ပြည်ထောင်စုကြီးတစ်ခုလုံးအတွက်မူ ၎င်းမှာ အလွန်အင်မတန်မှ အရေးကြီးသော သိကိစ္စရပ်ကြီးတစ်ခု ဖြစ်နေ၏။ ရှေးယခင်တုန်းက အင်္ဂါဂြိုဟ်ဘုရင်ခံမှာ အင်္ဂါဂြိုဟ်မြို့တော်ထဲရှိ သူမ၏ အောင်မြင်မှုများကြောင့် ပဏာမအဆင့်နှစ်ရာထူးအား ရရှိသွားခဲ့ခြင်းဖြစ်သလို ပြည်ထောင်စုဥက္ကဋ္ဌ အလောင်းအလျာတစ်ယောက်လည်း ဖြစ်လာခဲ့ရခြင်းဖြစ်သည်။
ယခုတွင်မူ မြို့တော်နယ်မြေအသစ်၌ တာဝန်အသစ် ထမ်းဆောင်နေရသည့် ပဏာအဆင့်လေးအရှိတစ်ယောက်ဖြစ်သော ဝမ်ပေါင်လဲ့မှာ ခံတပ်တစ်ခုကိုလည်း တည်ဆောက်နေသည်ဖြစ်သည်။ ထို့ကြောင့် သူသည် လူအများ၏ အာရုံစိုက်ခြင်းကို နှစ်ဆယ့်လေးနာရီမပြတ် ခံနေရ၏။
သတင်းထုတ်ပြန်ရေးဌာနအားလုံးမှာလည်း ဤကိစ္စကြီးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ထုတ်လွှင့်ပြသနေကြပြီ ဖြစ်သည်။ သူတို့မှာ ထိုကိစ္စကြီးအား သိရှိနေကြသည်ကိုကြည့်လျှင် ၎င်းမှာ ပြည်ထောင်စုကြီး၊ အင်္ဂါဂြိုဟ်နှင့် အင်အားစုအသီးသီး၏ လုပ်ရပ်သာဖြစ်ကြောင်း သိမြင်နိုင်ပေသည်။
သတင်းများထဲ၌ ထိုကိစ္စကြီးအကြောင်း ပါလာသည့်နှင့် တစ်ပြိုင်နက် ကမ္ဘာပေါ်မှ လူတိုင်းမှာ ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးငြင်းခုံနေကြတော့သည်။ အင်္ဂါဂြိုဟ်ပေါ်မှ လူများမှာလည်း ထိုကိစ္စကြီးအား အလွန်အင်မတန်မှ စိတ်ဝင်စားသွားကြ၏။
ပြည်ထောင်စုကြီးတစ်ခုလုံး၏ အာရုံစိုက်ခြင်းကို ခံနေရပြီဖြစ်ရာ ဝမ်ပေါင်လဲ့တစ်ယောက် ခံတပ်ကြီးတခုကို တည်ဆောက်ရန် အကြံပေးခဲ့ရသည့် ရည်ရွယ်ချက်များမှာ သိပ်မကြာခင်တွင် ပျံ့နှံ့သွားတော့သည်။ အဓိက အကြောင်းအရင်းနှစ်ချက် ရှိ၏။ ပထမတစ်ချက်မှာ အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲ၌ လှိုဏ်ခေါင်းအသစ်တစ်ခု ပေါ်ပေါက်လာခဲ့သောကြောင့် အင်္ဂါဂြိုဟ်ဘုရင်ခံမှာ ယခင်တုန်းက ပြည်ထောင်စုကြီးဘက်၌ နတ်ဘုရားလက်နက်ကြီးအား ကိုင်တွယ်ဖြေရှင်းရန် အချိန်သိပ်မကျန်တော့ဟု သုံးသပ်ခဲ့သည်မှာ မှန်ကန်နေပြီဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။
အကယ်၍ သူတို့သာ ၎င်းအား ချက်ချင်းမတားဆီးနိုင်ပါက လှိုဏ်ခေါင်းများ ထပ်မံပေါ်ထွက်လာမည် ဖြစ်သောကြောင့် ပြဿနာကြီးများနှင့် ကြုံရတော့မည်ဖြစ်၍ အင်္ဂါဂြိုဟ်ကြီးမှာ အန္တရာယ်တွင်းနက်ထဲသို့ ကျရောက်သွားမည်သာဖြစ်သည်။ တစ်ချိန်ထဲမှာပင် ၎င်းမှာ မြို့တော်နယ်မြေအသစ်တစ်ခုအဆင့်တွင်သာ ရှိနေသေးသည်ဖြစ်ရာ အကာအရံကြီးအား နောက်ဆယ်နှစ်အကြာမှသာ ဖြိုဖျက်နိုင်တော့မည်ဖြစ်သောကြောင့် နောက်ကျလွန်းနေမည်သာ ဖြစ်သည်။
ထို့ကြောင့် လှိုဏ်ခေါင်းကြီးများကို ဖိနှိပ်ချုပ်တည်းကာ ရင်ဆိုင်နိုင်ရန်နှင့် နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးအား အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် အရွယ်အစားပိုမိုကြီးမားသော ခံတပ်ကြီးတစ်ခုကို ဆောက်လုပ်ရန်လိုအပ်ပေသည်။
ဒုတိယ အကြောင်းပြချက်မှာ ဝမ်ပေါင်လဲ့ တင်ပြခဲ့သည့် မဟာပေါင်လဲ့ မန္တန်အစီအရင်ကြီးပင် ဖြစ်သည်။ ထို မန္တန်အစီအရင်ကြီးအား ဝမ်ပေါင်လဲ့၏ အကြံအစည်များနှင့် ကျင့်ကြံခြင်းပညာရပ်များအတိုင်း ကျောက်ယမုန့်နှင့် ကောင်းကင်တာအိုကျောင်းတို့က ပူးပေါင်း၍ ဖန်တီးပေးထားခြင်းဖြစ်သည်။ ထို့အပြင် ၎င်းမှာ အမှန်တကယ်အလုပ်ဖြစ်ကြောင်း စမ်းသပ်ထားပြီးသားလည်းဖြစ်သည်။ ထို့ကြောင့် ၎င်းအား ခံတပ်ကြီး တစ်ခုလုံးထဲတွင်သာ အပြည့်အဝတပ်ဆင်လိုက်မည်ဆိုပါက အကာအရံကြီးကို ဖြိုဖျက်ပစ်ရန် အများဆုံး သုံးနှစ်သာ လိုတော့မည်ဖြစ်သည်။
ထိုသို့ ဖြိုဖျက်နှုန်း မြန်ဆန်လာမည်ဖြစ်သောကြောင့် လှိုဏ်ခေါင်းအသစ်များ ထွက်ပေါ်လာမည့် အမြန်နှုန်းများမှာလည်း သိသိသာသာ ကျဆင်းသွားမည်သာ ဖြစ်သည်။ ထို့ကြောင့် အင်္ဂါဂြိုဟ်မှာ ထိုအခြေအနေကြီး တစ်ခုလုံးကို နှစ်နှစ်မှ သုံးနှစ်အတွင်း အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိသွားမည်မှာ အသေအချာပင်။
ထိုအကြောင်းရင်းများမှာ အထောက်အထားခိုင်လုံစွာ ရှိနေသည်ဖြစ်ရာ အရွယ်အစား ပိုမိုကြီးမားသည့် ခံတပ်ကြီးတစ်ခုကို ဆောက်လုပ်ခွင့် ပေးလိုက်ရန်မှာ ဖြစ်နိုင်ပေသည်။ အင်္ဂါဂြိုဟ်နှင့် ပြည်ထောင်စုကြီးတို့မှာ ထိုကိစ္စကြီးကို အလွန်အင်မတန်မှ အလေးပေး၍ စဉ်းစားနေ၏။
ဝမ်ပေါင်လဲ့၏ အာမခံပေးထားသည့် ရလဒ်များမှာ ပြည်ထောင်စုကြီးနှင့် အင်္ဂါဂြိုဟ်တို့အတွက် မက်လောက်စရာဖြစ်နေ၏။ ထို အကာအရံကြီးအား သုံးနှစ်အတွင်း အပြီးတိုင်ဖြိုဖျက်နိုင်စွမ်း ရှိသွားမည်ဆိုပါက သူသည် ခန့်မှန်းထားသည့်နှုန်းထက် သုံးဆတိတိ ပို၍မြန်နေမည်ဖြစ်သည်။
အပြင်ပန်းတွင်ကြည့်လျှင် သုံးဆလောက်သာ ဖြစ်ပါသော်လည်း ပြည်ထောင်စုကြီးနှင့် အင်္ဂါဂြိုဟ်အတွက်မူ ငွေအင်အား၊ လူအင်အား မြောက်မြားစွာ သက်သာသွားမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုအကြံအစည်ကို ထောက်ခံသည့်လူတစ်ယောက်မှမရှိပါက သို့မဟုတ် ဆန့်ကျင်မည့် အဖွဲ့အစည်းများ များပြားနေမည်ဆိုပါက ပြည်ထောင်စုကြီးမှာ အကောင်းအကျိုး အဆိုးအပြစ်များကို ချင့်ချိန်တွေးတောကာ ၎င်းအား အခြားနည်းလမ်းများနှင့်ပင် အစားထိုးလျှင် ထိုးနိုင်ပေသည်။ ခံတပ်အသစ်ကြီးမှာ မြို့တော်နယ်မြေအသစ်တစ်ခု မဟုတ်သောကြောင့် ၎င်းအား ဆောက်လုပ်ပြီးသွားသည်နှင့် အရာရှိပေါင်း မြောက်မြားစွာကို ထပ်မံခန့်အပ်ရမည် မဟုတ်ပါလော။ ပြည်ထောင်စုကြီးမှာ ထိုသို့ လုပ်ချင်မည် မဟုတ်ပေ။
သို့သော် ဝမ်ပေါင်လဲ့မှာ ကျိုးကြောင်းဆက်စပ်မှုအပြည့် ရှိနေပြီး အထောက်အထားအစုံအလင် ပိုင်ဆိုင်ထားသောကြောင့် သူ၏ မြို့တော်အသစ်တစ်ခုအား တည်ဆောက်လိုသော အကြောင်းအရင်များမှာ ခိုင်လုံနေတော့သည်။ သူသည် ထိုကိစ္စကြီးကြောင့် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံနေရပြီဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ အင်္ဂါဂြိုဟ်ဘုရင်ခံမှာ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်နေသောကြောင့်လား၊ ဝမ်ပေါင်လဲ့၏ တင်ပြချက်များမှာ သူမ၏ တွေးခေါ်ပုံများနှင့် ကိုက်ညီမှု ရှိနေသောကြောင့်လား သို့မဟုတ် အခြားအကြောင်းအရင်း တစ်ခုခုကြောင့်လားတော့ မသိပေ။ ပြည်ထောင်စုကြီး၏ အတွင်းရေးကိစ္စများထဲတွင် ဝင်ရောက်စွက်ဖက်လေ့မရှိသော သူမပင်လျှင် သူ၏ တင်ပြချက်ကို ထောက်ပံ့ပေးရန် အခိုင်အမာ ဆုံးဖြတ်လိုက်၏။
သူမသည် ဝမ်ပေါင်လဲ့အား မန္တန်အစီအရင်ကြီး တည်ဆောက်ခြင်းနှင့် ထိုမြို့တော်နယ်မြေအား မြို့တော်တစ်ခုအဖြစ်ပြောင်းလဲတည်ဆောက်ခြင်းတို့၌ ကူညီပေးတော့မည်ဖြစ်သည်။
အင်္ဂါဂြိုဟ်ဘုရင်ခံ၏ အပြုအမူမှာ ပြည်ထောင်စုကြီးအပေါ် လွှမ်းမိုးမှုများစွာ ရှိပေသည်။ ပို၍ အရေးကြီးသည်မှာ တာအိုကျောင်းလေးကျောင်းမှာလည်း မြို့တော်နယ်မြေအသစ်အား မြို့တော်အသစ်တစ်ခု အဖြစ်ပြောင်းလဲခြင်းကို ကူညီထောက်ပံ့ပေးမည်ဟု ပြတ်ပြတ်သားသား ကြေညာလိုက်ကြ၏။ တစ်ချိန်ထဲမှာပင် သူတို့မှာ ပြည်ထောင်စုကြီးနှင့် လူသားမျိုးနွယ်စုအားလုံးအတွက် ဒုတိယမြောက် အင်္ဂါဂြိုဟ်မြို့တော်အား တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများကို လိုလိုလားလား ထောက်ပံ့ပေးတော့မည်ဖြစ်သည်။
တာအိုကျောင်းလေးကျောင်း၏ နောက်တွင် လွှတ်တော်ဘက်မှ ပါလာ၏။ ယခုအကြိမ်တွင်မူ လွှတ်တော်ထဲမှ လွှတ်တော်အမတ် ဆယ့်ခုနစ်ယောက်အဖွဲ့မှာလည်း အင်္ဂါဂြိုဟ်ပေါ်၌ ဒုတိယမြို့တော်တည်ဆောက်မည့် လုပ်ငန်းကို ကူညီထောက်ပံ့ပေးမည်ဟု ကြေညာလိုက်ကြ၏။ ထိုသို့သာဆိုလျှင် ပြည်ထောင်စုကြီးအား လွှမ်းမိုးနိုင်စွမ်းရှိသည့် အဖွဲ့အစည်းနှစ်ခု ပါဝင်ပတ်သက်နေကြပြီဖြစ်ရာ မြို့တော်နယ်မြေအသစ် တည်ဆောက်ခွင့်အား ရရှိရန်မှာ ပို၍ပင် သေချာနေပြီဖြစ်သည်။
သို့သော် အဖွဲ့အစည်းတိုင်းက ကူညီထောက်ပံ့ပေးရန် သဘောတူခဲ့ကြသည်တော့မဟုတ်ပေ။ သိပ်မကြာခင်တွင် ဆည်းဆာကြယ်စင်စုဂိုဏ်း၊ ယွီဟွားရှန်ထျန်းဂိုဏ်းနှင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုတို့မှာ ဤကိစ္စကြီး မအောင်မြင်အောင် တားဆီးနိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်ကြ၏။ ထိုအဖွဲ့အစည်းများမှာ လုပ်ပိုင်ခွင့်အာဏာ ကြီးမားသောကြောင့် ၎င်းတို့ဆီမှ ကူညီထောက်ပံ့မှု မရရှိခဲ့သောအခါ မြို့တော်ဆောက်လုပ်ရေးလုပ်ငန်းများမှာ နှောင့်နှေးကြန့်ကြာမှုအချို့နှင့် ကြုံလိုက်ရပေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးမှာ ဉာဏ်များသော မြေခွေးအိုကြီးများသာ ဖြစ်ကြသည်။ ထိုအဖွဲ့အစည်း သုံးခုမှာ တစ်ဖွဲ့အကြောင်းတစ်ဖွဲ့ သိထားကြသည်လည်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ သုံးဖွဲ့မှာ ချက်ချင်းပင်လှုပ်ရှားလိုက်ကြ၏။ စစ်တပ်ပင်လျှင် သူတို့၏ရပ်တည်ချက်ကို ထုတ်ပြန်လိုက်သေးသည်။ နောက်ဆုံးတွင် အတိုက်အခံသုံးဖွဲ့မှာ ထိုကိစ္စကြီး၏ နောက်ကွယ်မှအကြောင်းများကို သိရှိသွားသည့်ပုံပင်။ သူတို့မှာ လူသားမျိုးနွယ်၏ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးသည့်ပုံဖြင့် သူတို့၏ ရပ်တည်ချက်များကို ပြောင်းလဲကာ ကူညီထောက်ပံ့ပေးလိုက်ကြတော့သည် သို့သော် မျက်ကွယ်ရာတွင်မူ ဆွေးနွေးငြင်းခုံမှုများစွာ ဖြစ်ပွားနေဆဲပင်….
နောက်ဆုံးတွင် ပြည်ထောင်စုဥက္ကဋ္ဌကြီးမှာ နောက်ဆုံးဆုံးဖြတ်ချက် ချရန်အတွက် လိုအပ်သည့် အကဲဖြတ်မှုများပြုလုပ်ရန် အကဲဖြတ် အဖွဲ့တစ်ဖွဲ့အား အင်္ဂါဂြိုဟ်ပေါ်သို့ စေလွှတ်ဖို့ အမိန့်ပေးလိုက်တော့သည်။
ယခုအချိန်တွင်မူ အကဲဖြတ်မှုဆိုသော စကားလုံးမှာ အပေါ်ယံမျှသာဖြစ်သည်။ နိုင်ငံရေးအင်အားစုတိုင်းမှာ အလွန်အင်မတန်မှ လိမ္မာပါးနပ်ကြသောကြောင့် ဝမ်ပေါင်လဲ့၏ အဆိုပြုတင်သွင်းချက်အကြောင်းနှင့် လက်ရှိအခြေအနေများအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်ထားကြပြီးဖြစ်သည်။ ထို့ကြောင့် တစ်လတိတိ အကဲဖြတ်မှုများပြုလုပ်လိုက်ပြီးနောက် ပြည်ထောင်စုကြီးမှာ လူတိုင်းဆီသို့ သတင်းထုတ်ပြန်ကြေညာလိုက်တော့သည်။
သူတို့မှာ အင်္ဂါဂြိုဟ်မြို့တော်နယ်မြေအသစ်အား ဒုတိယမြောက် အင်္ဂါဂြိုဟ်မြို့တော်အဖြစ် ပြောင်းလဲခွင့် ပြုလိုက်ပြီဖြစ်သည်။
၎င်း၏အရွယ်အစားမှာ နဂိုမူလတုန်းကထက် ဆယ်ဆတိတိ ပို၍ကြီးမားနေမည် ဖြစ်သည်။
သို့ဖြစ်ရာ ၎င်းအား ဒုတိယမြောက် အင်္ဂါဂြိုဟ်မြို့တော်အဖြစ် တွေ့မြင်ရရန်မှာ သေချာသလောက် ဖြစ်သွားပြီဖြစ်သည်။
ထိုသတင်းများ ပျံ့နှံ့သွားသောအခါ ပြည်ထောင်စုကြီးထဲမှ လူတိုင်းမှာ အားရကျေနပ်သွား၏။ ဤကိစ္စကြီးမှာ အလွန်အင်မတန်မှ တမူထူးခြားလွန်းနေသောကြောင့် လူများမှာ ဝမ်ပေါင်လဲ့အား ပို၍ပင် အထင်ကြီးသွားကြပြီဖြစ်သည်။
မြို့တော်အသစ်ဆောက်လုပ်ခွင့်ကို ခွင့်ပြုလိုက်ပြီဖြစ်ရာ ထိုမြို့တော်နယ်မြေထဲရှိ လူတိုင်းမှာ ရာထူးတိုးသွားကြတော့မည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ရုံးခန်းထဲ၌ ခုန်းတောက်တို့ သုံးယောက်နှင့်အတူ ထိုင်ကာ ရလဒ်ကို ရင်ထိတ်ထိတ်နှင့် စောင့်ဆိုင်းနေရင်း ပြည်ထောင်စုကြီးမှ သတင်းကြေညာလိုက်ချိန်တွင် အပြင်ဘက်မှနေ၍ ပျော်ရွှင်မျူးထူးစွာ အော်ဟစ်နေကြသည့် အသံများကို ကြားလိုက်ရတော့သည်။
” အောင်မြင်ပြီကွ ” ဝမ်ပေါင်လဲ့မှာပေါင်ကိုရိုက်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ သူ၏ဘေးတွင်ရှိနေကြသည့် ကျင့်သိုမင်၊ ခုန်းတောက်နှင့် လင်းတျန်ဟောက်တို့မှာလည်း အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။ သူတို့၏ မျက်ဝန်းများထဲ၌ အရောင်များတောက်ပနေပြီး သူတို့မှာ ပျော်ရွှင်စွာ ရယ်မောရင်း အသက်ရှူသံများ မြန်ဆန်လာရတော့သည်။
ထိုအပြင် သူတို့မှာ ပန်းတိုင်တစ်ခုတည်းဆီသို့ အတူတူလျှောက်လှမ်းနေကြသည်ဖြစ်သောကြောင့် သူတို့၏ကြားမှ သဘောထားကွဲလွဲမှုများနှင့် ရန်ငြိုးရန်စ အများစုမှာလည်း ပြေပျောက်သွားကြပြီဖြစ်သည်။ ထိုအချိန်တွင် ကျင့်သိုမင်မှာ လက်ခုပ်တီးလိုက်သဖြင့် အပြင်ဘက်မှ အမျိုးသမီးကျင့်ကြံသူများ အခန်းထဲသို့ဝင်လာကြတော့သည်။ သူတို့မှာ အောင်ပွဲအထိမ်းမှတ် ကျင်းပနိုင်ရန် ဝိုင်အရက်များနှင့် အစားအသောက်များကို ယူဆောင်လာကြ၏။
ထို့ကြောင့် ယခင်တုန်းက မြို့တော်ဝန်ရုံးခန်းအဖြစ် ရှိခဲ့သည့် နေရာကြီးမှာ ယခုတွင် လူများဖြင့် ချက်ချင်း ပြည့်နှက်သွားပြီး ရှုပ်ယှက်ခတ်နေတော့သည်။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့နှင့် အဖွဲ့သားများ၏ ရာထူးအဆင့်အတန်းများကိုလည်း ချက်ချင်းပင် တိုးမြှင့်ပေးလိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ မှန်းဆထားခဲ့သည့်အတိုင်း ပဏာမအဆင့်လေးမှ ပဏမအဆင့်သုံးအထိ ရာထူးတိုးသွားခဲ့၏။
သူ၏ ရာထူးတိုးသွားမှုကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းဆုံး အချိန်ဆယ်နှစ်စာလောက် သက်သာသွားပြီဖြစ်သည်။ သူသည် သာမန် နည်းလမ်းအတိုင်းသာ ကြိုးစားမည်ဆိုပါက အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာအောင် အရင်လုပ်ရမည်ဖြစ်သည်။ လွန်ခဲ့သည့်အနှစ်နှစ်ဆယ် အတွင်းတွင် ပြည်ထောင်စုကြီး တစ်ခုလုံးထဲ၌ အမြုတေအဆင့်သို့ အရင်မရောက်ရှိဘဲ ပဏာမအဆင့်သုံးရာထူးအား ပိုင်ဆိုင်ဖူးသည့်လူ တစ်ဦးတလေပင် မရှိပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အခြေတည်အဆင့်တွင် ရှိနေဆဲဖြစ်ပါသော်လည်း ပဏာမအဆင့်သုံးရာထူးအား ပိုင်ဆိုင်ဖူးသည့် တစ်ဦးတည်းသောလူ ဖြစ်နေပြီဟုလည်း ဆိုနိုင်ပေသည်။ ထိုကဲ့သို့သော အရာရှိမျိုးမှာ လင်းယုံကဲ့သို့သော လူမျိုးနှင့် အတိုင်းအတာတစ်ခုအထိ အဆင့်တူနေပြီ ဖြစ်သည်။
ယခုလက်ရှိတွင် နောက်ထပ်တစ်ဆင့်သို့ ထပ်၍ တက်လှမ်းနိုင်ရန်မှာ မဖြစ်နိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော် ဒုပဏာမအဆင့်နှစ် ရောက်ရှိရန် သတ်မှတ်ထားသည့် လိုအပ်ချက်မှာ တင်းကြပ်လွန်းနေသောကြောင့် ဖြစ်သည်။ ထိုလိုအပ်ချက်မှာ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေရန် လိုအပ်ခြင်းပင် ဖြစ်သည်။ တစ်ချိန်ထဲမှာပင် အမြုတေအဆင့်ကျင့်ကြံသူတိုင်းလည်း ဒုပဏာမအဆင့်နှစ် အရာရှိများ ဖြစ်နေကြသည်မဟုတ်ပေ။ ပြည်ထောင်စုကြီးမှာ ကျင့်ကြံခြင်းကမ္ဘာတစ်ခုတည်းသာ မဟုတ်သဖြင့် နှစ်ထောင်ပေါင်းများစွာ ရှိနေခဲ့သည့် စည်မျဉ်းစည်းကမ်းများကြောင့် လူတန်းစားကွဲပြားမှုများမှာ သိသာထင်ရှားနေပြီဖြစ်သည်။ ထို့ကြောင့် အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် အခြားရာထူးတစ်ခုခုကို ဆိုင်ထားခြင်းမှာ အထူးအဆန်းမဟုတ်ပေ။
ထို့အပြင် ဒုပဏာမအဆင့်နှစ် အရာရှိချင်း တူနေလျှင်တောင် ထမ်းဆောင်ရသည့် တာဝန်များမှာ ရာထူးအဆင့်အတန်း ကွဲပြားနေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးမှာ လုပ်ပိုင်ခွင့်အာဏာများနှင့် ဂုဏ်များကို ပိုင်ဆိုင်ထားဆဲပင်။
လူအများ၏အမြင်တွင် ဝမ်ပေါင်လဲ့မှာ အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်နေပြီဟုပင် ဆိုနိုင်ပြီဖြစ်သည်။ သို့ရာတွင် သူသည် ပြည်ထောင်စုကြီးထဲရှိ ထိပ်တန်းအဆင့်အရာရှိကြီးများအား လိုက်မီနိုင်ရန် လိုအပ်နေသေးသည်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူ ယခုကဲ့သို့ ရာထူး အဆင့်ဆင့် တက်လှမ်းလာခဲ့ခြင်းကိုပင် အံ့ဖွယ်ဖြစ်ရပ်ကြီးတစ်ခုအဖြစ် သတ်မှတ်၍ ရနေပြီဖြစ်သည်။
လင်းယုံပင်လျှင် ဝမ်ပေါင်လဲ့၏ မြို့တော်တည်ဆောက်ရန် အစီအစဉ်အား လင်းတျန်ဟောက်ဆီမှ ပထမဆုံးအကြိမ်အဖြစ် ကြားသိခဲ့ရစဥ်တုန်းက အံ့ဩတုန်လှုပ်သွားခဲ့ရသည်။ သူသည် ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့မှာ ရာထူးအများကြီး တိုးလာတော့မည်ဖြစ်ကြောင်း စိတ်ကူးထဲ၌ တွေးနေခဲ့၏။
သို့သော် ပေးဆပ်ရမည့်အရာများတော့ ရှိနေဆဲပင်။ လင်းယုံမှာ ထိုအကြောင်းကို သေသေချာချာ တွေးတောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်ခု ပေးပို့ကာ သူ၏ မြန်ဆန်လွန်းလှသော ရာထူးတိုးမှုကြီးကြောင့် အခြားလူများမှာ မနာလို ဖြစ်လာကြမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့အား သတိပေးလိုက်၏။ ယခုလက်ရှိတွင်ပင် ပြည်ထောင်စုထဲ၌ ဝမ်ပေါင်လဲ့အား ဖိနှိပ်ရန် ကြိုးပမ်းနေကြသည့် လူများစွာ ရှိနေကြပြီဖြစ်သည်။ သူတို့မှာ အနာဂတ်တွင် ဝမ်ပေါင်လဲ့ ရာထူးဆက်မတိုးအောင် တားဆီးရန် အခက်အခဲများကို ဖန်တီးကြတော့မည်ဖြစ်၏။ ထို့ကြောင့် သူသည် နောက်ထပ်ဆယ်နှစ် ကုန်ဆုံးသွားလျှင်တောင် ရာထူးတိုးချင်မှ တိုးနိုင်တော့မည်ဖြစ်သည်။
အမှန်တွင် ထိုကဲ့သို့ ကြံစည်နေကြသည့် အဖွဲ့စည်းများမှာ အမြောက်အမြားရှိနေ၏။ သို့သော် ဝမ်ပေါင်လဲ့ကမူ ၎င်းတို့အား လုံးဝအဓိပ္ပါယ်မရှိဟု သတ်မှတ်ထားသောကြောင့် ဂရုစိုက်မနေခဲ့ပေ။ သူ့အား မည်သူမှ ရန်လာမစသရွေ့ သူက ဂရုစိုက်နေမည် မဟုတ်ပေ။
ယခုအကြိမ်တွင်မူ ပြည်ထောင်စုကြီးမှာ အလွန်အင်မတန်မှ ရက်ရောနေခဲ့၏။ ထိုသို့ ရက်ရောနေရခြင်းမှာ အခြားအဖွဲ့အစည်းများ၏ ကြိုးစားအားထုတ်မှုများ၏ ရလဒ်ဖြစ်ကြောင်း သိသာထင်ရှားပေသည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့ဘက်မှ ပြည်ထောင်စုကြီးဘက်သို့ ကတိပေးထားသည့် အချက်များကြောင့် ပြည်ထောင်စုကြီးမှာ ဝမ်ပေါင်လဲ့အား လုပ်ပိုင်ခွင့်အာဏာ အမြောက်အမြားပိုင်ဆိုင်ထားသည့် ပဏာမအဆင့်သုံး အရာရှိအဆင့်သို့ ရာထူးတိုးပေးလိုက်ရုံသာမက လင်းတျန်ဟောက်၊ ခုန်းတောက်နှင့် ကျင့်သိုမင်တို့ကိုလည်း အလားတူပင် ဆုချလိုက်သေးသည် ဖြစ်သည်။
သူတို့၏ လက်အောက်ငယ်သားများနှင့် မြို့တော်နယ်မြေအသစ်တစ်ခုလုံးထဲရှိ လူတိုင်းမှာလည်း ရာထူးတိုးသွားကြသည်သာ ဖြစ်သည်။
ပြည်ထောင်စုကြီးနှင့် အင်္ဂါဂြိုဟ်ဘက်မှ မြို့တော်အသစ်အတွက် ရေးဆွဲထားသည့် အစီအစဉ်များလည်း ရှိပေသည်။ ထို မြို့တော်အသစ်ကို ခြောက်ပိုင်းပိုင်းမည်ဖြစ်ပြီး လင်းတျန်ဟောက်၊ ကျင့်သိုမင်နှင့် ခုန်းတောက်တို့မှာ မြို့တော်ဝန်များအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် နောက်ထပ်မြို့တော်ဝန်သုံးယောက်အား ထပ်၍ ရွေးချယ်ရမည်ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာမူ ဒုတိယအင်္ဂါဂြိုဟ်မြို့တော်ထဲရှိ လက်ထောက်မြို့တော်သခင်ရာထူးမှာလည်း လစ်လပ်နေဆဲပင် ဖြစ်သည်။
ထိုအချိန်တွင် အံ့ဩတုန်လှုပ်ဖွယ်သတင်းတစ်ခုမှာ လုပ်ပိုင်ခွင့်အာဏာကြီးမားသော အရာရှိကြီးများ၏ ကြား၌ ပျံ့နှံ့သွားတော့သည်…
Vol 29 မြန်မြန်လေး