ထိုသတင်းမှာ ရှင်းလင်းမှုမရှိဘဲ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုနှင့် လွှတ်တော်တို့မှာ မဟာမိတ် ဖွဲ့သွားကြပြီဖြစ်ကြောင်း ရည်ညွှန်းနေသည့်ပုံပင်။ သို့သော် ထိုသတင်းများ စတင် ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ လူအများသိအောင် ချက်ချင်းပင် ငြင်းဆန်လိုက်၏။ လွှတ်တော်ဘက်မှလည်း အလားတူပင်။ သူတို့မှာ အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု အပြန်အလှန် လေးစားမှုရှိပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ပါသော်လည်း ယခုလက်ရှိတွင်မူ မဟာမိတ်ဖွဲ့ရန် အချိန်မကျသေးကြောင်း ထုတ်ပြန်ကြေညာလိုက်၏။
ထိုကဲ့သို့သော စကားလုံးများမှာ အပြင်လူများကို လှည့်စားနိုင်ပါသော်လည်း ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ အုပ်ချုပ်မှုစနစ်အောက်တွင် ရှိနေကြသော ကျင့်ကြံသူများအတွက်မူ ထိုကဲ့သို့သော သတင်းများမှာ အကြောင်းမရှိဘဲ ပျံ့နှံ့လာမည်မဟုတ်ပေ။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုနှင့် လွှတ်တော်တို့မှာ မဟာမိတ်ဖွဲ့ရန် အမှန်တကယ် ဆွေးနေခဲ့ကြခြင်း ဖြစ်နိုင်ပေသည်။ ထို့အပြင် သူတို့မှာ အခြားသူများ၏ တုံ့ပြန်မှုများကို စောင့်ကြည့်ချင်သောကြောင့် ထိုသတင်းအား တမင်သက်သက် ပေါက်ကြားခံလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်မြို့တော်သခင်အသစ်ဆိုသည့် ပဏာမအဆင့်သုံးအရာရှိတစ်ယောက် ဖြစ်နေပြီဖြစ်ရာ ပြည်ထောင်စုကြီးထဲတွင် အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်နေပြီဟု သတ်မှတ်၍ရပြီဖြစ်သည်။ သူသည်လည်း ထိုသတင်းများကို ကြားသိလိုက်ရသောကြောင့် တအံ့တဩဖြစ်သွားရပြီး လင်းတျန်ဟောက်အား သေချာအောင် မေးမြန်းကြည့်လိုက်၏။ သို့သော် လင်းတျန်ဟောက်မှာလည်း ထိုကိစ္စနှင့်ပတ်သက်၍ ဝမ်ပေါင်လဲ့ထက် ပိုသိထားခြင်းမရှိသောကြောင့် လင်းယုံမှာ သူ့ကိုလည်း ပြောပြထားခြင်း မရှိသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် တွေးတော့လိုက်ပြီးနောက် ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ရှုပ်ခံမနေတော့ပေ။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုနှင့် လွှတ်တော်တို့ကြားမှ ကိစ္စများမှာ သူနှင့် သက်ဆိုင်မှု မရှိသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် မြို့တော်အသစ်ကိုသာ ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ရန် အာရုံအပြည့် စိုက်ထားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ မြို့တော်နယ်မြေအသစ်ကို တည်ဆောက်ခဲ့စဉ်တုန်းက အတွေ့အကြုံများစွာ ရရှိခဲ့သောကြောင့် မြို့တော်အသစ်ကိုတည်ဆောက်ရန် ယုံကြည်မှုအပြည့်ရှိနေ၏။ သူသည် လင်းတျန်ဟောက်၊ ခုန်းတောက်နှင့် ကျင့်သိုမင်တို့နှင့် ဆွေးနွေးလိုက်ပြီးနောက် သူတို့လေးယောက်မှာ တာဝန်များကို ခွဲဝေယူကာ မြို့တော်အသစ်အတွက် အစီအစဉ်များ စတင်ချမှတ်လိုက်ကြတော့သည်။ သူတို့မှာ မန္တန်အစီအရင်ကြီးကိုသာ အဓိကထား၍ အာရုံစိုက်ရဦးမည် ဖြစ်ပါသော်လည်း ယခုအကြိမ်တွင်မူ ချီအားဖြည့် ဝိညာဉ်မန္တန်အစီအရင်ကြီးတစ်ခုတည်းသာ မဟုတ်တော့ဘဲ မဟာပေါင်လဲ့ မန္တန်အစီအရင်ကြီးလည်း ပါဝင်လာပြီဖြစ်သည်။
သို့သော် သူတို့မှာ အစီအစဉ်များချမှတ်ရုံလောက်သာ ဆောင်ရွက်နိုင်သေးသည်။ သူတို့မှာ မြို့တော်နယ်မြေတစ်ခုမဟုတ်ဘဲ မြို့တော်ကြီးတစ်ခုလုံးကို တည်ဆောက်ရတော့မည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့လိုအပ်သည့် ငွေအင်အား၊ လူအင်အား ပမာဏမှာ စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်အောင် များပြားလွန်းနေမည်ဖြစ်သည်။ အင်္ဂါဂြိုဟ်နှင့် ပြည်ထောင်စုကြီး နှစ်ခုလုံးမှာ မြို့တော်တည်ဆောက်ရန် ခွင့်ပြုချက်ပေးခဲ့ပါသော်လည်း သူတို့ဆီမှ အရင်းအနှီး အထောက်ပံ့များကို မျှော်ကိုးနေ၍ ဖြစ်မည်မဟုတ်ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပစ္စည်းမလုံလောက်မှုဆိုသည့် အခက်အခဲကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရတော့သည်။ သို့သော် သူသည် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါတိုင်း ၎င်းတို့အား ကိုင်တွယ်ဖြေရှင်းရသည်ကို ကျင့်သားရနေပြီဖြစ်သည်။ အထူးသဖြင့် အရင်းအနှီး အထောက်အပံ့ပစ္စည်းများနှင့် ပတ်သက်သော ပြဿများကို သူက ပို၍ ကျွမ်းကျင်ပိုင်နိုင်နေ၏။ ထိုကဲ့သို့သော အခက်အခဲများကို ဖြေရှင်းနိုင်ရန် အားစိုက်ထုတ်စရာ သိပ်မလိုကြောင်း သူက သိရှိထားပြီးသားဖြစ်သည်။
” မြို့တော်ဝန်တစ်ယောက်စီက ကိုယ့်ရဲ့ ကိုယ်ပိုင်နယ်မြေတစ်ခုစီကို ဝာာဝန်ယူရမယ် ” ၎င်းမှာ ဝမ်ပေါင်လဲ့ ပဏာမအဆင့်သုံး မြို့တော်သခင်တစ်ယောက်အဖြစ် ရာထူးတိုးသွားခဲ့စဉ်တုန်းက ပထမဆုံးပေးခဲ့သည့် အမိန့်ဖြစ်သလို သူ၏ လက်ကိုင်ဆောင်ပုဒ်လည်း ဖြစ်နေ၏။
သူသည် မြို့တော်နယ်မြေအသစ် တည်ဆောက်ဖြစ်စဉ်တုန်းက သူ အသုံးပြုခဲ့သည့် နည်းလမ်းမှ သင်ခန်းစာများ ရရှိခဲ့ပြီး တစ်ချိန်ထဲမှာပင် ထိုစဉ်တုန်းက ဘုရင်ခံ သူ့အပေါ် ဖိအားပေးခဲ့သလိုမျိုး ပြန်လုပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ လေ့လာသိရှိခဲ့ရသည့် အတွေ့အကြုံများကို လက်တွေ့အသုံးသင့်ကြောင့် မှတ်ယူလိုက်တော့သည်။ သူ့ဆီတွင် လုပ်ပိုင်ခွင့်အာဏာများ ရှိနေပြီမဟုတ်ပါလော။
” မှတ်ထားရမယ့် အချက်သုံးချက်ရှိတယ်။ ပထမအချက်က ငါတို့ဆီမှာ ဘာ အရင်းအနှီး အထောက်အပံ့မှ မရှိဘူး။ ဒုတိယအချက်က နှစ်ဝက်ကုန်ရင် ဆောက်လုပ်ရေးလုပ်ငန်းတွေကို လာပြီးတော့ စစ်ဆေးမှာ။ အဲဒီအချိန်မှာ ငါတို့မြို့တော်ကြီးက အနည်းဆုံး လူဦးရေ တစ်ဘီလျံအထိ ဝင်ဆံ့နေဖို့ လိုတယ်။ တတိယအချက်ကတော့ ဘယ်သူမဆို မအောင်မြင်ရင် ရာထူးကနေ နုတ်ထွက်ဖို့ပဲ ” ဝမ်ပေါင်လဲ့ စိတ်အားထက်သန်စွာဖြင့် ထိုစည်းမျဉ်းသုံးခုကို ထုတ်ပြန်လိုက်သောအခါ ချက်ချင်းဆိုသလိုပင် ကန့်ကွက်မှုအချို့နှင့် ကြုံလိုက်ရ၏။
သို့သော် ထိုအခိုက်အတန့်တွင် ခုန်းတောက်၊ ကျင့်သိုမင်နှင့် လင်းတျန်ဟောက်တို့ အားလုံးမှာ သူတို့သည် ဝမ်ပေါင်လဲ့အား ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း တစ်ပြိုင်နက်တည်း လူသိရှင်ကြား ကြေညာလိုက်၏။ သူတို့မှာ သူချမှတ်ထားသော စည်းကမ်းများကို သဘောတူလိုက်ကြပြီး စံပြပုဂ္ဂိုလ်များဖြစ် ရှေ့ဆုံးမှ ဦးဆောင်လိုက်ကြတော့သည်။
ထို့ကြောင့် မကျေမနပ်ဖြစ်နေရသည့် အခြားအဖွဲ့အစည်းများမှာ အခြားရွေးချယ်စရာ မရှိတော့ဘဲ ဖြစ်သွားရတော့သည်။ သူတို့သုံးယောက်မှာ အသာစီးရထားကြသည်ဖြစ်ရာ သူတို့အား ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများမှာလည်း သူတို့၏ ရာထူးများ ခိုင်မြဲရေးအတွက် သူတို့အား ကျေးဇူးသိတတ်စွာနှင့် ကူညီထောက်ပံ့ပေးကြမည်ဖြစ်ကြောင်းကို သူတို့က ကောင်းကောင်းကြီး သိထားကြပြီဖြစ်သည်။ထို့ကြောင့် ၎င်းတို့မှ သူတို့ဆီသို့ အရင်းအနှီး အထောက်အပံ့များကိုလည်း လိုလိုလားလား ကူညီထောက်ပံ့ပေးကြတော့မည် ဖြစ်သည်။
အခြားအဖွဲ့စည်းများမှာ အခြားရွေးချယ်စရာ မရှိတော့သဖြင့် အချိုအချောင် နှိုက်လိုသည့် အကြံအစည်များကို လက်လျှော့လိုက်ရတော့သည်။ ထို့နောက် သူတို့မှာ အံတကြိတ်ကြိတ်နှင့် စတင်လှုပ်ရှားလိုက်ကြတော့သည်။
နတ်ဘုရားလက်နက် မြို့တော်အသစ်ဟုလည်း ခေါ်တွင်သည့် ဒုတိယအင်္ဂါဂြိုဟ်မြို့တော်မှာ မြို့တော်နယ်မြေအဆင့်တွင် ရှိနေခဲ့စဉ်ကတည်းက အလွန်အင်မတန်မှ အရေးပါခဲ့၏။ ယခုတွင် ၎င်းမှာ မြို့တော်တစ်ခု ဖြစ်လာပြီဖြစ်ရာ နတ်ဘုရားလက်နက်ကြီးအတွက် အရေးတကြီး လိုအပ်သည့် အကူအညီများကို ထောက်ပံ့ပေးနေရုံသာမက ၎င်းထဲရှိ မည်သည့်အစိတ်အပိုင်းကိုမဆို ထိန်းချုပ်နိုင်စွမ်း ရှိသည့်လူမှာ အနာဂတ်တွင် အကျိုးအမြတ်များစွာ ရရှိပိုင်ဆိုင်သွားမည်ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း သူတို့မှာ လက်လျှော့လိုက်ကြပြီး အခြားအဖွဲ့အစည်းများအား အလျှော့ပေးလိုက်ကြမည်ဆိုပါက နောင်တစ်ချိန်တွင် အခြားသူများ၏ အလိုတော်ကျ ဆောင်ရွက်ပေးရသည့် အဆင့်သို့ရောက်သွားမည်သာ ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့၏ မန္တန်အစီအရင်ကြီးမှာ အကာအရံကြီးအား တိုက်စားနိုင်သည့်နှုန်းအား အမှန်တကယ်ပင် မြှင့်တင်ပေးနိုင်စွမ်းရှိနေသည်ကို မြင်ဖူးထားကြသည်မဟုတ်ပါလော။ အမှနါတွင် သုံးနှစ်ဆိုသောအချိန်မှာ ပိုပိုလိုလို ခန်းမှန်းထားခြင်းသာဖြစ်သည်။ ထို အကာအရံကြီးမှာ တစ်နှစ်မှ နှစ်နှစ်အတွင်းတွင်လည်း ပြိုလဲပျက်စီးသွားနိုင်ပေသည်။ ထိုအချိန်သို့ရောက်လျှင် ပြည်ထောင်စုကြီးထဲမှ ထိပ်တန်းအဆင့် ကျင့်ကြံသူများမှာ ဂူကြီးထဲသို့ ဝင်ရောက်ကာ နတ်ဘုရားလက်နက်အား ရယူပိုင်ဆိုင်သွားနိုင်ပြီ ဖြစ်သည်။
ထို့ကြောင့် အဖွဲ့အစည်းအားလုံးမှာ မြို့တော်အသစ်ထဲတွင် မြို့တော်ဝန်ရာထူးတစ်နေရာကို လိုချင်နေကြသဖြင့် လိုအပ်သည်ကို စီစဉ်ပြင်ဆင်နေကြတော့သည်။
ပြည်ထောင်စုကြီးထဲမှာ အရေးကြီးပုဂ္ဂိုလ်များ အားလုံးမှာလည်း နတ်ဘုရားလက်နက် မြို့တော်အသစ်ကြီးပေါ်သို့ အာရုံအပြည့် စိုက်ထားကြ၏။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ မြို့တော်ကြီး၏ အနာဂတ်အတွက်ကိုပါ စဉ်းစားတွေးတောနေမိတော့သည်။ လက်ရှိတွင် သူ့အတွက် အရေးအကြီးဆုံး တာဝန်မှာ မဟာပေါင်လဲ့ မန္တန်အစီအရင်ကြီးအား တည်ဆောက်ရန်ပင် ဖြစ်သည်။
ထို့အပြင် သူသည် မြို့တော်ထဲ၌ သူ၏ ရာထူးအား အခြားမည်သူကမှ ခြိမ်းခြောက်နိုင်စွမ်းမရှိအောင်လည်း လုပ်ထားရန်လည်း လိုအပ်ပေသည်။ ထိုသို့သာဆိုလျှင် သူသည် အစားထိုးခံရတော့မည် မဟုတ်ပေ။ ထို့အပြင် မန္တန်အစီအရင်ကြီးကိုလည်း ပို၍လျင်မြန်စွာ တည်ဆောက်နိုင််သွားမည်ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ အခြားမြို့တော်ဝန်သုံးယောက်နေရာ၌ ခန့်အပ်ရမည့် ကိုယ်စားလှယ်လောင်းများ၏ အကြောင်းကို စဉ်းစားတွေးတောနေလိုက်တော့သည်။
ထိုကိုယ်စားလှယ်လောင်းများမှာ သူ့အား ရန်သူအဖြစ် သဘောမထားဘဲ အရင်းအနှီး အထောက်အပံ့ပစ္စည်းများကိုပါ ယူဆောင်လာကြမည်ဆိုပါက အကောင်းဆုံးဖြစ်မည်ဟု သူက တွေးလိုက်၏။ သို့သော် သူသည် ထိုကိစ္စနှင့်ပတ်သက်၍ စဉ်းစားတွေးတောသုံးသပ်ကြည့်လိုက်ပြီးနောက် အင်္ဂါဂြိုဟ်ဘုရင်ခံဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့ကာ သူ၏ အတွေးအမြင်များကို ဝေမျှလိုက်၏။ ထိုအခါ အင်္ဂါဂြိုဟ်ဘုရင်ခံမှာ သူ့အား တည်ကြည်စွာ အကြောင်းပြန်လိုက်၏။
” နင် ဒီကိစ္စတွေကို စဉ်းစားနေဖို့ မလိုသေးဘူး။ နတ်ဘုရားလက်နက် မြို့တော်အသစ်မှာ လစ်လပ်နေတဲ့ မြို့တော်ဝန်သုံးယောက်ကို ပြည်ထောင်စုကြီးက ရွေးချယ်ပေးမှာ။ နင့်ဆီမှာ ဆုံးဖြတ်ခွင့်မရှိဘူး။ လက်ထောက်မြို့တော်သခင်ရာထူးလည်း အတူတူပဲ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ ဒေါသထွက်သွားရသလို စိတ်ပျက်လက်ပျက်ဖြစ်သွားရ၏။ သို့သော် သူသည် မြို့တော်နယ်မြေတစ်ခုအား မြို့တော်တစ်ခုအဖြစ်ပြောင်းလဲခွင့်ပေးရန် ဖိအားပေး တောင်းဆိုနိုင်ခဲ့သဖြင့် ကြီးမားသော အကျိုးအမြတ်ကြီးတစ်ခုကို ရရှိထားပြီးဖြစ်ကြောင်း နားလည်ထား၏။ ထို့ကြောင့် ပြည်ထောင်စုကြီးမှာ မြို့တော်ဝန်များအား သူ၏စိတ်တိုင်းကျ ရွေးချယ်ခွင့် ပေးနိုင်မည်မဟုတ်ပေ။
နောက်ဆုံးတွင် သူသည် သက်ပြင်းချလိုက်တော့သည်။
” မြို့တော်ဝန်သုံးယောက်က ဘယ်သူတွေများ ဖြစ်နေမလဲမသိဘူး…. လက်ထောက်မြို့တော်သခင်ရောပဲ ” ဝမ်ပေါင်လဲ့မှာ။ ခေါင်းတဆစ်ဆစ် နာကျင်ကိုက်ခဲနေရပြီဖြစ်သည်။ သူသည် ထိုရာထူးများအား ရရှိပိုင်ဆိုင်သွားကြမည့်သူများ လုပ်ပိုင်ခွင့်အာဏာ ကြီးမားသွားကြမည်ကို ကြောက်ရွံ့နေခြင်းမရှိပေ။ သူ၏ ပတ်ပတ်လည်တွင် သူ့ဘက်မှ မဟာမိတ်များ နည်းပါးနေသည်ဟုသာ ခံစားနေရခြင်း ဖြစ်သည်။
” လင်းတျန်ဟောက်ကို ငါ့ဘက်ကလို့ သတ်မှတ်လို့ရပေမယ့် ခုန်းတောက်နဲ့ ကျင့်သိုမင်တို့ နှစ်ယောက်ပေါင်းရင်တောင် ငါ့ဘက်ကလူလို့ သတ်မှတ်လို့ မရသေးဘူး… ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ တွေးလိုက်၏။ မြို့တော်အသစ်အား တည်ဆောက်ပြီးသွားပါက ၎င်းမှာ အလွန်အင်မတန်မှ ကြီးမားနေမည်ဖြစ်သောကြောင့် ၎င်း၏ စနစ်တစ်ခုလုံး အပြည့်အဝ လည်ပတ်နိုင်စေရန် လူပေါင်းမြောက်မြားစွာ လိုအပ်မည်ဖြစ်ကြောင်း သူက နားလည်ထား၏။ ထို့ကြောင့် အဖွဲ့အစည်း တစ်ခုချင်းစီတိုင်းမှာ ၎င်းတို့၏ လူယုံတော်များ နေရာရရှိရေးအတွက် စီစဉ်ကြမည်မှာ မလွဲမသွေပင်။ ဝမ်ပေါင်လဲ့မှာလည်း ထိုသို့ဖြစ်လာမည်ကို အကြောက်ရွံ့ဆုံးဖြစ်နေရ၏။
” ငါ ရာထူးကနေ ထုတ်ပယ်ခံရလို့မဖြစ်ဘူး ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ယခုလက်ရှိတွင် ဘေးကင်းလုံခြုံမှု ရှိနေသည့်တိုင်အောင် သတိဝီရီယအပြည့် ထားနေတော့သည်။ သူ၏ ခေါင်းထဲ၌ အတွေးမျိုးစုံ ချာချာလည်နေသောကြောင့် နောက်ဆုံးတွင် သူသည် ကျိုးရိဖန်းဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်ခု ပေးပို့ကာ အကူအညီတောင်းရန် ဆုံးဖြတ်လိုက်တော့သည်။
သို့သော် ကောင်းကင်တာအိုကျောင်းထဲ၌ နေရစ်ခဲ့သည့် ကျိုးရိဖန်းမှာ ထမ်းဆောင်စရာ တာဝန်များရှိနေသောကြောင့် ချက်ချင်းရောက်လာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် စိတ်ပျက်လက်ပျက်နှင့် သူ၏ ဘေးကင်းလုံးခြုံမှုကိစ္စများအကြောင်းကို သူ့အား ပြောပြလိုက်ပြီးနောက် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီး ကျောက်ယမုန့်ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်ခု ထပ်၍ ပေးပို့လိုက်ပြန်သည်။
” ငါ အင်္ဂါဂြိုဟ်ဆီ လာလို့မရဘူး။ ပြီးတော့ ငါက ငါ့ရဲ့ လက်ရှိဌာနထဲကနေ ဥက္ကဋ္ဌကြီးရဲ့ရုံးမှာ ပြောင်းပြီးတော့ တာဝန်ထမ်းဆောင်ရတော့မှာ။ ပေါင်လဲ့ရေ။ ဒီတစ်ခေါက်တော့ ငါ နင့်ကို ကူညီနိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ နင် အင်္ဂါဂြိုဟ်ပေါ်မှာ တခြား အခက်အခဲတွေနဲ့ ထပ်ပြီးကြုံရရင် ငါ့ကိုပြောလို့ရတယ်။ ငါ ကူညီပေးနိုင်ရင် ကူညီပါ့မယ် ” ကျောက်ယမုန့်မှာ စစချင်းတွင် သူမဘက်မှ ကူညီပေးရန် အဆင်မပြေကြောင်း အသိပေးခဲ့ပြီးနောက် စိတ်မပါ လက်မပါဖြစ်နေသည့် လေသံဖြင့် ကူညီပေးမည်ဟု ဆိုလိုက်ခြင်းဖြစ်၏။ သို့သော် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်ပျက်နေရပြီ ဖြစ်သောကြောင့် များများစားစား တွေးတောမနေတော့ပေ။ သူသည် သက်ပြင်းချကာ သူမနှင့်အတူ မန္တန်အစီအရင်ကြီး၏ အသေးစိတ်အချက်အလက်အချို့အား ဆွေးနွေးလိုက်ပြီးနောက် သူ၏ အသံလွှင့်လက်စွပ်ကို အောက်သို့ပြန်ချထားလိုက်တော့သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ ခေါင်းမော့လာ၏။
” ကြည့်ရတာ ငါ့ရဲ့ ဝှက်ဖဲကို ထုတ်သုံးမှ ရတော့မယ်နဲ့တူတယ် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး သူ၏ အသံလွှင့်လက်စွပ်ကိုဖွင့်ကာ လျှိုတောက်ပင်း၏နံပါတ်အား ရှာဖွေလိုက်ပြီးနောက် သူ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်။
” လျှိုတောက်ပင်းရေ။ နတ်ဘုရားလက်နက်မြို့တော်အသစ်မှာ ငါ့ကို လာပြီးတော့ ကူညီပေးဦးကွာ ”
လျှိုတောက်ပင်းမှာ ထိုအကြောင်းကြားစာအား လက်ခံရရှိလိုက်သည့်အချိန်တွင် သူ၏ လက်နက်စစ်သည်များကို ဦးဆောင်ကာ ဓမ္မလက်နက်အဆောင်၏ စီမံခန့်ခွဲမှုများကို စစ်ဆေးနေခဲ့၏။ သူသည် ဝမ်ပေါင်လဲ့၏ အသံလွှင့်အကြောင်းကြားစာကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် စိတ်လှုပ်တရှားနှင့် အကြောင်းပြန်လိုက်တော့သည်။
” မြို့တော်သခင်။ ကျနော် …. ”
” မင်း လာမလား မလာဘူးလား ” ဝမ်ပေါင်လဲ့မှာ ထပ်မေးလိုက်၏။
” လာခဲ့ပါ့မယ် ” လျှိုတောက်ပင်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး လေသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်၏။ ထို့နောက် သူသည် စစ်ဆေးမှုများပြုလုပ်နေသည့် သူ၏ လက်နက်စစ်သည်များကို ထားရစ်ခဲ့ပြီး သူ၏ လုပ်ငန်းဆောင်တာများကို တင်ပြရန်အတွက် ဓမ္မလက်နက်အဆောင်တောင်ထိပ်ဆီသို့ ပြေးသွားလိုက်တော့သည်။ သူ နေ့မအိပ် ညမအိပ် စောင့်ဆိုင်းနေခဲ့ရသည့် အခွင့်အရေးကြီးမှာ နောက်ဆုံးတွင် ရောက်ရှိလာပြီဖြစ်သောကြောင့် သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရပြီဖြစ်သည်။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးဆီသို့လည်း အသံလွှင့်အကြောင်းကြားစာတစ်ခု ပေးပို့လိုက်သေးသည်။ သူတို့မှာ အပြင်အလှန် ဆက်သွယ်လိုက်ကြပြီးနောက် ဂိုဏ်းချုပ်ကြီးမှာ ဝမ်ပေါင်လဲ့ ကြုံတွေ့နေရသည့် အခက်အခဲများအကြောင်းကို ကြားလိုက်ရသောအခါ ရယ်မောလိုက်၏။ ယခုလို ပြဿနာမျိုးမှာ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သူက ကြိုတင်ခန့်မှန်းထားခဲ့ပြီးသားဖြစ်သည်။ အမှန်တွင် ဝမ်ပေါင်လဲ့မှာ သူ့ဆီသို့ ဆက်သွယ်လာခြင်း မရှိလျှင်တောင် သူသည် တစ်ရပ်ရပ်တွင် ဝမ်ပေါင်လဲ့နှင့်အတူ ထိုကိစ္စအကြောင်း ဆွေးနွေးရန် ကြံရွယ်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းပင်သဘောတူလိုက်၏။
” ပေါင်လဲ့ မင်းက ကောင်းကင်တာအိုကျောင်းရဲ့ အထူးချွန်ဆုံးကျောင်းသားပဲ။ ငါက မင်းကို အများကြီးမျှော်လင့်ထားတာ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှစိတ်ပူမနေနဲ့။ ကောင်းကင်တာအိုကျောင်းက မင်းရဲ့အိမ်ပဲ။ ငါတိုကလည်း မင်းကို အပြည့်အဝ ကူညီထောက်ပံ့ပေးမှာ။ မင်း လူအင်အား လိုတာမလား။ နတ်ဘုရားလက်နက် မြို့တော်အသစ်ရဲ့ ဌာနတစ်ခုချင်းစီတိုင်းမှာ မင်းအတွက် မျက်စိတွေ နားတွေအဖြစ် တာဝန်ထမ်းဆောင်ပေးနိုင်ဖို့ ကျောင်းသားတွေ အများကြီးကို ငါ မင်းဆီ စေလွှတ်ပေးလိုက်မယ် ”
ဂိုဏ်းချုပ်ကြီးမှာ အပြည့်အဝ ကူညီထောက်ပံ့ပေးနေသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး စိတ်ဓာတ်များ ပြန်လည်ကြည်လင်လာတော့သည်။ ထို့ကြောင့် သူသည် ကောင်းကင်တာအိုကျောင်းမှ ကျင့်ကြံသူများ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေရင်း လက်ထောက်မြို့တော်သခင်မှာ မည်သူဖြစ်လာမည်နည်းဟု တွေးတောနေမိတော့သည်။
လက်ထောက်မြို့တော်သခင်မှာ မြို့တော်ဝန်မဟုတ်ကြောင်း သူက သိထား၏။ သူ၏ ရာထူးနှင့်ဆိုလျှင် မြို့တော်ဝန်များအား လိုသလို အမိန့်ပေးနိုင်သည်ဖြစ်ပါသော်လည်း လက်ထောက်မြို့တော်ဝန်နှင့် ပြောဆိုဆက်ဆံရာတွင်မူ သူ၏လေသံကို လျှော့ပေါ့ပြောဆိုရန် လိုအပ်ပေသည်။
” ငါနဲ့သိတဲ့ လူတစ်ယောက်ဆိုရင် အကောင်းဆုံးပဲ။ အဲ့တာမှ အလုပ်လုပ်ရတာလွယ်မှာ ” ဝမ်ပေါင်လဲ့မှာ လက်ထောက်မြို့တော်သခင်ရာထူးအကြောင်း စဉ်းစားတွေးတောနေရင်း တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ မြို့တော်ကြီးတစ်ခုလုံးအတွက် လိုအပ်သည့် အစီအစဉ်များကို အောင်မြင်ပြီးစီးစွာ ရေးဆွဲပြီးသွားသည့် အချိန်တွင် ကောင်းကင်တာအိုကျောင်းမှ လူများစီးနင်းလာကြသည့် သင်္ဘောပျံ ဒါဇင်ပေါင်းများစွာမှာ နတ်ဘုရားလက်နက်နယ်မြေ၏ အထက်ရှိ ကောင်းကင်ယံထဲ၌ ပေါ်ပေါက်လာကြတော့သည်။
ကမ္ဘာမှ အပြေးထွက်လာခဲ့သော လျှိုတောက်ပင်းမှာ သင်္ဘောပျံကြီးထဲတွင် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရပြီဖြစ်သည်။ သူသည် နတ်ဘုရားလက်နက် မြို့တော်အသစ်နားသို့ ရောက်လာချိန်တွင် အောင်မြင်မှုဆီသို့ လျှောက်လှမ်းနိုင်မည့်လမ်းအား သူ၏ခြေထောက်အောက်၌ ဖောက်ထားပြီးသား ဖြစ်နေပြီဟု ခံစားလိုက်ရတော့သည်။
” မြို့တော်သခင်ရဲ့ စကားကို နားထောင်ပြီး သူခိုင်းတာသာ လုပ်မယ်ဆိုရင် ငါ့အတွက် အရှုံးရှိမှာမဟုတ်ဘူး ” လျှိုတောက်ပင်းမှာ အားမာန်အပြည့်ဖြင့် သူ၏ သိုလှောင်အိတ်အား ပုတ်ကာ ရေရွတ်လိုက်၏။ ထိုအိတ်ထဲတွင် မုန့်များဖြင့် ပြည့်နှက်နေသည်ဖြစ်သည်။
” ဖားယားတဲ့နေရာမှာ လျှိုတောက်ပင်းဆိုတဲ့ ငါက ဒုတိယအဆင့်မှာ ရှိနေတယ်ဆိုရင် ကောင်းကင်တာအိုကျောင်းထဲက ဘယ်သူကမှ ပထမအဆင့်မှာ ရှိနေမှာ မဟုတ်တော့ဘူး ” လျှိုတောက်ပင်းမှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့ကာ ကြိမ်းဝါးလိုက်တော့သည်။