“ဒါ နဂါးတစ်ကောင် မွေးဖွားလာခြင်းပဲ”
လီတောက်ချန် ရုတ်တရက် ကြောက်လန့်ဟန် ပေါ်လာသည်။ နဂါးတစ်ကောင် မွေးဖွားလာခြင်းသည် နဂါး အမဲလိုက်သော ကျင့်စဉ်တစ်ခု ဖြစ်သည်။ ၎င်းသည် ယခင် နဂါးသခင်၏ အစစ်အမှန် အမွေအနှစ် ဖြစ်လေသည်။ ၎င်းသည် အရပ်မျက်နှာ ဆယ်ခုမှ အရာအားလုံးကို သတ်နိုင်စွမ်း ရှိပြီး မ်သူမှ မယှဉ်နိုင်ချေ။
“ဒါ ဒဏ္ဍာရီလာ နဂါးအမဲလိုက်ခြင်း ကျင့်စဉ်ပဲ၊ ဒီလို မှော်ဆန်တဲ့ ကျင့်စဉ်ကို ငါ့ဘဝမှာ မြင်ရလိမ့်မယ်လို့ ထင်မထားမိဘူး”
ရတနာ အကဲဖြတ်သူများသည် လေးစားဟန်များ ပေါ်လာသည်။ အင်မော်တယ် ကျင့်စဉ်မျိုး ဖြစ်သော ဤကျင့်စဉ်က အလွန်အမင်း အစွမ်းထက်မည်မှာ သံသယ ဝင်စရာ မရှိချေ။
“ယဲ့ဖန် ပြေးတော့၊ ဝေးဝေးပြေးတော့”
လီဝေ့ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ ဤနေရာက ပိုပို၍ လှုပ်ခါလာသဖြင့် ကပ်ဆိုးတစ်ခု ဖြစ်ပေါ် လာပေတော့မည်။
ဝူရှင်းထျန်း ဘာလုပ်မလဲ သူမ မသိသော်လည်း ပြင်းထန်၍ ကြောက်လန့်ဖွယ်ကောင်းသော ငလျင်က လူတိုင်းကို တုန်လှုပ်သွားအောင် လုပ်နိုင်ပေသည်။ သို့သော် ယဲ့ဖန်က လှုပ်ရှားခြင်း မရှိချေ။
“ဟေ့ကောင် မင်း ကြောက်နေပြီလား၊ ဒါ အဘိုးဝူကို ရန်စရင် ဘာဖြစ်မလဲဆိုတဲ့ သက်သေပဲ၊ မင်း အလောင်းတောင် မပြည့်စုံဘဲ သေရလိမ့်မယ်၊ ဟားဟားဟား”
ကျန်းကျန့်လုံက ယဲ့ဖန်၏ သွေးစက်များ လွင့်စဉ်လာသည်ကို မြင်လိုက်ရသကဲ့သို့ အားပါးတရ ရယ်မောလေသည်။
“ကြောက်တယ် ဟုတ်လား၊ နဂါးကို အမဲလိုက်တဲ့ ဘာမဟုတ်တဲ့ နည်းလမ်းလေးက ငါ့ကို ကြောက်စေမယ် ထင်နေတာလား၊ ငါ့ရှေ့မှာတောင် မင်းက မောက်မာရဲတယ်၊ နဂါးကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းကို မသိတဲ့ မင်းကလေ”
ယဲ့ဖန်က ရုတ်တရက် ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလေသည်။ ထို့နောက် သူ ဆက်တိုက် ခေါင်းခါယမ်းနေ၏။
*နဂါးထိန်းချုပ်ခြင်းနည်းလမ်း*
*ဒီကောင်က နဂါးထိန်းချုပ်ခြင်း နည်းလမ်းကိုတောင်မှ သိနေတာလား*
ဝူရှင်းထျန်း ချောက်ချားသွားသည်။ နဂါးထိန်းချုပ်ခြင်း ကျင့်စဉ်နည်းလမ်းသည် သူဘိုးဘေး၏ သူမတူသော ပညာ ဖြစ်ပြီး တစ်ခါက ဤပညာကိုသုံး၍ သူတော်စင်သခင်အဆင့် ဆယ်ယောက်ကို သူ သတ်ခဲ့ဖူးသည်။ ယင်း၏ အစွမ်းက အလွန်အမင်း ကြောက်စရာကောင်းလှသည်။
နောက်လာမည့် မျိုးဆက်အတွင်း၌ နဂါးသခင်၏ အစွမ်းကို အသုံးပြုနိုင်မည့် မျိုးဆက်များ မရှိတော့သည်က စိတ်မကောင်းစရာပင်။ မည်သူမှ နဂါးထိန်းချုပ်ခြင်း ကျင့်စဉ်နည်းလမ်းကို ထပ်သုံးနိုင်တော့မည် မဟုတ်ပါ။
“ဟေ့ကောင် မင်းက တော်တော် မောက်မာတာပဲ၊ မင်းကို သတ်ဖို့က နဂါးကို ဆွဲဆောင်တဲ့ ကျင့်စဉ်နဲ့တင် လုံလောက်ပြီကွ”
ဝူရှင်းထျန်းက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သလို သူ့ကိုယ်တွင်းမှ နဂါး ချီစွမ်းအင်များက ဒီရေလှိုင်းအလား တိုးမြင့်လာ၏။
“သေပေတော့”
“ဝုန်း ဝုန်း ဝုန်း”
နဂါးချီစွမ်းအင်များက ကြမ်းပြင်မှ နဂါးတိုင်လုံးသဖွယ် တိုးထွက်လာပြီး ယဲ့ဖန်ထံ တိုးဝှေ့ဝင်ရောက်လာသည်။
*ထူးခြားလိုက်တဲ့ မြင်ကွင်းပဲ*
လီတောက်ချန်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။ ဝူရှင်းထျန်၏ ခန္ဓာကိုယ်မှ ယခင် နဂါးသခင်၏ ပုံရိပ်မျိုး သူတို့ မြင်ယောင်နေပုံ ရပြီး လက်တစ်ဖက်တည်းဖြင့် နတ်ဘုရားများကို ဖိနှိပ်နိုင်မည့်ပုံ ပေါ်နေ၏။ သန်မာ၍ ဖိနှိပ်နိုင်လွန်းသည်။
သို့သော် ယဲ့ဖန်က အခုထိ မလှုပ်ရှားသေးဘဲ အထင်သေးစွာ ပြုံးမြဲပြုံးနေ၏။
“အင်း မင်းကို တကယ့် နဂါးအမဲလိုက်ခြင်း ကျင့်စဉ်နည်းလမ်းက ဘာလဲဆိုတာ သိအောင် ပြပေးရမယ်”
ထို့နောက် သူ ခြေထောက်တစ်ဖက်ကို ဆောင့်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ယံ လှုပ်ခါ၍ လေဟာနယ် ပျက်စီးကာ အရာအားလုံး အသစ်ပြန်လည် ဖြစ်ပေါ်သလို ဖြစ်လာသည်။ ယဲ့ဖန်ကို လွှမ်းခြုံလာသည့် နဂါးချီစွမ်းအင်များ ချက်ချင်း ပျက်ပြယ်သွားသည်။
“တောတောင်မြစ်ချောင်းကို ဖယ်ရှားခြင်း””
လီတောက်ချန် မျက်လုံးပြူးသွားပြီး ယဲ့ဖန်အား မယုံသင်္ကာဟန်ဖြင့် ကြည့်လာသည်။
“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ခပ်လှမ်းလှမ်းမှ ဝူရှင်းထျန်းသည်လည်း ထိတ်လန့်ကာ ကြက်သေ သေ၍ တုန်လှုပ်နေသည်။ သူ သတိလက်လွတ် ဒူးထောက်၍ ယဲ့ဖန်ကို အရိုအသေ ပေးလုနီးပါး ဖြစ်သွားရသည်။
တောတောင်မြစ်ချောင်းကို ဖယ်ရှားခြင်း။ ယင်းသည် နဂါးအမဲလိုက်ခြင်း ကျင့်စဉ်နည်းလမ်းများထဲ၌ အစွမ်း အထက်ဆုံး သတ်ဖြတ်ခြင်း ကျင့်စဉ် ဖြစ်သည်။ ယခင် နဂါးသခင်တောင်မှ မကျင့်ကြံနိုင်ခဲ့ပေ။
ထို့ကြောင့် သူ မသေခင်၌ ယင်းကျင့်စဉ်က သူ့ဘဝတစ်လျှောက်လုံး နောင်တရနေမည့် ကိစ္စဖြစ်ကြောင်း ပြောခဲ့ဖူးပြီး တစ်နေ့၌ သူ့မျိုးဆက်များ ဤကျင့်စဉ်ကို ကျင့်ကြံနိုင်မည်ဟု မျှော်လင့်ခဲ့သည်။
ယခု ထိုကျင့်စဉ်က လောက၌ ပေါ်လာလေပြီ။ သို့သော် အသုံးပြုသူက နဂါးသခင်၏ မျိုးဆက် မဟုတ်ဘဲ နောက်ခံ မသိရသည့် ထူးဆန်းသော လူငယ်တစ်ယောက် ဖြစ်နေ၏။
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
*သူ ဒီကျင့်စဉ်က ဘယ်က သင်လာတာလဲ*
ထိုအခိုက်တွင် ယဲ့ဖန်သည် မိုးမြေကို နင်းချေ၍ တောတောင်မြစ်ချောင်းကို ဒေါသတကြီး ဝါးမျိုကာ သက်ရှိ အားလုံးကို ဒူးထောက် အရိုအသေ ပေးလာအောင် ပြုလုပ်နိုင်သည့် နတ်ဘုရားတစ်ပါးလိုပင်။
“အား…”
ဝူရှင်းထျန်းသည် သူ့ကိုယ်ပေါ်မှ နဂါးချီစွမ်းအင်ကို ကြည့်ပြီး ကြောက်လန့်တကြား အော်ဟစ်လာသည်။ သူ့ကိုယ်ပေါ်မှ နဂါးချီစွမ်းအင်များသည် ယဲ့ဖန်၏ ဆွဲယူခြင်း ခံလိုက်ရပြီးနောက် သူ၏ ခြေထောက်များကို ဖြတ်တောက် လာလေသည်။
ယဲ့ဖန်ဘက်မှ လှုပ်ရှားလာသည်နှင့် ဝူရှင်းထျန်းကြောင့် ဖြစ်လာရသည့် ငလျင်လှုပ်ခြင်းသည်လည်း ချက်ချင်း ငြိမ်သက်သွားသည်။ ခန်းမတစ်ခုလုံး ဘာမှမဖြစ်ခဲ့သလို ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
လူတိုင်း၏ စိတ်ထဲ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်နေပြီး ခန္ဓာကိုယ်များ တောင့်တင်းကာ မျက်နှာပေါ်၌ ခံစားချက် မျိုးစုံ ရောထွေးနေ၏။
*ယဲ့ဖန်က ဝူရှင်းထျန်းရဲ့ ရပ်တန့်မရနိုင်ဘူးလို့ ထင်ရတဲ့ သိုင်းကွက်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ် လိုက်တာလား*
*မယုံနိုင်စရာပဲ၊ ယုံနိုင်စရာ မရှိဘူး*
သူတို့အားလုံး ယဲ့ဖန်ကို ကြောင်တစ်ကောင်ကို မြင်လိုက်ရသည့် ကြွက်သဖွယ် ကြည့်လာပြီး ကြမ်းပြင်၌ ဒူးထောက်ကာ တစ်ချက်ကလေးပင် မလှုပ်ရဲတော့ချေ။
ထိုစဉ် ဝူရှင်းထျန်း သွေးတစ်လုပ် အန်လာပြီးနောက် အရှိန်အဝါက ချက်ချင်း အားနည်းသွားသည်။ သူ့ကိုယ်ထဲ၌ ယန်စွမ်းအင် မရှိတော့ချေ။ ယဲ့ဖန်၏ တန်ပြန်တိုက်ခိုက်မှုက သူ့ခြေထောက်များကို ဖြတ်တောက်ရုံသာမက ကျင့်ကြံမှုကိုပါ ပျက်စီးသွားစေသည်။
ဝူရှင်းထျန်း ကြမ်းပြင်ပေါ်သို့ ခွေးသေတစ်ကောင်သဖွယ် လဲကျသွားပြီး သွေးပျက်ကာ ဝိညာဉ်မရှိတော့သကဲ့သို့ တီးတိုး ရေရွတ်နေ၏။
“ဒါ အမှန် မဟုတ်ဘူး၊ ဒါ အမှန် မဟုတ်ဘူး”
နှစ်ပေါင်းများစွာအတွင်း သူတို့၏ မျိုးဆက်သည် တောတောင်မြစ်ချောင်းကို ဖယ်ရှားခြင်း ပညာကို တတ်မြောက်ရန် မဆိုထားနှင့် နဂါးထိန်းချုပ်ခြင်းပညာကိုပင် မသင်ယူနိုင်ခဲ့ပေ။
သို့သော် ဘယ်ကလာမှန်းမသိသည့် ယဲ့ဖန်က ဤပညာကို အလွယ်တကူ အသုံးပြုနိုင်၏။ သူ၏ ဂုဏ်သိက္ခာ လုံးဝ ပျက်စီး သွားလေပြီ။
စွန်းရွင်တုံ စိတ်လှုပ်ရှားကာ ကျင်ငယ်ရည် ထွက်ကျလုနီးပါး ဖြစ်လာ၏။ ယဲ့ဖန်၏ ထည်ဝါသော စွမ်းအင်ကို ဤမျှ အနီးကပ် မြင်ရခြင်းက သူ့အတွက် အိပ်မက်လိုပင်။ သူ သေရလျင်တောင်မှ နောင်တရမည် မဟုတ်ပါ။
“နဂါးထိန်းချုပ်ခြင်း နည်းလမ်းကို မြင်ရတော့မယ်လို့ ထင်ခဲ့မိလို့ ငါ့ဘဝမှာ နောင်တရစရာ မရှိတော့ဘူးလို့ ထင်ခဲ့မိတာ၊ အဲ့ထက် ပိုထည်ဝါတဲ့ တောတောင်ရေမြေကို ဖယ်ရှားခြင်းကိုပါ မြင်ရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ဘုရားသခင်က ငါ့ကို ကောင်းကောင်း ဆက်ဆံတာပဲ”
လီတောက်ချန်က မချိပြုံးပြုံး၍ အနေရခက်သော အမူအရာဖြစ်နေသည်။ ထို့နောက် သူသည် ထူးချွန်သော ရတနာ အကဲဖြတ်သူတစ်ယောက်၏ ဂုဏ်သိက္ခာကို ပစ်ပယ်၍ ယဲ့ဖန်ဘက် လှည့်ကာ ချက်ချင်း တလေးတစား အရိုအသေ ပေးလာ၏။
“ကျေးဇူးတင်ပါတယ် ဆရာသခင်”
ယဲ့ဖန်က သူ့ကို လှည့်ပင်မကြည့်ဘဲ နားဝေတိမ်တောင် ဖြစ်နေသော ဝူရှင်းထျန်းကိုသာ ကြည့်နေသည်။
“ပုရွက်ဆိတ်လိုအဆင့်ပဲ ရှိတဲ့မင်းက မင်းကိုယ်မင်း လှည့်စားနေတဲ့ စကား ပြောနေတော့ ငါ ရယ်ချင်မိသား၊ မင်း လက်ခံပြီလား”
တူရှင်းထျန်းက ယဲ့ဖန်ကို ရီဝေဝေ ကြည့်လိုက်ပြီးနောက် မျှော်လင့်ချက်မဲ့စွာ ခေါင်းညိတ်လာသည်။
“ငါ လက်ခံပြီ”
“မင်းရဲ့ နဂါးအမဲလိုက်ခြင်းပညာကို ငါ့ရဲ့ နဂါးအမဲလိုက်ခြင်းပညာနဲ့ ချေဖျက်ခဲ့တယ်၊ မင်း လက်ခံလား”
“လက်ခံတယ်၊ လက်ခံပြီ”
“အခု ငါ မင်းရဲ့ခြေထောက်ကို ဖြတ်ပြီး မင်းကျင့်ကြံခြင်းကိုပါ ဖျက်ဆီးခဲ့တယ်၊ လက်ခံလား”
“လက်ခံတယ်၊ ဒီတပည့် လက်ခံပါတယ်”
ဝူရှင်းထျန်းက ယဲ့ဖန်ကို ဝပ်တွားအရိုအသေပေး၍ ငိုယိုလေသည်။ သူ့ကိုယ်သူ နဂါးသခင်၏ သွေးများ စီးဆင်းနေသည်ဟု မှတ်ယူထားပြီး နဂါးသခင်၏ မျိုးဆက်အနေဖြင့် မာနကြီးသင့်သည်ဟု ယူဆထားသည်။ သို့သော် ယခု တောတောင်ရေမြေကို လှုပ်ခါနိုင်သည့် ပညာကို သုံးနိုင်သည့် ယဲ့ဖန်နှင့် သူ ဆုံရလေပြီ။
ယဲ့ဖန်နှင့်ယှဉ်လျင် သူက ဘာမှမဟုတ်ချေ။ ယဲ့ဖန်သည် ဆရာသခင်အစစ် ဖြစ်လေသည်။
“ဟားဟားဟား”
ယဲ့ဖန် ရယ်လိုက်ပြီး သူ့ကိုကြည့်ရမည့်အစား ကျန်းကျန့်လုံကိုသာ ကြည့်လိုက်သည်။ ကျန်းကျန်လုံသည် ယဲ့ဖန်နှင့် အကြည့်ချင်းဆုံသောအခါ အမှားလုပ်မိသည့်သဖွယ် မျက်လုံးများ စိုစွတ်၍ ငိုမတတ် ဖြစ်နေ၏။ သူ ကြောက်လန့် လွန်း၍ ငိုချင်နေသည်။
သူ့မျက်လုံးထဲတွင် အဘိုးဝူသည် အင်မော်တယ်တစ်ပါးသဖွယ် ဖြစ်ပြီး ကျင့်စဉ်များက မြင့်မား၍ အဆင့်တူသူ အချင်းချင်း၌ ပြိုင်ဘက်ကင်းကာ အဆင့်တူများအား အသာလေး သတ်နိုင်သည်ဟု မှတ်ယူထားသည်။
သို့သော် ထိုသို့သောလူမျိုးက ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ အမြီးနှံ့၍ တောင်းပန်နေသော ခွေးသဖွယ် သူ့ကိုယ်သူ တပည့်ဟု သုံးကာ အသနားခံနေလေသည်။
ဝူရှင်းထျန်းတောင်မှ ဒူးထောက်နေရသဖြင့် သူ့၌ မည်သည့် အရည်အချင်းရှိ၍ ယဲ့ဖန်ကို စိန်ခေါ်နိုင်မည်နည်း။
“မင်း မင်း ငါ့ကို မသတ်နိုင်ဘူးနော်”
ကျန်းကျန့်လုံ အသံတုန်တုန်ဖြင့် ပြောလိုက်ပြီး ယဲ့ဖန်အား ခေါင်းမွေးထောင်မတတ် ကြည့်နေ၏။
“အိုး … ဘာလို့လဲ”
ယဲ့ဖန် အပြုံးတစ်ဝက်နှင့် မေးလိုက်သည်။ ထိုအခါ ကျန်းကျန့်လုံက သူကိုယ်တိုင်ပင် မဖြစ်နိုင်ဟု တွေးမိသည့် အကြောင်းပြချက်မျိုး ပေးလိုက်မိသည်။
“ဘာလို့လဲဆိုတော့ လူသတ်တာက ဥပဒေကို ချိုးဖောက်လို့ပဲ”
သူ ဦးနှောက်ပျက်နေလေပြီ။ သူ အလွန် ကြောက်နေသဖြင့် အသိစိတ်လွတ်ကာ ပိုကောင်းသော အကြောင်းပြချက် ရှာမရ ဖြစ်နေသည်။
သူတို့ အထင်သေး၍ နင်းချေလိုခဲ့သောလူက ယခု နတ်ဘုရားသဖွယ် ရပ်တည်နေပြီး သူတို့က ဒူးထောက်ကာ အရှုံးပေး၍ စကားတစ်ခွန်းပင် မပြောရဲတော့ပေ။ လူတိုင်း၏ အမူအရာက ထူးဆန်းနေ၏။
မူလ၌ ယဲ့ဖန်ကို အရူးဟု ထင်ခဲ့ပြီး နည်းလမ်းပေါင်းစုံဖြင့် ယဲ့ဖန်ကို သူတို့ လှောင်ပြောင်ခဲ့သည်။ သို့သော် ယဲ့ဖန် လှုပ်ရှားလာသောအခါ ဟိုတယ်တစ်ခုလုံးက အရှိန်အဝါတစ်ခုတည်းနှင့်တင် ဖိနှိပ်နိုင်နေသဖြင့် ထိတ်လန့်ခဲ့ ရလေသည်။
*ဒါကမှ တကယ့် အင်မော်တယ် ပုဂ္ဂိုလ်ပဲ*
*သက်ရှိအားလုံးကို အထင်သေးပြီး အဖက်မတန်သလို နေတဲ့ပုံက အင်မော်တယ် ဘုရင်တစ်ပါးလိုပဲ တစ်မူ ထူးခြားလွန်းတယ်၊ ဒီလိုလူမျိုးက ချမ်းသာပြီး အင်အားကြီးတဲ့ ရန်သူတွေ၊ နိုင်ငံတွေနဲ့ တွေ့တောင် တုန်လှုပ်မှာ မဟုတ်ဘူး၊ ကြောက်စရာပဲ*
ထိုအခိုက်တွင် လီဝေ့သည် နားဝေတိမ်တောင် ဖြစ်နေပြီး ယဲ့ဖန်အား စိတ်အားတက်ကြွစွာ ကြည့်နေမိသည်။ သူမ အရာအားလုံးကို နားလည်သွားသည်။
မူလက အခြားသူများ ဒေါသထွက်ခဲ့သဖြင့် ယဲ့ဖန် သေရလိမ့်မည်ဟု သူမ ထင်ခဲ့သည်။ ထို့နောက်တွင် ယဲ့ဖန်က အားလုံးကို ရန်စသဖြင့် ယဲ့ဖန် တကယ် သေရလိမ့်မည်ဟု သူမ ထင်ခဲ့မိပြန်သည်။ နောက်ပိုင်းတွင် ဝူရှင်းထျန်း လှုပ်ရှားလာသဖြင့် ယဲ့ဖန် ပွဲသိမ်းပြီဟု ထင်ခဲ့မိသေးသည်။
ဤလူက မသေသည့်အပြင် အရာအားလုံးကို အထင်သေးစွာ ကြည့်၍ ဝင့်ကြွားစွာ ရပ်နေလိမ့်မည်ဟု သူမ ထင်မထားမိပါ။ ယခင်က အမြင့်နေရာ၌ ရှိသောသူများသည် ယခု ယဲ့ဖန်ရှေ့၌ ဒူးထောက်ကာ ခွေးသဖွယ် တုန်လှုပ် နေ၏။
အားလုံးက ပုံမှန်မဟုတ်ပေ။ ထို့ကြောင့် စွန်းရွင်တုံက အဘယ်ကြောင့် ယဲ့ဖန်အပေါ် လေးစားနေသလဲ ဆိုသည်ကို သူမ နားလည်သွားလေသည်။ အဘယ်ကြောင့် ယဲ့ဖန် ဤလူများကို အရေးမစိုက်ရသည့် အကြောင်းရင်းကိုလည်း သိသွားလေသည်။ အကြောင်းမှာ ဤလူက လူသား မဟုတ်ဘဲ နတ်ဘုရားတစ်ပါး ဖြစ်နေသောကြောင့်ပင်။
ထိုအခိုက်တွင် သူမနှလုံးသားထဲ၌ အံ့ဩလေးစားစိတ်များ ဖြစ်ပေါ်လာပြီး သူမကိုယ်တိုင် မသိလိုက်ခင်မှာပင် သူမ၏ နှလုံးသားကို ဤလူက အပိုင်ဖမ်းစားသွားတော့သည်။
“မင်း ပြောတာ မှန်တယ်၊ လူသတ်တာက ဥပဒေကို ချိုးဖောက်တာပဲ၊ အဲ့တော့ ငါ မင်းကို မသတ်ဘူး”
ယဲ့ဖန် အသာပြုံးလိုက်သည်။ သို့သော် ထိုအပြုံးက မည်သို့ပင်ဆိုစေကာမူ အနည်းငယ် အန္တရာယ်များပုံ ပေါ်နေသည်။ ထိုစကားကိုကြားသော် ကျန်းကျန့်လုံ အံ့ဩသွားသည်။ ဘယ်လိုလုပ် ယဲ့ဖန်က အလွယ်တကူ လိုက်လျော ရသနည်း။
ထို့နောက် ယဲ့ဖန်၏ မသိမသာ သုန်မှုန်နေသော အကြည့်က ကျန်းယန်ဟယ်နှင့် အခြားသူများထံ ကျရောက် သွားသည်။
“မင်းတို့ ငါ့အတွက် သူ့ကို သတ်ပေးချင်စိတ် ရှိလား”
ကျန်းယန်ဟယ်နှင့် အခြားသူများ မှင်တက်သွားပြီး မည်သူမှ ယဲ့ဖန်၏ တောင်းဆိုမှုကို မငြင်းဆန်ရဲချေ။ နဂါးသခင်၏ မျိုးဆက်ကိုပင် ချက်ချင်း အနိုင်ယူနိုင်သည့် ပုဂ္ဂိုလ်အား သူတို့ မည်သို့ အာခံဝံ့မည်နည်း။
သူတို့ အစောပိုင်းတင် ယဲ့ဖန်ကို နည်းလမ်းပေါင်းစုံဖြင့် လှောင်ပြောင်ခဲ့သည်။ ယဲ့ဖန်၌ သူတို့အပေါ် အငြိုးထားစိတ် ရှိသလား၊ မရှိသလား မသိနိုင်ပေ။ သို့သော် ယခုအချိန်က သူတို့၏ အပြစ်ကို ချေဖျက်နိုင်မည့် မဟာ အခွင့်အရေးကြီး ဖြစ်သဖြင့် မည်သူမှ မငြင်းကြချေ။
အဘယ်ကြောင့်ဆိုသော် ငြင်းလျင် သေရမည်ဖြစ်ကြောင်း ရိပ်မိနေ၏။ သူတို့ မသေချင်သေးပါ။ ထို့အပြင် ယဲ့ဖန်က နတ်ဘုရားသဖွယ် ပြုမူ၍ အရာအားလုံးကို ပုရွက်ဆိတ်သဖွယ် သဘောထားဟန်က သူတို့ကို အလွန် သိမ်းသွင်း နိုင်ပြီး အံ့ဩလေးစားမိစေသည်။ ဤသို့သော သိုင်းပညာရှင်သည် အရှိန်အဝါနှင့်တင် လူအများအား သူ့အပေါ် ယုံကြည်လက်ခံလာစေ၏။
ထိုစကားကြောင့် ကျန်းကျန့်လုံ ခေါင်းမွေးထောင်ကာ ချက်ချင်း မျက်နှာဖြူရော်သွားပြီး သူ့မိတ်ဆွေများက သူ့ကို တွေဝေခြင်းမရှိ သတ်လိမ့်မည်ဟု ထင်မထားမိပေ။
ထို့နောက် ယဲ့ဖန်က ပိုင်ရွှယ်၏ လက်ကို ကိုင်ဆွဲလေသည်။
“သွားကြစို့ ဒီလေလံပွဲက သိပ်ပျော်စရာမကောင်းဘူး”
ထို့နောက်တွင်မူ ယဲ့ဖန်၏ အနောက်ဘက်မှ ကြောက်မက်ဖွယ် အော်သံတစ်သံ ထွက်ပေါ်လာ၏။