စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် တောင်ရှစ်လုံးရှိသည်။ တာအိုစေ့တောင်က အလယ်တွင်တည်ရှိပြီး တောင်ဘက်ခြမ်းတွင် တောင်သုံးလုံးနှင့် မြောက်ဘက်ခြမ်းတွင် တောင်လေးလုံးရှိသည်။ မြောက်ဘက်ခြမ်းမှ တောင်လေးလုံးမှာ ဆည်းဆာတောင်၊ မုခ်ဦးတောင်၊ ယန်ဝေ့တောင်နှင့် ဝိညာဥ်စွယ်တောင်တို့ဖြစ်သည်။
မြောက်ဘက်ခြမ်းမှ ဂိုဏ်းသားများမှာ တောင်ဘက်ခြမ်းထက် အရေအတွက်များစွာသာလွန်သည်။ မြောက်ဘက်ခြမ်းတောင်တစ်လုံးဆီတွင် အပြင်စည်းဂိုဏ်းသားများတစ်သောင်းထက်မနည်းရှိပြီး အတွင်းစည်းတွင်လည်း တစ်ထောင်ထက်ပိုရှိလေသည်။
ခြုံငုံပြောရလျှင် မြောက်ဘက်ခြမ်းက တောင်ဘက်ခြမ်းထက် နှစ်ဆအင်အားကြီးမားလေသည်။ ထိုအကြောင်းကြောင့် မြောက်ဘက်ခြမ်းက ဂိုဏ်းတွင်ဦးဆောင်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။
မှန်ပါသည်..မြောက်ဘက်ခြမ်းအင်အား၏ အခြေခံအုတ်မြစ်မှာ မြောက်ဘက်ခြမ်းဂိုဏ်းသားများမွေးမြူပျိုးထောင်ထားသော တိုက်ပွဲဝင်သားရဲများ ဖြစ်လေသည်။
များပြားလှသော သားရဲများ၏ ကျယ်လောင်စွာအော်မြည်နေသံများက လေထဲတွင်ဆက်တိုက် ပျံ့လွင့်နေသည်။
မြောက်ဘက်ခြမ်းက ပို၍ရက်စက်ကြမ်းကြုတ်ပုံပေါ်ပြီး သူတို့၏ဂိုဏ်းသားများမှာ တောင်ဘက်ခြမ်းဂိုဏ်းသားများထက် ပို၍ ခက်ထန်ကြမ်းကြုတ်လေသည်။ တချိန်လုံး လေထဲတွင်ပျံသန်းနေသော သတ္တဝါများကို မြင်နိုင်ပြီး ရံဖန်ရံခါတွင် တောင်ကိုကာကွယ်ရန် တာဝန်ချထားသော အထူးသားရဲများကိုပါ တွေ့နိုင်သည်။ ထိုသားရဲများကို ကြည့်ရှူရသည်ပင် ကြောက်လန့်ဖွယ်ကောင်းနေသည်။
ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်က ပိုင်ရှောင်ချန်းကိုမြောက်ဘက်ခြမ်းသို့ လိုက်ပို့သည့်အခါ ထိုနေရာမှဂိုဏ်းသားများက လျင်မြန်စွာသတိပြုမိသွားကြသည်။ အချို့က လက်ရွေးစင်ပြိုင်ပွဲမှစ၍မြောက်ဘက်ခြမ်း၏ ရန်သူတော်မှန်းသိသွားကြသည်။
မြောက်ဘက်ခြမ်းမှ ဂိုဏ်းခေါင်းဆောင်ကို နှုတ်ဆက်ရန်ထွက်လာကြပြီး ဝိညာဥ်စွယ်တောင်ပေါ်မှ ကြီးကျယ်ခမ်းနားသောခန်းမကြီးဆီသို့ ကိစ္စအချို့ဆွေးနွေးရန် ဦးဆောင်ခေါ်သွားကြသည်။ ပိုင်ရှောင်ချန်းမှာမူ ခန်းမကြီး၏အပြင်ဘက်တွင်နေခဲ့ရသည်။ သူရောက်လာကြောင်း သတင်းစကားမှာ မြောက်ဘက်ခြမ်းအတွင်း လျင်မြန်စွာပျံ့နှံ့သွားသည်။ အမွှေးတိုင်တစ်ဝက်စာလောင်ကျွမ်းပြီးချိန်တွင် မြောက်ဘက်ခြမ်းမှ အပြင်စည်းဂိုဏ်းသားများနှင့် အတွင်းစည်းဂိုဏ်းသားများအားလုံး ဖြစ်ပျက်သမျှကိုသိရှိနေပြီဖြစ်သည်။
“မင်းကြားမိလား။ ဟို လူယုတ်မာပိုင်ရှောင်ချန်းက မြောက်ဘက်ခြမ်းကို လာတယ်တဲ့..”
“ပိုင်ရှောင်ချန်းလား..။ သူက ငါတို့မြောက်ဘက်ခြမ်းရဲ့ ရန်သူတော်ဘဲ။ သူဒီနေရာကိုလာရဲတာ ငါ့ဖြင့်ယုံတောင်မယုံနိုင်ဘူး။ ဟားဟားဟား…ဟ..ဒါကတကယ်ကိုကောင်းတဲ့အရာဘဲ..။ ပျော်စရာကြီးကွာ…”
“ငါကြားတာတော့ သူ ဒီကိုအပြောင်းခံရတဲ့အကြောင်းက မြွေတစ်သောင်းတောင်ကြားထဲမှာရှိတဲ့မြွေတွေကို ဒုက္ခအကြီးကြီးပေးခဲ့လို့တဲ့။ သူသွားတဲ့နေရာတိုင်းမှာ ရှိတဲ့သူတိုင်းကို ရူးသွပ်အောင်လုပ်တဲ့ စွမ်းရည်တချို့ရှိတာဖြစ်နိုင်တယ်။ ဒါကမှန်လား..မှားလားတော့ ငါမသေချာဘူးကွာ..”
“တကယ်လို့သူ့ဆီမှာ အဲ့လိုစွမ်းရည်ရှိနေရင်တောင် အဲ့တာကကောင်းတဲ့အရာဖြစ်စေမှာမဟုတ်ဘူး။ သူအခု မြောက်ဘက်ခြမ်းကို ရောက်နေတာကွ..။ တကယ်လို့သူက နဂါးတစ်ကောင်လို့ သူ့ကိုယ်သူထင်နေရင် သူက တီကောင်တစ်ကောင်ထက်မပိုတဲ့အကြောင်း ငါတို့ကပြရမှာပေါ့။ သူ့ကိုယ်သူ ကျားတစ်ကောင်လို့ထင်ရင် ငါတို့က အိမ်မွေးကြောင်ထက်မပိုကြောင်းပြရတာပေါ့။ သူ လက်ရွေးစင်ပြိုင်ပွဲမှာ မြောက်ဘက်ခြမ်းကို မကြုံစဖူးအရှက်ခွဲခဲ့ပေမဲ့ ကောင်းကင်ဘုံက အမြင်ရှိတယ်ကွ။ သူကမြောက်ဘက်ခြမ်းအပေါ်ရန်စတဲ့ အကျိုးဆက်ကို သိသွားအောင် ဂိုဏ်းခေါင်းဆောင်က ဒီခေါ်လာတာဖြစ်မယ်။”
စကားလုံးများပျံ့နှံ့သွားပြီး မြောက်ဘက်ခြမ်းရှိ တောင်လေးလုံးမှ ဂိုဏ်းသားများမှာ စိတ်လှုပ်ရှားစွာဖြင့် ကြွေးကြော်နေကြသည်။ သူတို့၏ လက်သီးကိုတင်းတင်းဆုပ်လိုက်ကြပြီး ဝိညာဥ်စွယ်တောင်ထိပ်ကို ခြိမ်းခြောက်သောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။
သူတို့က ပိုင်ရှောင်ချန်းကို ရှင်လျက်နှင့်ငရဲကျနေအောင် ပြုလုပ်ရန် ပြင်ဆင်နေကြသည်။
အထူးသဖြင့် လက်ရွေးစင်ပြိုင်ပွဲတွင် အမှန်တကယ်တိုက်ခိုက်ခဲ့ရသောဂိုဏ်းသားများအတွက်မှန်လေသည်။ ကုန်းစွန်းမောင်နှမ၊ ရွှီဆုန်နှင့် အခြားပြိုင်ပွဲဝင်များသည် တော်တော်ကြီးကို စိတ်လှုပ်ရှားနေကြသည်။ သူတို့မှာ ပြန်ရောက်ကတည်းက သီးခြားတရားထိုင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ ကျင့်ကြံခြင်းတွင် သိသာထင်ရှားစွာ တိုးတက်လာသည်ကို တွေ့ရှိခဲ့ရသည်။
ပိုင်ရှောင်ချန်းမှာ ဝိညာဥ်စွယ်တောင်ပေါ်ရှိ ကြီးကျယ်ခမ်းနားသောခန်းမကြီး အပြင်ဘက်တွင် မတ်တပ်ရပ်ကာ လေထဲတွင်ပျံသန်းနေသော သားရဲများကို ကြည့်လျက်ရှိသည်။ သူတို့ထဲမှတစ်ကောင်မှာ ခုနှစ်ရောင်ခြယ်ဖီးနစ်ငှက်ဖြစ်ပြီး ကြောက်လန့်ဖွယ်အပြုအမူရှိကာ အနီးရှိ တခြားသောငှက်များကို ငြိမ်ဝပ်လွှမ်းမိုးသွားစေနိုင်လေသည်။ ၄င်းက မြောက်ဘက်ခြမ်းကို အကြိမ်ရေအနည်းငယ်လှည့်ပတ်ပျံသန်းပြီး ယန်ဝေ့တောင်ဆီသို့ပျံသန်းပျောက်ကွယ်သွားလေသည်။
ပိုင်ရှောင်ချန်းက ပတ်ပတ်လည်ဆက်လက်၍စူးစမ်းနေလေသည်။ ယခုအချိန်တွင် ဝိညာဥ်စွယ်တောင်မှ ဂိုဏ်းသားလေးဦးက သူရပ်နေရာနားတွင်ရှိနေပြီး သူ့အားအေးစက်ကာကြည့်နေကြလေသည်။
သူတို့၏ရန်လိုမုန်းတီးစိတ်နှင့် ဒေါသတရားများကို အလွယ်တကူမြင်နိုင်လေသည်။ သိသာထင်ရှားစွာပင် သူတို့မှာ ပိုင်ရှောင်ချန်းအား ထိုနေရာတွင်ရှိမနေစေချင်ပေ။
ပိုင်ရှောင်ချန်းက သမ်းဝေလိုက်ကာ မျက်လုံးများအားပွတ်လိုက်သည်။ ဝိညာဥ်စွယ်တောင်မှ ဂိုဏ်းသားများသူ့အားမည်မျှကြာကြာ စိုက်ကြည့်ခဲ့သည်ကို စဥ်းစားမိလိုက်ပြီး နောက်ဆုံးတွင် သူက ထိုအေးခဲသည့်အခြေအနေကို ပြောင်းလဲပစ်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။ အဆုံးတွင် ဤနေရာက သူ၏အနာဂတ်အိမ်ဖြစ်လာမည် မဟုတ်ပါလော။ သူက လည်ချောင်းကိုရှင်းလိုက်ကာ ပြောလိုက်လေသည်။
” အာ… ဂိုဏ်းတူ တူလေးတို့ အဲ့လိုဆက်ကြည့်နေမယ်ဆိုရင်……ငါရှက်တယ်ကွာ..”
ဝိညာဥ်စွယ်တောင်မှဂိုဏ်းသားများ၏ တစ်ခုတည်းသောတုံ့ပြန်မှုမှာ ပို၍စူးရှလာသောအကြည့်များဖြစ်နေပြီး ပိုင်ရှောင်ချန်း၏ ရင်ထဲသို့ ဓားပျံများ စိုက်ဝင်လာသည့်အလား ဖြစ်သွားသည်။
ပိုင်ရှောင်ချန်းမှာ အနည်းငယ်ကိုးရို့ကားယားနိုင်သလိုခံစားလိုက်ရသည်။ သို့သော် သူက သူတို့၏ ဝါရင့်ဂိုဏ်းသားဖြစ်သည်ကိုသိသည့်အတွက် ရယ်မောလိုက်ကာ ပြောလိုက်သည်။
“အ…ငါတို့က တစ်ဂိုဏ်းထဲသားတွေလေကွာ..။အဲ့လိုကြီးလုပ်မနေကြပါနဲ့ဟ။ လာ..လာခဲ့။ ငါမင်းတို့ကို ရယ်စရာပုံပြင်တွေပြောပြမယ်။ တစ်ကြိမ်…”
သူ၏ စကားဆုံးအောင်ပင်မပြောရသေးမီ သူတို့၏အကြည့်များသည် ပို၍ကြောက်ဖို့ကောင်းလာလေသည်။
သူ၏ ညာခြေထောက်ကိုလှမ်းရန် အကောင်းဆုံးကြိုးစားနေသော်လည်း သူတို့က သူ့အားဆက်၍ စိုက်ကြည့်နေလေသည်။ ထို့ကြောင့် သူတစ်ခုခုများ အမှားလုပ်မိသွားလားဟုပင် သိချင်လာလေသည်။
အချိန်ကုန်လာသည်နှင့်အမျှ ဝိညာဥ်စွယ်တောင်မှဂိုဏ်းသားများက မြောက်ဘက်ခြမ်း၏ရန်သူတော် ပိုင်ရှောင်ချန်းရောက်နေကြောင်း ကြားသိပြီး လူများမှာ သူ၏နေရာဆီသို့ ဦးတည်ကာပျံသန်းလာနေကြသည်။ သူတို့က အမုန်းပေါ်အမုန်းဆင့်လျက် ဒေါသတကြီးစတင်အော်ဟစ်ကြလေသည်။
“ပိုင်ရှောင်ချန်း..။မင်းမြောက်ဘက်ခြမ်းကိုလာရဲသေးတယ်နော်..။ ငါတို့ကို စိတ်အနှောင့်အယှက်ပေးတဲ့လူတိုင်းဘယ်လိုဖြစ်သွားမယ်ဆိုတာ ငါတို့ပြမယ်”
“သေစမ်း..သူ့ကိုတစ်ချက်ကြည့်တာနဲ့ အစ်ကိုကြီးပေဟန်လဲ့ရဲ့ ကြေကွဲစရာကံကြမ္မာကို ပြန်မစဥ်းစားမိဘဲမနေနိုင်ဘူး”
“သူ့ကို ဆွဲချကြစမ်းပါ”
ဒေါသတကြီးအော်ဟစ်သံများကျယ်လောင်လာသည်နှင့်အမျှ ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားကာ နောက်ဆုတ်လိုက်မိသည်။ သူ၏စိတ်ထဲတွင် သူတို့က အပိုတွေလုပ်လွန်းနေပြီး သူတို့အားအထင်လည်းမကြီးပေ။ သူနောက်ဆုတ်နေဆဲမှာပင် ခန်းမအတွင်းမှ အေးစက်သောအသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်၍ထွက်ပေါ်လာသည်။
“ဘာတွေဆူညံနေတာလဲ..။ပိုင်ရှောင်ချန်း..ဝင်လာခဲ့”
ဂိုဏ်းသားများက ချက်ချင်းပင် သူတို့၏ဒေါသများကို ဖုံးဖိလိုက်သော်လည်း သူတို့၏အကြည့်များမှာ အေးခဲနေဆဲဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ဆံပင်မွှေးများ အဆုံးထိထောင်သွားသော်လည်း သူတို့အား ထိုကဲ့သို့ ခြိမ်းခြောက်ဖို့ ခွင့်ပြုရန် မသင့်ကြောင်း ခံစားမိလိုက်သည်။ လူအုပ်ကြီးအား ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်ကာ မာနကြီးသောဟန်ပန်ဖြင့် ခန်းမကြီးထဲသို့ လျှောက်သွားလေသည်။
ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်မှာ မြင့်မြတ်သောနေရာတစ်ခုတွင် ထိုင်နေပြီး တောင်ထိပ်သခင်လေးဦးမှာမူ သူ၏တစ်ဖက်တစ်ချက်ဆီတွင်ထိုင်နေကြသည်။ သူတို့၏မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအယာများရှိနေပြီး ကျိန်းယွမ်သုန်သည် စိတ်ထဲတွင် သက်ပြင်းချလျက်ရှိသည်။ ပိုင်ရှောင်ချန်းရောက်လာသည့်အချိန်မှာပင် သူ့ကြောင့် ထိုကဲ့သို့ ဆူဆူညံညံဖြစ်ပွားလိမ့်မည်ဟု သူလုံးလုံးကို မယုံနိုင်ခဲ့ပေ…။
“ပိုင်ရှောင်ချန်း ငါမြောက်ဘက်ခြမ်းတောင်ထိပ်သခင်တွေနဲ့ ကိစ္စတစ်ချို့ ဆွေးနွေးပြီးသွားပြီ။ မင်းကို ဂုဏ်ထူးဆောင် သားရဲမွေးမြူရေးခြံ ရဲ့စောင့်ရှောက်သူအဖြစ် တာဝန်ထမ်းဆောင်ခွင့်ပေးဖို့ ငါတို့စီစဥ်ထားတယ်။ ထပ်ပြောရရင် သားရဲတွေကို ဂရုတစိုက်ပျိုးထောင်နိုင်ပြီး မင်းရဲ့ ရွှယ်ကျဲကော်တု ကျင့်ကြံခြင်းအတွက် သူတို့ကို လေ့လာနိုင်တယ်။ မျှော်လင့်ချက်ရှိရင် မင်းရဲ့ သက်စောင့်ဝိညာဥ် ကို မြန်မြန်ဖန်တီးနိုင်လိမ့်မယ်”
” သားရဲမွေးမြူရေးခြံက ဘယ်တောင်ရဲ့အစိတ်အပိုင်းမှာမှ မရှိဘူး။ သူက တောင်တွေရဲ့ အခြားတစ်ဘက်မှာ ရှေးဟောင်းသားရဲချောက်နက်နဲ့အတူရှိတယ်။ မင်း အဲ့ဒီမှာ မဆိုးရဘူး။ ထိခိုက်နစ်နာအောင်လဲ မလုပ်ရဘူး။ မင်းရဲ့ ကျင့်ကြံခြင်းမှာ လုံ့လဝီရိယရှိရမယ်။ ပြီးတော့ ဒီအခွင့်အရေးကို တန်ဖိုးထားပါ” သူက ပိုင်ရှောင်ချန်းကို အဓိပ္ပါယ်ပါပါကြည့်လိုက်ပြီး တောင်ထိပ်သခင်လေးဦးဆီသို့ လှည့်ကာအာရုံစိုက်လိုက်လေသည်။
“ငါ့ရဲ့ ဂိုဏ်းတူညီလေးက နည်းနည်းလေး ဆိုးသွမ်းပြီး သောင်းကြမ်းတတ်တယ်။ တကယ်လို့ သူဘယ်လိုတိုက်ခိုက်မှုတွေလုပ်ခဲ့လုပ်ခဲ့..တာအိုရောင်းရင်းတို့က….သင့်တော်သလိုအပြစ်ပေးလိုက်ကြပါ”
တောင်ထိပ်သခင်လေးဦးက ပြုံးလိုက်ကြပြီး ဂိုဏ်းခေါင်းဆောင်နှင့် စကားစမြည်ပြောလိုက်ကြသည်။ နောက်ဆုံးတွင် ကျိန်းယွမ်သုန်က မြောက်ဘက်ခြမ်းမှ ထွက်ခွာပြီး တာအိုစေ့တောင်ဆီသို့ ပြန်သွားကာ ပိုင်ရှောင်ချန်းအား တောင်ထိပ်သခင်လေးဦးနှင့် ခန်းမထဲတွင်ထားခဲ့လေသည်။
သူ့အားခဏလေ့လာအပြီးတွင် ယန်ဝေ့တောင်မှ အဘွားအိုကြီးသည် အက်ကွဲသောအသံဖြင့်ပြောလာလေသည်။
“ပိုင်ရှောင်ချန်း….မြောက်ဘက်ခြမ်းက တောင်ဘက်ခြမ်းနဲ့ကွဲပြားတယ်။ ငါတို့ဒီမှာ စည်းမျဥ်းစည်းကမ်းတွေရှိတယ်။ တကယ်လို့မင်း ချိုးဖျက်လို့ရှိရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်။ မြွေတစ်သောင်းတောင်ကြားထဲကလို ကိစ္စ မြောက်ဘက်ခြမ်းမှာဖြစ်ခဲ့လို့ရှိရင် ကောင်းကင်တံတားမြစ်ရဲ့အထက် တာအိုသစ်စေ့တောင်ရဲ့ချောက်ထိပ်ကနေ ဆယ်နှစ်တိတိ အချိတ်ခံရမယ်။ အဲ့တာကို ငါတို့က သက်ညှာတဲ့ပြစ်ဒဏ်လို့ သတ်မှတ်ထားတယ် ” ထိုသို့ပြောကာ သူမက ပိုင်ရှောင်ချန်းဆီသို့ ဂိုဏ်း၏ စည်းမျဥ်းစည်းကမ်းများပါဝင်သော ကျောက်စိမ်းဆွဲပြားလေးတစ်ခုပစ်ပေးလိုက်သည်။
ပိုင်ရှောင်ချန်းက အနည်းငယ်စိတ်လှုပ်ရှားသလို ခံစားရပြီး ခေါင်းကိုငြိမ့်ရုံမျှသာ ငြိမ့်လိုက်ပြီး တတ်နိုင်သမျှ ချစ်စဖွယ်ဖြစ်အောင်ကြိုးစားလေသည်။
တောင်ထိပ်သခင်လေးဦးမှာ အကြည့်ချင်းဖလှယ်လိုက်ကြကာ ပိုင်ရှောင်ချန်းအားအာရုံမထားတော့ပေ။ ဝိညာဥ်စွယ်တောင်မှ အတွင်းစည်းဂိုဏ်းသားတစ်ယောက်မှာ လူစုခွဲပြီးပြီးချင်းတွင် ပိုင်ရှောင်ချန်းအား သားရဲမွေးမြူရေးခြံသို့ပို့ဆောင်ရန် တာဝန်ပေးခြင်းခံရလေသည်။
သူ့အားခေါ်ဆောင်သွားသော အတွင်းစည်းဂိုဏ်းသားက မျက်နှာရှည်ရှည်နှင့် ပါးတွင် ကျောက်ပေါက်မာများရှိသော လူငယ်တစ်ယောက်ဖြစ်သည်။ သူ့ထံတွင် အလွန်ကြောက်စရာကောင်းသော ပုံပန်းသဏ္ဍာန်ရှိကာ ပိုင်ရှောင်ချန်းအား စကားတစ်ခွန်းမျှပင်မဟဘဲ တစ်လမ်းလုံး အေးစက်စွာကြည့်နေလေသည်။
ထိုလူငယ်၏ဆက်ဆံပုံကို စိတ်ရှုပ်စွာဖြင့် ပိုင်ရှောင်ချန်းမှာ နောက်ကလိုက်ကာ မြောက်ဘက်ခြမ်းကို ဖြတ်သွားလေသည်။ လမ်းတစ်လျှောက်တွင် လူတော်တော်များများ သူ့အားစိုက်ကြည့်ကြသော်လည်း သူတို့ပုံက ခင်မင်လိုသည့်ပုံမပေါ်ပေ။ အပြင်စည်းဂိုဏ်းသားများသည်ပင် သူ့အား ဒေါသစိတ်ဖြင့် ပွင့်လင်းစွာ ကြည့်နေကြလေသည်။
သူတို့အတွက် ပိုင်ရှောင်ချန်းမှာ အပြင်လူသက်သက်သာ။ ထိုအခြင်းအရာများကြောင့်သာမက အဘွားအိုကြီး ခန်းမထဲတွင်ပြောခဲ့သည့်အရာများကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်စိုးရိမ်ကြောင့်ကြလျက်ရှိသည်။ တောင်ဘက်ခြမ်းတွင် သူ၏နေ့ရက်များမှာ လွဲချော်ခဲ့ပြီးဖြစ်သည်။ အမွှေးတိုင်တစ်ဝက်စာလောင်ကျွမ်းပြီးချိန်တွင် မျက်နှာရှည်ရှည်နှင့် လူငယ်က မြောက်ဘက်ခြမ်းတောင်များ၏ အနောက်ဘက်တွင်ရှိသော တောင်ကြားသို့ အလျင်အမြန်ခေါ်ဆောင်သွားသည်။
ထိုနေရာမှာ ကြီးမားကျယ်ပြန့်ပြီး မန္တန်အစီအရင် ဖုံးအုပ်ထားသည်။ စိမ်းလန်းသော သဘာဝပေါက်ပင်များ များပြားလှပြီး အခါအားလျော်စွာ သားရဲတို့၏ အော်သံကိုလည်း ကြားနိုင်လေသည်။ ပို၍ထိတ်လန့်စဖွယ်ကောင်းသည်မှာ ထူထပ်မှောင်မဲသောတောကြီး၏အလယ်တွင် ပတ်ဝန်းကျင်ရှိအရာအားလုံးကို တွန့်လိမ်ပုံပျက်နေအောင် ကြောက်လန့်ဖွယ် အငွေ့အသက်များထုတ်လွှတ်နေသော ချောက်နက်ကြီးရှိနေခြင်း ဖြစ်သည်။
ပိုင်ရှောင်ချန်းက ထိုမြင်ကွင်းအားလုံးကိုကြည့်ကာ မျက်လုံးပြူးလျက်ရှိသည်။ ထို့နောက်သူက သိပ်မဝေးသောနေရာတွင်ရှိသည့် ဂုဏ်ထူးဆောင် အစောင့်အရှောက်တို့၏ အဆောက်အအုံကိုကြည့်လိုက်သည်။ ထိုအဆောက်အအုံရှေ့တွင် ကျောက်တိုင်တစ်တိုင်ရှိနေပြီး ကျောက်တိုင်၏ အောက်ခြေနားတွင် ပိန်ပိန်ပါးပါးနှင့် အတွင်းစည်းဂိုဏ်းသားတစ်ယောက်ရပ်နေလေသည်။ ရှင်းရှင်းဆိုရလျှင် ထိုလူမှာ သူတို့အားတွေ့ရန်စောင့်နေခြင်းသာဖြစ်သည်။
မျက်နှာရှည်ရှည်နှင့် လူငယ်က တချိန်လုံး ပိုင်ရှောင်ချန်းအား စကားတစ်လုံးမှ မပြောချေ။ ပိန်ပိန်ပါးပါးနှင့်ဂိုဏ်းသားအနား တိုးကပ်သွားပြီးနောက်သူက ပိုင်ရှောင်ချန်းဒီနေရာတွင် အလုပ်လုပ်မည်ကို အတိုချုပ်ရှင်းပြလေသည်။ ပိန်ပိန်ပါးပါးနှင့်လူက ပိုင်ရှောင်ချန်းအား စိမ်းကားစွာကြည့်လိုက်ပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ဆွဲထုတ်ကာ သူ့အားပေးလိုက်လေသည်။
“ငါက စွန်းဝမ်။ ဒီကျောက်စိမ်းပြားမှာ ဒီမှာရှိတဲ့ သားရဲကိုးရာရှစ်ဆယ့်တစ်ကောင်ရဲ့ အသေးစိတ်အကြောင်းတွေပါတယ်။ တစ်ကောင်ချင်းစီနဲ့ သူတို့အားလုံးက မြောက်ဘက်ခြမ်းဆီရဲ့ အဖိုးတန်ရတနာတွေဖြစ်တယ်။ သူတို့ထဲက တစ်ကောင်ပျောက်သွားတာနဲ့ မင်းတာဝန်ယူရမယ်” ထိုသို့ပြောကာ စွန်းဝမ်က မျက်နှာရှည်ရှည်လူငယ်နှင့်အတူ ထွက်သွားလေသည်။
ပိုင်ရှောင်ချန်းက ရန်လိုစွာ တုံ့ပြန်မှုအပေါ် ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်သော်လည်း သူက ထိုအရာအား ရင်ထဲမသွင်းပေ။ သူက ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အအုံကို လှည့်ပတ်ကြည့်ရှုလိုက်ကာ ထိုနေရာမှာ သူ၏ မွှေးရနံ့တိမ်တောင်ရှိ ပြိုကျသွားပြီဖြစ်သော အင်မော်တယ်ဂူဖြင့်ပင် မနှိုင်းယှဥ်နိုင်ကြောင်း တွေ့ရှိရလေသည်။ သို့သော်လည်း ထိုနေရာက အပြင်စည်းဂိုဏ်းသားတို့၏ နေရာထက်စာလျှင် ကောင်းမွန်နေသောကြောင့် မကျေမနပ်ပြောဆို၍လည်းမရပေ။
” အဲ့အဘွားကြီးက မြောက်ဘက်ခြမ်းကလူတွေဟာ စည်းမျဥ်းစည်းကမ်းတွေကို အထူးဂရုစိုက်ကြောင်းပြောခဲ့တာပဲ။ ဒီကစည်းမျဥ်းစည်းကမ်းတွေက တောင်ဘက်ခြမ်းကဟာတွေထက် ကွဲပြားနေတာဖြစ်နိုင်လား။ ဝိုးးးး ငါသူတို့ကို ကောင်းကောင်းကြည့်ထားရမယ်။ မတော်တဆမှုတစ်ခုခုကြောင့် စည်းမျဥ်းစည်းကမ်းတွေကို ငါသေချာပေါက် မချိုးဖောက်ချင်ဘူး”