Switch Mode

အခန်း (၃၉၁)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ

” ချန်းမု၊ ဝမ်ဟွေ့နဲ့ ယွီဟွားရှန်ထျန်းဂိုဏ်းက ဖန်ကျင့်… ” ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ဘုရင်ခံ ပေးပို့လိုက်သည့် ဖိုင်တွဲများကိုကြည့်ရင်း မျက်ခုံးအနည်းငယ်ခန့် ပင့်မိလိုက်၏။ သူ့အား ဓားပြတိုက်ရန် ကြိုးစားခဲ့ပါသော်လည်း ပြန်၍ ဓားပြတိုက်ခံလိုက်ရသူ၏ အမည်မှာ ဝမ်ဟွေ့ဖြစ်ကြောင်း သူက သိသွားပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုဝမ်ဟွေ့ဆိုသော ပုဂ္ဂိုလ်သည် အလွန်အင်မတန်မှ ဆင်းရဲရမည်ဟု မှတ်ယူလိုက်၏။

” ဆင်းရဲတာလောက်ပဲဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ သူက ဟိတ်ဟန်အပြည့်ရှိချင်ယောင် ဆောင်ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်ပတ်တီးတွေနဲ့ ပတ်ထားသေးတယ်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားက ငါ့လောက်လည်း အထာမကျပါဘူး။ ကြည့်ရတာ သူက လူ‌ပျိုဖော်ဝင်တဲ့ အချိန်တုန်းက ငါ့‌လောက် မထွားလာခဲ့တဲ့ ပုံပဲ ” ဝမ်ပေါင်လဲ့မှာ သူ၏ဗိုက်ကိုပုတ်ကာ ရေရွတ်လိုက်၏။ သူသည် အတွေ့အကြုံ ပိုမိုရင့်သန်လာလေလေ အစွမ်းထွက်လွန်းနေသောကြောင့် အခြားမည်သူကမှ အနိုင်မယူနိုင်သဖြင့် ပျင်းရိလွန်းနေရသည့် လူတစ်ယောက်ကဲ့သို့ ပို၍ခံစားရလာလေလေ ဖြစ်နေတော့သည်။

သို့သော် သူ ချန်းမု၏ ကိုယ်ရေးရာဇဝင်အပေါ် နောက်ထပ်တစ်ကြိမ်ပြန်၍ အာရုံရောက်သွားသောအခါ ထိုခံစားချက်များအားလုံးမှာ ပျောက်ကွယ်သွားရ၏။ ချန်းမုမှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှဖြစ်ပြီး ထိုမျိုးနွယ်စုထဲတွင် ချန်းမိသားစု၏ ရာထူးအဆင့်အတန်းမှာ ကျိုးမိသားစုထက် အများကြီး ပိုမြင့်နေသည်ဖြစ်သည်။ မိသားစုမျိုးနွယ်စုနှစ်ခုလုံးမှာ အဓိကဖွဲ့ဝင်များ ဖြစ်ကြပါသော်လည်း ချန်းမိသားစုမှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ သုံးဆယ်ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ထားသည်ဖြစ်သည်။

ချန်းမိသားစု၏ လက်ရှိမျိုးဆက်ထဲမှ အကြီးဆုံးသားဖြစ်သော ချန်းမုမှာ မျိုးနွယ်စုခေါင်းဆောင်အသစ် ဖြစ်လာလိမ့်မည်ဟု သေချာပေါက်ပြော၍ မရပါသော်လည်း သူ ရာထူးအား ရရှိပိုင်ဆိုင်နိုင်ခြေမှာ အတော်အသင့် မြင့်မားနေဆဲပင်။

” အင်္ဂါဂြိုဟ်ဘုရင်ခံ ငါ့ကိုပေးတဲ့ ကိုယ်ရေးရာဇဝင်တွေက… စိတ်ဝင်စားစရာဘဲ ” ဝမ်ပေါင်လဲ့မှာ ကိုယ်ရေးရာဇဝင်များပါသည့် ကျောက်စိမ်းပေလွှာကို လက်ထဲ၌ကိုင်ရင်း မျက်လုံးများမှေးသွား၏။ အမှန်တွင် ထိုဖိုင်တွဲထဲ ပါသောလူတစ်ယောက်ချင်းစီတိုင်းကို အင်္ဂါဂြိုဟ်ဘုရင်ခံကိုယ်တိုင်က မှတ်ချက်ပေးထားခဲ့သည့် ပုံပင်။ ချန်းမုအတွက်မူ မှတ်ချက်တစ်ခုသာ ပါရှိ၏။

၎င်းမှာ ” ရည်မှန်းချက်ကြီးမားသော်လည်း အရည်အချင်းသိပ်မရှိ ” ဟူ၍ပင် ဖြစ်သည်။

ဝမ်ဟွေ့အတွက် ပေးထားသော မှတ်ချက်များမှာဆိုလျှင် ပို၍ပင် ဆိုးရွားနေသေးသည်။ ၎င်းတို့ထဲတွင် သူသည် မလိုတမာစိတ်ကြီးမားပြီး ခေါင်းမာတတ်သည်ဟု ဖော်ပြထားသည်။

ယွီဟွားရှန်ထျန်းဂိုဏ်းမှ ဖန်ကျင့်သာလျှင် အနည်းငယ်ခန့် ပို၍ကောင်းမွန်သည့် မှတ်ချက်များကို ရရှိခဲ့ပေသည်။ ထိုမှတ်ချက်များထဲတွင် သူမသည် ‌ဒေါသထွက်လွယ်သည်ဟုသာ ဖော်ပြထား၏။

ထိုမှတ်ချက် သုံးခုမှာ မှန်မမှန် ဝမ်ပေါင်လဲ့က သေချာမသိပါသော်လည်း ၎င်းတို့ကို အင်္ဂါဂြိုဟ်ဘုရင်ခံက ရေးထားခြင်းဖြစ်နိုင်ကြောင်း သူက တွေးလိုက်၏။ ထို့ကြောင့် သူသည် အင်္ဂါဂြိုဟ်ဘုရင်ခံသာ သူ့အား အကဲဖြတ်ရမည်ဆိုပါက မည်ကဲ့သို့ မှတ်ချက်ပေးမည်နည်းဟု သိချင်နေတော့သည်။

” သိပ်စဉ်းစားစရာ မလိုပါဘူးကွာ။ သူ ဘယ်လိုမှတ်ချက်ပေးမလဲဆိုတာ ငါ သိပါတယ်။ ရုပ်ချောပြီး၊ ဉာဏ်ကောင်းတဲ့အပြင် ပြည်ထောင်စုကြီးထဲမှာ လူရည်အလည်ဆုံး ပုဂ္ဂိုလ်ဆိုပြီး ချက်ပေးမှာ သေချာတယ်။ ငါ အဲ့လိုစကားမျိုးတွေကို ကြားရတာ ငြီးငွေ့နေပါပြီကွာ ” ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။ သူသည် ထိုမှတ်ချက်သုံးခုနှင့် ပတ်သတ်၍ ရှည်ရှည်ဝေးဝေး တွေးတော့မနေတော့ပေ။ အခြားသူများ၏ မှတ်ချက်များကို ကိုးကားစရာတစ်ခုအနေနှင့်သာ သဘောထားသင့်ကြောင်း သူကသိထား၏။ အကယ်၍ သူ၏ ဘေးနားတစ်ဝိုက်မှလူများကို လူနုံ၊ လူအ,များ အဖြစ်သာ သတ်မှတ်ထားမည်ဆိုပါက သူ့အတွက် နစ်နာသွားနိုင်ပေသည်။

” ဒါပေမဲ့ ဒီချန်းမုဆိုတဲ့ ကောင်ကတော့ ငအတစ်ကောင် ဖြစ်နေမှာ သေချာပါတယ် ” ဝမ်ပေါင်လဲ့မှာ လှောင်ပြုံးပြုံးကာ ရေရွတ်လိုက်၏။ သူတို့သုံးယောက်မှာ ကြိုးစားအားထုတ်မှုကြောင့်မဟုတ်ဘဲ ဤ မြို့တော်ဝန်ရာထူးများကို ရရှိခဲ့ခြင်းဖြစ်ပါသော်လည်း လက်ရှိအခြေအနေကြီးမှာ ပြည်ထောင်စုကြီး၊ အင်္ဂါဂြိုဟ်နှင့် အခြားနိုင်ငံရေးအင်အားစုများ တွေ့ဆုံဆွေးနွေးခဲ့ပြီးမှ ထွက်ပေါ်လာခဲ့သည့် သဘောတူညီချက်ကြီး ဖြစ်ကြောင်း သူက နားလည်ထားသည်။

တစ်ချိန်ထဲမှာပင် ထိုဖိုင်တွဲထဲ၌ သူတို့သုံးယောက်မှာ လက်ဗလာဖြင့်သာ ရောက်လာကြမည်မဟုတ်ကြောင်း ဖော်ပြထားသေးသည်။ သူတို့မှာ လင်းတျန်ဟောက်၊ ခုန်းတောက်နှင့် ကျင့်သိုမင်တို့ကဲ့သို့ မြို့တော်အသစ် ဆောက်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည်များကို ကူညီထောက်ပံ့ပေးရန် ငွေအင်အား၊လူအင်အား အလုံးအရင်း ယူဆောင်လာကြမည်ဖြစ်သည်။

” ပြည်ထောင်စုကြီးနဲ့ အင်္ဂါဂြိုဟ် သုံးနေတဲ့ နည်းဗျူဟာက ကိုယ့်ဘက်ကအရှုံးမခံဘဲနဲ့ အကျိုးအမြတ်တွေရအောင် လုပ်နေတာပဲ။ သူတို့က အမြဲတမ်း ဒီဗျူဟာချည်းပဲ သုံးနေတာ။ တခြားနည်းလမ်းလေးတွေများ မရှိတော့ဘူးလား မသိဘူး ” ဝမ်ပေါင်လဲ့မှာ ခေါင်းတယမ်းယမ်း ဖြစ်နေရတော့သည်။ ချန်းမုမှာ အများဆုံးထောက်ပံ့ပေးမည့်သူ ဖြစ်နေသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ ချန်းမုအပေါ် ထားရှိသော မကျေနပ်ချက်များမှာ လျော့နည်းသွားခြင်းမရှိသေးပေ။ သူသည် ဝမ်ပေါင်လဲ့အတွက် မျက်စိစပါးမွှေးစူးစရာ ဖြစ်နေဆဲပင်။

သို့သော် ဤမြို့တော်အသစ်ကြီးမှာ မြို့တော်နှင့်မြေအသစ်ကြီးထက် အဘက်ဘက်၌ ပို၍ အရေးကြီးနေသည်ကိုလည်း သူက နားလည်ထား၏။ ထို့အပြင် သူသည် ယခင်တုန်းကနှင့် လုံးဝမတူသည့် လုပ်ပိုင်ခွင့်အာဏာမျိုးကို ပိုင်ဆိုင်ထားသည်လည်း ဖြစ်သည်။ သူသည် ထိုကဲ့သို့သော အကျိုးကျေးဇူးများကို ခံစားနေရသည်ဖြစ်ရာ ပြည်ထောင်စုကြီးနှင့် အခြားနိုင်ငံရေးအဖွဲ့အစည်းများဖြင့် ရင်ဆိုင်ရမည်မှာ မလွဲမသွေပင် ဖြစ်သည်။

အမှန်တွင် ထိုရင်ဆိုင်မှုများအား တိုက်ပွဲများဟုပင် အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။ သို့သော် သူတို့မှာ နတ်ဘုရားစွမ်းရည်များကို မဟုတ်ဘဲ နည်းဗျူဟာများနှင့် အခြေအနေများကို အသုံးချကာ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

” ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေသေးတယ်။ တကယ်လို့ ငါသာ ယွမ်ယင်အဆင့်မှာ ရှိနေမယ်ဆိုရင် ဒီလို ကမျောက်ကခြောက်ကောင်တွေကို ပါးတစ်ချက်ရိုက်လိုက်ရုံနဲ့ သတ်ပစ်လိုက်လို့ရတယ်။ သူတို့ရဲ့ မိသားစုမျိုးနွယ်စုတွေနဲ့ အဖွဲ့အစည်းတွေကလည်း စကားတစ်ခွန်းတောင် ဟရဲမှာမဟုတ်ဘူး ” ဝမ်ပေါင်လဲ့မှာ သူ၏နှဖူးကို လက်ဝါးဖြင့်ရိုက်ကာ သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် အံကြိတ်လိုက်ပြီး တံခါးပိတ်တရားကျင့်ကြံခြင်းကို ဆက်လက်ဆောင်ရွက်နေလိုက်တော့သည်။

” ဝမ်ပေါင်လဲ့ဆိုတဲ့ ငါ့ရဲ့ဘဝတစ်လျှောက်လုံးမှာ ငါပိုင်ဆိုင်သမျှ အရာတွေအားလုံးကို ငါ့ရဲ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ ရှာဖွေခဲ့တာချည်းပဲ။ ငါ ဘယ်လောက်အထိ သွေးချွေးတွေ ပေးဆပ်ခဲ့ရသလဲဆိုတာကို ငါ့ကိုယ်ငါတောင် မမှတ်မိတော့ဘူး။ ငါက မုန့်စားနေတဲ့အချိန်မှာတောင် ငါ့ရဲ့ကျင့်ကြံခြင်းခရီးစဉ်အကြောင်း တွေးတောနေတာကို ဒီကောင်တွေ လုံးဝသိမှာမဟုတ်ပါဘူးကွာ ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ မမလေးမှာ သူ့အား အကူအညီအမြောက်အမြားပေးခဲ့သည်ကို သူက သိထားပါသော်လည်း မမလေး မရှိခဲ့လျှင်င်တောင် သူ၏ အရည်အချင်းများနှင့် ရုပ်ရည်ချောမောမှုများကြောင့် ဆွတ်ခူးနိုင်မည့် အောင်မြင်မှုများမှာ နိမ့်ကျနေမည်မဟုတ်ကြောင်း ယုံကြည်ထားပေသည်။

ရုပ်ရည်ချောမောသူများကို ကမ္ဘာကြီးတစ်ခုလုံးက ကြင်ကြင်နာနာ ဆက်ဆံကြသလို သူတို့မှာ အများအားဖြင့် ကံကောင်းတတ်ကြသည်ဖြစ်ကြောင်း သူက မှတ်ယူထားသည် မဟုတ်ပါလော။

” မမလေးကလည်း ဒါ့ကြောင့်ပဲ ငါ့ရှေ့မှာ ပေါ်လာတာဖြစ်ရမယ်။ သူက ငါ့ရဲ့ အရည်အချင်းတွေကို တန်ဖိုးထားလို့ ငါ့ဆီကို ရောက်လာခဲ့တာ။ ငါ အောင်မြင်မှုအကြီးကြီးတွေ ဆွတ်ခူးနိုင်ဖို့ သူက ကူညီပေးချင်နေတာပဲ ဖြစ်ရမယ် ”

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး ယုံကြည်မှုများ မိုးထိုးလုမတတ် မြင့်မားနေတော့သည်။ ထို့နောက် သူ၏ မျက်ဝန်းများမှာ အရောင်လက်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားများမှာ အရှိန်အဟုန်ပြင်းထန်စွာ လည်ပတ်နေတော့သည်။ သူ၏ ယုံကြည်ချက်များကြောင့် သူ၏ ဝိညာဉ်ချီများကပါ အဆင့်တက်သွားသကဲ့သို့ပင် ဖြစ်နေတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ယုံကြည်မှုအပြည့်ဖြင့် တရားထိုင်ကာ ကျင့်ကြံခြင်းများကို လေ့ကျင့်နေလိုက်တော့သည်။ ထို့နောက် သူ၏ လျှပ်စီးတာအိုနှင့် အမှောင်ပညာရပ်တို့မှာ တဖြည်းဖြည်းနှင့် လည်ပတ်လာပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဖြည်းညင်းစွာ တိုးတက်လာနေသည်ကို ခံစားလိုက်ရတော့သည်။

ထိုတိုးတက်မူကြောင့် သူသည် ကျေနပ်သွားရပြီး သူ၏ အရည်အချင်းများမှာ ဖော်ပြ၍မရနိုင်လောက်အောင် မြင့်မားနေပြီဟု ခံစားလိုက်ရ၏။ ထိုသို့သာမဟုတ်ပါက အဘယ့်ကြောင့် သူနှင့် သက်တူရွယ်တူများမှာ အမြင့်ဆုံး အခြေတည်အလယ်အလတ်အဆင့်၌သာ ရှိနေကြဆဲ ဖြစ်ပါသော်လည်း သူသည် ‌နှောင်းပိုင်အခြေတည်အဆင့်သို့ ရောက်ရှိနေရပါသနည်း…

” ငါ မောက်မာဝင့်ကြွားနေလို့ မဖြစ်ဘူး ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး သူ့ကိုယ်သူပြန်၍ သတိပေးလိုက်၏။ ထိုသို့သတိပေးလိုက်ပြီးနောက် သူ့ကိုယ်သူ ပို၍ပင် ကျေနပ်လာရပြန်သည်။

ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ အကြိမ်အနည်းငယ်ခန့် ကျင့်ကြံခြင်း လေ့ကျင့်ပြီးသွားသည့်တိုင်အောင် မြို့တော်ဝန်အသစ်သုံးယောက်မှာ ယခုအထိ ရောက်ရှိလာခြင်း မရှိသေးကြောင်း သိလိုက်ရ၏။ တစ်ချိန်ထဲမှာပင် မြည်းလေးမှာ ထိုအတောအတွင်း၌ ပျောက်ကွယ်သွားခဲ့ပြီး အစအနပင် ရှာမရလောက်အောင်ဖြစ်နေခဲ့သည်။

ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေးမှာ ကျန်းကျန်းမာမာရှိနေဆဲဖြစ်ကြောင်း အာရုံခံနိုင်စွမ်းရှိနေသောကြောင့် များများစားစား တွေးတောမနေခဲ့ပေ။ သူသည် ဓမ္မအဆောင်များအား ဆက်လက်အဆင့်မြှင့်တင်ရင်း အချိန်များကိုကုန်ဆုံးစေခဲ့၏။

သူ့ဆီတွင် ဓမ္မအဆောင် မြောက်မြားစွာရှိနေသောကြောင့် ထိုသို့အဆင့်မြှင့်တင်ရသည့် လုပ်ငန်းစဉ်မှာ အလွန်အင်မတန်မှ ရှည်ကြာပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ သန့်စင်မှုများပြုလုပ်နေရင်း သူ၏ဓမ္မအဆောင်များကို ပို၍နားလည်လာတော့သည်။

သူသည် အားလပ်ချိန်များတွင် အမှောင်ရုပ်အလောင်းမျက်နှာပညာရပ်ကိုလည်း စိတ်ထဲ၌ စမ်း၍ အသုံးပြုကြည့်ခဲ့သေးသည်။ ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားပြီး သိပ်မကြာခင်တွင် လဝက်တိတိ ကုန်ဆုံးသွားတော့သည်။

ထိုအချိန်ထိတိုင်အောင် ချန်းမုနှင့် အခြားနှစ်ယောက်မှာ ရောက်ရှိလာခြင်းမရှိသေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားကာ တံခါးပိတ်လေ့ကျင့်ခန်းထဲမှ ထွက်လာခဲ့ပြီး လင်းတျန်ဟောက်အား လှမ်းခေါ်၍ မေးမြန်းလိုက်တော့သည်။

ဝမ်ပေါင်လဲ့၏ မကျေမနပ်ဖြစ်နေသည့် လေသံကို ကြားလိုက်ရသောအခါ လင်းတျန်ဟောက်မှာ ရှုံ့မဲ့မဲ့နှင့်ပြုံးကာ တစ်ခဏမျှ တွေ‌ဝေတုံ့ဆိုင်းသွားပြီးမှ အမှန်အတိုင်းပြောပြရန် ဆုံးဖြတ်လိုက်တော့သည်။

” မြို့‌တော်သခင်။ ကျနော် အင်္ဂါဂြိုဟ်မြို့တော်ဆီကနေ ရထားတဲ့ သတင်းတွေအရဆိုရင် ချန်းမုနဲ့ တခြားနှစ်ယောက်က အင်္ဂါဂြိုဟ်ပေါ်မှာ ရောက်နေတာ တော်တော်ကြာနေပြီ။ ဒါပေမဲ့ သူတို့က အင်္ဂါဂြိုဟ်မြို့တော်ထဲမှာပဲ ဆက်နေနေပြီးတော့ ဘုရင်ခံ၊ လက်ထောက်ဘုရင်ခံနဲ့ ဌာနအသီးသီးက ခေါင်းဆောင်တွေဆီကို သွားပြီးတော့ လည်ပတ်နေခဲ့တာ….အခုထိတောင် လည်ပတ်လို့ မပြီးသေးဘူးလို့ ကျနော်ကြားထားတယ် ” လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့အားကြည့်၍ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ တဖြည်းဖြည်းနှင့် မျက်လုံးများမှေးသွားရ၏။ သူသည် အလွန်အင်မတန်မှ စိတ်ရှုပ်သွားပြီး ထို သုံးယောက်မှာ အခြားလူပေါင်းများစွာဆီသို့ သွားရောက်လည်ပတ်ပြီးသည့်တိုင်အောင် သူ့ဆီသို့ ရောက်ရှိမလာခြင်းဖြင့် သူတို့၏ သဘောထားကို အတိအလင်း ကြေညာနေခြင်းဖြစ်ကြောင်း မှတ်ယူလိုက်၏။

” ဒါပေမဲ့ သူတို့က စဉ်းစားဉာဏ်မရှိတဲ့လူတွေ မဟုတ်ဘူးလေ။ ဘာလို့ ဒီလောက်ကြီး ပေါ်ပေါ်ထင်ထင် လုပ်နေရတာလဲ ” ဝမ်ပေါင်လဲ့မှာ ထိုအချက်ကို နားမလည်နိုင်ပဲဖြစ်နေရ၏။ လင်းတျန်ဟောက် ထွက်ခွာသွားပြီးသည့်တိုင်အောင် သူသည် ထိုမေးခွန်းကြီးအား စဉ်းစားတွေးတောနေဆဲပင်။

သို့သော် ဝမ်ပေါင်လဲ့မှာ ရှည်ရှည်ဝေးဝေး မစဉ်းစားလိုက်ရဘဲ ဒုတိယမြောက်နေ့တွင် အဖြေရှာတွေ့သွားတော့သည်။ အင်္ဂါဂြိုဟ်ဘုရင်ခံဆီမှ အသံလွှင့်အကြောင်းကြားစာတစ်စောင် ရောက်ရှိလာခြင်းဖြစ်သည်။

” မြို့တော်သခင်ဝမ်… ချန်းမု၊ ဝမ်ဟွေ့နဲ့ ဖန်ကျင့်တို့က နောက်ထပ်ရက်အနည်းငယ်နေရင် နတ်ဘုရားလက်နက် မြို့တော်အသစ်ထဲမှာ တာဝန်ထမ်းဆောင်ဖို့ ရောက်လာပါလိမ့်မယ်။ သူတို့သုံးယောက် တာဝန်ကျမယ့် နယ်မြေတွေကို ပြည်ထောင်စုကြီးက တိုက်ရိုက်ကြီးကြပ်ပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုအဖြစ် သတ်မှတ်ပေးဖို့ ပြည်ထောင်စုကြီးက သဘောတူပြီးသားပါ ”

” ဟင် ” ဝမ်ပေါင်လဲ့မှာ ထိုအသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ အေးစက်စက် အလင်းရောင်တစ်ခု တောက်ပသွား၏။ သူသည် အမူအရာတည်ကြည်သွားပြီး ခေါင်းငုံ့ကာ အသံလွှင့်လက်စွပ်ကိုကြည့်၍ မေးလိုက်၏။

” ဘုရင်ခံခဗျား။ ပြည်ထောင်စုကြီးက တရားလွန်နေပြီလို့ မထင်ဘူးလား။ ဒါ ကျနော့်ရဲ့မြို့တော်လေ။ အဲ့တာကို သူတို့က ကျနော့်ရဲ့ ပိုင်နက်ထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတစ်ခု သတ်မှတ်ဦးမှာလား ”

” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဆိုပေမယ့် မင်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတုန်းပါပဲ ” ဘုရင်ခံ ထိုကိစ္စနှင့်ပတ်သက်၍ မကျေမနပ် ဖြစ်နေရပါသော်လည်း ၎င်းမှာ ပြည်ထောင်စုကြီး၏ ဆုံးဖြတ်ချက်တစ်ခု ဖြစ်နေသည်ဖြစ်ပြီး သူမသည် နိုင်ငံရေးအင်အားစုများ၏ အာဏာလုပွဲများကြား၌ ပဲလှော်ကြားဆားညှပ်မည့်အဖြစ်သို့ အရောက်မခံလိုပေ။

ဝမ်ပေါင်လဲ့၏ အသက်ရှူသံများမှာ အနည်းငယ်ခန့် မြန်ဆန်လာပြီဖြစ်သည်။ သူသည် အမည်ခံခေါင်းဆောင်တစ်ယောက်သာ ဖြစ်နေသည်ကို ကောင်းကောင်းကြီးသိထား၏။ သူသည် သူ၏ ရပိုင်ခွင့်များကို တောင်းဆိုလိုပါသော်လည်း အင်္ဂါဂြိုဟ်ဘုရင်ခံမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ သက်ပြင်းချလိုက်ပြီး ၎င်းမှာ ပြည်ထောင်စုကြီးထံမှ ချမှတ်လိုက်သည့် အမိန့်များဖြစ်ကြောင်း ရှင်းပြလိုက်ရပြန်သည်။

သို့သော် အကယ်၍ ထို သုံးယောက်သာ ကလန်ကဆန် ပြုလုပ်မည်ဆိုပါက သူမဘက်မှ လွှတ်ထားပေးမည်မဟုတ်ကြောင်း ဝမ်ပေါင်လဲ့အား ကတိပေးလိုက်၏။

” သူတို့တွေ စည်းကမ်းဖောက်လိုက်တာနဲ့ ဘာကိုမှ ပြန်ပြင်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး။ သူတို့က လီယီမှ မဟုတ်ပဲ…. ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပါသော်လည်း ထုတ်မပြောခဲ့ပေ။ သူသည် စိတ်ကိုတည်ငြိမ်အောင်ထားကာ ထိုသတင်းအား လက်ခံလိုက်၏။ ထို့နောက် အင်္ဂါဂြိုဟ်ဘုရင်ခံဘက်မှ ဆက်သွယ်မှုဖြတ်တောက်သွားသည့်အချိန်တွင် သူ၏ မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်ဖွယ် အမူအရာကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

” ငပေငတေ သုံးကောင်ကွာ။ အရမ်းကို တတ်နေကြတယ်ပေါ့ ဟုတ်လား။ ငါ မင်းတို့တွေကို ငါ့ရဲ့ဝေစုထဲကနေ ခွဲပေးဖို့ သဘောတူခဲ့တာတောင် မင်းတို့က မကျေနပ်ကြသေးဘူးပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပါ လိုချင်နေသေးတယ်ပေါ့ ဟုတ်လား ”

” အေး။ မင်းတို့ နေနှင့်ဦးပေါ့ကွာ ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲ၌ အေးစက်စက်အလင်းရောင်တစ်ခု ဖျတ်ခနဲတောက်ပသွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset