Switch Mode

အခန်း ( ၁၁၄ )

လီချင်းဟောက် နားလည်ခဲ့ပြီ

“ဘာလို့အခုလိုဖြစ်နေတာလဲ…” သူသည်မျက်ရည်များကျလုဆဲဆဲဖြစ်နေပြီး နဖူးမှချွေးများကိုသုတ်လိုက်ကာ အံကိုတင်းလျက် ဆေးဆက်ဖော်နေသည်။ အပြင်မှ တဒုန်းဒုန်းထုသံများ ဆူညံနေသည်။

သူ၏ရည်မှန်းချက်မှာ ကပ်ဘေးကြီးတခုပေါ်ပေါက်လာစေရန်မဟုတ်ပေ။ သူ့စိတ်ထဲတွင် မြွေများ၏ပါးစပ်ကို ပိတ်သွားစေလိုခြင်းသာရှိသည်။ သူ့အနေဖြင့် တခုခုကတော့ အကြီးအကျယ်မှားယွင်းနေပြီဟု ခံစားနေရ၏။

ထိုအတွက် သူသည် ပြဿနာကိုဖြေရှင်းရန် ရိုးရှင်းသောနည်းလမ်းတခုကိုရှာတွေ့ပြီဟု ထင်ခဲ့မိသည်။ မြွေများ၏ပါးစပ်ပေါက်ကိုပိတ်ခြင်းသည် ဆိုးရွားပြင်းထန်လှသောဘေးထွက်ဆိုးကျိုးများ ယူဆောင်လာမည်မှန်း စိတ်ပင်မကူးမိချေ။

အခြေအနေများဆိုးရွားလာနေသည့်အတွက် အဆိပ်ဖြေဆေးမဖော်စပ်နိုင်မီ ယာယီဖြေဆေးတခုဖော်စပ်ရန် ပြင်လိုက်သည်။ ရိုက်နှက်ခြင်းဖြင့်ပြဿနာကိုဖြေရှင်းဖို့ ကြိုးစားခဲ့သော်လည်း မြွေများ၏ခန္ဓာကိုယ်သည် အဆမတန်အစွမ်းထက်လာလိမ့်မည်ဟု လုံးဝမတွေးဖူးချေ။ မြင်တွေ့နေရသည်များအရ မန္တန်ဝင်္ကပါက ဆက်လက်၍ကြာကြာထိန်းထားနိုင်တော့မည်မဟုတ်ပေ။

သူ၏နှလုံးခုန်နှုန်းမှာကြောက်စိတ်ကြောင့် ပုံမှန်ထက်မြန်နေပြီး သူ၏မျက်လုံးများမှာ သွေးပျက်နေပြီဖြစ်သည်။ သူသည် အရာအားလုံးကို ယခင်အခြေအနေသို့သာ ပြန်ရောက်စေချင်နေသည်။ မြွေများတချိန်လုံးရှူးရှူးရှဲရှဲလုပ်နေကြလည်း သူ့အတွက်ကိစ္စမရှိတော့။

နောက်နှစ်ရက်ခန့်ကြာသောအခါ မြွေများ၏အဆက်မပြတ်တိုက်ခိုက်နေမှုကြောင့် မန္တန်ဝင်္ကပါမှအက်ကွဲသံများသည် ပို၍ပြင်းထန်လာနေသည်။ ဒိုင်းကာပေါ်တွင် အက်ကြောင်းများစတင်ပေါ်ပေါက်လာလေ၏။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် လက်ထဲတွင်ဆေးလုံးနှစ်လုံးကိုင်ကာ ကျောက်တုံးအိမ်ထဲမှပြေးထွက်လာခဲ့လေ၏။

“ဒီတခါတော့ အခြေအနေအားလုံးကို အကောင်းအတိုင်းဖြစ်အောင်ပြန်ပြင်ရမယ်…။” သူကအော်ပြောလိုက်သည်။ “မြွေတသောင်းတောင်ကြား၊ မင်းပုံမှန်ပြန်ဖြစ်ဖို့အချိန်ရောက်ပြီ…။” စိတ်ဖိစီးမှုသည်တဖြည်းဖြည်းမြင့်တက်လာနေပြီး မိန်းမောတွေဝေစွာဖြင့် မန္တန်ဝင်္ကပါအပြင်သို့ ဆေးလုံးများပစ်ပေါက်လိုက်သည်။ ဆေးလုံးများသည် လေထဲတွင်ပေါက်ကွဲသွားပြီး အစိမ်းရောင်အမှုန့်များအဖြစ် အရပ်ရှစ်မျက်နှာအနှံ့လွင့်ပျံသွားလေသည်။

ဆေးမှုန့်များနှင့်ထိမိလျှင်ထိမိခြင်း မြွေများတဆတ်ဆတ်တွန့်လိမ်လာကြသည်။ ထို့နောက်မြေကြီးပေါ်သို့တဘုတ်ဘုတ်နှင့် ပြုတ်ကျကုန်ကြလေ၏။ မြွေများ၏ခန္ဓာကိုယ်များမှအစွမ်းများ လျင်မြန်စွာပျောက်ကွယ်ကုန်၏။

ဆေးမှုန့်များသည် ဂူတခုလုံးကိုဖုံးလွှမ်းသွားပြီး သွေးနတ်ဘုရားမြွေဟောက်ဆီသို့ပါ ပျံ့နှံ့ကုန်၏။ မြွေများနုံးချည့်စွာ ခွေလဲကျကုန်တော့မှ ပိုင်ရှောင်ချန်းသက်ပြင်းချနိုင်တော့၏။ ထိုအချိန်၌ သူသည် တာအိုဆေးပညာရပ်ကို အလွန်တရာလေးစားသွားပြီး တချိန်တည်းမှာပင် ထိုဆေးပညာရပ်ကို သူကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်နေခြင်းအပေါ် များစွာဂုဏ်ယူနေမိတော့သည်။

အသက်ကိုဝအောင်ရှူလိုက်ရင်းက သူရေရွတ်လိုက်သည်မှာ “ထုံးစံအတိုင်းပဲ… ငါဟာ…”

သို့သော်၊ စကားပင်မဆုံးသေးခင် အနီးအနားရှိ မြွေပွေးတစ်ကောင်ကိုမြင်လိုက်ရ၍ လန့်ပြီးခုန်မိသည်။

“ဒါ…ဒါ…ဒါဟာ…” မျက်လုံးများပြူးကျယ်လာပြီး မယုံမကြည်နိုင်ဖြစ်နေသဖြင့် သူရေရွတ်လိုက်သည်။

ထိုမြွေပွေး၏ ထိပ်မှ ရှည်လျားသောဦးချိုတခုပေါက်လာနေပြီး နာကျင်မှုကြောင့်ထွန့်ထွန့်လူးနေသည်။

“မြွေတွေမှာ ချိုတွေပေါက်လာကြပါ့လား…” စိတ်ပျက်နေသောအသံဖြင့် အော်ငိုလိုက်သည်။ ခေါင်းကိုမိုးကြိုးပစ်ခံလိုက်ရသည့်အလား ပူထူသွားလေ၏။ မြွေများအားလုံးနာကျင်မှုကြောင့်လူးလွန့်နေကြပြီး သူတို့သာအသံထွက်အော်နိုင်ပါမူ သူတို့အော်သံကြောင့် လိပ်ပြာလွင့်သွားနိုင်သည်။

မကြာမီပင် မြွေများအားလုံး၏ ထိပ်တွင် ချိုများပေါက်လာခဲ့လေ၏။ ထို့ပြင် သူတို့ခန္ဓာကိုယ်မှာလည်း ပို၍သန်စွမ်းလာသည်ဟုထင်ရသည်။

အံ့အားသင့်စရာဦးချိုများပေါက်လာခြင်းအပြင် သူတို့အားလုံးသည် ဘေးပတ်လည်ကို ပြင်းထန်စွာ ထုရိုက်နေကြ၏။ မကြာမီ ဂူနံရံတွင်အပေါက်ကလေးများဖြစ်လာလေ၏။

သွေးနတ်ဘုရား မြွေဟောက်သည်လည်း အလားတူ ပြုမူနေလေ၏။ သုံးပေရှည်သောခေါင်းနှင့်မြွေမှာမူ ၎င်း၏ခေါင်းမှချိုကြီးပေါက်လာသောကြောင့် ပြင်းပြင်းထန်ထန်ခါယမ်းနေလေ၏။ ချိုများသည်ချွန်ထက်မည့်ပုံ မပေါ်သော်လည်း ပိုင်ရှောင်ချန်းမှာ ငေးမကြည့်ဘဲ မနေနိုင်ပေ။ မြွေများသည် ပို၍သာသောင်းကျန်းနေကြပြီး သူတို့၏အရေပြားမှာလည်း မပေါက်ပြဲနိုင်တော့သည်ကို ပိုင်ရှောင်ချန်းတွေ့လိုက်ရသည်။

မြွေများသည် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြရာ ပေါက်ကွဲတော့မတတ်တဒုန်းဒုန်းမြည်သံများ ပေါ်ထွက်လာနေလေ၏။ မြွေများသည် မြွေတသောင်းတောင်ကြားမှလွတ်မြောက်ရေးအတွက် သူတို့ခေါင်းပေါ်ရှိဦးချိုများကို သုံးကာ တူးဖော်နေကြလေ၏။

မြွေတစ်သောင်းတောင်ကြားသည် မွှေးရနံ့တိမ်တောင်၏အနောက်ဘက်တွင်တည်ရှိနေသည်။ မြွေများသည် ဦးတည်ရာမဲ့စွာ မြေအောက်လှိုဏ်ခေါင်းများတူးဖော်နေကြရာ ခရမ်းဒယ်အိုးတောင်နှင့် မြစိမ်းတောင်ဘက်ဆီသို့ပါ ဦးတည်နေကြလေပြီ။

မြွေ ၃၀ရာခိုင်နှုန်းခန့်သာ မွှေးရနံ့တိမ်တောင်ဘက်ဆီသို့ ဦးတည်နေကြသည်။

မရေမတွက်နိုင်အောင်များသောမြွေများ လှုိဏ်ခေါင်းများထဲမှ ထိန်းမနိုင်သိမ်းမရထွက်လာလျှင် တောင်သုံးလုံးတွင် မည်ကဲ့သို့ဖြစ်နေမည်ကို ကြိုတင်တွက်ဆ၍ရပေသည်။

ဘုန်း…

ပိုင်ရှောင်ချန်းသည် မြေပေါ်တွင်စိတ်ပျက်လက်ပျက်ထိုင်ချလိုက်ပြီး ဘာမှမရှိတော့သောဂူကို လှည့်ပတ်ကြည့်နေသည်။

“ငါလည်းဒီလောက်ပဲတတ်နိုင်တယ်…”

မြွေများသည် မြေကြီးထဲရှိအက်ကွဲကြောင်းများထဲမှနေ၍ တောင်သုံးလုံးဆီသို့ မကြာမီအချိန်အတွင်း ရောက်ရှိလာကြသည်။ မရေမတွက်နိုင်အောင်များသော ဦးချိုရှိပြီး မျက်လုံးများဖောင်းထွက်နေသောမြွေများသည် တောင်ဘက်ဂိုဏ်းသားများကို ထိတ်လန့်သွားစေ၏။ နှစ်ပေါင်းများစွာတိတ်ဆိတ်အေးချမ်းနေခဲ့ပြီး ယခုမူ ဂိုဏ်းသားများအားလုံး ရုတ်ရုတ်သဲသဲဖြစ်နေကြပြန်ပြီ။

မြစိမ်းတောင်ပေါ်ရှိ ဝိညာဥ်ဓားခန်းမအပြင်ဘက်တွင် ထောင်ပေါင်းများစွာသောဂိုဏ်းသားများသည် အသေးစားပြိုင်ပွဲတခုတွင်ယှဥ်ပြိုင်နေကြသော ဂိုဏ်းသားနှစ်ဦးကို အားပေးနေကြလေ၏။ သူတို့ထဲမှတယောက်သည် အနိုင်ရလုဆဲဆဲမှာပင် သူ၏ခြေထောက်အောက်မှ ဦးချိုတချောင်းထွက်လာပြီး တဆက်တည်းမှာပင် မျက်ဝန်းတွင်အဆိပ်ခိုးများနှင့်ပြည့်နေမြွေပွေးတကောင်ပေါ်လာ၏။ မြွေသည် အနိုင်ရခါနီးဂိုဏ်းသား၏ ခြေထောက်ပေါ်သို့ရစ်ပတ်ကာတွယ်တက်နေရာ အားလုံးထိတ်လန့်စွာငေးကြည့်နေကြလေ၏။

ဂိုဏ်းသားသည် လန့်ဖျန့်ကာအော်ဟစ်လိုက်ပြီး ကြောက်လန့်တကြားထခုန်လိုက်လေသည်။ နောက်ထပ်မြွေများထပ်ထွက်လာသောကြောင့် နောက်ထပ်အော်သံများထပ်ပေါ်လာလေ၏။

“ဘာတွေဖြစ်နေတာလဲ…။ သူတို့ဘာလို့ ဆက်မတိုက်ခိုက်ကြတော့တာလဲ…။”

“ဘုရားရေ…။ ဒီမြွေတွေကိုကြည့်စမ်းပါဦး…။ မြွေတွေဒီလောက်အများကြီး ဘာလာလုပ်ကြပါလိမ့်…။ ပြီးတော့ သူတို့မှာ ချိုတွေနဲ့ပါလား…။”

“ဘုရားရေ… ဘာတွေဖြစ်နေတာလဲ…။ ဘာတွေဖြစ်ကုန်ပြီလဲ…။ ကျုပ်ရဲ့မှော်ပစ္စည်းတွေတောင်မှ ဒီမြွေတွေကိုမတားဆီးနိုင်တော့ပါလား…။”

တချိန်တည်းမှာပင် မြစိမ်းတောင်ထိပ်ရှိ အတွင်းစည်းဂိုဏ်းသားများနေထိုင်ရာတွင် ဝါရင့်အတွင်းစည်းဂိုဏ်းသားတယောက်သည် သူ၏အင်မော်တယ်ဂူထဲတွင် တင်ပျဥ်ခွေထိုင်ကာ တရားကျင့်လျက်ရှိသည်။ ရုတ်တရက် မြေကြီးမှာတုန်လှုပ်လာပြီး ဂိုဏ်းသား၏မျက်လုံးများ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားသည်။ ထို့နောက်ငယ်သံပါအောင် ကျယ်လောင်စွာအော်ဟစ်လိုက်လေ၏။

“အား….။ အဲ့တာဘာကောင်ကြီးလဲ…။”

“မြွေပဲ…။ မြွေကမြေတွင်းတူးပြီးထွက်လာတယ်…။

အခြားအင်မော်တယ်ဂူများဆီမှလည်း ထိုနည်းလည်းကောင်း အော်ဟစ်သံများထွက်ပေါ်လာ၏။ ရှမ်ကွမ်းထျန်ယုံ၏ အင်မော်တယ်ဂူမှလည်း အော်သံများထွက်ပေါ်လာခဲ့လေ၏။ သူ၏အသံမှာ နှစ်ပေါင်းများစွာပုန်းအောင်းနေသော အနာတခု ပေါက်ကွဲထွက်လာသည်နှင့်တူလေ၏။

အတွင်းစည်းဂိုဏ်းသားများဘက်မှလည်း ထို့အတူပင်ဖြစ်သည်။ မရေမတွက်နိုင်အောင်များပြားသောမြွေများ မြေကြီးထဲမှတိုးထွက်လာရာ ကြောက်ရွံ့ထိတ်လန့်နေကြသည်။ မြစိမ်းတောင်အကြီးအကဲများပင်လျှင် အလွန်အမင်းအံ့အားသင့်နေကြလေတော့၏။ တောင်ထိပ်သခင်အဘိုးကြီးသည်လည်း လေထဲသို့ပျံတက်သွားပြီး မြစိမ်းတောင်ကို ဖုံးလွှမ်းထားသော များပြားလှသောမြွေအုပ်ကြီးကို အံ့အားသင့်စွာ ငေးကြည့်နေ၏။

ခရမ်းဒယ်အိုးတောင်ပေါ်တွင်လည်း အခြေအနေမကောင်းပေ။ စိတ်တိုနေသောဂိုဏ်းသားများသည် ဒေါသတကြီးအော်ဟစ်နေကြကာ မှော်ပစ္စည်းများကို ဟိုဒီလျှောက်ပစ်နေကြသည်။ သို့သော် မြွေများကို ဘာမှသက်ရောက်မှုမရှိပေ။

လျှပ်စီးများဝန်းရံထားသောလုထျန်းလဲ့သည် သူ၏ဘောင်းဘီထဲမှ ဦးချိုနှင့်မြွေတကောင်ကို ဆွဲထုတ်နေသည်။ ထိုမြွေကို အမှုန့်ချေပစ်ရန် သူကြိုးစားသော်လည်း မြွေမှာဘာမှမဖြစ်ချေ။

“ဘယ်လိုဖြစ်ရတာလဲ…။ ချီးပဲ…။ ဘာလို့မြွေတွေအများကြီးရောက်လာရတာလဲ…။”

“နေပါဦး…။ ငါးညှီနံ့တောင်ရလာသလိုပဲ…။”

ခရမ်းဒယ်အိုးတောင်နှင့် မြစိမ်းတောင်ပေါ်မှဒေါသတကြီးအော်သံများက ရွှီမေ့ရှန်းအား ကြက်သီးဖျန်းဖျန်းထစေ၏။

“စုံစမ်းကြ…။” သူမအော်ဟစ်အမိန့်ပေးလိုက်သည်။ “ဒီကိစ္စကိုချက်ခြင်းစုံစမ်းစစ်ဆေးပြီး ဘာတွေဖြစ်နေလဲသိအောင်လုပ်ကြစမ်း…။”

မွှေးရနံ့တိမ်တောင်ပေါ်မှအော်ဟစ်နေသံများသည် ကောင်းကင်မှပင်ကြးရနိုင်လောက်၏။ ရွှီပေါက်ချိုင်သည်အသံပြဲကြီးနှင့်အော်ဟစ်နေပြီး ကျိုးရှင်းချီသည် လွန်စွာအံ့အားသင့်လျက် လေထဲသို့ပျံတက်သွားလေ၏။

ဟိုရှောင်မေ့နှင့် ဟိုယွင်ဖေးတို့သည်လည်း လေထဲသို့ပျံတက်သွားကြလေ၏။ ဂိုဏ်းသားများသည် ဒေါသတကြီး မှော်ပစ္စည်းများဖြင့် ပစ်ပေါက်နေကြသည်။ သို့သော် မွှေးရနံ့တိမ်တောင်သည် အပင်နှင့်အသီးအရွက်များကြောင့် နာမည်ကြီးသည်ဖြစ်ရာ ဂိုဏ်းသားအချို့သည် ဆေးလုံးများဖြင့် ပစ်ပေါက်ကြလေ၏။ ထိုအခါ ဆေးလုံးများသည် သာမန်ဆေးလုံးများဖြစ်သော်လည်း မြွေများကိုထိသွားသောအခါ မြွေများကြောက်လန့်တကြားပြေးလွှားကုန်ကြလေ၏။

ထွက်ပြေးသွားသောမြွေများသည် မြစိမ်းတောင်နှင့် ခရမ်းဒယ်အိုးတောင်သို့ ဦးတည်ထွက်ပြေးကုန်ကြလေ၏။

“ဘာဖြစ်သွားတာလဲ…။ ဘာလို့သူတို့ထွက်ပြေးကုန်ကြတာလဲ…။”

“ဒါဟာသဘာဝဘေးတခုပဲလား…။ ဒါမှမဟုတ်လူတယောက်ယောက်ကြောင့်ဖြစ်လာတာလား…။ ပိုင်ရှောင်ချန်းကို မြွေတစ်သောင်းတောင်ကြားဆီ နယ်နှင်ဒဏ်ပေးပြီးကတည်းက အရာအားလုံးငြိမ်းချမ်းနေတာ…။ ဘယ်လိုဖြစ်လို့…။ နေပါဦး…။ မြွေတစ်သောင်းတောင်ကြား… ပိုင်ရှောင်ချန်းကမြွေတစ်သောင်းတောင်ကြားမှာရောက်နေတာ…။”

လူများအံ့အားသင့်နေကြစဥ် ရှည်လျားသောနားရွက်ရှိသောယုန်တကောင် ဘယ်ကမှန်းမသိရောက်လာလေ၏။ ထိုယုန်သည် ပြောသမျှစကားများကို နားထောင်နေပုံရသည်။ ရုတ်တရက် ထိုယုန်သည် ကျယ်လောင်စွာအော်ဟစ်ကာ တောင်သုံးလုံးပေါ်သို့ ပတ်ပြေးနေလေ၏။

“ဘုရားရေ… ငါ့ဖင်တော့…”

“ချီးပဲ… ဒီမြွေကိုသတ်ပစ်မယ်…”

“အား…။ ရွှီပေါက်ချိုင်ဆိုတဲ့နာမည်ကိုကြားတာနဲ့ လူတွေရယ်နေစေရမယ်…။”

ထွက်သွားစမ်း မြွေဆိုးတွေ…။ ကျုပ်က မြစိမ်းတောင်ရဲ့အတွင်းစည်းဂိုဏ်းလက်ရွေးစင် ရှမ်ကွမ်းထျန်ယုံပဲ…။ ဒီနေ့ကစပြီး ကျုပ်တို့ကြားမှာ လုံးဝမကျေအေးနိုင်တဲ့ ရန်စတခုရှိလာပြီ…။”

“ဘယ်လိုအံ့သြစရာမြွေတွေလဲ…။ ကျုပ် လုထျန်းလဲ့သာ မြွေတကောင်ဆိုရင် အခုချက်ခြင်းထွက်ပြေးနေပြီ…။ ဟဲ့ ဟဲ့…။”
“ဟားဟားဟား……။ ဒီဆေးလုံးက မယုံနိုင်စရာပဲ။ ငါ… ပိုင်ရှောင်ချန်းက အင်မတန်တော်တာပဲ။ ဒီယုန်က တကယ်ပဲ စကားပြောနိုင်တယ် ”
” မြွေဟောက်လီ… လူလိမ်လီ..ခင်ဗျားကြီး ကျုပ်ကို ဒီနေရာထဲပစ်ထည့်ခဲ့တုံးက ဒီလိုဘာမှမဟုတ်တဲ့ မြွေလေးတွေကို ကျုပ်က မကိုင်တွယ် မဖြေရှင်းနိုင်ဘူးများထင်နေလား။ ဒီရတနာ ဆေးလုံးလေးဖော်စပ်ပြီးတဲ့အချိန်ထိပဲစောင့်ဗျာ။ အဲ့ကျမှ ခင်ဗျားကြီးရဲ့မြွေဆိုးလေးတွေကို သင်ခန်းစာပေးပြမယ်။ ဟွန်း.. ဒီဆေးလုံးဖော်ပြီးရင် ဒီမြွေတွေကို ဦးဆောင်ပြီး ကမ္ဘာကြီးက်ို မသိမ်းပိုက်နိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ…ဟမ် ”
မကြာမီပင် ယုန်ဆီမှစကားများသည် တောင်သုံးလုံးဆီသို့ ပျံ့နှံ့သွားလေ၏။ ထိုအခါ ဂိုဏ်းသားများသည် လွန်စွာမှဒေါသထွက်လာကြလေသည်။

“ပိုင်ရှောင်ချန်း…။”

“ပိုင်ရှောင်ချန်းကို သတ်ပစ်…။”

“ဒါဆို ဒီကောင့်လက်ချက်ပဲကွ…။ လက်စားချေဖို့ မြွေတွေကိုကျုပ်တို့ဆီ သူလွှတ်လိုက်တာပဲ…။”

ရှမ်ကွမ်းထျန်ယုံနှင့် လုထျန်းလဲ့တို့ဆီမှ ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးများပင်ထွက်လာလေ၏။ တောင်သုံးလုံး၏ ဂိုဏ်းသားများသည် ဒေါသမီးတောက်နေကြပြီဖြစ်ပြီး ယခုကိစ္စသည် အက်စစ်မိုးရွာစေခဲ့တုန်းကထက် အတော်ပင်ဆိုးရွားနေပြီဖြစ်သည်။

လီချင်းဟောက်သည် ဖြစ်ပျက်နေသမျှကို စိတ်ပျက်လက်ပျက်ငေးကြည့်နေမိ၏။ ထို့နောက် ပိုင်ရှောင်ချန်းတစ်ယောက် ဂိုဏ်းသို့ စတင်ဝင်ရောက်လာချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တွေးနေမိသည်။

အစေခံဘဝတုန်းက သူသည်အပြင်စည်းဂိုဏ်းသို့ဝင်ခွင့်နေရာများ ရောင်းစားခဲ့ရာ လူအများ ဒေါသထွက်ရဖူးသည်။ အစေခံအသိုင်းအဝိုင်းတခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်အောင်လုပ်ခဲ့ဖူး၏။

သူအပြင်စည်းဂိုဏ်းသားဖြစ်လာပြီးနောက် ဝိညာဥ်အမြီးကြက်ကိစ္စနှင့် ပြဿနာတက်ခဲ့ဖူးသည်။ ထို့နောက်အကြီးအကဲကျိုး၏ ဖီးနစ်ငှက်ကိစ္စ…။ များပြားလှသော ဂိုဏ်းသားများကို ဒေါသထွက်စေခဲ့ပြီး တတောင်လုံးရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရ၏။

ထို့နောက် အတွင်းစည်းဂိုဏ်းသားဖြစ်လာသောအခါတွင်လည်း သူသည် မိုးကြိုးလျှပ်စီးများကျရောက်လာစေခဲ့သည်သာမက တောင်တခုလုံးရှိတိရစ္ဆာန်များကို စိတ်ရူးပေါက်အောင်လည်းပြုလုပ်ခဲ့ပြီး အက်စစ်မိုးရွာအောင်လည်းလုပ်ခဲ့သေးသည်။ ထို့နောက် တောင်သုံးခုလုံး ကမ္ဘာပျက်နေအောင်လုပ်နေပြန်ပြီ။

သို့သော်လည်း ပိုင်ရှောင်ချန်းအား မြွေတစ်သောင်းတောင်ကြားသို့ နှင်လွှတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ပြဿနာကြီးဖြစ်လာလိမ့်မည်ဟု သူတခါမှမစဥ်းစားမိခဲ့ချေ။ ယခုမှာမူ မြွေတစ်သောင်းတောင်ကြားရှိ မြွေများအားလုံး တောင်ဘက်ဂိုဏ်းဆီသို့ရောက်လာခဲ့လေပြီ။

ထိုအခါမှ လီချင်းဟောက်သည် ပိုင်ရှောင်ချန်းနှင့် ပထမဆုံးတွေ့ခဲ့ရစဥ်က တောင်ခြေရှိရွာသားများသည် ပိုင်ရှောင်ချန်းထွက်သွားသည့်အတွက် ပျော်ပွဲရွှင်ပွဲများကျင်းပနေကြောင်းကို သတိရမိသွားသည်။

နောက်ဆုံးတွင်မူ ရွာသားများနေရာမှ ကိုယ်ချင်းစာတတ်ခဲ့ပေပြီ…။

Comment

Leave a Reply

Options

not work with dark mode
Reset