လီဝမ်အာ၏ အေးစက်စက် အမူအရာနှင့် ခမ်းကြီးနားကြီး စကားသံကြောင့် သူမအား ကြိုဆိုရန် ရောက်လာကြသည့် လူတိုင်းမှာ ဇဝေဇဝါ ဖြစ်သွားကြပြီး ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့ကို စိုက်ကြည့်နေကြတော့သည်။
အထူးသဖြင့် လီဝမ်အာသည် ဒုပဏာမအဆင့်သုံးအရာရှိတစ်ယောက်အနေနှင့် ရောက်လာခြင်း မဟုတ်ဘဲ လက်ထောက်မြို့တော်သခင် ဖြစ်လာခဲ့စဉ်တုန်းက ပဏာမအဆင့်သုံးရာထူးဆီသို့ ရာထူးတိုးခံခဲ့ရသည် ဖြစ်ကြောင်းကို လူများစွာက သိရှိထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့နှင့် အဆင့်အတန်း အတူတူဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ လက်တွေ့တွင် သူတို့နှစ်ယောက်၏ ရာထူးမှာ ကွဲပြားနေပါသော်လည်း ဤမြို့တော်ကြီး တစ်ခုလုံးထဲ၌ လီဝမ်အာတစ်ယောက်သာလျှင် ဝမ်ပေါင်လဲ့အား အာဏာဖီဆန်ခွင့် ရှိနေသည်ဖြစ်သည်။
သူမလို လူမျိုးမှာ ယခုလေးတင်မှ ရောက်ရှိလာပါသော်လည်း သူမ၏လေးသံမှာ အေးတိအေးစက်နှင့် တင်းမာနေပြီ မဟုတ်ပါလော။ တစ်ချိန်ထဲမှာပင် သူမသည် ကြောက်မက်ဖွယ်ရာ ဌာနကြီးတစ်ခုဖြစ်သည့် ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနအား တာဝန်ယူရမည်ဖြစ်ရာ လူတိုင်းမှာ အထိတ်တလန့် ဖြစ်သွားရ၏။
ထို့ကြောင့် ပတ်ဝန်းကျင်ကြီး တစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ခုန်းဝောာက်မှာလည်း မျက်မှောင်ကြုတ်မိသွား၏။ သူသည် ယခင်တုန်းက လီဝမ်အာ၏ ရောက်ရှိလာမှုကို သိပ်၍ ဂရုမစိုက်ခဲ့ပါသော်လည်း ယခုတွင်မူ သူမသည် ဟိတ်ဟန်အပြည့်ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူသည် တစုံတစ်ခုကို တွေးမိလိုက်သကဲ့သို့ ဖြစ်သွားပြီး မျက်လုံးများ မှေးသွားရတော့သည်။ သူသည် စဉ်စားဉာဏ်မရှိသော လူတစ်ယောက် မဟုတ်ပေ။
ခုန်းဝောာက်မှာ မည်သူ့ကိုမှ ဂရုမစိုက်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ ရာထူးတိုးအောင် ကူညီပေးခဲ့သည်ဖြစ်၍ သူသည် ဝမ်ပေါင်လဲ့ဘက်မှ ထောက်ခံပေးမည်သာဖြစ်သည်။ ထို့ကြောင့် သူသည် ယခုလေးတင်မှရောက်လာသော လီဝမ်အာအား မနှစ်မြို့တော့ပဲ ဆန့်ကျင်ချင်စိတ်များ ပေါ်ပေါက်လာတော့သည်။
လင်းတျန်ဟောက်မှာဆိုလျှင် ပို၍ပင် ဆိုးနေပြီဖြစ်သည်။ သူ၏ ဖခင်နှင့် လီဝမ်အာတို့၏ ဖခင်တို့ နှစ်ယောက်စလုံးမှာ လွှတ်တော်မှ ဖြစ်ကြပါတော့လည်း ထိုကိစ္စမှာ ယခင်မျိုးဆက်မှ လူကြီးများ၏ ကိစ္စသာဖြစ်သောကြောင့် သူနှင့်သက်ဆိုင်မှုမရှိကြောင်း ခံယူထား၏။ ထို့ကြောင့် သူသည်လည်း မျက်ခုံးများပင့်သွားရတော့သည်။ သို့သော် ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့ကြားရှိ ဆက်ဆံရေးနှင့် ပတ်သတ်၍ သူမှန်းဆခဲ့သည့် ခန့်မှန်းချက်ကို ပြန်၍တွေးမိသွားသောအခါ သူသည် မျက်တောင်တဖျတ်ဖျတ် ခပ်မိသွားပြီး ဤကိစ္စကြီးမှာ အလွန်အင်မတန်မှရှုပ်ထွေးပြီး အပြည့်အဝနားလည်ရန် မဖြစ်နိုင်ကြောင်း မှတ်ယူလိုက်တော့သည်။
ကျင့်သိုမင်မှာလည်း တအံ့တဩဖြစ်နေရပြီဖြစ်သည်။ သူ၏ အတွေးထဲတွင် လီဝမ်အာမှာ စိတ်ဆတ်ပါသော်လည်း မဆင်မခြင် ပြုမူတတ်သည့် လူတစ်ယောက်မဟုတ်ပေ။ သို့ဖြစ်ရာ သူမသည် စရောက်လာသည့် အချိန်ကတည်းက ထိုကဲ့သို့သော စကားများကို ပြောဆိုနေသည်မှာ ယုတ္တိလုံးဝ မရှိပေ။
” သူက ဟန်ပြလုပ်နေတာများလား ” ကျင့်သိုမင်မှာ မယုံသင်္ကာဖြစ်သွားရ၏။ ဝမ်ပေါင်လဲ့မှာမူ သူ၏ နှလုံးသားထဲ၌ ရှုပ်ထွေးနေသည့် ခံစားချက်အများစုမှာ ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် သူသည် အေးစက်စက်မျက်ဝန်းများဖြင့် လီဝမ်အာကို တင်းမာခက်ထန်စွာ စိုက်ကြည့်လိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် စကားတစ်ခွန်းမှမပြောဘဲ နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
အကယ်၍ ဝမ်ပေါင်လဲ့သာ စကားတစ်ခွန်းခွန်း ပြောခဲ့မည်ဆိုပါက ထိုအခြေအနေကြီးမှာ ရှင်းလင်းသွားမည် ဖြစ်ပါသော်လည်း သူသည် စကားလုံးဝမပြောဘဲ ထွက်ခွာသွားခဲ့သည် မဟုတ်ပါလော။ ထို့အပြင် သူ၏ပုံစံမှာ သူသည် နတ်ဘုရားလက်နက် မြို့တော်အသစ်ကြီးအား လွှမ်းမိုးခြယ်လှယ်ခွင့် အပြည့်ရှိနေကြောင်း အသိပေးနေသည့်ပုံ ပေါက်နေ၏။ လင်းတျန်ဟောက်နှင့် ခုန်းတောက်တို့မှာလည်း နောက်သို့လှည့်ကာ သူနှင့်အတူ ထွက်ခွာသွားတော့သည်။ ကျင့်သိုမင်ကမူ ချီတုံချတုံ ဖြစ်နေပြီးမှ လီဝမ်အာအား ကြည့်၍ အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးမှ နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
အခြားသူများမှာမူ ထိပ်တန်းအဆင့် အရာရှိများ၏ကြား၌ ဖြစ်ပွားနေသော အသံတိတ်တိုက်ပွဲကြီးကို သတိထားမိသောကြောင့် သူတို့နားသို့ မသွားရဲကြတော့ပေ။ ထို့ကြောင့် သူတို့မှာ သူမအား နှုတ်ဆက်လိုက်ပြီးနောက် လူစုခွဲသွားကြတော့သည်။ ခဏအကြာတွင် လီဝမ်အာအား ကြိုဆိုရန် ရောက်လာခဲ့ကြသည့် လူများထဲမှ အနည်းငယ်မျှသာ ကျန်ရစ်ခဲ့တော့သည်။
လီဝမ်အာကမူ အနည်းငယ်ခန့် မျက်မှောင်ကြုတ်နေ၏။ သူမသည် ရောက်မလာခင်တုန်းက နတ်ဘုရားလက်နက် မြို့တော်အသစ်အကြောင်း စုံစမ်းခဲ့သောကြောင့် ဝမ်ပေါင်လဲ့၏ ရာထူးအဆင့်အတန်းကို သိရှိထားပြီးသား ဖြစ်နေ၏။ သို့သော် သူမမှာ ရောက်ရှိလာသောအခါ ဝမ်ပေါင်လဲ့၏ လုပ်ပိုင်ခွင့်အာဏာကြောင့် ထိတ်လန့်တုန်လှုပ်သွားရပြီး သူမ၏ ဖခင်ဖြစ်သူ၏ ပြောစကားများမှာ သူမ၏ အသိစိတ်ထဲ၌ ပြန်လည်ပေါ်ပေါက်လာခဲ့၏။
” ဝမ်ပေါင်လဲ့က အများနဲ့မတူ တမူထူးခြားတဲ့ လူတစ်ယောက်ပဲ။ မြို့တော်နယ်မြေကြီးကို မြို့တော်တစ်ခုဖြစ်အောင် ပြောင်းလဲနိုင်ခဲ့တာမလို့ နတ်ဘုရားလက်နက် မြို့တော်အသစ်ထဲမှာ သူ့ရဲ့ ထိုင်ခုံက မြဲသွားပြီ။ သမီးနဲ့ သူ့ရဲ့ကြားက ကိစ္စတွေကို ရှင်းလင်းအောင် လုပ်ပြီးတော့ အဆက်အသွယ်တွေကို ဖြတ်တောက်ပစ်ရမယ် ”
လီဝမ်အာမှာ ထိုသို့တွေးတောရင်း စိတ်ထဲ၌ကျိတ်၍ သက်ပြင်းချလိုက်၏။ အမှန်တွင် သူမသည် ဤမြို့တော်ဆီသို့ ရောက်မလာချင်ခဲ့ပေ။ တဖက်တွင် သူမသည် ယခင်တုန်းက ဝမ်ပေါင်လဲ့၏ အထက်လူကြီး ဖြစ်ခဲ့ဖူးသည်ဖြစ်ပြီး ယခုတွင် ဝမ်ပေါင်လဲ့မှာ အမည်စာရင်းထဲ၌ သူမ၏ အထက်လူကြီး ဖြစ်နေပြီဖြစ်သောကြောင့် လက်မခံနိုင်ဘဲ ဖြစ်နေရ၏။
အခြားတစ်ဖက်တွင်မူ သူမ အခြားမည်သူ့ကိုမှ ပြောပြ၍မဖြစ်သည့် သူတို့နှစ်ယောက်၏ကြားမှ ကိစ္စရပ်ကြီးတစ်ခုလည်း ရှိနေသေးသည် မဟုတ်ပါလော။ ထို့အပြင် သူမသည် စေ့စပ်ထားပြီးသား ဖြစ်နေပြီ ဖြစ်သည်။ သူမသည် ထိုစေ့စပ်မှုအား ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါသော်လည်း နောက်ဆုံးတွင် အလျှော့ပေးလိုက်ရသည်သာဖြစ်သည်။ ထို့ကြောင့် သူမသည် နှလုံးသားထဲကရှိ မပျော်ရွှင်မှုများကို မျိုသိပ်ထားရသောကြောင့် ဝမ်ပေါင်လဲ့နှင့် မျက်နှာချင်းဆိုင်လိုက်ရသည့်အချိန်တွင် သူမ၏ ခံစားချက်များမှာ ပို၍ ရှုပ်ထွေးသွားရတော့သည်။
ခဏအကြာတွင် လီဝမ်အာမှာ သူမ၏ ရှုပ်ထွေးနေသော ခံစားချက်များကို နှလုံးသားထဲ၌ မေ့ပျောက်ထားလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူမ၏ အစေးခံများကို နတ်ဘုရားလက်နက် မြို့တော်အသစ်ထဲသို့ ခေါ်သွားလိုက်တော့သည်။ ယခုလက်ရှိတွင် နယ်မြေတစ်ခုတည်းသာ ရှိသေးသည်ဖြစ်ရာ သူမ၏ ရုံးခန်းမှာ ဝမ်ပေါင်လဲ့၏ ရုံးခန်းနှင့် အဆောက်အဦတစ်ခုထဲ၌ အတူတူ ရှိနေကြသည်ဖြစ်ပြီး သိပ်၍ မဝေးပေ။
သူမသည် ရုံးထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ အတွေးများအားလုံးကို မေ့ပျောက်ထားလိုက်ပြီး မြို့တော်ကြီးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကြီးကြပ်လိုက်တော့သည်။ တစ်ချိန်ထဲမှာပင် သူမသည် ဌာနအသီးသီးထဲ၌ လူအင်အားများ ဖြည့်တင်းလိုက်၏။ သူမသည် ပေါ့ပေါ့တန်တန် ပြုမူနေခြင်းမရှိသလို ဝမ်ပေါင်လဲ့၏ လုပ်ပိုင်ခွင့်အာဏာကိုလည်း စိန်ခေါ်နေသည့်ပုံစံ မရှိဘဲ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒအပြည့် ရှိနေ၏။ ထိုသို့ဖြင့် မြို့တော်နယ်မြေအသစ်အတွက် ရေးဆွဲရန် လိုအပ်သည့် အစီအစဉ်များမှာ ပို၍ ပြီးပြည့်စုံလာတော့သည်။
ဝမ်ပေါင်လဲ့ပင်လျှင် လီဝမ်အာမှာ အထွေထွေကိစ္စရပ်များကို ကြီးကြပ်ရာ၌ အလွန်အင်မတန်မှ လိမ်မာပါးနပ်ပြီး သူ့ထက်ပင် ပို၍ ကျွမ်းကျင်မှုရှိနေကြောင်း လက်ခံလိုက်ရ၏။ သူမ အလုပ်စလုပ်သည့် အချိန်မှာစ၍ မြို့တော်ဆောက်လုပ်ရေးလုပ်ငန်းများမှာ ပိုမိုမြန်ဆန်လာပြီး စည်းစနစ်ပိုကျလာတော့သည်။
ထို့ကြောင့် ခုန်းတောက်နှင့် အပေါင်းပါများမှာ လီဝမ်အာအား ပို၍ပင် အထင်ကြီးသွားရပြီး သူမအား ဆန့်ကျင်လိုသည့် သဘောထားများ ရှိမနေကြတော့ပေ။ ထို့အပြင် လုပ်ငန်းများ စတင်နေပြီဖြစ်သောကြောင့် ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့နှစ်ယောက် အပြန်အလှန် ပြောဆိုဆက်ဆံရသည့် အခိုက်တန့်များမှာလည်း ပို၍ များပြားလာတော့သည်။ မြို့တော်ကြီးအတွက် လိုအပ်သည့် အစီအစဉ်များကို မဟာပေါင်လဲ့ မန္တန်အစီအရင်ကြီးအပေါ် မူတည်၍ ရေးဆွဲရမည်ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့၏ အကြံပြုချက်များမှာ အလွန်အင်မတန်မှ အရေးကြီးပေသည်။
ယခုတွင် သူတို့နှစ်ယောက်မှာ ဝမ်ပေါင်လဲ့၏ ရုံးခန်းထဲ၌ ရှိနေကြပြီး မြို့တော်ထဲရှိ ဆဋ္ဌမမြောက်နယ်မြေ၏ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အစီအစဉ်များကို ဆွေးနွေးနေကြသည်။
” မြို့တော်သခင်ရဲ့ မန္တန်အစီအရင်ကြီး အရဆိုရင် ဆဋ္ဌမမြောက်နယ်မြေအတွက် ရေးဆွဲထားတဲ့အစီအစဉ်တွေကို ပြောင်းလဲမှုတစ်ချို့ ပြုလုပ်ဖို့ လိုအပ်တယ်။ အဲ့လို ပြောင်းလဲလိုက်မယ်ဆိုရင် ကျမတို့က မန္တန်အစီအရင်ကြီးရဲ့ အစွမ်းကို မြှင့်တင်နိုင်ရုံတင်မကဘဲ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ကုန်ကျစရိတ်တွေကိုပါ လျှော့ချနိုင်တော့မှာ ” လီဝမ်အာမှာ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ကျောက်စိမ်းပေလွှာတစ်ရွက်အား ဝမ်ပေါင်လဲ့ဆီသို့ လှမ်း၍ပေးလိုက်၏။
ဝမ်ပေါင်လဲ့မှာလည်း တည်ကြည်မှုအပြည့်ဖြင့် ထိုကျောက်စိမ်းပေလွှာအား လက်ခံရယူလိုက်သည်။ သူသည် ၎င်းအား ဖတ်ရှုလိုက်ပြီးနောက် အထင်ကြီးသွားရ၏။ ထိုကျောက်စိမ်းပေလွှာထဲရှိ လီဝမ်အာ ပြုပြင်မွမ်းမံထားသော အစီအစဉ်ကြီးမှာ ယခင်အစီအစဉ်အဟောင်းထက် အများကြီးပို၍ သာလွန်နေသည်ဖြစ်သည်။ တစ်ချိန်ထဲမှာပင် လီဝမ်အာ ရောက်ရှိလာခဲ့သည်မှာ ဒီအနည်းငယ်မျှသာ ရှိသေးပါသော်လည်း မြို့တော်ကြီးတစ်ခုလုံးမှာ အလွန်အင်မတန်မှ စည်းစနစ်ကျသွားခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရနေရ၏။
” အဲ့တာဆိုလည်း ဒီအစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ သူ၏ အတွေးအမြင်များကို ထုတ်ပြောခြင်းမရှိဘဲ ကျောက်စိမ်းပေလွှာအား အောက်သို့ချလိုက်ပြီး ခေါင်းသာညိတ်ပြလိုက်၏။
လီဝမ်အာကလည်း စကားတစ်ခွန်းမှ ပြန်မပြောဘဲ နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။ သူမမှာ တံခါးကိုတွန်းဖွင့်၍ အခန်းထဲမှ ထွက်ခွာသွားရန် ပြင်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး လီဝမ်အာ၏ စွဲမက်ဖွယ်ရာ နောက်ကျောအလှကို စိုက်ကြည့်ရင်း ရုတ်တရက်ဆိုသလို ဆိုလိုက်၏။
” လီဝမ်အာ။ နင် ငါ့ကို ဘယ်လောက်ပဲ အေးတိအေးစက် ဆက်ဆံနေပါစေ ငါက နင့်ရဲ့ အထက်လူကြီးနော် ”
” ပြီးတော့ နင်က နတ်ဘုရားလက်နက် မြို့တော်အသစ်ဆီ ရောက်လာပြီဆိုမှတော့ ဒီမြို့ကြီး တိုးတက်လာမယ်ဆိုရင် နင့်အတွက်ရော ငါ့ အတွက်ပါ အကျိုးရှိမယ်ဆိုတာ နင် သိထားပြီးသားဖြစ်မှာပါ…. ငါ နင့်ကို လေးစားသလိုမျိုး နင် ငါ့ကို ပြန်ပြီးတော့လေးစားနိုင်ဖို့ ငါ မျှော်လင့်ပါတယ်။ မြို့တော်ကြီးနဲ့ ပတ်သက်တဲ့ ကိစ္စတွေလည်း ငါတို့တွေ အမြဲတမ်းဆွေးနွေးပြီးတော့ ပြဿနာတွေကို ဖြေရှင်းလို့ရတယ်။ ငါ့ရဲ့စကားတွေအတိုင်း တဝေမသိမ်း လိုက်လုပ်နေဖို့ မလိုဘူး ”
” နင့်ဆီမှာ နတ်ဘုရားလက်နက် မြို့တော်အသစ်ထဲကို ရောက်လာရတဲ့ အကြောင်းအရင်းတွေ ရှိနေမလားဆိုတာကို ငါ မသိပေမဲ့ ဒီနေရာကြီးကို ပြည်ထောင်စုကြီးတစ်ခုလုံးက အာရုံစိုက်ထားကြတာ။ တစ်ခုခုသာ ဖြစ်သွားမယ်ဆိုရင် ငါက သဘောထားကြီးတဲ့ လူတစ်ယောက်မဟုတ်လို့ အထက်ကို အမှန်အတိုင်းပဲ တင်ပြမှာနော် ” ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။ သူသည် လီဝမ်အာအား ယခုကဲ့သို့ ပြောဆိုဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
သူ ထိုသို့ပြောလိုက်သောအခါ လီဝမ်အာမှာ ခြေလှမ်းများ ရပ်တန့်သွား၏။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား ကျောပေးထားရင် အတွေးများထဲ၌ နစ်မျောနေသည့်ပုံ ပေါက်နေတော့သည်။ ထိုအခိုက်အတန့်တွင် ရုံးခန်းကြီး တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားရ၏။
” နားလည်ပါတယ် ” တစ်အောင့်ကြာပြီးသွားသောအခါမှ လီဝမ်အာက ပြန်ပြောလိုက်၏။ သူမ၏ လေသံမှာ တင်းမာနေဆဲဖြစ်ပါသော်လည်း အေးစက်မှုများမှာ အနည်းငယ်ခန့် လျော့ကျသွားပြီဖြစ်သည်။ ထို့နောက် သူမသည် နောက်သို့ပြန်လှည့်မလာဘဲ ထွက်ခွာသွားတော့သည်။
ယခုတွင် လီဝမ်အာမှာ ဝမ်ပေါင်လဲ့၏ ရုံးခန်းအပြင်ဘက်သို့ထွက်လာပြီး သူမ၏ အိမ်ရာဆီသို့ ပြန့်နေပြီဖြစ်သည်။ သူမ၏ မျက်ဝန်းများထဲတွင်မူ နောင်တရနေသည့် အရိပ်အယောင််များဖြင့် ပြည့်နှက်နေ၏။ ဝမ်ပေါင်လဲ့၏ ပြောစကားများမှာ မှန်ကန်နေကြောင်း သူမက နားလည်ထားပေသည်။ ဤမြို့တော်ကြီး၏ တည်ငြိမ်ရေးမှာ အရေးကြီးဆုံးအချက် ဖြစ်သည်။
ထို့အပြင် သူမ၏ ဝမ်ပေါင်လဲ့အပေါ် ထားရှိသော ခံစားချက်များမှာလည်း ပြောင်းလဲသွားပြီဖြစ်သည်။ သို့သော် ဤမြို့တော်ထဲ၌ သူမ၏ တာဝန်မှာ မည်သည့်အရာကိုမှ ဖျက်ဆီးရန်မဟုတ်ဘဲ လွှတ်တော်နှင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ ကြားမှ သဘောတူညီချက်အတိုင်း ဆောင်ရွက်ကာ သူမ၏ ခင်ပွန်းလောင်းအတွက် အောင်မြင်မှု လမ်းဖောက်ပေးရန် ဖြစ်သည်။
အခြားသူများမှာ နောက်ထပ်မြို့တော်ဝန်သုံးယောက် ဖြစ်လာမည့် လူများကို မသိကြသေးပါသော်လည်း ချန်းမိသားစု၏ အကြီဆုံးသားဖြစ်သူ ချန်းမုမှာ ထိုသုံးယောက်ထဲ၌ ပါဝင်နေမည်ဖြစ်ကြောင်း သူမက သိထား၏။ ထို့အပြင် သူမ၏ ခင်ပွန်းလောက်အတွက် ယခုလို အောင်မြင်မှုလမ်းဖောက်ပေးခြင်းကြောင့် ဝမ်ပေါင်လဲ့နှင့် ကတောက်ကဆများ ဖြစ်လာနိုင်သည်ကိုလည်း သူမက နားလည်ထား၏။ သူမသည် ထိုသို့ဖြစ်လာရန် ဆန္ဒမရှိပါသော်လည်း အခြားရွေးချယ်စရာမရှိပေ။
ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့နှင့် အဆက်အသွယ် အားလုံးဖြတ်တောက်ခဲ့ပြီး သူ့အား တွဲဖက်အလုပ်သမားတစ်ယောက်အဖြစ်သာ သဘောထားနေရခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ လီဝမ်အာ၏ အတွေးများကို အတိအကျ မသိပါသော်လည်း အရိပ်အမြွက်ခန့် ခန့်မှန်းမိနေ၏။ အမှန်တွင် လီဝမ်အာ ရောက်ရှိလာသည့်အချိန်ကတည်းက သူသည် အခြေအနေကြီးတစ်ခုလုံးကို သုံးသပ်ခဲ့ပြီးဖြစ်နေသောကြောင့် သူမ၏ ခင်ပွန်းလောင်းဖြစ်သူ ချန်းမု ထိုမြို့တော်သို့ ရောက်ရှိလာနိုင်ခြေမှာ အလွန်အင်မတန်မှ မြင့်မားနေမည်ဖြစ်ကြောင်း ခန့်မှန်းခဲ့၏။
သူ၏ ခန့်မှန်းချက် အတိုင်းပင်။ ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် နတ်ဘုရားလက်နက် မြို့တော်အသစ်၏ ကျန်ရှိနေသေးသော မြို့တော်ဝန်သုံးယောက်နေရာ၌ ခန့်အပ်မည့်လူများကို ရွေးချယ်ပြီးသွားသောကြောင့် နိုင်ငံရေးအင်အားစုအသီးသီး တစ်လတိတိ ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲကြီးမှာ ပြီးဆုံးသွားပြီဖြစ်သည်။
အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံဆီမှ အကြောင်းကြားစာမှာ ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာချိန်တွင် သူသည် သူ၏ လက်အောက်၌ တာဝန်ထမ်းဆောင်ရမည့် မြို့တော်ဝန်အသစ် သုံးယောက်၏ ကိုယ်ရေးရာဇဝင်များကို ဖတ်ရှုလိုက်ရတော့သည်။
ထိပ်ဆုံး၌ ရှိနေသည်လူမှာ အမှန်တကယ်ပင် ချန်းမိသားစု၏ အကြီဆုံးသား… ချန်းမု ဖြစ်နေ၏။
ဒုတိယမြောက် ပုဂ္ဂိုလ်မှာမူ လပေါ်တွင်ရှိနေခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့အား ဓားမြတိုက်ရန် ကြိုးစားခဲ့ပါသော်လည်း မအောင်မြင်ခဲ့သောကြောင့် ဝမ်ပေါင်လဲ့၏ ကိုယ်တုံးလုံးချွတ်ခြင်းကို ခံခဲ့ရသော ဆည်းဆာကြယ်စင်စုဂိုဏ်းမှ တစ်ကိုယ်လုံး အနက်ရောင်ပတ်တီးများဖြင့် ပတ်ထားသည့် ပါရမီရှင်လေးပင် ဖြစ်သည်။
တတိယမြောက် ပုဂ္ဂိုလ်မှာမူ ဝမ်ပေါင်လဲ့နှင့် မရင်းနှီးသော အမျိုးသမီးတစ်ယောက်ဖြစ်၏။ သို့သော် သူမ၏ ကိုယ်ရေးရာဇဝင်ရဆိုလျှင် သူမသည် ယွီဟွားရှန်ထျန်းဂိုဏ်းမှ ရောက်လာသည့်ပုံပင်။
ထို့ကြောင့် ပြည်ထောင်စုကြီးထဲမှ နိုင်ငံရေးအင်အားစုအသီးသီးမှာ နတ်ဘုရားလက်နက် မြို့တော်အသစ်ထဲ၌ စုဝေးနေကြပြီဖြစ်သည်။ သို့ဖြစ်ရာ ထိုမြို့တော်ကြီးမှာ အတိုင်းအတာတစ်ခုအထိ အသေးစားပြည်ထောင်စုကြီးတစ်ခုနှင့် ဆင်တူနေသည်ဟုပင် သတ်မှတ်၍ ရနေပြီဖြစ်သည်။