တာအိုသစ်စေ့တောင်ပေါ်ရှိ ပိုင်ရှောင်ချန်း၏ဆရာကို မြှုပ်နှံထားသော ဂူအား ထောင်သောင်းများစွာသော ဂိုဏ်းသားများက စူးရှသောအကြည့်များဖြင့် ဝန်းရံထားသည်။ ထိုနေရာသည် တားမြစ်ထားသောနေရာတစ်ခုဖြစ်ပါသော်လည်း သူတို့လူအုပ်စုမှာ တောင့်လွန်းလှသဖြင့် ဝင်ရောက်ရန် သတ္တိအပြည့်ဖြစ်နေကြလေသည်။
” ပိုင်ရှောင်ချန်း။ အခုချက်ချင်း အပြင်ထွက်ခဲ့စမ်း။”
” မင်း မျက်နှာထွက်ပြစမ်းကွာ။”
” ယုတ်မာအောက်တန်းကျတဲ့ ပိုင်ရှောင်ချန်း။ ဒီနေ့တော့ ဘုရားသခင်ကု မင်းကို အပြစ်ပေးတော့မှာကွ။ ငါတို့လည်း မင်းကို အပြစ်ပေးတော့မှာ”
သို့သော်လည်း သူတို့၏အော်သံများထွက်လာသောအခါ ဂူထဲမှ တင်းမာခက်ထန်သောအသံတစ်သံ ထွက်ပေါ်လာ၏။
” ပါးစပ်ပိတ်ထားကြစမ်း။”
ထိုအော်သံကြီးတွင် ပိုင်ရှောင်ချန်း၏ စွမ်းအားအပြည့်ပါလေသည်။ ထို့ကြောင့် ထိုအသံမှာ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေပြီး အခြားအသံများအားလုံးကို လွှမ်းမိုးသွားတော့သည်။
ထို့နောက် ချက်ချင်းပင် ပိန်ပိန်ပါးပါးခန္ဓာကိုယ်နှင့် ပိုင်ရှောင်ချန်းက ဂူထဲမှ တည်ကြည်စွာ ထွက်လာလေသည်။
တောင်သုံးလုံးမှ စုဝေးနေသော ဂိုဏ်းသားများက သူ့ကိုမြင်သောအခါ သူတို့လက်ထဲတွင် ကိုင်ထသော ကျောက်တုံးများကို မြှောက်ကာ ဒေါသတကြီးဖြင့် ပိုင်ရှောင်ချန်းကို ဝိုင်းပေါက်ရန်ပြင်လိုက်ကြသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက အသံကျယ်ကျယ်တစ်ချက်အော်လိုက်ကာ ပုံတူဆွဲထားသော ရုပ်ပုံတစ်ခုကို သူ့ရှေ့သို့ ထုတ်ပြလိုက်သည်။
ထိုပုံမှာ သူနှင့် ကျိန်းယွမ်သုန်၏ဆရာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ဟောင်း၏ပုံဖြစ်သည်။
ပိုင်ရှောင်ချန်းက အနည်းငယ် တုန်လှုပ်နေသော်လည်း တင်းမာသောလေသံနှင့် အော်ပြောလိုက်လေသည်။
” မင်းတို့က ဘာကောင်တွေလဲကွ။ ငါ့ဆရာရဲ့ ပုံတူပန်းချီကို ထိရဲထိကြည့် ဂိုဏ်းတူအစ်ကိုဂိုဏ်းခေါင်းဆောင်ရယ် ငါရယ်က အဲ့ကောင်ကို သေတဲ့အထိ လုပ်ပြီသာမှတ်။”
သူ့ဆရာ့ပုံတူ၏ နောက်တွင် ပြားဝပ်နေသော ပိုင်ရှောင်ချန်းကို လူအုပ်ကြီးကမြင်လိုက်သောအခါ သူတို့၏ ခန္ဓာကိုယ်မှာတောင့်တင်းသွားပြီး အများစုမှာ မှင်တက်နေကြသည်။ တစ်ယောက်တစ်လေမျှ ကျောက်ခဲနှင့် လှမ်းမပေါက်ရဲကြတော့ပေ။
ထိုရုပ်ပုံသည် ဂိုဏ်း၏ခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အပြင် ဂိုဏ်းခေါင်းဆောင်၏ဆရာလည်း ဖြစ်နေခြင်းဖြစ်သည်။ တစ်ယောက်ယောက်သာ ထိုရုပ်ပုံကို ထိခိုက်အောင်လုပ်မိပါက ကျိန်းယွမ်သုံ အမျက်တော်ရှကာ တုံ့ပြန်မည့်ပုံမှာ တွေးကြည့်ရုံနှင့်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထို့အပြင် မည်သည့် ဂိုဏ်းချုပ်သခင်ကမှ ဝင်ရောက်မစွက်ဖက်ရဲမည်မှာလည်း အမှန်ပင်။
ဂိုဏ်းသားများမှာ စိတ်တိုလွန်းလှသ၍ စိတ်လိုက်မာန်ပါလုပ်ပစ်လိုက်ချင်ပါသော်လည်း မည်သည့်တစ်ခုမှ မလုပ်ရဲပေ။
“တော်တော် အရှက်မရှိတဲ့ကောင်ကွာ။”
သူ၏နည်းဗျူးဟာမှာ အလုပ်ဖြစ်နေကြောင်းသိလိုက်ရ၍ ပိုင်ရှောင်ချန်းမှာ စိတ်အေးသွားပြီး သက်ပြင်းချလိုက်လေသည်။ သူက ထိုရုပ်ပုံကို မြင့်မြင့်ကိုင်မြှောက်ကာ လူအုလူအုပ်ကြီးကို လှည့်လည်ကြည့်ရှုနေတော့သည်။
” မင်းတို့တွေ သေချာနားထောင်ကြပါကွာ။ ငါတမင်လုပ်တာမဟုတ်ရပါဘူး။ ငါ….”
ပိုင်ရှောင်ချန်းသာ အခြေအနေကို ရှင်းပြရန်မကြိုးစားပါက ဤပြဿနာမှာ အေးအေးလူလူပြီးသွားမည်သာဖြစ်သည်။ သို့သော်လည်း သူ့ပါးစပ်ဟလိုက်ချိန်မှစ၍ လူအုပ်ကြီးမှာ ထိန်းမနိုင်သိမ်းမရဖြစ်ကုန်တော့သည်။
“မင်း…မင်း…မင်းအမြဲတမ်း တမင်လပ်တာမဟုတ်ဘူးလို့ပဲ ပြောနေကြ။ မွှေးရနံ့တိမ်တောင် မိုးကြိုးဆက်တိုက်ပစ်ခံရတုံးကလည်း မင်းတမင်လုပ်တာမဟုတ်ဘူးလို့ပြောခဲ့တာပဲ။ ခရမ်းဒယ်အိုးတောင်နဲ့ မြစိမ်းတောင်ပေါ် အက်စစ်မိုးတွေရွာကျအောင်လုပ်တုံးကလည်း မင်းတမင်လုပ်တာမဟုတ်ရပါဘူးဆိုပြီး ငြင်းခဲ့တာပဲ။ ကဲ အခုလည်း မင်းအဲ့လိုမျိုး ဆက်ပြောနေပြန်ပြီ။”
” အဓိပ္ပါယ်မရှိလိုက်တာကွာ။”
ထိုစကားသံများထွက်လာသောအခါ ပိုင်ရှောင်ချန်းက အလျင်အမြန်ပင် သူ၏ဆရာ့ပုံတူကို ဝှေ့ယမ်းပြနေတော့သည်။ ရင်ထဲအသည်းထဲက တောင်းပန်သောလေသံဖြင့် သူကဆက်ပြောလိုက်ပြန်သည်။ ” ငါ့ရဲ့ဆရာက စောစောက ငါ့အိပ်မက်ထဲလာပြီး ငါ့ကိုခွင့်လွှတ်တယ်လို့ပြောသွားတယ်ကွ။ ငါတကယ် အာမခံပါတယ်ကွ။ ဒီတစ်ခါတစ်ကယ်နောက်ဆုံးပါ။ နောက်တစ်ကြိမ်ဆိုတာ လုံးဝထပ်မရှိစေရ….ရ…”
ပိုင်ရှောင်ချန်းပင် စကားမဆုံးလိုက်ပေ။ သူ၏အရှက်ကင်းမဲ့စွာဆိုသောစကားများကြောင့် လူအုပ်ကြီးမှာ ပို၍ပင် ဒေါသထွက် လာတော့သည်။
” ငါထပ်ပြီး သည်းမခံနိုင်တော့ဘူးဟေ့။ ဒီကောင်ကို မှတ်လောက်သားလောက်အောင် တွယ်မှရတော့မယ်။”
” သူက ဂိုဏ်းခေါင်းဆောင်ရဲ့ သားအရင်းဖြစ်နေရင်တောင် အဲ့ကောင်ကို အသေလုပ်ပြီပဲ။”
” ပိုင်ရှောင်ချန်းကို သုတ်သင်ကြဟေ့။”
ထိုအချိန်တွင် အခြေခိုင်မာခြင်းအဆင့်ရှိသည့် များစွာသော နတ်ဘုရား အာရုံများက ထိုနေရာတစ်ဝိုက်ကို ဖုံးလွှမ်းသွားတော့သည်။
အနည်းငယ်ကြာသောအခါ လူဒါဇင်အနည်းငယ်က တာအိုသစ်စေ့တောင်၏ထိပ်သို့ ဆင်းသက်လာကြလေသည်။ ထိုလူများမှာ တောင်မျိုးစုံ၏ အကြီးအကဲများ၊ ဂိုဏ်းချုပ်သခင်များနှင့် ကျိန်းယွမ်သုန် ကိုယ်တိုင်ပင်ဖြစ်လေသည်။
ဖြစ်ပျက်နေသည်များကိုမြင်သောအခါ ကျိန်းယွမ်သုန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သဖြင့် မိုးခြိမ်းသံကြီးအလား ပဲ့တင်ထပ်နေတော့သည်။
” ဒီနေရာနေ ချက်ချင်း ထွက်သွားကြစမ်း။”
ထိုနားစည်များပင်ကွဲလောက်သော အော်သံကြီးကြောင့် ရှန်ကွမ်းထျန်ယုံနှင့် အခြားလက်ရွေးစင်များအပါအဝင် ရှိသမျှလူတိုင်းမှာ ကြောက်ရွံ့သွားကြလေသည်။ တုန်တုန်ရီရီဖြင့် သူတို့မှာ ဆုတ်ခွာသွားကြတော့သည်။
ပိုင်ရှောင်ချန်းကမူ စိတ်ဓာတ်များ တက်ကြွနေတော့သည်။ သူက တစ်ခုခုပြောရန်ပြင်လိုက်စဥ်မှာပဲ ကျိန်းယွမ်သုန်က သူ့ကို ကြောက်မက်ဖွယ်အကြည့်ဖြင့် ကြည့်လိုက်လေသည်။
” ပိုင်ရှောင်ချန်း။ ငါကမင်းရဲ့ ဂိုဏ်းတူအစ်ကိုဖြစ်တဲ့အတွက် တခြားဘယ်သူမှ မင်းကိုရိုက်ခွင့်တော့မပေးနိုင်ဘူး။ အေး ဒါပေမဲ့ ငါကတော့ မင်းကို ကောင်းကောင်းဆုံးမနိုင်တယ်ကွ။” ထိုသို့ပြောရင်း သူက ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားလေသည်။ ထိုမြင်ကွင်းကြောင့် ပ်ိုင်ရှောင်ချန်း၏ ခေါင်းများထူပူလာပြီး ပေါက်ကွဲလုမတတ်ပင်ဖြစ်သွားတော့သည်။ သူ၏ဆရာ့ပုံတူကို ဝှေ့ယမ်းရန် ပြုလိုက်စဥ်မှာပဲ ကျိန်းယွမ်သုန်က အင်္ကျီလက်ကို ခါယမ်းလိုက်သဖြင့် ထိုပုံတူပန်းချီမှာ သူ့ဆီသို့ ပျံဝဲလာတော့သည်။
ပိုင်ရှောင်ချန်းမှာ အလန့်တကြားထအော်လိုက်ပြီး သူ၏နောက်ကျောမှ အတောင်ပံတစ်စုံကိုထုတ်ကာ ထွက်ပြေးရန် ပြင်လိုက်တော့သည်။ သို့သော်လည်း သူခပ်ဝေးဝေးပင်မရောက်သေးချိန်တွင် သူ၏တင်ပါးကို ကျိန်းယွမ်သုံက လက်ဝါးဖြင့်လှမ်းရိုက်လိုက်သဖြင့် အသံကျယ်ကြီးတစ်ခုပေါ်ထွက်လာလေသည်။
ထိုနာကျင်မှုမှာ သူ၏တစ်ကိုယ်လုံးပျံ့နှံ့သွားသောအခါ သူကထအော်လိုက်တော့သည်။ ငိုမဲ့မဲ့ မျက်နှာဖြင့် သူက သနားကမားအော်ဟစ်လိုက်လေသည်။
” ကျွန်တော့်ကိုကယ်ပါအုံး ဦးလေးလီရေ။ ကျွန်တော့် ဂိုဏ်းတူအစ်ကိုက ကျွန်တော့်ကို သတ်တော့မှာဗျ။”
ထိုအခါ လီချင်းဟောက်၏ မျက်ခုံးမွှေးများ လှုပ်သွားပြီး သူက မကြားချင်ယောင်သာ ဆောင်နေလိုက်တော့သည်။ ကျိန်းယွမ်သုန်၏ အမျက်မှာ မပြေသေးပေ။ သူ၏ ဆရာ့ပုံတူကို ပိုင်ရှောင်ချန်းက ဝှေ့ယမ်းနေသည့်အတွက် သူ့မှာ ဒေါသအလိပ်လိုက်ထွက်လာပြီး နောက်တစ်ချက် ပိတ်ကန်လိုက်လေသည်။
ပိုင်ရှောင်ချန်း ကမူ ယခင်ကထက် ပို၍သနားဖွယ်ကောင်းသော အသံဖြင့် အော်ဟစ်မြည်တမ်းနေလေတော့သည်။
” ကယ်ပါအုံးဗျ ဆရာရေ။ ဒီတပည့်လေးကို ကယ်ပါအုံးဗျာ။”
ပိုင်ရှောင်ချန်းကို ကျိန်းယွမ်သုန်က ရိုက်နှက်နေသည့်မြင်ကွင်းကြောင့် ဘေးနားကဝိုင်းကြည့်နေကြသူများ၏ ဒေါသများမှာ ဖြည်းညင်းစွာ လျော့နည်းသွားကြသည်။ မကြာမီတွင် အကြီးအကဲများ၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများပေါ်လာပြီး သူတို့က ခြောက်ကပ်ကပ်နှင့် ချောင်းဟန့်လိုက်ကြတော့သည်။
” ဒီကိစ္စက ဂိုဏ်းခေါင်းဆောင်နဲ့ သူ့မိသားစုကြားက ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုပဲလေ။”
” ဟုတ်တယ်။ဟုတ်တယ်။ အို… မေ့နေလိုက်တာ။ ဆေးပေါင်းဖိုထဲမှာ ဆေးလုံးအချို့ထားခဲ့မိတာပဲ။ ငါအခုပဲ ပြန်မှပါ။” ထိုသို့ အကြောင်းပြချက် အမျိုးမျိုးပေးကာ အကြီးအကဲများက အပြုံးများကို လူမသိအောင် ဖုံးကွယ်ရင်း ထွက်ခွာသွားကြတော့သည်။
မကြာမီတွင် လေပေါ်တွင် လီချင်းဟောက်နှင့် ရွှီမေ့ရှန်းတို့နှစ်ယောက်သာ ကျန်ခဲ့လေသည်။ ခပ်လှမ်းလှမ်းရှိပိုင်ရှောင်ချန်းကို လီချင်းဟောက်က လှမ်းကြည့်ကာ သူက အနည်းငယ်စိတ်မကောင်းဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းကို သူကအများကြီး မျှော်လင့်ထားသည် မဟုတ်ပါလော။
ရွှီမေ့ရှန်းက လီချင်းဟောက်ကို နူးညံ့သော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
” အဲ့ကလေးက သူ့နှလုံးသားထဲမှာ ရှင့်ကို အဖေတစ်ယောက်လို မှတ်ယူထားတာနော်။ သူ့ကို တကယ်ပဲ မြောက်ခြမ်းကို ပေးလိုက်တော့မလို့လားရှင်။” သူမက ညင်သာစွာ မေးလိုက်လေသည်။
လီချင်းဟောက်က ပိုင်ရှောင်ချန်းဆီမှအကြည့်လွှဲလိုက်ပြီး ရွှီမေ့ရှန်းဘက်သို့ လှည့်လိုက်လေသည်။ သူ၏ခေါင်းကို အနည်းငယ်ခါယမ်းကာ သူက ပြန်ဖြေလိုက်လေသည်။
” ရှောင်ချန်း… အခုလုပ်တာတွေက ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်ပါဘူးကွာ။ သူက အတွင်းစိတ်ကောင်းတဲ့ လူတစ်ယောက်ပါ။ ပြီးတော့ သူလည်းအခု အရာရာတိုင်းအတွက် စိတ်မကောင်းဖြစ်နေမယ်ဆိုတာ ငါသိပါတယ်။ ပြစ်ဒဏ်ချဖို့သက်သက်ဆို သူ့ကို မြောက်ခြမ်းထိပို့ဖို့ မလိုပါဘူး။”
” ဒါပေမဲ့ စောစောက ဂိုဏ်းခေါင်းဆောင်ကို ငါပြောတဲ့စကားတွေက ရင်ထဲကလာတဲ့စကားတွေ။ မြောက်ခြမ်းကနေ ရွှယ်ကျဲကော်တုသိုင်းကျမ်းကို သူရထဲက ငါက အဲ့လိုစိတ်ကူးထားတာ။ ပိုင်ရှောင်ချန်းရဲ့ ကိန်းအောင်းနေတဲ့ အရည်အချင်းတွေက ထိပ်တန်းအဆင့်မှာရှိတယ်လေ။ အကောင်းဆုံးကတော့ တောင်ခြမ်းရော မြောက်ခြမ်းရောရဲ့ အကောင်းဆုံးအရာတွေကို သူ့ကို ပေါင်းစပ်သင်ယူခွင့်ပေးဖို့ပဲ။ ပြီးတော့ သူသာ ရွှဲကျယ်ကော်တုကို အောင်မြင်အောင်ကျင့်ပြီး ချီစုစည်းမှုအဆင့်တစ်ဆယ်စက်ဝန်းထဲကို နှစ်အနည်းငယ်အတွင်း ရောက်အောင်သာ လုပ်နိုင်လို့ရှိရင်… ငါတို့ ဓားကြွေမဟူရာချောက် ကို မြန်မြန်ဖွင့်မယ့်အချိန်ကို ရောက်ပြီ။ အဲ့အချိန်ေရာက်ရင် သူ့အတွက် အခွင့်အရေးရလာမှာပဲ ”
” ဓားကြွေမဟူရာချောက် ဟုတ်လား” ရွှီမေ့ရှန်းက အံ့သြနေသော အမူအရာဖြင့် မေးလိုက်လေသည်။
“ကောင်းကင်တံတားရဲ့ ရှေ့ဘက်အနိမ့်ပိုင်းမှာရှိတဲ့ ဂိုဏ်းကြီးလေးဂိုဏ်းရဲ့ မြင့်မြတ်တဲ့နယ်မြေသုံးခုထဲက တစ်ခု ပါလား…… အဲ့နေရာမှာ ကောင်းကင်ကြိုးစွမ်းအင် (heavenstring energy) တွေရှိတဲ့ အရိပ်အယောင်တွေတောင် ပေါ်လာတယ်လို့တော့ ကြားတယ်။ ငါတို့ အဲ့တာကိုဖွင့်တိုင်း ရှေ့ဘက်ခြမ်းက ဂိုဏ်းကြီးလေးခုဖြစ်တဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ နက်နဲစွမ်းအင်နတ်ရေစင်ဂိုဏ်း နဲ့ ငါတို့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ချီစုစည်းမှုအဆင့်တစ်ဆယ်မှာရှိတဲ့ ဂိုဏ်းသားတွေကို စေလွှတ်ပြီး သွေးသံတရဲရဲတိုက်ပွဲတွေထဲ ရုန်းကန်ခိုင်းနေကြလေ။
” အဲ့ သွေးသံတရဲရဲ တိုက်ပွဲတွေက လိုအပ်တယ်ကွ။ သူသာ ရွှယ်ကျဲကော်တုသိုင်းကျမ်းကို ပြီးစီးအောင် မကျင့်ရသေးဘူးဆိုရင် ငါသွားခွင့်ပြုနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူသာပြီးမြောက်အောင်ကျင့်ပြီးလို့ကတော့ သွားကိုသွားရမှာ။ ကျင့်ကြံခြင်းဆိုတာ ရှည်လျားပြီး သွေးအပြည့်စွန်းနေတဲ့ လမ်းတစ်လမ်းလိုပဲ။ စွမ်းအားကြီးသူကသာ အသက်ရှင်ကျန်ရစ်ပြီး အကျိုးခံစားခွင့် ရစမြဲပဲလေ။ သူအဲ့သဘောတရားကို ကြောက်မနေပဲ သေချာ လက်ခံကျင့်သုံးနိုင်ဖို့လိုတယ်။” လီချင်းဟောက်က သက်ပြင်းချရင်း ဆိုလေသည်။ ထိုသို့ ဆွေးနွှေးကြပြီးနောက် သူတို့နှစ်ယောက်မှာ နောက်လှည့်ကာ ထွက်ခွာသွားကြတော့သည်။
ထိုနေ့တွင် ပိုင်ရှောင်ချန်း၏ အော်ဟစ်သံများမှာ ဂိုဏ်းတစ်ခုလုံး ပျံ့နှံ့နေတော့သည်။ ကျိန်းယွမ်သုံက ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေနဲ့မဟုတ်ပဲ ဂိုဏ်းတူအစ်ကိုတစ်ယောက်အနေဖြင့် သူ့ကို အကေအကျေ သင်ခန်းစာပေးနေတော့သည်။
ထိုညတွင် ပိုင်ရှောင်ချန်း နှာခေါင်းများမှ သွေးအလိန်းလိန်းထွက်ကာ မျက်နှာများလည်း ဖူးယောင်နေသည်။ သူက ကျိန်းယွမ်သုန်နောက်မှ လိုက်ချင်မလိုက်ချင်ပုံစံဖြင့် သူတို့၏ ဆရာ့ဂူသို့ ပြန်သွားကြသည်။
” ဒူးထောက်စမ်း။ ဆရာ့ကို မြန်မြန်တောင်းပန်လိုက်။” ကျိန်းယွမ်သုန်က ပြူးကြည့်ကာ ဟောက်လိုက်လေသည်။ ပိုင်ရှောင်ချန်းမှာလည်း လန့်ဖျန့်သွားပြီး ချက်ချင်းပင် ပုံတူပန်းချီ၏ရှေ့တွင် ဒူးထောက်ချလိုက်လေသည်။
” ဆရာ… တပည့် တောင်းပန်ပါတယ်ဗျာ။” ပိုင်ရှောင်ချန်းမှာ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေပြီး အထူးသဖြင့် သူ၏တင်ပါးများမှာ ပေါက်ထွက်တော့မည့်အလားပင် ခံစားနေရလေသည်။
ထို့နောက် သူက ငိုမဲ့မဲမျက်နှာဖြင့် ဆက်လက်ညည်းညူနေလေတော့သည်။ ” ဆရာ …. ဂိုဏ်းသားတွေ တပည့်ကို ဝိုင်းရိုက်ဖို့လာတုံးက ဆရာက ကျွန်တော့်အတွက်စိတ်မကောင်းဖြစ်လို့ အိပ်မက်ထဲထိတောင်ရောက်လာခဲ့တယ်လေ။ အဲဒါ ဂိုဏ်းတူအစ်ကိုကို တပည့်က နားချပေမဲ့ သူကမယုံဘူးဗျ….” သူက ဂိုဏ်းခေါင်းဆောင်ကို ပင် သူ့ဆရာထံ ပြန်တိုင်နေလေတော့သည်။
” ဆရာ… ဂိုဏ်းတူအစ်ကိုရဲ့ အိပ်မက်ထဲ ဒီနေ့ညသွားပြီးတော့ အမှန်တရားတွေကို ပြောပြလိုက်ပါလား ” ထိုစကားများကိုကြားသောအခါ ကျိန်းယွမ်သုန်မှာ ဘေးသို့ထွက်ရပ်ကာ ရယ်ရမလို ငိုရမလိုပင် ဖြစ်နေတော့သည်။ သူက ပိုင်ရှောင်ချန်းကို ထပ်ရိုက်ရန်ပြင်လိုက်သော်လည်း သူ၏အရေပြား၏ ကြောက်မက်ဖွယ်မာကြောမှုကြီးကြောင့် သူ၏လက်မှာ အနည်းငယ် ကိုက်ခဲနေပြီဖြစ်၍ ထပ်မရိုက်တော့ပေ။
” ဒီနေရာမှာ သုံးလတိတိ ဒူးထောက်။ အဲ့တာမင်း မြွေတစ်သောင်းတောင်ကြားမှာ ရှာခဲ့တဲ့ ပြဿနာတွေအတွက် ပြစ်ဒဏ်ပဲ။” သူက တောင်သုံးတောင်၏ ဂိုဏ်းသားများအတွက် ဤပြစ်ဒဏ်ကို မဖြစ်မနေပေးလိုက်ရလေသည်။ ထို့သို့ အမိန့်ပေးပြီးနောက် သူက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်ပြီး အင်္ကျီလက်ကိုခါလိုက်သဖြင့် ဆေးလုံးတစ်လုံးမှာ ထွက်ကျလာလေသည်။ ထို့နောက် သူကထိုဆေးလုံးကို မမြင်ချင်ယောင်ဆောင်ကာ နောက်လှည့်ထွက်ခွာသွားလေတော့သည်။
ကျိန်းယွမ်သုန်ထွက်ခွာသွားကြောင်း သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ စိတ်ပျက်လက်ပျက်နှင့် အော်ငိုလိုက်တော့သည်။ သူ၏ဆရာကို တိုင်တန်းရန်ပြင်လိုက်သော်လည်း သတိတစ်ချက်ရသွားသဖြင့် သူကဘေးဘီဝဲယာကိုကြည့်၍ ယုန်ကလေးရှိမရှိ သေချာစစ်ဆေးလိုက်လေသည်။
” ဆရာရေ။ တပည့်အဖြစ်က ဆိုးလှပါတယ်ဗျားး။”
“ဂိုဏ်းတူအစ်ကို တပည့်ကိုရိုက်တာဘယ်လောက်ကြမ်းလည်း ကြည့်ပါအုံးဗျာ။ တင်ပါးတွေကိုက်ခဲပြီး တစ်ကိုယ်လုံး ဖူးယောင်နေပြီ။”
” တရားမျှတမှု မရှိဘူးဗျာ။ တပည့်က ဒါတွေကို တမင်လုပ်တာမှ မဟုတ်ပဲကို…… ဟင်…ဘာကြီးလဲဟ။” ထိုသို့ညည်းညူနေရင်း ကျိန်းယွမ်သုန်ထားခဲ့သော ဆေးလုံးလေးကို သူ သတိထားမိလိုက်လေသည်။
” အဆင့်မြင့် အဆင့်သုံး စွမ်းအင်အားဖြည့် ဆေးလုံးပဲဟ။”
တောက်ပနေသောမျက်လုံးများဖြင့် သူက ဂူအပြင်ဘက်သို့ ဝေ့ဝိုက်ကြည့်ကာ ဘေးဘက်တွင် ထိုင်ချလိုက်လေသည်။ အနည်းငယ်ပျင်းရိလာသဖြင့် သူကဆေးလုံးကိုသောက်လိုက်ကာ ကျင့်ကြံခြင်းတွင် အာရုံစိုက်လိုက်လေသည်။
ထိုအချိန်တွင် ဂိုဏ်းသားများသာမက ဂိုဏ်းချုပ်များပင် သတိမထားမိသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်သွားလေသည်။ တာအိုသစ်စေ့တောင် နောက်ဘက်ရှိ ဟင်းလင်းပြင်ကျယ်ကြီးတစ်ခုထဲတွင် အရာရာတိုင်းမှာ တွန့်လိန်စပြုလာလေသည်။
အနည်းငယ်ကြာသောအခါ ထိုတွန့်လိန်မှုများမှာ ပျောက်ကွယ်သွားသည်။ သို့သော်လည်း ယခုတွင်မူ တာအိုသစ်စေ့တောင်နောက်တွင် အခြားတောင်တစ်လုံးမှာ ခပ်ရေးရေး ပေါ်လာတော့သည်။
ထိုတောင်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ နဝမမြောက်တောင်ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်မှာ ထိုတောင်ရှိကြောင်းသိထားသော်လည်း အရင်တုံးက ထိုသို့သော တွန့်လိန်မှုများကို သူမကြုံဖူးပေ။
ထို နဝမမြောက်တောင်မှာ သူမတူအောင် တိတ်ဆိတ်ငြိမ်းချမ်းလှပြီး ပေါက်ရောက်နေသော အပင်နှင့်အသီးအရွက် အကုန်လုံးမှာ လုံးဝနက်မှောင်နေသော အရောင်အဆင်းရှိလေသည်။ ထိုတောင်ထိပ်ရှိ အနက်ရောင်မက်မွန်သီးပင်ထိပ်တွင် ခံစားချက်မျိုးစုံရောယှက်နေသော မျက်လုံးအစုံဖြင့် တိတ်ဆိတ်စွာ ထိုင်နေသည့် မျောက်တစ်ကောင် ရှိလေသည်။
ပိုင်ရှောင်ချန်းသာ ထိုနေရာတွင်ရှိပါက ထိုမျောက်ကို ချက်ချင်း မှတ်မိမည်ဖြစ်သည်။ ထိုမျောက်မှာ သူ၏ ထူးဆန်းသောဆေးလုံးများထဲမှ တစ်လုံးကိုစားမိခဲ့သဖြင့် သူကိုယ်တိုင် တောထဲသို့ လွှတ်ပေးခဲ့သည့် မျောက်ပင်ဖြစ်သည်။
အဆုံးတွင် ထိုမျောက်မှာ သက်ပြင်းချလိုက်လေသည်။
” မင်းဒီမှာရှိနေတာငါသိတယ်။ ပုန်းမနေနဲ့ ထွက်ခဲ့ပါတော့လား။”
ထိုမျောက်က ထိုသို့ပြောလိုက်သောအခါ သူ၏နောက်ရှိလေထုကြီးမှာ တွန့်လိန်သွားပြီး ခရမ်းရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသော အရပ်မြင့်မြင့်နှင့် အဘိုးကြီးတစ်ယောက် ပေါ်ထွက်လာလေသည်။ သူက သာမန်လူတစ်ယောက်အလား မည်သည့်စွမ်းအားမှ ထုတ်ဖော်ထားခြင်းမရှိဘဲ လေထဲမှ ဗြုန်းစားကြီးပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း တစ်ချိန်ထဲမှာပင် သူမတ်တတ်ရပ်နေသည့်ပုံစံမှာ ပြစ်မျိုးမှဲ့မထင် လူသားတစ်ယောက်အလားပင်။
ထိုအဘိုးကြီးက ဘေးဘက်သို့ထွက်ကာ ရပ်လိုက်သောအခါ သူ၏မျက်နှာပေါ်တွင်ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာသည်။ အနည်းငယ်အကြာတွင် သူ၏နဖူးပေါ်တွင် တတိယမြောက်မျက်လုံးတစ်လုံး ပွင့်လာပြီး သူက ထိုမျောက်ကို ငုံ့ကြည့်လိုက်လေသည်။ ” မင်းက ဘယ်သူများလဲ…”
ထိုမျောက်က နက်ရှိုင်းသောအရောင်များလက်နေသည့််မျက်လုံးများဖြင့် အဘိုးကြီးကိုလှည့်ကြည့်ကာ ဆိုလိုက်လေသည်။ ” မင်းက ငါ့တောင်မမှတ်မိတော့ဘူးလား။ ဒါမှမဟုတ် ငါကမင်းကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးလို့ ခေါ်ရမှာလား။”
ထိုအဘိုးကြီးမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ဂိုဏ်းကြီးလေးခုထဲတွင် နေရာတစ်ခုရအောင် ဦးဆောင်ခဲ့သောသူဖြစ်ပြီး ဂိုဏ်းကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။ ယခုတွင်မူ သူ့မှာ အံ့အားသင့်နေတော့သည်။ မျက်လုံးအိမ်များမှာကျဥ်းသွားပြီး သူက အသက်ပြင်းပြင်းရှူလိုက်ကာ မယုံကြည်မှုအရိပ်အယောင်များက သူ၏မျက်နှာပေါ်တွင် ပြေးနေတော့သည်။
” မဖြစ်နိုင်ဘူး။ ဆရာ…ဆရာကသေသွားပြီလေ။ ဘာပြန်လာလုပ်တာလဲ။”
ဂိုဏ်းတွင်ရှိသော သူ၏အဆင့်အတန်း၊ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်၊ သူ၏ စိတ်အားပြင်းထန်မှုများက အဆင့်မြင့်မားလှပါသော်လည်း သူ့မှာ မှင်တက်နေရတော့သည်။ သူ၏အတွင်းစိတ်ထဲတွင်မူ ဤမျောက်မှာ လွန်ခဲ့သောနှစ်တစ်သောင်းခန့်က ကွယ်လွန်သွားသည့် သူ၏ ပဟေဠိဆန်သော ဆရာဖြစ်ကြောင်း ရိုးတွင်းချဥ်ဆီထဲကနေ ခံစားမိနေလေသည်။
မျောက်ကမူ ဘာမှ မပြောချေ။ သူက တာအိုသစ်စေ့တောင်ကိုလှမ်းကြည့်လိုက်ပြီး တောင်ကိုဖြတ်ကာ ပိုင်ရှောင်ချန်းတရားထိုင်နေသော ဂူထဲသို့ အကြည့်ရောက်သွားလေသည်။ မည်သူမှ သိမည်မဟုတ်သော်လည်း မျောက်၏မျက်လုံးများထဲတွင် လေးစားသည့်အရိပ်ယောင်များ ပေါ်နေလေသည်။
” ငါလည်း ဘယ်လိုပြန်ရောက်လာလဲတော့မသိဘူး။ ကောင်လေးပိုင်ရှောင်ချန်းရဲ့ ဆေးလုံးကြောင့်လည်းဖြစ်ရင်ဖြစ်မှာပေါ့။ ဒါမှမဟုတ် အခြား ထူးဆန်းတဲ့အားတစ်ခုခုက သူ့ကို မရရအောင်စေခိုင်းပြီး ငါ့ကိုပြန်ခေါ်လာတာနေမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ရောက်လာတာ့ ငါတစ်ယောက်ထဲမဟုတ်ဘူး။”
ခရမ်းရောင်ဝတ်ရုံရှည်ဝတ်ထားသော အဘိုးကြီးမှာ မျောက်၏ အကြည့်တိုင်း လိုက်ကြည့်လိုက်ရာ ထိုင်နေသော ပိုင်ရှောင်ချန်းကို တွေ့လိုက်လေသည်။
” ချီစုစည်းမှုအဆင့် ဂိုဏ်းသားတစ်ယောက်ကလား။ သူက ဘယ်လိုများ အဲ့လိုလုပ်နိုင်ရတာလဲ။” အဘိုးကြီးက ဖြစ်ပျက်နေသည်များကို ယခုထိမယုံနိုင်သေးပေ။
” ဟန်ဇောင်…. မင်းကိုဘာလို့ ငါ အဲ့နာမည်ပေးခဲ့လည်း မှတ်မိလား။ မင်းဆရာ မင်းကိို ဘာလို့ မိုးကောင်းကင်အံတုတဲ့ တာဝန်တစ်ခုပေးခဲလဲ မှတ်မိလား။ မင်း နှစ်ပေါင်း တစ်သောင်းလောက်ထိ အသက်ရှင်နိုင်အောင်လို့ ငါလုပ်ခဲ့လည်းဆိုတာရော မှတ်မိသေးရဲ့လား။ ဖြေပါဦး ” ထိုမေးခွန်းများမေးရင်း မျောက်၏ မျက်လုံးများမှာ စူးရှတောက်ပသော အလင်းရောင်များဖြင့် လက်နေပြီး မသိလျှင် လျှက်စီးများ လက်နေသည့်အလားပင်။ သို့သော်လည်း အကျိုးသက်ရောက်မှုများကမူ သူတို့ပတ်ပတ်လည် မီတာသုံးဆယ်လောက်ထဲတွင်သာ ဖြစ်ပျက်နေလေသည်။ နဝမမြောက်တောင်ပေါ်ရှိအခြားခေါင်းဆောင်များပင်လျှင် ထူးထူးဆန်းဆန်းအရာဖြစ်နေကြောင်း ထားမိမည်မဟုတ်။
ခရမ်းရောင်ဝတ်ရုံရှည်ဝတ်ထားသော အဘိုးကြီးက လွန်ခဲ့သောနှစ်တစ်သောင်းက ပုံရိပ်များကို ပြန်တွေးကာ ကတုန်ကရီဖြစ်နေလေသည်။ နှစ်ပေါင်းမည်မျှပင် ကြာပါစေ ထိုကိစ္စများကို သူက ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူက အသက်ကြီးနေပြီဖြစ်သော်လည်း သူ၏ဆရာရှေ့တွင် လူငယ်လေးတစ်ယောက်လို ခံစားလိုက်ရလေသည်။ သူက မတ်မတ်ရပ်ကာ မျက်နှာအနည်းငယ်နီရဲသွားပြီး တပ်သားတစ်ယောက်အလား ပြန်ဖြေလိုက်လေသည်။
” မှတ်မိပါတယ် ဆရာ။ တပည့်တာဝန်က အစစ်အမှန် ဝိညာဥ်ကို ကာကွယ်ပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို အရှေ့ဘက် ကောင်းကင်တံတားမြစ်ရဲ့ အလယ်ပိုင်းက ဂိုဏ်းတစ်ဂိုဏ်းဖြစ်အောင်လုပ်ပြီး အဲ့ကနေတစ်ဆင့် မြစ်အထက်ပိုင်းက ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့အထိ လုပ်ဖို့ပါ။ အဲ့လိုလုပ်ပြီးရင် ကောင်းကင်တံတားမြစ်ရဲ့ မြောက်ဘက်ကို ကျူးကျော်ပြီး အဲ့နေရာက အထက်ပိုင်းအဆင့်ထိ ရောက်အောင်ရုံးကန်ရပါမယ်။ ပြီးရင် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းကို ချေမှုန်းရပါမယ်။ ပြီးတော့ တပည့်တို့ရဲ့ အဘိုးအဘေးတွေရဲ့ မွေးရပ်မြေဆီပြန်ပြီး ဟန်ဇောင်ကျောင်းတော်ရဲ့ ဂုဏ်အရှိန်အဝါ ပြန်လည်တောက်ပလာအောင် လုပ်ဖို့ပါ ”
” အဲ့တာဆို မင်းက ငါတို့ ဘိုးဘွားတွေရဲ့မွေးရပ်မြေနဲ့ အစစ်အမှန် ဝိညာဥ် ကို မင်းက မှတ်မိသေးတယ်ပေါ့။ ကောင်းပြီလေါ အဲ့တာဆို မွှေးရနံ့တိမ်တောင်အောက်က မှော်သေင်္ကတကို ကြည့်လိုက်ပါအုံး။”.
ဟန်ဇောင် က မွှေးရနံ့တိမ်တောင်ကိုလှမ်းကြည့်ကာ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အသက်သွေးကြောကို စုပေါင်းဖွဲ့စည်းထားသော ရှုပ်ထွေးသည့်မှော်သေ င်္ကကို တောင်ရှစ်တောင်အတွင်းတွင် ဝှက်ထားလေသည်။ ထို မှော်သေင်္ကတများ၏ အရေးကြီးမှုကို စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်။
သို့သော်လည်း ဟန်ဇောင် ကမူ မွှေးရနံ့တိမ်တောင်၏ မှော်သ
ေင်္ကတနှင့်ပတ်သတ်၍ ထူးခြားနေသည့်အချက်ကို သတိမထားမိပေ။
မျောက်ကမူ ဖြည်းညင်းစွာ သက်ပြင်းချလိုက်၏။ သူ့မျက်လုံးထဲရှိ လေးနက်တည်ကြည်သည့်အရိပ်အယောင်များ ပိုမိုအားကောင်းလာသည်။
” မင်းမမြင်နိုင်ဘူးပေါ့ ဟုတ်လား။ ကြည့်ရတာ ငါပြန်လာတာ နည်းနည်းနောက်ကျသွားပုံပဲ။ ငါ့ထက်အရင် တခြားတစ်ယောက်က အရင်ပြန်ရောက်လာပြီး သူ့ရဲ့ အာက်လမ်းဂိုဏ်းသားတစ်ယောက်ကိုသုံးပြီး အပင်နဲ့အသီးအရွက်ပြောင်းလဲမှုတွေကို အသုံးချသွားပြီး မန္တန်အစီအရင်ကို ပြောင်းသွားတဲ့ပုံပဲ။”
” မွှေးရနံ့တိမ်တောင်အောက်က ကမ္ဘာဦး မှော် သင်္ကေတ ပြောင်းလဲသွားတယ်။ အဲ့တာကို ပြန်ပြောင်းဖို့က ငါ့ရဲ့လက်ရှိစွမ်းအားနဲ့ဆို မဖြစ်နိုင်ဘူး။ ငါလုပ်နိုင်တာဆိုလို့ ရှိသမျှအားသုံးပြီး ဝိညာဥ်မြွေတွေကို လှုံဆော်ဖို့ ပိုင်ရှောင်ချန်းကို ခိုင်းရမှာပဲ။ အဲ့တာဆို အရာအရာရာတိုင်းက သူ့အလိုလို ပြန်ကောင်းသွားမှာပါ။ “