ပိုင်ရှောင်ချန်းသည် သူ၏အင်မော်တယ်ဂူဆီသို့ မလှမ်းချင့်လှမ်းချင်ဖြင့်ပြန်လာပြီး စိတ်နှလုံးညှိုးငယ်စွာဖြင့်ထိုင်နေသည်။
နောက်ဆုံးတွင် သူသည်သက်ပြင်းချလိုက်ကာ
“ဘယ်သူနေနေ ထူးချွန်လွန်းရင် ကောင်းတဲ့အရာမဟုတ်ဘူး။ ငါကိုယ်တိုင်က ပြီးပြည့်စုံတဲ့ ဥပမာပဲ။ ဂိုဏ်းခေါင်းဆောင်ကလဲ ငါထူးချွန်တဲ့အပေါ် စိတ်ပူပင်နေသေးတယ်။ သူတို့က ငါ့ကိုဆယ်နှစ် တာဝန်ထမ်းဆောင်ခွင့်လည်း ပိတ်လိုက်သေးတယ်…ဒါပေမဲ့… လတိုင်းတော့ ငါ့ကို စွမ်းဆောင်မှုရမှတ်တွေပို့ပေးမယ်တဲ့” သူက ထိုနေရာတွင်ထိုင်လျက် ထိုအရာများအတွက် အနည်းငယ်စိတ်ပူပန်နေပြီး ထူးချွန်လွန်းသည့်သူဖြစ်နေသည်ကို စဥ်းစားမိပြီး မည်သို့လုပ်သင့်ကြောင်း စူးစမ်းနေလေသည်။
“အ..ကောင်းပြီ။ ဒါကကိစ္စမရှိပါဘူး။ ငါ တာဝန်တွေကိုလုပ်စရာမလိုတော့ကတည်းက ဆေးဖော်စပ်တဲ့ဘက်ကို ပိုပြီးကောင်းမွန်အောင်လုပ်ရမယ်။ပြီးတော့လည်း ငါတာဝန်တွေကို ပထမဦးဆုံးလုပ်ရတဲ့အကြောင်းအရင်းက စွမ်းဆောင်ရည်ရမှတ်တွေ လိုချင်လို့ပဲလေ”
ထိုကဲ့သို့တွေးမိပြီး ပိုင်ရှောင်ချန်းသည် ဂိုဏ်းပိုကောင်းလာစေရန်နှင့် သူ၏အကျိုးအတွက် သူကိုယ်တိုင်တာဝန်ကိုလက်လွှတ်လိုက်ကာ ဆေးဖော်စပ်ရာအလုပ်ခန်း ဆီသို့ လမ်းလျှောက်သွားလိုက်သည်။
“အဆင့်သုံးစိတ်စွမ်းအင်ဆေးလုံး ဖော်စပ်တဲ့နည်းလမ်းတွေမှာ ငါကျွမ်းကျင်ဖို့လိုသေးတယ်” ထိုသို့ပြောကာ သူသည် တည်ကြည်လေးနက်သောအသွင်သို့ ပြောင်းလဲသွား၏။
အချိန်များ ကုန်လွန်သွားခဲ့သည်။ နှစ်တစ်ဝက်အကြာတွင် သူသည် ပုံမှန်ကျင့်ကြံခြင်း မှလွဲ၍ ကျန်သည့်အချိန်များတွင် ဆေးလုံးများသာဖော်စပ်နေတော့သည်။ ပါဝင်ပစ္စည်းများပြတ်လပ်သွားသောအခါ သူ၏ စွမ်းဆောင်ရည်ရမှတ်များဖြင့် လဲလှယ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည်ထိန်းမနိုင်သိမ်းမနိုင်ဖြစ်လာသည်။ သို့သော် အရှိန်လျော့ချရန်စိတ်မပါဘဲ အဆင့်သုံးစိတ်စွမ်းအင်ဆေးလုံးကို ကျွမ်းကျင်သည်အထိ ဆက်လုပ်လေသည်။
သူက အပြင်ထွက်၍တာဝန်မထမ်းဆောင်တော့သောကြောင့် ဂိုဏ်းသည်လည်း တဖြည်းဖြည်း ပုံမှန်အတိုင်းဖြစ်လာလေသည်။ လူအများအပြားသည် စိတ်သက်သာရာရကာ သက်ပြင်းချနိုင်လာသည်။ အထူးသဖြင့် ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်၏ စိတ်ထဲရှိ ပူပန်သောကများလျော့နည်းလာသည်။ ယခုအချိန်တွင်သူက ပိုင်ရှောင်ချန်းအား ဂိုဏ်း၏တာဝန်များကို ကင်းလွတ်ခွင့်ပြုခြင်းသည် မှန်ကန်သောလုပ်ရပ်ဖြစ်ကြောင်း သေချာသွားလေသည်။
သူတစ်ဦးတည်းသာမဟုတ်ချေ။ လီချင်းဟောက်၊ တောင်ဘက်ခြမ်းမှတောင်ထိပ်သခင်များနှင့် အကြီးအကဲများသည်လည်း ပို၍စိတ်သက်သာရာရသွားကြလေသည်။
အမှန်တကယ်တွင် တောင်ဘက်ခြမ်း၏ပုံမှန်အစည်းအဝေးတွင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများက ထိုကိစ္စကိုဖြေရှင်းနိုင်ရန် လုပ်ဆောင်ခဲ့ဖူးသည်။
“ပိုင်ရှောင်ချန်းက အခုတစ်လော ဆေးလုံးဖော်စပ်ရာမှာပဲ အာရုံစိုက်နေတယ်။ ဂိုဏ်းမှာလည်း တကယ်ကို စိတ်အေးရပြီ ”
“ဆေးလုံးဖော်နေတာက ကောင်းတဲ့အရာပဲလေ ။ သူလေ့ကျင့်နေပါစေ..။ ဘာပဲဖြစ်ဖြစ် ဒါက ဂိုဏ်းအတွက်အလုံခြုံဆုံးနည်းလမ်းပဲ ။ သူက ဒါကိုအာရုံစိုက်နေရတော့ ကျန်တဲ့သူတွေနဲ့ ပြဿနာတွေဖြစ်နိုင်တော့မှာ မဟုတ်ဘူးလေ” လူအုပ်ကြီးသည် ပြုံးရွှင်နေကြသည်။ လွန်ခဲ့သောနှစ်တစ်ဝက်က အေးချမ်း တိတ်ဆိတ်နေခဲ့ရာ သူတို့မှာ ပျော်ရွှင်စွာသက်ပြင်းချနေကြသည်။
သို့သော် သူတို့တွေ့ဆုံပြီး ရက်အနည်းငယ်အကြာတွင် မွှေးရနံ့တိမ်တောင်တွင် ကြီးမားသောပေါက်ကွဲမှုကြီးဖြစ်ပွားလေသည်။ ထိုပေါက်ကွဲမှုသည် ပိုင်ရှောင်ချန်း၏အင်မော်တယ်ဂူမှ ထွက်ပေါ်လာပြီး ထိုပတ်ဝန်းကျင်ရှိ အရာအားလုံး ပြင်းပြင်းထန်ထန်တုန်လှုပ်သွားလေသည်။ အတွင်းစည်းဂိုဏ်းသားများမှာ လွန်စွာတုန်လှုပ်ခြောက်ခြားသွားပြီး အပြင်စည်းဂိုဏ်းသားများသည်ပင် ကြောက်ရွံ့စွာတုန်လှုပ်နေတော့သည်။
“အခုဘာဖြစ်သွားတာလဲ”
“ဘုရားရေ..စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက တိုက်ခိုက်ခံနေရတာ ဖြစ်နိုင်လား..”
လူများအားလုံးရုတ်ရုတ်သဲသဲ ဖြစ်နေစဥ် ပိုင်ရှောင်ချန်းသည် သူ၏ဆေးဖော်စပ်ခန်းမှ ချောင်းဆိုးလျက် မျက်နှာပေါ်တွင်ပြာများတင်နေပြီး နှာချေကာ မျက်ရည်များကျဆင်းလျက် ထွက်လာသည်။ သူကလျင်မြန်စွာ ရေပူစမ်းထဲတွင် ဆေးကြောလိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
“ဒါကဘာကြောင့် ပေါက်ကွဲသွားရတာလဲ” သူတွေးတောလိုက်သည်။ အတွင်းစည်းဂိုဏ်းသားများအတွက်ပေးသော ဆေးပေါင်းဖိုများမှာ ဆေးဖော်စပ်အဆောင် မှဆေးပေါင်းဖိုများကဲ့သို့ အတိအကျ အဆင့်မှီစွာထုတ်ပေးထားသည်။ ယေဘုယျအားဖြင့်ဆိုလျှင် စိတ်စွမ်းအင်ဆေးလုံးများ မှားယွင်းဖော်စပ်ခဲ့မိသော်လည်း ဆေးပေါင်းဖိုက ပေါက်ကွဲလိမ့်မည်မဟုတ်ပေ။
သို့သော် ပေါက်ကွဲမှု ဖြစ်သွားခဲ့ပြီး ဂူကို ကာကွယ်သည့်မန္တန်သည်ပင် လှုပ်ရှားသွားသည်။
သူက ထိုကိစ္စကို အသေးစိတ်စဥ်းစားသော်လည်း ဖြေရှင်းချက်တစ်ခုမျှပင် မဖော်ထုတ်နိုင်ခဲ့ပေ။ သက်ပြင်းချလိုက်ကာ နဂါးလိုဆင်လိုအဏ္ဏဝါကျမ်း ကိုရက်အနည်းငယ် ကျင့်ကြံလိုက်သည်။ ဤအချက်ကြောင့် သူ၏ကျင့်ကြံခြင်းသည် အဆင့်တက်ရန် အနည်းငယ်သာလိုတော့သည်။
သို့သော် သူသည် အလျင်လိုခြင်းမရှိပေ။ ကျင့်ကြံပြီးချိန်တွင် သူက စွမ်းအင်ပြန်လည်ဖြည့်တင်းရန် စိတ်စွမ်းအင်ဆေးဝါးတစ်ချို့ကို သောက်သုံးလိုက်သည်။ ထို့နောက် ထာဝရအသက်ရှည်နည်းပညာရပ်ကို ကျင့်ကြံလိုက်သည်။ သူ၏အရေပြားမှထွက်ပေါ်လာသောငွေရောင်သည် ယခုအခါ အရောင်ရင့်လာပြီး အနားသတ်တွင် ရွှေရောင်များလင်းလက်လာသည်။
ထိုနေ့မွန်းလွဲပိုင်းတွင် ပိုင်ရှောင်ချန်းသည် အခြားတာဝန်တစ်ခုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူကအင်မော်တယ်ဂူထဲတွင်ရပ်နေပြီး သူ၏လက်ကိုဖြည်းညင်းစွာမြှောက်လျက် ရွှယ်ကျဲကော်တုပညာရပ်ကို ကျင့်ကြံလိုက်သည်။ အမွှေးတိုင်တစ်ဝက်စာလောင်ကျွမ်းပြီးချိန်တွင် မျက်လုံးများကိုဖွင့်ကာ အားထည့်လျက် မာန်သွင်းအော်ဟစ်လိုက်သည်။
သူ၏အတွင်းအားများ အရှိန်အဟုန်ပြင်းစွာ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ရှိအရာအားလုံး ရုတ်တရက်ပြောင်းလဲသွားလေသည်။ ရေငွေ့တစ်ကွက်ပေါ်လာပြီးနောက် အသက်တစ်ချက်ရှုသွင်းသည့်အချိန်အကြာတွင်ပျောက်ကွယ်သွားသည်။
ပိုင်ရှောင်ချန်းသည်နဖူးမှ ချွေးများကို သုတ်လိုက်ပြီး နေရာယူလိုက်သည်။ သူက ရွှယ်ကျဲကော်တုပညာရပ်ကိုဆည်းပူးချိန်မှစ၍ နေ့စဥ်နေ့တိုင်းကျင့်ကြံပါသော်လည်း ထိုမျှသာ ပြီးမြောက်ခဲ့သည်။
“ငါဒီထက်ပိုပြီး ကြိုးစားဖို့လိုတယ်” ဟုတွေးတောလိုက်ကာ ခဏတဖြုတ် နားပြီးနောက် သူ၏နေ့စဥ်ကျင့်ကြံခြင်းကို ရပ်နားလိုက်သည်။ ထို့နောက် သူ၏ဆေးပေါင်းဖို ပေါက်ကွဲရသည့်ပြဿနာကို ထပ်မံ၍ တွေးတောချင့်ချိန်နေလေသည်။ လွန်ခဲ့သော နှစ်တစ်ဝက်အတွင်း အဆင့်သုံးစိတ်စွမ်းအင်ဆေးလုံးကိုလေ့ကျင့်ရာတွင် သူသည် အနည်းငယ်ကို အောင်မြင်စွာဖော်စပ်နိုင်ခဲ့ ပြီဖြစ်သည်။ သို့သော် အများစုသည် သူ၏ကြိုးစားမှုပျက်ကွက်သွားခြင်းဖြင့်သာ အဆုံးသတ်သွားလေသည်။
သူက နောက်ဆုံးအတွေးအခေါ်တစ်ခု တစ်ခုထွက်မလာခင်အထိ ထိုနေရာတွင် စိတ်ပျက်အားငယ်စွာထိုင်နေလေသည်။
“ဆေးလုံးရဲ့အစွမ်းက အချိန်တစ်ခုမှာ ပိုပြီးပြင်းထန်လာတာ ဖြစ်ရမယ်။ ဆေးလုံးက မတည်မငြိမ်ဖြစ်လာတယ်။ ဒါကြောင့်ပေါက်ကွဲသွားတာလား”
ထိုခဏတွင် သူသည် အလျင်အမြန်သွားကာ အခြားဆေးပေါင်းဖိုတစ်ခုကို စွမ်းဆောင်ရည်ရမှတ်ဖြင့်လဲလှယ်လိုက်ပြီး ဆေးဖော်စပ်ရန်ပြင်လိုက်လေသည်။
အစောပိုင်းက ပေါက်ကွဲမှုသည် ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူမှထွက်ပေါ်လာသည်ဟူသော စကားက တဖြည်းဖြည်း ပျံ့နှံသွားသည်။ ဂိုဏ်းသားများ၏မျက်နှာတွင်လည်း ထူးဆန်းသောအမူအယာများဖြစ်ပေါ်လာသည်။ သူတို့က မည်သည့်အတွက်ကြောင့် ပေါက်ကွဲမှုဖြစ်သည်ကို အတိအကျမသိသော်လည်း အနည်းဆုံး ပေါက်ကွဲမှု၏တရားခံမှာ ပိုင်ရှောင်ချန်းဖြစ်ကြောင်း သိကြလေသည်။
ထို့နောက်…ရက်အနည်းငယ်အကြာတွင် ပိုင်ရှောင်ချန်းက သူ၏ဆေးဖော်စပ်ခန်းမှာ ဆေးပေါင်းဖိုထဲရှိ စိတ်စွမ်းအင်ဆေးလုံးကို အပြည့်အဝထိန်းချုပ်နိုင်ရန် အာရုံစူးစိုက်မှုအပြည့်ထားနေ၏။
ကံဆိုးစွာဖြင့် အဆင့်သုံးစိတ်စွမ်းအင်ဆေးလုံးသည် ဖော်စပ်ရန်ခက်ခဲလွန်းနေသည်။ အတွေ့အကြုံရင့်ကျက်ပြီး ကံကောင်းလွန်းသူများပင် ဆယ်ကြိမ်၌သုံးကြိမ်ခန့်သာ အောင်မြင်ကြပြီး အောင်မြင်မှုနှုန်းမြင့်မားသည်ဟု ယူဆနိုင်သည်။
သို့သော် ပိုင်ရှောင်ချန်းက အရာအားလုံးကို ပြီးပြည့်စုံစေချင်သည်။ သူက ပြဿနာတစ်ခုချင်းကို မဖြေရှင်းနိုင်ခင်အထိ အနားယူလိမ့်မည်မဟုတ်ပေ။ သူက ပြဿနာအသေးအမွှားလေးဖြစ်သည့်တိုင် ပြည့်စုံစေချင်သည့်အတွက်ကြောင့် ၎င်း၏ အသေးစိတ်အချက်အလက်ကိုပင် အကြိမ်များစွာ စမ်းသပ်ကာ နောက်ဆုံးပြဿနာအားလုံးကို အဖြေထုတ်လေသည်။
ဤတစ်ကြိမ်တွင် သူက စိတ်စွမ်းအင်ဆေးလုံးကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ကြောင်း သဘောပေါက်လာသောအခါ သူ၏မျက်လုံးများပြူးကျယ်သွားသည်။ ထို့နောက် ဆေးပေါင်းဖိုထဲမှ အက်ကွဲသံများ စတင်ထွက်လာသည်။ ပိုင်ရှောင်ချန်းသည် ပင့်သက်ရှိုက်ကာ ရုတ်ချည်းနောက်ကျောတွင် အတောင်ပံများထွက်ပေါ်လာပြီး ဆေးဖော်စပ်ခန်းမှ ထွက်ပြေးလာခဲ့တော့သည်။
သူထွက်လာနိုင်ပြီးခဏအကြာတွင် အင်မော်တယ်ဂူတစ်ခုလုံးလှုပ်ခါလျက် ပြင်းထန်စွာပေါက်ကွဲသွားသည်။
မွှေးရနံ့တိမ်တောင်မှလူများမှာ စိတ်ငြိမ်သက်အောင် မလုပ်နိုင်သေးမီ နောက်တစ်ကြိမ် အချိန်အတန်ကြာသည်အထိ ပေါက်ကွဲမှုများဖြစ်နေသည်။ သုံးရက်ကြာပြီးနောက် ပိုင်ရှောင်ချန်းသည် ဆေးဖော်စပ်ခန်းမှ အော်ဟစ်ကာ ပြေးထွက်လာပြီး တတိယအကြိမ်မြောက် လေကို ဖြတ်၍ ထိတ်လန့်ဖွယ်ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားသည်။
ခုနစ်ရက်ကြာပြီးနောက်တွင် သူသည်ပျာယာခတ်လျက် အမြန်ဆုံးပြေးထွက်လာခဲ့သည်။ စတုတ္ထအကြိမ်မြောက် နားပင်းဖွယ်ပေါက်ကွဲမှုကြီးဖြစ်လာပြီး သူ၏ဆေးဖော်စပ်ခန်းပင် ပြိုကျလုနီးပါးဖြစ်သွားသည်။
မွှေးရနံ့တိမ်တောင်သည် ပရမ်းပတာဖြစ်နေပြီး မရေမတွက်နိုင်သောဂိုဏ်းသားများ၏ မျက်လုံးများ ရဲရဲနီနေသည်။ စုံစမ်းမေးမြန်းမှုများပြုလုပ်ပြီးနောက်တွင် လူများမှာ ပိုင်ရှောင်ချန်းဆေးဖော်စပ်နေကြောင်း သိလိုက်ရသည်။ သို့သော် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ကြီးမားသောပေါက်ကွဲမှုကြီးဖြစ်သွားရသည်ကို မည်သူမျှ ပုံမဖော်နိုင်ကြပေ။
” စိတ်စွမ်းအင်ဆေးလုံးတွေပေးတဲ့နေရာကိုငါသွားမေးပြီးသွားပြီ။ ပိုင်ရှောင်ချန်းက အခုတလော ဆေးပေါင်းဖိုရှစ်လုံးဝယ်ပြီးသွားပြီလို့ သူတို့ကပြောလိုက်တယ်ကွ”
“ဒါဆိုအဲ့အသံက ဆေးပေါင်းဖိုပေါက်ကွဲတဲ့အသံနေမှာ။ ပိုင်ရှောင်ချန်းက ဘာကိုဖော်စပ်နေတာလဲကွာ။ သေစမ်း…. သူကိုယ်တိုင်ပါပေါက်ကွဲသွားမှာ မစိုးရိမ်ဘူးလားမသိဘူး”
ဂိုဏ်းသားများသည် အမျက်ဒေါသများထွက်နေကြပြီး ပေါက်ကွဲမှုသည်လည်း မပြီးဆုံးသေးဘဲ ဆက်၍ဖြစ်ပွားလျက်ရှိသည်။
နောက်တစ်လတွင် ပိုင်ရှောင်ချန်း၏အင်မော်တယ်ဂူထဲတွင် ယခင်ကထက် ပိုမိုအားပြင်းသော ပေါက်ကွဲမှု ခုနှစ်ခု ဖြစ်လာပြန်သည်။ နောက်ဆုံးပေါက်ကွဲမှုမှာ မွှေးရနံ့တိမ်တောင်ကို တုန်ခါသွားစေပြီး ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူတစ်ခုလုံးနီးပါး ပျက်စီးလုဆဲဆဲဖြစ်သွားသည်။
ပိုင်ရှောင်ချန်းသည် အပြင်သို့ ကြောက်ရွံ့တုန်လှုပ်စွာပြေးထွက်လာသည်။ မွှေးရနံ့တိမ်တောင်၏ အပြင်စည်းဂိုဏ်းသားများနှင့် အတွင်းစည်းဂိုဏ်းသားများမှာ ရူးသွပ်မတတ်ဖြစ်နေကြသည်။ လွန်ခဲ့သည့်လကတည်းက မည်သူမျှ ကျင့်ကြံခြင်းကို ဘေးကင်းစွာအာရုံမစိုက်နိုင်ကြပေ။ အဆက်မပြတ်ပေါက်ကွဲနေမှုက သူတို့ကို ကြောက်ရွံတုန်လှုပ်နေစေသည်။ ယခုတွင် သူတို့သည် အသည်းအသန်အာရုံပျံ့လွင့်နေကြပြီး သူတို့၏ဒေါသကို ထိန်းချုပ်နေရသောကြောင့် မျက်လုံးများသည်လည်း ရဲရဲနီနေသည်။
ကြည့်ရသလောက် အသံလုံမန္တန်ဝင်္ကပါများသည်ပင် ထိုပေါက်ကွဲသံကို မတားဆီးနိုင်ပေ။ ဂိုဏ်းသားများ၏ အမျက်ဒေါသများသည် ကြီးမားလာပြီး အကြီးအကဲများပင် ပိုင်ရှောင်ချန်းလုပ်နေသည့်အရာကို ယုံရန်ခက်ခဲနေသည်။
“ပိုင်ရှောင်ချန်းက ဘာတွေကိုဖော်နေလို့ ဆေးပေါင်းဖိုက ပေါက်ကွဲသွားနေရတာလဲ။ ဘ…ဘယ်..ဘယ်လိုဆေးမျိုးကိုများ သူဖော်နေတာလဲ..”
အခြေအနေများက ပြီးဆုံးသွားခြင်းမရှိပေ။ နောက်တစ်လတွင် ပေါက်ကွဲမှုအကြိမ်ရေများပြားလာသည်။ အကြိမ်ဒါဇင်ပေါင်းများစွာ မရေမတွက်နိုင်အောင် နေ့တိုင်းနီးပါးဖြစ်ပျက်နေသောကြောင့် နောက်ဆုံးတွင် မွှေးရနံ့တိမ်တောင်မှ ဂိုဏ်းသားများသည် သည်းမခံနိုင်ကြတော့ဘဲ ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူဆီသို့ မုန်တိုင်းသဖွယ် ဒေါသကိုဖွင့်လျက် ရောက်လာကြတော့သည်။
ပိုင်ရှောင်ချန်းက အလွန်မှားနေသည်ဟု ခံစားရသောကြောင့် ဖြေရှင်းချက်ပေးရန် အလျင်အမြန်ထွက်လာလိုက်သည်။ တစ်ထောင်ကျော်သော ဂိုဏ်းသားအုပ်ကြီးကိုမြင်လိုက်ရသောအခါ သူ၏မျက်နှာသည်အနည်းငယ်ဖြူဖျော့သွားပြီး တဖြည်းဖြည်းချင်းရင်ဘတ်ကိုပုတ်လိုက်ကာ နောက်ထပ်ပေါက်ကွဲမှုမဖြစ်နိုင်တော့ကြောင်း အာမခံလေသည်။ ထိုအခါမှ လူအုပ်ကြီး စိတ်အေးသွားလေသည်။
လူများမရှိတော့သည်ကိုတွေ့သည့်အခါမှ ပိုင်ရှောင်ချန်းသည် တချိန်လုံးမျက်မှောင်ကြုတ်လျက် အင်မော်တယ်ဂူထဲသို့ဝင်သွားလိုက်သည်။ များစွာပျက်စီးနေပြီဖြစ်သော ဆေးဖော်စပ်ခန်းကိုကြည့်လိုက်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက်တခြားဆေးပေါင်းဖိုတစ်လုံးကို ထုတ်လိုက်ကာ အသက်မဲ့စွာ ငေးကြည့်နေတော့သည်။
ရက်အနည်းငယ်အကြာတွင် သူ၏မျက်လုံးများမှာ အရောင်တောက်လာပြီး ပေါင်ကိုရိုက်လိုက်လေသည်။
“ဟုတ်တယ်..။ ငါဆေးပေါင်းဖိုကို အရင်အပူမပေးခဲ့လို့ဘဲ”
စိတ်လှုပ်ရှားစွာဖြင့်သူသည် ထပ်မံ၍ဖော်စပ်ပြန်သည်။ သုံးရက်ကြာပြီးနောက် ညသန်းခေါင်ယံတွင် မွှေးရနံ့တိမ်တောင်ရှိလူများသည် အကြီးအကျယ်ပေါက်ကွဲသံကိုကြားလိုက်ရပြန်သည်။
အတွင်းစည်းဂိုဏ်းသားတစ်ဦးမှာ အလွန်အမင်းကြောက်ရွံ့သွားပြီး မေ့လဲလုနီးပါးဖြစ်သွားသည်။ ဆံပင်များဖရိုဖရဲဖြစ်လျက်သူက အော်ဟစ်လိုက်သည်။
“ပိုင်ရှောင်ချန်း…မင်းကလက်ရွေးစင်ဖြစ်နေရင်တောင်ငါဂရုမစိုက်ဘူး။ငါမင်းကိုအသေ ရိုက်ပစ်မယ်..”
သူတစ်ဦးတည်းသာမဟုတ်ပေ။ မကြာမီတွင် အတွင်းစည်းဂိုဏ်းသားများအားလုံးသည် သူတို့၏ အင်မော်တယ်ဂူမှထွက်လာသည်။ ကျိုးရှင်းချီပင် ပင်ပန်းနွမ်းနယ်နေလျက် ထွက်လာသည်။
ပိုင်ရှောင်ချန်းသည် မြန်မြန်အပြင်ထွက်လာပြီး ပြုံးလျက်တောင်းပန်ကာ နောက်ထပ်မပေါက်ကွဲစေရန်အာမခံနေသည်။ အတွင်းစည်းဂိုဏ်းသားအုပ်က အနည်းငယ်တော့ ငြိမ်သက်သွားကြသည်။ သူတို့သည် သူ၏စိတ်ထားနှင့်ပတ်သက်၍ ဆိုးဆိုးဝါးဝါး မတွေ့ရှိမိချေ။ ထိုကဲ့သို့ပင် နောက်ထပ် အကူအညီတောင်းခံရန်လည်းမဖြစ်နိုင်တော့ပေ။ အကယ်၍ ပိုင်ရှောင်ချန်းသာ သူတို့ကို အနည်းငယ်ဆန့်ကျင်ခဲ့ပါက သူ့ကိုပြင်းပြင်းထန်ထန်ရိုက်နိုင်ကြမည်ဖြစ်သည်။ သို့သော်ယခုတွင် အံကိုကြိတ်ကာ သူပေးသောကတိကိုလက်ခံဖို့သာ တတ်နိုင်တော့သည်။
ခြေကုန်လက်ပန်းကျလျက် ပိုင်ရှောင်ချန်းသည် သူ၏အင်မော်တယ်ဂူဆီသို့ ပြန်လာသည်။ သူသည် ငိုချင်နေပါသော်လည်း မျက်ရည်များကထွက်မလာပေ။ သူ၏အိပ်မက်ကို အကောင်အထည်ဖော်ရသည်မှာ ခက်ခဲသည့်အရာဖြစ်ကြောင်းသိရှိ၍လာသည်။
“ငါက လက်လျှော့အရှုံးပေးတဲ့သူမဟုတ်ဘူးကွ..” ဟုတွေးလိုက်သည်။ အံကိုကြိတ်လျက် လတစ်ဝက် ခန့်လေ့လာထားသော နောက်ထပ်ဆေးပေါင်းဖိုတစ်လုံးကို ထုတ်လိုက်သည်။ နောက်ဆုံးအနေဖြင့် အခြေအနေအားလုံးကိုဆန်းစစ်လိုက်ပြီးနောက် ပြဿနာကိုဖော်ထုတ်နိုင်ပြီးကြောင်းသေချာသွားလေသည်။
“မြေမီးတောက်…အဲ့တာကသေချာပေါက် မြေမီးတောက်ဘဲ” မျက်လုံးများရဲရဲနီလျက် နောက်တစ်ကြိမ်ထပ်၍ဖော်စပ်ပြန်သည်။ ငါးရက်ကြာပြီးနောက် အရုဏ်တက်ချိန်တွင် ပေါက်ကွဲသံကြီးကိုကြားလိုက်ရပြန်သည်။ ထိုပေါက်ကွဲသံကြီးသည် အလွန်ကျယ်လောင်ကာ လီချင်းဟောက်ကိုပါတုန်လှုပ်သွားစေပြီး ခရမ်းဒယ်အိုးတောင်နှင့်မြစိမ်းတောင်မှပင် ကြားနိုင်လေသည်။
ပိုင်ရှောင်ချန်း၏အင်မော်ဂူအနီးနား၌နေထိုင်သော အတွင်းစည်းဂိုဏ်းသားများ အထူးသဖြင့် ကျိုးရှင်းချီမှာ အံ့သြလွန်း၍ဆွံ့အနေသည်။ လူများအားလုံးမှာ ရူးတော့မတတ်ခံစားနေရ၏။
အကြီးအကဲကျိုး၏ငှက်ကြီး များသည်ပင် စူးရှစွာအော်မြည်နေပြီး ကြောက်ရွံ့လွန်းသဖြင့်အမွှေးအတောင်များ ကျွတ်ကျကုန်သည်။ ဝိညာဥ်အမြီးကြက်များကလည်း တုန်လှုပ်နေပြီး ပါးစပ်အတွင်းမှအမြှုပ်များထွက်နေကြကာ မရေမတွက်နိုင်သော အတွင်းစည်းဂိုဏ်းသားများမှာလည်း သတိမမေ့စေရန် ကြိုးစားရုန်းကန်လိုက်ရသည်။
မြေမီးတောက်ပေါက်ကွဲခြင်းသည် ပိုင်ရှောင်ချန်း၏ဂူရှိ မန္တန်ဝင်္ကပါများကို အသက်ဝင်စေပြီး မွှေးရနံ့တိမ်တောင်၏ ကြီးကျယ်သောမန္တန်ဝင်္ကပါများကိုပါ သက်ရောက်သွားစေသည်။ ပိုင်ရှောင်ချန်းသည် ကျိုးပဲ့နေသည့်ကျောက်ပုံများကြားမှ တွားပြီးတက်လာသည်။ သူ့တစ်ကိုယ်လုံး မည်းတူးနေပြီး အရမ်းကိုစိတ်လှုပ်ရှားနေသည်။ နောက်ဆုံးတွင် ပြဿနာအရင်းအမြစ်ကို သူသိသွားသည်မှာ သေချာသည်။
“ဒါမြေမီးတောက်ကြောင့်မဟုတ်ဘူး။ ဒါက အပြန်အလှန် ကြီးမားလာခြင်း နဲ့ ဖိနှိပ်ခြင်း ကြောင့်ဘဲ။ အဲဒါတွေကနေ ကြိုတင်မမြင်နိုင်တဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေတာဘဲ။ အဆင့်သုံးစိတ်စွမ်းအင်ဆေးလုံး….တွေကို စိတ်ထဲကအပြန်အလှန် ကြီးမားလာခြင်း နဲ့ ဖိနှိပ်ခြင်းကိုသုံးပြီး ဖော်စပ်မှရမယ်။”
မွှေးရနံ့တိမ်တောင်မှလူများအားလုံး အကြီးအကဲများမှသည် အပြင်စည်းဂိုဏ်းသားများအထိ ပိုင်ရှောင်ချန်း၏ဂူဆီသို့ ဒေါသထွက်လျက် အဆောတလျင်လာနေကြပြီး လိုအပ်ပါကကျောက်ခဲဖြင့်ပစ်ရန် ကျောက်တုံးများကိုလည်းလက်ထဲတွင်ကိုင်ထားကြသည်။ ထိုကဲ့သို့ ဒေါသထွက်နေသောလူအုပ်ကို ရင်ဆိုင်ရသည့်အခါ ပိုင်ရှောင်ချန်း၏ ရင်ဘတ်သည် တလျှပ်လျှပ်ဖြင့် ပြင်းထန်စွာ တုန်နေတော့သည်။
“ငါ..အာမခံပါ….” သို့သော် သူပြီးဆုံးအောင်မပြောရသေးမီ လူအုပ်သည် ကျောက်တုံးများဖြင့် ပစ်ကြလေသည်။ ဂိုဏ်းသားတစ်ယောက်အတွက် မှော်ပညာရပ်ဖြင့် တိုက်ခိုက်ခြင်းကို တားမြစ်ထားသော်လည်း ကျောက်ခဲဖြင့်ပစ်ခြင်းကိုမူ တားမြစ်ထားခြင်းမရှိပေ။
“အသက်ကို ဖက်နဲ့ထုပ်ထား..”
အမျက်ဒေါသများတောက်လောင်ခြင်းဖြင့် လောင်စာဖြည့်ထားသည့် မရေမတွက်နိုင်သော ကျောက်တုံးများသည် ပိုင်ရှောင်ချန်း အနီးသို့ရောက်လာတော့သည်။
Up