ခရမ်းဒယ်အိုးတောင်ပေါ်ရောက်ရောက်ချင်းတလတွင် ပိုင်ရှောင်ချန်းသည် အင်မော်တယ်ဂူထဲတွင်တိတ်တဆိတ်ဆေးဖော်စပ်နေလေ၏။ အနီးအနားရှိဂိုဏ်းသား တစ်ယောက်တလေမှပင် ပိုင်ရှောင်ချန်းရှိနေမှန်းသတိမထားမိကြပေ။ ဖက်တီးကျန်းကြီးလည်း စိတ်ချလက်ချဖြစ်နေလေ၏။ အစပိုင်းတွင် ပိုင်ရှောင်ချန်းဆေးဖော်စပ်နေရာသို့ မကြာခဏလာရောက်လည်ပတ်လေ့ရှိသော်လည်း နောက်ပိုင်းတွင်လာမကြည့်ဖြစ်တော့ချေ။
ထိုသို့ဖြင့် နောက်ထပ်တလကုန်ဆုံးသွားပြန်၏။
ပိုင်ရှောင်ချန်းသည် သူ့ရှေ့ရှိဖော်စပ်ပြီးဆေးလုံးများကို တောက်ပသောမျက်လုံးများဖြင့်စိုက်ကြည့်နေ၏။ ခဏမျှအသေးစိတ်စစ်ဆေးကြည့်ရှုပြီးသောအခါ ဟက်ဟက်ပက်ပက်ရယ်မောနေလေ၏။ လွန်ခဲ့သောတစ်လအတွင်း အညစ်အကြေးများကိုသန့်ရှင်းရန်နည်းလမ်းအသစ်ကိုရှာဖွေနေခဲ့ရာ ယခုမှာမူ နည်းလမ်းအသစ်တခုကိုရှာဖွေတွေ့ရှိသွားပြီဖြစ်သည်။
“မိုးကြိုးလျှပ်စီးကိုသုံးပြီး ဆေးလုံးတွေကို ပြင်ပတွန်းအားနဲ့သန့်စင်စေခြင်းဟာ နည်းလမ်းတခုပဲ…။ ဒါပေမယ့် တခြားနည်းလမ်းတခုကကျတော့ စိတ်စွမ်းအင်ဆေးလုံးတွေကို အတွင်းကနေသန့်စင်တဲ့နည်းပဲ…။”
“ပိုင်ရှောင်ချန်း၊ မင်းကတော့တကယ့်ပါရမီရှင်ပဲဟေ့… ။ ဟားဟားဟား… ငါဘာလုပ်ရမလဲဆိုတာသိသွားပြီကွ…။ အပြန်အလှန် ကြီးမားလာခြင်းနဲ့ ဖိနှိပ်ခြင်း နိယာမကိုသုံးပြီးတော့ အပူစွမ်းအင်တခုကို ဆေးလုံးတွေဖော်စပ်နေစဥ်မှာပဲ ငါဖန်တီးရမယ်…။ မသန့်စင်မှုတွေကို မီးတောက်ကဖယ်ရှားပေးလိမ့်မယ်…။ သန့်ရှင်းစင်ကြယ်သွားပြီဆိုရင် နောက်ဆုံးထွက်လာတဲ့ဆေးလုံးဟာ အဆိပ်အတောက်မဖြစ်နိုင်တော့ဘူး…။” သူသည် ပို၍ပင်စိတ်လှုပ်ရှားလာကာ အသက်ပြင်းပြင်းရှူလိုက်ပြီး အလုပ်ကိုဆက်လုပ်နေသည်။
စုစည်းထားသောဆေးဝါးပင်များကို ဆေးပေါင်းဖိုထဲပစ်ထည့်နေစဥ်မှာပင် သူသည်ဆေးနည်းထဲတွင်မပါဝင်သော အခြားအပင်များကိုပါကောက်ထည့်နေလေ၏။ သူလုပ်နေသမျှကိုလဲ ကျကျနနမှတ်တမ်းတင်ထားလေသည်။
ပိုင်ရှောင်ချန်းသည် လေးရက်ခန့် ထမင်းမေ့ဟင်းမေ့ဆေးဖော်စပ်နေလေ၏။ ဆေးပေါင်းဖိုကိုအဆက်မပြတ်လှည့်ပတ်နေပြီး ဆေးအပြင်းအပျော့ကိုချိန်ညှိရန်အတွက် ရံဖန်ရံခါတွင် မြေမီးတောက်ကို အလိုက်သင့်ထိန်းညှိပေးခြင်းများ၊ တစ်ခါတလေတွင် အခြားစိတ်စွမ်းအင်ဆေးဝါးများထပ်ထည့်ခြင်းများကို ပြုလုပ်နေလေသည်။
ညအခါသို့ရောက်လာသောအခါ ဆေးပေါင်းဖိုဆီမှ တပွက်ပွက်ဆူသံများထွက်လာသောကြောင့် ပိုင်ရှောင်ချန်းတယောက် ပို၍ပင်စိတ်လှုပ်ရှားလာသည်။ မကြာမီပင် ဆေးပေါင်းဖိုသည်လှုပ်ခါလာပြီး အန္တရာယ်ရှိသောအနက်ရောင်မီးခိုးလုံးများလျှံကျလာလေ၏။ ပိုင်ရှောင်ချန်းသည် အလျင်အမြန်ပင် မီးခိုးလုံးများကို အင်မော်တယ်ဂူအပြင်သို့ရောက်အောင်မှုတ်ထုတ်လိုက်လေရာ မီးခိုးလုံးများသည် လေနှင့်အတူမျောလွင့်သွားလေ၏။ တချို့မှာ ခရမ်းဒယ်အိုးတောင်ပေါ်ရှိတိမ်များထဲသို့ဝင်ရောက်ပျောက်ကွယ်သွားပြီး တချို့မှာ မြစိမ်းတောင်ဘက်သို့ပျံ့လွင့်သွားလေ၏။
အင်မော်တယ်ဂူထဲတွင် ရှင်းလင်းသွားသောအခါ ပိုင်ရှောင်ချန်းသည် ဆေးပေါင်းဖိုရှိရာသို့အပြေးအလွှားသွားပြီး ငုံ့ကြည့်လိုက်ရာ ဆေးလုံးတလုံးကိုတွေ့လိုက်ရသောကြောင့် ကောက်ယူပြီးစစ်ဆေးကြည့်နေ၏။ ၎င်းဆေးလုံးသည် အဆိပ်ဆေးဖြစ်မှန်းသိသာသော်လည်း လွန်ခဲ့သောဆေးလုံးများက တစ်ရာရာခိုင်နှုန်းမသန့်စင်ခြင်းဖြစ်ပြီး ယခုဆေးလုံးမှာမူ ကိုးဆယ့်ရှစ်၊ သို့မဟုတ် ကိုးဆယ့်ကိုးရာခိုင်နှုန်းသာ မသန့်စင်ခြင်းဖြစ်လေ၏။
ပိုင်ရှောင်ချန်းသည် အားကျကျေနပ်သွားပြီး သူသည်လမ်းမှန်ပေါ်သို့ရောက်နေပြီဆိုသည်မှာ သေချာလာပြီဖြစ်သည်။ သူထပ်မံလုပ်ရမည်မှာ ပါဝင်ပစ္စည်းအရောအစပ်ကိုချိန်ညှိခြင်းဖြင့် ထိုနည်းလမ်းကိုအောင်မြင်အောင် ဆက်လုပ်ရန်ပင်။
“ဟားဟားဟား… ဒီဆေးဖော်စပ်နည်းက ပိုပြီးတော့တောင်လျှို့ဝှက်သေးတယ်…။ မိုးကြိုးလည်းမပစ်၊ လျှပ်စီးလည်းမလက်…။ ငါလည်း ဘယ်သူ့ကိုမှမထိခိုက်မိတော့ဘူး…။” သူသည် လုံးဝပျော်ရွှင်နေသည်။ တကယ်တော့ သူဆေးဖော်စပ်မှုကြောင့် အခြားဂိုဏ်းသားများဒေါသထွက်နေရခြင်းကို သူမလိုချင်တော့ပေ။
ကျေနပ်မှုအပြည့်ဖြင့် ခဏမျှတရားထိုင်ရန်တင်ပျဥ်ခွေထိုင်လိုက်၏။ နေ့စဥ်ပြုလုပ်နေကြဖြစ်သော နဂါးလိုဆင်လို အဏ္ဏဝါကျမ်း၊ ထာဝရအသက်ရှည်နည်း ပညာရပ်နှင့် ရွှယ်ကျဲကော်တုပညာရပ်တို့ကို လေ့ကျင့်အပြီးတွင် သူသည်ဆေးပေါင်းဖိုသို့တဖန်ပြန်သွားကာ ဆေးဖော်စပ်နေပြန်၏။
သူသည် ဆေးဖော်စပ်ခြင်းတွင် စိတ်ရောကိုယ်ပါနှစ်မြှုပ်ထားလေတော့သည်။ နေ့စဥ် လေးကြိမ်ငါးကြိမ်ခန့် ဆေးဖော်စပ်လေ့ရှိပြီး အချိန်တိုင်းအနက်ရောင်မီးခိုးလုံးများလျှံကျလာရာ ထိုမီးခိုးလုံးများကို အင်မော်တယ်ဂူအပြင်သို့ရောက်အောင်မှုတ်ထုတ်ပေးမှသာ လေထဲသို့ဝင်ရောက်ပျောက်ကွယ်သွားတတ်လေ၏။
ဆယ်ရက်ခန့်ကြာသောအခါ ဆယ်ကြိမ်ဖော်စပ်လျှင် လေးကြိမ်သာအဆိပ်ဆေးဖြစ်လေရာ မသန့်စင်မှုနှုန်းသည် သိသိသာသာကျလာသည်ဖြစ်သောကြောင့် အလွန်ပင်ဝမ်းသာနေလေသည်။ ထို့ပြင်မသန့်စင်မှုရာခိုင်နှုန်းမှာလည်း ကိုးဆယ့်ခုနှစ်ရာခိုင်နှုန်းသို့ကျလာလေ၏။ ယခင်ကတရာရာခိုင်နှုန်းနှင့်ယှဥ်လျှင် သိသိသာသာလျော့ကျသွားသည်ဖြစ်၏။
သူ၏အောင်မြင်မှုမှာထိုတခုတည်းမဟုတ်ပေ။ အောင်မြင်စွာထွက်လာသောဆေးလုံးများတွင်လည်း မသန့်စင်မှုအနည်းငယ်သာပါတော့သည်။ ဤနည်းအတိုင်းသာဆက်သွားမည်ဆိုလျှင် ပိုင်ရှောင်ချန်းအနေဖြင့် မကြာခင်အချိန်အတွင်း အလယ်အလတ်အဆင့် အဆင့်သုံးစိတ်စွမ်းအင်ဆေးလုံးများကိုဖော်စပ်နိုင်မည်ဖြစ်သည်။
သူသည်ဆေးဖော်စပ်ရာတွင်သာအလွန်အမင်းစိတ်ရောက်နေသောကြောင့် အပြင်လောကကြီးနှင့်လုံးဝအဆက်အသွယ်ပြတ်နေလေတော့သည်မှာ တကိုယ်တည်းတရားကျင့်ကြံနေသည်နှင့်ပင်တူနေလေတော့၏။ သူသည်မှတ်တမ်းများကိုလည်းစနစ်တကျပြုစုထားပြီး ဆေးဝါးဖော်စပ်ရာတွင် လိုအပ်သောပြုပြင်ပြောင်းလဲမှုများကိုလည်း လိုအပ်သလိုပြုလုပ်လေ၏။ မကြာမီတွင် ဆေးဖော်စပ်သည့်နှုန်းကိုမြှင့်လိုက်ပြီး တနေ့တွင် ၇ကြိမ်၈ကြိမ်အထိ ဖော်စပ်နိုင်လာလေ၏။ အနက်ရောင်မီးခိုးများသည်လည်း ကောင်းကင်ယံသို့အစဥ်သဖြင့်တက်နေလေတော့၏။ လဝက်ခန့်ကြာသောအခါ အဆိပ်ဆေးလုံးထဲတွင်ပါဝင်သော အညစ်အကြေးပမာဏသည် ၉၅ရာခိုင်နှုန်းအထိကျဆင်းသွားလေ၏။
ပိုင်ရှောင်ချန်းတစ်ယောက် ခရမ်းရောင်ဒယ်အိုးတောင်ပေါ်တွင်ရောက်ရှိနေသည်မှာ နှစ်လခန့်ကြာသောအခါ မွှေးရနံ့တိမ်တောင်ပေါ်ရှိဂိုဏ်းသားများသည် လွန်စွာမှစိတ်အေးချမ်းသာယာရှိနေကြ၏။ ပိုင်ရှောင်ချန်း ဘယ်ရောက်နေသည်ကိုမည်သူမှမသိကြသော်လည်း ငြိမ်းချမ်းမှုပြန်လည်ရရှိနေသည်ကိုခံစားမိကြ၏။
ပိုင်ရှောင်ချန်းတစ်ယောက် ခရမ်းဒယ်အိုးတောင်ပေါ်တွင် လာရောက်ဆေးဖော်နေသည်ကို ဖက်တီးကျန်းကြီးမှလွဲ၍ ဘယ်သူမှမသိကြပေ။ သို့သော် မွှေးရနံ့တိမ်တောင်တွင်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များအကြောင်းကိုမူ သူလိုက်ဖွထား၍ တစတစသိနေကြလေပြီ။ ဖက်တီးကျန်းကြီးသည် ထိုအကြောင်းများကို ပို၍ကြားလေလေ ပို၍တုန်လှုပ်လေလေဖြစ်လာ၏။
ပိုင်ရှောင်ချန်းက မွှေးရနံ့တိမ်တောင်ပေါ်တွင် ထိုမျှဂယက်ထအောင်လုပ်နိုင်လိမ့်မည်ဟု စိတ်ပင်မကူးမိဖူးချေ။ ဖက်တီးကျန်းသည်အနည်းငယ်တုန်လှုပ်နေသော်လည်း ပိုင်ရှောင်ချန်းဘက်မှ ဘာသံမှမကြားရချေရာ နောက်ဆုံးတွင်ဖက်တီးကျန်းကြီးသည် တဖြည်းဖြည်းစိတ်သက်သာရာရလာသည်။
အချိန်များတရွေ့ရွေ့ကုန်ဆုံးလာပြီး ပိုင်ရှောင်ချန်း မနားမနေဆေးဖော်စပ်နေသည်မှာ သုံးလဆက်တိုက်ပင်ရှိလာပြီ။ အနက်ရောင်မီးခိုးငွေ့များသည် အင်မော်တယ်ဂူထဲမှ အဆက်မပြတ်ထွက်လာနေရာ ခရမ်းဒယ်အိုးတောင်ပေါ်ရှိ ဂိုဏ်းသားအချို့မှာ တဖြည်းဖြည်းသတိပြုမိလာကြသည်။ သို့သော်လည်း ဂိုဏ်းသားများသည် သိပ်ဂရုမစိုက်ကြချေ။
ဖက်တီးကျန်းသည် ပို၍ စိတ်အေးလာနေသည်။ သို့သော်လည်း သူသည် ခရမ်းဒယ်အိုးတောင်ပေါ်တွင် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလောက်အောင် မိုးများရွာသွန်းလာသည်ကို သတိပြုမိလာသည်။ ခရမ်းဒယ်အိုးတောင်ပေါ်တွင်သာရွာနေပြီး ကျန်တခြားနေရာများတွင် ရွာသွန်းခြင်းမရှိသည့်အတွက် ထိုမိုးသည် အလွန်ထူးဆန်းသောမိုးဖြစ်သည်။
ထို့ပြင် မိုးရေများသည်လည်းသာမန်ထက်ညစ်ပတ်လွန်းနေသည်။ မိုးစက်များခန္ဓာကိုယ်ပေါ်သို့ကျလာလျှင် အနက်ရောင်အကြောင်းလေးတခု ကျန်နေခဲ့သည်။ တဖြည်းဖြည်းနှင့် ခရမ်းဒယ်အိုးတောင်ပေါ်ရှိအခြားဂိုဏ်းသားများပါ သတိပြုမိလာကြပြီး ဘာတွေဖြစ်နေပြီလဲဆိုသည်ကို သိချင်လာကြ၏။ ပိုင်ရှောင်ချန်းကမူ ဆေးဝါးများကို သည်းကြီးမည်းကြီးဖော်ကောင်းနေဆဲဖြစ်ပြီး တနေ့လျှင် ၁၅ကြိမ်မျှဖော်စပ်နိုင်နေပြီဖြစ်သည်။
သူသည်အနားယူခြင်းမျိုးလည်းမလုပ်သောကြောင့် တဖြည်းဖြည်းပိန်လာကာ ဖြူဖပ်ဖြူရော်ပင်ဖြစ်လာလေ၏။ အဆိပ်ဆေးများအတွက်မူ၊ ပါဝင်သောမသန့်စင်မှုရာခိုင်နှုန်းမှာ လျော့ကျ၍သာနေသည်ဖြစ်ရာ ၉၂ မှ ၉၃ ရာခိုင်နှုန်းခန့်သာရှိတော့သည်။
“နောက်ထပ်လအနည်းငယ်လောက်ဆိုရင် အဆိပ်အတောက်ပါဝင်မှုရာခိုင်နှုန်းကို ၉၀အောက်ရောက်အောင်လုပ်နိုင်လိမ့်မယ်…။ အဲ့အခါကျရင် အဆင့်နိမ့်စိတ်စွမ်းအင်ဆေးလုံးတွေဖြစ်သွားပြီ…။” စိတ်လှုပ်ရှားမှုများမြင့်တက်လာသည်နှင့်အတူ ပိုင်ရှောင်ချန်းသည်ဆေးဝါးဖော်စပ်ခြင်းတွင် စိတ်ရောကိုယ်ပါ ပို၍နှစ်မြှုပ်လိုက်လေသည်။ ထိုအချိန်တွင် ဂူအပြင်၌လူအများစူးစူးဝါးဝါးအော်ဟစ်နေကြသည်။
ဖက်တီးကျန်းကြီးသည် ခရမ်းဒယ်အိုးတောင်ကိုပတ်၍ဖောက်ထားသော တောင်ပတ်လမ်းတခုတွင် လမ်းလျှောက်နေစဥ် ရုတ်တရက် မိုးပြင်းထန်စွာရွာချလေသည်။ တချိန်တည်းမှာပင် လေထုထဲတွင် ညှော်နံ့များပါလာလေ၏။ ထို့နောက် သူ့အပေါ်သို့ရွာချနေသောမိုးသည် သူ့ကိုနာကျင်စေသည်ကို သတိပြုမိလိုက်သောအခါ ဖက်တီးကျန်းကြီးမျက်လုံးပြူးသွားလေသည်။ အကြောင်းမူကား… မိုးသည် သူ့အဝတ်အစားများကိုအရည်ပျော်သွားစေသောကြောင့်ဖြစ်သည်။
ဖက်တီးကျန်းသည် အသက်ရှူရပ်မတတ် အံ့အားသင့်သွားကာ ကြောက်လန့်တကြားအော်ဟစ်လိုက်လေ၏။ သူသည် သူ့အိမ်ရှိရာဘက်သို့ အားကုန်ပြန်ပြေးလေ၏။
လမ်းတလျှောက်တွင်လည်း ကြောက်လန့်တကြားအော်ဟစ်ပြေးလွှားနေကြသော ဂိုဏ်းသားများကိုတွေ့လိုက်ရလေသည်။ ဖက်တီးကျန်းကြီးနည်းတူ ခရမ်းဒယ်အိုးတောင်ပေါ်ရှိ အခြားဂိုဏ်းသားများသည် အရည်ပျော်နေသောအဝတ်အစားများဖြင့် ကြောက်လန့်တကြားပြေးလွှားနေကြ၏။ မိုးရေများများစိုလေလေ၊ အဝတ်အစားများ မြန်မြန်အရည်ပျော်လေဖြစ်သည်။ တချို့ကံမကောင်းသောဂိုဏ်းသားတချို့မှာမူ ကိုယ်လုံးတီးဖြင့် ပြေးနေရလေ၏။
“ဘုရားရေ…။ ဘာ… ဘာတွေဖြစ်နေတာလဲ…”
” ငါ့အဝတ်အစားတွေ…!!”
“သောက်ကျိုးနည်း… ဘယ်လိုမိုးမျိုးပါလိမ့်…။ နံလည်းနံသေး၊ ဒုက္ခလည်းပေးသေး…။ ငါ့အဝတ်အစားလေးတွေတော့ အရည်ပျော်ကုန်ပါပြီ…။”
“ချီးပဲ…။ မှော်ဒိုင်းကာတွေတောင် မကယ်နိုင်တော့ဘူး…။” ခရမ်းဒယ်အိုးတောင်တခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်နေကြ၏။ မိုးရေနှင့်လွတ်ရာသို့ အလျင်အမြန်မပြေးမိသောလူတိုင်း ကိုယ်ပေါ်ရှိအဝတ်အစားများ လုံးဝအရည်ပျော်ကျကုန်၏။
ခရမ်းဒယ်အိုးတောင်တခုလုံး ကမ္ဘာပျက်နေလေပြီ။ ဝါရင့်အတွင်းစည်းဂိုဏ်းသားအချို့ပင်လျှင်သွေးပျက်နေလေ၏။ သူတို့တစ်သက်လုံးတွင် ဤကဲ့သို့သောထူးထူးဆန်းဆန်းဖြစ်ရပ်မျိုး တစ်ခါမှမကြုံဖူးချေ။ အမျိုးသမီးဂိုဏ်းသူများ၏ စူးစူးဝါးဝါးအော်သံများသည်ကား အကျယ်လောင်ဆုံးဖြစ်သည်။
ခရမ်းဒယ်အိုးတောင်ရှိအကြီးအကဲများသည် အံ့သြထိတ်လန့်စွာ ကြက်သေသေနေကြ၏။ အပြင်သို့ထွက်၍ မှော်ပညာရပ်များကိုသင်ကြားပို့ချနေသော အကြီးအကဲအချို့သည် မိုးစက်များကျလာသောအခါ ထိတ်လန့်သွားကြလေ၏။
တချိန်တည်းမှာပင် လူအများသည် ပိုင်ရှောင်ချန်းဆေးဖော်စပ်နေရာ အင်မော်တယ်ဂူအပေါ်သို့ လှမ်းကြည့်နေကြလေ၏။ ဂူအပေါ်မှ အနက်ရောင်မီးခိုးလုံးများထွက်နေကာ မီးခိုးများ ကောင်းကင်ပေါ်ရောက်လေလေ၊ မိုးသည်ပို၍ပြင်းထန်လာလေလေဖြစ်၏။
သူ၏အဝတ်အစားများကို အတတ်နိုင်ဆုံးကြိုးစားကာကွယ်နေသော အတွင်းစည်းဂိုဏ်းသားတစ်ယောက်လည်းရှိသေး၏။ ကြောက်လန့်တကြားအော်ဟစ်ကာပျံပြေးလေရာ အနက်ရောင်မီးခိုးများပြည့်နေသောတိမ်တိုက်ထဲသို့ တည့်တည့်ပျံပြေးမိလျက်သားဖြစ်သွားလေ၏။
ချက်ခြင်းပင် မိမွေးတိုင်းဖမွေးတိုင်းဖြစ်သွားလေ၏။ စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး လျှပ်စီးတချို့ထုတ်လွှတ်လိုက်ရာ ခဏအကြာတွင် လျှပ်စစ်စက်ကွင်းတခုကသူ့ကိုရစ်ပတ်လျက်သားဖြစ်သွားလေ၏။ တစ်ခဏမျှအကြာတွင် ဝတ်ရုံအသစ်တထည်ကိုဝတ်ဆင်လိုက်သော်လည်း ထိုဝတ်ရုံသည်လည်းစတင်အရည်ပျော်နေပြီဖြစ်၏။
“ဘာတွေဖြစ်နေတာလဲကွ…။ အဲဒီအင်မော်တယ်ဂူထဲကဘယ်သူပဲဖြစ်ဖြစ် အခုချက်ခြင်းထွက်ခဲ့စမ်း….။” ထိုအတွင်းစည်းဂိုဏ်းသားသည် လုထျန်းလဲ့ပင်ဖြစ်သည်။
အခြားဂိုဏ်းသားများသည်လည်း ပြဿနာ၏ရင်းမြစ်ကိုရှင်းရှင်းလင်းလင်းသိလိုက်ရသောအခါ အုတ်အော်သောင်းနင်းဖြစ်ကုန်ကြသည်။
“သောက်ကျိုးနည်း…။ မီးခိုးတွေက အဲ့ဂူထဲကလာတာပဲ…။ တခုခုဖြစ်နေမှန်းသိတော့သိတယ်ကွ…။ အဲ့အင်မော်တယ်ဂူမှာအရင်ကဘယ်သူမှမနေဘူး…။ ဒါပေမယ့် လွန်ခဲ့တဲ့လအနည်းငယ်ကစပြီးတော့ ဂူထဲကအနက်ရောင်မီးခိုးတွေထွက်လာတာမြင်ရတာပဲ…။”
“ဒီကပ်ဘေးကိုဖြစ်စေတာ အဲ့ဒီမီးခိုးနက်တွေပဲ… မီးခိုးနက်တွေလေထဲလွင့်နေတာ လနဲ့ချီနေပြီ…။ ရာသီဥတုကိုထိခိုက်အောင်လုပ်နေတာပဲ…။ အဲ့မီးခိုးတွေကြောင့် အက်စစ်မိုးတွေရွာချလာတာပဲ…။”
လူအများဒေါသတကြီးအော်ဟစ်နေကြစဥ် ဖက်တီးကျန်းသည် အိမ်ထဲတွင်အောင်းနေပြီး အပြင်၌ဖြစ်ပျက်နေသမျှကို မလှုပ်မယှက်ကြည့်နေလေ၏။ သူသည် မိုးရွာနေသည်ကိုကြည့်ရင်း စိတ်ထဲတွင်ဝေခွဲမရဖြစ်နေပြီး ရုတ်တရက် မွှေးရနံ့တိမ်တောင်ပေါ်ရှိဂိုဏ်းသားများ မည်ကဲ့သို့ခံစားခဲ့ရလိမ့်မည်ဆိုသည်ကို နားလည်လာ၏။
တောင်ထိပ်တွင် ခရမ်းဒယ်အိုးတောင်၏ဂိုဏ်းချုပ် ရွှီမေ့ရှန်းသည် ပတ်ဝန်းကျင်ကို ကြောင်စီစီနှင့်လိုက်လံကြည့်ရှုနေသည်။ သူမ၏အိမ်အပြင်ဘက်သို့ ခြေတလှမ်းမှမချရဲပဲ ကောင်းကင်ဆီသို့လက်ကိုဝှေ့ယမ်းလိုက်ပြီး ခရမ်းဒယ်အိုးတောင်၏မန္တန်ဝင်္ကပါကို အသက်သွင်းလိုက်သည်။ အလင်းရောင်ဒိုင်းကာတခုပေါ်လာပြီး တောင်ပေါ်တွင်ရွာနေသောမိုးကိုခေတ္တတားဆီးထားလေ၏။
သို့သော် ဖျက်ဆီးသောမိုးသည် ဒိုင်းကာကိုပါတဖြည်းဖြည်းလှိုက်စားနေသည်ကိုမြင်တွေ့နေရသည်။
ခရမ်းဒယ်အိုးတောင်၏ဂိုဏ်းသားများသည် မိုးခဏရပ်သွားစဥ်အချိန်လေးအတွင်း အဝတ်အစားများကိုအသစ်လဲလှယ်ဝတ်ဆင်နေကြသည်။ ဒေါသထွက်နေသောလူအုပ်ကြီးသည် ပိုင်ရှောင်ချန်းရှိရာအင်မော်တယ်ဂူဆီသို့ ဦးတည်၍ပြေးလာနေကြ၏။
မကြာမီပင် မွှေးရနံ့တိမ်တောင်၏ဂိုဏ်းသားများသည် ခရမ်းဒယ်အိုးတောင်ပေါ်ရှိမန္တန်ဝင်္ကပါကို သတိထားမိသွားကြပြီး ထိုအပေါ်မှ မိုးများရွာချနေသည်ကိုပါ သတိပြုမိသွားကြလေ၏။
“ခရမ်းဒယ်အိုးတောင်ပေါ်မှာ ဘာတွေများဖြစ်နေပါလိမ့်…”
မည်သို့ဖြစ်ပျက်နေလဲစဥ်းစား၍မရနိုင်သေးခင်မှာပင် ခရမ်းဒယ်အိုးတောင်ပေါ်ရှိ မရေမတွက်နိုင်အောင်များပြားလှသောလူအုပ်ကြီး၏ တစုတစည်းတည်းအော်လိုက်သံက ကမ္ဘာပျက်တော့မတတ်၊ မြေကြီးများပြိုကျတော့မတတ် ကျယ်လောင်စွာထွက်ပေါ်လာလေ၏။
“ပိုင်ရှောင်ချန်း…”
အော်သံသည်အရပ်မျက်နှာအနှံ့ပဲ့တင်ထပ်သွားပြီး ခရမ်းဒယ်အိုးတောင်တခုလုံး တသိမ့်သိမ့်တုန်သွားလေ၏။ မွှေးရနံ့တိမ်တောင်၏ဂိုဏ်းသားများသည် တယောက်ကိုတယောက်အံ့အားသင့်စွာကြည့်နေကြလျက်က လူတယောက်၏ပုံရိပ်တခု သူတို့အားလုံး၏ခေါင်းထဲတွင် ပေါ်လာလေ၏။ ယခုတော့ အားလုံးနားလည်သွားကြပြီဖြစ်သည်။
“ပိုင်ရှောင်ချန်းက ခရမ်းဒယ်အိုးတောင်သွားပြီး ဆေးဖော်နေတာပဲ…”
“ဒါပဲဖြစ်မှာပေါ့… ဂိုဏ်းချုပ်က ဒီတောင်ပေါ်မှာဆေးဖော်ခွင့်မပြုတော့ ခရမ်းဒယ်အိုးတောင်ပေါ်သွားပြီး ဆေးဖော်နေတာပဲဖြစ်မယ်…”
ခရမ်းဒယ်အိုးတောင်၏ဂိုဏ်းသားများအော်ဟစ်လိုက်သံကြောင့် ပိုင်ရှောင်ချန်းမှာ လန့်ပြီးထအော်မိလေ၏။ မရေမတွက်နိုင်အောင်များပြားသောမှော်ပညာရပ်များဖြင့် အင်မော်တယ်ဂူအား ထုရိုက်နေသံများကိုကြားလိုက်ရချိန်တွင် သူသည်နောက်ထပ်ဆေးတစ်မျိုးကိုဖော်စပ်ရန်ပြင်နေဆဲဖြစ်၏။ အလွန်အမင်းထိတ်လန့်သွားပြီး ဂူအပြင်သို့ကြည့်လိုက်ရာ ဒေါသထွက်နေသောလူအုပ်ကြီးက ဂူပတ်လည်အား ပိတ်ဆို့ထားသည်ကိုတွေ့လိုက်ရ၏။
လုထျန်းလဲ့သည်လည်းလူအုပ်နှင့်အတူရှိနေသည်။ သူ၏ဘေးပတ်လည်တွင် လျှပ်စစ်စက်ဝန်းတခုက ဝန်းရံထား၏။
ကြောက်လန့်နေသောပိုင်ရှောင်ချန်းသည် အတောင်ပံများထုတ်ကာပျံပြေးလေတော့၏။ ခရမ်းဒယ်အိုးတောင်၏ဂိုဏ်းသားများသည် ဒေါသတကြီးအော်ဟစ်ကာ ပိုင်ရှောင်ချန်းကိုလိုက်လံဖမ်းဆီးကြလေသည်။
ဖက်တီးကျန်းကြီးသည်အဖြစ်အပျက်အလုံးစုံကို အဝေးမှကြည့်နေကာ သူဘာမှမသိသလိုပုံစံမျိုးဖမ်းနေလေ၏။ ပိုင်ရှောင်ချန်းအတွက်အင်မော်တယ်ဂူရအောင်လုပ်ပေးခဲ့သူမှာ သူဖြစ်ကြောင်းတယောက်ယောက်များသိသွားပါက မတွေးရဲစရာပင်…။
ခရမ်းဒယ်အိုးတောင်၏ဂိုဏ်းသားများ ပိုင်ရှောင်ချန်းအားသဲကြီးမဲကြီးလိုက်ဖမ်းနေစဥ်တွင်… ရုတ်တရက်……
မြစိမ်းတောင်ဘက်မှ စူးစူးဝါးဝါးအော်ဟစ်သံများထွက်ပေါ်လာလေတော့သည်။