အခန်း ( ၁၀၈ )

ဖက်တီးကျန်းကြီး၊ သစ္စာရှိသောမိတ်ဆွေ

အဖြစ်အပျက်များကိုလီချင်းဟောက်မြင်တွေ့သွားသောအခါ အလွန်အံ့အားသင့်နေလေသည်။ မိုးကြိုးလျှပ်စီးကိုလုံးဝလွင့်ပြယ်စေရန်မှာအချိန်သိပ်မရတော့သောကြောင့် လီချင်းဟောက်သည်မန္တန်လက်ကွက်တခုကိုအလျင်အမြန်ပင်ဖော်လိုက်ကာ မိုးပေါ်သို့လက်ကိုဝှေ့ယမ်းလိုက်လေသည်။ ထိုအခါ ရောင်စုံတောက်ပနေသောဒိုင်းကာတခု မွှေးရနံ့တိမ်တောင်ပေါ်သို့ရုတ်တရက်ပေါ်လာလေသည်။

တချိန်တည်းမှာပင် ထောင်ချီသောမိုးကြိုးလျှပ်စီးများသည် ကောင်းကင်မှကျဆင်းလာလေသည်။ ၎င်းတို့သည်မွှေးရနံ့တိမ်တောင်ထိပ်သို့ဦးတည်ဆင်းသက်လာကြသော်လည်း ဒိုင်းကာသည်၎င်းတို့လာရာလမ်းကြောင်းကိုပိတ်ဆို့ထားပြီး မိုးကြိုးလျှပ်စီးများကိုလွင့်ပြယ်သွားစေရာ ကျယ်လောင်သောမိုးခြိမ်းသံများပဲ့တင်ထပ်သွားပြီး ဒိုင်းကာတဝိုက်တွင်လှိုင်းများထသွားလေသည်။

စက္ကန့်သုံးဆယ်မျှအကြာတွင် နောက်ဆုံးမိုးကြိုးလျှပ်စီးသည်လွင့်ပြယ်သွားပြီး ရောင်စုံဒိုင်းကာသည်လည်းမှေးမှိန်ပျောက်ကွယ်သွားလေ၏။ မွှေးရနံ့တိမ်တောင်ပေါ်ရှိဂိုဏ်းသားများသည် တဆတ်ဆတ်တုန်နေကြကာ၊ ကြီးမားပြင်းထန်သောအန္တရာယ်ရှိနေသည့်ခံစားချက်သည်ရင်ထဲတွင်စွဲကျန်နေခဲ့သည်။ တခဏမျှအကြာတွင် သွေးပျက်နေသောမျက်လုံးများဖြင့် ပိုင်ရှောင်ချန်း၏ဂူဘက်သို့လှည့်ကြည့်လိုက်ကြလေသည်။

“ပိုင်ရှောင်ချန်း…” မရေမတွက်နိုင်အောင်များပြားသောဂိုဏ်းသားများသည် စူးစူးဝါးဝါးအော်ဟစ်နေကြသည်။ တစတစနှင့် ကြီးမားလှသောလူအုပ်ကြီးသည် ပိုင်ရှောင်ချန်း၏အင်မော်တယ်ဂူရှေ့တွင် စုရုံးနေကြသည်။ လူအုပ်ထဲတွင်အကြီးအကဲများပါ ပါဝင်လာကြပြီး လီချင်းဟောက်သည်လူအုပ်ရှိရာဘက်သို့ တောက်ပသောအလင်းတန်းတခုအသွင်ဖြင့်ပျံသန်းလာလေ၏။

သူ၏ပြိုကျအံ့ဆဲဆဲအင်မော်တယ်ဂူထဲတွင်မူ ပိုင်ရှောင်ချန်းသည် သူ၏ဆေးပေါင်းဖိုကိုစိုးရိမ်တကြီးစောင့်ကြည့်နေသည်။ မိုးကြိုးလျှပ်စီးများကျရောက်မလာသေး၍ စိတ်ရှုပ်နေစဥ် ဂူအပြင်ဘက်ဆီမှ နားအူမတတ်ဆူညံကျယ်လောင်လှသော မိုးကြိုးပစ်သံများကိုကြားလိုက်ရလေ၏။

အင်မော်တယ်ဂူသည် ပြိုကျလုဆဲဆဲဖြစ်နေပြီကိုသတိပြုလိုက်မိသောအခါ သွေးပျက်နေသောမျက်နှာဖြင့်ထခုန်လိုက်မိလေ၏။ ထို့နောက်တစက္ကန့်မျှတုံ့ဆိုင်းနေခြင်းမပြုတော့ပဲ ချက်ခြင်းပင်ဂူအပြင်သို့ပြေးထွက်လာလေသည်။ မကြာမီပင် ပြေးလွှားသောင်းကျန်းနေကြသောလူအုပ်ကြီးမှထွက်ပေါ်လာသောတုန်လှုပ်မှုကြောင့် အင်မော်တယ်ဂူသည်ဆက်လက်တည်မြဲနေခြင်းမရှိတော့ပဲ ပြိုကျသွားလေ၏။

ပိုင်ရှောင်ချန်းသည် ဂူပြိုကျရာမှဖြစ်ပေါ်လာသည့် ကြီးမားသောဖုန်လုံးကြီးများကို တအံ့တသြပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေသည်။ ထိုအချိန်တွင်မှသူသည် ဒေါသထွက်နေသောမွှေးရနံ့တိမ်တောင်ဂိုဏ်းသားများအလယ်တွင်ရောက်နေသည်ကို သတိထားမိလေသည်။

“ဒါက…”

ပိုင်ရှောင်ချန်းရှင်းမပြလိုက်နိုင်ခင်မှာပင် ကျိုးရှင်းချီထံမှစူးစူးဝါးဝါးအသံက လူအုပ်ကြားမှပျံ့လွင့်လာသည်။
“ပိုင်ရှောင်ချန်း၊ မင်း… ငါ့အပေါ်အင်မော်တယ်ဂူတလုံးအကြွေးတင်သွားပြီ….”

“ပိုင်ရှောင်ချန်းကိုနှင်ထုတ်ပစ်…”

“ ချီးပဲ… မင်း… ကျုပ်ရဲ့အင်မော်တယ်ဂူကိုဖျက်ဆီးပစ်လိုက်ပြီ…”

“ဒါကတော့ နည်းနည်းများသွားပြီ…။ မင်းတကယ်ဆေးဖော်နေတာမဟုတ်ဘူးမလား… ဟမ်…။ ပထမတော့ ဆေးပေါင်းဖိုတွေဖောက်ခွဲပစ်တယ်… နောက်ထူးထူးဆန်းဆန်းအကောင်တွေ… အခုကတော့မိုးကြိုးလျှပ်စီးတွေ… မင်း… မင်းတော့…” လူအုပ်သည် ပိုင်ရှောင်ချန်း၏ညှဥ်းပန်းမှုဒဏ်ကိုနှစ်နှစ်ဆက်တိုက်ခံလာရသောကြောင့် အတော်ပင်ဒေါသထွက်နေကြလေသည်။

ပိုင်ရှောင်ချန်းသည် အမှန်တကယ်ဆေးလုံးများဖော်စပ်နေခဲ့သည်ဖြစ်သောကြောင့် ထိုသို့အပြောခံလိုက်ရသည့်အခါ မတရားစွပ်စွဲခံလိုက်ရသလို ခံစားလိုက်ရလေသည်။ ထို့နောက်ဘေးပတ်ဝန်းကျင်ကိုလှည့်ကြည့်မိရာ ကျိုးရှင်းချီ၏အင်မော်တယ်ဂူကကျောက်ပုံဖြစ်နေပြီကိုတွေ့လိုက်ရသောအခါ သူ၏စိတ်ထဲတွင် အားတုံ့အားနာဖြင့်နောင်တရမိသလို ခံစားလိုက်ရလေသည်။

ဟိုရှောင်မေ့နှင့်ဟိုယွင်ဖေးတို့လည်းလူအုပ်ထဲတွင်ရပ်နေကြပြီး သူတို့ဆီမှအကူအညီရမည့်ပုံလည်းမပေါ်ပေ။ ဟိုရှောင်မေ့သည်အံကြိတ်ကာပိုင်ရှောင်ချန်းကိုလှမ်းကြည့်နေပြီး လူအုပ်ကိုပိုင်ရှောင်ချန်းဘက်မှ ခုခံပြောဆိုရန်ဟန်ပြင်နေစဥ် ဟိုယွင်ဖေး၏လက်က သူမ၏ ပါးစပ်ကိုလှမ်းပိတ်လိုက်လေသည်။ ထိုအခိုက်အတန့်သည် ဒေါသထွက်နေသောလူအုပ်ကြားတွင် အလွန်သိမ်မွေ့သောအခိုက်အတန့်ဖြစ်လေ၏။

မွှေးရနံ့တိမ်တောင်ပေါ်ရှိဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းကိုထပ်မံဆေးဖော်စပ်ခွင့်ပြုရန်မသင့်တော့ဟု တညီတညွတ်တည်းဆုံးဖြတ်ထားကြသည်။ ပိုင်ရှောင်ချန်းဆေးဖော်နေသမျှကာလပတ်လုံး မည်သူမှစိတ်အေးနိုင်မည်မဟုတ်ပေ။ လတ်တလောဖြစ်ပျက်ခဲ့သော မိုးကြိုးလျှပ်စီးကိစ္စနှင့်ပက်သတ်၍ တွေးလိုက်မိသောအခါတွင်မူ လူအုပ်ကြီးထံမှ ဒေါသတကြီးအော်ဟစ်သံများမှာပို၍ပြင်းထန်လာလေသည်။

လူအုပ်ကြီးသည် ဒေါသတကြီးဆူဆူညံညံအော်ဟစ်သောင်းကျန်းနေကြစဥ် လီချင်းဟောက်နှင့်တကွ အကြီးအကဲများရောက်ရှိလာလေ၏။ ဂိုဏ်းသားများသည်ချက်ခြင်းပင်ငြိမ်ကျသွားပြီး ယခုကိစ္စအတွက်တခုခုအရေးယူပေးရန်တောင်းပန်တိုးလျှိုးသောမျက်နှာများဖြင့်လီချင်းဟောက်ကိုဝိုင်းကြည့်နေကြသည်။

လီချင်းဟောက်သည် ပိုင်ရှောင်ချန်းကိုမြင်လိုက်ရသည်နှင့် ဆိုးဆိုးဝါးဝါးခေါင်းကိုက်လာလေ၏။ မိုးကြိုးလျှပ်စီးကို လှုံ့ဆော်ရန်မှာ အထူးတလည်ခက်ခက်ခဲခဲလုပ်စရာပင်မလိုပေ။ မိုးကြိုးလျှပ်စီးသည် ယန်ဓာတ်ဖြစ်သောကြောင့် အပင်နှင့်အသီးအရွက်များကိုသင့်တော်အောင်ပြောင်းလဲပေးခြင်းဖြင့် ယန်အငွေ့အသက်များထွက်ပေါ်လာအောင်လုပ်ပြီး မိုးကြိုးလျှပ်စီးကိုဆွဲဆောင်စေခြင်းပင်ဖြစ်သည်။ သို့သော် များပြားလှသောမိုးကြိုးလျှပ်စီးများကျရောက်လာသည့်အခါ လီချင်းဟောက်ပင် တုန်လှုပ်သွားခဲ့ရလေ၏။ ထို့အပြင် ယခုအဖြစ်အပျက်သည် နဂိုမူလကတည်းက ယင်အငွေ့အသက်များရှိနေသော မွှေးရနံ့တိမ်တောင်နှင့်လည်းတနည်းတဖုံ စပ်ဆက်နေမည်ဟု လီချင်းဟောက်ထင်သည်။

သာမန်ဂိုဏ်းသားများအနေဖြင့် ထိုအကြောင်းကိုသိကြမည်မဟုတ်ပေ။ ထို့ပြင် ပိုင်ရှောင်ချန်းသည်ယခုဖြစ်ရပ်ဖြစ်လာစေသည့်အကြောင်းရင်းများစွာထဲမှ တခုသာဖြစ်သည်ကိုလည်း သိကြမည်မဟုတ်ပေ။

ပိုင်ရှောင်ချန်းသည်ဂိုဏ်းသားအားလုံးအပေါ်အားနာနေပြီး တချိန်တည်းမှာပင် သူ့ကိုလာထိသောတုတ်ချောင်းတချောင်း၏အစွန်းကို ခံစားမိလိုက်သည်။ ရွေးချယ်စရာမရှိတော့သောကြောင့် လီချင်းဟောက်ကိုစိုးရိမ်တကြီးလှည့်ကြည့်လိုက်လေသည်။

ခေါင်းကိုအနည်းငယ်ရမ်းကာ လီချင်းဟောက်က
“ပိုင်ရှောင်ချန်း… မင်းအခုကစပြီးတော့ မွှေးရနံ့တိမ်တောင်ပေါ်မှာဆေးဖော်စပ်ခြင်းမပြုလုပ်ရတော့ဘူး…။ ဆေးဖော်စပ်ချင်သပဆိုရင် တောင်ပေါ်ကထွက်ရမယ်။” ဟုဆိုသည်။

ဂိုဏ်းသားများသည် လီချင်းဟောက်၏အမြော်အမြင်ကြီးမှုကို ဝမ်းသာအားရကြည့်နေကြသည်။

“ဟုတ်တယ်…။ ဆေးဖော်ချင်တယ်ဆိုရင်တောင်ပေါ်ကထွက်သွား…။ မွှေးရနံ့တိမ်တောင်နဲ့ဝေးဝေးမှာနေကွာ…။”

“ဒီကောင်ကဆေးဖော်နေတာမဟုတ်ဘူး… ကျုပ်တို့ကိုအသေသတ်နေတာ…”

“ဒါအမှန်ပဲ…။ မင်းအခုလိုမျိုးတွေသာ ဆေးဆက်ဖော်နေမယ်ဆိုရင် မွှေးရနံ့တိမ်တောင်တခုလုံးပျက်စီးသွားလိမ့်မယ်ကွ…။ ထွက်သွားတာအကောင်းဆုံးပဲ…။”

“ဒါပေမယ့် ကျုပ်က…”

ပိုင်ရှောင်ချန်း တစုံတရာပြန်လည်မဖြေရှင်းနိုင်ခင်မှာပင် လီချင်းဟောက်သည်သူ၏လက်ကိုဝှေ့ယမ်းလိုက်ကာ “ဒီပြဿနာဖြေရှင်းပြီးသွားပြီ…။ ကဲ… အားလုံးပြန်ကြတော့…။” ဟုလူအုပ်ကိုပြန်လွှတ်လိုက်လေ၏။

လူအုပ်ကိုပြန်လွှတ်ပြီးနောက် လီချင်းဟောက်သည် ပိုင်ရှောင်ချန်းကိုစူးစူးဝါးဝါးစိုက်ကြည့်နေလေရာ ပိုင်ရှောင်ချန်းသည် သူ့လျှာကိုပင်သူပြန်ကိုက်မိတော့မလိုဖြစ်သွားလေ၏။ ပိုင်ရှောင်ချန်းမျက်နှာမှာ ငိုမဲ့မဲ့ဖြစ်နေလေပြီ။ သူသည်လီချင်းဟောက်ကိုထပ်မံစိတ်ပျက်စေခဲ့မိသည့်အတွက် ဆိုးဆိုးဝါးဝါးအပြစ်ရှိသလိုခံစားနေရသည်။

ဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းကိုစူးစူးဝါးဝါးတချက်စိုက်ကြည့်ပြီး လူစုခွဲသွားကြလေသည်။ အားလုံးပြန်သွားပြီးနောက် လီချင်းဟောက်သည် ပိုင်ရှောင်ချန်းနှင့်အတူရပ်နေပြီး သက်ပြင်းရှည်ကြီးတခုချလိုက်လေသည်။

“ကောင်းပြီ…။ မင်းရဲ့ မိုးကြိုး အဆိပ်ဖြေမှော်ပညာကို ငါ့ကိုရှင်းပြစမ်းပါဦး…။”

ပိုင်ရှောင်ချန်းက တောက်ပသောမျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။ သူသည်သိသိသာသာပြုံးလိုက်ပြီး သူ့၏မဟာမှော်ပညာရပ်အကြောင်းကို အသေးစိတ်ရှင်းပြလေသည်။ အားလုံးရှင်းပြပြီးသောအခါသူသည် လီချင်းဟောက်ကိုမျှော်လင့်တကြီး ရပ်ကြည့်နေလေသည်။

လီချင်းဟောက်သည်တခဏမျှစဥ်းစားနေပြီး ခေါင်းညိတ်လိုက်လေသည်။

“ဆေးတာအိုပညာရပ်ကတော့ အကန့်အသတ်မရှိသလို အကန့်အသတ်ရှိတယ်လို့လဲ ဘယ်သူမှမပြောနိုင်ဘူး။ ဆေးတာအိုပညာဆိုတဲ့ခရီးရှည်ကြီးကိုလျှောက်လှမ်းတဲ့အခါမှာ အရာအားလုံးက ဘာမဆိုဖြစ်လာနိုင်တယ်…။ မင်း အသုံးပြုခဲ့တဲ့ပညာရပ်က ဟိုးအရင်တုန်းကလည်းအခြားသူတွေစမ်းသပ်ခဲ့ဖူးတယ်…။ ဒါပေမယ့်မအောင်မြင်ခဲ့ကြဘူး…။ မိုးကြိုးလျှပ်စီးဆိုတာ အင်မတန် အစွမ်းထက်ပြီး ထိန်းချုပ်ရခက်ခဲတယ်…။ အောင်မြင်မှုတချို့ရကောင်းရနိုင်လိမ့်မယ်… ဒါပေမယ့်… ဒီထက်ပိုပြီးကြိုးစားဖို့တော့လိုလိမ့်မယ် ”

“ထပ်ပြီးမကြိုးစားခင်မှာ မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကိုဒီထက်ပိုမြင့်လာအောင်အရင်လုပ်သင့်တယ်..။ အခုလိုအခြေခိုင်မာခြင်းအဆင့်ရဲ့အောက်ခြေမှာထပ်ကြိုးစားရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး…။” ဆေးတာအိုပညာရပ်အပေါ်ပိုင်ရှောင်ချန်းမည်မျှစွဲလမ်းနေသည်ကိုတွေ့ကာ လီချင်းဟောက်သည်တတ်နိုင်သမျှညင်ညင်သာသာပြောဆိုရှင်းပြလေ၏။ အားလုံးရှင်းပြပြီးနောက် လီချင်းဟောက်သည် ပိုင်ရှောင်ချန်း၏ပခုံးကို အားပေးသည့်အနေနှင့်ပုတ်ပြီး ထွက်ခွာသွားလေ၏။

ပိုင်ရှောင်ချန်းသည် သက်ပြင်းအကြိမ်ကြိမ်ချကာ မျက်နှာမသာမယာနှင့်ထိုင်နေသည်။ သူ့ကြောင့် အင်မော်တယ်ဂူများပျက်စီးကုန်သည့်အတွက် အလွန်စိတ်မကောင်းဖြစ်နေသည်။ လီချင်းဟောက်ပြောသွားသည့်စကားများကို အကြိမ်ကြိမ်ကြားယောင်နေမိပြီး သူ၏မိုးကြိုးအဆိပ်ဖြေမှော်ပညာအား စမ်းသပ်နေခြင်းကိုခေတ္တရပ်နားထားရန်ဆုံးဖြတ်ချက်ချလိုက်သည်။

“ငါ့ရဲ့စမ်းသပ်မှုတွေကို တခြားနည်းလမ်းနဲ့ပြောင်းလုပ်ရမယ်…” သူကတွေးလိုက်သည်။ “အညစ်အကြေးတွေကိုသန့်စင်အောင်လုပ်နိုင်မယ့် တခြားနည်းလမ်းတခုကိုရှာဖွေရမယ်…။ မိုးကြိုးလျှပ်စီးမသုံးပဲ လူတွေကိုလည်းမထိခိုက်စေမယ့်နည်းပေါ့…။ ဒါပေမယ့် ဘယ်လိုလုပ်ရပါ့…။” ခဏမျှတွေးနေပြီး ခရမ်းဒယ်အိုးတောင်ဘက်သို့လှမ်းကြည့်လိုက်ကာ သူ၏မျက်လုံးများအရောင်တောက်လာ၏။

ညအချိန်သို့မရောက်သေးပေ။ ပိုင်ရှောင်ချန်းသည် မတ်တပ်ရပ်လိုက်ပြီး ပျက်စီးနေသောအင်မော်တယ်ဂူကိုလှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် တစုံတခုကိုလုပ်ရန်တာစူနေသည့်အရိပ်အယောင်များ ယှက်သန်းနေသည်။

“ဆေးတာအိုပညာရပ်အတွက်၊ ထာဝရရှင်သန်ရေးအတွက်…” ထိုသို့ရေရွတ်ကာ မွှေးရနံ့တိမ်တောင်ပေါ်မှဆင်းပြီး ခရမ်းဒယ်အိုးတောင်ဆီသို့ဦးတည်လိုက်လေ၏။

ပိုင်ရှောင်ချန်းသည် ခရမ်းဒယ်အိုးတောင်ပတ်ဝန်းကျင်ကိုရင်းနီးပြီးသားဖြစ်လေသည်။ လွန်ခဲ့သောနှစ်များစွာက သူနှင့်ဖက်တီးကျန်းကြီးတို့နှစ်ယောက်သား ဝိညာဥ်ကြက်မြီးများရှာဖွေရန်တောင်တဝက်ခန့်ကိုလှည့်လည်ခဲ့ဖူးသည်။ နောက်ပိုင်းသူ့ကို ဂိုဏ်းတူဦးလေးပိုင်ဟုလူသိများပြီးနောက်တွင်လည်း ရံဖန်ရံခါတောင်ပေါ်သို့ရောက်ဖြစ်လေ့ရှိလေ၏။

ခရမ်းဒယ်အိုးတောင်ပေါ်တွင်ခြေချလိုက်မိစဥ်မှာပင် ရုတ်တရက်တည်ငြိမ်မှုကိုခံစားလိုက်ရသည်။ ဤတောင်ပေါ်ရှိဂိုဏ်းသားများသည် မွှေးရနံ့တိမ်တောင်ပေါ်မှဂိုဏ်းသားများကဲ့သို့ စိတ်ကသိကအောက်ဖြစ်စရာမကောင်းလှပေ။ ထို့ပြင် ဂိုဏ်းသားအများစုက သူ့ကိုတွေ့သည်နှင့် တရင်းတနီးနှုတ်ဆက်ကြလေရာ ပိုင်ရှောင်ချန်းသည် ချက်ခြင်းပင်ပျော်ရွှင်လာလေ၏။

ရွှင်လန်းစွာဖြင့် ပိုင်ရှောင်ချန်းသည် ဖက်တီးကျန်းကြီး၏အိမ်ရှိရာသို့ ဦးတည်လျှောက်လာခဲ့လေသည်။ ဖက်တီးကျန်းသည် အတွင်းစည်းဂိုဏ်းသားမဖြစ်သေးရာ ယခင်နေနေကျအိမ်မှာပင်ရှိနေသေး၏။ အိမ်ရှေ့တံခါးဝသို့ ပိုင်ရှောင်ချန်းရောက်သောအခါ ညနေစောင်းနေလေပြီ။

ဖက်တီးကျန်းသည် ပိုင်ရှောင်ချန်းကိုမြင်လိုက်ရသောအခါ လွန်စွာအားရဝမ်းသာသွားသည်။ ဝင်းထဲသို့ရောက်သည်နှင့် ဖက်တီးကျန်းကြီးသည် သူ၏အံ့အားသင့်ဖွယ် စိတ်စွမ်းအင်မြှင့်တင်ခြင်းစွမ်းရည်များကိုဂုဏ်ယူဝမ်းမြောက်စွာ ပြသလေသည်။ သူသည် ခရမ်းရောင်ဒယ်အိုးတောင်ပေါ်တွင် အံ့ဖွယ်စိတ်စွမ်းအင်မြှင့်တင်သူတယောက်အဖြစ်လူသိများနေပြီဖြစ်ကြောင်းကိုလည်းရှင်းပြသည်။

ပိုင်ရှောင်ချန်းသည်ထိုသို့ကြားရသည့်အတွက် သူ့အနေဖြင့်ဝမ်းသာဂုဏ်ယူပါကြောင်းပြောပြရာ ဖက်တီးကျန်းမှာ အလွန်ပျော်နေလေတော့သည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည် လည်ချောင်းကိုရှင်းလိုက်ပြီး…

“ဂိုဏ်းတူအကိုကြီး… ကျနော် အကိုကြီးနဲ့တိုင်ပင်စရာတခုရှိတယ်ဗျ…”

“ဆိုစမ်းပါဦး ညီလေးရ…” ဖက်တီးကျန်းကဟိတ်ဟန်အပြည့်ဖြင့်လက်ကိုဝှေ့ယမ်းကာဆိုလိုက်သည်။

“ကျနော့်အတွက် ခရမ်းဒယ်အိုးတောင်ပေါ်မှာနေစရာတခုဖန်တီးပေးနိုင်မလားအကိုကြီး…ကျနော်ဒီကိုလာပြီး ဆေးနည်းနည်းဖော်စပ်ချင်လို့…” အသနားခံသောမျက်လုံးများဖြင့်ဖက်တီးကျန်းကြီးကိုပြောလိုက်သည်။

“ဆေးဖော်မလို့ဟုတ်လား…။ မင်းကအတွင်းစည်းဂိုဏ်းသားဖြစ်နေပြီပဲညီလေးရ…။ မင်းရဲ့အင်မော်တယ်ဂူမှာပဲဆေးဖော်သင့်တာမဟုတ်ဖူးလား…။ သြော်… ဒါနဲ့… ငါ တစ်ယောက်ထဲ ကျင့်ကြံနေတာတော်တော်လေးခရီးပေါက်နေပြီကွ… မွှေးရနံ့တိမ်တောင်ဘက်မှာ မိုးကြိုးတွေနဲ့တခုခုဖြစ်သွားတယ်ဆို… ဘာတွေဖြစ်သွားတာလဲ…” လူသူနှင့်ဝေးရာသို့ရောက်နေသည်မှာ ကြာပြီဖြစ်သောကြောင့် ဖက်တီးကျန်းကြီးသည် ခရမ်းဒယ်အိုးတောင်အပြင်တွင်ဖြစ်ပျက်နေသမျှနှင့် အဆက်ပြတ်နေလေ၏။ မွှေးရနံ့တိမ်တောင်သည်လည်း တသီးတခြားဖြစ်နေသောတောင်တခုဖြစ်လေရာ ထိုတောင်အကြောင်းများကိုအပြင်လူများသိပ်မသိကြပေ။

ပိုင်ရှောင်ချန်းသည်မျက်မှောင်ကြုတ်ကြည့်နေရာမှ
“အမ်… ကျနော်ဆေးဖော်ဖို့လုပ်နေရင်းက သတိလက်လွတ်ဖြစ်သွားပြီး မိုးကြိုးလျှပ်စီးတွေကျအောင်လုပ်လိုက်မိတယ်အကိုကြီးရေ… ကျနော်ရဲ့အင်မော်တယ်ဂူလည်းပျက်စီးသွားတယ်…”

“ဟမ်… ” ဖက်တီးကျန်းကြီးမျက်လုံးပြူးသွားလေသည်။

“ကျနော်ပြောမယ်အကိုကြီး. အကိုကြီးဘာမှစိတ်ပူစရာမလိုပါဘူးဗျာ…” ပိုင်ရှောင်ချန်းကဂုဏ်ယူစွာဖြင့်ရင်ဘတ်ကိုပုတ်ကာပြောလိုက်သည်။ “ကျနော့်အနေနဲ့ ဒီခရမ်းဒယ်အိုးတောင်ပေါ်မှာဆေးဖော်စပ်ရင် မိုးကြိုးလျှပ်စီးတွေကျမလာစေရတော့ပါဘူးဗျာ… ကျိန်ရဲပါတယ်…။ ကျနော်ကပြောတဲ့စကားကိုတည်တဲ့သူပါ…။ ပြီးတော… အခုကျနော်က အဆင့်သုံးစိတ်စွမ်းအင်ဆေးဝါးတွေကိုဖော်စပ်နိုင်နေပြီဗျ… ကျနော်ဆေးဖော်ပြီးရင် အကိုကြီးအတွက်လည်းအကျိုးမနည်းစေရပါဘူးဗျာ…ဟဲဟဲ….”

ပိုင်ရှောင်ချန်းထံမှ အဆင့်သုံးစိတ်စွမ်းအင်ဆေးဝါးများအကြောင်းကြားလိုက်ရသောအခါ ဖက်တီးကျန်းကြီးစိတ်လှုပ်ရှားသွားလေ၏။ အဆင့်သုံးစိတ်စွမ်းအင်ဆေးဝါးများကို အရပ်ဈေးထဲတွင်ရနိုင်သော်လည်း ဈေးမှာမူခေါင်ခိုက်နေအောင်ပေးရသည်။ ပိုင်ရှောင်ချန်း၏အပေးအယူမှာ ဖက်တီးကျန်းအတွက်လက်မခံနိုင်စရာမရှိပေ။ အပေးအယူကိုလက်ခံခေါင်းညိတ်ရန်အတွက် ဖက်တီးကျန်းမှာခဏသာစဥ်းစားလိုက်ရလေသည်။

“ပြဿနာမရှိပါဘူး…။ ငါ့မှာတော့ ဆေးဖော်စပ်ဖို့နေရာမရှိဘူးညီလေး…။ ဒါပေမယ့် အင်မော်တယ်ဂူတွေကိုကြီးကြပ်နေရတဲ့ ဂိုဏ်းတူအကိုတယောက်နဲ့ ငါရင်းနီးတယ်…။ ရေလေးနည်းနည်းပါးပါးလောင်းပေးလိုက်ရင် အာ့အကိုက အတွင်းစည်းဂိုဏ်းအင်မော်တယ်ဂူတခုလောက်ရအောင်လုပ်ပေးလိမ့်မယ်ကွ… တသက်လုံးတော့နေလို့မရဘူးပေါ့… ဟားဟား”

“တသက်လုံးမနေပါဘူးဗျာ…” ပိုင်ရှောင်ချန်းမျက်နှာတွင်စိတ်လှုပ်ရှားမှုအပြည့်ဖြင့်ပြောလိုက်သည်။ “သိပ်မကြာပါဘူး… အလွန်ဆုံးနေမှနှစ်ဝက်လောက်ပဲ…”

ဖက်တီးကျန်းကြီးကခေါင်းညိတ်လိုက်ပြီး ပိုင်ရှောင်ချန်းကိုထားခဲ့ပြီးအမွှေးတိုင်တတိုင်ထွန်းစာမျှကြာအောင်ထွက်သွားသည်။ ပြန်လာသောအခါ လက်ထဲတွင် အမိန့်ပေးလည်ဆွဲပြားတခုပါလာလေ၏။

“ရပြီကွ… “သူကအော်ပြောလိုက်သည်။ “အင်မော်တယ်ဂူကသိပ်တော့မကောင်းလှဘူး…။ ဒါပေမယ့်ဆေးဖော်စပ်တဲ့အလုပ်ရုံတခုတော့ပါတယ်ဟေ့…။ သိပ်လဲမဝေးဘူး… ။လာညီလေး… အကိုလိုက်ပို့မယ်…။”

ပိုင်ရှောင်ချန်းသည် ဝမ်းသာသွားပြီး ဖက်တီးကျန်းကိုမျက်နှာချိုသွေးနေပြန်သည်။ ထို့နောက် ဖက်တီးကျန်းနှင့်ပိုင်ရှောင်ချန်းတို့နှစ်ယောက် ပျော်ရွှင်စွာဖြင့်အင်မော်တယ်ဂူဆီသို့ချီတက်သွားကြလေသည်။

ဂူသည် အင်မော်တယ်ဂူတခုအနေဖြင့်ရိုးရှင်းလွန်းပြီး အနည်းငယ်ကြမ်းတမ်းလေသည်။ သေးလည်းသေးငယ်လွန်းပြီး မွှေးရနံ့တိမ်တောင်ပေါ်ရှိသူ့၏ဂူနှင့် ယှဥ်၍ပင်မရချေ။ သို့သော် ဂူထဲတွင်ဆေးဖော်စပ်ရန်အလုပ်ရုံတခုပါဝင်ပြီး ပိုင်ရှောင်ချန်းလိုအပ်သည်မှာလည်း ထိုအလုပ်ရုံပင်ဖြစ်သည်။

ဂူထဲတွင် ကျေနပ်ဝမ်းမြောက်စွာထိုင်ချလိုက်ကာ အသက်ဝအောင်ရှူလိုက်ပြီးပိုင်ရှောင်ချန်းကဆိုသည် “ဂိုဏ်းတူအကိုကြီးက တကယ့်ကို သစ္စာရှိတဲ့မိတ်ဆွေတယောက်ပါပဲ…”

ထို့နောက် မိုးကြိုးအဆိပ်ဖြေမှော်ပညာကိုထပ်မံမစမ်းသပ်မိစေရန် သူ့ကိုယ်သူအထပ်ထပ်သတိပေးနေလေသည်။ ထူးထူးဆန်းဆန်းဆေးလုံးများကို တိရစ္ဆာန်များအပေါ်တွင်ထပ်မံမစမ်းသပ်ရန်လည်း သတိပေးသည်။ ဆေးမီးဖိုများထပ်ပေါက်ကွဲစရာအကြောင်းတော့ မရှိတော့ပေ။ သူ၏ဆေးဖော်စပ်ခြင်းကြောင့် ဘာပြဿနာမှပေါ်မလာနိုင်တော့ဟု ယူဆလိုက်သည်။

“အခုက မသန့်စင်မှုတွေကိုဖယ်ရှားနိုင်ဖို့ နည်းလမ်းတွေစမ်းသပ်ရမယ့်အချိန်ပဲ…။” စိတ်ကိုအေးအေးထားကာ စိတ်စွမ်းအင်ဆေးပင်လက်တဆုပ်ခန့်ကိုထုတ်လိုက်ပြီး အသေအချာကြည့်ရှုစစ်ဆေးနေသည်။ ထို့နောက်ဆေးတာအိုပညာရပ်တွင်စိတ်ရောလူပါနှစ်မြှုပ်လိုက်လေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset