Switch Mode

အခန်း ( ၁၁၃ )

တစ်ခုခုဆိုးဝါးတာ ဖြစ်လာပြီ

အဆင့်သုံး စိတ်စွမ်းအင်ဆေးလုံးနှင့် ပတ်သက်၍ ထူးဆန်းသည့်အရာတစ်ခုရှိနေလေသည်။ ထိုဆေးလုံးက အရည်အသွေးပြည့်ဝပြီး အံ့အားသင့်ဖွယ် အဆင့်နိမ့်အဆင့်ကို ကျော်လွန်၍ အလယ်အလတ်အဆင့်သို့ပင်ရောက်နေလေပြီ။ ပိုင်ရှောင်ချန်းမှာ ပီတိဖြစ်သွားပြီး ချက်ချင်းပင် ယုန်ကြောင့် သူမည်မျှ စိတ်ညှိုးငယ်ခဲ့သည်ကိုပင် မေ့သွားလေသည်။

ဆေးလုံးကို လက်ထဲ၌ကိုင်ကာ မျက်လုံးများတောက်ပလာပြီး စိတ်လှုပ်ရှားမှုများက ကြီးထွားလာသည်။

“ဒီ စိတ်စွမ်းအင်ဆေးလုံးက မြွေတစ်သောင်းတောင်ကြားရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တယ်။ ဒီဆေးက သူတို့ရဲ့ပါးစပ်တွေ ဘယ်လိုပိတ်ရမယ်ဆိုတာကို သင်ပေးလိမ့်မယ် ”

သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူသောအပြုံးများ ပျံ့နှံ့သွားသော်လည်း ရုတ်တရက် ယုန်ကိုသတိရသွားလေသည်။

ထို့နောက် သူ၏နှလုံးခုန်နှုန်းမြန်သွားသည်။ မြွေများ၏ ပြင်းထန်သော မြည်တွန်သံက သူ၏နားအတွင်းသို့ရောက်လာသည်။ မြွေများ၏ မန္တန်ဝင်္ကပါကို ဝင်တိုက်သည့်အသံများပါကြားလိုက်ရသည်။

“တိတ်စမ်း..” သူက ဒေါသတကြီးအော်ကာ မြွေများကို စိုက်ကြည့်နေလိုက်သည်။ထို့နောက် သူ၏လိပ်ဒယ်အိုးလေးကို ထုတ်ကာ စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်းကို လုပ်ဆောင်လိုက်သည်။

ထို့အပြင် သူက အဆင့်နှစ်ဆင့်မြှင့်တင်ပြီးသော်လည်း မရပ်ပေ။ သူ၏အနည်းငယ်သာ ကျန်တော့သော ဝိညာဥ်အမြီးကြက်များကို ထုတ်ကာ အဆင့်သုံးအထိ မြှင့်တင်လိုက်သည်။
ငွေရောင်အလင်းတန်းလေးပေါ်ပေါက်လာပြီး ဆေးလုံးတွင်ရှိသော အညစ်အကြေးများ ဖယ်ရှားသွားသည်။ အံ့အားသင့်ဖွယ် ထိုဆေးလုံးမှာ အလယ်အလတ်အဆင့်မှ ပရီမီယမ်အဆင့်သို့ပင် မြင့်တက်သွားလေသည်။

ဆေးလုံးကို လက်ထဲတွင်ကိုင်လျက် အိမ်လေးအတွင်းမှထွက်လိုက်ပြီးနောက် မရေမတွက်နိုင်အောင်များပြားသော မြွေများက အဆိပ်များကိုဖြန့်ကျဲကာ ဝင်တိုက်လျက်ရှိနေသည့် မန္တန်ဝင်္ကပါ၏ အစွန်နားတွင်ရပ်လိုက်လေသည်။

“လွန်ခဲ့တဲ့နှစ်တစ်ဝက်တုန်းက ငါ ကိုယ်တောင်ပိုင် ဘယ်လောက်ကြောက်ရွံ့ဖို့ကောင်းလဲဆိုတာ မင်းတို့ကို ပြသလိမ့်မယ်လို့ ပြောခဲ့ဖူးတယ်မလား။ မင်းတို့က ငါ့ကိုဒီလိုလုပ်ဖို့ တွန်းအားပေးလိုက်တာပဲ ”

ထိုသို့ပြောကာ သူ၏လက်ကိုဝှေ့ယမ်းပြီး မန္တန်ဝင်္ကပါကိုကျော်၍ မြွေများ၏အလယ်သို့ ဆေးလုံးကိုပစ်လိုက်လေသည်။

သူက ဆေးရောနှောရာတွင် သူ၏သွေးတစ်စက်ကိုထည့်ခဲ့သည်။ ဆေးလုံးပစ်လိုက်ပြီး မကြာမီတွင် မရေမတွက်နိုင်အောင်များလှသော မြွေများက ရုန်းကန်လှုပ်ရှားလာကြကာ တစ်ကောင်ပြီးတစ်ကောင် ဆေးလုံးကို မျိုချနိုင်ရန် ခုန်အုပ်နေကြတော့သည်။

နောက်ဆုံးအနိုင်ရရှိသောမြွေသည် ချီစုစည်းမှု အဆင့်လေးရှိသော မျက်ဝန်းတွင် အဆိပ်ခိုးများပြည့်နေသည့် မြွေပွေးတစ်ကောင်ဖြစ်သည်။ ထိုမြွေမှာ ဆေးကိုမျိုချလိုက်သည်နှင့် တစ်ပြိုက်နက် တုန်ခါသွားလေသည်။ ထို့နောက် သူ၏မျက်လုံးတွင် ထူးဆန်းသောအလင်းရောင်များ စတင်လင်းလက်လာသည်။

ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာဖြင့်ကြည့်နေသည်။ သို့သော် မည်သည့်အရာမျှ မဖြစ်သေးမီ သွေးနတ်ဘုရား မြွေဟောက်များမှ တစ်ကောင်က ရှေ့သို့တဟုန်ထိုးထွက်လာသည်။ ထိုမြွေမှာ ချီစုစည်းမှုအဆင့်ရှစ်ရှိသည်ဟု ယူဆရပြီး သူ၏လမ်းကြောင်းတွင်ရှိသမျှ မြွေများကိုတွန်းတိုက်ကာ အမှုန့်ကြိတ်ပစ်လိုက်လေသည်။ ထို့ပြင် မျက်ဝန်းတွင် အဆိပ်ခိုးများနှင့်ပြည့်နှက်နေသော မြွေပွေးကို တစ်ချက်ထဲဖြင့် မြိုချလိုက်လေသည်။

၎င်းက မြေပေါ်ထိုးထွက်နေသည့် သူခွေနေကျ ကျောက်တုံးပေါ်သို့ မရောက်မီ အေးစက်သောမျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကို ကြည့်နေသည်။ ထိုသွေးနတ်ဘုရား မြွေဟောက်ကိုမြင်ကာ ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားလေသည်။

ပိုင်ရှောင်ချန်းမှာ စိတ်များလှုပ်ရှားလာပြီဖြစ်သော်လည်း မည်သို့ဖြစ်ပျက်မည်ကို စောင့်ကြည့်ရုံမှတစ်ပါး မတတ်နိုင်ပေ။ အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းပြီးချိန်တွင် သွေးနတ်ဘုရား မြွေဟောက်မှာ ရုတ်တရက်တုန်ခါသွားသည်။

ထိုမြွေကို ကြည့်ရသရွေ့ ပါးစပ်ဖွင့်ချင်ပုံပေါ်သော်လည်း တစ်စုံတစ်ခုက ဖွင့်မရအောင်ကပ်ထားပုံပေါ်သည်။ သူက အပြင်းအထန်ရုန်းကန်ကာဖွင့်လိုက်ပြီးနောက် နှုတ်ခမ်းနှင့်အစွယ်ကြားတွင် စေးကပ်နေသည့်အမျှင်များ ထွက်ပေါ်လာသည်။

ပိုင်ရှောင်ချန်းက သူ၏အလုပ်အောင်မြင်သွားသည်ကိုဝမ်းသာအားရဖြစ်နေသည်။ ထို့နောက်တွင် စိတ်စွမ်းအင်ဆေးလုံး၏ ဒုတိယမြောက် အကျိုးသက်ရောက်မှု စတင်ဖြစ်ပွားတော့မည်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေတော့သည်။

အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းပြီးချိန်တွင် ထို သွေးနတ်ဘုရား မြွေဟောက်၏ ပါးစပ်က လုံးလုံးပိတ်သွားခဲ့သည်။ သူ၏ခေါင်းမှ မျက်လုံးများပြူးလာပြီး အေးစက်ကာရက်စက်သောမျက်လုံးများအစား ရွှေငါးလေး၏မျက်လုံးများနှင့်တူလာသည်။ မြွေက ကမောက်ကမဖြစ်နေပြီး ယခင်က ခက်ထန်နေပုံထက်စာလျှင် အနည်းငယ်ချစ်စရာကောင်းလာလေသည်။

မကြာမီတွင် တဂွီဂွီမြည်သံများ သွေးနတ်ဘုရား မြွေဟောက်ဆီမှထွက်လာလေသည်။ ထို့နောက် ပန်းရောင်အငွေ့များ ထွက်လာပြီး မြူခိုးများအဖြစ်သို့ လျင်မြန်စွာပြောင်းလဲကာ နေရာအနှံ့လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
သွေးနတ်ဘုရား မြွေဟောက်ထံမှ အသံများဆက်လက်ထွက်ပေါ်နေပြီး ထိုအငွေ့များထုတ်ခြင်းလည်း မရပ်တန့်သေးပေ။ ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားစွာဖြင့် တစ်နေကုန်ကြည့်ရှုနေသည်။

မန္တန်ဝင်္ကပါအတွင်းရှိနေရာများမှလွဲ၍ ဂူတစ်ခုလုံးတွင် ပန်းရောင်အခိုးအငွေ့များဖြင့်ပြည့်နှက်နေကာ မြွေများအားလုံးရှုမိကုန်ကြသည်။ တဖြည်းဖြည်းချင်းသူတို့၏ ပါးစပ်တွင်စေးကပ်မှုများဖြစ်တည်လာကာ မျက်လုံးများပြူးထွက်လာသည်။ မကြာမီတွင် ကျန်မြွေများ၏ပါးစပ်များမှလည်း အငွေ့များထွက်လာတော့သည်။

နောက်ဆုံးတွင် မိုးခြိမ်းသံကဲ့သို့အသံသဲ့သဲ့ ဂူထဲတွင် ပဲ့တင်ထပ်လာသည်။ ပန်းရောင်မီးခိုးငွေ့များမှာ မြေအောက်ရှိလိုဏ်များအတွင်းသို့ပါ ပြည့်လာပြီး မြွေများအားလုံးအပေါ်သက်ရောက်သွားသည်။ လိုဏ်ခေါင်း၏ အနက်ရှိုင်းဆုံးတွင်ရှိသော မြွေသည်ပင် မျက်လုံးများတောက်ပလာပြီးအသံများထွက်လာသည်ကို ပိုင်ရှောင်ချန်းမှာ ကြောက်မက်ဖွယ် မြင်တွေ့လိုက်ရသည်။

ရက်အနည်းငယ်ကြာပြီးနောက် ပန်းရောင်မီးခိုးငွေ့များမှာ လွင့်ပါးသွားသည်။ ပိုင်ရှောင်ချန်းက မန္တန်ဝင်္ကပါအတွင်းရပ်နေပြီး တိတ်ဆိတ်နေသော မြွေဂူကိုလှည့်ပတ်ကြည့်နေသည်။ မြွေတွန်သောအသံများ၊ အဆိပ်ရည်ပက်ဖြန်းနေသည့် အသံများလည်း မရှိတော့ပေ။ မြွေများအားလုံး၏ပါးစပ်များမှာ တင်းကြပ်စွာ ပိတ်နေကြသည်။ သူတို့၏ အနက်ရောင်မျက်လုံးများမှာ ရှုပ်ထွေးစွာဖြင့်ပြူးကျယ်နေကြသည်။

ပိုင်ရှောင်ချန်းက ခေါင်းကိုအနောက်ပစ်ကာ ခွက်ထိုးခွက်လန်ရယ်မောလိုက်သည်။ သူ၏မေးစေ့ကိုဂုဏ်ယူစွာမော့ကာ အထီးကျန်နေသော သူရဲကောင်းတစ်ယောက်၏ ဟန်ပန်ဖြင့် သူ၏အကျီလက်ကို ခါယမ်းလိုက်သည်။

” ငါလက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ မြွေတစ်သောင်းတောင်ကြားမှာရှိတဲ့ မြွေတွေရဲ့ပါးစပ်တွေ ပိတ်သွားတယ်။ ဒီတမူထူးကဲ တဲ့ငါ့ရဲ့ဆေးလုံးအတွက် ပါးစပ်ပိတ်ဆေး လို့အမည်ပေးမယ်ကွာ..”

အထီးကျန်သူရဲကောင်းမှာ မန္တန်ဝင်္ကပါအတွင်းမှထွက်ကာ ချစ်စရာကောင်းသည့် မြွေလေးများဆီသို့ ထွက်လာသည်။ သူက လှည့်ပတ်ကြည့်ကာ ပျော်ရွှင်စွာပြုံးနေရင်းက သူရဲကောင်းတစ်ယောက်ထက်ပင် သာလွန်နေသည့်အလား ခံစားလိုက်ရသည်။ သို့သော် အတန်ငယ်ဝေးသောနေရာတွင် ခန္ဓာကိုယ်တစ်ခုလုံး လောင်မြိုက်နေသည့်အလား အနီရောင်တောက်ပနေသော ခြေတစ်လှမ်းမြွေပွေးတစ်ကောင်ကို သတိပြုမိလိုက်သည်။ ထိုမြွေမှာ ထူးဆန်းလာပြီး ရုတ်တရက် ပတ်ဝန်းကျင်သို့ ကြမ်းတမ်းစွာ စတင်ရိုက်ခတ်တော့သည်။

ယခု ခြေတစ်လှမ်းမြွေမှာ ပါးစပ်အပိတ်ခံထားရကာ မြည်တွန်သံမပြုနိုင်သဖြင့် နာကျင်မှုကိုပင် မထုတ်ဖော်နိုင်ပုံရသည်။ မကြာမီတွင် သူ၏အရေခွံမှာ စုတ်ပြဲလာကာ သွေးများထွက်လာသည်။ သို့သော်လည်း ထိုမြွေက ရိုက်ခတ်ခြင်းကို မရပ်နားခဲ့ပေ။

ထိတ်လန့်တုန်လှုပ်လျက် ပိုင်ရှောင်ချန်း၏စိတ်ထဲတွင် ကြားဝင်ဖျန်ဖြေပေးလိုသော်လည်း ခြေတစ်လှမ်းမြွေမှာ အမှန်တကယ်ရူးသွပ်သွားသည့်ပုံပေါ်သည်။ ထို့နောက် အနားပတ်ဝန်းကျင်ရှိမြွေများအားလုံး အနီရောင်ပြောင်းလာကာ ဘေးပတ်လည်အား စတင်ရိုက်ခတ်လာသည်ကိုကြည့်ကာ ပိုင်ရှောင်ချန်း၏မျက်နှာမှာ အိုကျသွားသည်။ သူတို့ထံမှ အပူများထွက်လာပြီး လေထုထဲသို့ပင် ဂယက်ထနေသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်စေသည်။

အားလုံး၌အသိသာဆုံးမှာဆေးလုံးကို သောက်သုံးပြီးကတည်းကပို၍ ကြီးထွားလာသော သွေးနတ်ဘုရားမြွေဖြစ်သည်။ ထိုမြွေသည်လည်း ပြင်းပြင်းထန်ထန်ကို ရိုက်ခတ်နေသည်။

ဂူ၏အနက်ရှိုင်းဆုံးနေရာတွင်လည်း မြွေများက ဒေါသထွက်ကာပြင်းပြင်းထန်ထန်ဖြင့် ပတ်ပတ်လည်ကိုရိုက်ခတ်နေသော အသံများပဲ့တင်ထပ်လာသည်။ သူတို့ထဲမှတချို့မှာ သူတို့ကိုယ်သူတို့ လေထဲသို့ပစ်သွင်းလျက် ကျောက်တုံးနံရံများဖြင့် တိုက်နေကြသည်။

ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ လက်ဖက်ရည်ခွက်၏အောက်ခံပန်းကန်ပြားကဲ့သို့ ပြူးကျယ်သွားကာ မန္တန်ဝင်္ကပါအတွင်းသို့ပြန်ဝင် သွားခဲ့ရသည်။ချက်ချင်းဆိုသလို ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သောမြွေများသည် ရူးသွပ်နေသကဲ့သို့ မန္တန်ဝင်္ကပါ၏အကာအကွယ်ကို ဆန့်ကျင်တိုက်ခိုက်လာသည်။ ထိုကဲ့သို့ မြင်တွေ့ရခြင်းသည် ပိုင်ရှောင်ချန်းကို ခေါင်းကြိမ်းသွားစေသည်။

” ဘုရားရေ အခြေအနေ မကောင်းတော့ဘူး။ ဒီမြွေတွေကရူးကုန်ပြီ ။ တကယ်လို့ သူတို့သာ ဆက်ပြီးရိုက်နေရင် မကောင်းတာတွေ ဖြစ်လာတော့မှာဘဲ”
ပိုင်ရှောင်ချန်းမှာ စတင်၍ စိတ်လှုပ်ရှားလာလေသည်။ သူ၏မူလရည်ရွယ်ချက်မှာ မြွေများ၏ ပါးစပ်ကိုပိတ်ချင်သည်သာဖြစ်သည်။ ထိုကဲ့သို့ ရလာဒ်ဖြစ်လာလိမ့်မည်ဟု စိတ်ပင်မကူးခဲ့ပေ။ လီချင်းဟောက်သာ လက်ရှိမြွေများ၏အခြေအနေကိုသိသွားလျှင် မည်မျှဒေါသထွက်သွားမည်ကို တွေးကြည့်လိုက်သည်နှင့် စတင်တုန်ရီသွားလေသည်။

သူက ကျောက်တုံးတဲထဲသို့အမောတကာပြေးကာ ဆေးလုံးစတင်ဖော်စပ်လေသည်။ သူ၏ ဆေးပင်အများအပြားထုတ်လိုက်ကာ ယခုပြဿနာကို ဖြေရှင်းနိုင်သည့် ကုသဆေးလုံးကို ဖော်စပ်နိုင်ရန် မျှော်လင့်လိုက်သည်။ သူသည် ယခင်ကကဲ့သို့ ဂုဏ်ယူကျေနပ်နိုင်ခြင်းမရှိတော့ပေ။ ထို့အစား သူ၏စိတ်ထဲတွင်ကြောက်လန့်နေကာ ငိုတော့မည့်ပုံပေါက်နေသည်။

ရက်အနည်းငယ်အကြာတွင် သူက ဆံပင်များဖရိုဖရဲဖြစ်နေပြီး မျက်လုံးများကလည်းရဲရဲနီလျက် ကျောက်တုံးတဲအတွင်းမှ ထွက်လာလေသည်။

သူ၏လက်ထဲတွင် သုံးရက်သုံးညလုံးမအိပ်ဘဲဖော်စပ်ထားသည့် ဆေးလုံးသုံးလုံးရှိလေသည်။ သူမျှော်လင့်သည်မှာ ဤဆေးသုံးလုံးက မြွေများ၏စိတ်ကို လျော့ချနိုင်ရန်ဖြစ်ပြီး အနည်းဆုံး မှန်ကန်သောဖြေဆေးကို ဖော်စပ်နိုင်ရန် အချိန်ရယူလိုခြင်းဖြစ်သည်။

သူထွက်လာသည့်အခါ မြင်လိုက်ရသည့်မြင်ကွင်းသည် ထိတ်လန့်ဖွယ်အတိဖြစ်သည်။ မြွေများမှာ ရူးသွပ်နေကြကာ ရိုက်ခတ်နေကြဆဲဖြစ်သည်။ ကျောက်နံရံများမှာ ကွဲအက်နေပြီး ပျက်စီးကြေမွသည့်ဟာပင်ရှိသည်။ မြွေအများစုတွင်လည်း သွေးလွှမ်းနေသော ဒဏ်ရာများရှိနေကြသည်။

ပိုင်ရှောင်ချန်းသည် အမှန်တကယ်ငိုတော့မည်ပုံဖြစ်သွားသည်။ သူကဆေးလုံးကိုအလျင်အမြန်ပစ်လိုက်သောအခါ လေထဲတွင်ပေါက်ကွဲသွားပြီး မြွေများအပေါ်ပျံ့နှံ့သွားလေသည်။ ချက်ချင်းဆိုသလို သူတို့အားလုံးစိတ်ငြိမ်သွားကြကာ သူတို့၏ဒဏ်ရာများသည်ပင် စတင်ကုသပျောက်ကင်းကုန်ကြသည်။

ရက်အနည်းငယ်ကြာသည်အထိ မြွေများအားလုံးငြိမ်နေကြပြီး ရိုက်ခတ်နေသည့်အပြုအမူများ မလုပ်ကြတော့ပေ။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက စိတ်သက်သာရာရပြီး သက်ပြင်းချနိုင်တော့သည်။

“မင်းတို့တွေ… သခင်ပိုင်ကို သေလောက်အောင် ကြောက်သွားစေတယ်ကွာ။ ငါက တစ်ခုခုဆိုးတဲ့အရာဖြစ်သွားပြီလို့ထင်နေတာ..။ဟမ်..ကောင်းတယ်။ ငါရဲ့တာအိုဆေးဝါးကျွမ်းကျင်မှုကြောင့် တော်တော်ကြီး ဖြစ်မသွားတာဘဲ”

ပိုင်ရှောင်ချန်းက မိမိကိုယ်ကို လွန်စွာဂုဏ်ယူသွားပြီး ဖြေဆေးဖော်စပ်ရန်သွားလိုက်သည်။ ရုတ်တရက် သူရပ်လိုက်ကာ အကွာအဝေးတစ်ခုမှကြိုးကြိုးစားစားမျိုချနေသော မြွေကိုကြည့်လိုက်သည်။

ထိုမြွေမှာမျက်ဝန်းတွင် အဆိပ်ခိုးများနှင့်ပြည့်နေသော သေစေနိုင်သည့်မြွေပွေးတစ်ကောင်ဖြစ်ပြီး ယခုတွင်မူ သူသည် လုံးလုံးပြန်ကောင်းသွားကာ ကြောက်ရွံ့ဖွယ်အငွေ့အသက်များထုတ်လွှတ်နေသည်။ သူ၏ အတက်အကျသည် ကျင့်ကြံခြင်းအခြေခံတွင်မဟုတ်တော့ပေ။ သို့သော် ထိုအရာက မြွေ၏သွေးသားခန္ဓာကိုယ်တွင်ရှိနေသည်။ ထိုမြွေက ရုတ်တရက် လှုပ်ရှားကာ အနီးရှိကျောက်တုံးကြီးကို တစ်စစီ အပိုင်းပိုင်း ပျက်စီးစေလိုက်သည်။

ပိုင်ရှောင်ချန်းမှာမျက်လုံးပြူးသွားလေသည်။ ဂူထဲတွင် မျက်ဝန်း၌အဆိပ်ခိုးများနှင့်ပြည့်နေသော သေစေနိုင်သည့်မြွေပွေးအကောင်ရေအနည်းငယ်သာရှိသည်။ သူတို့၏အဆိပ်သည် အလွန်ပြင်းထန်သော်လည်း သူတို့၏ ကိုယ်ခန္ဓာမှာမူ အတော်အတန်အားနည်းလေသည်။ သူတို့က သေချာပေါက် ထိုကဲ့သို့ရုပ်ပိုင်းဆိုင်ရာတွင် မသန်မာသင့်သော်လည်း သူ၏မျက်လုံးများက သူ့ကိုမလှည့်စားလောက်ပေ။

သူက ပတ်ပတ်လည်ရှိမြွေများကို အမောတကာကြည့်လိုက်ပြီးနောက် နဖူးတွင်ချွေးများ စီးကျလာလေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူက အက်ကွဲသောအသံဖြင့် ရေရွတ်လိုက်သည်။

မြွေများသည် တွန့်လိမ်လာကာ အပြင်အားများပေါက်ကွဲလာကြသည်။ သူတို့က ရိုက်ခတ်နေခြင်းမရှိကြသော်လည်း သူတို့၏အနည်းငယ်လှုပ်ရှားမှုကပင် မြေကြီးကိုတုန်ခါသွားစေသည်။ မြွေများက အနန္တတန်ခိုးရှင်၏လက်ထဲမှကြာပွတ်ကဲ့သို့ ရိုက်လိုက်သည့်အခါ မည်သည့်အတားအဆီးကိုမဆိုတစ်စဆီ ဖျက်ဆီးနိုင်သကဲ့သို့ ကျောက်တုံးကြီးများကိုရိုက်မိသည့်အခါ ကွဲသွားကြလေသည်။

သူတို့အားလုံးတွင် အဆုံးအစကင်းမဲ့သော အပြင်အားများ ပိုင်ဆိုင်လာကြပုံပေါ်ပြီး ပိုဆိုးသည်မှာ သူတို့ထဲမှ တချို့သည် သူ့ထံသို့ဦးတည်လာကြခြင်းဖြစ်သည်။

မန္တန်ဝင်္ကပါမှာ ယခင်က သူတို့အားအလွယ်တကူတားဆီးနိုင်သည်။ ယခုမှာမူ မန္တန်ဝင်္ကပါသည်လည်း တုန်ခါလာပြီး အက်ကွဲသံများထွက်လာသည်။ အကယ်၍ မန္တန်ဝင်္ကပါသာ ပျက်စီးသွားပါက အတိုင်းအဆမဲ့စွမ်းအားကြီးနေသော မြွေကြီးများကို မည်သို့ကိုင်တွယ်ရမည်ကို ပိုင်ရှောင်ချန်း စိတ်မကူးတတ်ပေ။

အခြားမြွေများထက် ခန္ဓာကိုယ်စွမ်းအား ပို၍သန်မာသော သွေးနတ်ဘုရားမြွေဟောက်က မန္တန်ဝင်္ကပါကိုဝင်တိုက်လေသည်။ တချိန်တည်းမှာပင် ဂူ၏အနက်ရှိုင်းဆုံးလိုဏ်ခေါင်းအတွင်းမှ မြွေတစ်ကောင်၏ဦးခေါင်းတစ်ခု ထွက်လာသည်။

ထိုမြွေက ပိုင်ရှောင်ချန်းကို မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေသည်။

ဦးခေါင်းကြီးမှာကြီးမားလှပြီး အကြမ်းအားဖြင့် သုံးမီတာရှည်ကာ ထိုအရာကိုကြည့်ခြင်းဖြင့် မြွေ၏ကျန်ရှိနေသောကိုယ်ထည်သည် မည်မျှရှည်ကြောင်း ခန့်မှန်းနိုင်လေသည်။ ပိုင်ရှောင်ချန်းက ကြောက်လန့်စွာအော်ဟစ်ကာ ယာယီကုသဆေးဖော်စပ်ရန် ကျောက်တုံးတဲထဲသို့ ဝင်ပြေးလေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset