အခန်း ( ၁၀၃ )

ဂိုဏ်းအတွက် တာဝန်ထမ်းဆောင်ချင်တယ် ဆိုမှကွာ

မြေရိုင်းမြက်တောင် ထဲတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသား အများကြီးမရှိပေ။ ဒါဇင်အနည်းငယ်မျှသာ ရှိသည်။ ထိုနေရာတစ်ဝိုက်တွင် အခြေခိုင်မာခြင်းအဆင့် သားရဲများ များများစားစားမရှိသော်လည်း အတွင်းစည်းဂိုဏ်းသားများအတွက်ပင်လျှင် အန္တရာယ်များသော နေရာတစ်ခုဖြစ်သည်။

မိမိကိုယ်ကို အင်မတန်အစွမ်းအစရှိသည်ဟု လက်ခံထားသော လူများသာ ထိုနေရာသို့ သွားရဲကြခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းက သတိပေးသံများလှန်းအော်သောအခါ အချို့ဂိုဏ်းသားများမှာ ပြန်လည်တုံ့ပြန်ကြပြီး သူ၏အကြံပေးချက်ကို လက်ခံကြလေသည်။ သူတို့က သူတောင်းပန်သည့်အနေအဖြစ် ပေးသော လက်ဆောင်များကိုလက်ခံကာ ထွက်ခွာသွားကြစမြဲဖြစ်သည်။ သို့သော်လည်း ခေါင်းမာသောလူအချို့ကမူ သူက အကူအညီတောင်းလို၍ အော်ဟစ်နေခြင်းသာ ဖြစ်မည်ဟု ယူဆကြပြီး သူ့အသံကို မကြားသလိုပင် ဟန်ဆောင်ကြလေသည်။ အချို့ဆိုလျှင် သူသေသွားပါက သူ၏ ထည့်စရာအိတ်ကို သွားကောက်လိုက်မည်ဟုပင် တွေးထားကြသည်။

သူတို့က လုပ်နေသည့်အလုပ်ကို ဆက်လုပ်ကာ ထိုအကြောင်းကို ဆက်မတွေးကြပေ။ သို့သော်လည်း မကြာမီတွင် သားရဲများက ထူးထူးဆန်းဆန်းဖြစ်ကာ စိတ်ဆတ်၍ ရူးနှမ်းလာကြောင်းကို သူတို့က သတိထားမိတော့သည်။

ရှန်ကွမ်းထျန်ယုံသည် မြေရိုင်းမြက်တောင် ထဲတွင်ရောက်နေသည်ဖြစ်ပြီး ပိုင်ရှောင်ချန်း၏ အော်သံကိုကြားလိုက်ရသောအခါ သူ၏မျက်လုံးများမှာ အရောင်လက်သွားပြီး သူ့ကို လျစ်လျူရှုလိုက်လေသည်။ သူသည် ပိုင်ရှောင်ချန်းနှင့် တူညီသော တာဝန်ဖြစ်သည့် အသက်သူခိုးကောင်များ ကို လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအချိန်တွင် ချီစုစည်းမှုအဆင့်ခြောက်ရှိသော ဝက်ဝံကြီးတစ်ကောင်က သစ်ပင်တစ်ပင်ကို ဖက်တွယ်ကာ ဆက်တိုက် တက်ဆောင့်နေသည်ကို မြင်လိုက်ရသဖြင့် သူ အံ့အားသင့်သွားတော့သည်။

ယခုလိုအရာမျိုးကို မြင်ရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ မကြာသေးမီက ယုန်တစ်ကောင်က ရူးသွပ်မှုအပြည့်နှင့် သူ့အား ချုံခိုတိုက်ခိုက်ခဲ့သည်ကို သူကြုံထားပြီးဖြစ်သည်။ ဤ အခြေအနေကို ရင်းရင်းနှီးနှီး မြင်ဖူးနေကြောင်း သူရိပ်မိလိုက်သောအခါ သူ၏ ဦးရေပြားများမှာ ထုံထိုင်းသွားတော့သည်။

” ဒီနေရာက တစ်ခုခုတော့ လွဲနေပြီ။ မြေရိုင်းမြက်တောင် ထဲမှာ ဘာတွေများ ပြောင်းလဲသွားတာတုံး။” သူက အတွေးများနှင့် ချာချာလည်နေတော့သည်။ ထို့နောက် သူက ပိုင်ရှောင်ချန်း၏ ကာမအားတိုးဆေးအကြောင်းကို ပြန်တွေးမိသွားသောအခါ ရင်တုန်သွားရတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက သူ၏ထည့်စရာအိတ်ထဲတွင် အသက်သူခိုးကောင် အမြူတေ သုံးဆယ်ကျော် စုမိနေပြီ ဖြစ်ပြီး ကာမအားတိုးဆေးများသုံးကာ ဆက်လက် အလုပ်ရှုပ်နေဆဲပင်ဖြစ်သည်။ လတစ်ဝက်ခန့်ကြာသောအခါ လေပြင်းများတိုက်ခတ်နေသည့် တောင်အတွင်းပိုင်းထဲတွင် အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန်ရှိသော တောင်ကြားတစ်ခုကို မြင်လိုက်ရ၍ သူက အပျော်လွန်သွားတော့သည်။

ထို တောင်ကြားသည် လေများကို စုပ်ယူကာ ထိုလေများကို မြေရိုင်းမြက်တောင် ၏ နေရာအများစုကို ပြန်လည် တိုက်ခတ်စေခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်း၏ တွက်ချက်မှုများအရဆိုလျှင် ထိုတောင်ကြားရှိလေများက မြေရိုင်းမြက်တောင်၏ တစ်ဝက်နီးပါးသို့ ပျံ့နှံ့သွားရန် သုံးရက်သာ လိုအပ်သည်။ တိုက်ခတ်နေသည့်လေမှာ ပြန်းထန်လွန်းလှသဖြင့် မတ်တပ်ရပ်ထားပါက ဟန်ချက်မပျက်အောင် အသက်ရှူကြိမ်တစ်ကြိမ်ခန့်သာ တောင့်ခံနိုင်သည်။ သူ၏အတွေးထဲတွင် ဤနေရာမှာသူနှင့် ရေစက်ကြောင့် လာဆုံနေခြင်းဖြစ်မည်ဟု ချက်ချင်းပင် ယူဆလိုက်တော့သည်။

ဆံနွယ်များမှာ လေထဲတွင် လွင့်နေရင်း သူက လေထွက်လာသောနေရာကို ငုံ့ကြည့်ကာ ရေရွတ်လိုက်သည်။
” ဆေးမှုန့်တွေကို တောင်တစ်ခွင်လုံး ဖြန့်ဖြူးဖို့က ဒီနေရာက အကောင်းဆုံးပဲ။ တခြား ရောင်းရင်းဂိုဏ်းသားတွေလည်း ဒီမှာမရှိလောက်ပါဘူး။ ငါ့စိတ်ကြိုက် စုဆောင်းလို့ရပြီကွ။”
ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားစပြုလာပြီ ဖြစ်သည်။ သူ၏ ရောင်းရင်းဂိုဏ်းသားများကို တစ်ခုခုမဖြစ်စေရန်အတွက် အမြုတေ ဆယ်ခုခန့်ထုတ်ပေးကာ နစ်နာကြေး ပေးခဲ့ပြီးသားဖြစ်သည်။ သို့သော်လည်း ထိုသို့ ပေးရသည်ကို သူက နောင်တမရပေ။ ထို့ထက်ပို၍ ထပ်ရနိုင်မည်ဟု သူယုံကြည်ထားသည်။ ဝင်လာမစဲ တသဲသဲဖြစ်နေမည့် စွမ်းဆောင်မှုရမှတ်များကိုပင် သူက မြင်ယောင်နေတော့သည် ။

အသက်ပြင်းပြင်းရှူလိုက်ပြီး သူကကျန်သမျှ ကာမအားတိုးဆေး အကုန်ကိုထုတ်ကာ ချေမွလိုက်လေသည်။ ကြမ်းတမ်းစွာတိုက်ခတ်နေသော လေပြင်းက ထိုဆေးမှုန့်များကို မြေရိုင်းမြက်တောင် ၏ ကျန်နေရာများဆီသို့ ခေါ်ဆောင်သွားလေတော့သည်။

ပိုင်ရှောင်ချန်းကမူ သူရဲကောင်းဆန်ဆန်အတွေးဖြင့် အနီးရှိ တောင်ထိပ်တစ်ခုပေါ်တွင်ရပ်ကာ အောက်ဖက်ရှိ သစ်တောကြီးကို ဂုဏ်ယူစွာဖြင့် ငုံ့ကြည့်နေတော့သည်။

” ပိုင်ရှောင်ချန်းဆိုတဲ့ငါက ပင်ပင်ပန်းပန်း အလုပ်ကြိုးစားပြီး မြေရိုင်းမြက်တောင် ကို အကျိုးဖြစ်ထွန်းအောင် လုပ်ပေးနေတာ။ လာမဲ့နှစ်တွေမှာ မွေးလာမဲ့ တိရစ္ဆာန်အရေအတွက်ကို စိတ်ကူးနဲ့ပဲ ခန့်မှန်းလို့ရတော့မယ်……တော်တော် ကြည်ညိုဖွယ်ကောင်းတဲ့ လုပ်ရပ်တစ်ခုပါလားကွာ….”

တောထဲမှ အူသံများထွက်ပေါ်လာသောအခါ သူက သက်ပြင်းချလိုက်တော့သည်။ အူသံများမှာ ပိုပိုထွက်လာပြီး လေထုထဲတွင် အပြည့်ဖြစ်သွားတော့သည်။ တစ်ရက်အတွင်းတွင် မြေရိုင်းမြက်တောင် ၏ နှစ်ဆယ်ရာခိုင်နှုန်းခန့်ကို ဖုံးအုပ်ပြီးသားဖြစ်သွားသည်။ အော်ဟစ်သံများမှာ တုန်လှုပ်ဖွယ်ကောင်းလှပေသည်။ နောက်သုံးရက်အကြာတွင် မြေရိုင်းမြက်တောင် ၏ တစ်ဝက်ခန့်ရှိ သားရဲများမှာ ရူးသွပ်နေကြပြီ ဖြစ်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက လေပေါ်တွင် လှည်လည်ပျံသန်းကာ ကာမစိတ်ရွှင်ဆေးများကို မကြာခဏ ကျဲကာ အနီးအနားရှိ သားရဲများကို မြူဆွယ်နေတော့သည်။ တစ်ချိန်ထဲမှာပင် သူက အသက်သူခိုး အမြုတေများကို ပို၍ စုမိလာတော့သည်။

သူက အရာရာတိုင်းကို အလွန်ကျေနပ်လေသည်။ အမြုတေအများကြီး စုဆောင်းမိရုံသာမက မြေရိုင်းမြက်တောင် ထဲရှိ သတ္တဝါအားလုံးဆီသို့ သူက ပျော်ရွှင်မှုများကို ဆောင်ကျဥ်းပေးနေခြင်းပင် မဟုတ်ပါလော။ တိရစ္ဆာန်များစွာ တစ်ကောင်ပေါ်တစ်ကောင် ခုန်အုပ်နေသည်ကို မြင်လိုက်ရသောအခါ ငါပတ်ဝန်းကျင်ကို တော်တော် အကျိုးပြုနေပါလားဟု တွေးကာ သူ ပျော်ရွှင်နေတော့သည်။

” ငါက လူကောင်းတစ်ယောက်ပါလား။ ဒီတောင်ထဲက သားရဲတွေ နောက်ဆို ငါ့ကို ကျေးဇူးတွေတင်နေတော့မှာ သေချာတယ် ” ထိုသို့ တွေးရင်း သူကဆက်လက်ပျံဝဲကာ ကာမစိတ်ရွှင်ဆေးများကို တစ်လမ်းလုံး ကျဲလာလေသည်။

စောစောက သူ၏ အော်သံများကို လျစ်လျူရှုခဲ့သော ဂိုဏ်းသားအချို့ရှိသည်။ တိရစ္ဆာန် များ၏ ရူးနှမ်းနေပုံကို မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများမှာ ပြူးနေတော့သည်။ တိရစ္ဆာန်များ တစ်ကောင်နှင့်တစ်ကောင် ခုန်အုပ်နေသည့် မြင်ကွင်းများကြောင့် ဂိုဏ်းသားများမှာ မှင်တက်နေတော့သည်။

” ဘာ….ဘာတွေဖြစ်နေကြတာလဲ။”

” ဒီ… ဒီမြင်ကွင်းကို ဘာလို့ရင်းရင်းနှီးနှီး မြင်ဖူးနေရတာလဲ။” အစရှိသော အတွေးများဖြင့် ဂိုက်းသားများက ကြောက်ရွံ့နေကြပြီး အလန့်တကြားထွက်ပြေး ကုန်ကြလေသည်။

” ပိုင်ရှောင်ချန်းးးးးးး ” ရှန်ကွမ်းထျန်ယုံသည် ဒေါသအကြီးအကျယ်ထွက်ကာ အနီးအနားရှိ သားရဲများကို အစွမ်းကုန်သုံး၍ သတ်ဖြတ်ကာ ပျံထွက်သွားတော့သည်။ ပေဟန်လဲ့ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိလိုက်သောအခါ သူ၏နှလုံးသားမှာ အကြောက်တရားများ စိုးမိုးသွားပြီး အသားများ တဆတ်ဆတ် တုန်လာတော့သည်။

သို့သော်လည်း မြေရိုင်းမြက်တောင် ၏အတွင်းပိုင်းထဲသို့ ရောက်နေသော ကံမကောင်းသည့် လူတစ်အုပ်မှာမူ ထွက်ပြေးရသည်မှာ မလွယ်ကူခဲ့ပေ။ ထိုနေရာရှိ သားရဲများမှာ အထိန်းအကွပ်မဲ့စွာ ရူးသွပ်နေပြီဖြစ်၍ ပို၍ပင်ဆိုးလေတော့သည်။

ပိုင်ရှောင်ချန်းကမူ ပျံသန်းရင်း ကာမစိတ်ရွှင်ဆေးများ ကျဲနေရသည်ကို အပျော်ကြီးပျော်နေတော့သည်။ သားရဲများစွာကို မြူဆွယ်ခဲ့နိုင်သည်ဖြစ်၍ အသက်သူခိုးကောင်အမြုတေ အမြောက်အမြားကို စုဆောင်းမိနေပြီဖြစ်သည်။ လဝက်ကြာ၍ မြေရိုင်းမြက်တောင် ထဲမှ ထွက်ခွာပြီးသောအခါ သူ၏ထည့်စရာအိတ်ထဲတွင် အမြုတေ နှစ်ရာခန့် ရှိနေပြီဖြစ်သည်။

ထိုအခါမှ သူက စိတ်ကျေနပ်သွားပြီး ဂိုဏ်းသို့ ပြန်သွားတော့သည်။

သူထွက်ခွာသွားပြီး ရက်အနည်းငယ်အကြာတွင် ရှန်ကွမ်းထျန်ယုံနှင့် အခြားဂိုဏ်းသားများ ပေါ်ထွက်လာတော့သည်။ သူတို့၏မျက်နှာများမှာ သွေးပျက်ကာ ဖြူရော်နေကြပြီး ခါးသီးသောအမူအရာများဖြစ်နေတော့သည်။ သူတို့၏ ဆံပင်များမှာလည်း ရှုပ်ပွနေသည်။ သူတို့အားလုံး၏အခြေအနေက လုံးဝဆိုးဝါးနေပြီး မျက်နှာများမှာ အသက်မဲ့နေကြသည်။ ထို့နောက် သူတို့က ခေါင်းကိုနောက်ပစ်၍ ခါးသီးစွာ ဝေဒနာခံစားနေရသည့်အလား ညည်းညူနေကြသည်။

တောင်ထဲမှာ ဖြစ်ပျက်သွားသောအရာမှာ သူတို့အတွက် လုံးဝထူးဆန်းသောအရာတစ်ခု ဖြစ်ခဲ့သည်။

ဂိုဏ်းသို့ပြန်လာပြီးနောက် ပိုင်ရှောင်ချန်းက စီမံရေးရာအဆောင်သို့ တန်းပြေးသွားလေသည်။ ထိုနေရာတွင်ရှိသော ဂိုဏ်းသားများက အသက်သူခိုးကောင် အမြုတေ နှစ်ရာကျော်အပ်သည်ကို မြင်သောအခါ မျက်လုံးများ ကျွတ်ထွက်လုမတတ်ဖြစ်သွားတော့သည်။ ထိုအမြုတေများကို မယုံသင်္ကါ စစ်ဆေးပြီးနောက် သူတို့က ပိုင်ရှောင်ချန်းကို အထိတ်တလန့်နှင့် ကြည့်နေကြသည်။

လွန်ခဲ့သောနှစ်များစွာမှစ၍ ယခုအထိ အသက်သူခိုးကောင် အမြုတေ တာဝန်များက တစ်ကြိမ်တွင် တစ်ခေါက်သာဖြစ်သော်လည်း မကြာခဏပေါ်လာလေ့ရှိသည်။ ပုံမှန်ဆိုလျှင် အမြုတေဆယ်ခုလောက်စုဆောင်းမိနိုင်ရန် ဂိုဏ်းသားတစ်ယောက်က တစ်နှစ်လုံးအချိန်ပေးရမည်ဖြစ်သည်။

သို့သော်လည်း လအနည်းငယ်အတွင်းတွင်မူ ပိုင်ရှောင်ချန်းက မည်သူမှ မထင်မှတ်ထားသော ပမာဏကို စုဆောင်းမိနေပြီဖြစ်သည်။

” ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေး၊ ဂုဏ်ထူးဆောင်ဂိုဏ်းသား၊ လက်ရွေးစင်တိုက်ပွဲတွေရဲ့ ပထမရရှိသူ ဆိုတဲ့ ဘွဲ့တွေနဲ့ ထိုက်တန်ပါပေတယ် ” အခြား အတွင်းစည်းဂိုဏ်းသားများက ပိုင်ရှောင်ချန်းကို အားကျသော အကြည့်များဖြင့် ကြည့်ကာ တွေးတောနေကြသည်။ ပစ္စည်း အကုန်အပ်ပြီးသောအခါ သူက စွမ်းဆောင်မှုရမှတ် ၂သိန်းအထိ စုဆောင်းပြီးသွားပြီ ဖြစ်သည်။ သူက စိတ်မဝင်စားသည့်ပုံစံ ဟန်ဆောင်ရန် ပြင်လိုက်ပါသော်လည်း သူ့ကိုယ်သူ ဂုဏ်ယူနေသည့် အမူအရာကို မည်သည့်နည်းနှင့်မျှ ဖုံးကွယ်၍ မရပေ။

ထို ကိစ္စကြောင့် တောင်ဘက်ခြမ်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။ တစ်ချီထဲနှင့် စွမ်းဆောင်မှုရမှတ် နှစ်သိန်းစုမိသော လူရှိသည်ဟုပြောလျှင် မည်သူမှ ယုံကြည်မည်မဟုတ်။ သို့သော်လည်း ပိုင်ရှောင်ချန်းက အခြားဂိုဏ်းသားများကို မြေရိုင်းမြက်တောင် မှ ထွက်ခွာခိုင်းခဲ့သည်ဆိုသော သတင်းများက ပျံ့နှံ့သွားပြီး တောင်ဘက်ခြမ်း၏ တောင်သုံးတောင်လုံးက ထိုအကြောင်း သိသွားကြတော့သည်။

” ဘယ်လိုတောင် လူမဆန်ရတာလဲဟ။”

” ရူးလိုက်တာ။ မြေရိုင်းမြက်တောင်ရဲ့ တစ်ဝက်လောက်ကို သူက ကာမအားတိုးဆေးတွေ ပတ်ပြီး ကျဲထားတာပေါ့။”

” ငါတို့တွေ အဲ့ထဲဝင်ဖို့ နောက်နှစ် အကြာကြီး စောင့်ရတော့မယ် ”

ထိုငြင်းခုံဆွေးနွေးသံများက ကျယ်လောင်လာသောအခါ ရှန်ကွမ်းထျန်ယုံ နှင့် အခြားကို့ရို့ကားယားဖြစ်နေသော ဂိုဏ်းသားများက ဂိုဏ်းထဲသို့ ပြန်ရောက်လာကြတော့သည်။ ပိုင်ရှောင်ချန်းကြောင့် ဤကိစ္စဖြစ်ရကြောင်း ရှန်ကွမ်းထျန်ယုံက သိသဖြင့် ထိုရလဒ်များကို သူက အံ့သြမနေပေ။ သို့သော်လည်း အခြားဂိုဏ်းသားများက ဖြစ်ကြောင်းကုန်စင် သိသွားသောအခါ အသံကုန်အော်ဟစ်နေကြတော့သည်။ သို့ရာတွင် ပိုင်ရှောင်ချန်းကို သူတို့က ဘာမှပြန်မလုပ်နိုင်ပေ။ သူက အကြိမ်ကြိမ် သတိပေးခဲ့သည်ကို သူတို့ကကြားခဲ့ပါသော်လည်း လျစ်လျှူရှုခဲ့ကြသည် မဟုတ်ပါလော။ ယခုတွင်မူ သူတို့၏ လုပ်ရပ််များကို နောင်တရနေကြတော့သည်။ သူတို့သာ အနည်းငယ်ပြန်တုံ့ပြန်ခဲ့ပါက ကံကြမ္မာဆိုးကြီးတစ်ခုကို ရှောင်ရှားနိုင်ခဲ့မည် ဖြစ်လေသည်။

ပိုင်ရှောင်ချန်းကမူ ထိုရလဒ်များကို အလွန်အမင်းကျေနပ်နေသည်။ နောက်ရက်များတွင်လည်း သူက စီမံရေးရာအဆောင်သို့ မကြာခဏသွားကာ သားရဲများထဲမှ ပစ္စည်းများစုဆောင်းရသည့် တာဝန်များကို သွား၍ ရွေးချယ်လေသည်။

သူ့ပုံစံမှာ တာဝန်စွဲလမ်းနေသည့် အတိုင်းပင်။ တာဝန်တစ်ခုပြီးတိုင်းပြီးတိုင်း သူက ဆေးတစ်သုတ်ဖော်စပ်ကာ ပြန်ပြန်ထွက်သွားလေသည်။ အကြိမ်တိုင်း အကြိမ်တိုင်း အခြားဂိုဏ်းသားများမှာ သူ့ကြောင့် စိတ်တိုနေစမြဲ ဖြစ်သည်။ ထိုဂိုဏ်းသားများမှာ တာဝန် ထမ်းဆောင်နေသည်ဖြစ်စေ မထမ်းဆောင်နေဖြစ်စေ ဘာမှမထူးပေ။ အဆုံးတွင် ပိုင်ရှောင်ချန်း တာဝန်ထမ်းဆောင်ရန်သွားခဲ့သောနေရာကို အချိန်အနည်းငယ်ကြာအောင်ထိ ရှောင်ရှားရ စမြဲပင်ဖြစ်သည်။

ထိုနေရာများမှာ အန္တာရာယ်များလွန်းလှသည် မဟုတ်ပါလော….

တိမ်လွှာထိပ်တောင်၊ ရေခဲသစ်တောတောင်၊ သစ္စာတောင်၊ အရှေ့သစ်ဆုံးတောင် အစရှိသဖြင့် တောင်တိုင်းမှာ ပိုင်ရှောင်ချန်း၏ ခြေရာများ ကျန်ခဲ့လေတော့သည်။

တစ်နှစ်ပတ်လုံး ပိုင်ရှောင်ချန်းက တာဝန်များကို အရူးအမူးထမ်းဆောင်နေတော့သည်။ သားရဲများနှင့်ပတ်သတ်သော တာဝန်များကို သူက အကုန် သိမ်းကျုံးလုပ်ကာ အများအပြားလည်း စုဆောင်းမိလေသည်။ အကြိမ်တိုင်း အကြိမ်တိုင်း စီမံရေးရာအဆောင်က အံ့အားသင့်၍ ကျန်ခဲ့ရစမြဲပင်။ တချိန်ထဲမှာပင် မရေမတွက်နိုင်သော အတွင်းစည်းဂိုဏ်းသားများကလည်း ရူးမတတ် စိတ်တိုနေကြတော့သည်။

အဆုံးတွင် သူက မွှေးရနံ့တိမ်တောင်ပေါ်ရှိ သားရဲနှင့်ပတ်သတ်သော တာဝန်အကုန်လုံးကို ထမ်းဆောင်ပြီးသွားသဖြင့် မြစိမ်းတောင်နှင့် ခရမ်းဒယ်အိုးတောင်သို့ ဆက်သွားလေသည်။ ထိုနေရာများတွင်ရှိသော တာဝန်များကို ဆက်လက်ထမ်းဆောင်နေသည့်အတွက် မကြာမီ ထိုဂိုဏ်းသားများက သူ့ကို တာဝန်မုဆိုး တစ်ယောက်ဖြစ်ကြောင်း သိသွားကြတော့သည်။

အဆုံးတွင် တောင်ဘက်ခြမ်း၏ အတွင်းစည်းဂိုဏ်းသားများမှာ လုံးဝကို မျှော်လင့်ချက် ကင်းမဲ့ကုန်ကြတော့သည်။ ဂိုဏ်းနားရှိတောင်တန်းများမှာ လိင်စိတ်ကြွနေသော သားရဲကောင်များစွာဖြင့် ပြည့်နှက်နေသဖြင့် ဝင်ရောက်ရန် မလုံခြုံတော့ပေ။

အခြား ရွေးချယ်စရာမရှိတော့သဖြင့် တောင်သုံးတောင်မှ အတွင်းစည်းဂိုဏ်းသား ရာကျော်က ဂိုဏ်းကို အသနားခံစာတင်၍ ပိုင်ရှောင်ချန်းကို တာဝန်ထမ်းဆောင်ခွင့်မပေးရန် တောင်းဆိုကြလေသည်။

လီချင်းဟောက်ကမူ ဝင်မစွက်ဖက်လိုပေ။ ဂိုဏ်းအတွက် ပိုင်ရှောင်ချန်းတစ်ယောက် စိတ်အားထက်သန်စွာ တာဝန်ထမ်းဆောင်သည်မှာ ခပ်ရှားရှားပင်။ ထိုကိစ္စကြောင့် ဂိုဏ်းခေါင်းဆောင်မှာ ခေါင်းခဲနေရတော့သည်။ ပိုင်ရှောင်ချန်း တစ်ယောက် ဂိုဏ်းဝင်ပြီးထဲက ယခုလိုမျိုးခေါင်းခဲစရာများ မကြာခဏဖြစ်နေရသည်ကို သူ သတိထားမိလာတော့သည်။ ပိုင်ရှောင်ချန်း၏ အမည်ကိုကြားလိုက်တိုင်း သူ့မှာ အလိုလိုပင် သက်ပြင်းချနေရသည်။

” သူအလုပ်ကြိုးစားမနေတာကမှ ပိုကောင်းပါသေးတယ်ကွာ။ သူတစ်ခုခုကို အတည်လုပ်တာနဲ့ တကယ်ကိုကွာ…..ဟူး…… ပိုင်ရှောင်ချန်းက ဘာတာဝန်လုပ်လုပ် ပြဿနာက တက်နေတော့တာပဲ။”

” သူက ဆေးဖော်စပ်ချင်တာမလား။ အဲ့တာဆို ဆေးဖော်စပ်နေလေကွာ။ သူပြဿနာမရှာသ၍ ဂိုဏ်းက သူ့ကို စွမ်းဆောင်မှုရမှတ်တွေ ထောက်ပံ့ပေးမယ်ကွာ။”

ထိုအသနားခံစာပေါ်ရှိ ထောက်ခံလက်မှတ်များမှာ အယောက်တစ်ရာကျော်မှ တစ်ထောင်ကျော်ထိဖြစ်သွားသောအခါ ဂိုဏ်းခေါင်းဆောင်က အံကြိတ်ကာ လီချင်းဟောက်နှင့် ထိုကိစ္စအကြောင်း ဆွေးနွေးရတော့သည်။ အဆုံးတွင် ပိုင်ရှောင်ချန်းကို တာဝန်မထမ်းဆောင်ရန် နောက်ဆယ်နှစ်တိတိ ပိတ်ပင်တားမြစ်လိုက်တော့သည်။

ဂိုဏ်း၏တာဝန်များကို ထမ်းဆောင်စရာမလိုပဲ စွမ်းဆောင်မှုရမှတ် အများအပြားရရှိမည့်လူမှာ ဂိုဏ်းတွင် သူတစ်ယောက်သာရှိပေသည်။

ပိုင်ရှောင်ချန်းကမူ ထိုအခြေအနေကို သိပ်မကျေနပ်ချေ။ သူက စီမံရေးရာအဆောင်တွင် တာဝန်များကို ရှာဖွေနေသည်ဖြစ်ပြီး သင့်တော်သောတာဝန်တစ်ခုတွေ့လိုက်သဖြင့် ယူမည်ပြင်လိုက်ချိန်တွင် အသိပေးစာကို ဖတ်လိုက်ရခြင်းဖြစ်၍ သူ့မှာ ကြောင်နေတော့သည်။

” ဘာလဲဟ။ ငါက ဂိုဏ်းအတွက် အလုပ်အကျွေးပြုချင်တာလေ။ ငါအလုပ်ကြိုးစားချင်နေတာကိုကွာ။ ဒါတော်တော် အဓိပ္ပါယ် မရှိတာပဲ။ ” စီမံရေးရာအဆောင်ရှိ ဂိုဏ်းသားများ၏ တည်ကြည်သော အကြည့်များအောက်တွင် သူက သက်ပြင်းချကာ မေးငေါ့ပြီး အင်္ကျီလက်ကို ခါယမ်းလိုက်လေသည်။

” ငါလက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ စီမံရေးရာအဆောင်တစ်ခုလုံး ပြာကျသွားတော့တာပဲ ” သူက ခေါင်းခါရင်း သက်ပြင်းချကာ ရေရွတ်လိုက်လေသည်။ ထို့နောက် အထီးကျန်ဆန်သောအမူအရာဖြင့် အဝေးသို့ထွက်ခွာသွားလေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset