ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတတ်ကြွကာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူတို့အား စကားအကုန် မပြောမိစေရန် သူ့ကိုယ်သူ ချုပ်တည်းထားရ၏။ သူသည် လက်ထောက်မြို့တော်ဝန်သုံးယောက်က သူ့အား မေးခွန်းမေးမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
သို့သော်… ခုန်းတောက်မှာ ဝမ်ပေါင်လဲ့အား တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် သူ၏နောက်တွင်ရှိနေသော ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ချကာ ညည်းလိုက်၏။ ထိုကာလအတောအတွင်းတွင် သူနှင့် ဝမ်ပေါင်လဲ့၏ ကြားရှိ တင်းမာမှုများမှာ လျော့ကျသွားခဲ့ပြီး သူ၏ ဝမ်ပေါင်လဲ့အပေါ် ထားရှိသော အတွေးအမြင်များမှာ ပြောင်းလဲလာခဲ့သည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ မြည်းလေးကြောင့် သူ၏ ဖီးနစ်ဖြူလေး အနိုင်ကျင့်ခံခဲ့ရသည်ကို ပြန်တွေးမိလိုက်သည့်အချိန်တိုင်း သူသည် သူ၏ ဒေါသတကြီး ပေါက်ကွဲပစ်ချင်စိတ်များကို မထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေရ၏။
သို့သော် ထိုမြည်းလေးမှာ အလွန်အမတန်မှ မြန်ဆန်နေ၏။ သူသည် ယခင်တုန်းက ၎င်းကို လိုက်မီခဲ့ပါသော်လည်း ယခုတွင်မူ ၎င်းမှာ ပို၍ မြန်ဆန်လာပြီဖြစ်ရာ သူသည် မကျေမချမ်းနှင့်သာ ကျန်ရစ်ခဲ့ရသည်ဖြစ်သည်။ ထိုမျှလောက်သာ မဟုတ်သေးပေ။ သူ့အား ရူးသွပ်လုမတတ် ဖြစ်သွားစေသည့်အချက်မှာ သူ၏ ဖီးနစ်ဖြူလေးမှာ ယခင်တုန်းက ပြန်လည်ခုခံခဲ့ပါသော်လည်း ယခုတွင်မူ ပြုသမျှ နုနေသည့် အနေအထားသို့ ရောက်ရှိသွားသည့် အချက်ပင်ဖြစ်သည် …
ထို့ကြောင့် ခုန်းတောက်မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည့်အချိန်တိုင်း ခံစားချက်များ ရှုပ်ထွေးသွားရသည်သာဖြစ်သည်။
ကျင့်သိုမင်ကမူ ယခင်တုန်းကအတိုင်း အခြားလူများ၏ အမြင်တွင် မည်သည့်အရာကိုမှ ဂရုမစိုက်သည့်ပုံ ပေါက်နေဆဲပင်။ သူသည် သန်းဝေကာ အောက်သို့ထိုင်ချလိုက်ပြီး သူ၏ ခါးကို နှိပ်နယ်နေလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား နှုတ်ဆက်သည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး လင်းတျန်ဟောက်အား ပွေ့ဖက်ကာ ခံစားချက်အပြည့်ပါသော မျက်နှာအမူအရာဖြင့် တိုးတိုးလေးပြောလိုက်၏။
” တျန်ဟောက်ရေ။ မင်း ငါ့ကို ဟိုတလောတုန်းက ပေးခဲ့တဲ့ ဓာတ်ပုံစာအုပ်လေ။ အဲ့တာ မင်း ဘယ်ကနေ ရခဲ့တာလဲ။ တိရော တိကျရဲ့လား ”
လင်းတျန်ဟောက်၏ မျက်နှာအမူအရာမှာ အစတုန်းက တည်ကြည်နေခဲ့၏။ သူသည် ဝမ်ပေါင်လဲ့ ပြောလိုက်သည့်စကားကို မည်သို့မည်ဖုံ တုံ့ပြန်ရမည်နည်းဟု စဉ်းစားတွေးတောနေစဉ်မှာပင် လင်းတျန်ဟောက်၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရပြီး သူပြောသည့်စကားကို ကြားလိုက်ရသောအခါ ရှက်ကိုးရှက်ကန်းဖြစ်သွားရတော့သည်။
ဝမ်ပေါင်လဲ့မှာမူ ချင်းဆိုသလိုပင် ခေါင်းများ တဆစ်ဆစ် နာကျင်ကိုက်ခဲသွားရပြီး မြည်းတစ်ကောင်မှာ သူ၏ ဦးခေါင်းအား ကန်ကျောက်လိုက်သကဲ့သို့ ခံစားနေရ၏။ သူသည် ထိုသုံးယောက်အား သူတို့ဆီမှ ရရှိနိုင်မည့် ရင်းမြစ်ပစ္စည်းများကြောင့်သာ သူ၏ လက်ထောက်မြို့တော်ဝန်များအဖြစ် ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ သူသည် ရိုးသားဖြောင့်မတ်ပြီး ကိုယ်ကျင့်တရားနှင့်ပြည့်စုံသည့် လူတစ်ယောက်မဟုတ်ပါလော။
ထို့ကြောင့် သူသည် သူတို့သုံးယောက်အား နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးရန် ဆုံးဖြတ်လိုက်၏။
” ညီအစ်ကိုတို့။ ငါ အခုလေးတင်ပဲ ငါတို့အားလုံးအတွက် အကျိုးရှိနိုင်မယ့် အထူးအခွင့်အရေးကြီးတစ်ခုကို ရှာတွေ့ထားတယ်လို့ မင်းတို့ကို ပြောလိုက်တယ်လေ။ မင်းတို့က မသိချင်ကြဘူးလားကွ ” ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ တည်ကြည်နေဆဲဖြစ်ပြီး သူသည် ခြိမ်းခြောက်မှုအရိပ်အယောင်များ သန်းနေသည့် မျက်ဝန်းများဖြင့် ဆိုလိုက်၏။
လင်းတျန်ဟောက်မှာ သူ၏ ခြိမ်းခြောက်သည့် လေသံဖြင့် ဆိုလိုက်သော စကားများကို ကြားလိုက်ရသောအခါ ကျင့်သိုမင်၏ ရင်ခွင်ထဲမှ ရုန်းကန်ထွက်လာပြီး အပျော်လွန်နေသည့် မျက်နှာအမူအရာဖြင့် ချက်ချင်း မေးလိုက်၏။
” မြို့တော်ဝန်။ ဘယ်လို အခွင့်အရေးမျိုးလဲဗျ။ တကယ်ကို အဲ့လောက်တောင် အံ့သြဖို့ကောင်းလား ”
ကျင့်သိုမင်မှာလည်း အခြားရွေးချယ်စရာမရှိတော့သောကြောင့် စိတ်မပါလက်မပါနှင့် မေးမြန်းလိုက်၏။ ခုန်းတောက်မှာမူ စကားတစ်ခွန်းမှ ပြောမည့်ပုံမပေါ်ပေ။ သူသည် လုံးဝစိတ်ဝင်စားမှု မရှိသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်၏။ သူ၏ အမူအရာမှာ ဝမ်ပေါင်လဲ့က သူ့အား အတင်းအကြပ် မေးမြန်းခိုင်းလျှင်တောင် မေးမည်မဟုတ်ဟု ဆိုနေသည့်ပုံပင်…
ထိုသုံးယောက်မှာ တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်နေကြသည်ကို ဝမ်ပေါင်လဲ့က မြင်လိုက်ရသဖြင့် သူတို့အား ခွင့်လွှတ်ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် ချောင်းဟန့်ရာ ဝိညာဉ်ရေခဲရေတစ်ဘူးကို ထုတ်ယူလိုက်ပြီးနောက် မော့သော့ရင်း တိုးတိုးလေးပြောလိုက်၏။
” ငါတို့ရဲ့ မြို့တော်နယ်မြေအသစ်ကြီးကို မြို့တော်အသစ်ကြီးတစ်ခုအဖြစ် ပြောင်းလဲနိုင်မယ့် နည်းလမ်းတစ်ခုကို ငါ သိထားတယ် ” ဝမ်ပေါင်လဲ့က ဆိုလိုက်၏။ ထို့နောက် သူသည် သူ၏ အစီအစဉ်များကို ရှင်ပြလိုက်ပြီး သူ မကြာသေးမီတုန်းက သိရှိခဲ့ရသော အချက်အလက်များဖြစ်သည့် သူ၏ မိတ်ဆွေတစ်ယောက်မှာ မန္တန်အစီအရင်ကြီးတစ််ခုကို ဖန်တီးပေးထားကြောင်းနှင့် ၎င်းကို စမ်းသပ်ခဲ့ပြီးနောက် အောင်မြင်မှုရရှိခဲ့ပြီး ဖြစ်ကြောင်းတို့ကို ခုန်းတောက်နှင့် အခြားသူများအား ပြောပြလိုက်၏။
ထိုအကြောင်းအရာများထဲတွင် သူ၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်နေသည့် အချက်အလက်အချို့ ပါရှိနေသောကြောင့် သူသည် အချို့သော အချက်အလက်များကို လိုအပ်သလို ဖုံးကွယ်ပြောဆိုခဲ့၏။ မည်သို့ပင်ဆိုစေကာမူ သူ ထိုသို့ ရှင်းပြလိုက်သည့်အချိန်တွင် အခြားလူငယ်သုံးယောက်မှာ မျက်လုံးများပြူးသွားကြတော့သည်။
သိပ်မကြာသေးခင်တုန်းက ကျင့်သိုမင်၏ အတွေးထဲ၌ လင်းတျန်ဟောက် ပေးခဲ့သော ဓါတ်ပုံစာအုပ်အကြောင်းများဖြင့် ပြည့်နှက်နေခဲ့ပါသော်လည်း ယခုတွင်မူ သူသည် ၎င်း၏အကြောင်းကို လုံးဝ မေ့ပျောက်သွားပြီဖြစ်သည်။ သူသည် အသက်ရှူသံများပင် အနည်းငယ်ခန့် မြန်ဆန်လာရ၏။ သူသည် အခြားသူများ၏ရှေ့တွင် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနှင့် တော်ရိလျော်ရိသာ နေသည့်ပုံ ပေါက်နေပါသော်လည်း ဝမ်ပေါင်လဲ့ ပြောလိုက်သည့် အခွင့်အရေးကြီးမှာ အမှန်တကယ်ပင် လူတိုင်းအတွက် အလွန်အင်မတန်မှ ရှားပါးသည့် အခွင့်အရေးကြီးတစ်ခု ဖြစ်နေသည်မဟုတ်ပါလော။
ထို့ကြောင့် သူသည်ပင်လျှင် စိတ်နှလုံးလှုပ်ရှားသွားရပြီး သူ၏ ခေါင်းထဲ၌ အတွေးမျိုးစုံ ချက်ချင်းပေါ်ပေါက်လာတော့သည်။
ကျင့်သိုမင်တစ်ယောက်သာ ထိုသို့ဖြစ်နေသည်မဟုတ်ပေ သူ၏ဘေးတွင် ရှိနေသည့် ခုန်းတောက်၏ တင်းမာနေသော မျက်နှာထားမှာလည်း တဖြည်းဖြည်းနှင့် ပြောင်းလဲသွား၏။ ထို့နောက် သူသည် ပင့်သက်ရှိုက်ကာ မျက်လုံးများ ပြူးကျယ်သွားပြီး ဝင်းလက်တောက်ပလာတော့သည်။ ဝမ်ပေါင်လဲ့၏ စကားများကြောင့် သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဆွံ့အသွားရ၏။ သူ၏ အတွေးထဲတွင် ရှေ့သို့ဆက်သွားနိုင်မည့် လှေကားကြီးတစ်ခု ပေါ်ပေါက်လာပြီဖြစ်သည်။ သူသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရုံမျှဖြင့် ကောင်းကင်ဘုံအထိ ရောက်ရှိသွားတော့မည်ဖြစ်သည်။
လင်းတျန်ဟောက်မှာမူ မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်သွားရ၏။ သူသည် ဝမ်ပေါင်လဲ့အား သရဲတစ္တေတစ်ကောင်ကဲ့သို့ စိုက်ကြည့်ရင်း ခေါင်းများ ထူပူသွားရတော့သည်။ သူသည် ဝမ်ပေါင်လဲ့မှာ သူတို့အားလုံးအတွက် ယခုကဲ့သို့ အံ့ဩမှင်တက်ဖွယ်ကောင်းလွန်းနေသည့် အခွင့်အရေးကြီးတစ်ခုကို မည်သို့မည်ဖုံ ဖန်တီးနိုင်ခဲ့ပါသနည်းဟု မတွေးနိုင်လောက်အောင် ဖြစ်နေရတော့သည်။
ဝမ်ပေါင်လဲ့မှာ သူတို့၏ တုံ့ပြန်ပုံများကို အားရကျေနပ်သွားသောကြောင့် စကားစ သတ်လိုက်ပြီး သူတို့အား သူပြောခဲ့သည့်စကားများကို သေသေချာချာ ပြန်လည်တွေးတောသုံးသပ်ခွင့် ပေးလိုက်၏။ အချိန်အနည်းငယ်ခန့် ကြာပြီးမှ သူသည် စကားဆက်လိုက်၏။
” အဲ့တာမလို့ ငါတို့တွေ အောင်မြင်တာနဲ့ အနည်းဆုံး အဆင့်တစ်ဆင့် တက်သွားမှာ သေချာတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီမြို့တော်နယ်မြေတစ်ခုလုံးထဲမှာ ရှိနေတဲ့ ငါတို့ရဲ့ ရဲဘော်ရဲဘက်တွေအကုန်လုံးကလည်း ရာထူးတိုးသွားမှာပဲ ”
” တကယ်လို့ မအောင်မြင်ဘဲ ကျရှုံးသွားမယ်ဆိုရင်တောင် ဘာမှဖြစ်မှာမဟုတ်ဘူး။ နဂိုမူလနေရာမှာပဲ ဆက်ရှိနေအုန်းမှာ။ ငါတို့အတွက် အရှုံးမရှိနိုင်ဘူး။ အဲ့တာမလို့… ဒီအခွင့်အရေးကြီးကို စမ်းကြည့်သင့်တယ်လို့ မင်းတို့တွေ မထင်ဘူးလားကွ ”
ဝမ်ပေါင်လဲ့ စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကျင့်သိုမင်မှာ ခါးဆန့်လိုက်ပြီး မျက်နှာအမူအရာ တည်ကြည်သွား၏။ သူ့အား ယခုကဲ့သို့ မြင်ရသည်မှာ ရှားပေသည်။ ထို့နောက် သူသည် အရောင်လက်နေသော မျက်ဝန်းများဖြင့် မေးမြန်းလိုက်၏။
” ပေါင်လဲ့။ မင်းပြောတဲ့ မန္တန်အစီအရင်ကြီးကို ငါတို့တွေ တစ်ချက်လောက်ကြည့်လို့ရလား ”
ဝမ်ပေါင်လဲ့မှာ သူတို့ ထိုသို့မေးမြန်းလိမ့်မည်ဖြစ်ကြောင်း မျှော်လင့်ထားပြီးသားဖြစ်သောကြောင့် တွေဝေတုံ့ဆိုင်းမနေဘဲ သူတို့အား သူ ထို မန္တန်အစီအရင်ကြီး တပ်ဆင်ထားသည့်နေရာသို့ ခေါ်သွားလိုက်ပြီး ကြည့်ရှူစစ်ဆေးခိုင်းလိုက်၏။ ထို့နောက် သူကိုယ်တိုင် ထို မန္တန်အစီအရင်ကြီးအား အသုံးပြုပြလိုက်ပြီး အမှန်တကယ်အလုပ်ဖြစ်ကြောင်း သက်သေပြလိုက်၏။
ခုန်းတောက်မှာဆိုလျှင် နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးဆီသို့ သွားရောက်ကာ နောက်ထပ် အသေးစားစမ်းသပ်မှုတစ်ခုပြုလုပ်ရန် အကြံပေးလိုက်သေးသည်။ ထိုစမ်းသပ်မှု၏ ရလဒ်များ ထွက်ပေါ်လာသောအခါ ကျင့်သိုမင်နှင့် ခုန်းတောက်တို့ နှစ်ယောက်စလုံးမှာ စိတ်လှုပ်ရှားသွားရ၏။ လင်းတျန်ဟောက်မှာဆိုလျှင် အသက်ရှူသံများ အတိုင်းမသိ မြန်ဆန်နေရပြီဖြစ်သည်။
သူတို့မှာ မျက်လုံးများအရောင်တောက်နေကြပြီး အံ့ဩတုန်လှုပ်မှုများကို ဖြေဖျောက်နိုင်စွမ်းမရှိသေးပေ။ သို့သော် သူတို့မှာ အောင်မြင်သွားမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ ပဏာမအဆင့်လေးမှ ပဏာမအဆင့်သုံးသို့ ချက်ချင်းပင် ရာထူးတိုးသွားမည်ဖြစ်ကြောင်း သူတို့က နားလည်ထားကြ၏။
အလားတူပင် သူတို့မှာလည်း ဝမ်ပေါင်လဲ့နည်းတူ ရာထူးတိုးသွားကြမည်ဖြစ်ရာ ဒုပဏာမအဆင့်လေးမှ ဒုပဏာမအဆင့်သုံးသို့ ရာထူးတိုးသွားကြမည်သာ ဖြစ်သည်။
ပြည်ထောင်စုကြီး တစ်ခုလုံးထဲတွင် သူတို့ သုံးယောက်သာလျှင် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ငမ်းငမ်းတက် လိုချင်နေကြမည်မဟုတ်ပေ။ မရေမတွက်နိုင်သော လူပေါင်းများစွာမှာ ထိုအခွင့်အရေးအား လိုချင်တပ်မက်နေကြမည် ဖြစ်သည်။ သို့သော် ထိုမျှလောက်နှင့် ထိုအခွင့်အရေးကြီးအား အလွန်အင်မတန်မှရှားပါးသည်ဟု မဆိုနိုင်သေးပေ။ ဤကိစ္စကြီး အောင်မြင်နိုင်ရန်အတွက်ဆိုလျှင် ပြည်ထောင်စုကြီးနှင့် အင်္ဂါဂြိုဟ်အစိုးရ နှစ်ခုစလုံး၏ ထောက်ခံချက်ကို လိုအပ်သေးသည် မဟုတ်ပါလော။
အခြားသူများမှာ သူတို့၏ မြို့တော်နယ်မြေများကို မြို့တော်အဆင့်သို့ မြှင့်တင်ရန် ဆန္ဒရှိလျှင်တောင် ပြည်ထောင်စုကြီးဆီမှ ထောက်ခံချက်ကို ရရှိနိုင်ကြမည်မဟုတ်ပေ။ သို့သော် အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲတွင်မူ ထိုကဲ့သို့သော ထောက်ခံချက်မျိုး ရရှိနိုင်ခြေမှာ အလွန်မြင့်မားပေသည်။
ဝမ်ပေါင်လဲ့၏ အဆိုပြုချက်မှာ အလွန်အင်မတန်မှ အချိန်ကုန် သက်သာစေမည်ဖြစ်သည်။ ၎င်းအတွက် ငွေအင်အား အမြောက်အမြား စိုက်ထုတ်ပေးရန် လိုအပ်ပါသော်လည်း ပြည်ထောင်စုကြီးနှင့် အင်္ဂါဂြိုဟ်အစိုးရနှစ်ခုစလုံး လက်ရှိရင်ဆိုင်နေရသည့် အကြီးမားဆုံးသော ပြဿနာမှာ ငွေအင်အား မလုံလောက်သည့် ပြဿနာမဟုတ်ဘဲ အချိန်မလုံလောက်သည့် ပြဿနာသာဖြစ်သည်။
သူတို့မှာ နတ်ဘုရားလက်နက်ကြီးအား စောစောတူးထုတ်နိုင်လေ ၎င်း၏ အစွမ်းများကို စောစော ပိုင်ဆိုင်နိုင်လေသာ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ အင်္ဂါဂြိုဟ်အစိုးရအတွက်လည်း ကြီးမားစွာ အကျိုးရှိ ဦးမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားလက်နက်ကြီး မတည်မငြိမ် ရှိနေသရွေ့ ကြိုတင်မခန့်မှန်းနိုင်သည့် ကပ်ဘေးဒုက္ခကြီးများ ထွက်ပေါ်လာနိုင်ခြေ ရှိနေသေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ တူးဖော်ရေးလုပ်ငန်းကြီးအား မြန်မြန်ပြီးဆုံးအောင် ဆောင်ရွက်နိုင်လေလေ ကပ်ဘေးဒုက္ခများအား ရင်ဆိုင်ဖြေရှင်းရာ၌ အသုံးပြုရမည့် ငွေအင်အားနှင့် လူအင်အားများကို ပို၍ လျှော့ချနိုင်လေလေ ဖြစ်နေမည် ဖြစ်သည်။
ထိုလူငယ်လေးသုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၏။ သူတို့၏ အောင်မြင်နိုင်ခြေမှာ မြင့်မားနေကြောင်း သူတို့က သိထားကြသောကြောင့် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရတော့သည်။
ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့အား လေးစားမဆုံး ဖြစ်နေရ၏။ သူတို့မှာ ထိုကဲ့သို့ စိတ်လှုပ်တရှားဖြစ်နေကြရင်း အခြားအချက်တစ်ချက်ကိုလည်း ရိပ်မိသွားကြ၏။ ဝမ်ပေါင်လဲ့၏ အစွမ်းနှင့် မန္တန်အစီအရင်ကြီး နှစ်ခုတည်းနှင့် လုံလောက်နိုင်ဦးမည် မဟုတ်ပေ။
” ငါ စစ်တပ်ကို ချက်ချင်းဆက်သွယ်လိုက်ပြီးတော့ အထောက်အပံ့အပြည့်အဝ လှမ်းတောင်းလိုက်မယ် ” ခုန်းတောက်မှာ အသက်ပြင်းပြင်းရှူ၍ ချက်ချင်းပင် ပြောလိုက်၏။ သူသည် ဤကိစ္စကြီးအပေါ် အခြားအရာများထက် ပို၍စိတ်အားထက်သန်နေပြီ ဖြစ်သည်။ ထို့အပြင် သူသည် ထိုကဲ့သို့ဆိုလိုက်ပြီး အံများပင် ကြိတ်ထားလိုက်တော့သည်။
” ငါလည်း ငါ့ရဲ့ ခေါင်းကိုင်အဘိုးကို လှမ်းပြီး ဆက်သွယ်ထားလိုက်မယ် ”
” ညီအစ်ကိုကောင်းတွေဆိုတာ ဒီလိုမှပေါ့။ အားလုံးအတူတကွ ပူးပေါင်းကြပြီးတော့ အနာဂတ်အတွက် အစွမ်းကုန်ကြိုးစားကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ပျော်ရွှင်နေရတော့သည်။ သူသည် အားပေးလိုသည့် အရိပ်အယောင်များ ထင်ဟပ်နေသော မျက်ဝန်းများဖြင့် ခုန်းတောက်အား ပခုံးပုတ်လိုက်၏။
တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ကျင့်သိုမင်မှာလည်း လေသံတိုးတိုးနှင့် ဆိုလိုက်၏။
” ငါတို့တွေ ဒီကိစ္စကြီးအတွက် ငါတို့ရဲ့ အချိတ်အဆက်တွေအားလုံးကို အသုံးပြု့ဖို့လိုတယ်။ ငါ ဒီကိစ္စကို ငါ့ရဲ့မိသားစုနဲ့ ခဏနေရင် ဆွေးနွေးလိုက်မယ်။ လင်းတျန်ဟောက်။ မင်းလည်း အတူတူပဲ။ မင်းရဲ့အဖေနဲ့ ဆွေးနွေးလိုက်ဦး။ ငါတို့တွေ လွှတ်တော်အမတ်တွေဆီကလည်း အကူအညီအထောက်အပံ့တွေ လိုအပ်ဦးမှာ ”
” တခြားနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့က… ငါ တစ်ခုခု စဉ်းစားထားလိုက်မယ် ”
” ပေါင်လဲ့ပြောတာ မှန်တယ်။ ငါတို့တွေ စမ်းကိုစမ်းကြည့်သင့်တယ်ကွ ” ကျင့်သိုမင်၏ မျက်ဝန်းများမှာ ထူးဆန်းစွာ တောက်ပနေပြီဖြစ်သည်။ သူ၏ အသက်အရွယ် အနေအထားနှင့်ဆိုလျှင် ဒုပဏာမအဆင့်သုံးဆိုသော ရာထူးမှာ အလွန်အင်မတန်မှ မြင့်မားလွန်းနေသည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာဆိုလျှင် ပြိုင်ပွဲထဲ၌ အသက်ကိုလု၍ တိုက်ခိုက်ခဲ့ပြီးမှ ပဏာမအဆင့်လေးရာထူးကို ရရှိခဲ့သည်ဖြစ်သည်။
သူတို့မှာ ထိုကဲ့သို့ စိတ်လှုပ်တရှားနှင့် အချိန်အနည်းငယ်ခန့်ထပ်၍ စကားပြောနေလိုက်ကြ၏။ သူတို့မှာ သူတို့အား ထောက်ပံ့ပေးနေသည့် နိုင်ငံရေးအင်အားစု အသီးသီးကို သတင်းပေးပို့ကာ တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြသည်။ ဝမ်ပေါင်လဲ့မှာမူ အချက်အလက်များကို အနှစ်ချုပ်ကာ အင်္ဂါဂြိုဟ်အစိုးရဆီသို့ တရားဝင် တင်ပြရမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုတာဝန်ကို လိုလိုလားလား လက်ခံလိုက်၏။ သူသည် ပထမဆုံးစတင်လှုပ်ရှားမည့်လူမှာ သူဖြစ်နေရန်လိုအပ်ကြောင်း သိရှိထား၏။
ထိုသို့ဖြင့် သူတို့လေးယောက်မှာ လိုအပ်သည်များကို ပြင်ဆင်ရန် အသီးသီးထွက်ခွာသွားကြတော့သည်။ သူတို့အား ကူညီထောက်ပံ့ပေးနေကြသည့် နိုင်ငံရေးအင်အားစုအားလုံးမှာ ဝမ်ပေါင်လဲ့၏ အကြံအစည်ကြီးကြောင့် ဆွံ့အမှင်တက်သွားကြ၏။ ခုနစ်ရက်ကြာပြီးနောက်တွင် မြို့တော်နယ်မြေအသစ်မှ ပေးပို့လိုက်သည့် မြို့တော်အဖြစ်ပြောင်းလဲတည်ဆောက်ပေးရန် တောင်းဆိုချက်မှာ အင်္ဂါဂြိုဟ်အစိုးရဆီသို့ ရောက်ရှိလာ၏။ ထို့ကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံးကိုပင်လျှင် အံ့ဩတုန်လှုပ်သွားစေသည့် ဆွေးနွေးငြင်းခုန်သံများ ချက်ချင်းပင်ထွက်ပေါ်လာတော့သည်။
အင်္ဂါဂြိုဟ်နယ်မြေအသစ်မှာ မြို့တော်အသစ်တစ်ခုအဖြစ် တိုးချဲ့တည်ဆောက်ပြီး မြို့တော်အသစ်တစ်ခု ဖြစ်လာရန် တရားဝင် တောင်းဆိုလိုက်ပြီဖြစ်သည်။ ၎င်းမှာ အင်္ဂါဂြိုဟ်ပေါ်ရှိ ဒုတိယမြောက် မြို့တော်ကြီး ဖြစ်လာတော့မည်ဖြစ်သည်။