လူတစ်ဦးတစ်ယောက်မျှ သတိမပြုမိသော တစ်စုံတစ်ခုဖြစ်ပွားခဲ့သည်။ မုတ်သုံလေ၏ တစ်စိတ်တစ်ပိုင်းကြောင့် အနက်ရောင်မီးခိုးတချို့က ခရမ်းဒယ်အိုးတောင် အထက်ရှိ တိမ်တိုက်အတွင်းသို့ ဝင်သွားသည်။ အကြွင်းအကျန်တချို့ကိုမူ မြစိမ်းတောင်သို့ တိုက်ခတ်နေသောလေက သယ်ဆောင်သွားလေသည်။
အကယ်၍ မီးခိုးထုသည် အနည်းငယ်သာဖြစ်ခဲ့လျှင် နောက်ဆုံးတွင် မည်သည်ကိုမျှ လုပ်ရန်မလိုဘဲ ပျောက်ကွယ်သွားလိမ့်မည်။ သို့သော် နေ့စဥ်စုစည်းလာသဖြင့် ခရမ်းဒယ်အိုးတောင်တွင် မိုးများစတင်ရွာသွန်းလာသည်။ နောက်ဆုံးတွင် မြစိမ်းတောင်သို့ သက်ရောက်မှုများ ပျံ့နှံသွားသည်မှာ အံ့သြဖွယ်မဟုတ်တော့ပေ။
မူလတွင် မြစိမ်းတောင်မှ ဂိုဏ်းသားများသည် မွှေးရနံ့တောင်နှင့် ခရမ်းဒယ်အိုးတောင်တွင် ဖြစ်ပျက်နေသည်များကို ကြည့်ကာ ထိတ်လန့်နေကြသည်။ သို့သော်တချိန်တည်းမှာပင် တခြားဂိုဏ်းသားများ၏ ကံဆိုးခြင်းကို ပီတိဖြစ်နေကြ၏။ ထို့အပြင် ပိုင်ရှောင်ချန်းကို မြစိမ်းတောင်သို့ မလာနိုင်အောင် တားဆီးရန် သူတို့အားလုံးလုပ်ဆောင်ကြလေသည်။
အမှတ်သုံးဖက်တီးဟီ၏ မိတ်ဆွေများကပင် ပိုင်ရှောင်ချန်းကိုခေါ်ဆောင်မလာခဲ့ရန် သူမအား သတိပေးကြသည်။
ထို့နောက် မိုးများ စတင်ရွာလာသည်။ မြစိမ်းတောင်အထက်ကောင်းကင်တွင် အနက်ရောင်တိမ်ထုကြီးကို တွေ့ရှိသွားသောအခါ လူအများတွင် ထိတ်လန့်တုန်လှုပ်သော အမူအယာများ ဖြစ်ပေါ်လာကြသည်။
တိမ်ထုများမှာ ခရမ်းဒယ်အိုးတောင်အထက်ရှိ တိမ်ထုကြီးကဲ့သို့ သိပ်သည်းခြင်းမရှိကြသော်လည်း အက်စစ်မိုးများရွာကျလာပြီး ဂိုဏ်းသားများ၏အဝတ်များပျော်ကျလာသောကြောင့် အထိတ်တလန့်အော်သံများ ထွက်ပေါ်လာသည်။
အော်ဟစ်သံများတိုးလာသည်နှင့်အမျှ မြစိမ်းတောင်မှ များပြားလှသော အလင်းတန်းများ ခရမ်းဒယ်အိုးတောင်ဆီသို့ လွင့်ပျံလာသည်။ ထို့နောက် ပိုင်ရှောင်ချန်းကို လိုက်လံဖမ်းဆီးနေသော ဂိုဏ်းသားအုပ်ကြီးဖြင့် ပူးပေါင်းလိုက်ကြသည်။
“ပိုင်ရှောင်ချန်း ”
“သေစမ်းကွာ…ပိုင်ရှောင်ချန်း မြစိမ်းတောင်ကိုမသိအောင်လာသွားတယ်လို့ ငါ့ကိုမပြောစမ်းနဲ့”
“သူ.. ရှိကိုရှိရမယ်။ အဲဒီ စက်ဆုပ်ဖွယ်မကောင်းဆိုးဝါးကတော့။ သူသေချာပေါက် ဆေးတွေဖော်စပ်ဖို့ ဒီကိုခိုးလာတာပဲ ”
မြစိမ်းတောင်မှ ဂိုဏ်းသားများသည် ရူးသွပ်မတပ် ဖြစ်နေကြသည်။ လူတော်တော်များများသည် သူတို့၏အဝတ်အားလုံးကို ဆုံးရှုံးရမည့်အချိန်သို့ပင် ရောက်နေလေပြီ။ အဝတ်အစားအသစ်များ ဝတ်လိုက်သော်လည်း ကောင်းမွန်သည့်အခြေအနေသို့မရောက်ပေ။ မြစိမ်းတောင်မှာ ဒေါသလွှမ်းလျက် ပရမ်းပတာဖြစ်သည့် အခြေအနေသို့ကျရောက်သွားတော့သည်။ ပိုင်ရှောင်ချန်းကို ဖမ်းရန် ဂိုဏ်းသားများက ခရမ်းဒယ်အိုးတောင်မှဂိုဏ်းသားများဖြင့် မဟာမိတ်ဖွဲ့လိုက်ကြသည်။
ရှန်ကွမ်းထျန်ယုံက သူတို့ထဲမှ တစ်ယောက်အပါအဝင်ဖြစ်သည်။ သူ၏အဝတ်အစားများ တစ်စစီဖြစ်နေသော်လည်း သူ၏လူသတ်ချင်နေသောစိတ်သည် ဒေါသနှင့်အတူ အရှိန်အဟုန်ပြင်းစွာ ဖြစ်ပေါ်နေသည်။
နောက်ဆုံးတွင် သူ့ထံသို့ မြေရိုင်းမြက်တောင်မှ အဖြစ်အပျက်အတွက် ပိုင်ရှောင်ချန်းအားပြန်ပေးဆပ်ခိုင်းရန် အခွင့်သင့်လာပြီဖြစ်သည်။
ပိုင်ရှောင်ချန်း၏ အော်ဟစ်သံမှာ လေထုထဲတွင် မြည်ဟည်းလျက်ရှိသည်။ ခရမ်းဒယ်အိုးတောင်မှ ဂိုဏ်းသားများက သူ့အားဖမ်းဆီးနေခြင်းသည်ပင် အခြေအနေဆိုးနေပြီ ဖြစ်သည် ။ သို့သော်ယခုမူ မြစိမ်းတောင်မှဂိုဏ်းသားများပါ ထပ်ပေါင်းလိုက်ဖမ်းနေပြီဖြစ်သည်။
မြစိမ်းတောင်မှဂိုဏ်းသားများ ပြောဆိုနေသည်ကို ကြားလိုက်ရပြီးနောက် ပိုင်ရှောင်ချန်းသည် နက်နက်ရှိုင်းရှိုင်း အစော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
“ငါတစ်ခါမှ မြစိမ်းတောင်ကို မသွားခဲ့ဘူး။ တကယ်ပါကွာ..”
မြစိမ်းတောင်မှ ဂိုဏ်းသားတစ်သောင်းကျော်သည် ယခုတွင်စိတ်ဆိုးနေကြပြီး ဓားပျံကိုလည်း အရှိန်တင်လိုက်ကြသည်။ သူတို့က ပိုင်ရှောင်ချန်း၏ ဖြေရှင်းချက်ကို ကြားလိုက်ရသည့်အခါ ပို၍ပင်ဒေါသထွက်လာကြသည်။
“လူလိမ်..”
ပိုင်ရှောင်ချန်းအပေါ် ဓားအလင်းတန်းများ ကျလာသည်နှင့်အမျှ ခရမ်းဒယ်အိုးတောင်မှဂိုဏ်းသားများက မရေမတွက်နိုင်သော မှော်နည်းလမ်းများကို သုံး၍တိုက်ခိုက်ကုန်ကြသည်။ ပိုင်ရှောင်ချန်းက ကြောက်ရွံ့လွန်းလှသဖြင့် အာခေါင်ခြစ်ကာ အသံကုန် အော်လေသည်။
“ငါက ဂိုဏ်းအတွက် အသက်နဲ့ရင်းပြီးပေးဆပ်ထားတဲ့ကောင်ပါ..”
ဘုန်းးးးးး။ ခရမ်းဒယ်အိုးတောင်မှဂိုဏ်းသားများ၏ တိုက်ခိုက်မှုကြောင့် ပိုင်ရှောင်ချန်းမှာ ရူးသွပ်လုမတတ်ဖြစ်နေသည်။
“အားးးးအီးးးး ငါက ဂုဏ်ထူးဆောင်ဂိုဏ်းသားနော်”
ဘုန်းးးးး။ မရေမတွက်နိုင်သော ဓားအလင်းတန်းများနီးကပ်လာသည်နှင့်အမျှ ပိုင်ရှောင်ချန်း၏ မျက်နှာထက်တွင် ချွေးပြိုက်ပြိုက်ကျလျက် ကျောဘက်မှတောင်ပံကိုလည်း တဖျပ်ဖျပ်ခတ်နေရသည်။
“ငါက ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေးလေ…”
“မင်းက တကယ်လို့ ဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်နေရင်တောင် ငါတို့မင်းကို တစ်နေကုန်ရိုက်ပစ်မှာ..”
တောင်ထိပ်နှစ်ခုမှဂိုဏ်းသားများမှာ ပိုင်ရှောင်ချန်းအား ထိုးကြိတ်ရိုက်နှက်လိုသည့် စိတ်ဆန္ဒများပြည့်လျက် အတူတကွပူးပေါင်း လိုက်ဖမ်းကြသည်။
“မင်းတို့ကောင်တွေ…မင်းတို့တွေလုပ်နေတာ လုံးဝ မသင့်တော်ဘူးကွ။ …သူတို့တွေ ငါ့ကိုသတ်ဖို့လုပ်နေကြတယ်..။ သူတို့တွေငါ့ကို သတ်တော့မယ်ဟ..” ပိုင်ရှောင်ချန်း၏ ခေါင်းတစ်ခုလုံး ထူပူနေသည်။ သူက ဆေးဖော်စပ်ရုံမှလွဲပြီး ဘာမှမလုပ်ခဲ့ပေ။ သို့သော်လည်း ဤလူများကား လုံးလုံးကိုရူးသွပ်နေကြလေပြီ။
သူက ငိုမဲ့မဲ့ဖြင့် မွှေးရနံ့တိမ်တောင်သို့ မြန်နိုင်သမျှမြန်မြန်ရောက်အောင် အားထည့်ကာ ပြေးလိုက်သည်။ ယခုအချိန်မှ သူက မွှေးရနံ့တိမ်တောင်ရှိ ဂိုဏ်းသားများသည်ပို၍ နူးညံ့သိမ်မွေ့ပြီး သည်းခံတတ်ကြကြောင်း ရုတ်တရက်ခံစားမိလိုက်သည်။ အမှန်တကယ်တွင်လည်း မွှေးရနံ့တိမ်တောင်သည် သူ့အတွက်အိမ်ဖြစ်သည်။
လူအုပ်ကြီးသည် မွှေးရနံ့တိမ်တောင်အထိ လိုက်ပါလာသည်။ သူက အမြီးတက်နင်းခံရသော ကြွက်လေးတစ်ကောင်ကဲ့သို့ တောင်ပေါ် အပြေးအလွှားတက်သွားသည်။ ဂိုဏ်းသားအုပ်ကြီးကလည်း နောက်မှအပူတပြင်းလိုက်လျက်ရှိ၏။
အခြားတောင်မှ ဂိုဏ်းသားများက မွှေးရနံ့တိမ်တောင်သို့တက်တော့မည့်အချိန်တွင် တောင်ထိပ်ပေါ်မှ မိုးခြိမ်းသံများပဲ့တင်ထပ်လျက် ထွက်ပေါ်လာသည်။
“မင်းတို့ကောင်တွေ
အခုချက်ချင်း ပြန်လှည့်လိုက်ကြစမ်း..”
အသံက မိုးခြိမ်းသံနှင့်တူလှသည်။ မွှေးရနံ့တိမ်တောင်သို့တက်ရန်ပြင်နေသော ဂိုဏ်းသားများမှာ ပါးစပ်အပြည့်သွေးတစ်ပွက်အန်ထုတ်လိုက်ရသဖြင့် အနောက်သို့ဆုတ်လိုက်ရသည်။ ကြီးမားသောစွမ်းအားကြီးတစ်ခုထွက်ပေါ်လာပြီး သူတို့အားလုံးကိုတွန်းထုတ်လိုက်သည်။ သူတို့၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများပေါ်လာပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့မည်သို့စိတ်လိုက်မာန်ပါလုပ်ခဲ့သည်ကို ခဏအတွင်း သဘောပေါက်သွားကြသည်။ သူတို့က ခေါင်းကို ဦးညွတ်ချလိုက်ကာ တောင်းပန်သည့်အနေဖြင့် လက်ကိုယှက်ပြီး ဆုတ်ခွာသွားကြသည်။
ပွတ်လောရိုက်နေခြင်းမှာ လျင်မြန်စွာ အဆုံးသတ်သွားသည်။
ပိုင်ရှောင်ချန်းက ထိုအဖြစ်အပျက်ကို မြင်သောအခါ နက်နက်ရှိုင်းရှိုင်း စိတ်လှုပ်ရှားသွားသည်။ သူ့အဖြစ်က သူ ရန်ဖြစ်နေစဥ် အရှုံးနှင့်ရင်ဆိုင်နေရပြီး မိဘက ရင်ဘက် ကိုလက်သီးပြင်းပြင်းဖြင့် ထိုးကာလာရောက်ကယ်တင်သည်ကို စောင့်နေသော ကလေးလေးနှင့် ပင်တူနေသေးသည်။
“ဟုတ်တယ်….ဒါအမှန်ပဲ..”
သူသည် ခြေဟန်လက်ဟန်ပြကာ သွေးရူးသွေးတန်းဖြင့် အော်ဟစ်လိုက်သည်။
“မင်းတို့ကောင်တွေသာ ပြန်လှည့်သွားကြစမ်းပါ။ အဲဒီ မင်းတို့မြစိမ်းတောင်ကကောင်တွေ ကြပ်ကြပ်သတိထား…မင်း…..”
သူက မြစိမ်းတောင်သို့သွား၍ ဆေးဖော်စပ်ခြင်းမလုပ်ခဲ့ကြောင်း ပြောရန်ပြင်နေဆဲမှာပင် ရုတ်တရက် သူ့အပေါ်သို့ဖိအားကြီးတစ်ခုကျလာကာ လီချင်းဟောက်သည် ရှေ့တွင်ရောက်လာသည်။ တင်းမာသော မျက်နှာထားဖြင့် အကျီလက်ကိုဝှေ့ယမ်းလိုက်ကာ ပိုင်ရှောင်ချန်းအားလေထဲသို့ လွင့်ပျံစေလိုက်၏။ ခဏအကြာတွင် သူကပိုင်ရှောင်ချန်းအား လည်ပင်းမှဆွဲကိုင်လိုက်သည်။
“ဦးလေးလီ..ကျွ..ကျွန်..ကျွန်တော် တကယ် မြစိမ်းတောင်ကိုမသွားခဲ့ပါဘူးးးး အားးအီးးး”
သူကစကားလုံးများကို လျင်မြန်စွာပြောနေသော်လည်း အရေးမပါပေ။ သူ၏စကားမပြီးဆုံးမီ လီချင်းဟောက်က သူ့အား လေထဲသို့ လွှင့်ပစ်ပြန်သည်။
အခြားတောင်ထိပ်နှစ်ခုမှဂိုဏ်းသားများက ထိုမြင်ကွင်းကို ပျော်ရွှင်ဝမ်းမြောက်စွာကြည့်နေကြသည်။ မွှေးရနံ့တိမ်တောင်မှ ဂိုဏ်းသားများက သက်ပြင်းအရှည်ကြီးမချနိုင်မီ ထူးဆန်းသောအမူအယာဖြင့်ကြည့်နေကြသည်။
“ပိုင်ရှောင်ချန်း ဒီတစ်ခါတော့ ကံမကောင်းပါလားဟ..”
“သူ့ကို တောင်ထိပ်သခင်က စိတ်ကုန်နေလောက်ပြီ။ သူကအခု တကယ်ကိုပဲကွာ..”
“သူက တောင်ထိပ်သခင်ကိုသာ စိတ်ကုန်စေတာမဟုတ်ဘူး။ တောင်ဘက်ခြမ်း တစ်ခုလုံးကို အရူးလုပ်သွားတာ”
ပိုင်ရှောင်ချန်း၏ မျက်နှာထက်တွင် စီးကျနေသောသွေးများကို ကြည့်၍ မရေမတွက်နိုင်သောဂိုဏ်းသားများသည် ဝမ်းမြောက်နေကြသည်။ ပိုင်ရှောင်ချန်းက လီချင်းဟောက် မည်သည့်ဘက်သို့ ဦးတည်နေသည်ကို သတိပြုမိလိုက်သည်။ထိုနေရာမှလွဲပြီး မဖြစ်နိုင်ပေ…။
“မြွေ….မြွေတစ်သောင်းတောင်ကြား…”
သူကကျယ်လောင်စွာဖြင့် ပြောလိုက်မိလေသည်။
“ကျွန်တော်တောင်းပန်ပါတယ်..ဦးလေးလီရယ်”
လီချင်းဟောက်က မွှေးရနံ့တိမ်တောင် ၏အနောက်ဘက်ရှိ မြွေတစ်သောင်းတောင်ကြားဆီသို့ အော်ဟစ်မြည်တမ်းနေသော ပိုင်ရှောင်ချန်းအား ခေါ်ဆောင်ရန် အချိန်သိပ်မယူလိုက်ရပေ။ ထိုအထဲသို့ ခြေချချခြင်းတွင် မရေမတွက်နိုင်သော မြွေပွေးများက ကြည့်လာကာ တရှုးရှုး တရှဲရှဲအသံများကလည်း ကျယ်လောင်လာသည်။ သူတို့၏ အစွယ်မှ အဆိပ်များတစ်စက်စက်ကျနေသည်ကိုလည်း မြင်နိုင်လေသည်။
ပိုင်ရှောင်ချန်းမှာ အကြောက်လွန်ပြီး တုန်နေလေသည်။ ပို၍ကြောက်လန့်သွားရသည်မှာ လီချင်းဟောက်က တောင်ကြား၏အလယ်ရှိ ဂူဆီသို့ဆက်၍သွားနေခြင်းဖြစ်သည်။
“ကျွန်တော် ဆေးကိုပဲဖော်စပ်ချင်ခဲ့တာပါ။ ဒီလိုရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ပါဘူးဗျာ။ ဦးလေးလီ… ကျွန်တော်ပြောတာကို နားထောင်ပါဦး။ ဦးလေးပြောတဲ့အတိုင်း ကျွန်တော်လုပ်ခဲ့တာပဲလေ… ။ မွှေးရနံ့တိမ်တောင်ပေါ်မှာ ဆေးထပ်မဖော်စပ်ခဲ့ဘူးလေဗျာ။ ကျွန်တော်…..”
သူက ကမန်းကတန်းရှင်းပြပြီးသော် လီချင်းဟောက်၏မျက်နှာက ပို၍မည်းလာလေသည်။ သူက ဂူအတွင်းထဲသို့ အရှိန်တင်၍သွားလိုက်သည်။
အစပိုင်းတွင် အရာအားလုံးက မှောင်မည်းနေသော်လည်း မကြာမီတွင် အေးစက်သော မျက်လုံးတစ်စုံပြီး တစ်စုံပွင့်လာကာ ပိုင်ရှောင်ချန်းနှင့် လီချင်းဟောက်အား အေးစက်စွာစိုက်ကြည့်နေကြလေသည်။ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံ တိုးတက်လာသည့်အတွက် သူတို့၏အသွင်အပြင်ကိုယခုမှ ရှင်းလင်းပြတ်သားစွာမြင်နိုင်လာသည်။
ထိုနေရာက သူယခင်ထင်ထားခဲ့သည်ထက်ပင် ပို၍ ကြောက်စရာကောင်းသည်ကို တွေ့ရှိလိုက်ရသည်။
သူက ဝိညာဥ်သတ္တဝါအတွဲ ငါးတွဲကို ကျွမ်းကျင်နေပြီဖြစ်ရာ ယခုကိစ္စတွင် များစွာ အကျိုးရှိလေသည်။ သူတို့ကို အမှောင်ထုက ဝန်းရံထားသော်လည်း သူ၏ စိတ်စွမ်းအားကို လှည့်ပတ်စေပြီ လျင်မြန်စွာဖြင့် မြွေအများအပြားကို ဖော်ထုတ်ကာ သူတို့၏အချက်အလက်များကိုလည်း ပြန်လည်တွေးတောလိုက်မိသည်။
“ခြေသုံးလှမ်းမြွေပွေး”
“နံနက်ခင်းမျက်လုံး အန်နာကွန်ဒါမြွေ ”
“ဒါက…. ရွှေငွေမြွေပွေး ”
ပိုင်ရှောင်ချန်း အားထိတ်လန့်စေသည်မှာ မြွေများအားလုံးသည် အဆိပ်ပြင်းကြပြီး ဝိညာဥ်သတ္တဝါအတွဲ ငါးတွဲအရ လွန်စွာ စွမ်းအားကြီးကြသည်။ အမှန်တကယ်တွင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများသည်ပင် အလျင်အမြန် မဖြေရှင်းနိုင်ပါက အသတ်ခံရနိုင်သည်။
အမွှေးတိုင်တစ်ဝက်စာလောင်ကျွမ်းပြီးချိန်တွင် လီချင်းဟောက်က ပိုင်ရှောင်ချန်းကို တရှုးရှုး တရှဲရှဲဖြင့်မြည်တွန်နေသော မရေမတွက်နိုင်အောင်များလှသော မြွေကြီးများရှိရာ ကြီးမားပြီး မြေအောက်ထဲရှိ ဥမင်အတွင်းသို့ ဆွဲကာ ခေါ်ဆောင်သွားလိုက်သည်။ ချီစုစည်းမှုအဆင့်ရှစ်နှင့်ညီမျှသော ကျင့်ကြံခြင်းအခြေခံရှိသည့် မြွေကြီး ကိုးကောင်ပင်ရှိသေးသည်။ သူတို့၏မျက်လုံးများမှာ အနီရောင်တောက်ပနေပြီး သူတို့၏အစွယ်များတွင် ထိတ်လန့်ဖွယ် အဆိပ်ရည်များ တစ်စက်စက်ကျလျက်ရှိသည်။
လိုဏ်ဂူ၏တစ်နေရာတွင် မီတာသုံးဆယ်အတွင်းမြွေများမလာနိုင်အောင်ရှင်းပေးသော မန္တန်ဝင်္ကပါဝန်းရံထားသည့် ကျောက်တုံးအိမ်လေးတစ်လုံးရှိသည်။ ထိုနေရာဝန်းကျင်တွင် မြွေများစုပုံနေသည်။ သူတို့သည် ကျောက်တုံးအိမ်နှင့် ကွာဝေးသော်လည်း ပိုင်ရှောင်ချန်းမှာ သေစေလောက်အောင်မွန်းကျပ်မှုကို ခံစားနေရသည်။
လီချင်းဟောက်က သူ၏အကျီလက်ကိုယမ်းလိုက်ရာ ပိုင်ရှောင်ချန်းမှာ ကျောက်တုံးတဲအိမ်လေးနားသို့ အရှိန်ပြင်းစွာ ဖရိုဖရဲကျသွားသည်။
“ဆေးဖော်စပ်ချင်တယ်မလား။ ဒီမှာဖော်..။ ဒီမှာ မြေမီးတောက်နဲ့ ဆေးပေါင်းဖို..။ ယူလိုက်..။ ဒီမှာဆိုရင် အနည်းဆုံးတော့ တခြားဂိုဏ်းသားတွေအတွက် အနှောင့်အယှက်မဖြစ်တော့ဘူးပေါ့”
လီချင်းဟောက်သည် အေးစက်စွာပြောလျက် ပိုင်ရှောင်ချန်းအား ကိုင်ထားသောအိတ်ကို ပစ်ပေးလိုက်သည်။
“အဲ့ဒီထဲမှာ ဆေးပင်တွေအများကြီးနဲ့ အစားအစာတွေရှိတယ်။ မင်းလုပ်ခဲ့တာတွေကို ဆင်ခြင်ပြီးသွားရင် ငါမင်းကိုလာခေါ်မယ်”
ပိုင်ရှောင်ချန်းကို ကြည့်လိုက်ကာမန္တန်ဝင်္ကပါ အလုပ်လုပ်ကြောင်း စစ်ဆေးလိုက်ပြီးနောက် သူက ပျံသန်းထွက်ခွာသွားလေသည်။ သူ့တွင် အခြားရွေးချယ်စရာလမ်းမရှိတော့သောကြောင့် ထိုနေရာကိုအသုံးပြု၍ ပိုင်ရှောင်ချန်း၏ ရွှတ်နောက်နောက် အမူအကျင့်များကို ဖယ်ရှားပစ်ရန် လုပ်ခဲ့ခြင်းဖြစ်သည်။
အမှန်တကယ်တော့ သူ့စိတ်ထဲတွင် ပိုင်ရှောင်ချန်းအား လွန်စွာ ဂရုစိုက်သည်။ ထို့ကြောင့် မန္တန်ဝင်္ကပါကိုကောင်းစွာအလုပ်လုပ်စေရန် ဂရုတစိုက်လုပ်ခဲ့သည်။ ပိုင်ရှောင်ချန်းကို သူနားလည်ရာ မန္တန်ဝင်္ကပါအပြင်သို့ ထွက်မည်မဟုတ်မှာ သေချာသည်။
လီချင်းဟောက် ထွက်ခွာသွားသည်ကိုကြည့်၍ ပိုင်ရှောင်ချန်းမှာ မျက်ရည်ကျလုလုဖြစ်သွားသည်။ ခဏကြာပြီးနောက်တွင် လီချင်းဟောက်၏ဖိအားမရှိတော့သည့်အတွက် မြွေများသည် ဟိုဟို သည်သည် နေရာအနှံ့စတင်သွားကြတော့သည်။
သူတို့၏အစွယ်များကိုဖြဲပြလျက် မန္တန်ဝင်္ကပါ၏အကာအကွယ်ကိုပင် ဖျက်ဆီးရန်ကြိုးစားနေကြပြီး အဆိပ်များကိုလည်း နေရာအနှံ့ ဖိတ်စင်အောင် လုပ်နေကြသည်။
အတန်ငယ်ဝေးကွာသောနေရာရှိ ပိုင်ရှောင်ချန်းကို အေးစက်စွာစိုက်ကြည့်နေကာ မျိုချင်နေသော ချီစုစည်းမှုအဆင့်ရှစ်ရှိသည့် မြွေအချို့ရှိလေသည်။ ပိုင်ရှောင်ချန်းမှာ ထိတ်လန့်တုန်လှုပ်လာ၏။
“အဲ့အကောင်တွေက သွေးနတ်ဘုရား မြွေဟောက်တွေပဲ။ သူတို့တွေ ချီစုစည်းမှုအဆင့်ရှစ်ထိရှိနေတာ ငါမယုံနိုင်ဘူး။ သူတို့ရဲ့ အဆိပ်တစ်စက်ကတောင် လူပေါင်း တစ်သောင်းကို သေစေနိုင်တယ်….”
အနည်းငယ်ထပ်ကြာသည်အထိ သူသာ် ကြောက်ရွံ့ခြင်းကြောင့် နှလုံးခုန်နှုန်း မြန်နေကာ ဘေးပတ်လည်ကို မဝံ့မရဲ ကြည့်နေသည်။ ထို့အထဲတွင် ချီစုစည်းမှုအဆင့်ကိုးနှင့်ညီမျှသော မြွေကြီးသုံးကောင်နှင့် ချီစုစည်းမှု၏အထွတ်အထိပ်ရှိ မြွေနှစ်ကောင် ပင်ရှိသေးကြောင်းသိရှိလိုက်ရသည်။
သူတို့ဆီမှထွက်ပေါ်လာသော စွမ်းအားများက ကျင့်ကြံသူများနှင့်မတူညီပေ။ ထိုအကောင်များမှာ သေလောက်အောင်အဆိပ်ပြင်းသည့် မြွေများသာ ဖြစ်သည်။
အားလုံးထဲတွင် သူ၏နှလုံးခုန်နှုန်းကို ပိုမိုအရှိန်မြှင့်ပေးလိုက် သည်မှာ သူက ကျန်သည့်အရာများထက် စွမ်းအားကြီးမားပုံရသည့် အငွေ့အသက်တစ်ခုဖြစ်သည်။ ထို့ပြင် သူတို့အားလုံးက သူ့ကိုစိုက်ကြည့်နေပုံပေါ်သည်။
မကြာမီတွင် ကောင်းကင်က မည်းမှောင်လာပြီး ပိုင်ရှောင်ချန်းမှာ စိတ်ပျက်လက်ပျက် သက်ပြင်းချကာ ထိုနေရာ၌ပင် ထိုင်နေသည်။
“ငါအခုဘာလုပ်ရမလဲ….”