အခန်း (၃)
အမျိုးသားတစ်ယောက်က စွန့်ပစ်ထားသည့် စက်ရုံဆီ ဒယိမ်းဒယိုင် လျှောက်လှမ်းလာကာ သူ့နောက်တွင် ဇွန်ဘီအုပ်ကြီး ပါလာသောကြောင့် စက်ရုံအတွင်း အမြန်အဆန် ဝင်လိုက်ရသည်။ ထို့နောက် သူ့နောက် လိုက်လာသည့် ဇွန်ဘီများကို တားရန် တံခါးချပ်ကြီးကို ချက်ချင်း ဆွဲချလိုက်ပြီး ပိတ်လိုက်သည်။
ထိုအမျိုးသားက ဆိုးဆိုးရွားရွား အခြေအနေနှင့် နောက်ဆုတ်လာပြီး သူ့ခြေထောက်က တစ်ခုခုကို ခလုတ်တိုက်ကာ ကြမ်းပြင်ပေါ် လဲကျသွားသည်။
စွပ်ခနဲအသံနှင့်အတူ သူ့လက်ထဲ တစ်ခုခု ဆုပ်ကိုင်မိလိုက်သည်။
ထိုအမျိုးသားက သူ့လက်ထဲမှ အရာကို ငုံ့ကြည့်လိုက်သည့်အခါ လက်ပေါ်မှ သွေးအိုင်အတွင်း အနက်ရောင်စူးတချို့က သူ့လက်ဖဝါးထဲ နစ်ဝင်နေသည်။ သူက နာကျင်မှုကြောင့် ချက်ချင်း ဆွဲနှုတ်လိုက်သည်။
ကပ်ဘေးစတင်ပြီးနောက် ထူးထူးဆန်းဆန်းအရာများစွာ ပေါ်ပေါက်လာလေရာ ဤအရာများက အဆိပ်ရှိလား၊ မရှိလား မည်သူက သိမည်နည်း။
သူက အနက်ရောင်စူးကို ဆွဲနှုတ်လိုက်ပြီးနောက် သူ့လက်မောင်းရှိ ဒဏ်ရာမှာ ချက်ချင်း ပျောက်ကွယ်သွားကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။ ဤသည်မှာ ဇွန်ဘီ ကိုက်ရာ ဖြစ်ပြီး သူက သေချာပေါက် ကူးစက်ခံထားရသည်။ သူက ထိုအရာကို သိထားသော်လည်း ဇွန်ဘီအုပ်၏ သတ်ဖြတ်စားသောက်မှုကို မခံချင်ပေ။ ထိုအရာက နာကျင်လွန်းလောက်သည်။
သို့သော်လည်း ယခု ဒဏ်ရာက အစရှာမတွေ့လောက်အောင် ပျောက်ကင်းသွားပြီး သူ့လက်မောင်းမှ ဇွန်ဘီဗိုင်းရပ်သည်လည်း ပျောက်ကွယ်သွားသည်။
အဲဆို သူက ကူးစက်မခံရဘူးလား ….
ထိုအမျိုးသားက အံ့ဩမှုနှင့်အတူ ပျော်ရွှင်မိနေသည်။ သူက အမည်မသိ သက်ရှိကို ဂရုတစိုက် စူးစိုက်လိုက်ပြီးနောက် သူ ဆုပ်ကိုင်ထားသည့်အပြင် နောက်ထပ် သုံးခုရှိနေသေးကြောင်း တွေ့လိုက်ရသည်။ သူတို့က ကလေးလက်သီးအရွယ်လောက်သာ ရှိကြ၏။
ထိုအမျိုးသားသည် ပစ္စည်းကောင်းလေးတွေ ဖြစ်လောက်ကြောင်း သတိထားလိုက်မိသည်။
*******************
တောင်ပိုင်းမြို့တော်အတွင်း ယာဉ်တန်းက ဇွန်ဘီများ မနှောင့်ယှက်နိုင်စေရန် အကောင်းဆုံးကြိုးစားပြီး တိတ်တဆိတ် မောင်းနှင်လာသည်။
သူတို့ မောင်းနှင်လေလေ ဇွန်ဘီများက များလာလေလေ ဖြစ်၏။ ယာဉ်တန်းက ရပ်ရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
အားလုံးက ကားထဲမှ ထွက်ကာ နောက်ဘာဆက်လုပ်ရမည်ကို ဆွေးနွေးကြတော့သည်။
ရှုရှန်ဖေးက ပြောလိုက်သည် “ သူက သေချာပေါက် အိမ်ပြန်မှာပဲ။ သူ့အိမ်က အသစ်တည်ဆောက်ရေး နယ်မြေမှာ … ကျွန်မတို့ အဲကို ရောက်ဖို့ နည်းလမ်း ရှာရမယ် ”
“ အသစ်တည်ဆောက်ရေး နယ်မြေက မြို့လယ်ခေါင်နဲ့ နီးတယ်။ ဇွန်ဘီတွေက အများကြီးပဲ။ ပြီးတော့ ဆင့်ကဲပြောင်းလဲထားတဲ့ ဇွန်ဘီ ပမာဏလည်း သေချာပေါက် နည်းမှာ မဟုတ်ဘူး။ ငါတို့သာ သွားရင် ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်လိမ့်မယ်။ သူ့ကို သတ်ဖို့အတွက်လေးနဲ့ ငါတို့အများကြီး စတေးဖို့ မတန်ဘူး ” တစ်ယောက်က ဝင်ကန့်ကွက်လိုက်သည်။
ရှုရှန်ဖေးက ဆက်ပြောလိုက်သည် “ သူက ကျွန်မတို့ အခြေစိုက်စခန်းကို သိထားတယ်လေ။ သူသာ ဇွန်ဘီအုပ်ကြီး ခေါ်လာပြီး တိုက်ခိုက်ရင် ကျွန်မတို့အားလုံး သေရလိမ့်မယ် ”
တစ်ယောက်က ပြန်လည် ချေပလိုက်သည် “အဲဒါ မင်းရဲ့ ခန့်မှန်းချက်လေ ”
ရှုရှန်ဖေး “ သူ သေချာပေါက် ပြန်လာလိမ့်မယ် ”
ရှုရှုန်ဖေးက အားလုံးကို ဝေ့ကြည့်လိုက်သည်။ အထူးသဖြင့် ထိုနေ့က မစ်ရှင်အတူ ထွက်ခဲ့ကြသူများကို ဖြစ်၏။
“ ကျွန်မတို့က သူ့ကို စွန့်ပစ်ပြီးတော့ ထွက်ပြေးခဲ့ကြလို့ သူ ဇွန်ဘီ ဖြစ်လာခဲ့တာလေ။ အဲဆိုတော့ ကျွန်မတို့ကို လက်စားချေဖို့ ရာနှုန်းပြည့် ပြန်လာရှာလိမ့်မယ်။ ပြီးတော့ ရှင်တို့တွေ သတိမထားမိဘူးလား။ သူက တခြားဇွန်ဘီတွေနဲ့ မတူဘူး ”
ကားတစ်စင်းက သူတို့နောက် ဝင်လာသောကြောင့် သူတို့အာရုံကို ဖမ်းစားသွားလေသည်။
လော့ဖုန်းကြွယ်က ကားထဲမှ ထွက်လာကာ သေနတ်တစ်လက်ကို ကိုင်ဆွဲရင်း သူတို့ဆီ လျှောက်လာသည်
“ သူ လက်စားချေချင်ရင်တောင် မင်းတို့နောက်ပဲ လိုက်မှာ။ အခြားသူတွေကို ဆွဲသွင်းပြီးတော့ အသက်တွေ အလကားဖြစ်အောင် လုပ်မနေနဲ့ ”
ရှုရှန်ဖေးက စိုးရိမ်လာကာ “ ကျွန်မတို့က အခြေစိုက်စခန်းတစ်ခုတည်းကလေ။ အားလုံးအတူတူ ကူညီပေးသင့်တာပေါ့ ”
လော့ဖုန်းကြွယ်က ထေ့ငေါ့ကာ “ ရှင်းရှင်းပြောရရင် ချင်းလင်နဲ့ ငါတို့က အခြေစိုက်စခန်း တစ်ခုတည်းကလေ။ မင်း ရောက်လာတာ ဘယ်လောက်ကြာသေးလို့လဲ။ နှစ်လတောင် မရှိသေးဘဲနဲ့ ကိုယ့်ဘာသာ အပြင်လူလို့တောင် မစဉ်းစားတော့ဘူးပဲ”
“ မင်း ဘာလို့ လာတာလဲ” တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် လုထျန်းကျင့်က မေးလိုက်သည်။
သူတို့က ဤတစ်ခေါက်အကြောင်းအား လော့ဖုန်းကြွယ်အား မပြောပြခဲ့ကြပေ။
လော့ဖုန်းကြွယ်က သေနတ်ကို ဖြည်းဖြည်းချင်း မ ကာ ရှုရှန်ဖေးရဲ့ နဖူးကို ချိန်ရွယ်ထားလိုက်သည်။ ဤသည်က သူ့အဖြေ ဖြစ်၏။
ရှုရှန်ဖေး၏ မျက်နှာထားက ပြောင်းလဲသွားကာ “ ရှင် ဘာလုပ်နေတယ်များ ထင်နေတုန်း … ထျန်းကျင့်ရေ ”
လုထျန်းကျင့်က မျက်မှောင်ကြုတ်ကာ “ ဖုန်းကြွယ် သေနတ်ပြန်သိမ်းလိုက် ”
“ လုထျန်းကျင့် ငါတို့သုံးယောက် ဒီနေ့အထိ အသက်ရှင်ဖို့ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လို ကူညီခဲ့တယ်ဆိုတာ မေ့သွားပြီလား။ မင်းကို ချင်းလင်က ဘယ်လောက်တောင် ကယ်ခဲ့တာလဲဆိုတာ ရေတွက်ထားရဲ့လား” လော့ဖုန်းကြွယ်က ရှုရှန်ဖေးကို သေနတ်ဖြင့် ချိန်ရွယ်ထားဆဲ ဖြစ်ကာ “ ဒီမိန်းမက ချင်းလင်ကို ဇွန်ဘီအုပ်ထဲ တွန်းချခဲ့တာကွ။ မင်းက ချင်းလင်အတွက် လက်စားချေမပေးဘဲနဲ့ သူမကို ဆက်တိုက် ကာကွယ်ပေးနေသေးတယ်။ မင်းအသိစိတ် ခွေးကျွေးလိုက်ပြီလား ”
လုထျန်းကျင့်က အလွန်စိတ်ဓာတ်ကျလာမိသည် “ ချင်းလင်က ဇွန်ဘီ ဖြစ်သွားပြီလေ။ ငါ့ကို ဘာလုပ်ချင်နေတာလဲ။ သူက လူသား မဟုတ်တော့ဘူး ”
“ အဲဆို ဒီမိန်းမကို သတ်လိုက် ” လော့ဖုန်းကြွယ်၏ လက်ချောင်းက မောင်းခလုတ်ဆီ ရောက်လာခဲ့သည်။
လုထျန်းကျင့်က သေနတ်ရှေ့မှ ကာဆီးကာ “ သူမ သေလို့ မဖြစ်ဘူး။ ချင်းလင်က မရှိတော့ဘူး။ အခြေစိုက်စခန်းက နောက်ထပ် အပင်စွမ်းရည် ပိုင်ရှင်ကို ထပ်အဆုံးရှုံးမခံနိုင်ဘူး ”
“ ခွေးသား … မင်းက အခြေစိုက်စခန်း အတွက် လုပ်နေတာလား ဒါမှမဟုတ် သူမခန္ဓာကိုယ် တပ်မက်လို့လား ” လော့ဖုန်းကြွယ်က အော်ပြောလိုက်သည် “ မင်း သူမကို မသတ်ရင် ငါတို့ အဖွဲ့ဖျက်သိမ်းမယ်။ ငါ အခြေစိုက်စခန်းကနေ ထွက်မယ်။ မင်း ကြိုက်သလိုသာ လုပ်။ ဒါပြီးရင်တော့ မင်းကို မနာခံမဲ့သူ မရှိတော့တာပေါ့ ”
လုထျန်းကျင့်၏ မျက်နှာက ဖြူလျော့သွားကာ ဤအခြေအနေမှာ သူ မတွေ့မြင်ချင်ဆုံးအရာ ဖြစ်၏။
အရှင်းဆုံးပြောရလျှင် အခြေစိုက်စခန်းကို ဝမ်ချင်းလင်၊ လော့ဖုန်းကြွယ်နှင့် သူ အတူတူ တည်ထောင်ထားခြင်း ဖြစ်သည်။ ဝမ်ချင်းလင်နှင့် လော့ဖုန်းကြွယ်တို့က ဘာမှမစီစဉ်ချင်သောကြောင့် သူက ခေါင်းဆောင်ရာထူး ရလာခြင်း ဖြစ်သည်။
ရှုရှန်ဖေး၏ နောက်ကျော၌ ချွေးအေးအေးတို့ စီးကျလာကာ အသက်ရှုဖို့ပင် ခက်လာသည်။ သူမက လုထျန်းကျင့်အား ရုတ်ချည်း ဝင်တိုက်လိုက်သည့်အခါ လုထျန်းကျင့်က အံ့ဩသွားပြီး လော့ဖုန်းကြွယ်ဆီ ရောက်သွားကာ သေနတ်ပစ်သံကို ကြားလိုက်ရသည်။ သို့သော် သူက ရှုရှန်ဖေးကိုတော့ မပစ်နိုင်လိုက်ပေ။ သူမ၏ လျှင်မြန်မှုကို သုံးကာ ရှုရှုန်ဖေးက ကားအောက်လျိုဝင်လိုက်သည်။
လော့ဖုန်းကြွယ်က ဒယိမ်းဒယိုင် ဖြစ်သွားပြီး သူ့နံရိုးကို ဖြတ်၍ သစ်သားစူးတစ်ခု ထိုးစိုက်နေသည်။
လုထျန်းကျင့်က အခြေအနေ ပြောင်းလဲသွားပုံကို နားမလည်နိုင်လိုက်ဘဲ “ ဖုန်းကြွယ် … ”
လော့ဖုန်းကြွယ်က တစ်လှမ်းချင်း နောက်ဆုတ်ကာ “ ငါ.. ငါတို့ အဖွဲ့ပျက်ပြီ ”
ဇွန်ဘီများက သေနတ်သံကြောင့် အုံလာကြသည်။ လော့ဖုန်းကြွယ်က ခက်ခက်ခဲခဲ ကားထဲ ဝင်ကာ မောင်းနှင်သွားတော့သည်။
တိုက်ပွဲကား စတင်လေပြီ။ သူတို့ကို ဇွန်ဘီအုပ်က ဝိုင်းထားလေ၏။
ရုတ်ရင်းဆန်ခတ်ဖြစ်မှုက ကြီးမားလွန်းသောကြောင့် သူတို့သာ မြန်မြန်ဆန်ဆန် အပြီးမသတ်နိုင်လျှင် နောက်ထပ် ဇွန်ဘီများ ရောက်လာလိမ့်မည်။
End of Chapter 3
(လော့) – လော့ မျိုးရိုး
(ဖုန်း) – လေ/ သတင်း
(ကြွယ်) – အိပ်စက်/ တွေးတော/ ခံစား