Switch Mode

အခန်း (၃၈၈) – လီဝမ်အာ၏ စေ့စပ်ကြောင်းလမ်းမှု

လီဝမ်အာ၏ စေ့စပ်ကြောင်းလမ်းမှု

ခဏအကြာတွင် သင်္ဘောပျံကြီးများမှာ နတ်ဘုရားလက်နက် မြို့တော်အသစ်၏ လေဆိပ်ထဲ၌ ဆင်းသက်လာကြ၏။ ဝမ်ပေါင်လဲ့မှာ အိမ်ရှင်ဖြစ်ပြီး သူ၏ ဂိုဏ်းတူညီအစ်ကိုမောင်နှမများမှာ ဧည့်သည်များဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူကိုယ်တိုင် သူတို့ဆီသို့ သွားရောက်ကြိုဆိုခြင်းမှာ သဘာဝကျပေသည်။ ကောင်းကင်တာအိုကျောင်း၏ သင်္ဘောပျံများပေါ်မှ ဆင်းလာကြသည့် ကျောင်းသားများမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ သူတို့၏မျက်ဝန်းများထဲ၌ စိတ်အားထက်သန်မှုများနှင့် ကြည်ညိုလေးစားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။ သူတို့အားလုံးမှာ ရှေ့သို့လျှောက်လှမ်းလာကြပြီး သူ့အား နှုတ်ဆက်လိုက်ကြ၏။

” မင်္ဂလာပါ အစ်ကိုကြီး ”

” မင်္ဂလာပါ အစ်ကို ”

” မင်္ဂလာပါ မြို့တော်သခင် ” လူအမျိုးမျိုးရှိနေသောကြောင့် ဝမ်ပေါင်လဲ့အား ခေါ်ဆိုသည့် နာမည်များမှာလည်း ကွဲပြားနေ၏။ သူတို့အားလုံးမှာ အသံမျိုးစုံဖြင့် တစ်ပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြသောကြောင့် အရပ်မျက်နှာအနှံ့၌ ဆူညံပွက်လောရိုက်သွားရ၏။

ဝမ်ပေါင်လဲ့မှာလည်း စိတ်လှုပ်ရှားနေရပြီဖြစ်သည်။ သူသည် တာအိုကျောင်းထဲတွင် လူမှုဆက်ဆံရေး ကောင်းမွန်ခဲ့သောကြောင့် လူများစွာက သူ့အား ချစ်ခဲ့လေးစားနေခြင်း ဖြစ်ရမည်ဟု မှတ်ယူလိုက်၏။ အထူးသဖြင့် အများစုမှာ ညီမလေးများ ဖြစ်နေကြသဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားတို့အပေါ် ယုံကြည်မှုပိုရှိလာတော့သည်။

သူသည် သူ၏ ညီမလေးများအား ပွေ့ဖက်ရန် ရှေ့သို့လှမ်းလိုက်စဉ်မှာပင် လျှိုတောက်ပင်းမှာ မျက်ရည်စက်လက်ဖြင့် သူ့ဆီသို့ ကဆုန်ပေါက်၍ ရောက်ရှိလာ၏။ သူသည် ဝမ်ပေါင်လဲ့ရှေ့သို့ ရောက်မလာသေးသည့်တိုင်အောင် သူ၏ စိတ်လှုပ်တရှား အော်ငိုနေသည့် အသံကျယ်ကြီးမှာ ထိုနေရာကြီး တစ်ခုလုံးကို လွှမ်းခြုံသွားသောကြောင့် အခြားသူများ၏ စကားသံများမှာ တိမ်ဝင်သွားရတော့သည်။

” ကျနော် အစ်ကိုကြီးပေါင်လဲ့ကို အရမ်းလွမ်းနေခဲ့တာ‌ဗျ။ အရမ်းကို လွမ်းနေခဲ့တာ ” လျှိုတောက်ပင်းမှာ ဝမ်ပေါင်လဲ့၏ ပေါင်ကို မလွှတ်တမ်း ဖက်ထားရင်း အသားများ တဆတ်ဆတ်တုန်ရီနေတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့သာမက သူ၏ ပတ်ပတ်လည်ရှိ လူများပင်လျှင် စိတ်နှလုံးလှုပ်ရှားသွားရ၏

ကျင့်သိုမင်ကမူ လျှိုတောက်ပင်းအား အကြိမ်အနည်းငယ်ခန့် ခိုးကြည့်လိုက်ပြီး ခုန်းတောက်မှာမူ နှုတ်ဆိတ်ကာ ခေါင်းတညိတ်ညိတ်ဖြစ်နေ၏။ လင်းတျန်ဟောက် တစ်ယောက်တည်းသာလျှင် စိတ်ရှုပ်နေရသည်။ တစ်ဖက်တွင် သူသည် လျှိုတောက်ပင်းနှင့် ရင်းနှီးပါသော်လည်း အခြားတစ်ဖက်တွင်မူ လျှိုတောက်ပင်း၏ ရောက်ရှိလာမှုမှာ သူ၏ ရာထူးအတွက် အန္တရာယ်ရှိနိုင်သည်ဟု သူက ခံစားနေရ၏။

” တောက်ပင်း ” ဝမ်ပေါင်လဲ့မှာ လျှိုတောက်ပင်းတစ်ယောက် စိတ်လှုပ်တရှားနှင့် သူ့အား ပွေ့ဖက်ထားသည်ကိုကြည့်ရင်း စိတ်နှလုံးလှုပ်ရှားသွားရ၏။ ထို့နောက် သူသည် ညီမလေးများကိုသာ မျက်စိကျနေခဲ့ပြီး သူ၏ ထိုညီလေးကို မေ့နေခဲ့သည့်အတွက် အပြစ်ရှိသလို ခံစားလိုက်ရသည်။

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် သူ့ကိုယ်သူ ပြစ်တင်ကြိမ်းမောင်းလိုက်ပြီးနောက် လျှိုတောက်ပင်းအား ပြန်၍ထူပေးလိုက်ပြီး ကျေနပ်နေသည့် အမူအရာဖြင့် သူ၏ပခုံနှစ်ဖက်ကို ပုတ်လိုက်၏။ ထို့နောက် သူသည် တစ်စုံတစ်ယောက်ကို ရှာဖွေနေသည့် ပုံဖြင့် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်လေသည်။ လျှိုတောက်ပင်းမှာ မျက်ရည်များသုတ်နေရင်း ဝမ်ပေါင်လဲ့၏ အမူအရာကို သတိထားမိလို‌က်သောကြောင့် လေသံတိုးတိုးနှင့် ချက်ချင်းပင် ဆိုလိုက်၏။

” အစ်ကို။ ကျိုးရှောင်ရက… တံခါးပိတ်လေ့ကျင့်နေတုန်း။ တုမင်ကတော့ အခြေတည်အဆင့်နယ်မြေ ပြန်ဖွင့်နေတုံးမလို့ လပေါ်ကို လိုက်သွားခဲ့တာ ”

” တံခါးပိတ် လေ့ကျင့်နေတုန်း ဆိုပါလား ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူမိလိုက်၏။ ထို့နောက် သူသည် ကျိုးရှောင်ရအား မှော်ဆေးရည် အဆောင်ထဲသို့ ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့မိသည်မှာ အမှားကြီးမှားသွားပြီဖြစ်ကြောင်း တွေးလိုက်မိတော့သည်။ မှော်ဆေးရည်အဆောင်မှာ လူမဆန်လောက်အောင် ရက်စက်ကြမ်းကြုတ်ပြီး ကျောင်းသားများအား နေ့စဉ်နေ့တိုင်း တံခါးပိတ်ကျင့်ကြံခွင့် ပေးနေသည်ဖြစ်သည်။ ၎င်းမှာ ရက်စက်လွန်းလှသောကြောင့် တွေးမိလိုက်ရုံဖြင့် အသားများ တုန်ရီသွားစေန်ိုင်ပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် ဒေါသထွက်သွားရ၏။ သူသည် ကမ္ဘာမြေသို့ ပြန်ခွင့်သာ ရှိမည်ဆိုပါက သူကိုယ်တိုင် မှော်‌ဆေးရည်အဆောင်ဆီသို့ သွားရောက်ကာ ကြည့်ရှုစစ်ဆေးလိုက်မည် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများနှင့် စကားအချို့ပြောလိုက်၏။ နောက်ဆုံးတွင် သူသည် အားပေးစကားများဖြင့် စကားဝိုင်းကို အဆုံးသတ်လိုက်ပြီး သူတို့အတွက် နေရာထိုင်ခင်းများ ပြင်ဆင်ပေးလိုက်၏။ ထို့နောက် သူတို့မှာ မြို့တော်ထဲ၌ ရာထူးအသီးသီးကို ရရှိပိုင်ဆိုင်သွားတော့မည်ဖြစ်သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ လျှိုတောက်ပင်းအား သူ၏ ရုံးခန်းထဲသို့ ခေါ်သွားလိုက်၏။ သူတို့ အထဲသို့ရောက်သွားသည်နှင့် တစ်ပြိုင်နက် လျှိုတောက်ပင်းမှာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ကဲ့သို့ ချက်ချင်းပင် ရေနွေးတည်လိုက်ပြီး ဝမ်ပေါင်လဲ့အတွက် လက်ဖက်ရည်တစ်ခွက် ဖျော်ပေးလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ ဘေးတွင်ထိုင််ရင်း ခေါင်းငုံ့ကာ မှတ်စုစာအုပ်လေးတစ်အုပ်ကို ထုတ်ယူလိုက်ပြီး သူ၏ ပြောစကားများကို နားထောင်ရန် အဆင်သင့် ပြင်ထားလိုက်တော့သည်။

ထိုမြင်ကွင်းကြီးကို ဝမ်ပေါင်လဲ့မှာ ရင်းရင်းနှီးနှီး မြင်ဖူးနေ၏။ ထို့ကြောင့် သူသည် သူသည် တာအိုကျောင်းတွင် ရှိခဲ့စဉ်တုန်းက ဖြတ်သန်းခဲ့ရသည့် ဘဝကြီးအကြောင်းကို ရုတ်တရတ်ဆိုသလို ပြန်တွေးမိသွား၏။ ထို့နောက် သူ၏ နှလုံးသားထဲန၌ ထိုကဲ့သို့သော ခံစားချက်များဖြင့် ရှုပ်ထွေးနေစဉ် သူသည် တုမင် လပေါ်သွားသည့် ခရီးစဉ်န့် ပတ်သတ်၍ ‌မေးမြန်းလိုက်ပြီးနောက် လက်ဖက်ရည်တစ်ငုံ့ခန့် မော့သောက်လိုက်၏။ ထို့နောက် သူသည် သူ၏လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး လျှိုတောက်ပင်းအား သူ၏ ရုံး၌ ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်ရမည့် တာဝန်ကို အပ်နှင်းလိုက်တော့သည်။

ထိုကဲ့သို့ တာဝန်ပေးခံလိုက်ရသည့် လျှိုတောက်ပင်းမှာ သူ၏ ရင်ဘက်အား အားပါပါဖြင့် ထုနှက်လိုက်၏။

” စိတ်ချပါ မြို့တော်သခင်။ ကျနော့်အဖေတုန်းကလည်း အဲဒီရာထူးနဲ့ ဆင်တူတဲ့ တခြားရာထူးတစ်ခုကို ပိုင်ဆိုင်ခဲ့ဘူးပါတယ်။ သူ့ရဲ့ လုပ်ပုံကိုင်ပုံတွေကို ကျနော်က ငယ်ငယ်လေးကတည်းက မြင်ခဲ့ရပြီးသားအဲ့တာမလို့ ကျနော်က ဒီနေရာကြီးကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို ရင်းနှီးနေပြီးသားပါ။ ပြဿနာတစ်ခုမှ တက်မလာစေဖို့ ကျနော် ကတိပေးပါတယ် ”

ဝမ်ပေါင်လဲ့မှာ သူ၏ ပြောစကားများကိုကြားလိုက်ရသောအခါ ကျေနပ်အားရသွားရ၏။ ထို့နောက် သူသည် ညွှန်ကြားချက်အချို့ ပေးလိုက်သောကြောင့် လျှိုတောက်ပင်းမှာ ထိုညွှန်ကြားချက်များကို နားထောင်ရင်း စကားတစ်ခွန်းတလေပင် လွဲသွားမည်ကို စိုးရိမ်နေသည့်ပုံဖြင့် သေသေချာချာ လိုက်နာမှတ်သားလိုက်တော့သည်။ သူ၏ အပြုအမူများကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်နှလုံး ပျော်ရွှင်သွားရ၏။ လျှိုတောက်ပင်းမှာ မပြန်ခင် ဝမ်ပေါင်လဲ့၏ရှေ့၌ သိုလှောင်အိတ်တစ်လုံးကို ချထားခဲ့လိုက်သေးသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားပြီး ငြင်းဆန်ရန် ပြင်လိုက်စဉ်မှာပင် လျှိုတောက်ပင်းမှာ ထိုသိုလှောင်အိတ်အား အလျင်အမြန် ဖွင့်လိုက်ပြီး မုန့်အချို့ကို ထုတ်ပြလိုက်၏။ ဝမ်ပေါင်လဲ့မှာ တစ်ချက်လှမ်းကြည့်လိုက်ပြီး ထို အိတ်ကို ကောက်ယူကာ မွှေနှောက်ရှာဖွေလိုက်တော့သည်။ ထိုအခါမှသာ ထိုအိတ်ထဲ၌ မုန့်များသာမက ကောင်းကင်တာအိုကျောင်းမှ ရောင်းချပြီး ပုံမှန်စျေးကွက်၌ အလွယ်တကူမရနိုင်သော အရသာကွဲပြား‌သည့် ဝိညာဉ်ရေခဲရေဘူးများဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရတော့သည်။ ထို့ကြောင့် သူသည် ပို၍ပင် ကျေနပ်အားရသွားတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် ကျေနပ်သွားသည်ကို မြင်လိုက်ရသောအခါမှ လျှိုတောက်ပင်းမှာလည်း အားရသွား၏။ ထို့ကြောင့် သူသည် ထိုရုံးခန်းအား ရှင်းလင်းပေးလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။

” လျှိုတောက်ပင်းက ပုံမှန်အတိုင်း ဘယ်ဆိုးလို့လဲကွ ” ဝမ်ပေါင်လဲ့မှာ အောက်သို့ထိုင်ချလိုက်ပြီး မုန့်များကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားကာ ဝိညာဉ်ရေခဲရေများကို သောက်ရင်း ရေရွတ်လိုက်၏။ သူသည် သက်ပြင်းများ ချလိုက်ပြီး မြို့တော်အသစ်အတွက် အရာအားလုံးကို ပြင်ဆင်ပြီးသွားပြီဖြစ်ကြောင်း မှတ်ယူလိုက်တော့သည်။ မြို့တော်ဝန်အသစ်သုံးယောက် ရှိလာပြီးမှ ဆောက်လုပ်ရေးလုပ်ငန်းကို စတင်ရမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့စောင့်စိုင်းနေရင်း အချိန်များကုန်လွန်သွားပြီး ခုနစ်ရက်တိတိ ကုန်ဆုံးသွား၏။ ထိုခုနစ်ရက်အတွင်းတွင် ပြည်ထောင်စုကြီးမှာ မြို့တော်ဝန်သုံးယောက်အဖြစ် ရွေးချယ်မည့် ကိုယ်စားလှယ်များကို မဆုံးဖြတ်နိုင်သေးပေ။ ထိုအခြင်းအရာကိုကြည့်၍ မည်မျှအထိ အပြိုင်အဆိုင် ပြင်းထန်နေကြောင်း သိရှိနိုင်ပေသည်။

သို့သော် နိုင်ငံရေးအင်အားစုများ မြို့တော်ဝန်နေရာအတွက် အချင်းချင်း ယှဉ်ပြိုင်နေကြစဉ်တွင် ငါးဆက်မြောက်မျိုးနွယ်စုနှင့် လွှတ်တော်တို့ဖြင့် ပတ်သက်သည့် နောက်ထပ်သတင်းတစ်ခုမှာ ပြည်ထောင်စုကြီးထဲ၌ ပျံံ့နှံ့သွားသောကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။

ထို ဒုတိယမြောက် သတင်းမှာ ယခင်သတင်းအဟောင်းတုန်းကထက်ပင် ပို၍ အသေးစိတ်တိကျနေ၏။ ယခင်သတင်အဟောင်းထဲတွင် ထိုအဖွဲ့အစည်းနှစ်ခု ပူးပေါင်းမည်ဟုသာ ပါဝင်ပါသော်လည်း ယခုတွင်မူ ထိုကဲ့သို့ ပူးပေါင်းမည့်အကြောင်း ပါဝင်နေခြင်းမရှိပေ။ ထိုသတင်းထဲ၌ ပါရှိနေသည့် တစ်ခုတည်းသော အကြောင်းအရာမှာ လွှတ်တော်ခေါင်းဆောင်ကြီးနှင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ချန်းမိသားစုတို့မှာ လက်ထက်ထိမ်းမြား၍ မဟာမိတ်ဖွဲ့ကြတော့မည့် အကြောင်းအရာပင် ဖြစ်သည်။

ထိုသတင်း ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် ၎င်းအား လိုက်လံဖတ်ရှုနေကြခဲ့သည့် လူပေါင်းမြောက်မြားစွာမှာ ချက်ချင်းပင် အံ့ဩတုန်လှုပ်သွားကြတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း အကြီးအကျယ် အံ့သြသွားရပြီး ခန့်မှန်းချက်များ ထုတ်မိလိုက်၏။ ထို့နောက် သူသည် လင်းတျန်ဟောက်အား လှမ်းခေါ်လိုက်ပြီး သူ့အား ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းလိုက်၏။

ယခုအကြိမ်တွင်မူ လင်းတျန်ဟောက်မှာ ထိုအကြောင်းကို ယခင်အကြိမ်တုန်းကထက် ပို၍သိရှိထားသည့်ပုံပင်။ ဝမ်ပေါင်လဲ့ ယခင်အကြိမ် မေးခဲ့စဉ်တုန်းက သူသည် မဖြေနိုင်ခဲ့သောကြောင့် သူ့ကိုယ်သူ ယခင်တုန်းကလောက် အရေးမပါတော့ဟု တွေးမိသွား၏။ ထို့အပြင် သူသည် လျှိုတောက်ပင်းကို မြင်လိုက်ရသည့်အတွက် အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသေးသည်လည်း ဖြစ်သည်။ ထို့ကြောင့် သူသည် လက်ထက်ထိမ်းမြား မဟာမိတ်ဖွဲ့သည့် သတင်းများကို ကြားသိလိုက်ရသည်နှင့်တစ်ပြိုင်နက် သူ၏ ဖခင်ဆီသို့ ချက်ချင်းပင် အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်ပြီး အသေးစိတ်အချက်အလက်များကို သိရှိချင်ကြောင်း ပြတ်ပြတ်သားသား တောင်းဆိုလိုက်တော့သည်။

လင်ယုံမှာ အခြားရွေးချယ်စရာ မရှိသောကြောင့်

လင်းတျန်ဟောက်အား အချို့သော အကြောင်းအရာများ ပြောပြလိုက်ရ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့ သူ့အား ဆင့်ခေါ်လိုက်ပြီး ထိုကိစ္စအကြောင်း မေးမြန်းလိုက်သည့်အချိန်တွင် လင်းတျန်ဟောက်မှာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် စတင်ရှင်းပြလိုက်တော့သည်။

” မြို့တော်သခင်။ ကျနော်လည်း အဲဒီကိစ္စကို အခုလေးတင်မှ သိရတာ။ ကျ‌နော် သိသလောက်ကတော့ လီဝမ်အာနဲ့ ချန်းမိသားစုရဲ့ အကြီးဆုံးသားဖြစ်တဲ့ ချန်းမုတို့ကို လက်ထက်ပေးမှာတဲ့။ သူတို့နှစ်ယောက်က မကြာခင်‌ စေ့စပ်ကြတော့မှာ။ ‌‌နောက်တစ်နှစ်နေရင် အပြီးလက်ထပ်ကြမှာတဲ့ ”

” ဒါနဲ့… ကျနော် အဲဒီ ချန်းမုဆိုတဲ့ လူကို မြင်ဖူးတယ်။ သူက ကျနော်တို့ထက် အသက်နည်းနည်းကြီးပြီးတော့ အမှုထမ်းနေတာ တော်တော်ကြာပြီ။ ပြည်ထောင်စုကြီးထဲမှာဆိုရင် သူက အရေးပိုင်ဌာနက ဒုပဏာမအဆင့်လေး အရာရှိတစ်ယောက်ပဲ။ ကျနော် ငယ်ငယ်လေးတုန်းက ကျနော့်ရဲ့အဖေက ကျနော့်ကို သူနဲ့ နှိုင်းပြီးတော့ သူ့ဆီကနေ သင်ခန်းစာတွေယူဖို့ တိုက်တွန်းပေးခဲ့တာ ” လင်းတျန်ဟောက်မှာ လွမ်းဆွတ်တမ်းတနေသည်ဟန်ဖြင့် ဆိုလိုက်၏။ သို့သော် သူ စကားပြောနေတုန်းမှာပင် ဝမ်ပေါင်လဲ့မှာ စားပွဲခုံအား ရုတ်တရက်ဆိုသလို လက်ဝါးဖြင့် ရိုက်လိုက်၏။

” အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်တွေပဲ။ မိဘကပေးစားတဲ့ လက်ထက်ထိမ်းမြားမှုတွေနဲ့ လက်ထက်ထိမ်းမြားပြီးတော့ မဟာမိတ်ဖွဲ့တဲ့ လုပ်ရပ်တွေရှိနေရအောင် ငါတို့က ဘယ်ခေတ်ရောက်နေတာမလို့လဲ ” ဝမ်ပေါင်လဲ့မှာ အစကတည်းက စိတ်ထဲ၌ ထင့်နေတဲ့သည်ဖြစ်ပြီး ယခုတွင် လင်းတျန်ဟောက်၏ စကားများကို ကြားလိုက်ရတော့အခါ ဂူကြီးထဲရှိ။ သူနှင့် လီဝမ်အာတို့၏ ပုံရိပ်ကြီးမှာ သူ၏ အသိစိတ်ထဲ၌ ပြန်ပေါ်လာတော့သည်။ သူ၏ နှလုံးသားထဲမှ ခံစားချက်မျိုးစုံ ပေါ်ထွက်လာပြီး သူသည် သူ၏ အမျိုးသမီးအား အခြားတစ်ယောက်က လုယူသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

လင်းတျန်ဟောက်မှာမူ ထိတ်လန့်သွားရပြီး ဇဝေဇဝါဖြစ်သွားရ၏။ သူသည် မြို့တော်သခင်မှာ ချန်းမုနှင့် သိကျွမ်းနေသည်လောဟု တွေးတော့လိုက်ပြီး အလျင်စလို ရှင်းပြလိုက်၏။

” မြို့တော်သခင်‌ ပြောတာ အမှန်ပါပဲ။ အခုက ရှေးဦးဝိညာဉ်ခေတ်ကို ရောက်နေတာတောင် အခုလို လက်ထပ်ထိမ်းမြားပြီးတော့ မဟာမိတ်ဖွဲ့တဲ့ လုပ်ရပ်တွေ ရှိနေတုန်းပဲ။ ချန်းမုက လူကောင်းတစ်ယောက်ဆိုပေမယ့် စိတ်မကောင်းစရာက သူက ဒီ‌လောက် လူတွေအများကြီးထဲကမှ စုန်းမအိုကြီး လီဝမ်အာနဲ့ လက်ထပ်ရတော့မှာ ” လင်းတျန်ဟောက်မှာ သက်ပြင်းချကာဆိုလိုက်ပြီး ဆက်ပြောရန် ပြန်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ‌ ခေါင်းမော့လာပြီး သူ့အား စိုက်ကြည့်လိုက်တော့သည်။

ထိုအကြည့်ကြောင့် လင်းတျန်ဟောက်မှာ တုန်လှုပ်ချောက်ချားသွားရပြီး သူသည် အခြေအနေကြီးကို အကဲခတ် မှားသွားပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။ ဝမ်ပေါင်လဲ့မှာ မကျေမနပ်ဖြစ်နေရခြင်းမှာ ချန်းမုအတွက်မဟုတ်ဘဲ လီဝမ်အာအတွက် ဖြစ်နေသည် မဟုတ်ပါလော…

လင်းတျန်ဟောက်မှာ ထိုသို့ ခန့်မှန်းမိလိုက်သောကြောင့် မျက်လုံးပြူးသွားရတော့သည်။

” အဲဒီ ချန်းမုဆိုတဲ့ကောင်က… ဘာတွေများတွေးနေတာလဲ။ လီဝမ်အာက သူ့ကို သင်းကွပ်ပစ်မှာကို သူ မကြောက်ဘူးလားမသိဘူး ” ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်အား စိုက်ကြည့်လိုက်ပြီးနောက် ထို လက်ထပ်ထိမ်းမြားမှုအား လုံးဝကျေနပ်မှုမရှိသည့် အမူအရာဖြင့် ညည်းညူပြောဆိုလိုက်၏။

ဝမ်ပေါင်လဲ့၏ စကားများကြောင့် လင်းတျန်ဟောက်မှာ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်သွားပြီဖြစ်ကြောင်း သေချာသွားတော့သည်။ ထို့ကြောင့် သူသည် အထူးတဆန်းဖြစ်သွားရပြီး မြို့တော်သခင် ကြိုက်နှစ်သက်သော အမျိုးသမီးများမှာ အခြားသူများနှင့်မတူဘဲ တမူထူးခြားနေကြောင်း စိတ်ထဲ၌ တွေးနေလိုက်တော့သည်။ သို့သော် သူသည် မေးခွန်းဆက်မမေးရဲတော့သဖြင့် ဝမ်ပေါင်လဲ့အား သူ၏ဖခင်ဖြစ်သူ ပြောပြထားသမျှ အကြောင်းအရာအားလုံးကို ရှင်းပြလိုက်တော့သည်။

” ဒီတစ်ခေါက် လွှတ်တော်နဲ့ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုတို့က လက်ထပ်ထိမ်းမြားပြီးတော့ မဟာမိတ်တစ်ခု ဖွဲ့သွားကြတော့မှာ။ အဲဒီ အဖွဲ့အစည်းနှစ်ခုကြားမှာ ကတောက်ကဆလေးတွေ ရှိနေတယ်ဆိုပေမယ့် နိုင်ငံရေးဆိုတာက အပေးအယူလုပ်ရတာပါပဲ။ ပြီးတော့ ချန်းမိသားစုက လီဝမ်အာကို တင်တောင်းတုန်းက လွှတ်တော်ခေါင်းဆောင်ကြီးတောင်မှ မငြင်းနိုင်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့ တင်တောင်းခဲ့တာလို့ ကျနော် ကြားထားသေးတယ် ”

လင်းတျန်ဟောက်မှာ စကားအကုန် ပြောလိုက်ပြီးနောက် ထိုနေရာ၌ ဆက်ရှိမနေတော့ဘဲ အလျင်စလို ထွက်ခွာလာတော့သည်။ သူသည် လမ်းတလျှောက်တွင် သူနှင့် ဝမ်ပေါင်လဲ့မှာ လုံးဝမတူညီကြောင်း တွေးနေမိတော့သည်။ ယခုလက်ရှိတွင်မူ ဝမ်ပေါင်လဲ့မှာ မုန့်စားချင်စိတ်များအားလုံး ပျောက်သွားရပြီးဖြစ်သည်။ သူသည် စိတ်ဓာတ်များကျကာ နှလုံးသားထဲ၌ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော ခံစားချက်များဖြင့် ပြည့်နှက်နေတော့သည်။ ချန်းမု‌ကြောင့် သူသည် လင်ကြီးတစ်ယောက် ဖြစ်သွားရသကဲ့သို့ ခံစားနေရ၏။

” တောက်ကွာ။ ငါပိုင်တဲ့ မိန်းမကို ခိုးယူရဲရတယ်လို့။ ငါ မင်းကို အသက်သေတဲ့အထိ နှိပ်စက်ပစ်မယ် ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပလာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset