Switch Mode

အခန်း (၃၉၂) – ရင်ဘတ်ကြီးနဲ့ ခံစားမနေပါနဲ့ 

ရင်ဘတ်ကြီးနဲ့ ခံစားမနေပါနဲ့ 

ဝမ်ပေါင်လဲ့မှာ အိမ်ကြီးတစ်လုံး တည်ဆောက်ပြီးသောအခါမှ အခြားလူသုံးယောက်မှာ ရောက်ရှိလာပြီး တစ်ယောက်တစ်ခန်းစီ မောင်ပိုင်စီးသွားသကဲ့သို့ ခံစားလိုက်ရ၏။

အကယ်၍ သူ၏အိမ်ထဲ၌ လာနေရုံလောက်သာဆိုလျှင် ပြဿနာမရှိပါသော်လည်း သူတို့မှာ ထိုအခန်း၏ ပိုင်ရှင်နေရာရှိ သူ၏နာမည်ကိုဖျက်ကာ သူတို့၏နာမည်များနှင့် အစားထိုးရန် ကြိုးစားနေကြသည် ဖြစ်သည်။

” ဒါ ဓားပြတိုက်တာပဲ။ တောက်ကွာ။ ငါ ပိုင်တဲ့ပစ္စည်းတွေကို လုယူရဲရတယ်လို့ ” ဝမ်ပေါင်လဲ့မှာ ” ဓားပြတိုက် ” ဆိုသော စကားလုံးကို တွေးမိလိုက်သောအခါ လီဝမ်အာနှင့် ချန်းမုတို့၏ စေ့စပ်ကြောင်းလမ်းမှုကို ပြန်၍သတိရသွား၏။ လီဝမ်အာမှာ သိပ်မကြာခင်တွင် ချန်းမု၏ တာအိုလက်တွဲဖော် ဖြစ်လာတော့မည်ဖြစ်ကြောင်း တွေးမိလိုက်သဖြင့် ထိုကိစ္စကြီးကြောင့် ပေါ်ပေါက်လာခဲ့ရပြီး ပြန်လည်ပျောက်ကွယ်သွားခဲ့သည့် ဒေါသစိတ်များမှာ ပြန်လည်ပေါ်ထွက်လာတော့သည်။

တစ်ချိန်ထဲမှာပင် အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်နှင့် နတ်ဘုရားလက်နက် မြို့တော်အသစ်ကြားရှိ ကောင်းကင်ယံထဲ၌ အထူးတည်ဆောက်ထားသော သင်္ဘောပျံ ဒါဇင်ပေါင်း များစွာမှာ အံ့သြမှင်တက်ဖွယ်ရာ အမြန်နှုန်းဖြင့် ပျံသန်းလာနေကြ၏။

ထို သင်္ဘောပျံကြီးများထဲတွင် လူအင်အားနှင့် ကုန်ကြမ်းပစ္စည်းများ၏ ပထမဆုံးအသုတ်ကို သယ်ဆောင်လာကြသည်။ ရှေ့ဆုံးမှ သင်္ဘောပျံကြီး၏ လေယာဉ်မှူးအခန်းထဲတွင် လူသုံးယောက်ထိုင်နေပြီး ဝိုင်များသောက်ကာ စကားစမြည်များ ပြောဆိုနေကြ၏။ သူတို့ထဲမှတစ်ယောက်မှာ ရုံးအဝတ်အစားများကို ဆင်မြန်းထားပြီး ဖြူဖွေးသောအသားအရေကို ပိုင်ဆိုင်ထား၏။ တစ်ချိန်ထဲမှာပင် သူ၏ အကြည့်များမှာ အဓိပ္ပာယ်လေးနက်လွန်းနေ၏။ သူသည် အလွန်အင်မတန်မှ ရုပ်ရည်ချောမောရုံသာမက တမူထူးခြားသည့် အငွေ့အသက်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။

” ညီလေးဝမ်နဲ့ ညီမလေးဖန်။ အစ်ကိုတို့တွေ သဘောတူညီချက်အတိုင်း လိုက်လုပ်ပြီးတော့ နတ်ဘုရားလက်နက် မြို့တော်အသစ်ထဲမှာ ကျရာတာဝန်တွေကို ထမ်းဆောင်မယ်ဆိုရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး ” ထိုလူငယ်လေးမှာ ဝိုင်ခွက်ကိုကိုင်ရင်း တစ်ငုံမော့သောက်လိုက်၏။ ထို့နောက် သူသည် ပြုံးပြလိုက်သောအခါ ဉာဏ်ပညာနှင့်ပြည့်စုံပြီး ယုံကြည်ဖွယ်ရာကောင်းသည့်ပုံ ပေါ‌က်နေသောကြောင့် သူ၏ရှေ့တွင်ထိုင်နေသည့် နှစ်ယောက်မှာ အသာအယာ ခေါင်းညိတ်ပြလိုက်ကြ၏။

သူတို့နှစ်ယောက်ထဲတွင် တစ်ယောက်မှာ ဝမ်ဟွေ့ဖြစ်ပြီး သူသည် ရိုးရာဝတ်ရုံရှည်တစ်ခုကို ဆင်မြန်းထား၏။ သူ၏ အင်္ကျီလက်ပေါက်များမှာ အကျယ်ကြီးဖြစ်နေသောကြောင့် သူ၏ လက်မောင်းကို အနက်ရောင်ပတ်တီးများဖြင့် ပတ်ထားသည်ကို မြင်နိုင်ပေသည်။ သူ၏ လည်ပင်းနှင့် မျက်နှာတစ်ဝက်တိတိမှာလည်း ထိုနည်းတူပင်ဖြစ်သည်။ ထိုကဲ့သို့ တမူထူးခြားနေသောပုံစံကြောင့် သူသည် အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါက်နေ၏။

အခြားတစ်ယောက်မှာ ဖန်ကျင့်ဟု အမည်ရသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမသည် ယွီဟွားရှန်ထျန်းဂိုဏ်းမှဖြစ်ကြောင်း သိသာထင်ရှားစေသည့် အချက်များ ရှိပေသည်။ ” ယွီဟွားရှန်ထျန်းဂိုဏ်း ” ဆိုသည့် နာမည်မှာ ကျက်သရေအပေါင်းနှင့် တင့်တယ်သည်ပုံ ပေါက်နေပါသော်လည်း လက်တွေ့တွင်မူ ၎င်းတို့၏ ဂိုဏ်းသားအားလုံးမှာ အမျိုးသားများဖြစ်စေ၊ အမျိုးသမီးများဖြစ်စေ အပြင်ခန္ဓာကိုယ် ကြံ့ခိုင်ရေးကို အလွန်အမတန်မှ ဦးစားပေးကြသူများဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးမှာ အဆမတန်ကြီးထွားနေသော ကြွက်သားများကိုပိုင်ဆိုင်ထားကြပြီး ဖန်ကျင့်မှာလည်း ထိုနည်း၎င်းပင် ဖြစ်သည်။

သူမသည် ချောမောသောရုပ်ရည်တစ်ခုကို ပိုင်ဆိုင်ထားပါသော်လည်း မည်မျှပင် ချောမောနေစေကာမူ သူမ၏ ကြွက်သားအပြည့်ရှိနေသော ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရသူတိုင်းမှာ အံ့ဩမှင်တက်သွားကြမည်သာ ဖြစ်သည်။

ယခုတွင် ဖန်ကျင့်မှာ သတ္တုမျှော်စင်ကြီးတစ်ခုကဲ့သို့ မားမားမတ်မတ် ရပ်တည်နေပြီး ဖိနှိပ်အားကောင်းသော အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသောကြောင့် ဝမ်ဟွေ့ပင်လျှင် အထိတ်တလန့်ဖြစ်နေရ၏။ သို့သော် ရုံးဝတ်စုံနှင့် လူငယ်လေးမှာမူ လုံးဝမမှုပေ။

ထိုလူငယ်လေးမှာ ချန်းမိသားစု၏ အကြီဆုံးသားဖြစ်သူ ချန်းမုပင် ဖြစ်သည်။ ယခုတွင် သူတို့သုံးယောက်မှာ နတ်ဘုရားလက်နက် မြို့တော်အသစ်ဆီသို့ ဦးတည်သွားနေကြခြင်းဖြစ်သည်။ စီစဉ်သတ်မှတ်ထားသည့် အချိန်အတိုင်းသာဆိုလျှင် သူတို့မှာ တစ်နာရီအကြာတွင် ပန်းတိုင်သို့ရောက်ရှိတော့မည်ဖြစ်သည်။

” အစ်ကိုချန်း။ ဝမ်ပေါင်လဲ့ကို အထင်မသေးနဲ့နော်။ ကျနော် အရင်တုန်းက သူနဲ့ ကြုံခဲ့ဖူးတယ်…. သူက ရက်စက်ကြမ်းကြုတ်ရုံတင် မဟုတ်ဘူး။ အရှက်လည်းမရှိတဲ့အပြင် ဉာဏ်ကလည်း များသေးတယ်။ သူက ဘာလုပ်ရလုပ်ရ လက်တွန့်နေမဲ့ လူစားမျိုးမဟုတ်ဘူး။ တော်တော်ကို ရွံဖို့ကောင်းတာ ” ဝမ်ဟွေ့မှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်နေလိုက်ပြီးနောက် လေသံတိုးတိုးလေးဖြင့် ဝမ်ပေါင်လဲ့အကြောင်းကို သူသိထားသမျှ အကုန်ပြောပြလိုက်၏။

” လီယီနဲ့ ငါက မိတ်ဆွေအရင်းကြီးတွေ။ သူ့ရဲ့ ပြောစကားတွေအရဆိုရင် ဝမ်ပေါင်လဲ့က တစ်ကိုယ်လုံးအဆီတွေနဲ့ ပြည့်နေပြီးတော့ တဏှာရာဂစိတ်တွေပြင်းထန်နေတဲ့ အလကားကောင်တစ်ကောင်ပဲတဲ့။ ဒီတစ်ခေါက် သူငါ့ကို မရိုးမသားအကြည့်တွေနဲ့သာ ကြည့်ရဲမယ်ဆိုရင် လူတိုင်းက သူအနိုင်ကျင့်သမျှကို ငြိမ်ခံနေမှာမဟုတ်ဘူးဆိုတာ သူသိအောင် ပြန်ပြလိုက်မယ် ” ဖန်ကျင့်မှာ နှာမှုတ်ကာ ဆိုလိုက်၏။ သူမသည် လီယီ၏ ပြောစကားများမှတစ်ဆင့် ဝမ်ပေါင်လဲ့အား အရိုးထဲအထိအစွဲအောင် မုန်းတီးနေပြီဖြစ်သည်။

ထိုအခါ ဝမ်ဟွေ့၏ မျက်ဝန်းများထဲ၌ အံ့အားသင့်သွားသည့် အရိပ်အယောင်များ ဖျတ်ခနဲ လက်သွားပါသော်လည်း သူသည် စကားသိပ်မပြောခဲ့ပေ။ ချန်းမုမှာ လမ်းတစ်လျှောက်လုံး ဟန်အမူအရာ ကြော့မော့စွာ ရှိနေခဲ့၏။ သူ မည်သည့်အရာများ တွေးတောနေသည်ကို ခန့်မှန်းနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ယခုတွင်လည်း သူသည် ပြုံးကာ ခေါင်းတညိတ်ညိတ် ဖြစ်နေ၏။

” ဝမ်ပေါင်လဲ့က တကယ့်ကို ပြည်ထောင်စုကြီးရဲ့ ဆန်ကုန်မြေလေးတစ်ယောက်ပါပဲ။ အဲ့တာမလို့ သူ့ကို အမြန်ဆုံးရှင်းထုတ်ပစ်နိုင်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ ညီလေးဝမ် ပြောတဲ့စကားတွေက အမှန်ပဲ။ သူ ဒီအဆင့်အထိ ရောက်လာတာကိုကြည့်ရင် သူ့ဆီမှာ အရည်အချင်းရှိတယ်ဆိုတဲ့ အချက်ကို ငြင်းလို့မရဘူး။ သူ့ရဲ့ နည်းဗျူဟာတွေက ရက်စက်ကြမ်းကြုတ်နိုင်ပေမဲ့ ငါတို့ဘက်ကလည်း ပေါ့ဆမိလို့မဖြစ်ဘူး။ ဒါပေမဲ့ ငါတို့ရဲ့ အဖွဲ့အစည်းသုံးခုက ဘုံသဘောတူညီချက်တစ်ခု ချမှတ်ခဲ့ပြီးတော့ ငါတို့‌တွေကို ညီအစ်ကိုမောင်နှမတွေလို ‌သဘောထားခိုင်းလိုက်တာကို ကြည့်ရင် တကယ့်ပြဿနာက ဘာလဲဆိုတာ ပေါ်လွင်နေပါပြီ ”

” အဲ့ဒါမလို့ ငါတို့သုံးယောက် သွေးမကွဲဘဲ စည်းလုံးညီညွှတ်နေသရွေ့ ဝမ်ပေါင်လဲ့က ငါတို့ရဲ့ ခြေနင်းကျောက်ဘဝကို ရောက်သွားမှာ သေချာပါတယ် ”

ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့မှာ သူ၏စကားကိုနားထောင်ရင်း တစ်စုံတစ်ခုကို တွေးမိသွားကြသည်ပုံပင်။ ထို့ကြောင့် သူတို့မှာ သူတို့၏ ဝိုင်ခွက်များကိုမြှောက်ကာ ချန်းမုအား ဆုတောင်းမင်္ဂလာ ပြုပေးလိုက်ကြ၏။

ထိုအခါ ချန်းမုမှာ ဟက်ဟက်ပက်ပက် ရယ်‌မောနေလိုက်တော့သည်။ သူသည် အပေါ်ယံတွင် တည်ကြည်နေသည့်ပုံ ပေါက်နေပါသော်လည်း စိတ်ထဲတွင်မူ ကျိတ်၍ ကျေနပ်အားရနေ၏။ ယခုအကြိမ်တွင် သူ၏ မိသားစုမျိုးနွယ်စုမှာ သူ့အတွက် မြို့တော်ဝန်ရာထူးကို ရရှိအောင် စီစဉ်ပေးနိုင်ခဲ့ရုံသာမက တရားဝင်အုပ်ချုပ်ခွင့်ကိုပါ တောင်းဆိုနိုင်ခဲ့သည်ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ထိုမြို့တော်အသစ်ထဲ၌ သူ့ဘက်မှ ရပ်တည်ပေးမည့် ဘက်တော်သားများ ရှိနေပြီလည်းဖြစ်သည်။ သူ၏ ဇနီးလောင်းဖြစ်သူ လီဝမ်အာမှာ လက်ထောက်မြို့တော်သခင် ဖြစ်နေပြီမဟုတ်ပါလော။

အမှန်တွင် သူသည် သူ၏ ဇနီးလောင်းအပေါ် မကျေမနပ်ဖြစ်နေရ၏။ လောကကြီးထဲတွင် သူ့အား သိမ်ငယ်စိတ် ဝင်စေနိုင်လောက်သည့် ရာထူးအဆင့်အတန်းမြင့်မားသော မိန်းမပေါင်း မြောက်မြားစွာရှိပါသော်လည်း သူ လက်ဖျောက်တစ်ချက်တီးလိုက်ရုံဖြင့် စိတ်လိုလက်ရ အဝတ်အစားများချွတ်ကာ သူ့ဆီသို့ အပြေးရောက်လာကြမည့် မိန်းမပေါင်း မြောက်မြားစွာလည်း ရှိနေသေးသည်မဟုတ်ပါလော။

သူသည် ကျင့်သိုမင်နှင့် စရိုက်လုံးဝ မတူပေ။ ကျင့်သိုမင်မှာ လက်တွဲဖော်များ စုဆောင်းရသည်ကို နှစ်ခြိုက်သည်ဖြစ်ပြီး ချန်းမုမှာမူ တစ်ခဏတာ သာယာပျော်ရွှင်မှုကိုသာ မက်မောသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် သူ၏ဇနီးလောင်းကို မနှစ်သက်ပဲ ဖြစ်နေရ၏။

လွတ်တော်ခေါင်းဆောင်ကြီးနှင့် သဘောတူညီချက်အရ သူ ထိုမြို့တော်သို့ ရောက်ရှိသွားသည်နှင့် လီဝမ်အာ၏ တာဝန်မှာ သူ့အတွက် အောင်မြင်မှု လမ်းခင်းပေးရန်ဖြစ်သည်ဟု သူ၏ မိသားစုမျိုးနွယ်စုက သူ့အား ရှင်းပြထားခဲ့၏။

ထို့ကြောင့် သူသည် အောင်မြင်မှုများရရှိနိုင်ရန် ထိုလက်ထပ်ထိမ်းမြားမှု အစီအစဉ်ကို စိတ်မပါလက်မပါနှင့် သဘောတူခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် ထိုအတွေးများအားလုံးကို သူ၏ နှလုံးသားထဲ၌သာ သိမ်းဆည်းထားပြီး လွတ်တော်အမတ်ကြီးရှေ့၌ ထုတ်မပြရဲခဲ့ပေ။

” ထားပါတော့လေ။ ဒီ လီဝမ်အာဆိုတဲ့ မိန်းမနဲ့ ငါ ဆုံဖူးပြီးသားပဲ။ သူက ရုပ်ရည်ချောမောတဲ့အပြင် ခန္ဓာကိုယ်အချိုးစားကလည်း တပ်မက်ချင်စရာပဲ။ သူ အဝတ်အစားတွေ မပါရင် ဘယ်လိုပုံစံ ရှိနေမလဲဆိုတာ မသိပေမဲ့ အိပ်ရာပေါ်မှာတော့ ကောင်းလောက်ပါတယ်…. ” ချန်းမုမှာ ထိုအတွေးများကြောင့် ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားသွားရ၏။ သို့သော် လီဝမ်အာမှာ သူတို့နှစ်ယောက် လက်မထပ်ရသေးသည့် အချိန်အတွင်းတွင် အသားအထိခံမည် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ဆိုခဲ့၏။ သို့ရာတွင် ချန်းမုမှာ သူမသည် မိန်းမသားတစ်ယောက်ဖြစ်သောကြောင့် မူနေခြင်းသာ ဖြစ်နိုင်ကြောင်း ယုံကြည်ထားပေသည်။

ချန်းမုမှာ လီဝမ်အာအကြောင်း တွေးတောမိလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အပေါ်ထားရှိသော မုန်းတီးမှုများနှင့် မကျေနပ်ချက်များမှာ ထိန်းမနိုင်သိမ်းမရ ကြီးထွားလာတော့သည်။ သူသည် အခွင့်အရေးရပါက သူ့အား သတ်ပစ်ချင်လောက်သည့်အထိ ဖြစ်နေပြီဖြစ်သည်…

သူသည် ဝမ်ပေါင်လဲ့မှာ ကံကောင်းသော လူတစ်ယောက်သာ ဖြစ်သည်ဟု မှတ်ယူထားသောကြောင့် ဝမ်ပေါင်လဲ့အား အထင်သေးနေရခြင်းဖြစ်သည်။ သို့သော် သူသည် အမြဲတမ်း ကံကောင်းနေမည်တော့မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ မြို့တော်ဝန်တစ်ယောက်ဆိုသည့် အခြေတကျဖြစ်နေသော ရာထူးတစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင်အောင် မြို့တော်နယ်မြေအား မြို့တော်တစ်ခုအဖြစ် ချဲ့ထွင်၍ ရာထူးတက်သွားအောင် ကြိုးစားခဲ့ခြင်းဖြစ်၏။ ချန်းမု၏ အမြင်တွင်မူ ၎င်းမှာ ဉာဏ်နည်းသော လုပ်ရပ်တစ်ခုသာ ဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာ အဆင်အခြင်မဲ့ ဆောင်ရွက်ခဲ့ပါသော်လည်း ချန်းမုမှာ သူ၏ ဉာဏ်နည်းမှုကို ကျေးဇူးတင်ရမည်ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက သူ၏ မိသားစုမျိုးနွယ်စုမှာ အရာအားလုံး အခြေတကျဖြစ်သွားသည့်ပုံ ပေါ်နေသော အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲ၌ နောက်ထပ်တစ်ကြိမ် ဝင်ရောက်စွက်ဖက်ခွင့် ရသွားခဲ့မည် မဟုတ်ပေ။

အကြောင်းအရင်းတစ်ခုလည်း ရှိနေသေးသည်။ သူသည် ကျိုးမိသားစုနှင့် နှစ်ဦးကြား ပြောဆိုခဲ့သည့် စကားများမှတဆင့် ဝမ်ပေါင်လဲ့နှင့် သူ၏ဇနီးလောင်း လီဝမ်အာတို့၏ ကြားရှိ အဖြစ်အပျက်ကြီး၏ အကြောင်းကို သိရှိခဲ့ရ၏။ ထို့ကြောင့် သူသည် အင်မတန်မှ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ သူသည် အကြောင်းအရင်း အစုံအလင်ကို သေသေချာချာ သိချင်သောကြောင့် ကျိုးမိသားစုဆီသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ပြီး ထိုရုပ်သံမှတ်တမ်းကို တောင်းဆိုခဲ့လေသည်။

သို့သော် ကျိုးမိသားစုမှာ ထိုရုပ်သံမှတ်တမ်းအား သူ့ဆီသို့ မပေးရဲပေ။ ထို့ကြောင့် ၎င်းကို ဖျက်ဆီးလိုက်ပြီသာဖြစ်ကြောင်း သူ့အား ပြန်ပြောခဲ့၏။

သို့သော် ချန်းမုမှာ လက်မလျှော့လိုသောကြောင့် ကျိုးရိရှန်ကို သွားရောက်ရှာဖွေခဲ့ပါသော်လည်း ကျိုးရိရှန်မှာ နောင်တကြီးစွာရကာ ထိပ်လက်နေရပြီဖြစ်သောကြောင့် ထိုကိစ္စထဲ၌ ဝင်မပါရဲတော့ပေ။ သို့သော် သူ၏ ဝမ်ပေါင်လဲ့အပေါ် ထားရှိသော အမုန်းတရားများမှာ သူ၏ တွေးခေါ်နိုင်စွမ်းများကို လွှမ်းမိုးသွားခဲ့သောကြောင့် သူသည် သနားစရာ မျက်နှာအမူအရာဖြင့် ချန်းမု၏ ပခုံးကိုပုတ်ကာ ပြောလိုက်တော့သည်….

” ညီကိုရာ။ ဒီကိစ္စကြီးကို ရင်ဘတ်ကြီးနဲ့ ခံစားမနေပါနဲ့။ ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက် ပါ။ အဲ့လိုမှမဟုတ်ဘဲ အဲဒီရုပ်သံမှတ်တမ်းကိုသာ မြင်လိုက်ရမယ်ဆိုရင် ညီကို့အတွက်….. အာ…. ထားလိုက်ပါတော့ကွာ။ ငါ ဒီလောက်ပဲ ပြောပါတော့မယ်။ ငါ ဘာပြောချင်တာလဲဆိုတာ မင်း သိမှာပါ…. ”

သူသည် ထိုကဲ့သို့သောစကားများကို မပြောခဲ့ပါက ကိစ္စမရှိပေ။ သို့သော် ချန်းမုမှာ ထိုစကားများကို ကြားလိုက်ရပြီးနောက် ပို၍ပင် နာကြည်းသွားရတော့သည်။ သို့သော် သူသည် ထိုနာကြည်းမှုများကို နှလုံးသားထဲ၌သာ ဖုံးကွယ်ထားလိုက်ပြီး လမ်းတစ်လျှောက်လုံး ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့နှင့် စကားပြောဆိုခဲ့ရာ၌ အရိပ်အမြွက်လေးပင် ထုတ်ပြခဲ့ခြင်းမရှိပေ။ ထိုသို့ဖြင့် သူတို့စီးနင်းလာသော သင်္ဘောပျံကြီးမှာ နောက်ထပ်တစ်နာရီတိတိ အရှိန်အဟုန်ဖြင့် ဆက်လက်ပျံသန်းနေလိုက်ပြီးနောက် နောက်ဆုံးတွင် နတ်ဘုရားလက်နက် မြို့တော်အသစ်ဆီသို့ ရောက်ရှိသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ သူတို့အား သွားရောက်ကြိုဆိုမည်မဟုတ်သောကြောင့် လီဝမ်အာက သူ့အစား သွားလိုက်ရ၏။ သူတို့သုံးယောက်မှာ နတ်ဘုရားလက်နက် မြို့တော်အသစ်ထဲသို့ ရောက်ရှိလာကြပြီနောက် ခုန်းတောက်နှင့် ကျင့်သိုမင်တို့ဆီသို့ သွားရောက်လည်ပတ်လိုက်၏။ သူတို့မှာ အတွင်းရေးကိစ္စများအား တာဝန်ယူထားရသည့် လူများ၏အကြောင်းကို နားလည်ထားပြီးသား ဖြစ်နေကြပြီ ဖြစ်သည်။ ထို့နောက် သူတို့မှာ လင်းတျန်ဟောက်ဆီသို့ မသွားရန် ဆုံးဖြတ်လိုက်ကြပြီးနောက် သူတို့၏ သက်ဆိုင်ရာနယ်မြေများဆီသို့ အသီးသီး ဦးတည်သွားလိုက်ကြပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်လိုက်ကြတော့သည်။

သို့သော် ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့မှာ လီဝမ်အာနှင့် ပြောဆိုဆက်ဆံရာ၌ ဖော်ရွေမှုရှိခဲ့ပါသော်လည်း ချန်းမုကမူ သူ့ကိုယ်သူ သူမ၏ သခင်ကဲ့သို့ သဘောထား၍ သူမအား ဆက်ဆံခဲ့၏။ သူသည် သူမအား အော်ဟစ်‌ငေါက်ငန်းသည့်အဆင့်အထိ မရောက်ပါသော်လည်း သူ၏ အပြုမူများကြောင့် လီဝမ်အာမှာ မပျော်မရွှင် ဖြစ်ခဲ့ရ၏။

သူတို့မှာ အစမှအဆုံးအထိ ဝမ်ပေါင်လဲ့အကြောင်း တစ်ခွန်းမှ မဟခဲ့သလို သူ့ဆီသို့ သွားရောက်လည်ပတ်ခဲ့ခြင်း မရှိခဲ့ပေ။ သူတို့မှာ သူ လုံးဝရှိမနေခဲ့သလို သဘောထားကာ သူတို့၏ နယ်မြေအသစ်ကြီးမှာ မြို့တော်အသစ်ကြီးနှင့် လုံးဝမသက်ဆိုင်သည့်အလား ပြုမူနေကြ၏။ အခြားသူများမှာ ထိုအမူအရာများကို သိထားမိသွားကြသောအခါ ဆွေးနွေးငြင်းခုံသံများ ထွက်ပေါ်လာကြတော့သည်။ လီဝမ်အာမှာ သူတို့အား ထိုကဲ့သို့သော အာဏာဖီဆန်သည့် အမူအရာမျိုးမှာ သင့်တော်မူမရှိကြောင်း သတိပေးလိုပါသော်လည်း ချန်းမု၏ အပြုအမူများကို မြင်လိုက်ရသောအခါ စိတ်ရှုပ်သွားရပြီး သူတို့အား သတိမပေးရန် ဆုံးဖြတ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ သူတို့ရှေ့သို့ ရောက်လာခြင်းမရှိပါသော်လည်း လျှိုတောက်ပင်းနှင့် ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများဆီမှ သတင်းအချက်အလက်များကို ရရှိထားပြီး သား ဖြစ်နေ၏။ ထို့အပြင် သူသည် ထိုသုံးယောက် မြို့တော်ထဲသို့ ရောက်ရှိလာပြီးနောက် လုပ်ခဲ့သည့် လုပ်ရပ်များကို သတိထားမိခဲ့သဖြင့် ရုံးခန်းထဲ၌ ထိုင်နေရင်း သူ၏မျက်ဝန်းများထဲ၌ ‌ဒေါသအရိပ်အယောင်များ တောက်ပလာတော့သည်။ ထို့နောက် သူသည် ဆော့ကစားပြီးသွားသောကြောင့် ခြေကုန်လက်ပန်းကျကာ ပြန်ရောက်လာသည့် မြည်းလေးအား ပွတ်သပ်ပေးနေရင်း ရေရွတ်လိုက်တော့သည်။

” သိပ်ကို မောက်မာနေကြတယ်ပေါ့ ဟုတ်လား “

Comment

Leave a Reply

Options

not work with dark mode
Reset