Switch Mode

အခန်း ( ၁၀၅ )

အကျဥ်းချခံထားရာမှ လွတ်မြောက်သွားသော တိရစ္ဆာန်များ

ကောင်းကင်တွင် ကျောက်တုံးများဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရချိန်တွင် ပိုင်ရှောင်ချန်း၏စိတ် နှလုံး၌ ကြောက်လန့်မှုများ ဖြစ်ပေါ်လာရတော့သည်။ သူသည်အင်မော်တယ်ဂူအတွင်းသို့ ပြန်လှည့်လာကာ မန္တာန်ဝင်္ကပါအား လျင်မြန်စွာ အသက်သွင်းလိုက် သည်။ သူသည်ငိုယိုတော့မည့်ဟန် ပေါက်နေခဲ့၏။ သူ့အနေဖြင့် လူအုပ်၏ဒေါသကို နှိုးဆွခဲ့မိသည်ကို သိလိုက်သည်။ သို့သော် သူသည်တမင်သက်သက် ပြုလုပ်ခဲ့ခြင်းမဟုတ်ရာ မတရားလုပ်ခံရသည်ဟုခံစားနေရသည်။

“ဒီဟာက နောက်ဆုံးအကြိမ်ဖြစ်စေရမယ်လို့ ငါ အာမခံပါတယ်” ဟူ၍သူ့နှုတ်မှ လွှတ်ခနဲထွက်သွား ခဲ့သည်။

“ငါ တကယ်ကို ကတိပေးပါတယ်”
လူအုပ်ကြီးမှာ သူတို့၏ဒေါသအချို့ကို ဖွင့်ချ ပြီးနောက်တွင် ပိုင်ရှောင်ချန်းက ဆက်လက်၍ ဖြေရှင်းချက်များပေးခဲ့ကာ နောက်ဆုံးတွင် လူများက ထွက်ခွာသွားကြတော့သည်။

သက်ပြင်းချလိုက်ကာ ပိုင်ရှောင်ချန်းသည် အင်မော်တယ်ဂူအတွင်းမှပြိုကျထားသော ကျောက်တုံးများအား ရှင်းလင်းလိုက်ပြီးနောက် သူ၏ဆေးဖော်စပ်သည့် အလုပ်ခန်းသို့ပြန်လာလေ သည်။ သူသည်ထိုနေရာတွင်ထိုင်၍ အရာ အားလုံးကိုတွေးတောကြံဆနေလေသည်။

နောက်ဆုံးတွင် အံကြိတ်လိုက်ကာ နောက်ထပ် ဆေးပေါင်းဖိုတစ်ခုကို ညင်သာစွာထုတ်ယူလိုက် သည်။ နောက်ဆုံးအကြိမ်က ပြုလုပ်ထားသော စိစစ်ချက်များအပေါ်တွင် အခြေခံပြီး သူကဆေးကို နောက်တစ်ကြိမ် ဖော်စပ်လေသည်။

ယခုတစ်ကြိမ်တွင် သူက အပြန်အလှည်ကြီးမားလာခြင်းနှင့် ဖိနှိပ်ခြင်းတို့အပေါ်တွင်ကြီးစွာအာရုံစိုကထားသည်။ ရက်အနည်းငယ်ကြာပြီးနောက်
မွှေးပျံ့သောရနံ့သည် လေတွင်ပျံ့နှံ့လာရာ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့်မျက်ရည်များနှင့်ပြည့်နှက်လာရသည်။

နောက်ဆုံးတွင် သူသည်ဆေးပေါင်းဖိုပေါက်ကွဲခြင်း ပြဿနာကို ဖြေရှင်းနိုင်သွားသဖြင့် စိတ်ထွက်ပေါက် ရသွားကာ ပျော်ရွှင်သွားလေသည်။ ထို့အပြင် သူသည် အပြန်အလှည်ကြီးမားလာခြင်းနှင့်ဖိနှိပ်ခြင်း တို့ကြောင့် တွေ့ရှိနိုင်သော ပြောင်းလဲခြင်း သဘောတရားများ အပေါ်တွင် နက်နဲစွာနားလည် သွားတော့သည်။

” ငါ အဆင့်သုံး စိတ်စွမ်းအင်ဆေးတွေမှာ ဆရာတစ်ဆူဖြစ်ခါနီးနေပြီ။ ” စိတ်အားထက်သန်စွာဖြင့် သူသည်နောက်ရက်များတွင်လည်း ဆေးဖော်စပ်ခြင်းတွင် အပြည့်အဝအာရုံစိုက်ထားလေသည်။
မွှေးရနံ့တိမ်တောင် ဂိုဏ်းသားများသည် နောက်ထပ် ဆေးပေါင်းဖိုပေါက်ကွဲမှုမရှိတော့သည် ကို ဖြည်းဖြည်းခြင်း သိလာကြသည်။ သူတို့သည် စိတ်သက်သာရာ ရသွားသဖြင့် သက်ပြင်း ချနိုင်သွားတော့သည်။

နေ့ရက်များ ကုန်လွန်လာသည် နှင့်အမျှ တောင်သည်ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ် သွားလေသည်။

ပိုင်ရှောင်ချန်းသည် ဆေးပေါင်းဖိုပေါက်ကွဲသည့် ပြဿနာကို ဖြေရှင်းနိုင်သွားသော်လည်း အဆင့်၃ စိတ်စွမ်းအင်ဆေးနှင့် ပတ်သက်၍ သူ၏အောင်မြင်မှုနှုန်းမှာ
အတော်ပင် နိမ့်ကျနေသေးကိုတွေ့လာရသည်။

ထို့ပြင် ထူးဆန်းသောဆေးလုံးအနည်းငယ်သည်လည်း ထွက်လာနေဆဲဖြစ်သည်။

ထိုကဲ့သို့ ထူးဆန်းသာဆေးလုံးများ ဆေးပေါင်းဖိုထံမှထွက်လာချိန်တွင် သူ့အနေဖြင့် သံသယဝင်လာရသည်။ ဆေးလုံးများတွင် ထူးဆန်းသော လျို့ဝှက်ချက်များပါရှိနေသည်ကို သူအသေအချာ သိသော်လည်းသူ၏ ကာမအားတိုးဆေးကဲ့သို့ အံ့ဩဖွယ်ကောင်းသလား ဆိုသည်ကို ပြောရန်ခက်ခဲလှသည်။

“သူတို့ဘယ်လို အကျိုးသက်ရောက်မှုတွေရှိလဲ ဆိုတာကို ငါစမ်းသပ်ဖို့လိုတယ်”
ဟူ၍သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ၏ အင်မော်တယ်ဂူအတွင်းမှ ထွက်လာလျက် စျေးဆီသို့
ဆင်းသွားကာ ရောက်တတ်ရာရာ တိရစ္ဆာန်အချို့ကို
ဝယ်ယူခဲ့လေ၏။ သူသည် ဂိုဏ်းမှ တိရစ္ဆာန်အချို့ကို ရရန်အတွက် စွမ်းဆောင်မှု ရမှတ် များကိုပင် အသုံးပြုခဲ့လေသည်။

အင်မော်တယ်ဂူသို့ပြန်လာကာ ဘဝတွင်
ဒုတိယအကြိမ်အနေဖြင့် တိရစ္ဆာန်စမ်းသပ်ခြင်းအား လုပ်ဆောင်ရန်ပြင်ဆင်လေသည်။ သူသည် အချက်အလက်များအား မှတ်တမ်းတင်ရန်အတွက် ကျောက်စိမ်းပေလွှာအလွတ် တစ်ခုကိုပါ ပြင်ဆင်ခဲ့သည်။

ကြိုတင်ပြင်ဆင်မှုအားလုံး ပြည့်စုံသွားချိန်တွင် သက်ပြင်းရှိုက်လိုက်ကာ ယုန်တစ်ကောင်ကိုထုတ်ယူ
လိုက်ပြီးနောက် သူစုဆောင်းထားသော ထူးဆန်းသည့် ဆေးလုံးများထဲမှ အနက်ရောင်ဆေးလုံးအား ရွေးထုတ်လိုက်လေသည်။

ယုန်သည် ဆေးလုံးအား အနံ့ခံကြည့်လိုက်ကာ အလောတကြီးမြိုချလိုက်သည်။ တစ်ခဏမျှ ကြာပြီးနောက် ယုန်သည် စတင်တုန်ရီလာလေ၏။ထို့နောက်တွင် ခြေထောက်လေးများက ကြုံ့သွား လျက် ပစ်ကျသွားကာ မြေပေါ်တွင်မလှုပ်မယှက် လဲလျောင်းနေသည်။

“သေသွားပြီလား” ပိုင်ရှောင်ချန်းကတွေးလိုက်ကာ
မျက်လုံးပြူးသွားရသည်။ အနီးကပ်ကြည့်လိုက်ပြီး
နောက်တွင် ယုန်သည် မသေသေးဘဲ စွမ်းအားပြည့်ဝ သောဆေးလုံးမှ စိတ်စွမ်းအင်များ စီးဝင်မှုကြောင့် သတိလစ် သွားသည်ကို သိလိုက်ရသောအခါတွင်မှ သက်ပြင်းချနိုင်တော့သည်။ နာရီအနည်းငယ်ကြာပြီး
နောက်တွင် ယုန်လေးကပြန်လည်နိုးထလာသည်။ပြန်ထလာချိန်တွင် ယုန်သည် လူတစ်ယောက်ပမာ ခြေထောက်၂ချောင်းနှင့် မတ်တပ်ရပ်လျက်
ပိုင်ရှောင်ချန်းအား စူးစိုက်စွာငေးကြည့်နေလေသည်။

“ အီး ” ပိုင်ရှောင်ချန်းက ပြောလိုက်သည်။ တစ်ခဏ
မျှကြာပြီးနောက်တွင် ယုန်သည်ထိုကဲ့သို့တစ်သံတည်း
ထွက်လာရာ ပိုင်ရှောင်ချန်းအား အံ့ဩထိတ်လန့် သွားစေခဲ့သည်။

“မင်းက စကားပြောနိုင်တာလား”
အံ့ဩထိတ်လန့်ပုံပေါ်လျက် ယုန်ကပြောလိုက် သည်။ “မင်းက စကားပြောနိုင်တာလား”

ချက်ချင်းပင်ပိုင်ရှောင်ချန်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွားရကာ ယုန်အား စစ်ဆေးကြည့်ရန် လှည့်ပတ်ကြည့်ရှုလိုက်သည်။အပြန်အလှန်အားဖြင့် ယုန်သည်လည်း စိတ်လှုပ်ရှားလာကာ ပိုင်ရှောင်ချန်းအား လှည့်ပတ်ကြည့်ရှုလေသည်။ ယခုအချိန်တွင် ထူးဆန်းသောမြင်ကွင်းသည် အင်မော်တယ်ဂူအတွင်း ဖြစ်ပေါ်လျက်ရှိသည်။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည် အူလှိုက်သဲ
လှိုက်ရီမော လိုက်လေ၏။

“ဟား ဟား ဟား၊ဒီဆေးလုံးက မယုံနိုင်စရာပဲ။ငါ
ပိုင်ရှောင်ချန်းက အင်မတန်တော်တာပဲ။ဒီယုန်က
တကယ်ပဲ စကားပြောနိုင်တယ်ကွ ”

ယုန်ကလည်း အူလှိုက်သဲလှိုက်ရီမောလိုက်ကာ သူပြောသည့်အတိုင်း တသဝေမတိမ်း လိုက်ပြောလေ ၏။ သရော်ကျီစယ်လိုသော အကြည့်သည် သူ့မျက်
နှာတွင်ပေါ်လာလျက် ပိုင်ရှောင်ချန်းသည် ဘေးအခန်း
၏တံခါးအားဖွင့်လိုက်ကာ ယုန်အားတွန်းပို့လိုက် သည်။

“ဘာနေနေ မင်းက ဥာဏ်မကောင်းဘူးဆိုတာ သိသာတယ်။ ရှေ့လျှောက် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို နည်းနည်းပါးပါး တိုးတက်အောင် လုပ်နိုင်ခဲ့မယ်ဆိုရင် ပြန်လာပြီး ငါ့ကိုကျေးဇူးတင်ဖို့မမေ့နဲ့။ အခုငါမင်းကို
ဒီမှာထားခဲ့မယ်။နောက်ရက်နည်းနည်းကြာရင်တော့
ဂိုဏ်းရဲ့အပြင်ကိုလွှတ်ပေးမယ်”

ယုန်ကို တခြားအခန်းတွင်ထားခဲ့ပြီးနောက်
ပိုင်ရှောင်ချန်းသည် စမ်းသပ်ခြင်းကို ဆက်လက်လုပ်ဆောင်နေရာ ယုန်ကို ဂရုမပြုမိတော့ပေ။ နောက်ထပ်အလုပ်တစ်ခုမှာ သူရွေးချယ်ထား သောအဝါရောင်ဆေးလုံးနှင့်မျောက်တစ်ကောင်အား စမ်းသပ်ရန်ဖြစ်သည်။ အစပိုင်းတွင် မျောက်သည် ဆေးလုံးအား မမြင်ဟန်ဆောင်သော်လည်း နောက်ဆုံးတွင် စိတ်ဝင်စားလာကာ ဆတ်ခနဲ ကောက်ယူလိုက်သည်။ အနံ့ခံလိုက်ပြီးနောက် ဆေးလုံးအချို့ကို ဖောက်ခနဲမြည်သွားအောင်ချေမွလိုက်ကာ ဆေးလုံးအပိုင်းအစများကိုပါးစပ်ထဲသို့ ထည့်လျက်မြိုချလိုက်လေသည်။

ထို့နောက်တွင် မည်သည့်နေရာမှ ထွက်လာသည် ကိုမသိရသော လျင်မြန်စွာအရောင်လွင့်ပျယ်သွားသည့် ထူးဆန်းသော လေများ လွင့်ပျံ့လာသည်မှလွဲ၍ မည်သည့် ထူးခြားမှုမှ ဖြစ်မလာခဲ့ပေ။ ပိုင်ရှောင်ချန်းသည် ငေးငိုင်သောမျက်နှာအမူအရာဖြင့် ထိုနေရာတွင် ထိုင်နေသည့် မျောက်အား စူးစမ်းချင်စိတ်ပြင်းပြစွာ ဖြင့် ကြည့်လိုက်သည်။ တစ်စုံတစ်ခုမှ မဖြစ်ပေါ်လာ သည်မှာသေချာသွားသောအခါမှ ပိုင်ရှောင်ချန်းသည် သက်ပြင်းချလိုက်ကာ မျောက်အား ယုန်နှင့် တစ်ခန်းထဲ ထားလိုက်လေ၏။

ရက်အနည်းငယ်ကြာပြီးနောက်တွင် သူ၏စမ်းသပ် မှုများထဲမှတစ်ခုမှာ ယုန်အုပ်စုဖြစ်သည်။ဆေးလုံး များအား စားပြီးနောက်တွင် ယုန်များ၏မျက်လုံးများသည် အနီရောင်ပြောင်းသွားပြီး စတင်အူကြလျက် ပိုင်ရှောင်ချန်း၏ခြေထောက်များအား ကိုက်ဝါးရန် ခုန်လာကြသည်။

သူတုန်လှုပ်သွားခဲ့ကာ သူ၏မှတ်တမ်းတွင် မှတ်သားထားလိုက်ပြီးနောက် ယုန်များအား ဘေးအခန်းသို့ပစ်သွင်းလိုက်ရသည်။ ဘေး အခန်းအတွင်းတွင် ယုန်များသည် သွေးထွက်အောင်မဟုတ်သော်လည်း အချင်းချင်းကိုက်ကြလေ၏။
ထိုအခန်းတွင် ဘဲ ၃၊၄ကောင်လည်း ရှိသည်။ ထူးဆန်းသောဆေးလုံးများအား ဝါးမြိုပြီး
နောက်တွင် တုန်ရီလာကြကာ သူတို့၏အတောင် များသည် ရုတ်တရက် ကြီးလာလျက် အင်မော်တယ်
ဂူအတွင်းတွင် ကျော့ရှင်းစွာ လှည့်လည်ပျံသန်းကြလေ၏။ ပိုင်ရှောင်ချန်းသည် တုန်လှုပ်စွာငေးကြည့်နေမိကာတချိန်တည်းမှာပင် သူ၏ထူးဆန်းသော ဆေးလုံးများနှင့် ပတ်သက်သည့် စိတ်လှုပ်ရှားမှုသည် ပို၍ပင် ကြီးမားလာခဲ့လေသည်။

အချိန်များ ကုန်လွန်လာခဲ့၏။ နောက်လဝက် အတွင်းတွင် ပိုင်ရှောင်ချန်းသည် သူ၏ထူးဆန်းသော
ဆေးလုံးများနှင့် စမ်းသပ်မှုများပြုလုပ်လျက် အားလုံးကိုအသေးစိတ်မှတ်တမ်းတင်ထားခဲ့သည်။

တစ်ခါတရံတွင် သူ၏ ရယ်သံကျယ်ကြီးသည် အင်မော်တယ်ဂူအတွင်းမှ လွင့်ပျံ့လာတတ်သည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် သူသည်သာမန်
ကြက်လေးများကို ဆေးလုံးအချို့ ကျွေးလိုက်ချိန်၌ သူတို့သည် ဆင်အရွယ်ပမာဏတမျှ လျင်မြန်စွာကြီးထွားလာကြသည်။ ပိုင်ရှောင်ချန်း၏ တာအိုဆေးပညာနှင့် ပတ်သက်၍ နားလည်သဘောပေါက်မှုသည်ပို၍ နက်နဲလာခဲ့တော့သည်။ စိတ်လှုပ်ရှားမှုတို့ဖြင့် တုန်ခါနေ
ကာ သူ၏စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင် လေ၏။

တဖြည်းဖြည်းဖြင့် တိရစ္ဆာန်စမ်းသပ်မှုများအတွက် သီးသန့်ထားသော ဘေးအခန်းများတွင် ထူးဆန်းသော သားရဲအမျိုးမျိုး ရှိနေတော့သည်။ ထိုအခန်းတွင် ကိုယ်တစ်ခုလုံးမျက်လုံးများဖြင့် ပြည့်နေသောဖားပြုပ်အုပ်စုရှိလေသည်။ ထိုမျက်လုံးများ သည် ဖားပြုပ်များအော်လိုက်ချိန်တိုင်းတွင် မျက်တောင် ခတ်လေသည်။

အခန်းအတွင်းတွင် ပိုင်ရှောင်ချန်းသည် လက်တစ် ဆုပ်စာ ဝိညာဥ်ကျောက်တုံးများဖြင့်ဝယ်ခဲ့ရသော ကျား တစ်ကောင်လည်း ရှိလေသည်။ သူ၏ဆေးလုံးတစ်လုံး အား ဝါးစားပြီးနောက်တွင် နောက်ထပ်ဦးခေါင်း၈လုံး ထွက်လာကာ ခေါင်းစုစုပေါင်း၉လုံးဖြစ်သွားလေသည်။ သူ၏ခေါင်းများအားလုံးနှင့် ဟိန်းဟောက်ချိန်တွင် အသံ သည် လွန်စွာ အံ့သြဖွယ်ကောင်းလှသည်။

ထိုနေရာတွင် သာမန် ခိုအုပ်စုလည်းရှိနေကာ သူတို့ပျံသန်းရာတွင် သူတို့ကိုယ်သူတို့ အမြဲ သက်သာရာရစေသည်မှလွဲ၍ အခြားပြောင်းလဲမှုမကြုံ တွေ့ရပေ။

အချိန်သည် ကုန်လွန်သွားခဲ့သကဲ့သို့ စမ်းသပ်မှုများ သည်လည်းဆက်လက်လုပ်ဆောင်ခဲ့ကာ ထူးဆန်းသော ဆေလုံးများ၏ ကို့ရို့ကားယားနှင့်အံ့မခန်း ရလာဒ်များ သည်ပို၍ထင်ရှားလာခဲ့သည်။ ထူးဆန်းသောဆေးလုံး များအား စားပြီးနောက်တွင် အဆက်မပြတ် လှုပ်ရှားနေသောမျောက်အုပ်စု ရှိသည်။

မိုးချုန်းသံတမျှကျယ်လောင်လှသောအသံဖြင့် ကြို့ထိုးနေသော ကြောင်အုပ်လည်းရှိသည်။ ပိုင်ရှောင်ချန်းသည် ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာသော်လည်း ထိုကဲ့သို့ ထူးဆန်းသောဆေးလုံးများအားလုံးကို မည်ကဲ့သို့ဖော်စပ်ခဲ့သည်ကိုအံ့သြရုံမှအပ မတတ်နုိင်တော့ချေ။ အကြီးကျယ်ဆုံး အခြေအနေမှာ ငန်းအုပ်စုဖြစ် သည်။ ဆေးလုံးများအား စားပြီးနောက်တွင် သူတို့၏ မျက်လုံးများသည် စင်ကြယ်သောအဖြူရောင်သို့ ပြောင်းလဲသွားလေ၏။ သူတို့သည် ချူချာပုံပေါက်နေ သော်လည်း အလွန်သစ္စာ ရှိသောပုံစံပြောင်းသွားခဲ့ ကာ ပိုင်ရှောင်ချန်း၏ဂူအား စောင့်ကြပ်ကြလေသည်။

အဆုံးတွင် သူသည် ရေပူစမ်းထဲမှငါးများအား ဆေးလုံးအချို့ကျွေးလိုက်သည်။ ငါးများသည် ချက်ချင်း ပင် ရူးသွပ်သွားကြကာ ရေထဲမှထွက်ရန် အချင်းချင်း ရုန်းကန်ကြလေသည်။ ဤတွင်သူတို့၏ကိုယ်မှ ခြေထောက်များထွက်လာကာ အင်မော်တယ်ဂူပတ်လည် လမ်းလျှောက်ကြတော့သည်။

ငါးများအား စမ်းသပ်ပြီးနောက်တွင်သူသည် နောက်ဘေးအခန်းတစ်ခုထဲသို့ ပစ်ထားလိုက်သည်။ ဤအချက်အရ ဘေးဘက်အခန်းများတွင် ပြည့်နှက်နေပြီဖြစ်ကာ သူ၏ အင်မော်တယ်ဂူတစ်ခုလုံးသည် ကို့ရို့ကားယားနိုင်သော အိမ်မွေးတိရစ္ဆာန် ပြပွဲ အဖြစ်သို့ပြောင်းလဲသွားတော့ သည်။

ထိုနေရာတွင် သူ၏မေးစေ့ကို လက်ထောက်လျက် အတွေးတွင်နစ်မျောနေဟန်ရှိသည့် နေရာတကျထိုင်နေသောမျောက်တစ်ကောင်ရှိသည်။ တစ်ချက်တစ်ချက် တွင် ထထလှုပ်ရှားသောမျောက်အုပ်စုလည်းရှိသည်။ မျက်လုံးနီနှင့် ယုန်များသည် ဆင်အရွယ်ခန့်ရှိသော ကြက်များနှင့် ဆော့ကစားလျက်ရှိကြသည်။

အခြား ဘက်တွင် ဖားပြုတ်များသည် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ဆူညံစွာ အော်ဟစ်နေကြသည်။ နောက်ဆုံးတွင် ဟန်ပန်အမျိုးမျိုးကိုလေ့ကျင့်နေ သော ယုန်လည်းရှိလေ၏။ တစ်ခါတရံတွင်
“ အီး…မင်းက စကားပြောနိုင်တာလား။ ဟား ဟား ဟား.. ဒီဆေးလုံးကမယုံနိုင်စရာပဲ။ ငါ ပိုင်ရှောင်ချန်းက အင်မတန်တော်တာပဲ။ ဒီယုန်က တကယ် ပဲစကားပြောနိုင်တယ်။ ” ဟူ၍ပြောသည်။ထိုယုန်သည် ထိုစကားစု၃ခုကိုသာရွတ်နိုင်လေသည်။

လေထဲတွင် ဘဲများသည်ကျက်သရေရှိစွာ ပျံသန်း လျက်ရှိသည်။ ခိုများသည်လည်း တောင်ပံ တဖြတ် ဖြတ်ခါလျက်ရှိကာ မစင်များကိုပါချင်တိုင်းပါလျက် ရှိသည်။ ခေါင်း၉လုံးကျားသည် မစင်များ ဖုံးလွှမ်းလျက်ရှိကာအဆက်မပြတ် ဟိန်းနေလေသည်။ အခြားဘက် တွင် ခြေထောက်နှင့်ငါးများသည် ကြို့ထိုးနေသော ကြောင်များနှင့်အဆက်မပြတ်ပြေးလွှားလျက်ရှိသည်။

တံခါးနားတွင် ရှိနေသည်မှာ တစ်စုံတစ်ခုကို စောင့်ရှောက်နေသည့်အလား အရာအားလုံးကို အေးစက်စွာ ကြည့်နေသော ဘဲငန်းကြီးများ ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် အရာအားလုံးကို လှည့်ပတ်ကြည့်ရှုနေရင်းမှ သူ၏ ထူးဆန်းသော ဆေးလုံးအနည်းငယ်ကိုသာ စမ်းသပ်ရသေးသည်ကို တွေးနေမိသည်။ ကံမကောင်းစွာဖြင့်ပင် စမ်းသပ်ရန် တိရစ္ဆာန်မရှိတော့ပေ။

” တာအိုဆေးပညာက တကယ့်ကို အံ့ဩဖို့ကောင်းတယ် ” သူက ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ ထူးဆန်းဆေးလုံးအားလုံးကို သေချာပေါက် စမ်းသပ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် အင်မော်တယ်ဂူထဲမှ ထွက်ကာ လက်တွေ့စမ်းသပ်ရန် နောက်ထပ် တိရစ္ဆာန်များ သွားရောက် ဝယ်ယူတော့သည်။

သို့သော် သူသွားလျှင်သွားချင်းပင် သူ၏ ဒုတိယ စမ်းသပ်ချက်ဖြစ်သော စဥ်းစားဥာဏ်ရှိသည့် မျောက်မှာ ငေးငိုင်နေရာမှ ရုတ်တရက် အမြော်အမြင်ရှိဟန်ဖြင့် မော့ကြည့်လိုက်လေသည်။ ထို့နောက် သူ၏ အကြည့်မှာ ဘေးအခန်းတံခါးဆီသို့ ရောက်သွားကာ မျက်လုံးများမှာလည်း လူတစ်ယောက်ကဲ့သို့ အသိဥာဏ်ရှိသည့် ပုံစံမျိုးပေါက်နေလေသည်။ ရုတ်တရက် ထိုမျောက်သည် လှုပ်ရှားလာကာ တံခါးကို ဖွင့်ရန် ပြေးသွားလေတော့သည်။

ထို့နောက်တွင် အင်မော်တယ်ဂူ၏ ပင်မတံခါးပေါက်သည် ဟောင်းလောင်းပွင့်သွားတော့သည်။

စဥ်းစားဥာဏ်ရှိသည့် မျောက်သည် ပွင့်နေသော တံခါးမှတစ်ဆင့် ခုန်ထွက်လိုက်ချိန်တွင် အပြင်ဘက်၌ နေရောင်တောက်ပလျက်ရှိသည်။ အခြားတိရစ္ဆာန်များသည် လန့်ဖျပ်ကာ ငေးကြည့်နေရာမှ ခဏအကြာတွင် အားလုံးထွက်ပြေးသွားတော့သည်။

အမှတ်မထင်ပင် ကျိုးရှင်းချီသည် ထိုအချိန်တွင် သူမ၏ အင်မော်တယ်ဂူအပြင်ဘက်သို့ ထွက်၍ လမ်းလျှောက်လျက် ရှိနေသည်။ အပြင်ဘက် လေထုထဲသို့ ကျော့ရှင်းစွာ ပျံထွက်လာသော တဂတ်ဂတ်အော်မြည်နေသည့် ဘဲတစ်အုပ်ကို မြင်လိုက်သော အခါ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူမသည် ဝိညာဥ်သတ္တဝါ ကျမ်း၅တွဲလုံးကို ပိုင်နိုင်ပြီး ဖြစ်သော်လည်း ထိုကဲ့သို့ ပျံနေသော ဘဲများကို မတွေ့ ဖူးသေးပေ။

” အဲ့တာ ဘာကောင်တွေလဲ။ ” ဟု သူမက ရေရွတ်လိုက်သည်။ နောက်ထပ် အံ့ဩဖွယ်ကောင်းစွာ တွေ့လိုက်ရသည်မှာ ဆင်အရွယ်အစားရှိသည့် ပြေးထွက်လာနေသော ကြက်များပင် ဖြစ်သည်။ ကြက်များထဲမှ တစ်ကောင်၏ ထိပ်တွင် လိုက်ပါလာသည်မှာ ယုန်တစ်ကောင် ဖြစ်သည်။

” အီး…. မင်းက စကားပြောနိုင်တာလား။ ဟား ဟား ဟား၊ဒီဆေးလုံးက မယုံနိုင်စရာပဲ။ငါ ပိုင်ရှောင်ချန်းက အင်မတန်တော်တာပဲ။ဒီယုန်က တကယ်ပဲ စကားပြောနိုင်တယ် ”

ကျိုးရှင်းချီမှာ နေရာတွင်ပင် အံ့ဩလှသဖြင့် မျက်တောင် တဖျပ်ဖျပ်ခတ်ကာ သွေးလေချောက်ခြားနေခြင်းများလားဟုပင် တွေးနေမိသည်။

Comment

Leave a Reply

Options

not work with dark mode
Reset