကိုတော့… ဓမ္မလက်နက်လို့ခေါ်တယ် ”

” အခု ငါက ဓမ္မလက်နက်တွေကို သန့်စင်ဖို့ ကြိုးစားခွင့်ရှိတဲ့ အဆင့်အထိရောက်နေပြီ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများ အရောင်လက်သွား၏။ ဓမ္မလက်နက်များအား လေ့လာ၍ ၎င်းတို့အား စမ်း၍ သန့်စင်ဖန်တီးခွင့် ရတော့မည်ကို တွေးမိလိုက်တိုင်း သူသည် စိတ်ကို တည်တည်ငြိမ်ငြိမ် မထားနိုင်လောက်အောင် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရသည်သာ ဖြစ်သည်။ သို့သော် ဓမ္မလက်နက်တစ်ခုအား စမ်း၍ သန့်စင်ဖန်တီးနိုင်ရန် လိုအပ်သည့် ကုန်ကျစရိတ်မှာ အလွန်အင်မတန်မှ ကြီးမားနေမည် ဖြစ်ကြောင်းကိုလည်း သူက နားလည်ထားသည်။

သူသည် ထိုသို့သန့်စင်နိုင်မည့် နည်းလမ်းများကို လေ့လာရန် လိုအပ်သည်သာမက ပထမဆုံးအကြိမ်အဖြစ် စမ်း၍ သန့်စင်ကြည့်မည့် ဓမ္မလက်နက်မှာလည်း ရှုပ်ထွေးလွန်းနေ၍ မဖြစ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သေသေချာချာ စဉ်းစားလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။

” ငါ ပထမဆုံး စမ်းပြီးတော့ သန့်စင်မယ့် ဓမ္မလက်နက်က… အော်လံကြီးပဲ ” ဝမ်ပေါင်လဲ့ ထိုသို့နှလုံးသွင်းကာ စိတ်ဓာတ်များတက်ကြွသွား၏။ သူသည် ထိုအော်လံကြီးကို အလွန်အင်မတန်မှ နှစ်သက်သည်ဖြစ်ပြီး ထိုအော်လံကြီးမှာလည်း သူနှင့်အတူ ရှိနေခဲ့သည်မှာ အချိန်အတော်အတန် ကြာနေပြီဖြစ်သည်။ ထိုအော်လံကြီးဆီမှ အသံများထွက်ပေါ်လာတိုင်း ၎င်းမှာ အံ့ချီးဖွ‌ယ်ကောင်းလောက်အောင် အစွမ်းထက်ခဲ့သည်သာ ဖြစ်သည်။ အများနှင့်မတူဘဲ တမူထူးခြားနေသည့် ထိုရတနာကိုသာ သူ၏ ပထမဆုံး ဓမ္မလက်နက်အဖြစ် ပြောင်းလဲလိုက်မည်ဆိုပါက ၎င်းမှာ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို ဖိနှိပ်နိုင်စွမ်းရှိလောက်အောင် အလွန်အင်မတန်မှ အစွမ်းထက်သွားမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူထား၏။

သူသည် ထိုဓမ္မလက်နက် အော်လံကြီးကို ကိုင်မြှောက်ရင်း အော်ဟစ်နေသည့် မြင်ကွင်းကြီးကို ပုံဖော် ကြည့်လိုက်သေးသည်။ ထိုအခိုက်အတန့်တွင် ၎င်း၏ အသံမှာ ရန်သူများအား ပြန်လည်ခုခံနိုင်စွမ်း မရှိလောက်အောင် လွှမ်းမိုးသွားမည်သာ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ အော်လံဓမ္မလက်နက်ကြီးတစ်ခုကို ဖန်တီးသန့်စင်လို့သော ဆုံးဖြတ်ချက်များမှာ ပို၍ပင် ခိုင်မာလာရတော့သည်။

အရင်းအနှီး အလုံအလောက် ရှိနေသည့် ပဏာမအဆင့်သုံး မြို့တော်သခင်ဖြစ်သော ဝမ်ပေါင်လဲ့မှာ ထိုသို့ အခိုင်အမာ ဆုံးဖြတ်ချက်ချပြီးသွားသောအခါ လိုအပ်သည့် လေ့လာစမ်းသပ်မှုများကို အားကြိုးမာန်တက် ဆောင်ရွက်နေလိုက်တော့သည်။

သူသည် ဓမ္မလက်နက်အဆောင်မှ ထူးချွန်ထက်မြက်သော ဓမ္မလက်နက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီးသားဖြစ်ရာ ရတနာသန့်စင်ခြင်းပညာရပ်၏ အခြေခံများကို ကောင်းကောင်းကြီး နားလည်ထားပြီးသားဖြစ်သည်။ ထို့အပြင် သူသည် တစ်ဆင့်ချင်းစီတက်လှမ်း၍ ဆဋ္ဌမအဆင့် ရတနာများအား သန့်စင်နိုင်သည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် သူ၏ ကိုယ်ပိုင်အတွေးအမြင်များနှင့် ဖန်တီးမှုများကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်၏။ သူသည် ကမ္ဗည်းစာလုံးများအား အမြဲတမ်းအလုပ်ဖြစ်အောင် စီစဉ်နေရာချထားနိုင်စွမ်း ရှိနေပြီလည်း ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ ဓမ္မလက်နက် လေ့လာခြင်း လုပ်ငန်းစဉ်ကြီးမှာ နှေးကွေးနေပါသော်လည်း လမ်းမှန်သို့ ဦးတည်နေသည်ဖြစ်သောကြောင့် ဖြေးဖြေးနှင့်မှန်မှန် တိုးတက်လာတော့သည်။

ထို့အပြင် သူ၏ သတ္တမအဆင့် ဓမ္မလက်နက်ကြီးဖြစ်သော ဓားရှည်ကြီးမှာလည်း သူ့အတွက် ကိုးကားစရာတစ်ခု ဖြစ်လာ၏။ ဓမ္မလက်နက်တစ်ခုကို အောင်မြင်စွာ သန့်စင်နိုင်သော ပဏာမအဆင့်သုံးအရာရှိတစ်ယောက်မှာ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်နီးပါး မဟုတ်လျှင်တောင် လူအများ၏ အထင်ကြီးလေးစားမှုကို ခံရမည်သာဖြစ်သည်။

ထို့အပြင် ထိုဓမ္မလက်နက်ကိုသာ အောင်မြင်စွာ သန့်စင်နိုင်သွားမည်ဆိုပါ ဝမ်ပေါင်လဲ့မှာ တာအိုကျောင်းလေးကျောင်း၏ ကူညီထောက်ပံ့မှုကို မရရှိလျှင်တောင် သူ၏ ရာထူးအဆင့်အတန်းကို တည်မြဲနေအောင် ထိန်းသိမ်းထားနိုင်တော့မည်ဖြစ်သည်။

ပြည်ထောင်စုကြီးထဲရှိ ဓမ္မလက်နက်ကျင့်ကြံသူပေါင်း မြောက်မြားစွာထဲမှ ဓမ္မလက်နက်တစ်ခုကို သန့်စင်နိုင်စွမ်းရှိသော ကျင့်ကြံသူများကိုသာ ဓမ္မလက်နက်သခင်ဟု ခေါ်ဆိုခွင့်ရှိသည် မဟုတ်ပါလော။

Comment

  1. chan nyein says:

    ဟီး မြည်းကိုပွတ်ချိန်စာဖတ်ရီမိတာငါပဲလားမသိ

  2. Waiwai says:

    အဲ့မြင်းလေးသနားလာပြီ သူ့မှာ stockholm syndromeဖြစ်နေပြီ

Leave a Reply

Options

not work with dark mode
Reset