Switch Mode

အခန်း ( ၁၀၆ )

ရူးသွပ်နေသော ယုန်ကလေး

ထိုအချိန်တွင်ရွှီပေါက်ချိုင်နှင့် အခြားအပြင်စည်းဂိုဏ်းသားတချို့သည် နယ်လှည့်သမားတော် အဆင့်တိုးမြှင့်ခြင်းစာမေးပွဲ ဖြေနေကြလေသည်။ အကြီးအကဲရွှီသည်ဘေးဘက်သို့ထွက်နေပြီး အခမ်းအနားကိုကြီးကြပ်နေရသဖြင့် သူ၏မျက်နှာမှာသုန်မှုန်နေလေ၏။ ရုတ်တရက် မရေမတွက်နိုင်အောင်များသောခိုတအုပ် ဗြုန်းခနဲပေါ်လာကာ မိုးရွာသကဲ့သို့မစင်များစွန့်သွားလေရာ တဗွမ်းဗွမ်းမြည်သံများ ပဲ့တင်ထပ်သွားလေသည်။ မစင်များသည် ရွှီပေါက်ချိုင်အပါအဝင် စာမေးပွဲဖြေနေသူများနှင့် ပရိသတ်များအပေါ်မိုးရွာသကဲ့သို့ကျလာလေရာ အကြီးအကဲရွှီ၏ဦးခေါင်းမှာ ငှက်မစင်များပေနေလေ၏။

အားလုံးရုတ်ရုတ်သဲသဲဖြစ်ကာ အဝေးသို့ပျံသွားပြီဖြစ်သောခိုအုပ်ကိုငေးကြည့်နေကြသည်။ ခိုအုပ်သည်မစင်များတဘုန်းဘုန်းစွန့်ရင်း ပျံသန်းနေကြသည်။

“ဒီလောက်များလိုက်တဲ့ခိုတွေ… တစ်သက်နဲ့တကိုယ်တခါမှမမြင်ဖူးဘူး…”

“ချီးပဲ…။ ဘာတွေဖြစ်နေတာလဲကွာ…။ ဒီခိုတွေအဆက်မပြတ်ချေးပါနေကြတာ…။ ယုံကိုမယုံနိုင်ဘူး…။” ဂိုဏ်းသားများရုတ်ရုတ်သဲသဲဖြစ်နေကြစဥ် အကြီးအကဲရွှီသည် အချိန်တော်တော်ကြာအောင် မျက်နှာသေဖြင့်ရပ်ကြည့်နေသည်။

ချန်ကျိအန်းနှင့်ကျောက်ရိသော်တို့သည် တောင်လမ်းပေါ်တွင်မျက်နှာချင်းဆိုင်ရပ်ကာ တယောက်ကိုတယောက် မိုက်ကြည့်ကြည့်နေကြသည်။

သူတို့နှစ်ယောက်သည် အစေခံဘဝကတည်းက ကတောက်ကဆတ်ဖြစ်နေကြဖြစ်ပြီး သူတို့ကြားရှိ သဘောထားကွဲလွဲမှုသည် ပို၍သာကြီးမားလာလေ၏။ သူတို့နှစ်ယောက်သည် တယောက်ကိုတယောက် စိန်းစိန်းဝါးဝါးကြည့်နေကြဖြစ်သော်လည်း ယနေ့တွင်မူအခြေအနေများမှာပို၍တင်းမာနေ၏။

“ဒီနေ့ ကျုပ်တို့ကြားကမကျေလည်တာတွေကို အပြတ်ရှင်းရမယ့်…။”

သို့သော် စကားပင်မဆုံးလိုက်ခင် ခြေထောက်ပါသောငါးတစ်အုပ် ဘေးမှဖြတ်ပြေးသွားရာ ငါးအုပ်နောက်တွင်ဖုန်လုံးကြီးလိမ့်ကျန်နေခဲ့လေ၏။

ချန်ကျိအန်းနှင့်ကျောက်ရိသော်တို့ ကြောင်စီစီဖြစ်နေတုန်းမှာပင် ကြောင်တအုပ်သည်လျင်မြန်သောအရှိန်အဟုန်ဖြင့် ငါးအုပ်နောက်သို့ပြေးလိုက်သွားလေ၏။ ချန်ကျိအန်းနှင့်ကျောက်ရိသော်တို့သည် မြင်ကွင်းကြောင့်အံ့သြမှင်သက်လျက် ရန်ဖြစ်နေသည်ကိုပင်မေ့လျော့သွားလေ၏။

“ကျုပ်… ကျုပ်တို့… ခြေထောက်ပါတဲ့ငါးတအုပ်ကိုမြင်လိုက်ရတာလား…။” ကယောင်ကတမ်းမြင်နေပြီလားဟုတွေးရင်း ကျောက်ရိသော်နှုတ်မှလွှတ်ခနဲရေရွတ်လိုက်သည်။

“ကြောင်အုပ်ပြေးသွားတာကလည်းတအုန်းအုန်းနဲ့ကွာ… မိုးခြိမ်းသံနဲ့တောင်တူနေသေးတယ်…။” ပြူးကျယ်နေသောမျက်လုံးအစုံဖြင့် ချန်ကျိအန်းကဆိုသည်။

ထိုစဥ်တောင်ခြေမှ အပြင်စည်းဂိုဏ်းသားများ၏ကျယ်လောင်စွာအော်ဟစ်သံများ ထွက်ပေါ်လာသည်။ တွေ့သမျှကိုဖျက်ဆီးမည့်ဟန်ရှိသော မျက်လုံးနီယုန်များသည် သူတို့၏ခြေထောက်ကို သဲကြီးမဲကြီးလိုက်ကိုက်နေသောကြောင့်ဖြစ်သည်။ ယုန်များသည်ဖမ်းရလွယ်ကူသော်လည်း သူတို့ကိုက်ဖြတ်နေရာမှထွက်လာသောတဂျွတ်ဂျွတ်မြည်သံများသည် အသည်းယားစရာကောင်းလှပေ၏။

အားလုံးထက်ပို၍ထိတ်လန့်စရာကောင်းသည်မှာကား ဧရာမကြက်ကြီးတကောင်၏ကျောပေါ်တွင်ထိုင်နေသောယုန်ကြီးဖြစ်သည်။

“အီး… မင်းက စကားပြောနိုင်တာလား…။ ဟားဟားဟား…။ ဒီဆေးလုံးက မယုံနိုင်စရာပဲ။ ငါ… ပိုင်ရှောင်ချန်းက အင်မတန်တော်တာပဲ။ ဒီယုန်က တကယ်ပဲ စကားပြောနိုင်တယ် ” ယုန်ကထအော်သည်။

မွှေးရနံ့တိမ်တောင်ပေါ်ရှိလူအများ သွေးပျက်ကုန်ကြပြီ။ ယုန်ကြီးမှစကားပြောနေသည်ကို လူတိုင်းနီးပါးကြားလိုက်ရပြီး အဖြစ်အပျက်တခုလုံး၏အဓိကတရားခံသည် ပိုင်ရှောင်ချန်းမှလွဲ၍ တခြားသူမဖြစ်နိုင်မှန်းရိပ်မိလိုက်ကြသည်။

အတွင်းစည်းဂိုဏ်းဝန်းကျင်တွင်မူ ဖားပြုပ်အုပ်ကြီးသည်ခုန်ဆွခုန်ဆွဝင်ရောက်လာကြသည်။ ထိုဖားပြုတ်များကိုမြင်လိုက်ရသော အတွင်းစည်းဂိုဏ်းသားများသည် အံ့သြထိတ်လန့်ကုန်ကြလေ၏။

ထို့ပြင်ခေါင်းကိုးလုံးကျားတကောင်လည်း ဒေါသတကြီးလှည့်လည်သွားလာနေ၏။ မွှေးရနံ့တိမ်တောင်တခုလုံးရုတ်ရုတ်သဲသဲနှင့် ကမ္ဘာပျက်နေလေပြီ။

လီချင်းဟောက်၏အိမ်ခေါင်မိုးပေါ်သို့တွယ်တက်နေသော ထူးထူးဆန်းဆန်းမျောက်တကောင်လည်းရှိသေး၏။ ထိုမျောက်သည် မွှေးရနံ့တိမ်တောင်၏အမြင့်ဆုံးနေရာတွင်ထိုင်နေကာ လီချင်းဟောက်နှင့်စကားစမြည်ပြောပြီး ပြန်သွားသောရွှီမေရှန်းကို ငေးကြည့်နေသည်။

လီချင်းဟောက်သည်အိမ်တော်၏အပြင်ဘက်တွင်မတ်တပ်ရပ်ကာ ဖြူဖပ်ဖြူရော်မျက်နှာဖြင့်မျောက်ကိုမော့ကြည့်နေသည်။ မျောက်ကိုအော်ဟစ်ခြောက်လှန့်ရန်ပြင်နေစဥ် တောင်ပံခတ်သံများကြားလိုက်ရပြီး ငှက်ချေးမိုးများရွာချလာလေ၏။ လီချင်းဟောက်သည်အံ့သြမှုကြောင့် ပါးစပ်အဟောင်းသားဖြစ်နေလေ၏။

မွှေးရနံ့တိမ်တောင်ပေါ်တွင်ယခုကဲ့သို့ ရုတ်ရုတ်သဲသဲအုတ်အော်သောင်းတင်းမဖြစ်သည်မှာ အချိန်တော်တော်ကြာခဲ့လေပြီ။ အပြင်စည်းဂိုဏ်းသားများရော၊ အတွင်းစည်းဂိုဏ်းသားများပါ အုတ်အုတ်ကျက်ကျက်ဖြစ်နေကြလေ၏။ တခုရှိသည်မှာ ထိုတိရစ္ဆာန်များသည် သူတို့ကို အန္တရာယ်တစုံတရာတော့မပေး။ သို့သော်လည်း သေးငယ်သောခိုငှက်ကလေးများသည် ယခုကဲသို့ငှက်ချေးများတလဟောပါချနေခြင်းကို အားလုံးအံ့အားသင့်နေကြသည်။

ယုန်သည် အစက စကားသုံးခွန်းလောက်သာပြောသော်လည်း တဖြည်းဖြည်းနှင့် ပို၍ပြောတတ်လာလေ၏။ ထို့နောက်အာပြဲကြီးနှင့်ပါ အော်ငိုတတ်လာလေ၏။

“ဘုရားရေ… ဘာပါလိမ့်…”

“မြင်လိုက်ကြလား… ယုန်ကစကားပြောနေတယ်ဗျ…”

“ဒါကသေချာပေါက် ပိုင်ရှောင်ချန်းရဲ့လက်ချက်ပဲ…”

“ဒါတင်မကဘူး… မနေ့ကတော့ အကြီးအကဲကျိုးကို သူ့ဖီးနစ်ငှက်တွေနဲ့ အခန်းတခန်းထဲဝင်သွားတာ ကျုပ်တွေ့လိုက်တယ်ဗျ… နောက်တော့ ထူးထူးဆန်းဆန်းအသံတွေ ကျုပ်ကြားလိုက်ရတယ်ဗျို့…”

ဂိုဏ်းတူအမတော်ကျိုးရှင်းချီ၊ ဂိုဏ်းတူအမတော်တုလင်ဖေး… ပိုင်ရှောင်ချန်းက ကျုပ်ကိုတားချင်တားပါစေ… ကျုပ်ဂရုမစိုက်ဘူး… မင်းတို့နှစ်ယောက်လုံး ရွှီပေါက်ချိုင်ဆိုတဲ့ ကျုပ်နဲ့ ဆုံစည်းစေရမယ် ”

“ဂိုဏ်းတူအကို ဟိုယွင်ဖေး… ဆိုးသွမ်းနေပါ့လား… အကိုဘာလုပ်နေတာလဲ… ဟမ်… အဲ့တာကဘာလဲ… အဲ့ဒီမျောက်တွေဘာလို့ အခုလိုဖြစ်နေရတာလဲ…”

“ဂိုဏ်းတူညီမမေ့ရှန်း… ကျုပ်… လီချင်းဟောက်ရဲ့အချစ်တွေဟာအရောင်မပြောင်းတတ်ပါဘူး… ကျုပ်အနေနဲ့ရွှေအမြုတေအဆင့်ကိုဖြတ်ကျော်နိုင်ပြီဆိုတာနဲ့ မေ့ရှန်းကိုကျုပ်ရဲ့ တာအိုလက်တွဲဖော်အနေနဲ့လက်တွဲပါရစေ…”

“ဟားဟားဟား……။ ဒီဆေးလုံးက မယုံနိုင်စရာပဲ။ ငါ… ပိုင်ရှောင်ချန်းက အင်မတန်တော်တာပဲ။ ဒီယုန်က တကယ်ပဲ စကားပြောနိုင်တယ် ”

ယုန်သည်ရှေ့နောက်လူးလာပြေးလွှားနေရင်းက စကားပိုပြောတတ်လာလေသည်။ သူ့တွင်အလွန်တုံ့ပြန်မှုကောင်းသောနားရွက်များရှိပြီး သူကြားရသမျှစကားတိုင်းကိုပြန်ပြောနိုင်လာ၏။ ယုန်စကားပြောသည်ကို မြင်နေကြားနေရသောလူအများ စိတ်ရှုပ်၍လာလေပြီ။ နားရွက်လျင်သောယုန်သည် မကြာခင်အချိန်တွင် အသေအချာထိန်းသိမ်းထားသောလျှို့ဝှက်ချက်များကို လျှောက်အော်ပြောနေတော့သည်။ အချို့လူများကိုနာမည်များပင်လိုက်ခေါ်နေလေတော့သည်။

ယုန်ပါးစပ်မှထွက်လာသောအချို့အကြောင်းအရာများသည် ယုံနိုင်စရာပင်မရှိပေ။ အထူးသဖြင့် လီချင်းဟောက်အကြောင်းများဖြစ်သည်။ အကြောင်းအရာများမှာ လူရှေ့တွင်ထုတ်ဖော်မပြောဖူးသောအကြောင်းများဖြစ်ရာ အကြီးအကဲတချို့အပါအဝင် လူအများသည် အံ့သြတုန်လှုပ်နေကြလေ၏။

ရွှီပေါက်ချိုင်သည် ကြက်သေသေနေ၏။ ဟိုယွင်ဖေး၏မျက်လုံးများပြူးကျယ်နေပြီး လီချင်းဟောက်မှာမူဒေါသကြောင့် တဆတ်ဆတ်တုန်နေလေ၏။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် သူ၏နောက်ထပ်စမ်းသပ်မှုများတွင်အသုံးပြုမည့် တိရစ္ဆာန်အသေးလေးများကို ကြိုးနှင့်ဆွဲပြီးဈေးမှပြန်လာ၏။ သို့သော် မွှေးရနံ့တိမ်တောင်ပေါ်သို့ခြေချလိုက်စဥ်မှာပင် ငှက်ချေးမိုးနှင့်တွေ့သွားလေ၏။ လန့်ဖျတ်ပြီးဘေးဘက်သို့ထခုန်မိကာ အပေါ်သို့မော့ကြည့်လိုက်မိရာ များပြားလှသောခိုအုပ်ကြီးကြောင့် မျက်လုံးပြူးသွားလေ၏။

“အမ်… ဘာလို့ဒီခိုအုပ်ကိုတရင်းတနှီးမြင်ဖူးနေပါလိမ့်…” ရုတ်တရက် အနီးရှိချုံထဲမှ တရှဲရှဲမြည်သံများကြားလိုက်ရပြီး ခြေထောက်ပါသောငါးတအုပ်ထွက်လာလေ၏။ ငါးအုပ်နောက်မှပြေးလိုက်လာသော ကြောင်များကိုတွေ့လိုက်ရသောအခါ အံ့သြမှုကြောင့်ပါးစပ်အဟောင်းသားဖြစ်ကျန်ခဲ့လေသည်။ တအောင့်မျှကြာသောအခါ ပါးစပ်မှအမြှုပ်တစီစီနှင့် ကစဥ့်ကလျားပြေးလာနေကြသော မျောက်တပ်ကြီးကိုမြင်လိုက်ရပြီး ပိုင်ရှောင်ချန်းမျက်လုံးပြူးသွားလေတော့သည်။

ပိုင်ရှောင်ချန်းသည်တကိုယ်လုံးတဆတ်ဆတ်တုန်လာပြီး ကြက်သီးမွေးညင်းများပါထလာ၏။

“ဒါ… ဒါဟာ… မဖြစ်နိုင်တာပဲ…” ပိုင်ရှောင်ချန်းသည် ရွှေကျီးကန်းဓားကိုလျင်မြန်စွာထုတ်ယူလိုက်ပြီး လေထဲသို့ပျံတက်လိုက်သည်။ သူ၏ကျောတွင်အတောင်ပံတစုံထွက်လာပြီး တောင်ထိပ်သို့အလျင်အမြန်ပျံတက်သွားလေသည်။

လေထဲတွင်ပျံသန်းနေစဥ် တိရစ္ဆာန်များကိုနေရာအနှံ့တွေ့နေရသည်။ လမ်းတွင်တွေ့သောလူများထံမှလည်း ထူးဆန်းသောအကြည့်များကိုမြင်တွေ့နေရသည်။ သူ၏အင်မော်တယ်ဂူသို့ပြန်ရောက်သောအခါ သူ၏နှလုံးမှာအခုန်မြန်နေပေသည်။ ထို့နောက်ဂူတံခါးပွင့်နေသည်ကိုတွေ့လိုက်ရပြီး အစောင့်အဖြစ်ထားခဲ့သောငန်းများမှလွဲ၍ဂူထဲတွင်ဘာမှမရှိတော့ချေ။

“ဒီကောင်တွေဘယ်လိုလွတ်သွားပါလိမ့်…” တွေးရင်းမှင်တက်မိနေသည်။ သူစမ်းသပ်နေသောတိရစ္ဆာန်များ မည်သို့မည်ပုံလွတ်သွားသလဲ ရုတ်တရက်စဥ်းစားမရပေ။ ရုတ်တရက် စကားလုံးများရေရွတ်ရင်း ဘေးနားမှဖြတ်ပြေးသွားသောယုန်တကောင်ကိုတွေ့လိုက်ရသည်။

“ဟားဟားဟား……။ ဒီဆေးလုံးက မယုံနိုင်စရာပဲ။ ငါ… ပိုင်ရှောင်ချန်းက အင်မတန်တော်တာပဲ။ ဒီယုန်က တကယ်ပဲ စကားပြောနိုင်တယ် ”

ပိုင်ရှောင်ချန်းမျက်လုံးပြူးသွားပြီး တချိန်တည်းမှာပင် ယုန်ကလည်းသူ့ကိုမြင်သွားကာ မျက်လုံးအပြူးသားနှင့်ကြည့်နေလေသည်။ ယုန်သည်ချက်ချင်းပင် အမြီးလေးထောင်ကာပြေးတော့သည်။ ဒုက္ခတော့ရောက်ပြီဟု ပိုင်ရှောင်ချန်းသိလိုက်ကာ ယုန်ကိုအသံကုန်အော်လိုက်သည်။ ကံမကောင်းစွာပင်ယုန်မှာ အလွန်အပြေးမြန်နေသောကြောင့် မျက်စိတမှိတ်အတွင်းမှာပင် ယုန်၏အရိပ်အယောင်ပင်မမြင်ရတော့ချေ။ ပိုင်ရှောင်ချန်းပါးစပ်အဟောင်းသားဖြစ်ကျန်နေခဲ့စဥ်မှာပင် စိတ်ဆိုးမာန်ဆိုးအော်လိုက်သောလီချင်းဟောက်၏အသံကိုကြားလိုက်ရလေသည်။

“ပိုင်ရှောင်ချန်း… မင်းလုပ်ထားတဲ့ အရှုပ်ထုပ်တွေကိုအခုချက်ချင်းရှင်းစမ်း… တိရစ္ဆာန်တကောင်ကောင်ပဲဖြစ်ဖြစ်၊ ငှက်ချေးတစက်လောက်ပဲဖြစ်ဖြစ်ထပ်မြင်ရရင် မင်းကိုချက်ချင်းမြွေတသောင်းတောင်ကြားကိုပို့ပစ်မယ်… ပြီးတော့အဲ့ယုန်ရဲ့သောက်ပါးစပ်ကိုပိတ်ထားစမ်း…”

ပိုင်ရှောင်ချန်းသည် လက်ရွေးစင်တိုက်ပွဲများတွင်ပထမရဖူးသည်ပဲဖြစ်ဖြစ် မယုံကြည်နိုင်စရာကောင်းသောထာဝရငွေအရေပြားကိုပိုင်ဆိုင်ထားသည်ပဲဖြစ်ဖြစ်၊ ‘မြွေတသောင်းတောင်ကြား’ဟူသောအသံကိုကြားလိုက်သည်နှင့် အသားများတဆတ်ဆတ်တုန်လာလေ၏။ ထိုနေရာအကြောင်းတွေးကြည့်ရုံသက်သက်နှင့်ပင် ကြောက်စိတ်များဖြစ်ပေါ်လာစေ၏။ ငိုတော့မည့်ရုပ်နှင့် ဖျက်ကနဲတောင်ပေါ်သို့လှမ်းကြည့်မိလိုက်ရာ သူ၏မျက်လုံးအစုံထပ်မံပြူးသွားရပြန်သည်။

လီချင်းဟောက်၏အိမ်ပေါ်တွင် လက်ပေါ်မေးတင်ကာတစုံတခုကိုစဥ်းစားနေဟန်ဖြင့် ကျကျနနထိုင်နေသည်ကားမျောက်လေးတကောင်။

မျက်ရည်များကျလုဆဲဆဲမှာပင် ပိုင်ရှောင်ချန်းသည်တောင်ပေါ်မှမျောက်ဆီသို့အပြေးသွားရလေသည်။ မျောက်အနားသို့တဖြည်းဖြည်းကပ်သွားသောအခါ မျောက်သည်လွတ်လပ်မှု၏အရသာကိုခံစားလိုက်ရသဖြင့် နှစ်သက်ပျော်ရွှင်နေသောမျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကိုမော့ကြည့်နေလေသည်။ ပိုင်ရှောင်ချန်းသည်အနည်းငယ်အံ့အားသင့်သွားသော်လည်း လျင်မြန်စွာပင်မျောက်ကိုအမိဖမ်းလိုက်ပြီး သူ၏ထည့်စရာအိတ်ထဲသို့ထည့်လိုက်သည်။

ထို့နောက်သူသည် မွှေးရနံ့တိမ်တောင်ကိုရှင်းလင်းရန်အပြေးအလွှားထွက်လာခဲ့ရာ သူသွားလေရာနေရာတိုင်းရှိလူများက ထူးထူးဆန်းဆန်းအကြည့်များဖြင့်ကြည့်နေကြလေ၏။ ခေါင်းကိုးလုံးကျားကိုသူပြန်လည်ဖမ်းလိုက်ပြီး ဖားပြုပ်အုပ်ကိုလည်းပြန်လည်ဖမ်းယူနိုင်ခဲ့သည်။

ထို့ပြင် ဧရာမကြက်များနှင့် ခြေထောက်ပါသောငါးများကိုထပ်မံဖမ်းဆီးလိုက်သည်။ ငါးများမိပြီးမကြာခင်မှာပင် ငါးအုပ်ကိုလိုက်ဖမ်းနေသောကြောင်အုပ်သည်လည်း ပိုင်ရှောင်ချန်းလက်၌အချုပ်ကျသွားလေ၏။ ဖမ်းရအလွယ်ဆုံးမှာမူ ဘဲအုပ်ပင်ဖြစ်သည်။

မျောက်များအားလုံးကိုလိုက်လံရှာဖွေပြီး သူ၏အိတ်ထဲသို့ထည့်ပြီးသောအခါတွင်မူ ညနေနေစောင်းနေလေပြီ။ ဖမ်းရအခက်ဆုံးမှာမူ ချေးမိုးလိုက်ရွာနေသောခိုအုပ်ပင်ဖြစ်ပြီး ခိုတကောင်မကျန်ဖမ်းမိရန်အတွက်အတော်ပင်အားစိုက်လိုက်ရလေ၏။ နောက်ဆုံးခိုတကောင်ကိုဖမ်းမိသောအခါ ညနက်နေလေပြီ။ ဖမ်းပြီးသမျှပြန်စစ်ကြည့်သောအခါ စကားပြောသောယုန်ကိုဖမ်းရန်ကျန်သေးသည်ကို သတိပြုမိလိုက်၏။

ကံမကောင်းစွာဖြင့် ထိုယုန်ကို ပိုင်ရှောင်ချန်းဘယ်လိုပင်ရှာရှာ၊ ရှာမတွေ့နိုင်ဖြစ်နေလေသည်။ ယုန်သည်အပုန်းအအောင်းပညာရှင်ဖြစ်နေလေ၏။

“အယား…” သက်ပြင်းချလျက် ပိုင်ရှောင်ချန်းသည် ငှက်ချေးများဖုံးလွှမ်းနေသောမွှေးရနံ့တိမ်တောင်ကို တချက်ကြည့်လိုက်ကာ သန့်ရှင်းရေးလုပ်ရန်ပြင်ရပြန်သည်။ ငှက်ချေးများရှင်းလင်းရသည်မှာတစ်ညလုံးကုန်သွားလေ၏။ အားလုံးရှင်းလင်းပြီး၍ မောပန်းနွမ်းနယ်စွာဖြင့်အင်မော်တယ်ဂူသို့ပြန်ရောက်သောအခါ အာရုဏ်တက်အချိန်ပင်ရှိနေလေပြီ။

နေထွက်လာပြီးနောက် မွှေးရနံ့တိမ်တောင်ရှိဂိုဏ်းသားများသည် တောင်ထိပ်တခုလုံးတနေရာမကျန်ပြောင်ရှင်းနေသည်ကို တွေ့လိုက်ရလေသည်။ မနေ့ကဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကိုပြန်တွေးမိသောအခါ ပိုင်ရှောင်ချန်း၏ဆေးလုံးများနှင့်ပက်သတ်၍ ပိုပြီးနားမလည်နိုင်ဖြစ်သွားကြလေ၏။ ငှက်ချေးမိုးရွာချခံလိုက်ရသောဂိုဏ်းသားများသည် အလွန်အမင်းဒေါသထွက်သည်မှန်သော်လည်း ဘာမှမတတ်နိုင်ပေ။ ပိုင်ရှောင်ချန်းသည် တမင်သက်သက်ရည်ရွယ်၍လုပ်ခဲ့သည်မဟုတ်မှန်း အားလုံးလည်းသိကြလေသည်။

သို့သော်လည်းပိုင်ရှောင်ချန်း၏တလွဲလုပ်ရပ်များသည် ထပ်ကာထပ်ကာဖြစ်နေလေရာ အားလုံး၏စိတ်ထဲတွင် ပိုင်ရှောင်ချန်းအား ဒုက္ခပေးလွန်းသည့် တလွဲကောင်အဖြစ် လန့်နေကြလေ၏။

ပိုင်ရှောင်ချန်းသည် နေ့လည်အထိအိပ်ပျော်နေပြီး နိုးလာသောအခါ နောက်ထပ်ထူးထူးဆန်းဆန်းဆေးလုံးများစမ်းသပ်ဖော်စပ်ခြင်းမပြုတော့ရန်ဆုံးဖြတ်ချက်ချလိုက်လေ၏။ ထို့နောက်ဂိုဏ်းနှင့်ဝေးရာရှိ လူသူအရောက်အပေါက်နည်းသောတောထဲသို့သွားကာ သူ၏အိတ်ထဲမှတိရစ္ဆာန်အားလုံးကိုလွှတ်လိုက်လေ၏။

“လွတ်လွတ်လပ်လပ်သွားကြပေတော့…” သူကခပ်ယဲ့ယဲ့ပြုံးကာပြောလိုက်သည်။

ပိုင်ရှောင်ချန်း၏ဆေးလုံးတလုံးမှမစားမိသေးသောတိရစ္ဆာန်များသည် တောထဲသို့သုတ်သုတ်ပြာပြာထွက်ပြေးကြလေသည်။ ကျန်ခဲ့သောတိရစ္ဆာန်များကမူ တုတ်တုတ်မျှမလှုပ်ပဲပိုင်ရှောင်ချန်းကိုရပ်ကြည့်နေကြလေ၏။ ရှောင်ချန်းသည် အကောင်လေးများကိုခေတ္တပြန်ကြည့်နေပြီး ခဏအကြာတွင်သူ့အိတ်ထဲမှဆေးလုံးတချို့ကိုထပ်ထုတ်လိုက်လေ၏။

“ဒီဆေးလုံးတချို့ကိုမင်းတို့စားလိုက်ရင်… မင်းတို့ဘာသာမင်းတို့ ကျင့်ကြံနိုင်လိမ့်မယ်…။ လိမ်လိမ်မာမာနေကြ…ဟုတ်ပြီလား…။ မင်းတို့ကြောင့် ငါမနေ့ကတော်တော်လေးဒုက္ခရောက်သွားတယ်…” တိရစ္ဆာန်တကောင်ချင်းစီကိုဆေးလုံးများတိုက်ကာ လက်ကိုဝှေ့ယမ်းနှုတ်ဆက်ပြီး ပြန်လာခဲ့သည်။ သူပြန်ထွက်လာသောအခါ ခေါင်းကိုးလုံးကျားကြီးကကျယ်လောင်စွာဟိန်းသံပေးကာ နှုတ်ဆက်လိုက်လေ၏။

ပိုင်ရှောင်ချန်းသည် ပြန်လှည့်ကြည့်မိသောအခါ သူ၏သွင်ပြင်ကိုမှတ်ဉာဏ်ထဲတွင်မှတ်နေသယောင် မျက်လုံးစိမ်းကြီးများနှင့်စိုက်ကြည့်နေသောခေါင်းကိုးလုံးကျားကြီးကိုတွေ့လိုက်လေသည်။ ထို့နောက် ကျားသည်နောက်သို့လှည့်ကာတောအုပ်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ဘဲများ၊ ခိုများ၊ လမ်းလျှောက်သောငါးများ၊ အစောင့်ငန်းကြီးများ၊ ဖားပြုပ်များသည်လည်း ကျားကြီးနည်းတူငေးစိုက်ကြည့်နေကြသည်။ ပိုင်ရှောင်ချန်းအား နှုတ်ဆက်သည့်အနေဖြင့်ကြည့်ပြီး တောထဲသို့ အလျိုလျိုဝင်ရောက်သွားကြလေသည်။

နောက်ဆုံးမှထွက်ခွာသွားသည်မှာတော့ အတွေးလွန်နေသောမျောက်ဖြစ်သည်။ ဘာကြောင့်မှန်းမသိထိုမျောက်တွင်လေးလေးနက်နက်တွေးစရာတခုရှိနေသည်ဟု ပိုင်ရှောင်ချန်းထင်မိသည်။

မျောက်သည် ပိုင်ရှောင်ချန်းကိုလေးလေးနက်နက်စိုက်ကြည့်နေကာ နောက်လှည့်ထွက်ခွာသွားလေသည်။

ပိုင်ရှောင်ချန်းသည် အချိန်တော်တော်ကြာငေးကြည့်နေမိသည်။ ဘာကြောင့်မှန်းမသိ ထိုမျောက်သည် လူတယောက်ကဲ့သို့အသိဉာဏ်ရှိနေသည်ဟု သူခံစားမိသည်။ မျောက်၏မျက်လုံးထဲတွင် တခုခုကိုလေးလေးနက်နက်တွေးနေကြောင်းမှာ သိသာလှသည်။

အတွေးများစွာဖြင့်ကျောက်စိမ်းပုရပိုက်ကိုဆွဲထုတ်လိုက်ပြီး မျောက်ကိုကျွေးလိုက်မိသောဆေးလုံး၏အကြောင်းကိုလိုက်ရှာမိသည်။

“ဒီဆေးလုံးက တခုခုတော့ထူးခြားနေတယ်… နားကိုမလည်နိုင်တော့ဘူး…” တောထဲဝင်သွားသောတိရစ္ဆာန်များကိုကြည့်ရင်းတွေးနေမိသည်။ အကောင်လေးများကောင်းကောင်းမွန်မွန်နေရပါစေဟုလည်း ဆုတောင်းပေးနေမိသည်။ သူ့ကြောင့် အကောင်လေးများဘဝသည်ပြောင်းလဲသွားခဲ့လေပြီဖြစ်ရာ သူတို့ပျော်ရွှင်နေမည်ဟုလည်းမျှော်လင့်နေမိသည်။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်း၏ကျောမှအတောင်ပံတစုံထွက်လာပြီး လျင်မြန်သောအရှိန်ဖြင့်ဂိုဏ်းဆီသို့ဦးတည်ပျံသန်းသွားလေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset