*ငါတို့ ဘာမြင်လိုက်တာလဲ*
*စွန်းရွင်တုံက ယဲ့ဖန်ကို ဒူးထောက်လိုက်တာလား*
*စွန်းရွင်တုံက ထန်မင်လီရဲ့ ပြောရေးဆိုခွင့်ရှိသူ မဟုတ်ဘူးလား၊ သူက ထန်မင်လီနဲ့ ယဲ့ဘုရင်ကလွဲရင် ဘယ်သူ့ကိုမှ ဒူးထောက်စရာ မလိုဘူးလေ၊ အခု သူ ဘာလုပ်နေတာလဲ*
*ရူးနေပြီပဲ*
သူတို့ စွန်းရွင်တုံအပေါ် မြင်မိသည့် တစ်ခုတည်းသော အတွေးမှာ ရူးနေပြီဟူသော အတွေးပင် ဖြစ်လေသည်။ သူ ရူးနေခြင်း မဟုတ်လျင် ဘယ်လိုလုပ် ဤသို့ လုပ်နိုင်မည်နည်း။
“မွေးစားအဖေ ခင်ဗျား ဘာလုပ်နေတာလဲ၊ ဒီမျိုးမစစ်ကောင်က ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်လိုက်တာလေ၊ ခင်ဗျားက သူ့ကို ဒူးထောက်နေသေးတာလား၊ မွေးစားအဖေ ရူးနေပြီလား”
ကျူးချန်ယုသည် ဤအမှန်တရားကို လက်မခံနိုင်သကဲ့သို့ မယုံနိုင်ဟန်ဖြင့် အော်ဟစ်လိုက်သည်။
“ဒီမျိုးမစစ်ကောင် ဟုတ်လား”
စွန်းရွင်တုံ၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားပြီး ရန်လိုသော ခွေးတစ်ကောင်သဖွယ် ကျူးချန်ယုကို ပြန်ရန်တွေ့ လေသည်။
“မင်း အဲ့စကားကို ထပ်ပြောကြည့်လိုက်စမ်း”
ကျူးချန်ယု ချက်ချင်း အံ့ဩသွားသည်။ ကြင်နာ၍ သိမ်မွေ့တတ်သော စွန်းရွင်တုံက ဤသို့ ကြမ်းကြုတ်သော အမူအရာမျိုး ဖြစ်လာခြင်းကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
သိမ်မွေ့နူးညံ့သော ဆိတ်တစ်ကောင်က ရုတ်တရက် ခွေးအတစ်ကောင်သဖွယ် ပြုမူလာသည်ဟု ထင်မှတ်မှား ရသည်။
သူ၏ ရင်ထဲမှ နတ်ဘုရားကို မည်သူမှ စော်ကား၍ မရနိုင်ပါ။ မွေးစားသားမဆိုထားနှင့် သားအရင်းက ထိုသို့ လုပ်လာလျင်တောင်မှ ခွင့်လွှတ်မည် မဟုတ်ပေ။
“သူက မင်းရဲ့ မွေးစားသားလား”
ယဲ့ဖန်က စွန်းရွင်တုံကို ငုံ့ကြည့်လိုက်၍ ပြောလိုက်သည်။ သူ့လေသံက ဂရုမစိုက်သလိုပင်။
“ဟုတ်ပါတယ်”
ထိုအခါ ယဲ့ဖန်က နတ်ဆိုးတစ်ကောင်သဖွယ် ရယ်မောလိုက်သည်။
“ငါ သူ့ကို သေစေချင်တယ်၊ အဆင်ပြေလား”
“ဘာ ခွေးမသား မင်း…”
ထိုစကားကိုကြားသော် ကျူးချန်ယု ဒေါသထွက်သွားပြီး ချက်ချင်း ကျိန်ဆဲလိုက်သည်။
*ဟာသပဲ၊ ဒါ ငါ့မွေးစားအဖေ၊ ငါ့မွေးစားအဖေကို ငါ့ကို သတ်ခိုင်းတယ်ဆိုတော့ ဒီကောင် ရူးနေတာလား*
“ဒိုင်း”
သူ့စကားအဆုံး၌ သေနတ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ကျူးချန်ယု၏ နဖူးတွင် သွေးသံတရဲရဲ အပေါက်တစ်ပေါက် ထွက်ပေါ်လာ၏။
သူ၏ အမူအရာက ချောက်ချားပုံ ပေါ်နေပြီး မျက်လုံးများက စူးရဲတောက်ပနေကာ ဖြစ်ပျက်သွားသော အဖြစ်အပျက်က အမှန်တကယ် ဖြစ်နေလိမ့်မည်ဟု မယုံနိုင်သည့်ပုံ ပေါ်နေ၏။ သူ၏ မွေးစားဖခင်က သူ့ကို တကယ် ပစ်သတ်လိုက်လေပြီ။
“သခင်ကြီးကို စော်ကားတဲ့အတွက် မင်း သေသင့်တယ်”
စွန်းရွင်တုံက သုန်မှုန်နေသော မျက်နှာထားဖြင့် ရေရွတ်လိုက်ပြီးနောက် ပစ္စတိုအား အိတ်ကပ်ထဲ ပြန်ထည့် လိုက်သည်။
“သခင်ကြီး ဒီအမှိုက်ကောင်ကို သခင်ကြီးအတွက် ကျွန်တော် ရှင်းလင်းပြီးပါပြီ”
ဘေးလူများအားလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ ဤအဖြစ်အပျက်ကို သူတို့ မယုံနိုင်ဘဲ ကြက်သေ သေနေကြ၏။ ထို့အပြင် သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသလားဟု တွေးပြီး မျက်လုံးကို ပြန်ပွတ်ကြည့် လေသည်။
*ဒီလူရဲ့ စကားကြောင့်နဲ့ စွန်းရွင်တုံက သူ့မွေးစားသားကို သူ့လက်နဲ့ ပြန်သတ်တာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ယုံနိုင်စရာတောင် မရှိဘူး*
လက်ရှိတွင် သူတို့အားလုံး တစ်စုံတစ်ရာကို သတိပြုမိလာသည်။ ဤလူ၏ နောက်ခံက သူတို့ ထင်ထားသည်ထက် ပိုကြောက်စရာ ကောင်းနေပေ၏။ အရှိန်အဝါလေးနှင့် အရိပ်လျှို့ဝှက်အစောင့်တပ်ဖွဲ့အား တိုက်ခိုက်လိုစိတ် ပျောက်ဆုံးအောင် လုပ်နိုင်သည်။ စကားလေးတစ်ခွန်းနှင့် အဖက်မတန်သလို နေတတ်သော စွန်းရွင်တုံကို ဒူးထောက်အောင် လုပ်နိုင်ပေသည်။
*ဒီလူက ဘယ်သူလဲ*
ထိုအခိုက်တွင် လူတိုင်း ရင်တဒိန်းဒိန်း ခုန်နေကြသည်။ လီဝေ့သည်လည်း ခြွင်းချက် မဟုတ်ပေ။
*ကြောက်စရာကောင်းတယ်*
*ခွန်အားရော နောက်ခံပါ ဒီလူက ကြောက်စရာ ကောင်းနေတယ်*
အင်ပါယာ၌ သူ့အား ယဲ့ဘုရင်သာလျင် ယှဉ်နိုင်လိမ့်မည်ဟူသော ခံစားချက်မျိုး သူမ ရနေ၏။
“ခုနက ငါ့ကို ဒူးထောက်ခိုင်းတဲ့ လူတိုင်းကို သတ်ပစ်လိုက်”
ယဲ့ဖန်က အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်ပြီး ခန်းမထဲမှ ထွက်သွားပြီး လီဝေ့နှင့် ပိုင်ရွှယ်တို့ကို ခေါ်၍ လေလံပွဲ ကျင်းပရာ နေရာသို့ လျှောက်သွားလေသည်။
“ဟုတ်ကဲ့”
စွန်းရွင်တုံ လေးကန်စွာ ခေါင်းညိတ်လိုက်ပြီးနောက် တစ်ယောက်ချင်းစီ၏ မျက်နှာကို ခက်ထန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“သခင်ကြီးကို ခုနက စော်ကားခဲ့တဲ့လူတွေ ထွက်လာပြီး အသေခံလိုက်၊ မဟုတ်လို့ကတော့ ငါ့ဆီမှာ မိသွားရင် ပိုဆိုးသွားမယ်”
ခန်းမတစ်ခုလုံး ငိုသံများ ပြည့်နှက်လာသည်။ မကြာခင်မှာပင် ခန်းမတစ်ခုလုံးမှ ဝမ်းနည်းကာ မျှော်လင့်ချက်မဲ့၍ ချောက်ချားစွာ အော်ဟစ်သော အသံများက ဟိုတယ်တစ်ခုလုံးထံ ပဲ့တင်ထပ်သွားလေသည်။
လီဝေ့ မတုန်လှုပ်ဘဲ မနေနိုင်သလို ကြက်သီးပင် ထသွားရသည်။ ယဲ့ဖန်၏ စကားကြောင့်နှင့် စွန်းရွင်တုံက ရှုကျိုးမှ အင်အားစု တစ်ဝက်မျှကို သတ်ဖြတ်ခဲ့ပြီး ရှုကျိုးမှ ပုဂ္ဂိုလ်ကြီးအချို့နှင့် ရင်ဆိုင်ရန် တွေဝေခြင်း မရှိပေ။ ဤသည်က ယဲ့ဖန်၏ နောက်ခံက မည်မျှ ထူးခြားဆန်းကြယ်နေကြောင်း ပြသနေ၏။
လီဝေ့တစ်ယောက် ယဲ့ဖန်၏ ကျောပြင်ကို ရီဝေသော အကြည့်များဖြင့် ကြည့်လိုက်မိသည်။ ဤသို့သော အင်အားကြီးသည့် အမျိုးသားသည် လူသတ်သော နတ်ဆိုး ဖြစ်နေလျင်တောင်မှ အမြဲ လူအများကို စည်းရုံး သိမ်းသွင်းနိုင်သည့်သူ ဖြစ်နေမှာပင်။
အမိန့်အတိုင်း လုပ်ဆောင်ပြီးနောက် စွန်းရွင်တုံသည် ယဲ့ဖန်အား တန်ဖိုးကြီး အခန်းတစ်ခန်းသို့ ခေါ်သွားလေသည်။ သူ၏ လေးစား၍ ကျိုးနွံသော အပြုအမူက ဒူးထောက်၍ ဖိနပ်ပင် လျက်လုမတတ် ဖြစ်နေသဖြင့် လီဝေ့၏ ထိတ်လန့်မှုက ပိုပိုတိုးမြင့်လာသည်။
ခန်းမထဲ၌ လူခုနစ်ယောက်၊ ရှစ်ယောက် စုဝေးနေ၏။ အခြားသူများက လေလံခန်းမ၌သာ ထိုင်နိုင်သော်လည်း ဤလူများက တန်ဖိုးကြီး အခန်းထဲ၌ ထိုင်နေကြသည်။ ဤသည်က သူတို့သည် အဆင့်အတန်း မြင့်မားသူများ ဖြစ်ကြောင်း ဖော်ပြနေ၏။
စွန်းရွင်တုံတောင်မှ အာမခံဝံ့ချေ။ ဤလူများသည် ရှုကျိုး၌ အင်အားအကြီးဆုံး ပုဂ္ဂိုလ်များ ဖြစ်သည်။ လူတစ်ယောက်ချင်းစီက နှာတစ်ချက် ချေလိုက်ရုံနှင့် ရှုကျိုးတစ်ခုလုံးကို တုန်ခါအောင် လုပ်နိုင်စွမ်း ရှိပေသည်။
“ရှောင်စွန်း ဒါ မင်း ဖိတ်တဲ့လူတွေလား၊ အမွေးတောင် စုံအောင် မပေါက်သေးတဲ့ ကလေးပါလား”
ရုတ်တရက် အဘိုးအိုတစ်ယောက်က ယဲ့ဖန်ကို စိုက်ကြည့်၍ ခနဲ့လေသည်။ ယဲ့ဖန်က ရုတ်တရက် ရောက်ချ လာသလို စွန်းရွင်တုံ၌ သူ၏ နောက်ခံကို အခြားသူအား ပြောပြခွင့်မရှိသဖြင့် ယဲ့ဖန်ကို သူ ဖိတ်ထားသည်ဟုသာ ပြောနိုင်ပြီး လေလံပွဲ၌ ဝင်ပါလိမ့်မည်ဟု ပြောထားခဲ့သည်။ တကယ်တမ်း၌ သူက ယဲ့ဖန်ကို တစ်စုံတစ်ခု လက်ဆောင် ပေးလိုခြင်း ဖြစ်ပေသည်။
“အင်း ကြည့်ရတာ မင်းတို့ ထန်မိသားစုမှာ ဘယ်သူမှ မရှိတော့ဘူးနဲ့ တူတယ်၊ မင်းက ယဲ့ဘုရင်ရဲ့ နောက်လိုက်ခွေး ဖြစ်နေလို့ မင်းမှာ အလားအလာတစ်ချို့ ရှိနေမယ်လို့ ငါ ထင်ခဲ့တာ၊ ဆင်းရဲသားတစ်ယောက်ကို ဖိတ်လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
ဗိုက်ရွှဲရွှဲနှင့် ရွှေသွားတစ်ချောင်း စိုက်ထားသော လူတစ်ယောက် အထင်သေးစွာ ရယ်မော၍ ပြောလာသည်။
“ကျန်းကျန့်လုံ မင်း မဟုတ်တမ်းတရားတွေ မပြောဖို့ ငါ သတိပေးလိုက်မယ်၊ မဟုတ်လို့ကတော့ ငါ မယဉ်ကျေး ဘူးလို့ မပြောနဲ့”
စွန်းရွင်တုံက အေးစက်စွာ ပြန်ပြောလိုက်သည်။
“မင်းအပူပါလား၊ မင်းပြောတာနဲ့ လုပ်ရမှာလား”
ကျန်းကျန့်လုံက ရယ်မောကာ ခနဲ့လိုက်သည်။
“တကယ်လို့ ထန်မင်လီသာ ဒီမှာ ရှိနေရင် ငါ တစ်ခွန်းမှ မပြောဘဲ ပါးစပ်ပိတ်နေလိုက်မှာ၊ မင်းက ဘာမို့လို့ လာလေကျယ် နေတာလဲ”
“မင်း …”
စွန်းရွင်တုံ ဒေါသထွက်သော်လည်း တစ်ဖက်လူက အမှန်ပြောနေကြောင်း သူလည်း သိပါ၏။ ကျန်းကျန့်လုံသည် အင်ပါယာ၏ မျိုးဆက်အလိုက် စစ်မှုထမ်းခဲ့သော စစ်ဌာနချုပ် ဗိုလ်မှူး၏ မြေးဖြစ်သည်။ အင်ပါယာတွင်း၌ သူသည်လည်း နာမည်ကြီးသည်။ သူသည် မနာလိုစိတ်ကြီးကာ ဘားများ၌ အခြားသူများနှင့် ရန်ဖြစ်တတ်သည်။ သူသည် တပ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်၍ ပြိုင်ဘက် ဆယ့်နှစ်ယောက်လုံးကို ရှင်းခဲ့ဖူးလေသည်။ ထို့နောက် သူသည် နှုတ်အားဖြင့်သာ သတိပေးခံခဲ့ရပြီး ဘာမှမဖြစ်ခဲ့ချေ။
လက်ရှိတွင် သူ့ဘေး၌ အဖြူရောင်ဝတ်စုံဝတ်၍ စိတ်ဝိညာဉ် ပုတီးကိုကိုင်၍ ဘုရားစာ ခပ်တိုးတိုး ရွတ်နေသော အဘိုးတစ်ယောက် ထိုင်နေလေသည်။ သူ့ဘေးပတ်လည်၌ အင်မော်တယ် ရောင်ဝါများ ဝေ့ဝဲနေသဖြင့် အင်မော်တယ်တစ်ပါးနှင့် တူနေသည်။ သူသည် မည်သူ့ကိုမှ အရေးမစိုက်ဘဲ မာနကြီးပုံ ပေါ်၏။
“ရှောင်စွန်း ကျန့်လုံကို တဲ့တိုးပြောတတ်လို့ အပြစ်မတင်နဲ့၊ မင်း အခြားသူတွေ အရူးလုပ်တာ ခံရမှာကို သူ စိုးရိမ်နေတာ မဟုတ်ဘူးလား”
ထိုသို့ပြောလိုက်သော အဘိုးအိုမှာ အင်ပါယာ စီးပွားရေးလောက၌ မသိသူမရှိသည့် ကျန်းယန်ဟယ် ဖြစ်လေသည်။ အင်ပါယာတွင်း၌ သူ့အား နာမည်တပ်ခေါ်နိုင်သူများအား သူ၏ ညီအစ်ကိုများဟု ပြောနိုင်ပေသည်။
ထိုစကားက အနည်းငယ် တင်စီးသော်လည်း တစ်ဖက်လူ၏ အဆက်အသွယ်က မည်မျှ ကျယ်ပြန့်ကြောင်း ပြသနေ၏။
ကျန်းကျန့်လုံ စွန်းရွင်တုံနှင့် မတည့်ရသည့် အကြောင်းရင်းမှာ သူ၏ အဘိုးဖြစ်သူက စားသောက်ပွဲ၌ အသတ်ခံ လိုက်ရသည့် စီနီယာ အရာရှိကြီးများထဲမှ တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
သူ ယဲ့ဖန်ကို မုန်းတီးသလို ယဲ့ဖန်၏ အဆက်အနွယ်တိုင်းကို မုန်းတီးသည်ဟု ဆိုနိုင်ပေသည်။ ဤနေရာ၌ ရှိနေသူများ အားလုံးသည် အဆင့်အတန်း တူညီပြီး နောက်ကွယ်၌ ရတနာ တန်ဖိုးဖြတ်သော ဆရာသခင်များ ရှိကြလေသည်။ တစ်ချို့လူများဆိုလျင် တစ်ချက်ကြည့်ရုံနှင့် အတု၊ အစစ်နှင့် ဈေးပေါသော အရာများကို သိနိုင်သည်။
စွန်းရွင်တုံက လှောင်ရယ်၍ ယဲ့ဖန်ဘက် ပြန်လှည့်၍ စကားပြောနေလိုက်သည်။
“ကျန့်လုံ မင်း အခုတလော ရတနာ ကောင်းကောင်းလေးတစ်ခု ဝယ်ထားတယ်လို့ ပြောခဲ့တယ်မလား၊ အခြားသူတွေ မြင်ရအောင် ထုတ်ပြပါလား”
ကျန်းယန်ဟယ်က စကားစလိုက်သည်။ ထိုစကားကို ကြားသောအခါ ကျန်းကျန့်လုံက ဘဝင်ခိုက်နေသော မျက်နှာပေး ဖြစ်သွားပြီး သူ့အင်္ကျီလက်စထဲမှ တစ်စုံတစ်ရာကို ထုတ်လိုက်သည်။
“အားလုံးပဲ ကြည့်ကြပါဦး”
ရုတ်တရက် ရွှေရောင် တလက်လက် တောက်နေသော အရာတစ်ခု ထွက်ပေါ်လာသည်။
“ဒါ ယန်ပုတီးလုံးလား”
အဘိုးအိုတစ်ယောက်က မျက်လုံးအပြူးသားနှင့် ပြောလာသည်။
“ဟုတ်တယ်၊ ဒါ ယန်ပုတီးလုံးပါ၊ ဒါက ယဲ့မိသားစုမှာ ရှိခဲ့တဲ့တစ်ခုလောက် မကောင်းသေးပင်မယ့် နောက်နှစ်နည်းနည်းကြာရင် ဒါကို အထင်သေးလို့ ရမယ် မထင်ဘူး”
ကျန်းကျန့်လုံက ရယ်မော၍ ပြောလေသည်။ ယဲ့ဖန်၏ မြို့ကို တိုက်ခိုက်သိမ်းပိုက်မှုကြောင့် မူလကတည်းက တန်ဖိုးကြီးသော ယန်ပုတီးလုံးသည် မိုးထိမတတ် ဈေးမြင့်သွားပြီး အဖိုးဖြတ်မရတော့ချေ။
ထိုစကားကို ကြားသော် ယဲ့ဖန်က မတ်မတ်ထိုင်၍ ယန်ပုတီးလုံးကို ကြည့်လေသည်။ သူ့မျက်လုံးတွင်း၌ အလင်းရောင် တစ်ချို့ ဖြတ်ပြေးသွားသည်။ ထို့နောက် ယဲ့ဖန်က အထင်သေးစွာ ပြုံးလိုက်သည်။
“စွန်းရွင်တုံ မင်း ဒါကို အတုလား အစစ်လား ပြောနိုင်လား၊ အိုး … မေ့သွားလို့ မင်း အရူးလေး ခေါ်လာတာပဲ၊ မင်းတို့နှစ်ယောက်လုံး ဘာမှမသိဘူးထင်တယ် ဟုတ်တယ်မလား၊ ဟားဟားဟား”
ကျန်းကျန့်လုံက အားပါးတရ ရယ်မောလေသည်။ ယဲ့ဖန် ပို၍သာ လှောင်ပြုံးပြုံးနေပြီး ငြိမ်မြဲငြိမ်နေလိုက်သည်။ စွန်းရွင်တုံက ယဲ့ဖန်၏ အမူအရာကိုမြင်ပြီး တစ်ဖက်အား ပြန်မတိုက်တော့ချေ။
ယဲ့ဖန် တစ်ချက်ကြည့်ရုံနှင့် ရိပ်မိသွားပြီးသား ဖြစ်သည်။ ၎င်းက ယန်ပုတီးလုံး မှန်သော်လည်း မကောင်းသော အလုံး ဖြစ်သည်။ ယန်ပုတီးလုံးဟု ပြောနေသည့် ယင်းအရာသည် အထဲ၌ သာမန်မျက်လုံးဖြင့် မမြင်နိုင်သည့် အက်ရာ ရှိနေပြီး ယန်စွမ်းအင်ကို မစုပ်ယူနိုင်တော့ချေ။ ယန်စွမ်းအင်ကို မည်မျှ နှစ်ကြာကြာ စုပ်ယူသော်ငြားလည်း သုံးစားရမည် မဟုတ်ပါ။
သို့သော် ဤလူများသည် ၎င်းယန်ပုတီးလုံးအား ရတနာသဖွယ် ကြည့်နေကြသည်။ အကြောင်းမှာ ဤသည်က ယဲ့ဖန်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်သည့် ယန်ပုတီးလုံး ဖြစ်နေသောကြောင့်ပင်။ သူတို့မျက်လုံး၌ အားကျဟန်များ ပေါ်နေပြီး သူတို့အပိုင်အဖြစ် ယူသွားရန် မစောင့်နိုင်ကြတော့ချေ။
“ကျန့်လုံ မင်းရဲ့ ယန်ပုတီးလုံးကို ပေးနိုင်မလား”
ကျန်းယန်ဟယ်က အပြုံးကြီးပြုံး၍ အရင်စပြောလာသည်။ သူ ဤပုတီးလုံးကို အလွန် လိုချင်နေကြောင်း သိသာလှ၏။
“မင်း ကြိုက်ဈေးခေါ်လိုက်၊ မင်း ပိုက်ဆံမလိုချင်လည်း မင်း လိုချင်တဲ့အရာတစ်ခုခုနဲ့ လဲပေးမယ်”
ဤသည်ကိုကြည့်ပြီး ကျန်းကျန့်လုံ ပိုဂုဏ်ယူလာပြီး လက်ကာပြကာ ပြုံး၍ ပြောလေသည်။
“အားလုံးပဲ စိတ်မကောင်းပါဘူးဗျာ၊ ကျွန်တော် ဒီလို ရတနာကို မရောင်းနိုင်ဘူးဗျ၊ ဒါကို အားလုံး မြင်ဖူးအောင် ပြရုံပဲ ပြတာပါ”
ထိုစကားကိုကြားသော် လူတိုင်း စိတ်ဓာတ်ကျသွားပြီး အားကျစိတ် ပိုပြင်းထန်လာ၏။
“ဒီယန်ပုတီးလုံးက ယန်စွမ်းအင် စုစည်းနိုင်တဲ့အပြင် ဝင်္ကပါ အစီအရင်တစ်ခုပါ ရေးဆွဲထားတာဗျ၊ အဲ့ဒါကို ဖွင့်လိုက်တာနဲ့ ဝင်္ကပါ အစီအရင်က အသက်ဝင်လာမှာ၊ အဲ့ဒါက ဘာအစီအရင်လဲဆိုတာကို ကျွန်တော့်ကို ပြောပြပေးနိုင်ရင် ကျွန်တော် ဆုကြီးကြီး ပေးမှာပါ”
“အစ်ကိုလီ ခင်ဗျား စမ်းကြည့်ချင်လား”
ကျန်းယန်ဟယ်က သူ့ဘေးမှာ အဘိုးအိုကို မေးလိုက်သည်။ ထိုအဘိုးအိုသည် အသက်အလွန် ရနေပြီး မျက်မှန် တပ်ထားသည်။ ထိုစဉ် သူသည် ခေါင်းညိတ်၍ ယန်ပုတီးလုံးထံသို့ လျှောက်သွားလေသည်။
“ကောင်းကင်မျက်လုံး”
ထို့နောက် သူသည် နဖူးအား လက်နှစ်ချောင်းဖြင့် တို့ထိလိုက်သည်။ ထိုအခါ သူ့နဖူးမှ ရွှေရောင် အလင်းတန်း ထွက်ပေါ် လာသည်။ ဤသည်က လူတိုင်းကို မှင်တက်သွားစေ၏။
*ဒါ ဘာနည်းလမ်းလဲ*
ယဲ့ဖန်မှာမူ လှောင်ရယ်သာနေလေသည်။
*ဒါ ဘာမဟုတ်တဲ့ အမြင်အာရုံလေးတစ်ခုကို ကောင်းကင်မျက်လုံးကို ခေါ်ရဲတယ်ပေါ့လေ၊ အဓိပ္ပာယ် မရှိလိုက်တာ*
“ဟားဟားဟား ကျုပ်နောင်ကြီးလီက တာအိုလမ်းစဉ် တပည့်သားတစ်ယောက်လေ၊ သူ တစ်သက်လုံး တာအို လမ်းစဉ်ကို လေ့လာလိုက်စားလာပြီးတော့ ကောင်းကင်မျက်လုံး တစ်စုံကို ဖွင့်နိုင်ခဲ့တယ်လေ၊ ကောင်းကင် မျက်လုံးကို ဖွင့်လိုက်တာနဲ့ ဘယ်ရတနာမှ သူ့ကို မလိမ်နိုင်တော့ဘူး”
ကျန်းယန်ဟယ်က အားရဝင့်ကြွားစွာ ပြောလာသည်။
“ကောင်းကင်မျက်လုံး ဟုတ်လား၊ မစင်လောက်တောင် မရှိဘူး”
သို့သော် ကျန်းကျန်လုံဘေးနား၌ ထိုင်နေသော အင်မော်တယ်အဘိုးအိုက အထင်သေးစွာ ပြုံး၍ မတူမတန်သလို ကြည့်လေသည်။