ပိုင်ရှောင်ချန်းမှာ ဒေါကန်နေပြီး သူ၏ ဆေးပေါင်းဖိုရှေ့တွင် တင်ပျဥ်ခွေထိုင်နေသည်။
” ဒီမြွေတွေက တော်တော်ကို ယုတ်မာတာပဲကွ။ ချစ်စရာတစ်စက်လေးမှကို မကောင်းဘူး။” သူက အေးစက်စက်နှာမှုတ်ကာ မြည်တွန်တောက်တီးနေတော့သည်။
” အခု ငါ အဆင့်သုံး စိတ်စွမ်းအင်ဆေးတွေကို ကျွမ်းကျင်သွားပြီကွ။ မင်းတို့ကောင်တွေကို ငါ သင်ခန်းစာမပေးနိုင်ဘူးလို့များထင်နေလား… မြွေစုတ်မြွေနာလေးတွေ။”
” မင်းတို့က အချိန်တိုင်း အဆိပ်ရည်တွေပန်းထုတ် တရှူးရှူး တရှဲရှဲလုပ်ရတာ သိပ်ကြိုက်နေတယ်ပေါ့ ဟုတ်လား။ ဟွန်း။ အေး… မင်းတို့ပါးစပ်အကုန်ပိတ်အောင်လုပ်ပေးမဲ့ ဆေးတစ်လုံးကို ငါဖော်စပ်ပြမယ် ကြည့်နေ။” ထိုမြွေများကို သင်ခန်းစာပေးချင်နေသဖြင့် ပိုင်ရှောင်ချန်းက ကြံစည်နေတော့သည်။ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် အင်္ကျီလက်ကို ခါယမ်းလိုက်ကာ မည်သည့် ဆေးဖော်စပ်နည်းကို သုံးရမည်နည်းဟူသော အချက်ကို စဥ်းစားတွေးခေါ်နေတော့သည်။
” ဒီမြွေတွေကို ပါးစပ်ပိတ်အောင်လုပ်ချင်ရင် တော်တော်ကြမ်းတဲ့ ဆေးလုံးလိုမှာပဲ။ သူတို့ရဲ့ ပါးစပ်ကို တကယ်ပြန်ဖွင့်လို့မရအောင် လုပ်နိုင်မဲ့ ဆေးလုံးမျိုးလိုမှာ…..။” သူ့အကြံသူ သဘောကျနေသဖြင့် သူက တစ်ယောက်ထဲ ကြောက်မက်ဖွယ် ရယ်မောနေပြီး သုံးရမည့် ပါဝင်ပစ္စည်းများကို ရွေးချယ်ရန် ပြင်လိုက်သည်။
အချိန်များမှာ ကုန်လွန်သွားသည်။ ခုနစ်ရက်အကြာတွင်မူ ပိုင်ရှောင်ချန်းက လုံးဝမိစ္တာပူးနေသည့်အလား ရူးသွပ်နေပြီဖြစ်သည်။ သူ၏ထည့်စရာအိတ်ထဲမှ ဆေးပင်များကို တစ်ပင်ပြီးတစ်ပင် သေချာစစ်ဆေးကာ ဖယ်ထုတ်နေတော့သည်။ အဆုံးတွင် ဆေးပင် သုံးဆယ့်ခုနစ်ပင်ကို သူက ရွေးချယ်လိုက်လေသည်။
ထိုဆေးပင်များကို အထူးနည်းလမ်းတစ်ခုသုံးကာ ကျိုချက်ပြီးသည့်အခါ အလွန်စေးကပ်သော အရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သို့သော်် ထိုစေးကပ်မှုမှာ ပိုင်ရှောင်ချန်းအတွက် မလုံလောက်သေးပေ။ အပြန်အလှန် ကြီးထွားစေခြင်းနှင့် ဖိနှိပ်ခြင်း နိယာမများကို ယူသုံးပြီး သူက ထိုဆေးလုံးကို ပို၍ စေးကပ်စေရန် ပြုပြင်ပြောင်းလဲမှုများ ထပ်လုပ်ရန် ပြင်လိုက်တော့သည်။
တစ်လအကြာတွင် သူ၏ ဆံပင်များမှာ လုံးဝ ဖရိုဖရဲဖြစ်နေလေပြီ။ ဆေးပေါင်းဖိုထဲမှ အနက်ရောင်မီးခိုးထူကြီးများ ထွက်လာပြီး ဆေးဂျိုးများမှာ ထိုဆေးပေါင်းဖိုထဲတွင် ကျန်ခဲ့တော့သည်။ ဤအကြိမ်မှာ ဤလအတွင်း သူ၏ ဆယ်ကြိမ်မြောက် မအောင်မြင်ခြင်းပင် ဖြစ်သည်။ အပြင်ဘက်တွင်မူ မြွေများ၏ တရှူးရှူးတရှဲရှဲအသံများမှာ ပုံမှန်လိုပင် ကျယ်လောင်နေဆဲ။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ထိုမြွေများကို သင်ခန်းစာပေးလိုစိတ်များမှာ ပို၍ ပြင်းထန်လာတော့သည်။
” ငါ စဥ်းစားပုံစဥ်းစားနည်းက မှားနေတာ ဖြစ်ရင်ဖြစ်န်ိုင်တယ်။ ငါက အပြင်အားတွေကိုသုံးပြီး အဲ့အရောအနှောကို ပိုစေးကပ်အောင် လုပ်ဖို့ ကြိုးစားနေမိတာပဲ။ အပြန်အလှန်ကြီးထွားစေခြင်းနဲ့ ဖိနှိပ်ခြင်း ပညာအချို့ကို သုံးထားပေမဲ့ ဒီမြွေတွေ ဘယ်လို လှုပ်ရှားနေလဲဆိုတာ လေ့လာကြည့်ရင် ဆေးစွမ်းတိုးအောင်လုပ်ဖို့ အကြံဥာဏ်လေးတွေ ရလောက်ပါတယ်။ ” သူက အနည်းငယ်ဆက်၍ စဥ်းစားလိုက်ပြီး ကျောက်တုံးအိမ်လေး၏ အပြင်ဘက်သို့ထွက်ကာ မန္တန်ဝင်္ကပါ၏ အစပ်နားတွင် လမ်းလျှောက်နေတော့သည်။ အကောင်းဆုံး အခွင့်အရေးတစ်ခုကို သူမြင်လိုက်သောအခါတွင် သူ၏လက်က မျက်လုံးငါးလုံးပါသော အန်နာကွန်ဒါမြွေပွေးတစ်ကောင်ဆီသို့ လျှပ်ပြက်သည့်အလား ရောက်ရှိသွားတော့သည်။ ထိုမြွေမှာ တုံ့ပြန်ချိန်ပင်မရလိုက်ပဲ မန္တဝင်္ကပါထဲသို့ ဖမ်းချုပ်ဆွဲခေါ်ခံလိုက်ရတော့သည်။
ပိုင်ရှောင်ချန်း၏ လက်မှာ မန္တန်ဝင်္ကပါထဲသို့ ပြန်ဝင်သွားချိန်မှာပဲ မရေမတွက်နိုင်သော အဆိပ်များက ဒိုင်းကာ၏ မျက်နှာပြင်ကို ရိုက်ခတ်ကုန်ကြတော့သည်။ ထိုအဆိပ်များ၏ နောက်တွင် မြွေပေါင်းများစွာပါ ပါလာတော့သည်။
သို့သော်လည်း ပိုင်ရှောင်ချန်းမှာ တာအိုဆေးပညာထဲတွင် နှစ်မြုပ်ထားသူဖြစ်၍ ထိုမြွေများကို လုံးဝပင် ဂရုမစိုက်ပေ။ မျက်လုံးငါးလုံးပါသော အန်နာကွန်ဒါမြွေပွေးကို တင်းကျပ်စွာဆုပ်ကိုင်ပြီး ကျောက်တုံးအိမ်လေးထဲသို့ ပြန်လှည့်ဝင်သွားတော့သည်။ မကြာမီတွင် ထိုအိမ်လေးထဲမှ ကြက်သီးမွှေးညှင်းထစရာကောင်းသော ရူးသွပ်ဖွယ်အော်သံကြီးများ ပေါ်ထွက်လာသည်။
ထို မျက်လုံးငါးလုံးပါသော အန်နာကွန်ဒါမြွေပွေးမှာ ချီစုစည်းမှုအဆင့်သုံး အထိ သန်မာသော်လည်း ပိုင်ရှောင်ချန်း၏ လက်များထဲတွင် ဝိညာဥ်အမြီးကြက်တစ်ကောက်ထက်ပင် ပို၍ အားနည်းနေတော့သည်။ ထိုမြွေ၏ ခန္ဓာကိုယ်မှာ အရေခွံနွှာခံလိုက်ရပြီး ပိုင်ရှောင်ချန်းက အရိုးနှင့် သွေးများပါမကျန် အသေးစိတ်လေ့လာလိုက်တော့သည်။
သေသေချာချာ စဥ်းစားတွေးခေါ်ပြီးနောက်တွင် သူက ဆေးပင်များ၏ ပေါင်းစပ်မှုကို အနည်းငယ် ပြောင်းလဲကာ ဆေးဖော်စပ်ရန် ပြင်လိုက်တော့သည်။
နောက်နေ့တွင်မူ ဆေးပေါင်းဖိုကြီးက တုန်ခါလာပြီး အနက်ရောင်မီးခိုးများ ထွက်လာလေသည်။ ပိုင်ရှောင်ချန်းမှာ ချောင်း တဟွတ်ဟွတ်နှင့်ကျန်ခဲ့သော်လည်း အရင်အခါတွေကလောက် မပြင်းထန်တော့ပေ။ သူ့ဦးနှောက်ကို အိတ်သွန်ဖာမှောက်ကာ စဥ်းစားလိုက်ပြီးနောက် အခြားမြွေတစ်ကောင်ကို ဖမ်းကာ လေ့လာရန် ထွက်သွားပြန်တော့သည်။ မကြာမီပင် ဥာဏ်အလင်းတစ်ခု သူ ထပ်ရသွားပြန်သည်။
သုံးရက်အကြာတွင် ဆေးပေါင်းဖိုထဲမှ အနက်ရောင် မီးခိုးများ ပို၍ထွက်လာပြန်လေသည်။ ပိုင်ရှောင်ချန်းကမူ စိတ်ဆိုးမာန်ဆိုးနှင့် အော်ဟစ်လိုက်ပြီး နီမြန်းနေသော မျက်လုံးကြီးများနှင့် စမ်းသပ်မှုများထပ်လုပ်ရန် ပြင်လိုက်ပြန်သည်။
နောက်တစ်လမှာ ကုန်ဆုံးသွားတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ အဘယ့်ကြောင့် ဤဆေးဖော်စပ်နည်းကို ဖန်တီးရန် စိတ်အားထက်သန်နေကြောင်းကိုပင် မေ့သွားတော့သည်။ သူက သူ၏ဆေးဖော်စပ်နည်းကို ကြိုးစားဖန်တီးနေပြီး မကြာခဏဆိုသလို မန္တန်ဝင်္ကပါ အပြင်ဘက်သို့ လက်ထုတ်ကာ မြွေတစ်ကောင်ပြီးတစ်ကောင်သာ ဖမ်းနေတော့သည်။ ထိုဖမ်းဆီးသောနေရာတွင်မူ သူက ကျွမ်းကျင်လွန်းလှသည်။
ထိုကုန်ဆုံးသွားသော တစ်လအတွင်းတွင် သူက မြွေဒါဇင်ပေါင်းများစွာကိုဖမ်းဆီးကာ လေ့လာပြီး နေပြီဖြစ်သည်။ အပြင်ဘက်ရှိ မြွေများကမူ သူ့ကို ကမ္ဘာ့ရန်သူတစ်ယောက်အလား အေးစက်စွာ ကြည့်နေကြတော့သည်။ သူတို့၏ တရှူးရှူးတရှဲရှဲလုပ်သံများနှင့် အဆိပ်များနှင့်ပက်နေမှုများမှာ ရပ်ပင်ရပ်မသွားချေ။ ချီစုစည်းမှုအဆင့်ရှစ်ရှိသော မြွေများကမူ မကြာခဏဆိုသလို မန္တန်ဝင်္ကပါကို တိုက်ခိုက်ကာ အားနည်းချက်ကို ကြိုးစားရှာဖွေနေကြပြီး ပိုင်ရှောင်ချန်းကို ဝါးမျိုချင်နေတော့သည်။
” မဟုတ်သေးဘူး။ ဒါမဟုတ်သေးဘူး။ သိပ်မကောင်းသေးဘူးကွ။” ပိုင်ရှောင်ချန်းက တစ်ယောက်ထဲရေရွတ်နေတော့သည်။ ယခုဆိုလျှင် ထိုအဆိပ်ပြင်းမြွေများ၏ ပါးစပ်ကိုဖိတ်စေမည့်ဆေးလုံးကိုဖန်တီးရန် သူကြိုးစားနေသည်မှာ နှစ်လတိတိ ကြာသွားပြီဖြစ်သည်။ တစ်ခေါက်လေးမှတောင်အောင်မြင်မှုမရပဲ အကြိမ်ပေါင်း ရာချီကျော်အောင်ထိ ကျရှုံးပြီးနေပြီဖြစ်သည်။
ဆေးဖော်စပ်နည်းများကို ဖန်တီးရသည်မှာ လွယ်ကူသည့်အရာတစ်ခုမဟုတ်မှန်း သူ အခုမှ နားလည်လာတော့သည်။ သို့သော်လည်း သူက လုံးဝလက်မလျှော့ခဲ့ပေ။ ထို့အပြင် သူ၏စမ်းသပ်မှုများထဲတွင် သူ တဖြည်းဖြည်းနှင့် ပို၍ပင် ရူးသွပ်နေတော့သည်။ နောက်နှစ်လမှာ ထပ်ကုန်သွားပြီး သူ့မှာ အကြိမ်ပေါင်း ရာချီကျော်အောင် ကျရှုံးပြီးဖြစ်နေသော်လည်း တစ်ကြိမ်တော့ အောင်မြင်သွားလေသည်။ ထိုအခါတွင် သူက သူ၏လက်ထဲရှိ အနက်ရောင် စိတ်စွမ်းအင်ဆေးကို မကျေမနပ်ကြည့် လိုက်တော့သည်။
” ဘာလို့ ဆေးတစ်လုံးပဲ ထွက်လာရတာလဲ။”
” ဒီမှာက မြွေအများကြီးလေကွာ။ မြွေတစ်ကောင်ရဲ့ပါးစပ်တစ်ပေါက်လောက်ပဲ ပိတ်နိုင်မယ်ဆိုရင် အဆင်မပြေသေးဘူး ” သူက ဒေါသတကြီးဖြင့် သူဆံပင်ကို သူပြန်ဆွဲကာ ထိုဆေးလုံးကို မျက်လုံးနီကြီးများဖြင့် ကြည့်လိုက်လေသည်။
” အကျိူးသက်ရောင်မှုကို ဖြန့်ဝေပေးနိုင်မဲ့ နည်းတစ်နည်းရှာဖို့လိုတယ်။ အကောင်းဆုံးဆေးလုံးဆိုတာ မြွေတစ်ကောင်က အဲ့ဆေးလုံးက စားလိုက်တာနဲ့ အခြားမြွေတွေကိုပါ ကူးစက်စေမဲ့ အခိုးအငွေ့တစ်ခုခု ထုတ်လွှတ်ပေးနိုင်တဲ့ ဆေးလုံးမျိုးဖြစ်ရမှာ။ ဟမ်….. ကူးစက်တာ…. ဟုတ်တယ် ကူးစက်အောင်လုပ်ရမှာ။ ကူးစက်ရောဂါဖြစ်စေတဲ့ ဆေးဖော်စပ်နည်းတစ်ခုကို ဖန်တီးဖို့လိုတာပဲ ” အသက်ရှူသံများပင်မမှန်ချင်တော့ဘဲ တောက်ပနေသော မျက်လုံးများဖြင့် ပိုင်ရှောင်ချန်းမှာ ယခု သူ လမ်းမှန်ပေါ်ရောက်သွားပြီးကြောင်း ယုံကြည်နေတော့သည်။
မကြာမီတွင် သူက ရုတ်တရက်ကြီး ထရယ်နေတော့သည်။ ထိုရယ်သံကြီး၏ ကြောက်မက်ဖွယ်ကောင်းမှုကြောင့် ပိုင်ရှောင်ချန်းကို ထိုအချိန်တွင် မြင်လိုက်ရသူတိုင်း မှင်တက်သွားမည်ဖြစ်ပြီး သူဆေးဖော်စပ်နေစဥ် သွားမနှောင့်ယှက်မိစေရန် ကိုယ့်ကိုယ်ကိုယ် သန္နိဌာန် ချလိုက်မည်သာ ဖြစ်သည်။
ဤအချိန်တွင်မူ ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်တွင် စက်ဆုပ်ဖွယ် အခိုးအငွေ့များထွက်နေပြီဖြစ်သည်။
အကြံဉာဏ်အသစ်များရရှိသွားသဖြင့် သူက ဆေးဖော်စပ်ခြင်းထဲတွင် ပြန်လည် နှစ်မြုပ်လိုက်ပြန်တော့သည်။ သူက ဆေးများကို ရောစက်ယှဥ်တွဲပြီး အပြန်အလှန် ကြီးထွားစေခြင်းနှင့်ဖိနှိပ်ခြင်းပညာကို ချိန်ညှိကာ ဟိုဟိုသည်သည် ပြောင်းလဲမှုအသေးစားလေးများ လုပ်လိုက်တော့သည်။ မြွေများကိုလည်း ပို၍လျင်မြန်စွာဖမ်းဆီးနိုင်လာလေသည်။ အန္တရာယ်များသော အချို့အခြေအနေများတွင် သူ့ပုံစံမှာ ပတ်ဝန်းကျင်ကအရာများကို သတိမထားဂရုမစိုက်သည့်အလား အသက်မပါသလိုပင်ဖြစ်နေတော့သည်။ သူက ဆေးဖော်စပ်နည်းအသစ်တစ်ခုဖန်တီးရန် လုံးဝကို နှစ်မြုပ်ကာ အာရုံအပြည့်စိုက်နေလေသည်။
အချိန်များမှာ ကုန်ဆုံးသွားပြန်သည်။ တစ်လ…နှစ်လ…သုံးလ… လေးလ….
မကြာမီတွင် ပိုင်ရှောင်ချန်းဆေးဖော်စပ်နည်းအသစ်ဖန်တီးရန်ကြိုးပမ်းနေသည်မှာ ခြောက်လတိတိ ကြာသွားပြီဖြစ်သည်။ ထို နှစ်ဝက်အတွင်းတွင် သူ့မှာ မရေမတွက်နိုင်အောင် ကျရှုံးပြီးဖြစ်လေသည်။ သူ့ပုံစံမှာ လုံးဝကို ရှုပ်ပွနေပြီး အင်္ကျီများမှာ ဖရိုဖရဲဖြစ်နေကာ ဆံပင်များမှာရှုတ်ပွနေပြီး မျက်မှာတွင်လည်း ပြာများဖြင့် ပေကျံနေတော့သည်။ သို့သော်လည်း သူကမူ ဆေးပေါင်းဖိုကြီးကို ကြက်သွေးရောင်ကဲ့သို့တောက်ပနေသော မျက်လုံးကြီးများဖြင့် ကြည့်နေလေသည်။
” အလုပ်ဖြစ်မှာကွ။ ဟားဟားဟား။ ဒီအချိန်တော့ သေချာပေါက် အလုပ်ဖြစ်စေရမယ် ” သူကထိုသို့ စိတ်လှုပ်တရှား အော်ဟစ်နေစဥ်မှာပဲ ဆေးပေါင်းဖိုကြီးမှာ တုန်ခါစပြုလာလေသည်။ သူက ထိုဆေးလုံးအတွက် စိတ်ရောကိုယ်ပါကြိုးစားထားသည်ဖြစ်ပြီး ယခုဆိုလျှင် ထိုဆေးလုံးမှာ ဤကမ္ဘာပေါ်သို့ ပေါ်ထွက်လာတော့မည်ဖြစ်သဖြင့် ပိုင်ရှောင်ချန်း၏ စိတ်လှုပ်ရှားမှုများမှာပို၍ ကြီးထွားလာတော့သည်။
” မြွေဟောက်လီ… လူလိမ်လီ..ခင်ဗျားကြီး ကျုပ်ကို ဒီနေရာထဲပစ်ထည့်ခဲ့တုံးက ဒီလိုဘာမှမဟုတ်တဲ့ မြွေလေးတွေကို ကျုပ်က မကိုင်တွယ် မဖြေရှင်းနိုင်ဘူးများထင်နေလား။ ဒီရတနာ ဆေးလုံးလေးဖော်စပ်ပြီးတဲ့အချိန်ထိပဲစောင့်ဗျာ။ အဲ့ကျမှ ခင်ဗျားကြီးရဲ့မြွေဆိုးလေးတွေကို သင်ခန်းစာပေးပြမယ်။ ဟွန်း.. ဒီဆေးလုံးဖော်ပြီးရင် ဒီမြွေတွေကို ဦးဆောင်ပြီး ကမ္ဘာကြီးက်ို မသိမ်းပိုက်နိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ…ဟမ် ” ထိုသို့ ရေရွတ်နေပြီး ကြောက်မက်ဖွယ်ရယ်မောနေရင်း ပိုင်ရှောင်ချန်းက ကျောက်တုံးအိမ်လေး၏ အပြင်ဘက်ကို ကြည့်မိလိုက်သောအခါ သူ၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။
ချက်ချင်းပင် သူက ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
မည်သည့်အချိန်ကထဲကပင်မသိပေ ဧည့်သည်တစ်ယောက်မှာ ရောက်ရှိနေပြီးဖြစ်ပြီး သူ၏တံခါးဝတွင် ရပ်နေတော့သည်။ ထိုဧည့်သည်မှာ အရပ်သိပ်မမြင့်ပဲ အဖြူရောင် လက်ဖဝါးနှစ်ခုနှင့် ထိုးထိုးထောင်ထောင်ဖြစ်နေသော နားရွက်နှစ်ခုရှိပေသည်။ ထို့အပြင် ထိုတံခါးရှေ့တွင်သူရပ်နေစဥ် သူ၏အမွေးပွ အမြှီးလေးမှာလည်း ရှေ့နောက် ခါယမ်းနေလေသည်။
၎င်း၏မျက်လုံးများမှာ နီရဲနေပြီး သွားနှစ်ချောင်းရှေ့သို့ ခေါထွက်နေသော ချစ်စရာပါးစပ်လေးတစ်ခုရှိသည်။ ယခုတွင်မူ သူက ပိုင်ရှောင်ချန်းကို ရပ်ကြည့်နေလေသည်။
အချိန်များမှာ ချက်ချင်းပင် နှေးကွေးသွားလေသည်။ ပိုင်ရှောင်ချန်းကမူ မျက်လုံးပြူးနေတော့သည်။
” မင်း ဒီမှာ ဘာလုပ်နေတာလဲကွ။” သူက လှမ်းအော်ကာ မေးလိုက်သည်။ မွှေးရနံ့တိမ်တောင်ပေါ်တွင် ဂယက်ထခဲ့စဥ်က ပိုင်ရှောင်ချန်းမှာ ဤစကားပြောနိုင်သော ယုန်လေးကို မြေလှန်ရှာခဲ့ပါသော်လည်း ရှာမတွေ့ခဲ့ပေ။
ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်သောအခါ ထိုယုန်မှာလည်း သူ့ပုံစံအတိုင်း လိုက်အတုခိုးကာ အော်ဟစ်လိုက်လေသည်။ ” မင်း ဒီမှာ ဘာလုပ်နေတာလဲကွ။”
ထို့နောက် ထိုယုန်မှာ စကားများစွာကို ဆက်တိုက်ပြောရင်း မျက်လုံးပြူးကြီးများဖြင့် နောက်လှည့်ကာ အရှိန်ကုန် ထွက်ပြေးသွားလေသည်။
“ဘုရားရေ… ဘာပါလိမ့်…”
“မြင်လိုက်ကြလား… ယုန်ကစကားပြောနေတယ်ဗျ…”
“ဒါကသေချာပေါက် ပိုင်ရှောင်ချန်းရဲ့လက်ချက်ပဲ…”
“ဒါတင်မကဘူး… မနေ့ကတော့ အကြီးအကဲကျိုးကို သူ့ဖီးနစ်ငှက်တွေနဲ့ အခန်းတခန်းထဲဝင်သွားတာ ကျုပ်တွေ့လိုက်တယ်ဗျ… နောက်တော့ ထူးထူးဆန်းဆန်းအသံတွေ ကျုပ်ကြားလိုက်ရတယ်ဗျို့…”
ဂိုဏ်းတူအမတော်ကျိုးရှင်းချီ၊ ဂိုဏ်းတူအမတော်တုလင်ဖေး… ပိုင်ရှောင်ချန်းက ကျုပ်ကိုတားချင်တားပါစေ… ကျုပ်ဂရုမစိုက်ဘူး… မင်းတို့နှစ်ယောက်လုံး ရွှီပေါက်ချိုင်ဆိုတဲ့ ကျုပ်နဲ့ ဆုံစည်းစေရမယ် ”
“ဂိုဏ်းတူအကို ဟိုယွင်ဖေး… ဆိုးသွမ်းနေပါ့လား… အကိုဘာလုပ်နေတာလဲ… ဟမ်… အဲ့တာကဘာလဲ… အဲ့ဒီမျောက်တွေဘာလို့ အခုလိုဖြစ်နေရတာလဲ…”
“ဂိုဏ်းတူညီမမေ့ရှန်း… ကျုပ်… လီချင်းဟောက်ရဲ့အချစ်တွေဟာအရောင်မပြောင်းတတ်ပါဘူး… ကျုပ်အနေနဲ့ရွှေအမြုတေအဆင့်ကိုဖြတ်ကျော်နိုင်ပြီဆိုတာနဲ့ မေ့ရှန်းကိုကျုပ်ရဲ့ တာအိုလက်တွဲဖော်အနေနဲ့လက်တွဲပါရစေ…”
“ဟားဟားဟား……။ ဒီဆေးလုံးက မယုံနိုင်စရာပဲ။ ငါ… ပိုင်ရှောင်ချန်းက အင်မတန်တော်တာပဲ။ ဒီယုန်က တကယ်ပဲ စကားပြောနိုင်တယ် ”
” မြွေဟောက်လီ… လူလိမ်လီ..ခင်ဗျားကြီး ကျုပ်ကို ဒီနေရာထဲပစ်ထည့်ခဲ့တုံးက ဒီလိုဘာမှမဟုတ်တဲ့ မြွေလေးတွေကို ကျုပ်က မကိုင်တွယ် မဖြေရှင်းနိုင်ဘူးများထင်နေလား။ ဒီရတနာ ဆေးလုံးလေးဖော်စပ်ပြီးတဲ့အချိန်ထိပဲစောင့်ဗျာ။ အဲ့ကျမှ ခင်ဗျားကြီးရဲ့မြွေဆိုးလေးတွေကို သင်ခန်းစာပေးပြမယ်။ ဟွန်း.. ဒီဆေးလုံးဖော်ပြီးရင် ဒီမြွေတွေကို ဦးဆောင်ပြီး ကမ္ဘာကြီးက်ို မသိမ်းပိုက်နိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ…ဟမ် ”
ထိုယုန်လေးမှာ ထိုသို့သောစကားများကို တန်းစီပြောရင်း ကျောက်တုံးအိမ်လေးထဲမှ ပြေးထွက်သွားလေသည်။ နောက်ဆုံး စကားကို ပိုင်ရှောင်ချန်း ကြားလိုက်ရသောအခါ မျက်နှာချက်ချင်းပျက်သွားပြီး ဒေါသတကြီး ထအော်လိုက်တော့သည်။
ထိုယုန်လေးကို ဖမ်းရန် သူကကြိုးစားပါသော်လည်း ၎င်းမှာမြန်ဆန်လွန်းလှသည်။ ပိုင်ရှောင်ချန်းက ကျောက်တုံးတဲအိမ်လေး၏ အပြင်ဘက်သို့ပြေးထွက်သွားသော်လည်း သူ၏အော်သံကြောင့် ဂူထဲရှိ မရေမတွက်နိုင်သောမြွေများမှာ တရှူးရှူး တရှဲရှဲနှင့်် အဆိပ်များဖြင့် မှုတ်ထုတ်နေကြတော့သည်။ ယုန်လေးမှာမူ အင်မတန် သွက်လက်လွန်းလှသဖြင့် မြွေအားလုံးကို အလွယ်တကူရှောင်တိန်းသွားတော့သည်။ ထိုမြွေများက ယုန်ကို ကြိုးစား၍ လိုက်ကိုက်ကြသောအခါ လေကိုသာကိုက်မိကြပြီး ယုန်ကလေးမှာကား ဖုန်လုံးများလွင့်နေအောင် ပျောက်ကွယ်သွားတော့သည်။
ခပ်လှမ်းလှမ်းမှနေ၍ ထိုယုန်လေးက သူမှတ်မိသော စကားများကို ပြန်လည်ရွတ်ဆိုနေသံများမှာ မြေကြီးအောက်ရှိဂူကြီးထဲတွင် ပဲ့တင်သံများထပ်နေတော့သည်။
ပိုင်ရှောင်ချန်းကမူ မေ့လဲလုနီးပါးပင်ဖြစ်နေတော့သည်။ သူက ထိုယုန်ကို လိုက်ဖမ်းချင်ပါသော်လည်း သွက်လက်မြန်ဆန်မှုတွင် ၎င်းကိုမယှဥ်န်ိုင်ချေ။ ထိုယုန်လေး ထွက်ပြေးသွားသောဘက်ကို ငေးကြည့်ကာ သူ့မှာ ငိုမဲ့မဲ့ ဖြစ်လာတော့သည်။ ထိုယုန်လေး၏ ဝါသနာနှင့် သူ၏အသံကျယ်ကြောင်းကို ပိုင်ရှောင်ချန်းက သိသဖြင့် ပိုင်ရှောင်ချန်းမှာ ချွေးများဒီးဒီးကျလာတော့သည်။ ထိုယုန်လေးသာ ထွက်ပြေးသွားပြီး စကားများလျှောက်ဖြန့်လိုက်၍ လီချင်းဟောက်သာ ကြားသွာပါက ဖြစ်လာမည့် ကံကြမ္မာဆိုးကို ပိုင်ရှောင်ချန်းမှာ စိတ်ကူးမိရုံနှင့်ပင် ကြောက်နေတော့သည်။
” သောက်ကျိုးတွေတော့ နည်းပြီ။ ဒီယုန်က ဘယ်လိုကောင်လဲ ” ပိုင်ရှောင်ချန်းမှာ အံကြိတ်ရင်း ရေရွတ်နေတော့သည်။ သို့သော်လည်း မည်သူမှပင် အဖြေကိုမသိပေ။ ထိုယုန်ကိုဖန်တီးခဲ့သူမှာ သူကိုယ်တိုင်ပင် မဟုတ်ပါလော။
ကိုယ့်သေတွင်းကိုယ်တူးမိပြီဆိုသော အသိကြောင့် ပိုင်ရှောင်ချန်းမှာ ပို၍ပင် ဒေါသထွက်လာတော့သည်။ သူက ချောင်းဟန့်လိုက်ရင်း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
” ဂိုဏ်းချုပ်လီက လက်ရုံးရည်ရော နှလုံးရည်ပါပြည့်စုံတဲ့ လူတစ်ယောက်ပါ။ သူဘယ်သွားသွား သူ့ကိုယှဥ်နိုင်တဲ့လူမရှိဘူး။ ငါအချစ်ရဆုံး ဆွေမျိုးဆိုလို့ သူ့ကိုပဲ လက်ညိုးထိုးပြရမှာ ”
” ဦးလေးလီရေ။ ပိုင်ရှောင်ချန်းဆိုတဲ့ ကျွန်တော် အနာဂတ်မှာ သေချာပေါက်အလုပ်ကြိုးစားပြီး ဦးလေးကို မျက်နှာမပျက်စေရဘူးလို့ ကတိပေးပါတယ်ဗျာ။”
” ပိုင်ရှောင်ချန်းဆိုတဲ့ ကျွန်တော်က မွေးကထဲက ဆိုးသွမ်းပြီး ရွှတ်နောက်နောက်လုပ်တတ်လို့ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ဒီနေရာကို ပို့ခံသင့်ပါတယ်ဗျာ။ ကျွန်တော် ဒီမှာရှိခဲ့သမျှ ကာလပတ်တစ်လျှောက်တုံး ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီးသွားပါပြီ။ ကြီးမြတ်လှတဲ့ ဂိုဏ်းချုပ်ကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။” ပိုင်ရှောင်ချန်းမှာ ငိုမဲ့မဲ့နှင့် စကားမျိုးစုံ ဆက်တိုက်ပြောကာ ထိုယုန်ကလေးက ထိုစကားများကို ကြားသွားပြီး အနည်းငယ်မှတ်မိသွားစေရန် ဆုတောင်းနေတော့သည်။
သိပ်မကြာမီတွင် ကျောက်တုံးအိမ်လေးထဲရှိ ဆေးပေါင်းဖိုမှ ထစ်ချုန်းသံတစ်သံ ပေါ်ထွက်လာပြီး ဆေးရနံ့တစ်ခုမှာ ပျံ့လွင့်လာသည်။ စိတ်ပျက်လက်ပျက်ဖြင့် ပိုင်ရှောင်ချန်းက ထိုယုန်လေးကို အတွင်းစိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး သက်ပြင်းချကာ နောက်သို့လှည့်လိုက်လေသည်။ ဆေးပေါင်းဖိုကို ဖွင့်လိုက်သောအခါ ထူးဆန်းသော အလင်းရောင်လက်နေသည့် အနက်ရောင်ဆေးလုံးတစ်လုံးနှင့် အဖြူရောင်ဆေးလုံးတစ်လုံးကို တွေ့လိုက်ရလေသည်။