သူ၏အသံပဲ့တင်ထပ်ကာထွက်ပေါ်လာလျှင် ပေါ်လာချင်း ကြမ်းကြုတ်သောကျားပျံသည် တဆတ်ဆတ်တုန်ခါလာကာ ချက်ခြင်းမြေပေါ်သို့ ကျသွားလေ၏။ ကျားသည် မြေပေါ်၌လဲနေကာ အမြီးကိုရှေ့နောက်ဝှေ့ယမ်းလျက်ရှိပြီး အဝေးရှိ အလွန်ကြီးမားလှသောပုံရိပ်တခု တရွေ့ရွေ့ကပ်လာသည်ကို စိုက်ကြည့်နေလေ၏။
ထိုပုံရိပ်သည် အလွန်ကြီးမားလှပြီး ရက်စက်ကြမ်းကြုတ်သည့်အငွေ့အသက်များပြည့်နေသောမျက်လုံးစိမ်းများရှိသည့် မီတာသုံးဆယ်ခန့်အရွယ်ရှိသော သင်းခွေချပ်ကြီးတကောင်ဖြစ်သည်။
အဖြစ်အပျက်သည်အလွန်မြန်ဆန်သောကြောင့် စွန်းဝမ်မှာ ပါးစပ်အဟောင်းသားဖြစ်နေပြီး သူ့နောက်ရှိအပြင်စည်းဂိုဏ်းသားနှစ်ယောက်လည်း ကြက်သေသေနေကြ၏။
အမျိုးသမီးဂိုဏ်းသူမှာ အလွန်အံ့အားသင့်နေကာ စကားပင်မပြောနိုင်တော့ချေ။ ကျားပျံကိုမြင်တွေ့လိုက်ရခြင်းသည် အနည်းငယ်သာ အံ့အားသင့်စေခဲ့သော်လည်း ဧရာမသင်းခွေချပ်ကြီးရောက်လာသောအခါ သူမသည် အမှန်တကယ်ဖြစ်နေသည်ဟုပင် မယုံနိုင်ဖြစ်နေတော့၏။ သူ၏အကိုကြီးစွန်းကို ကြောက်လန့်တကြားထွက်ပြေးအောင်လုပ်နိုင်သောကျားပျံကို အောက်သို့ကျလာအောင် မန္တန်တခုရွတ်လိုက်ရုံနှင့် အမိန့်ပေး၍ရသည်ဆိုသည်ကို သူမတခါမှမတွေးမိခဲ့ဖူးချေ။ ထိုကျားပျံ၏ လက်ရှိနှစ်လိုဖွယ်ကောင်းသောအသွင်အပြင်သည် ယခင်ကမြင်တွေ့နေရသော ရက်စက်ကြမ်းကြုတ်သည့်သွင်ပြင်နှင့် လုံးဝခြားနားနေသည်။
“အကောင်းဆုံးတိုက်ပွဲဝင်သားရဲ ဆယ်ကောင်ထဲက တကောင်ပေါ့ကွာ…” အပြင်စည်းဂိုဏ်းသားက ရေရွတ်လိုက်သည်။ ဧရာမသင်းခွေချပ်ကြီးကိုမူ ထိတ်ထိတ်လန့်လန့်ကြည့်နေရုံမှလွဲ၍ သူ ဘာမှမပြောနိုင်ချေ။
“သံချပ်ကာတွေနဲ့… တောင်ကြီးတတောင်လောက်ကြီးမားလှတဲ့ အကောင်ကြီးပဲ…။ “ ဧရာမသင်းခွေချပ်ကြီးကို တွေ့လိုက်ရသောအခါ စွန်းဝမ်အတော်လေးထိတ်လန့်သွားသည်။ ထိုအကောင်ကြီးဆီမှထွက်လာနေသော တွန်းအားလှိုင်းများသက်သက်ကပင် အတော်လေးချောက်ခြားဖွယ်ဖြစ်နေသည်။ သို့သော် သူ့ကိုပို၍ တုန်လှုပ်သွားစေသည်မှာကား သင်းခွေချပ်၏ကျောပေါ်တွင်ထိုင်နေသော လူတယောက်ပင်ဖြစ်၏။
“မင်းကိုး…” သူဒေါသထွက်လာလေ၏။
သင်းခွေချပ်၏ကျောပေါ်တွင်ထိုင်နေသည်ကား ပိုင်ရှောင်ချန်းဖြစ်၏။ သင်းခွေချပ်ကြီးအနားသို့ရောက်လာသောအခါ ပိုင်ရှောင်ချန်းသည် မတ်တပ်ရပ်ကာလေထဲသို့ပျံဝဲလိုက်ပြီး ကျားပျံဘေး၌ဆင်းသက်ကာ ကျားပျံ၏ခေါင်းကိုပုတ်ပေးနေလေ၏။
” လူတွေကိုကြောက်လန့်အောင်လုပ်နေပြန်ပြီလား…။” ပိုင်ရှောင်ချန်းက ခပ်ဝင့်ဝင့်ပြောလိုက်သည်။ ကျားပျံသည် မျက်လုံးကိုပေကလပ်ပေကလပ်လုပ်နေရာမှ ခေါင်းကိုနှိမ့်လိုက်ပြီး ပိုင်ရှောင်ချန်း၏ခြေထောက်ကို လျှာနှင့်လျက်လိုက်သည်။ စွန်းဝမ်၏ခေါင်းတခုလုံး မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး အခြားအပြင်စည်းဂိုဏ်းသားနှစ်ယောက်သည် အလွန်အမင်းအံ့အားသင့်နေကြသည်။
“စိတ်မရှိပါနဲ့ ကိုယ့်လူတို့…” ပိုင်ရှောင်ချန်းက မေတ္တာရပ်ခံလိုက်သည်။ “ကျားလေးက အဲ့လောက်မဆိုးသွမ်းပါဘူး… သူကလူတွေကို နည်းနည်းပါးပါး စနောက်ချင်လို့ ခြောက်လှန့်တာပါ… ကျားလေး… အခုချက်ချင်းတောင်းပန်လိုက်စမ်း…” ထိုသို့ပြောပြီး ကျား၏ခြေထောက်ကို အသာလေးကန်လိုက်လေ၏။
အနည်းငယ်စိတ်အနှောက်အယှက်ဖြစ်သွားဟန်ဖြင့် ကျားသည် စွန်းဝမ်ဘက်သို့ခေါင်းလှည့်ကာ ဟိန်းသံပေးလိုက်လေ၏။ ကျားသည် အသံကုန်မြှင့်၍ဟိန်းလိုက်ခြင်းမဟုတ်သော်လည်း ဟိန်းသံသည် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်လှကာ စွန်းဝမ်နှင့် အခြားသူများကို ထိတ်လန့်သွားစေ၏။
ပိုင်ရှောင်ချန်းသည် လူသုံးယောက်ကိုစိုက်ကြည့်နေပြီး စွန်းဝမ်ကိုမသိချင်ယောင်ဆောင်နေလေ၏။ ရယ်လျက် သူက “ဒီကို တိုက်ပွဲဝင်သားရဲတွေအရှာထွက်လာကြတာလား…” ဟုမေးလိုက်သည်။
“ဟုတ်ကဲ့… ကျမ… ကျမတို့ တိုက်ပွဲဝင်သားရဲတွေရှာဖို့ ရောက်လာကြတာပါ…” အမျိုးသမီးဂိုဏ်းသူက ကြောက်လန့်နေသောမျက်လုံးအစုံဖြင့် ပိုင်ရှောင်ချန်းကိုကြည့်ကာ ပြန်ဖြေလိုက်သည်။ သူမ၏အကိုကြီးစွန်းကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သော တိုက်ပွဲဝင်သားရဲများကိုပင် ခွေးကလေးများကဲ့သို့ငြိမ်သက်သွားအောင် လုပ်နိုင်သည့်အစွမ်းသည် ကြောက်စရာပင်ကောင်းလှသည်။
“အိမ်း… ကျုပ်ထင်ပါတယ်…” ပိုင်ရှောင်ချန်းကပြန်ပြောသည်။ “ဆိုတော့ကာ ကျုပ်တို့ဒီနေရာမှာတွေ့ဖို့ ကံပါလာတာဖြစ်ရမယ်…။ ကျုပ် ခင်ဗျားတို့ကို ကူညီပါ့မယ်…။” ချောင်းတချက်ဟန့်လိုက်ပြီး ကူညီဖို့ရာစိတ်အားထက်သန်နေသည့်ပုံဖြင့် ခေါင်းကိုနောက်ပစ်ကာ ကျယ်လောင်စွာ ဟိန်းဟောက်သံပေးလိုက်လေ၏။
တောထဲသို့ ဟိန်းဟောက်သံပဲ့တင်ထပ်သွားသည်နှင့်တပြိုင်နက် မြေကြီးများ တသိမ့်သိမ့်တုန်လာလေ၏။ ခဏအကြာတွင် အလွန်ကြီးမားလှသောမျောက်ဝံတကောင်သည် ပိုင်ရှောင်ချန်းရှေ့တွင် ရောက်ရှိလာလေ၏။ ထိုမျောက်ဝံသည် ပိုင်ရှောင်ချန်းကိုကြည့်ပြီး ပြုံးဖြီးဖြီးလုပ်နေကာ ရင်ဘတ်ကိုလက်နှင့်ထု၍ ဟိန်းဟောက်သံကျယ်လောင်စွာပြုနေလေ၏။
“မင်း ဟိုနားမှာသွားရပ်နေမျောက်ဝံလေး…။ ပိုင်ရှောင်ချန်းက လက်တဖက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ “မင်းကသူတို့အကြိုက်မဟုတ်ဘူး…” မျောက်ဝံကြီးသည် ဘေးဘက်သို့သွားရပ်နေကာ မျက်လွှာချထားလေ၏။
စွန်းဝမ်စိတ်ထဲတွင် တုန်လှုပ်နေလေပြီ။ မျောက်ဝံကြီးသည် အကောင်းဆုံးတိုက်ပွဲဝင်သားရဲဆယ်ကောင်ထဲမှ တကောင်ဖြစ်သော ကြောက်မက်ဖွယ်ကောင်းသော ညမင်းသားသားရဲ ဖြစ်ကြောင်း သူချက်ချင်းသိလိုက်သည်။ ဤ ညမင်းသား မျောက်ဝံက ရေသစ်သားခြေင်္သ့ တကောင်၏ခေါင်းကို အစိတ်စိတ်အမြွှာမြွှာချေလိုက်သည်ကို သူမျက်မြင်တွေ့ဖူးသည်။ ထိုမျောက်ဝံသည်အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော သတ္တဝါတကောင်ဖြစ်လေသည်။
သို့သော် ပိုင်ရှောင်ချန်းရှေ့တွင် ထိုတိရစ္ဆာန်သည် လွန်စွာမှနူးညံ့သိမ်မွေ့နေလေရာ စွန်းဝမ်မှာ ကိုယ့်မျက်လုံးကိုယ်ပင်မယုံနိုင်ဖြစ်နေလေ၏။
ခဏအကြာတွင် ဝက်ဝံကြီးတကောင်ပေါ်လာလေ၏။ ထိုဝက်ဝံသည် ပိုင်ရှောင်ချန်း၏ရှေ့တွင် သူ၏နောက်ခြေများအပေါ်မတ်တပ်ရပ်နေကာ ရှေ့တိုက်နောက်ဆုတ်ကခုန်နေလေ၏။
“ဝက်ဝံလေး… ဒီမှာဧည့်သည်တွေရောက်နေတယ်ကွ…” ပိုင်ရှောင်ချန်းသည် အနည်းငယ်မချင့်မရဲဖြစ်လျက် ပြောလိုက်သည်။ “ထိုင်လိုက်စမ်း…”
” ကောင်းကင်… ကောင်းကင်မီးတောက် ဝက်ဝံပါလား…။ သူ ကခုန်နေတာ မယုံနိုင်စရာပဲ…။” စွန်းဝမ်၏မျက်လုံးများချာချာလည်နေလေပြီ။ အခြားအပြင်စည်းဂိုဏ်းသားနှစ်ယောက်ကတော့ ကြောက်သည်ထက်ပို၍ထိတ်လန့်ကြောက်ရွံ့နေပြီး ကြောက်သေးများပင်ပါနေလေပြီ။
ထို့နောက် သားရဲတစ်ကောင်ပြီးတစ်ကောင် ထပ်ရောက်လာရာ မြေပြင်သည် တုန်ခါသည်ထက်တုန်ခါလာလေ၏။ သားရဲများရာနှင့်ချီရောက်ရှိလာကြပြီး ထိုအထဲတွင်နူးညံ့သိမ်မွေ့သောတိရစ္ဆာန်ဟူ၍ စွန်းဝမ်သိသလောက် တကောင်မှမပါပေ။ သားရဲအားလုံးသည် ရက်စက်ကြမ်းကြုတ်လွန်းပြီး ကြောက်မက်ဖွယ်အတိဖြစ်တော့သည်။
စွန်းဝမ်နှင့် အခြားအပြင်စည်းဂိုဏ်းသားများသည် ဒူးပင်သိပ်မခိုင်ချင်တော့ပေ။ အပြင်စည်းဂိုဏ်းသားများ၏ မျက်နှာများသည် ဖြူဖတ်ဖြူရော်ဖြစ်နေကြသည်။
“သိပ်ကောင်းတယ်…” ပိုင်ရှောင်ချန်းက ဂုဏ်ယူနေသောလေသံဖြင့်ဆိုလိုက်သည်။ “ခင်ဗျားတို့စိတ်ကြိုက်ရွေးပေတော့…။” ဟုပြောကာ ချောင်းဟန့်လိုက်သည်။
စွန်းဝမ်တယောက် ဘာလုပ်ရမယ်မှန်းမသိ ဖြစ်နေပေပြီ။ ထိုသားရဲအားလုံး သူ၏အမိန့်ကိုနာခံလာအောင် နှစ်ဝက်လောက်အတွင်း ပိုင်ရှောင်ချန်းဘာတွေများလုပ်ခဲ့သလဲ စဥ်းစားရခက်နေ၏။
ဤနေရာ၌စွန်းဝမ်တယောက် နှစ်အတော်ကြာတာဝန်ချထားခြင်းခံထားရသောကြောင့် ခါးသီးစွာခံစားရလေ၏။ သူနှင့် ပိုင်ရှောင်ချန်းတို့ ကြားထဲကခြားနားချက်ကပင်လျှင် သူ့အတွက်အတော်ဆိုးရွားနေပြီဖြစ်ရာ အပြင်စည်းဂိုဏ်းသား ခံစားနေရသော နောင်တများအကြောင်း ဖော်ပြဖို့ရန်ပင်မလိုတော့ပေ။
သူသည် ယခုမြင်တွေ့နေရသော သားရဲအားလုံးကိုသဘောကျလေသည်။ သို့သော် သူ့တွင်နမော်နမဲ့နိုင်စွာ တစ်ကောင်ရွေးနှင့်ပြီးသားဖြစ်နေသဖြင့် နောင်တရနေသည်။ သူ့အနေဖြင့် ခဏကြာကြာထပ်စောင့်လိုက်လျှင်ပင် ဤအံ့အားသင့်ဖွယ်ကောင်းသောဂိုဏ်းတူအစ်ကိုကြီးနှင့်တွေ့ပြီး မယုံနိုင်စရာကံကောင်းမှုများပေါ်လာနိုင်လေ၏။ ယခုမူ သူ့တွင်ထိုကဲ့သို့အခွင့်အရေးမရှိတော့ပေ။
အမျိုးသမီးဂိုဏ်းသူသည် မယုံနိုင်ဖြစ်နေပြီး တုန်လှုပ်နေသည်။ သူမသည် လျင်မြန်စွာပင် စူးစူးဝါးဝါးအော်ဟစ်နေသော ကြီးမားသည့်လင်းတနက်ကြီးတကောင်ကို လက်ညှိုးထိုးပြလေ၏။ ပုံမှန်ဆိုလျှင်ထိုသတ္တဝါသည် ရက်စက်ကြမ်းကြုတ်လေ၏။ ပိုင်ရှောင်ချန်းဘေးတွင်ရှိနေသောအခါတွင်မူ ထိုသို့မဟုတ်။ ထိုသားရဲသည် မိန်းမပျို၏ နတ်ဘုရားအစွမ်းများကို သူ့ထံသို့ ထည့်ခွင့်ပြုလေသည်။ ထိုအခါ အမျိုးသမီးနှင့်သားရဲတို့သည် တဖြည်းဖြည်းတသားတည်းဖြစ်လာလေ၏။ ထို့နောက် ၎င်းသတ္တဝါသည် လေထဲသို့ပျံတက်သွားပြီး သူတို့အထက်လေထဲတွင် ဝဲပျံနေလေ၏။
ပိုင်ရှောင်ချန်းသည် ရယ်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်လေ၏။ ချက်ခြင်းပင် အခြားသားရဲများအားလုံး အုပ်စုခွဲပြန်သွားကြလေ၏။ ထို့နောက်သူသည် သင်းခွေချပ်ကြီး၏ကျောပေါ်သို့ ပြန်တက်လိုက်လေ၏။ သင်းခွေချပ်သည် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ပိုင်ရှောင်ချန်းကိုသယ်ဆောင်ကာ အဝေးသို့ထွက်ခွာသွားလေ၏။
မိန်းမပျိုသည် အဖြစ်အပျက်များကိုမယုံနိုင်ဖြစ်စေပြီး လှမ်းအော်မေးလိုက်သည်။ “ဂိုဏ်းတူအစ်ကို… အစ်ကို့ နာမည်ဘယ်လိုခေါ်လဲ…”
ပိုင်ရှောင်ချန်းသည် ချက်ခြင်းပင်ဂုဏ်ယူဝမ်းမြောက်သွားလေ၏။ မေးကိုမော့ကာ တကိုယ်တော်သူရဲကောင်းတယောက်၏ဟန်ပန်မျိုးဖမ်းလိုက်ပြီးမှ လက်ကိုဝှေ့ယမ်းကာပြောလိုက်သည် ” အစ်ကို့နာမည်က… ပိုင်ရှောင်ချန်း”
သူသည် လက်ကိုနောက်ပစ်ထားလျက် သင်းခွေချပ်၏ကျောပေါ်တွင် မတ်တပ်ရပ်နေလေသည်။ သူ၏ဆံပင်များသည် လေထဲတွင်ဝဲပျံနေပြီး သူ၏ပုံမှာ အနည်းငယ်ဝမ်းနည်းဆွေးမြည့်နေပုံပေါ်သည်။ နှစ်ပေါင်းများစွာလေ့ကျင့်ခဲ့ပြီးနောက် ဤကဲ့သို့ပုံစံဖမ်းရာတွင် သူ အတော်လေး ကျွမ်းကျင်လာခဲ့ပြီဖြစ်သည်။
ထိုပုံရိပ်သည် မိန်းမပျို၏စိတ်ထဲတွင် နက်ရှိုင်းစွာစွဲထင်ကျန်ခဲ့လေ၏။
“ပိုင်ရှောင်ချန်း… ဘာလို့ဒီနာမည်ကိုရင်းနီးနေတာပါလိမ့်…” ဂိုဏ်းသား၏ မျက်လုံးများပြူးကျယ်လာပြီး အံ့သြမှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားလေ၏။ “မြောက်ပိုင်းဂိုဏ်းရဲ့ ဘုံရန်သူပဲ…”
အမျိုးသမီးဂိုဏ်းသူသည်လည်း ဘာကြောင့်ပိုင်ရှောင်ချန်းဆိုသောနာမည်ကို ရင်းရင်းနီးနီးကြားဖူးနေရကြောင်း ရုတ်တရက်သတိရသွားကာ ပါးစပ်အဟောင်းသားဖြစ်သွားလေ၏။ မည်သို့ပင်ဆိုစေကာမူ မြောက်ပိုင်းဂိုဏ်း၏ဘုံရန်သူကို ယခုလိုတကိုယ်တော်သူရဲကောင်းပုံရိပ်မျိုးနှင့် ဘယ်လိုမှဆက်စပ်၍မရပေ။
နောက်ဆုံးတွင် စွန်းဝမ်သည် သူတို့ကို သားရဲမွေးမြူရေးခြံထဲမှ ခေါ်ထုတ်လာခဲ့လေ၏။
တောထဲတွင် ပိုင်ရှောင်ချန်းသည် သင်းခွေချပ်ကျောပေါ်တွင်ထိုင်နေရင်းကျန်ခဲ့လေ၏။ ဘယ်သူမှကြည့်မနေတော့သောအခါ သူ၏ တကိုယ်တော်သူရဲကောင်းမျက်နှာကို ခွာချလိုက်ပြီး ဂုဏ်ယူစွာဖြင့်သီချင်းညည်းနေလေ၏။ တချိန်တည်းမှာပင် အနီးအနားရှိ သတ္တဝါများဆီသို့ ဆေးလုံးအချို့ ပစ်ပေးလိုက်သည်။
သူတို့ကိုအမြဲဂရုတစိုက်ရှိသည်ထက် သားရဲများသူ့အနားတွင် နူးညံ့သိမ်မွေ့နေစေသည့် အကြောင်းရင်းတခုမှာ လွန်ခဲ့သောနှစ်ဝက်အတွင်း ဆေးလုံးများကျွေးနေခဲ့၍ဖြစ်သည်။
ဆေးလုံးများကြောင့် သားရဲများသည် ပို၍သန်မာလာကာ ပို၍စွမ်းအားများပြည့်လာပြီး ထို့ကြောင့်ပင် နေ့စဥ်နေ့တိုင်း ပိုင်ရှောင်ချန်း၏အနားတွင် အမြဲကပ်နေကြခြင်းဖြစ်သည်။
သို့သော် ဆေးလုံးသည် သားရဲအားလုံးအပေါ်တော့ သက်ရောက်မှုမရှိပေ။ အလွန်သတိကြီးသော သားရဲတချို့လည်းရှိသေး၏။ သို့သော်လည်း ပိုင်ရှောင်ချန်းအတွက်ကိစ္စတော့မရှိပေ။ အားလုံးထဲတွင် သားရဲမွေးမြူရေးခြံ၌နှစ်ဝက်ခန့်နေရခြင်းသည် ပျော်စရာအတိဖြစ်နေသည်။
မကြာသေးမီက သူ၏ သားရဲသန္ဓေတည်သစ်စေ့ သည် အညှောင့်ထွက်လာခဲ့လေရာ ပိုင်ရှောင်ချန်းမှာ အပျော်ကြီးပျော်နေတော့၏။
ကောင်းသောအရာများသည် တခုပြီးတခုဖြစ်လာနေသည်။ သူ၏ရွှယ်ကျဲကော်တုကျင့်ကြံခြင်းသည်လည်း တိုးတက်လာနေသည်။ သက်စောင့်ဝိညာဥ် ပေါ်ထွက်မလာသေးသော်လည်း ကျင့်စဥ်သည် ပို၍ပြင်းထန်လာ၏။
သူ၏ ရွှယ်ကျဲကော်တုပညာရပ်က သက်စောင့်ဝိညာဥ် ပေါ်ထွက်လာရန်သေချာပေါက်ကူညီပေးလိမ့်မည်ဟု ခံစားမိနေသည်။ ထိုအရာသည် ဘယ်လိုသားရဲမျိုးဖြစ်လာမလဲ သူအရမ်းသိချင်နေသည်။
ဝိညာဥ်စွယ်၏ ဝိညာဥ်ခေါ်သံ နှင့်အရည်အသွေးတူညီသော ထိပ်တန်းလျှို့ဝှက်မှော်ပညာဖြစ်သည့် ပြီးပြည့်စုံသောရွှယ်ကျဲကော်တုကိုကျင့်ကြံပြီးလျှင် ဘယ်လိုများနေမလဲဟု ဆက်တိုက်တွေးနေမိသည်။ သူ၏တိုက်ပွဲစွမ်းရည်ရော ဘယ်လိုနေမည်နည်း။
မျှော်လင့်ချက်အပြည့်ဖြင့် နောက်တလလုံးကျင့်ကြံခြင်းအပေါ်အာရုံစိုက်ထားလေ၏။ ယခုအချိန်တွင် မြောက်ပိုင်းဂိုဏ်းဘက်တွင် ပိုကောင်းမွန်သည့်နှစ်ဝက်ကာလကိုဖြတ်သန်းနေရမည်ဖြစ်သည်။ သူသည် သားရဲမွေးမြူရေးခြံမှထွက်ခွာမသွားပဲ သိုသိုသိပ်သိပ်သာနေထိုင်ခဲ့သော်လည်း သူ၏သားရဲတိရစ္ဆာန်များကို ယဥ်ပါးလာအောင်လေ့ကျင့်ပေးနေသည်ဟူသော သတင်းများသည် ဂိုဏ်းသားများအကြားတွင် ပျံ့လွင့်နေလေ၏။
ထိုသတင်းများနှင့်အတူ ပိုင်ရှောင်ချန်း၏အတိတ်ကလုပ်ရပ်များသည် မြောက်ဘက်ဂိုဏ်းသားများကြားတွင် ရေပန်းစားနေသော အကြောင်းအရာများဖြစ်သည်။ လက်ရွေးစင်တိုက်ပွဲများကျင်းပစဥ်က အဖြစ်အပျက်များသည် မရေမတွက်နိုင်သောဂိုဏ်းသားများကို အံကြိတ်လျက်ကျန်နေခဲ့စေ၏။ ပေဟန်လဲ့ခံလိုက်ရသောအဖြစ်အပျက်ကို ပြန်လည်တွေးမိတိုင်း သူတို့ရင်ဝတည့်တည့်ကို ဓားနှင့်ထိုးသလိုခံစားကြရ၏။ ထို့နောက် သူတို့၏တိုက်ပွဲဝင်သားရဲများကို ပြန်ကြည့်မိကြပြီး နာကျင်မှုသည် သူတို့နှလုံးသားထဲတွင် ဖျောက်ဖျက်၍မရသောအရိပ်မည်းကြီးတခုကဲ့သို့ စွဲထင်ကျန်နေခဲ့၏။
တနေ့တွင် ပေဟန်လဲ့သည် တကိုယ်တည်းတရားထိုင်နေရာမှ ထွက်လာခဲ့လေ၏။ သူ၏အင်မော်တယ်ဂူထဲတွင်ရပ်နေပြီး လွန်ခဲ့သောနှစ်ဝက်ခန့်က ပို့ထားသောကျောက်စိမ်းပေလွှာကို မျက်လုံးပြူးကြီးနှင့်ကြည့်နေလေ၏။ ပေလွှာထဲတွင် ပိုင်ရှောင်ချန်းမြောက်ပိုင်းဂိုဏ်းသို့ရောက်လာပြီဖြစ်ကြောင်း သူ့အားအကြောင်းကြားထား၏။ သူသည်အံကိုတင်းတင်းကြိတ်ကာ ကျောက်စိမ်းပေလွှာကို ဆုတ်ဖြဲလိုက်လေ၏။
“ပိုင်ရှောင်ချန်း…ငါ့ကို အရှက်ရအောင်လုပ်ခဲ့တာတွေအတွက် ဒီနေ့မှာသွေးကြွေးဆပ်ရမယ်ကွ…။ မင်းဟာ သန်မာချင် သန်မာလိမ့်မယ်…။ ဒါပေမယ့် ငါအရှက်ရခဲ့တဲ့နေ့ကစပြီး နှစ်ပေါင်းများစွာတိုးတက်လာအောင်ကျင့်ကြံနေခဲ့တာ…။ နောက်ဆုံးတော့ ငါ့ရဲ့ ဆည်းဆာမန္တန် ကိုအဆင့်သုံးထိရောက်အောင်လုပ်နိုင်ခဲ့ပြီ…။ အခြေခိုင်မာခြင်းအဆင့်အောက်မှာ ငါ့ကိုဘယ်သူမှ မယှဥ်နိုင်တော့ဘူးကွ…။” သူသည် ချီစုစည်းမှုအဆင့်ကိုးသို့ ရောက်ရှိသွားခဲ့၏။ လွန်ခဲ့သောနှစ်အနည်းငယ်က ပြင်းထန်သောရန်ပွဲအပြီးတွင် သူသည်အရူးအမူးကျင့်ကြံနေခဲ့ရာ စိတ်ရူးပေါက်ပြီး စိတ်ချောက်ခြားမှုများဖြစ်လာသည်အထိပင်။
“ပိုင်ရှောင်ချန်း…” ပေဟန်လဲ့သည် ခေါင်းကိုနောက်ပစ်ပြီးဒေါသတကြီးအော်ဟစ်လိုက်လေရာ ထိုအသံသည် သူ၏အင်မော်တယ်ဂူထဲမှကျယ်လောင်စွာထွက်ပေါ်လာလေ၏။လူအများသည် ဘာများဖြစ်နေသလဲဟု သတိပြုမိလိုက်ကြပြီး အထူးသဖြင့် ကုန်းစွန်းမောင်နှမနှင့် ရွှီဆုန်တို့ပင်ဖြစ်သည်။
“သိပ်ကိုအစွမ်းမြင့်တာပဲ…။ သူက ဆည်းဆာမန္တန် ကို အဆင့်သုံးအထိတကယ်ရောက်အောင်ကျင့်ကြံခဲ့တာပဲ…။ လွန်ခဲ့တဲ့နှစ်ထောင်ချီအတွင်း ဘယ်သူမှအဲ့လိုမလုပ်နိုင်ခဲ့သေးဘူး…။ သူအင်အားကြီးလာပြီပဲ… ကျုပ်တို့ရောပဲ…။ အရင်တုန်းကထက် သူဘယ်လောက်ပိုအစွမ်းမြင့်လာလဲပြောဖို့တောင်ခက်တယ်…။”
“သူ့လိုမျိုး အဖြစ်ဆိုးကြီးတခုကိုကြုံခဲ့ရတဲ့သူ ဘယ်သူမဆို နေ့တိုင်းဒီအဖြစ်ဆိုးကြီးကို ခံစားနေရပြီး ရူးသွပ်သွားမှာပဲ… သူ့လိုမျိုးပေါ့…”
လက်ရွေးစင်ဂိုဏ်းသားသည် ပေဟန်လဲ့ကို ရင်တထိတ်ထိတ်နှင့်စောင့်ကြည့်နေစဥ်မှာပင် ဘေဟန်လီသည် အလင်းတန်းတခုအသွင်သို့ပြောင်းသွားပြီး မြောက်ဘက်ဂိုဏ်းတွင်အကျော်ကြားဆုံးနေရာတခုဖြစ်သော တရားစီရင်ရာစင်မြင့်ဆီသို့ ဦးတည်ပျံသန်းသွားလေ၏။
တရားစီရင်ရာစင်မြင့်သည် တကယ်တော့ လက်သည်းများရှိသော ကျောက်လက်ကြီးတခုဖြစ်ပြီး ကြီးမားပြီးရက်စက်ကြမ်းကြုတ်သောသားရဲတကောင်၏ ရုပ်ထုနှင့်ဆက်လျက်ဖြစ်တည်နေသည်။ ရုပ်ထုသည်မီတာသုံးဆယ်အမြင့်ရှိကာ အလွန်အမင်းရက်စက်ဟန်ပေါ်နေပြီး ရုပ်ထုမှတိုက်ပွဲအငွေ့အသက်များပင် ပေါ်ထွက်လာနေသည်။ ရုပ်ထုသည် ခေါင်းရှည်မိကျောင်းတကောင်မတ်တပ်ရပ်နေသည်နှင့်ဆင်တူကာ အကြေးခွံများဖုံးအုပ်ထားပြီး ကျောဘက်တွင် ချွန် ထက်သောဆူးချွန်အတန်းသုံးတန်းရှိပေသည်။ ပို၍ထိတ်လန့်စရာကောင်းသည်မှာ လက်သည်းများရှိသော ကျောက်လက်သည် ရုပ်ထုတဝက်ခန့်နေရာယူထား၏။
ရုပ်ထု၏ ဘယ်လက်သည် မိုးဒဏ်လေဒဏ်ကြောင့် တိုက်စားခံခဲ့ရပုံပေါ်ပြီး ညာလက်သည် ကောင်းကင်ကိုထိုးဖောက်တော့မည့်အလား ထိုးထွက်နေသည်။
တရားစီရင်ရာစင်မြင့်သည် ညာဘက်လက်ဖဝါးပေါ်တွင်ဖြစ်သည်။
ရုပ်ထုကို လွန်ခဲ့သောနှစ်ပေါင်းလေးထောင်ကျော်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ရှေးဟောင်းသားရဲချောက်နက်ထဲတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ရုပ်ထုကိုချောက်ထဲမှဆယ်ယူပြီး လက်ရှိနေရာ၌ထားရှိရန် အတော်ကြိုးစားခဲ့ရပြီး မြောက်ပိုင်း၏ကျော်ကြားသောတရားစီရင်ရာစင်မြင့်ဖြစ်လာခဲ့သည်။
လက်ရှိတွင် ပေဟန်လဲ့သည် တရားစီရင်ရာစင်မြင့်ပေါ်တွင်ရပ်နေသည်။ တိုက်ခိုက်လိုသောအရိပ်အယောင်များ မျက်ဝန်းထဲတွင်ပြည့်နှက်နေသည်။ ခေါင်းကိုနောက်ပစ်ကာ အော်ဟစ်ပြောလိုက်သည် “ကျုပ်ရဲ့စွမ်းဆောင်မှုရမှတ်တွေအကုန်လုံးကို ကျုပ်လောင်းကြေးထပ်တယ်…။ ကျုပ်မှာစွမ်းဆောင်မှုရမှတ်ပေါင်း ၃၇၀၀၀ရှိတယ်…။ ကျုပ်ဒီနေရာမှာ ပိုင်ရှောင်ချန်းကိုစိန်ခေါ်တယ်…။” သူပြောလိုက်ပြီးပြီးချင်း တရားစီရင်ရာစင်မြင့်သည် တုန်လှုပ်လာကာ ပေလွှာတချပ်ထွက်ပေါ်လာလေသည်။ ပေလွှာသည် အနည်းငယ်မျှနှောင့်နှေးနေခြင်းမရှိပဲ သားရဲပြခန်းဆီသို့အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားလေ၏။
မြောက်ပိုင်းဂိုဏ်း၏ တရားစီရင်ရာစင်မြင့်သည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်အလွန်ကျော်ကြားသောနေရာတခုဖြစ်သည်။ တောင်ပိုင်းဂိုဏ်းသားများပင်လျှင် ထိုနေရာအကြောင်းကြားဖူးနေကြသည်။ တရားစီရင်ရာစင်မြင့်၏ စည်းမျဥ်းအရ မည်သူမဆိုစွမ်းဆောင်မှုရမှတ်များ လောင်းကြေးထပ်ကာမြောက်ပိုင်းဂိုဏ်းသားမည်သူ့မဆို စိန်ခေါ်နိုင်သည်။ ထိုသို့စိန်ခေါ်လိုက်လျှင် ပေလွှာတခုထွက်ပေါ်လာပြီး စိန်ခေါ်ခြင်းခံရသူဆီသို့ သွားရောက်အကြောင်းကြားလေသည်။
စိန်ခေါ်ခြင်းသည် နှစ်တဝက်အထိအကြုံးဝင်သည်။ စိန်ခေါ်ခြင်းခံရသူသည် လက်ခံလိုက်ပါက တိုက်ပွဲကိုချက်ခြင်းစတင်မည်ဖြစ်သည်။ စိန်ခေါ်ခြင်းခံရသူအနိုင်ရပါက စွမ်းဆောင်မှုရမှတ်များကိုရရှိမည်ဖြစ်သည်။ အကယ်၍ ရှုံးနိမ့်ခဲ့လျှင်မူ ဘာစွမ်းဆောင်မှုရမှတ်မှ ပေးရန်မလိုပေ။
စိန်ခေါ်ခြင်းကို ငြင်းပယ်ရန်အခွင့်အရေးလဲရှိသေးသည်။ ထိုသို့ငြင်းပယ်လိုက်လျှင် နှစ်တဝက်ကြာပြီးနောက် စိန်ခေါ်ခြင်းသည် ပျက်ပြယ်သွားပေမည်။ စွမ်းဆောင်မှုရမှတ်များသည်လည်း စိန်ခေါ်သူထံသို့ပြန်လည်ရောက်ရှိသွားလိမ့်မည်။ သို့သော် နှစ်တဝက်ကာလအတွင်း စိန်ခေါ်သူသည် စွမ်းဆောင်မှုရမှတ်များကို ပြန်၍ထုတ်ယူခြင်းမပြုရပေ။
ထိုစည်းမျဥ်းများကြောင့် စိန်ခေါ်သူများသည် အမြဲခံနေရတတ်သည်။ သို့သော်လည်း ထိုစည်းမျဥ်းမှာ မျှတပေသည်။