ထိုရက်စက်ကြမ်းကြုတ်ဖွယ် အငွေ့အသက်ကြီးမှာ အားကောင်းလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ချုပ်တည်းနိုင်စွမ်းမရှိတော့ဘဲ ပေါက်ကွဲပစ်ချင်စိတ်များ ထွက်ပေါ်လာတော့သည်။ သူသည် ရုံးခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေလိုက်ပြီးနောက် သူ၏ အသံလွှင့်လက်စွပ်ကိုထုတ်ယူကာ လီဝမ်အာဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။ ထိုဆက်သွယ်မှု ချိတ်ဆက်မိသွားသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့တစ်ယောက် စကားမပြောနိုင်ခင်မှာပင် သူ၏နားထဲ၌ လီဝမ်အာ၏ အေးစက်စက်စကားသံကြီးမှာ ပဲ့တင်ထပ်သွားတော့သည်။
” ဘာကိစ္စရှိလို့လဲ ”
ထို အေးတိအေးစက် စကားသံကြီးကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် တွန့်သွားရပါသော်လည်း သူ့ကိုယ်သူ မထိန်းနိုင်ဘဲ မေးမိလိုက်၏။
” နင် ချန်းမိသားစုက မျိုးမစစ်ကောင်နဲ့ စေ့စပ်တော့မယ်လို့ ငါကြားထားတယ် ”
ထိုအခါ လီဝမ်အာမှာ နှုတ်ဆိတ်သွား၏။ အချိန်အနည်းငယ်ခန့် ကြာပြီးသွားသောအခါမှ သူမသည် တည်ကြည်စွာ ဆိုလိုက်၏။
” အဲ့တာရှင်နဲ့ ဘာဆိုင်လို့လဲ။ ပြီးတော့ ကျမရဲ့ ခင်ပွန်းလောင်းက မျိုးမစစ်လည်း မဟုတ်ဘူး။ ကျေးဇူးပြုပြီးတော့ စကားကို ယဉ်ယဉ်ကျေးကျေးပြောပါ မြို့တော်သခင်ဝမ် ”
သူမ၏ စကားများကြောင့် ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများ ရပ်တန့်သွားရ၏။ သူ၏ နှလုံးသားထဲ၌ ခံစားနေရသော ဒေါသစိတ်များမှာလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပြီဖြစ်သည်။ သူသည် အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးမှ ရယ်မောကာ ဆိုလိုက်၏။
” ဂုဏ်ပြုပါတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ချက်ချင်းပင် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်၏။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြတင်းပေါက်ကိုဖွင့်ကာ အပြင်ဘက်ရှိ ကောင်းကင်ယံကြီးအား အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် နောက်သို့ပြန်လှည့်လာပြီး တင်ပျဉ်ခွေထိုင်ချကာ တရားထိုင်နေလိုက်တော့သည်။ သူသည် ကျင့်ကြံခြင်း လေ့ကျင့်ရင်း သူ၏စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထားလိုက်၏။
သို့သော် ထိုအချိန်တွင် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးရုံးထဲ၌ လီဝမ်အာမှာ ပြတင်းပေါက်၏ဘေးတွင် မတ်တပ်ရပ်နေရင်း ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက် မြို့တော်သစ်ကြီးရှိရာဘက်သို့ လှမ်းကြည့်နေသည်ကိုမူ သူ မသိလိုက်ပေ။ သူမ၏ မျက်နှာမူအရာမှာ ရှုပ်ထွေးနေပြီး အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ သူမသည် စိတ်ထဲ၌ ကျိတ်၍ သက်ပြင်းချလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ အတွေးများ ပြန်လည်တည်ငြိမ်သွားအောင် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရ၏။ သူသည် လီဝမ်အာ၏ ကိစ္စထဲ၌ ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း မှတ်ယူလိုက်ပြီး ထိုအကြောင်း ဆက်မတွေးချင်တော့သောကြောင်း ခေါင်းထဲမှထုတ်လိုက်တော့သည်။ သူသည် အဝတ်အစားများ ချွတ်ပြခဲ့ရပြီး အသားယူခံခဲ့ရပါသော်လည်း ချန်းမိသားစုမှ မျိုးမစစ်ကောင်မှာ သူ့ထက်ပို၍ ထိခိုက်နစ်နာသွားမည်သာဖြစ်ကြောင်း နှလုံးသွင်းလိုက်၏။
သူသည် ထိုကဲ့သို့သော အတွေးများဖြင့် သူ့ကိုယ်သူ နှစ်သိမ့်နေသည်တိုင်အောင် သူ၏ နှလုံးသားထဲ၌ မနာလိုစိတ်များ ကိန်းအောင်နေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ အသက်ပြင်းပြင်းရှူလိုက်ပြီး အတွေးများကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် ကျင့်ကြံခြင်းထဲ၌ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားလိုက်တော့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နှောင်းပိုင်းအခြေတည်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ လတ်တလောအတွင်းတွင် မြို့တော်နယ်မြေအသစ်၏ ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် သူသည် အလုပ်ရှုပ်နေခဲ့ရပါသော်လည်း အခြားသူများအား တာဝန်များ ခွဲဝေပေးခဲ့သောကြောင့် ကျင့်ကြံခြင်းလေ့ကျင့်ရန် အချိန်အမြောက်အမြား ပိုင်ဆိုင်ထားဆဲပင်။ အရေးအကြီးဆုံး အချက်မှာ သူသည် နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီး၏ အငွေ့အသက်အောက်တွင် ရှိနေသောကြောင့် အမှောင်ပညာရပ်၏ တိုးတက်နှုန်းမှာ အလွန်အင်မတန်မှ မြန်ဆန်နေခြင်းဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူ၏ လျှပ်စီးတာအို အတွဲတစ်မှာလည်း သိသိသာသာ တိုးတက်လာခဲ့၏။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ နေ့စဉ်နှင့်အမျှ တိုးတက်လာနေတော့သည်။ နှောင်းပိုင်းအခြေတည်အဆင့်တွင် ရှိနေသည့် အခြားသူများမှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်ရန် ကံကောင်းရန်သာမက အချိန်အလုံအလောက် ရရှိရန်လည်း လိုအပ်ပေသည်။ ထိုကျင့်ကြံခြင်းအဆင့်မှ ဖောက်ထွက်နိုင်ရန် အနည်းဆုံး နှစ်အနည်းငယ်ခန့် အချိန်ပေးရမည်သာဖြစ်သည်။ နှောင်းပိုင်း အခြေတည်အဆင့်မှ အခြေတည်ထိပ်ဆုံးအဆင့်အထိ တက်လှမ်းနိုင်ရန်အတွက် လိုအပ်သည့်အရာများကို တဖြည်းဖြည်း စုဆောင်းရသည်ဖြစ်သည်။ သူတို့အားလုံးမှာ ဖောက်ထွက်သွားပြီးနောက် အမြုတေအဆင့်သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်ထားကြသည်ဖြစ်ရာ များများ စုဆောင်းထားနိုင်လေလေ အောင်မြင်နိုင်ခြေ ပိုမြင့်လေလေပင် ဖြစ်သည်။
ထို့ကြောင့် ထိုလမ်းစဉ်ကြီးတစ်ခုလုံးကို သေသေချာချာ ဂရုစိုက်၍ လျှောက်လှမ်းရသည့်သာဖြစ်သည်။ တစ်ချိန်တည်းမှာပင် မည်သည့်ဖြတ်လမ်းမှလည်း မရှိပေ။ သို့သော် အမှောင်ပညာရပ်ကြောင့် အစွမ်းထက်နေသည့် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာမူ သိသိသာသာ ပို၍ မြန်ဆန်လာနိုင်ပေဖြစ်သည်။ သူသည် ထိပ်ဆုံးအထိ မရောက်သေးပါသော်လည်း လမ်းတစ်ဝက်အထိ ခရီးပေါက်နေပြီဖြစ်သည်။
သို့သော်လည်း ကျင့်ကြံခြင်းခရီးစဉ်ကို တစ်ရက်တည်းနှင့် အပြီးလျှောက်၍ရမည်မဟုတ်ကြောင်း ဝမ်ပေါင်လဲ့က သိထား၏။ ရက်ပေါင်း၊ လပေါင်းများစွာ အချိန်ပေးရန် လိုအပ်ပေသည်။ ထို့ကြောင့် သူသည် ရက်အနည်းငယ်ခန့် တံခါးပိတ်ကျင့်ကြံလိုက်ပြီးနောက် စိတ်များ လုံးဝတည်ငြိမ်သွားသည့်အချိန်တွင် သူ၏ ကျင့်ကြံခြင်းလုပ်ငန်းစဉ်ကို အဆုံးသတ်လိုက်တော့သည်။ သူ မျက်လုံးများ ပြန်ပွင့်လာသည်အချိန်တွင် ကောင်းကင်ကြီးမှာ မည်းမှောင်နေပြီဖြစ်ပြီး ပြတင်းပေါက်၏ အပြင်ဘက်တွင် လမ်းမီးရောင်များကို မြင်နေရပြီဖြစ်သည်။ မန္တန်အစီအရင်ကြီးအား ဖြန့်ကြည့်လိုက်သောအခါ အင်္ဂါဂြိုဟ်နယ်မြေအသစ်ကြီးတစ်ခုလုံး၏ ဆူညံပွက်လောရိုက်နေသောအသံများကို အဝေးမှနေ၍ပင် ကြားနေရပြီဖြစ်သည်။
မြို့တော်ကြီးကို အပြီးအထိ မဆောက်လုပ်ရသေးသည့်တိုင်အောင် ထိုနယ်မြေထဲ၌ လူဦးရေ သန်းထောင်ပေါင်းများစွာ ရှိနေပြီဖြစ်သောကြောင့် မြို့တော်ကြီးထဲတွင် ညပွဲလမ်းသဘင်များဖြင့် စည်ကားသိုက်မြိုက်နေတော့သည်။
ဝမ်ပေါင်လဲ့မှာ ထို လမ်းမီးရောင်များကိုကြည့်ကာ နတ်ဘုရားလက်နက် မြို့တော်အသစ်ကြီး၏ စည်ကားသိုက်မြိုက်နေမှုကြီးကို ခံစားလိုက်ပြီး တည်ငြိမ်စွာ အသက်ရှူလိုက်၏။ သူသည် ကျင့်ကြံခြင်း မလေ့ကျင့်တော့ပါသော်လည်း အဆောင်များအား သန့်စင်ရန် စိတ်ကူးထဲ၌ တွေးနေမိပြီဖြစ်သည်။
” ငါက ပဉ္စမအဆင့် နတ်ဘုရားရတနာတွေကို သန့်စင်တဲ့နေရာမှာ ကျွမ်းကျင်နေပြီ ” ဝမ်ပေါင်လဲ့မှာ ရေရွတ်လိုက်၏။ ထာဝရခံတပ်ကြီးအား ဆောက်လုပ်ခဲ့စဥ်တုန်းက ပဉ္စမအဆင့် နတ်ဘုရားရတနာများကို အခြေခံအုတ်မြစ်များအဖြစ် အသုံးပြုခဲ့သည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပဉ္စမအဆင့် နတ်ဘုရားရတနာများအား သန့်စင်ရာ၌ အဆင့်အတန်းတစ်ခုအထိ ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်သောကြောင့် သူသန့်စင်လိုက်သည့် ရတနာအများစုမှာ ထိပ်ဆုံးအဆင့်၌ ရှိနေကြပြီဖြစ်သည်။
” ဆဋ္ဌမအဆင့် နတ်ဘုရားရတနာကို သန့်စင်ရမယ့် အလှည့်ရောက်ပြီ… ဒါပြီးရင် ငါ့ရဲ့ကိုယ်ပိုင် သတ္တမအဆင့် ဓမ္မလက်နက်ကို ဖန်တီးဖို့ ကြိုးစားကြည့်လို့ရပြီ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း အသက်ရှူသံများ မြန်ဆန်လာတော့သည်။ ၎င်းမှာ ဓမ္မလက်နက် ကျင့်ကြံသူတိုင်း၏ ဘဝရည်မှန်းချက်ကြီးတစ်ခုပင် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်များ၏ အစွမ်းများကို သိထားပြီးသားဖြစ်၏။ တစ်ချိန်ထဲမှာပင် သူ၏ ဓမ္မလက်နက် ဓားရှည်ကြီးမှာ သူနှင့် သင့်တော်မှုသိပ်မရှိကြောင်း ရိပ်မိထားသည်။ သူနှင့် ကိုက်ညီမှုအပြည့်ရှိသော ဓမ္မလက်နက်တစ်ခုကို လိုချင်ပါက သူကိုယ်တိုင် ဖန်တီပြုလုပ်ရမည်သာဖြစ်သည်။
သို့သော် ပြည်ထောင်စုကြီးထဲတွင် ကျင့်ကြံသူတိုင်းမှာ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ရရှိနိုင်မည်မဟုတ်ပေ။ ကျင့်ကြံသူ အများစုအတွက်ဆိုလျှင် ဓမ္မလက်နက်တစ်ခုအား ပိုင်ဆိုင်ရခြင်းပင်လျှင် ထီပေါက်သကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။ သူတို့မှာ ကိုယ်တိုင်ဖန်တီးလိုပါက စိတ်ကူးထဲ၌သာ ဖန်တီးနိုင်မည် ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့အတွက်မူ ၎င်းမှာ အိပ်မက်တစ်ခုမဟုတ်ပေ။ သူသည် သူ၏ ရည်မှန်းချက်ပန်းတိုင်အား လက်တွေ့ဘဝ၌ အကောင်အထည် ဖော်နိုင်ပေသည်။ ထို့ကြောင့် သူ၏ အသိစိတ်ထဲ၌ ကိန်းအောင်းနေခဲ့သည့် စိတ်အနှောင့်အယှက်ဖြစ်စရာ အတွေးများမှာ ပျောက်ကွယ်သွားတော့သည်။ သူ၏ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထင်ဟပ်သွား၏။ တစ်ချိန်ထဲမှာပင် သူသည် အရာအားလုံးကို တစ်ဆင့်ချင်းစီ ဆောင်ရွက်သင့်ကြောင်း နားလည်ထား၏။ သူသည် စိတ်လှုပ်တရှား ဖြစ်နေ၍ ရပါသော်လည်း အလောတကြီး ဖြစ်မနေသင့်ပေ။ စိုးရိမ်ကြောင့်ကြနေမည်ဆိုပါက အကျိုးမရှိနိုင်ချေ။
” အခု ဆဋ္ဌမမြောက် နတ်ဘုရားရတနာကို စမ်းပြီးတော့ သန့်စင်ကြည့်မယ်။ ပြီးရင် ငါ့ရဲ့ဓမ္မအဆောင်တွေ အကုန်လုံးကို ပဉ္စမအဆင့် နတ်ဘုရားရတနာအဆင့်အထိ ရောက်သွားအောင် မြှင့်တင်ပေးဖို့လည်း လိုသေးတယ်။ အရေးအကြီးဆုံးကတော့ ငါ့ရဲ့ ခန္ဓာကိုယ်ထဲက ဓမ္မအဆောင်ဖြစ်တဲ့ ဓားအိမ်လေးပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် စိတ်များတည်ငြိမ်သွားတော့သည်။ ယခင်တုန်းကဆိုလျှင် သူကျင့်ကြံသည့်အချိန်တိုင်း ကုန်ကျစရိတ်များမှာ များပြားလွန်းနေသောကြောင့် သူသည် ငွေကြေးအရင်းအနှီးများကို ချိန်ဆ၍ အသုံးပြုခဲ့ရ၏။ အထူးသဖြင့် ပဉ္စမအဆင့် နတ်ဘုရားရတနာအား ပြုလုပ်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများမှာအလွန်အင်မတန်မှရှားပါးနေပြီး ဈေးကြီးလွန်းနေ၏။
သို့သော် ယခုတွင်မူ သူသည် ပဏာအမဆင့်သုံးရှိသော မြို့တော်သခင်တစ်ယောက် ဖြစ်နေပြီဖြစ်ရာ သူ၏ လက်ထဲ၌ ကုန်ကြမ်းပစ္စည်းပေါင်း မြောက်မြားစွာကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ သူသည် မြို့တော်သခင်ဖြစ်နေသောကြောင့် မြို့တော်အသစ်၏ ဆောက်လုပ်ရေးလုပ်ငန်းများအား ထိခိုက်သွားစေခြင်းမရှိဘဲ သန့်စင်ပစ္စည်း အလုံအလောက်ရရှိနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစား၍ရနေပြီဖြစ်သည်။ ထို့အပြင် ထိုကိစ္စနှင့် ပတ်သက်၍ လျှို့ဝှက်ကာ စည်းမျဉ်ဥပဒေများကို ဖောက်ဖျက်ပစ်ရန်လည်းမလိုပေ။ ရှေ့ဦးဝိညာဉ်ခေတ်ထဲသို့ ရောက်နေပြီဖြစ်ရာ ပြည်ထောင်စုကြီးထဲမှ လူများမှာ သူ အလွန်အကျွံ မလုပ်သရွေ့ လက်ခံပေးထားမည်သာ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပစ္စည်းအလုံအလောက် ပိုင်ဆိုင်ထားပြီဖြစ်သောကြောင့် သူ၏ နတ်ဘုရားရတနာများအား အဆက်မပြတ် အဆင့်မြှင့်တင်နေလိုက်တော့သည်။ အခြား နတ်ဘုရားရတနာများအား အဆင့်မြှင့်တင်ရသည်မှာ အတော်အသင့် လွယ်ကူရိုးရှင်းပါသော်လည်း သူ၏ ခန္ဓာကိုယ်ထဲရှိ ဓမ္မအဆောင်ကြီးအား သန့်စင်ရန်မှာ ခက်ခဲလွန်းနေရုံသောကြောင့် လက်နက်သဲ အလုံအလောက်နှင့် ကြိမ်ဖန်များစွာ စမ်းသပ်ကြည့်ရန် လိုအပ်ပေသည်။
သို့သော် ဝမ်ပေါင်လဲ့မှာ လောနေခြင်း မရှိပေ။ သူသည် လက်ထောက်မြို့တော်သခင်နှင့် မြို့တော်ဝန်များအဖြစ် ခန့်အပ်ခံရမည့် ကိုယ်စားလှယ်လောင်းများကို စောင့်ဆိုင်းနေရင်း သူ၏ ဓမ္မအဆောင်များအား ဆက်လက်သန့်စင်ကာ သူ၏ အမှောင်ပညာရပ်ကိုလည်း တစ်ပြိုင်နက်တည်း လေ့ကျင့်နေလိုက်သေးသည်။ အရာအားလုံးမှာ ဖြေးဖြေးနှင့်မှန်မှန် တိုးတက်နေပါသော်လည်း ဝမ်ပေါင်လဲ့ နောင်တအရဆုံးအချက်မှာ သူသည် အစမှအဆုံးအထိ အမှောင်ပညာရပ်၏ နတ်ဘုရားအဆင့် လျှို့ဝှက်ပညာရပ်ဖြစ်သော အမှောင်ရုပ်အလောင်းမျက်နှာပညာရပ်အား ထုတ်သုံးခွင့် မရရှိခဲ့ခြင်းပင်။
သူ၏ ဘေးနားတစ်ဝိုက်တွင် လူပေါင်းများစွာ ရှိနေသည်မဟုတ်ပါလော။ ထို့အပြင် အမှောင်ရုပ်အလောင်းမျက်နှာပညာရပ်မှာ အမှောင်ပညာရပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် အခြားသူများကသာ ၎င်းအား အာရုံမိသွားမည်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ ခက်ခက်ခဲခဲနှင့် ရှင်းပြရမည်သာဖြစ်သည်။ ထို့ကြောင့် သူသည် နောင်တကြီးစွာဖြင့် ထိုပညာရပ်အား စိတ်ကူးထဲ၌သာ မှန်းဆ၍ စမ်းသပ်ကြည့်နေရတော့သည်။
” ငါ့ရဲ့ အမှောင်ရုပ်အလောင်းပညာရပ်ကို ထုတ်ပြနိုင်မယ့် လူတစ်ယောက်ယောက်ကို ဘယ်အချိန်မှာများ ရှာတွေ့မလဲမသိဘူး ” ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်း လေ့ကျင့်ရင်း သက်ပြင်းချကာ ရေရွတ်လိုက်၏။ ထိုသို့ဖြင့် လဝက်တိတိ ကုန်ဆုံးသွားရပြန်သည်။
ထိုအချိန်တွင် အဖွဲ့အစည်းများမှာ တစ်လတိတိ ယှဉ်ပြိုင်လိုက်ကြပြီးနောက် နတ်ဘုရားလက်နက် မြို့တော်အသစ်၏ မြို့တော်ဝန်သုံးယောက်အဖြစ် ခန့်အပ်ရန် လျာထားသည့် ကိုယ်စားလှယ်များမှာ ပြောင်းလဲသွားပြန်ပြီ ဖြစ်သည်။ ထို့ကြောင့် မြို့တော်ဝန်ရာထူးမှာ အတိအကျ ထွက်ပေါ်လာခြင်းမရှိသေးပေ။ သို့သော် လက်ထောက်မြို့တော်သခင်ကိုမူ ရွေးချယ်ပြီးသွားပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံ၏ လက်ထောက်မြို့တော်သခင်မှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုပုဂ္ဂိုလ်မှာ ရက်အနည်းငယ်အတွင်းတွင် ရောက်ရှိလာတော့မည်ဖြစ်ကြောင်း အသိပေးသည့် အကြောင်းကြားစာကို လက်ခံရရှိလိုက်သောအခါ သူ ခက်ခဲပင်းပန်းကြီးစွာ ကြိုးစား၍ တည်ငြိမ်အောင်လုပ်ထားရသော အတွေးများမှာ ရုတ်တရက် ဆိုသလို ပရမ်းပတာ ပြန်ဖြစ်သွားရတော့သည်။ သူသည် အသံလွှင့်လက်စွပ်ကြီးအားစိုက်ကြည့်ရင်း ဘုရင်ခံ ထိုနာမည်အား ရွတ်ဖတ်ပြလိုက်သည်ကို နားထောင်နေလိုက်တော့သည်။
” ဘာလို့ သူဖြစ်နေရတာလဲကွာ ” ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။ သို့သော် သူသည် သေသေချာချာ စဉ်းစားလိုက်ပြီးနောက် သူ၏ ပုဂ္ဂိုလ်ရေး ခံစားချက်များကို ဘေးသို့ဖယ်ထားလိုက်တော့သည်။ ထိုပုဂ္ဂိုလ် လက်ထောက်မြို့တော်သခင်တစ်ယောက်အဖြစ် ရွေးချယ်ခံရသည်မှာ သဘာဝကျပေသည်။
သူသည် အင်္ဂါဂြိုဟ်ပေါ်၌ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ထားသည်ဖြစ်ပြီး ဒုပဏာမအဆင့်သုံးရာထူး၌ ရှိနေခဲ့သည်မှာ ကြာမြင့်နေပြီမဟုတ်ပါလော။ သူမသည် ကျင့်ကြံခြင်းအဆင့် အပိုင်းတွင်ဖြစ်စေ၊ ကျောထောက်နောက်ခံ အပိုင်းတွင်ဖြစ်စေ ထိပ်တန်းအဆင့်၌ ရှိနေသည်ဟု သတ်မှတ်နိုင်ပေးသည်။ ထို့ကြောင့် သူမအား လက်ထောက်မြို့တော်သခင်အဖြစ် ခန့်အပ်လိုက်ခြင်းမှာ သင့်တော်ပေသည်။
ထိုသို့ ရွေးချယ်ခံလိုက်ရသူမှာ…. လီဝမ်အာပင် ဖြစ်သည်။
တစ်ချိန်ထဲမှာပင် သူမသည် ဒုပဏာမအဆင့်သုံး မဟုတ်တော့ဘဲ ဝမ်ပေါင်လဲ့နှင့် အဆင့်အတူတူဖြစ်သည့် ပဏာမအဆင့်သုံးသို့ ရာထူးတိုးသွားတော့သည်။
သူမ၏ ရာထူးအဆင့် တက်သွားခြင်းကို အဓိပ္ပါယ်အမျိုးမျိုး ကောက်၍ ရပေသည်။ ဝမ်ပေါင်လဲ့မှာ အရိပ်အမြွက်ခန့် နားလည်ပါသော်လည်း ၎င်းမှာ ရှုပ်ထွေးလွန်းသော ကိစ္စကြီးတစ်ခုသာဖြစ်ကြောင်း မှတ်ယူလိုက်၏။ သူသည် လီဝမ်အာနှင့် ချန်းမိသားစု၏ သားအကြီးဆုံးဖြစ်သူတို့ စေ့စပ်ထားသည့် အချက်ကို ပြောင်းလဲပစ်နိုင်စွမ်း မရှိပေ။ ထို့အပြင်လသူသည် သူမနှင့် ထပ်၍တွေ့ရတော့မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သည်ဖြစ်ရာ သူတို့နှစ်ယောက်မှာ အနာဂတ်တွင် အလုပ်အတူတူ လုပ်နေကြလိမ့်မည်ဟု သူက လုံး၀ စိတ်ကူးမထားခဲ့ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်ရ၏။ သူသည် ရက်ပေါင်းများစွာ ခေါင်းတဆစ်ဆစ်နှင့် နာကျင်ကိုက်ခဲနေရပြီး သိပ်မကြာခင်တွင် လီဝမ်အာ ရောက်ရှိလာတော့သည်…
သင်္ဘောပျံကြီး ဆင်းသက်လာပြီး လီဝမ်အာ၏ အရပ်ရှည်ရှည်နှင့် ကျစ်လျစ်သွယ်လျသော ခန္ဓာကိုယ်လေးမှာ လူတိုင်း၏ရှေ့၌ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ၌ နောင်တများနှင့် မနာလိုစိတ်များဖြင့် ပြည့်နဲ့နေရပြီဖြစ်သည်။
သို့သော် အခြားသူများမှာ လီဝမ်အာ၏ ခန္ဓာကိုယ်အချိုးအစားကို စွဲမက်နေကြသည့်တိုင်အောင် သူမသည် ရက်စက်ကြမ်းကြုတ်ရာ၌ နာမည်ဆိုးနှင့် ကျော်ကြားပြီး ဆူးချွန်များကြားမှ နှင်းဆီနှင့် ဆင်တူသော မိန်းမတစ်ယောက်ဖြစ်ကြောင်း သိထားကြသဖြင့် ကျောချမ်းသွားကြ၏။ ထို့ကြောင့် သူတို့အားလုံးမှာ ခေါင်းငုံ့သွားကြပြီး သူမအား နှုတ်ဆက်လိုက်ကြတော့သည်။ ခုန်းတောက်နှင့် လင်းတျန်ဟောက်တို့ပင်လျှင် သူမအား အရိုအသေပေးလိုက်ကြ၏။ ကျင့်သိုမင်မှာ အစပိုင်းတွင် သူ့ကိုယ်သူ စိန်ခေါ်၍ သူမအား ပိုးပန်းရန် ကြံရွယ်ထားခဲ့ပါသော်လည်း စေ့စပ်ပွဲအကြောင်းကို ကြားသိလိုက်ရပြီးနောက် သင်းကွက်ခံရလုနီးပါး အခြေအနေနှင့် ကြုံခဲ့ရသည့် ဖြစ်ရပ်ဆိုးကြီးကို ပြန်၍သတိရသွားသဖြင့် ယခင်တုန်းကနှင့် မတူလောက်အောင် မျက်နှက်ထား တည်ကြည်သွားတော့သည်။
ထိုကဲ့သို့ လူများက သူမအား နှုတ်ဆက်နေကြစဉ်တွင် လီဝမ်အာမှာ လူအုပ်ကြီးကြားမှနေ၍ ဝမ်ပေါင်လဲ့ရှိရာသို့ အေးတ်ိအေးစက် အမူအရာကြီးဖြင့် လျှောက်လှမ်းလာ၏။ သူမမှာ သူ့အား မြင်လိုက်ရသောအခါ အသက်မပါသည့်ပုံစံဖြင့် နှုတ်ဆက်လိုက်၏။
” မင်္ဂလာပါ မြို့တော်သခင်။ ကျမက ဘုရင်ခံရဲ့ အမိန့်အတိုင်း ရောက်လာတာပါ။ ကျမက မြို့တော်ဆောက်လုပ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ပေးရမယ့်အပြင် နတ်ဘုရားလက်နက်မြို့တော်အသစ်ရဲ့ ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနကိုလည်း တာဝန်ယူရမှာပါ။ အနာဂတ်မှာ မြို့တော်သခင်နဲ့အတူ အလုပ်အတူတူ တွဲလုပ်နိုင်ဖို့ မျှော်လင့်ပါတယ် “
👍👍👍👍👍👍👍👍