Switch Mode

အခန်း ( ၁၁၅ )

ငါပြောနေတာတွေ လျှောက်မဖွပစ်နဲ့

မြွေတစ်သောင်းတောင်ကြားတွင် မြွေတစ်ကောင်တမြီးမှ မကျန်တော့ချေ။ ပိုင်ရှောင်ချန်းသည် မန္တန်ဝင်္ကပါထဲတွင်ထိုင်နေပြီး ဗလာကျင်းနေသော ဂူထဲသို့ ငေးကြည့်နေ၏။ ရုတ်တရက် ငလျင်လှုပ်လိုက်သလို ခံစားလိုက်ရပြီး ဘေးပတ်ဝန်းကျင်တခုလုံးတသိမ့်သိမ့် တုန်လှုပ်နေသည်။ သူသည် ကြောက်လန့်တကြားအော်ဟစ်ကာ ဂူထဲမှထွက်ပြေးခဲ့လေ၏။

သူ့ဦးခေါင်းတခုလုံး ပူထူနေပြီး သူ့တကိုယ်လုံးလည်းတုန်ရီနေသည်။ ယခုတစ်ခေါက် သူလုပ်လိုက်မိသောကိစ္စသည် အတော်ပြင်းထန်သွားကြောင်း သူနားလည်သည်။ မြွေတစ်သောင်းတောင်ကြားရှိမြွေများအားလုံးကို လွှတ်ပေးလိုက်မိပြီဟူသော အသိစိတ်တခုတည်းကပင် သူ့ကိုတုန်လှုပ်နေစေ၏။

“စိတ်ကုန်လာပြီ…။ တော်ပြီ… ဘာဖြစ်ဖြစ်…။” မျက်ရည်များပင်ကျလုဆဲဆဲဖြစ်နေပြီး မြွေတစ်သောင်းတောင်ကြားမှ ကမျောသောပါးပြေးထွက်လာခဲ့လေရာ ရုတ်တရက် တောင်သုံးလုံးဆီမှပျံ့လွင့်လာသော ဒေါသတကြီးအော်ဟစ်နေသံများကို ကြားလိုက်ရလေ၏။ ထို့အပြင် သူ၏နာမည်ကို အော်ဟစ်နေသံများကိုပါ တစွန်းတစကြားနေရသည်။

သူသည် ယခုကိစ္စတရပ်လုံးတွင် ဘာအပြစ်မှမရှိဟု တွေးနေမိသည်။

” ငါ တမင်ရည်ရွယ်ပြီးလုပ်လိုက်တာမှမဟုတ်တာပဲ…။ ငါကဒီအတိုင်း… ဒီမြွေတွေကို နည်းနည်းပိုပြီး ချစ်စရာကောင်းလာအောင်လုပ်လိုက်တာပဲလေ…။” သူသည် ငိုမဲ့မဲ့ဖြစ်နေပြီး နှလုံးခုန်လည်းမြန်နေသည်။ သူ့တွင်ရုပ်ပြောင်းရုပ်လွဲလုပ်နိုင်စွမ်းသာရှိလျှင် ယခုချက်ခြင်းဘယ်သူမှမမှတ်မိအောင် ကိုယ့်ကိုကိုယ်ပြောင်းလဲပစ်လိုက်မည်ဖြစ်သည်။

“ငါဘာလုပ်ရမလဲ…” တစ်ယောက်တည်းရေရွတ်လိုက်သည်။ “ငါဘာလုပ်သင့်လဲ… ဘာမှလုပ်လို့လည်းမရတော့ဘူး…။ ဆရာ့ဂူထဲသွားပြီး ပုန်းနေရမလား… အဲ့ထဲမှာလာရှာဖို့တော့ ဘယ်သူမှစဥ်းစားမိမှာမဟုတ်ဘူး…။” ထိုသို့တွေးမိကာ သူ၏ထည့်စရာအိတ်ထဲမှ အဝတ်အစားတချို့ထုတ်ယူလိုက်၏။ အဝတ်အစားလဲပြီးနောက် သူ့ကျောမှအတောင်ပံတစုံထွက်လာပြီး တာအိုသစ်စေ့တောင်ဆီသို့ အလျင်အမြန်ပျံသန်းသွားလိုက်လေ၏။

တောင်သုံးတောင်ရှိလူများအားလုံး ရုတ်ရုတ်သဲသဲဖြစ်ကာ ဗျာများနေကြ၏။ အော်ဟစ်သံများ၊ ကြိမ်းဝါးသံများလည်း ဆက်တိုက်ဆိုသလိုပေါ်ထွက်လာနေသည်။ ပိုင်ရှောင်ချန်းသည် လတ်တလောနာမည်ကြီးနေခဲ့မှုအပေါ် နောင်တရလာ၏။ လူတိုင်းသည် သူ့ကိုမှတ်မိနေသောကြောင့် ခေါင်းကိုငုံ့ကာ အလျင်အမြန်ခရီးနှင်ရလေ၏။ လမ်းတလျှောက်သွားလာနေရင်း မတော်တဆ လေတိုက်၍သစ်ကိုင်းလှုပ်သွားလျှင်ပင် တစုံတယောက်ပေါ်လာပြီး သူ့ကိုမြင်တွေ့သွားမည်စိုးသောကြောင့် လုံးဝမော့မကြည့်ပေ။

သို့သော် လူတိုင်းဖရိုဖရဲနှင့်ဗျာများနေကြသောကြောင့် သူဖြတ်သွားသည်ကို မည်သူမှသတိမပြုမိကြချေ။ လူတိုင်းသည် ဦးချိုနှင့်မြွေများလက်မှလွတ်အောင် ပြေးနေကြလေ၏။ လူအများ ဖရိုဖရဲထွက်ပြေးနေရသည်ကို ပိုင်ရှောင်ချန်းတွေ့သောအခါ အသက်ရှူပင်မြန်လာလေ၏။ သို့သော် ထိုအချိန်ကိုအခွင့်ကောင်းယူကာ သူသည် မည်သူမှသတိမထားမိခင်ပင် တာအိုသစ်စေ့တောင်ပေါ်သို့ ရောက်သွားလေ၏။ တောင်ပေါ်သို့ရောက်သောအခါ အသက်ပင်ဝအောင်ရှူနေရပြီး ကြောက်ရွံ့မှုကြောင့် နှလုံးခုန်မြန်နေ၏။ ခဏကြာသောအခါ သူ၏ဆရာကွယ်လွန်သည်အထိ တရားကျင့်ရင်းနေထိုင်ခဲ့ရာ အင်မော်တယ်ဂူသို့ရောက်ရှိလာခဲ့လေ၏။

ထိုဂူသည် အခြားလူများအတွက် တားမြစ်နေရာဖြစ်သော်လည်း ပိုင်ရှောင်ချန်းအတွက်မူ ထိုသို့မဟုတ်ပေ။ ပိုင်ရှောင်ချန်းသည် ဂူထဲသို့အလျင်အမြန်ပြေးဝင်လာပြီး သူ့ဆရာ၏ပုံတူပန်းချီကားရှေ့တွင် ဒူးထောက်အရိုအသေပေးလိုက်သည်။

“တပည့်တမင်ရည်ရွယ်ပြီးလုပ်မိတာမဟုတ်ပါဘူး ဆရာ…” တရှုံ့ရှုံ့ငိုလျက် ပြောလိုက်သည်။ “ဆရာ့တပည့်က လူကောင်းတယောက်ဆိုတာ ဆရာသိတယ်မဟုတ်လား…” စိတ်မသက်မသာဖြစ်နေလျက် သူသည် မိမိကိုယ်ကိုအမြဲနှိမ့်ချနေတတ်သော ဆရာ့ပုံတူပန်းချီကိုမော့ကြည့်လိုက်သည်။

ထိုအချိန်တွင် တောင်သုံးလုံး၏အကြီးအကဲများသည် အခြေအနေများကိုထိန်းချုပ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းနေကြသည်။ လီချင်းဟောက်အပါအဝင် ရွှီမေ့ရှန်း၊ ဂိုဏ်းခေါင်းဆောင်ပါမကျန်၊ မြစိမ်းတောင်၏ဂိုဏ်းချုပ်များပါ ပူးပေါင်းပါဝင်လာကြသည်။ သူတို့ဦးဆောင်မှုဖြင့် ဦးချိုပါမြွေများအားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်နိုင်လေသည်။ မကြာမီပင် တောင်သုံးလုံး၌ အခြေအနေများပြန်လည်တည်ငြိမ်လာ၏။

အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံနေသူများက မြွေကပ်ဘေးကြီးကို ထိန်းသိမ်းလိုက်နိုင်ပြီးနောက်တွင် ထောင်သောင်းချီသော တောင်သုံးလုံး၏ဂိုဏ်းသားများသည် မြွေတစ်သောင်းတောင်ကြားသို့ ဒေါသတကြီးချီတက်လာကြလေ၏။ လုံးဝပျက်စီးနေပြီဖြစ်သောတောင်ကြားကိုသာမြင်လိုက်ရပြီး ပိုင်ရှောင်ချန်း၏အရိပ်အယောင်ကိုမတွေ့ရသောအခါ ဂိုဏ်းသားများသည် တောင်ဘက်ဂိုဏ်းတခုလုံးဖြန့်ကျက်ကာ အပြင်းအထန်ရှာဖွေကြလေသည်။

ထိုသို့ပြုလုပ်ရန် မည်သူမှလှုံ့ဆော်ပေးရန်လည်းမလို၊ ဂိုဏ်းသားအားလုံးတညီတညွတ်တည်း လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ အလျင်အမြန်ထွက်ပြေးခဲ့သောကြောင့်သာ ကံကောင်းသွားလေ၏။

“ပိုင်ရှောင်ချန်းကို အသေသတ်…”

“စကားပြောတဲ့ယုန်ရော အသေသတ်…”

“ပိုင်ရှောင်ချန်းကို သတ်ပစ်… စကားပြောတဲ့ယုန်ကို သတ်ပစ်…”

နာရီအနည်းငယ်မျှ မြေလှန်ရှာဖွေပြီးသော်လည်း ပိုင်ရှောင်ချန်းကိုလုံးဝရှာမတွေ့။ ဂိုဏ်းသားများအားလုံး ဒေါသကြောင့်မျက်လုံးများနီရဲနေကြပြီး အချို့ဂိုဏ်းသားများသည် ဂိုဏ်းအပြင်သို့ပင်ထွက်၍ ဆက်လက်ရှာဖွေနေကြလေပြီ။

“မင်းကိုတွေ့အောင်ရှာမယ်ကွ ပိုင်ရှောင်ချန်း…”

“ကမ္ဘာ့အဆုံးထိမင်းပြေးရင်တောင် ရအောင်လိုက်ရှာမယ်ကွ…”

“ချီးပဲ… ဒီကောင်ဘယ်မှာများပုန်းနေလဲ…” များပြားလှသော အော်ဟစ်ကြိမ်းမောင်းသံများ လေထဲတွင်ပျံ့လွင့်နေရာ တာအိုသစ်စေ့တောင်ပေါ်ရှိပိုင်ရှောင်ချန်းပင် တစွန်းတစကြားနေရလေသည်။ ပိုင်ရှောင်ချန်းမှာ ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်တုန်နေလေပြီ။

“ဟေး… ငါလဲဒီမှာ ဘဝပျက်နေတာပဲလေကွာ.. ဒါတွေအားလုံး သောက်တလွဲယုန်ကြောင့်ပဲ… ငါလဲဒီလိုဖြစ်ချင်နေတယ်ထင်လို့လား…” ပိုင်ရှောင်ချန်းသည် စိတ်ပျက်လက်ပျက်ထိုင်နေပြီး သက်ပြင်းများလည်းဆက်တိုက်ချနေလေ၏။ ခဏမျှအကြာတွင် အပြင်မှအော်ဟစ်နေသံများ အနည်းငယ်ငြိမ်သွားလေပြီဖြစ်ရာ ပိုင်ရှောင်ချန်းသည် သူ၏ဆရာ့ပုံတူကိုကြည့်လိုက်ပြီး အရိုအသေပေးလိုက်၏။

“ဆရာ… တပည့်ကို စောင့်ရှောက်ပေးပါ… အဲဒီလူတွေရှာမတွေ့နိုင်အောင်လို့ ကူညီပေးပါ…” တအောင့်မျှကြာသောအခါ ဂူဝသို့ တွားသွားကြည့်လိုက်ပြီး အပြင်မှအသံများလုံးဝငြိမ်သွားပြီဖြစ်ကြောင်း သေချာသွားသောအခါ စိတ်အေးသွားသဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။

“ပိုင်ရှောင်ချန်းဉာဏ်ကောင်းလွန်းသွားပြန်ပြီ…” ရယ်လျက်ရေရွတ်လိုက်၏။
” ငါ့ဆရာဂူထဲမှာ ငါ့ကိုလာရှာဖို့ ဘယ်သူမှ တွေးမိမှာမဟုတ်ဘူး…”

“ဒါပေမယ့် ဒါက ဖြေရှင်းနည်းအစစ်အမှန်မဟုတ်သေးဘူး…။ နောက်ဆုံးဒီဂူထဲက ထွက်သွားရဦးမှာပဲ…။ ငါဘာလုပ်ရမလဲ…။ ငါဘာလုပ်သင့်သလဲ…။” ရုတ်တရက် တယောက်ယောက်က သူ့အား စိုက်ကြည့်နေသလိုခံစားလိုက်ရသည်။ ဂူဝသို့ပြန်လှည့်ကြည့်လိုက်ရာ စကားပြောသောယုန်သည် သူ၏နားရွက်များကိုသူ့ဘက်ချိန်ထားပြီး သူ့အားကြည့်နေသည်ကို တွေ့လိုက်ရလေ၏။

ယုန်ကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမျက်လုံးပြူးသွားလေ၏။ ယုန်၏ တိတ်တဆိတ်လှုပ်ရှားနိုင်စွမ်းကို သူမယုံနိုင်ဖြစ်နေ၏။ ထိုယုန်က တားမြစ်နေရာသို့ပင် ဝင်ရောက်လာနိုင်အောင်ပြုလုပ်နိုင်ခဲ့လေ၏။ ချက်ခြင်းပင် ပိုင်ရှောင်ချန်းသည် တစ်ယောက်တည်းရေရွတ်နေခဲ့သော စကားများကိုသတိရသွားပြီး ခေါင်းနပန်းကြီးသွားလေ၏။ “ငါပြောနေတာတွေ လျှောက်မဖွပစ်နဲ့” သူစိတ်ပျက်လက်ပျက်ဖြင့် စူးစူးဝါးဝါးအော်ပြောလိုက်၏။

ခဏအကြာတွင် ဝှစ်ကနဲအသံနှင့်အတူ ယုန်သည်ပျောက်ကွယ်သွားလေ၏။ ခဏအကြာတွင် ယုန်သည် အော်နေကြစကားလုံးများ အော်ဟစ်ကာ လျှောက်ပြေးနေလေ၏။ သို့သော် နောက်ဆုံးတွင် စာသားအသစ်တကြောင်းထပ်တိုးလာလေ၏။

“ဆရာ… တပည့်ကို စောင့်ရှောက်ပေးပါ… အဲဒီလူတွေရှာမတွေ့နိုင်အောင်လို့ ကူညီပေးပါ…”

“ပိုင်ရှောင်ချန်းဉာဏ်ကောင်းလွန်းသွားပြန်ပြီ… ငါ့ဆရာဂူထဲမှာ ငါ့ကိုလာရှာဖို့ ဘယ်သူမှ တွေးမိမှာမဟုတ်ဘူး…”

“ဒါပေမယ့် ဒါဟာဖြေရှင်းနည်းအစစ်အမှန်မဟုတ်သေးဘူး…။ နောက်ဆုံးဒီဂူထဲက ထွက်သွားရဦးမှာပဲ…။ ငါဘာလုပ်ရမလဲ…။ ငါဘာလုပ်သင့်သလဲ…။”

“ငါပြောနေတာတွေ လျှောက်မဖွပစ်နဲ့”

ပိုင်ရှောင်ချန်းမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ စကားလုံးများရေရွတ်ပြီး ယုန်ထွက်ပြေးသွားသည်ကို ဘာမှမပြောနိုင်ပဲရပ်ကြည့်နေရသည်။ သူ့ခေါင်းတခုလုံးလည်း ချာချာလည်နေလေပြီ။

“မအေဘေးယုန်…” သူစိတ်ဆိုးမာန်ဆိုးအော်ဟစ်လိုက်လေ၏။ “အရှင်လတ်လတ်အရေခွံဆုတ်ပစ်မယ်…။”

ထိုအချိန်တွင် တောင်ဘက်ဂိုဏ်းသားများသည် နေရာအနှံ့ရှာဖွေပြီးသည့်တိုင်အောင် ပိုင်ရှောင်ချန်း၏ခြေရာကိုပင်မတွေ့ရသေး။ နောက်ဆုံးတွင် စိတ်ငြိမ်ငြိမ်ထားကာ ပိုင်ရှောင်ချန်းရှိနိုင်သောနေရာများကို စဥ်းစားနေကြသည်။

“ပိုင်ရှောင်ချန်းဘယ်မှာပုန်းနေမလဲ…။ တစ်ဂိုဏ်းလုံးလိုက်ရှာနေကြတာပဲ… ဂိုဏ်းကနေထွက်သွားတဲ့ပုံတော့မပေါ်ဘူးကွ… ဒီကောင် တောင်ဘက်ဂိုဏ်းထဲမှာပဲ သေချာပေါက်ရှိနေဦးမယ်…”

“မွှေးရနံ့တိမ်တောင်၊ မြစိမ်းတောင်၊ ခရမ်းဒယ်အိုးတောင်။ ချောင်ချိုချောင်ကြား၊ တွင်းကျိုတွင်းကြားပါမကျန်၊ အိမ်တွေအကုန်လုံးရော၊ အင်မော်တယ်ဂူတွေရောလိုက်ရှာပြီးပြီ…အစေခံတန်းလျားတလျောက်လုံးလည်း မြေလှန်ရှာပြီးပြီ…။ ပိုင်ရှောင်ချန်းမြေလျှိုးသွားတယ်လို့တော့ မဟုတ်လောက်ပါဘူး…။”

ထိုစဥ် ယုန်တကောင်ရုတ်တရက်ပေါ်လာပြီး ပါးစပ်မှတောင်စဥ်ရေမရအော်နေလေ၏။ နောက်ဆုံးစာကြောင်းကိုကြားလိုက်ရသောအခါ ဂိုဏ်းသားများ အံ့သြသွားလေ၏။

“ငါပြောနေတာတွေ လျှောက်မဖွပစ်နဲ့”

ထိုစကားများကိုကြားလိုက်ရသောအခါ လူတိုင်းပါးစပ်အဟောင်းသားနှင့် ယုန်ဘက်သို့လှည့်ကြည့်လိုက်ကြသည်။ ရှမ်ကွမ်းထျန်ယုံနှင့် လုထျန်းလဲ့တို့ကမူ လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး အလျင်အမြန်ထွက်ခွာသွားကြလေသည်။ အခြားဂိုဏ်းသားများသည် ခေါင်းကိုနောက်ပစ်ပြီး ကျေနပ်အားရမှုအပြည့်ဖြင့် ဟက်ဟက်ပက်ပက်ရယ်နေကြလေသည်။

“တော်လိုက်တဲ့ယုန်…”

“ဒီယုန်ကတော်တော်ဒုက္ခပေးတဲ့သောက်တလွဲယုန်ပေမယ့် နောက်ဆုံးတော့ အလုပ်ကောင်းတခုလုပ်လိုက်ပြီပဲ…။”

“ကောင်းပြီ… ဒီနေ့ ဒီယုန်ကိုမသတ်တော့ဘူး… အဲဒီအစား ပိုင်ရှောင်ချန်းကိုသတ်ရမယ်ကွ…”

မကြာမီပင် ထောင်သောင်းချီသောဂိုဏ်းသားများသည် လက်သီးများတင်းတင်းဆုပ်ကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တာအိုသစ်စေ့တောင်ဆီသို့ ချီတက်လာကြလေ၏။

ပိုင်ရှောင်ချန်းသည် စကားပြောသောယုန်ကို ဒေါသထွက်နေလျက် ဂူထဲတွင်ထိုင်နေလေသည်။ ထိုယုန်ကို အကြီးအကဲကျိုး၏ဖီးနစ်ငှက်ထက်ပင်ပို၍ မုန်းနေသည်။ တဆတ်ဆတ်တုန်လျက် ပျံသန်းရန်ဟန်ပြင်နေစဥ် တောင်အောက်ဆီမှ ရုန်းရင်းဆန်ခတ်အော်သံများ ကြားလိုက်ရလေသည်။ အောက်သို့ငုံ့ကြည့်လိုက်သောအခါ သူ့ထံသို့ဦးတည်လာနေသော လူအုပ်ကြီးကိုတွေ့လိုက်ရ၏။ ခေါင်းတခုလုံးပူထူသွားပြီး ဂူထဲတွင် ပုန်းနေရန်ပြင်ဆင်လိုက်၏။

“ငါစိတ်ကုန်ပြီ…။ တော်ပြီ…။ ဒီလောက်ပဲ…။” သူ့ဆရာ၏ ပုံတူရှေ့တွင်ထိုင်နေရင်း ပိုင်ရှောင်ချန်းဒေါသထွက်လာလေ၏။

“ဆရာ။ တပည့်ကိုမကယ်တော့ဘူးလား ဆရာ…။ ဆရာ တပည့်ကိုငဲ့ကြည့်ပါဦး…။ ကျနော်… ဂိုဏ်းအတွက်သွေးနဲ့ချွေးနဲ့ရင်းခဲ့တဲ့ ဂုဏ်ထူးဆောင်တပည့်လေး အရိုက်ခံရပါတော့မယ်…။” သူသည် အလွန်အမင်းသွေးပျက်နေပြီး ပုံတူကိုမော့ကြည့်နေရာမှ ရုတ်တရက် အကြံတခုရလာပြီး မျက်လုံးများအရောင်လက်သွားလေ၏။ သူသည်ဝမ်းသာအားရ လက်ခမောင်းခတ်လိုက်သည်။

“ဟားဟားဟား…။ တပည့်ကို သတိတရရှိပေးတဲ့အတွက် ကျေးဇူးကြီးမားလှပါတယ် ဆရာ…။ တပည့် နားလည်ပါပြီ…။”

ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင်ကျိန်းယွမ်သုန်က တာအိုသစ်စေ့တောင်ထိပ်ရှိ ကျောက်စိမ်းခန်းမထဲတွင် အစည်းအဝေးသဘာပတိအဖြစ် ရောက်ရှိနေသည်။ တောင်ဘက်ဂိုဏ်းချုပ်များနှင့် အကြီးအကဲအားလုံးလည်း ထိုနေရာသို့ရောက်နေကြပြီး သူတို့၏မျက်နှာများမှာ စိုးရိမ်တကြီးဖြစ်နေကြသည်။

အစည်းအဝေးကျင်းပနေသည်မှာ နှစ်နာရီခန့်ရှိသွားပြီဖြစ်ကာ ကျိန်းယွမ်သုန်က ပိုင်ရှောင်ချန်းနှင့် ပက်သတ်၍ သူ၏အမြင်များကိုရှင်းလင်းပြောကြားနေသည်။

“ဂိုဏ်းခေါင်းဆောင်…။ သေချာပြန်စဥ်းစားပါဦး…။ ဂိုဏ်းတူညီလေးပိုင်မှာ မွေးရာပါအံ့အားသင့်ဖွယ်စွမ်းရည်တွေရှိနေပါတယ်…။ သူ့ကိုတောင်ဘက်ဂိုဏ်းထဲထားတာက လုံးဝအသုံးမဝင်ပါဘူး…”

“ဒါအမှန်ပါပဲ…။ ဂိုဏ်းတူညီလေးပိုင်မှာ ဝါရင့်အစ်ကိုတစ်ယောက်ဖြစ်တဲ့ ဂိုဏ်းခေါင်းဆောင်ရှိနေတာမှန်ပေမဲ့ ကျုပ်တို့က မိသားစုတွေပဲမဟုတ်လား…။ ခင်ဗျားအနေနဲ့ ဘက်မလိုက်ဖူးဆိုတာ ကျုပ်တို့သိပါတယ်…။ သူ့လိုမျိုး ပါရမီရှိတဲ့ ကျင့်ကြံသူတယောက်ဟာ မြောက်ဘက်ဂိုဏ်းလိုမျိုး အလားအလာရှိတဲ့နေရာမျိုးနဲ့ပိုပြီး သင့်တော်ပါတယ်…။ မြောက်ဘက်ဂိုဏ်းမှာသာ ဂိုဏ်းတူညီလေးပိုင်က သူ့ရဲ့ပြောင်မြောက်လှတဲ့စွမ်းရည်တွေကို ပိုပြီးတိုးတက်လာအောင်လုပ်ဆောင်နိုင်ပါလိမ့်မယ်…။”

ဂိုဏ်းချုပ်သုံးဦးတည်းသာမက အကြီးအကဲများကပါ ထိုသို့ ဝိုင်းဝန်းတိုက်တွန်းနေကြလေ၏။

ကျိန်းယွမ်သုန်မှာ အတော်လေးခေါင်းစားနေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကြီးငြိမ်သက်နေခဲ့သည်မှာ နှစ်နှစ်ခန့်ရှိနေပြီ။ ပိုင်ရှောင်ချန်းကြောင့် ယခုကဲ့သို့ ဂိုဏ်းတခုလုံး ဝရုန်းသုန်းကားဖြစ်နေလိမ့်မည်ဟု သူတစ်ခါမှမတွေးဖူးချေ။ ယခုတစ်ခေါက် မြွေတစ်သောင်းတောင်ကြားကပ်ဘေးကမူ ပိုင်ရှောင်ချန်းသည် မည်မျှဂြိုလ်မွှေလွန်းသော ဂြိုလ်ကောင်ဖြစ်ကြောင်း သူ့အားလက်ခံသွားစေ၏။

သူတစ်ခုစဥ်းစားမိသည်မှာ ပိုင်ရှောင်ချန်းသည် တောင်ဘက်ဂိုဏ်းသားတယောက်ဖြစ်ပြီး ပြဿနာများလည်း အတော်အတန်ရှာပြီးဖြစ်သောကြောင့် ယခုထက်တော့ ပိုမဆိုးနိုင်တော့ဟူ၍ဖြစ်သည်။ တခြားတစ်ဖက်တွင်လည်း ပိုင်ရှောင်ချန်းအား မြောက်ဘက်ဂိုဏ်းသို့ပို့လိုက်လျှင် နောက်တကြိမ်ဤကဲ့သို့ အစည်းအဝေးလုပ်ရပါက တောင်ဘက်ဂိုဏ်းသာမက မြောက်ဘက်ဂိုဏ်းမှ ဂိုဏ်းချုပ်များနှင့်အကြီးအကဲများပင် ပါလာလိမ့်မည်ဟူ၍ဖြစ်သည်။

သူသည် လည်ချောင်းရှင်းလိုက်ကာ “ဂိုဏ်းတူညီလေးပိုင်က ဆိုးသွမ်းပြီးအနှောက်အယှက်ပေးတတ်တာမှန်တယ်…။ ဒါပေမယ့်လည်း သူဟာ ဂုဏ်ထူးဆောင်ဂိုဏ်းသားတယောက်ဖြစ်တယ်…။ အဟမ်း…။ ဒါတင်မက သူက ငယ်ရွယ်လွန်းတယ်…။ သူ့ကိုတောင်ဘက်မှာပဲဆက်ထားရမယ်…။ တောင်ဘက်ဂိုဏ်းသားအားလုံးကို ကျုပ်ယုံကြည်ပါတယ်…။”

အကြီးအကဲကျိုးသည် သွေးပျက်နေသောမျက်လုံးများနှင့်ပြောလိုက်သည်မှာ
“ဂိုဏ်းခေါင်းဆောင်… ကျုပ်တို့ တောင်းပန်ပါတယ်ဗျာ…”

လီချင်းဟောက်သည် ကျိန်းယွမ်သုန်ဘက်သို့ လက်ယှက်ဂါရဝပြုလိုက်ပြီး သက်ပြင်းချကာ “ဂိုဏ်းခေါင်းဆောင်…။ ရှောင်ချန်းက ရွှယ်ကျဲကော်တုပညာရပ်ကို ကျင့်ကြံနေပါတယ်…။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းကျော်အတွင်းမှာ လူအနည်းငယ်ပဲ အောင်မြင်အောင်ကျင့်ကြံနိုင်ခဲ့ပါတယ်…။ ဒါ့အပြင် ဂိုဏ်းကိုဝင်ရောက်လာခဲ့ပြီး အခုအချိန်ထိ ပိုင်ရှောင်ချန်းမှာ သက်စောင့်ဝိညာဥ်ပဲ လိုအပ်တော့တာပါ…။ ကျုပ်အထင်… သူ့ကိုမြောက်ဘက်ကိုပို့တာ အကောင်းဆုံးလို့ထင်ပါတယ်…”

“အမှန်ပဲ…” မြစိမ်းတောင်၏ဂိုဏ်းချုပ်ကထောက်ခံလိုက်သည်။
“ဂိုဏ်းခေါင်းဆောင်… ပိုင်ရှောင်ချန်းက ရွှယ်ကျဲကော်တုပညာရပ်ကို ကျင့်ကြံနေသလို သူကလက်ရွေးစင်တယောက်လဲဖြစ်တယ်။ အဲဒီပညာရပ်မှာ သူ ဉာဏ်အလင်းရလုနီးနီးလည်းဖြစ်နေပြီ…။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့သမိုင်းကိုကြည့်ရမယ်ဆိုရင် သူက တမူထူးခြားတဲ့နေရာကိုရောက်နေပြီ…။”

“ဂိုဏ်းခေါင်းဆောင်…” အကြီးအကဲကျိုးက ဆက်၍ “ဂိုဏ်းတူညီလေးရဲ့တိုးတက်မှုကို မပိတ်ပင်ပါနဲ့…။ ဂိုဏ်းရဲ့ နှစ်ပေါင်းတစ်သောင်းအတွင်း အကြီးမားဆုံး ဆုံးရှုံးမှုကြီးဖြစ်သွားနိုင်ပါတယ်…။” တခြား အကြီးအကဲများကလည်း သဘောတူညီကြောင်း ထောက်ခံပြောကြားကြလေသည်။

အားလုံးစိတ်အားထက်သန်နေကြသည်ကို သိလိုက်ရသောအခါ သူ၏မူလအကြံအတိုင်းဆက်သွား၍မဖြစ်နိုင်ကြောင်း ရိပ်မိလိုက်လေ၏။ ခဏမျှစဥ်းစားပြီးနောက် သူသည် ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး တခြားနည်းလမ်းတခုဖြင့် ငြင်းပယ်ရန်ကြံလေ၏။ ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ ဂိုဏ်းသားတယောက်အော်လိုက်သံကို ကြားလိုက်ရလေသည်။

“ဂိုဏ်းခေါင်းဆောင် အခြေအနေမကောင်းတော့ဘူး…။ ဂိုဏ်းတူဦးလေးပိုင်က ခေါင်းဆောင်ကြီးရဲ့ဂူထဲ ရောက်နေတယ်…။ သူ… သူက”

ခန်းမထဲရှိလူများ ပါးစပ်အဟောင်းသားဖြစ်နေကြပြီး နတ်ဘုရားအာရုံများ ဖြန့်ကျက်သွားပြီး ဂူဆီသို့ရောက်သွားကြ၏။ အခြေအနေကို သူတို့မြင်သောအခါ သူတို့မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာလေ၏။ ကျိန်းယွမ်သုန်မှာ အခြေအနေ ဆိုးရွားကုန်ပြီဟု ခံစားလိုက်မိလေသည်။ သူ၏နတ်ဘုရားအာရုံကို ဂူထဲသို့ လွှင့်လိုက်သောအခါ သူ့မျက်လုံးများအဆမတန်ပြူးကျယ်သွားပြီး ပေါက်ကွဲထွက်တော့မလား ထင်ရလေသည်။ ထို့နောက် အလွန်အမင်းဒေါသထွက်လာလေ၏။

” ဒီခွေးကောင်လေး…။ ကောင်းပြီ မင်းတို့ပြောတာလက်ခံတယ်…။ ဒီကောင့်ကို မြောက်ပိုင်းကိုပို့လိုက်….။”


Comment

Leave a Reply

Options

not work with dark mode
Reset