Switch Mode

အခန်း ( ၁၀၂ )

တစ်ယောက်ယောက်ရှိကြလား

လအနည်းငယ်ကြာသွားခဲ့ပြီ။ မွှေးရနံ့တိမ်တောင်ပတ်ဝန်းကျင်တွင် ပိုင်ရှောင်ချန်းတစ်ယောက်အလျင်အမြန်ပဲ နေသားတကျဖြစ်လာခဲ့၏။ နောက်ဆုံးတွင် အတွင်းစည်းဂိုဏ်းသားအသစ်စက်စက်ဟူသော ခံစားချက်များပျောက်ကွယ်လာခဲ့ချေပြီ။

သူ၏အချိန်အများစုကိုလည်း အင်မော်တယ်ဂူထဲမှာနေ၍ ကျင့်ကြံနေသည်ဖြစ်စေ၊ သူ၏ကိုယ်ပိုင်ဆေးဖော်စပ်သည့်အလုပ်ရုံထဲတွင် ဆေးဖော်စပ်နေသည်ဖြစ်စေ ကုန်ဆုံးနေလေ့ရှိသည်။ များမကြာမီ သူသည် ကာမအားတိုးဆေးလုံးအနည်းငယ်ကို ဖော်စပ်ပြီးဖြစ်လေ၏။

သူ၏စိတ်မှာ အမြဲရွှင်လန်းလျက်ရှိနေသည်။ သူ၏ကျင့်ကြံနေရခြင်းရည်ရွယ်ချက်မှာ ထာဝရအသက်ရှည်လိုခြင်းဖြစ်ရာ ကျင့်ကြံခြင်းအဆင့်မြင့်လာလေလေ၊ ပို၍အသက်ရှည်လာလေလေဖြစ်လေ၏။

သူသည် စိတ်စွမ်းအင်ဆေးဝါးများဖော်စပ်ရခြင်းကိုအထူးတလည် စိတ်ပါဝင်စားလေ၏။ တကယ်တော့ သူ့အားထာဝရအသက်ရှည်အောင်ပြုလုပ်ပေးနိုင်မည့် ဆေးလုံးကိုဖော်စပ်နိုင်လိမ့်မည်ဟူသောမျှော်လင့်ချက်ကို လက်မလွှတ်နိုင်သေးတာပဲဖြစ်၏။ ထိုအိပ်မက်ကြီးအကောင်အထည်ပေါ်လာစေရန် စိတ်စွမ်းအင်ဆေးဝါးများကို အစဥ်မပြတ်စမ်းသပ်ဖော်ထုတ်နေလေသည်။ သို့သော်ကံကြမ္မာတရားကရက်စက်လေပြီ။ လအနည်းငယ်ကုန်လွန်ပြီးနောက် သူ့တွင်ဆေးပင်များမကျန်တော့ပေ။

လက်ရွေးစင်တိုက်ပွဲများတွင်ပထမနေရာရခဲ့သည့်အတွက်ဆုအဖြစ် ဝိညာဥ်ကျောက်တုံးပေါင်းတစ်သောင်းရရှိခဲ့သော်လည်း အဆင့်သုံးစိတ်စွမ်းအင်ဆေးဝါးဖော်စပ်ရန်ပါဝင်ပစ္စည်းများမှာ ဂိုဏ်းပြင်ပရှိဈေးထဲတွင်အလွယ်တကူမရနိုင်ချေ။ သူ့အတွက်လိုအပ်သောပါဝင်ပစ္စည်းများကိုရရှိရန် အခြားကျင့်ကြံသူမျိုးနွယ်စုများအပေါ်တွင်သာ အားထားရပေလိမ့်မည်ဖြစ်ရာ တန်ဖိုးမှာမတန်တဆများပြားလှပေသည်။

အကောင်းဆုံးနည်းလမ်းမှာ စွမ်းဆောင်မှုရမှတ်များရနိုင်သလောက်စုပြီး လိုအပ်နေသောပါဝင်ပစ္စည်းများကို ဂိုဏ်းမှလဲလှယ်ရန်ဖြစ်သည်။

“စွမ်းဆောင်မှုရမှတ်တွေ…” အင်မော်တယ်ဂူထဲတွင် မျက်မှောင်ကြုတ်ထိုင်နေလျက်က တွေးလိုက်သည်။ သူ့မှာမရှိဆုံးအရာများကလည်း စွမ်းဆောင်မှုရမှတ်များဖြစ်၏။ ခဏမျှတွေဝေနေပြီးနောက် အင်မော်တယ်ဂူမှထွက်လာကာ အတွင်းစည်းဂိုဏ်းသားများလုပ်ဆောင်ရမည့်တာဝန်များရေးထွင်းထားသော ကျောက်တိုင်ဆီသို့ ပြေးထွက်လာခဲ့လေသည်။

အပြင်စည်းဂိုဏ်းတုံးကမူ စီမံရေးရာဆောင်က အမြဲလူသူခြောက်ကပ်နေသော်လည်း အတွင်းစည်းဂိုဏ်းတွင်မူ ထိုကဲ့သို့မဟုတ်ပေ။ အတွင်းစည်းဂိုဏ်းသားများသည် အမြဲတစေအလုပ်ရှုပ်နေကြပြီး သူတို့၏အချိန်ကိုအဖိုးတန်ရတနာကဲ့သို့ သဘောထားကြလေသည်။ ဂိုဏ်းသားများကို ပြင်ပတွင်အလွန်တွေ့ရခဲသည်။ ပိုင်ရှောင်ချန်းသည် တာဝန်ကျောက်တိုင်ရှေ့သို့သွားကာ လုပ်ငန်းစဥ်တစ်ခုကိုရွေးချယ်ရန်ပြင်လိုက်သည်။

“ဒီတစ်ခုကတော့ တော်တော်လေးအန္တရာယ်များတယ်…။” သူရေရွတ်လိုက်သည်။ “ဒီတစ်ခုကျပြန်တော့လည်း စွမ်းဆောင်မှုရမှတ်ကို လုံလုံလောက်လောက်မပေးဘူး…။ အချိန်အကြာကြီးလုပ်ရမယ့် လုပ်ငန်းစဥ်မျိုးလဲမလုပ်ချင်ဘူး…။”

နောက်ဆုံးတွင် ဂိုဏ်းအကြီးအကဲတစ်ယောက်ချပေးထားသော လုပ်ငန်းစဥ်တစ်ခုကို သူတွေ့သွားသည်။ အသက်သူခိုးအမြုတေ များစုဆောင်းပေးရန်ဖြစ်သည်။ အမြုတေ တစ်ခုစီအတွက် စွမ်းဆောင်မှုရမှတ်တစ်ထောင်ပေးမည်ဖြစ်လေ၏။

ထို့ပြင် အသက်သူခိုးကောင်များ များရှာဖွေ၍ရနိုင်သောနေရာကိုလည်း ညွှန်ပြထားသေးသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် မနီးမဝေးတွင်ရှိသော မြေရိုင်းမြက်တောင် တစ်ဝိုက်တွင် ရှာဖွေ၍ရနိုင်သည်ဟု လမ်းညွှန်ထားသည်။ ပိုင်ရှောင်ချန်းသည် ဝိညာဥ်ကောင်များအတွဲလေးတွင်ပါရှိသော အသက်သူခိုးကောင် များအကြောင်းကိုနှုတ်မှရေရွတ်ရင်းတွေးနေမိသည်။ ၎င်းတို့သည် သားရဲတိရစ္ဆာန်များမဟုတ်ကြပဲ အံ့သြဖွယ်ကောင်းသော ကပ်ပါးကောင်များဖြစ်ကြလေသည်။

သူတို့သည် သားရဲတိရစ္ဆာန်ကဲ့သို့သော သားကောင်ကိုရွေးချယ်ပြီး ၎င်းသားကောင်တွင်နောက်ထပ်ခေါင်းတစ်လုံးထပ်ပေါက်လာအောင်ပြုလုပ်လေသည်။ ဒုတိယခေါင်းလုံးဝအပြည့်အစုံဖြစ်လာပြီဆိုလျှင် သားကောင်သည်ခြောက်သွေ့ညှိုးနွမ်းကာသေဆုံးရလေသည်။ ထိုအခါ အရွယ်ရောက်ပြီးသား အသက်သူခိုးကောင်က သည် ကိုးရက် ငှက်တစ်ကောင် အဖြစ်ပြောင်းလဲသွားလေသည်။

ထိုသတ္တဝါကပ်ပါးကောင်အဖြစ်ရှိနေစဥ်ကာလတွင် ဆေးဝါးအမျိုးမျိုးဖော်စပ်ရန်ပါဝင်ပစ္စည်းအဖြစ် အလွန်အသုံးဝင်လေသည်။ သို့သော် ၎င်းသတ္တဝါအရွယ်ရောက်လာကာ ဒုတိယဦးခေါင်းထဲမှပေါက်ကွဲထွက်လာပြီး ကိုးရက်ငှက် ဖြစ်သွားပြီဆိုလျှင် လုံးဝသုံးမရတော့ချေ။ ထို့အပြင် ကိုးရက်ငှက် များသည် ကိုးရက်သာအသက်ရှင်ကြပြီး သူတို့သေဆုံးသွားလျှင် နောက်ထပ် အသက်သူခိုးကောင် တစ်ကောင်ပေါက်လာလေသည်။ ထိုအကောင်သည် သားကောင်ကိုဆက်ရှာပြီး ထိုကဲ့သို့သံသရာလည်နေလေ၏။

ထိုနည်းအားဖြင့် အသက်သူခိုး များသည် ဘဝသံသရာလည်နေကြသည်။

အသက်သူခိုးကောင် များသည် အလွန်ရှားပါးကာ အဆက်မပြတ်ပြန်လည်ဝင်စားနေခြင်းဖြင့် တစ်နည်းဆိုရလျှင် ထာဝရအသက်ရှင်နေထိုင်နိုင်လေသည်။

ဝိညာဥ်ကောင်များအတွဲလေးတွင်ပါဝင်သည့် ထာဝရအသက်ရှင်နေသော အသက်သူခိုးကောင် များအကြောင်းကို ပထမဆုံးဖတ်ဖူးစဥ်က ပိုင်ရှောင်ချန်းသည် အလွန်အထင်ကြီးခဲ့ဖူးလေသည်။

ဤလုပ်ငန်းစဥ်တွင်အခက်ခဲဆုံးအပိုင်းမှာ အသက်သူခိုးကောင် များကိုလိုက်ရှာရခြင်းပင်ဖြစ်သည်။ မြေရိုင်းမြက် တောင်တန်းသည် အလွန်ကျယ်ပြောလှပေရာ အသက်သူခိုးကောင် များကို တစ်ကောင်ခြင်းလိုက်ရှာရမည်ဆိုပါက အချိန်ကုန်လူပင်ပန်းဖြစ်ပေလိမ့်မည်။ ထိုနည်းဖြင့်စွမ်းဆောင်မှုရမှတ်များကို စုရမည်ဆိုပါက သက်သာမည်မဟုတ်ပေ။

မြေရိုင်းမြက်တောင်တန်းများ အတွင်းသို့ထပ်မံစူးစမ်းလေ့လာပြီးနောက်တွင် သိလိုက်ရသည်မှာ သားရဲတိရစ္ဆာန်အများစုသည် အခြေခိုင်မာခြင်းအဆင့်အောက်တွင်သာရှိနေသေး၏။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည်လုပ်ငန်းစဥ်ကိုဆောင်ရွက်ရန်ဆုံးဖြတ်လိုက်သည်။ သို့သော်သူသည် ဂိုဏ်းမှချက်ခြင်းထွက်မလာသေးပဲ ပထမဦးစွာ ကြိုတင်ပြင်ဆင်မှုအနည်းငယ်ပြုလုပ်ရန် သူ၏အင်မော်တယ်ဂူသို့ပြန်ခဲ့လေ၏။ ထို့နောက် ရွှေကျီးကန်းဓား ပေါ်သို့ခုန်တက်လိုက်ပြီး အဝေးသို့ ပစ်လွှတ်လိုက်လေသည်။

မြေရိုင်းမြက်တောင်များ သည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သိပ်မဝေးချေ။ ရွှေကျီးကန်းဓားကိုအသုံးပြုထားပြီးနောက် သူ့၏အမြန်နှုန်းအရ တောင်များသို့ရောက်ရန်ရက်အနည်းငယ်မျှသာအချိန်ယူရမည်ဖြစ်သည်။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်သည်နိမ့်သေးသောကြောင့် တာရှည်မပျံသန်းနိုင်ပေ။ ထို့ကြောင့်သူသည် ပြေးလိုက်၊ ပျံသန်းလိုက်ဖြင့်ခရီးဆက်ရသည်။ လေးရက်ကြာသော် မြေရိုင်းမြက်တောင် သို့ရောက်ရှိလာလေ၏။

အလေ့ကျပေါက်နေသောအပင်များနှင့်စိမ်းလန်းစိုပြည်လျက်ရှိသော အံ့အားသင့်ဖွယ်မြင်ကွင်းက ပိုင်ရှောင်ချန်း၏ရှေ့တွင်ပေါ်လာလေသည်။ အဆုံးမရှိကျယ်ပြောလှသောတောကြီးထဲတွင် သားငှက်တိရစ္ဆာန်များ၏ အသံများဖြင့်ပြည့်နေလေသည်။

ပိုင်ရှောင်ချန်းသည် အသက်သူခိုးကောင် များကိုလိုက်လံရှာဖွေခြင်းမပြုသေးပဲ တောင်တန်းတလျှောက်ကို လဝက်ခန့်ကြာအောင်စူးစမ်းလေ့လာနေခဲ့ရာ တစ်နေ့တွင် သစ်တောကိုသဘာဝအတိုင်းနှစ်ပိုင်းခွဲခြားထားသော တောင်ကြားတစ်ခုသို့ရောက်ရှိလာခဲ့လေ၏။ သူသည်မြင့်မားလှသောသစ်ပင်ကြီး၏ အကိုင်းများပေါ်တွင် ခေတ္တစခန်းချနေလိုက်ပြီး တောင်ကြားတစ်လျှောက်စူးစမ်းလေ့လာနေ၏။

“ရိုးရိုးနည်းနဲ့ပဲလိုက်ရှာနေရင်တော့ ကံကိုယုံပြီးအချိန်ဖြုန်းရာကျနေမှာပဲ…။ ကံအရမ်းကောင်းနေရင်တောင်မှ တစ်ကောင်လောက်တွေ့ချင်တွေ့မှာ…။ ကံမကောင်းလို့ကတော့ တစ်လလုံးရှာရင်တောင်တစ်ကောင်မှတွေ့လိမ့်မှာမဟုတ်ပေဘူး…။”

” ငါ့ရဲ့ဉာဏ်ပညာတွေထုတ်သုံးရမယ့်အချိန်ပဲ…။”

နောက်တစ်နေ့တွင် သူသည်တောင်ထိပ်တစ်ခုအပေါ်တွင်ရပ်ကာ လေတိုက်ရာလမ်းကြောင်းကိုမှန်းဆနေသည်။ ကာမအားတိုးဆေးလုံးကိုထုတ်အံ့ဆဲဆဲမှာပင် သူသည်တစ်စုံတစ်ရာအကြံရသွားပြီး အသံကုန်အော်လိုက်လေ၏။
“တစ်ယောက်ယောက်ရှိကြလား…။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားတစ်ယောက်ယောက်များ ရှိကြလား…။” သူ၏အာခေါင်ခြစ်အော်နေသံမှာ သေတွင်းထဲကျနေ၍အော်ဟစ်အကူအညီတောင်းနေသည်နှင့်ပင်တူနေလေသည်။

အဝေးတစ်နေရာတွင် တစ်စုံတစ်ယောက်သည် သားရဲတိရစ္ဆာန်တစ်ကောင်နှင့်တိုက်ခိုက်နေလေ၏။ ထိုလူသည်သွေးအေးပြီးမာနကြီးပုံပေါ်သောလူရွယ်တစ်ယောက်ဖြစ်ပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အတွင်းစည်းဂိုဏ်းသားဝတ်ရုံကိုဝတ်ဆင်ထားသည်။ ပိုင်ရှောင်ချန်း၏အော်သံကိုကြားလိုက်သောအခါ သူ၏မျက်ဝန်းထဲတွင်အထင်သေးသောပုံရိပ်များပေါ်ထွက်လာလေ၏။

“ကျင့်ကြံခြင်းအဆင့်နိမ့်သေးတဲ့နောက်ထပ်ဂိုဏ်းသားတစ်ယောက်ပဲဖြစ်မယ်…။ သူ့ကိုယ်သူအထင်ကြီးပြီးရောက်လာခဲ့ပြီးတော့ အခုတော့ကယ်ပါယူပါဖြစ်နေပြန်ပြီ…။ တကယ်ကြံ့ခိုင်တဲ့လူတွေမှ မြေရိုင်းမြက်တောင် ကိုလာသင့်တာ…” သူသည်မာနကြီးလွန်းသောကြောင့် ကူညီဖို့ရန်ပင်လုံးဝမစဥ်းစား။ ဂိုဏ်းအနေဖြင့် စုပေါင်းဆောင်ရွက်ခြင်းကိုအလေးထားသော်လည်း အချို့မှာမူ ပင်ကိုယ်သဘာဝအရဖော်ဖော်ရွေရွေမရှိကြပေ။

အကြိမ်ကြိမ်အော်ဟစ်နေသော်လည်း တုံ့ပြန်မှုမရှိသောအခါ ပိုင်ရှောင်ချန်းသည်အနည်းငယ်စိတ်ပေါ့ပါးသွားလေသည်။ ထို့နောက်သူ၏ကာမအားတိုးဆေးလုံးကို လေထဲသို့ပစ်လိုက်ရာ ခဏအကြာတွင် ဝုန်းဆိုသောဆေးလုံးပေါက်ကွဲသံနှင့်အတူ ဆေးမှုန့်များလေထဲသို့ပျံ့လွင့်သွားသည်။

မကြာမီ ထိုအနီးတဝိုက်တွင်ရှိသော လေထဲရှိဆေးမှုန့်များကိုရှူမိသောသားရဲတိရစ္ဆာန်များသည် တဆတ်ဆတ်တုန်လာကြသည်။ ၎င်းတို့၏မျက်လုံးများရဲရဲတောက်လာကြပြီး အသံကုန်အူနေကြလေတော့သည်။

အူသံများဆူညံလာသည်နှင့်တပြိုင်နက် ပိုင်ရှောင်ချန်း၏ကျောတွင်အတောင်ပံနှစ်ခုပေါ်လာပြီး ပျံသန်းသွားလေ၏။

မာနကြီးသောဂိုဏ်းသားသည် သူနှင့်တိုက်ခိုက်နေသောသားရဲကောင်သည် ရုတ်တရက်တဆတ်ဆတ်တုန်လာကြောင်းသတိပြုမိလိုက်၏။ သားရဲ၏မျက်လုံးများနီရဲလာပြီး အဆက်မပြတ်အူနေကာ သူ့ကိုလှမ်းခုန်အုပ်လိုက်ရာ လူရွယ်သည် လန့်ဖြတ်သွားပြီး ကိုယ်ဖော့ပျံသန်းလိုက်သည်။

ကံမကောင်းစွာပင် သားရဲကောင်သည် လူရွယ်၏နောက်သို့ ကျယ်လောင်စွာအူမြည်ကာအဆက်မပြတ်လိုက်လာသည်။ သားရဲ၏မျက်လုံးများသည် မီးကျီးခဲအလားရဲရဲတောက်နေပြီး စိတ်လွတ်နေပုံပေါ်သည်။ လူရွယ်သည်ထိတ်လန့်နေရာ ပြန်လည်မတိုက်ခိုက်နိုင်တော့ပဲ အသက်ဘေးမှလွတ်အောင်ပြေးနေရင်း ကူပါကယ်ပါအော်နေရလေပြီ။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် အတော်ဝေးဝေးကိုရောက်နေပြီဖြစ်သော်ကြောင့် လူရွယ်၏အော်ဟစ်အကူအညီတောင်းသံများကိုမကြားတော့ပေ။

နောက်ထပ်ခြောက်နာရီမျှအကြာတွင် လေထန်သောအခြားတစ်နေရာ၌ ပိုင်ရှောင်ချန်းသည် လူသူရှိမရှိအော်ဟစ်စစ်ဆေးပြီး နောက်ထပ်ကာမအားတိုးဆေးလုံးတစ်လုံးကိုထပ်မံအသုံးပြုလိုက်သည်။

ခဏအကြာတွင် သားရဲအူသံများဆူညံပွက်လောရိုက်နေလေ၏။

ပိုင်ရှောင်ချန်းသည် သုံးရက်ဆက်တိုက် တောင်ကြားတစ်ဝိုက်တွင် ကာမအားတိုးဆေးလုံးများလိုက်လံကြဲနေခဲ့လေ၏။ ခဏအတွင်းမှာပင် နေရာတော်တော်များများ၌ ဆေးလုံးများကြဲလိုက်နိုင်ပြီး ဆေးမိသွားသောသားရဲကောင်များသည် စိတ်လွတ်ကာကျယ်လောင်စွာအူနေကြလေ၏။

ပိုင်ရှောင်ချန်းသည်သူ့ကြောင့်တောအုပ်တခုလုံးရုန်းရင်းဆန်ခတ်ဖြစ်ကာ ကမ္ဘာပျက်နေသည်ကိုခေတ္တကြည့်နေပြီးနောက် သူရွေးချယ်ထားသောတောင်ကြားဆီသို့ပျံသန်းလာခဲ့လေသည်။ စူးရှသောမျက်လုံးအစုံဖြင့် ရွှေကျီးကန်းဓားကိုလက်မှကိုင်ကာ သစ်ပင်များကြားတွင်လမ်းသွယ်လေးတခုကိုဖန်တီးလိုက်သည်။ ထို့နောက် ကာမစိတ်ရွှင် ဆေးလုံးများလက်တဆုပ်ခန့်ကိုထုတ်လိုက်ကာ အမှုန့်ဖြစ်အောင်ပြုလုပ်လိုက်လေ၏။ ခဏအကြာတွင် မွှေးပျံ့သောရနံ့တခုပေါ်ထွက်လာသည်။

သူသည် ဆေးမှုန့်များသူ့အပေါ်မကပ်နေစေရန်သတိကြီးစွာလုပ်ဆောင်ခဲ့ပြီး သေချာအောင်အဝတ်အစားများပင်လဲလှယ်လိုက်သေး၏။ ထို့နောက်သူသည် တောင်ကုန်းထိပ်မှနေ၍ အောက်ရှိလမ်းသွယ်ကိုစောင့်ကြည့်နေလေသည်။

“ကောင်းပြီ… ချစ်စရာ့သားရဲကောင်တွေ… မြန်မြန်လာကြကွ…။” ပိုင်ရှောင်ချန်းသည် သီချင်းလေးတညီးညီးဖြင့် စိတ်အားထက်သန်စွာစောင့်နေလေ၏။

အချိန်တခုကြာသောအခါ ကာမစိတ်ရွှင် ဆေးရနံ့သည်တဖြည်းဖြည်းပျံ့လွင့်နေလေရာ ကာမအားတိုးဆေးမိထားသောသားရဲကောင်များအဖို့ပို၍ပို၍စိတ်လွတ်လာလေ၏။ သားရဲများသည်ကျယ်လောင်စွာအူသံပေးလျက် လှိုင်းလုံးကြီးများပမာတောင်ကြားဆီသို့အရှိန်အဟုန်ဖြင့်လာနေကြသည်။

မကြာမီ သားရဲတစ်အုပ်ရောက်ရှိလာလေရာ ပိုင်ရှောင်ချန်းသည် မတ်တပ်ရပ်လိုက်ပြီး တောင်ကြားဆီသို့ အာရုံစိုက်ကြည့်နေလေသည်။ မျက်စိတမှိတ်အတွင်းမှာပင် များပြားလှသောသားရဲအုပ်ကြီးသည် သူရှင်းထားခဲ့သောလမ်းကြောင်းပေါ်တွင်ပြည့်နှက်နေလေပြီ။ သားရဲကောင်များမှာအဆမတန်များပြားလှသဖြင့် အံ့သြမှုကြောင့်ပိုင်ရှောင်ချန်းမျက်လုံးပြူးနေလေ၏။ တဖန်သူ၏မျက်လုံးအရောင်လက်လာပြီး သူ၏ညာဘက်လက်က မန္တန်လက်ကွက်ဖော်လိုက်ရာ ဝင်းလက်သွားလေသည်။ ချက်ခြင်းပင် ရွှေကျီးကန်းဓား သည် ကြမ်းကြုတ်ပုံရသော ကျားတစ်ကောင်ဆီသို့ပျံသန်းသွားလေသည်။

ကျား၏ကျောဘက်တွင်ခေါင်းတစ်လုံးအပိုပေါက်နေသည်မှာ ထိတ်လန့်ဖွယ်ကောင်းလှသည်။ ရွှေရောင်အလင်းတန်းတခုဖြာထွက်သွားပြီး ဦးခေါင်းအပိုပေါက်ကွဲထွက်သွားလေသည်။ အမြုတေ တခုထွက်ကျလာပြီး ပိုင်ရှောင်ချန်းသည် ကျွမ်းကျင်စွာပင်ဖမ်းယူလိုက်ကာ အသင့်ယူဆောင်လာသောအိတ်ထဲသို့ကောက်ထည့်လိုက်၏။ ရွှေရောင်အလင်းတန်းသည် နောက်ထပ်ခေါင်းနှစ်လုံးနှင့်သားရဲကောင်ဆီသို့ထပ်မံဦးတည်ပျံသန်းသွားလေသည်။

သားရဲကောင်များတဖွဲဖွဲရောက်ရှိလာသည်မှာ နှစ်နာရီနီးပါးမျှကြာမြင့်လေသည်။ တောင်ကြားဒေသလည်း အတော်လေးပျက်စီးသွားလေ၏။ ပိုင်ရှောင်ချန်းမျက်နှာမှာမှိုရသည့်မျက်နှာဖြစ်နေလေ၏။ သူ၏ဓားသည် ထပ်ခါထပ်ခါရောင်စဥ်ဖြာထွက်လျက်ရှိပြီး သားရဲကောင်များအုပ်စုကွဲသွားချိန်တွင် သူ့တွင် အသက်သူခိုးအမြုတေ ဆယ်ခုရှိနေပြီဖြစ်သည်။

“ပိုင်ရှောင်ချန်းရဲ့ဉာဏ်နိဉာဏ်နက်တွေက အနိုင်ရသွားပြန်ပြီ…။” လွန်စွာကျေနပ်အားရနေလျက် အမြုတေ များကို အိတ်ထဲတွင်လုံခြုံစွာသိမ်းဆည်းလိုက်ပြီး မြေရိုင်းမြက်တောင် ၏အခြားတစ်ဖက်သို့ထပ်မံခရီးဆက်လိုက်လေ၏။

ပိုင်ရှောင်ချန်းထွက်သွားပြီး မကြာမီမှာပင် လူရွယ်တယောက်တောထဲမှထွက်လာလေ၏။ သူ၏အဝတ်အစားများမှာစုတ်ပြတ်နေပြီး လူမှာလည်းဆိုးဆိုးရွားရွားစုတ်ပြတ်သတ်နေသည်။ တကိုယ်လုံးလည်းတုန်ရီနေကာ လမ်းပင်အနိုင်နိုင်လျှောက်နေရလေသည်။

လူရွယ်၏ပါးပေါ်သို့မျက်ရည်များစီးကျလာကာ လူရွယ်က
“ မြက်ရိုင်းတောင် မှာ ဘာတွေဖြစ်နေပြီလဲ… လောကကြီးကဘာတွေဖြစ်နေပြီလဲကွာ…။ ဒီကသားရဲကောင်တွေဟာလူတွေကိုစားလေ့မရှိပါဘူး … သူတို့က … ငါ…. ငါ့ကို” ဟုရေရွတ်မြည်တမ်းနေလေ၏။

အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားပြီး ပိုင်ရှောင်ချန်းသည် ကာမအားတိုးဆေးလုံးများကိုဆက်တိုက်ဆိုသလိုအသုံးပြုနေသောကြောင့်မြေရိုင်းမြက်တောင်တခုလုံးလည်း ပရမ်းပတာအခြေအနေဖြစ်နေလေပြီ။ သူရောက်သွားသည့်နေရာတိုင်းမှာရှိသော သားရဲများသည် စိတ်လွတ်ကုန်ကြသည်။ သူက ဆေးလုံးများမသုံးမီ အခြားဂိုဏ်းသားများရှိမရှိအမြဲအော်ဟစ်ကြည့်ပါ၏။

တခါတရံဂိုဏ်းသားများဘက်မှတုံ့ပြန်မှုပြုသည်။ ထိုအခါတွင်ပိုင်ရှောင်ချန်းသည်သူ၏အစီအစဥ်ကိုအသေအချာရှင်းပြကာ အသက်သူခိုးကောင်အမြုတေ တခုကိုလာဘ်ထိုးပြီး ထွက်သွားခိုင်းလေ၏။ အခြားဂိုဏ်းသားများကိုလဲ သူ၏အလုပ်ခွင်နှင့်ဝေးဝေးနေကြရန်သတင်းစကားဖြန့်စေ၏။ သူနှင့်တွေ့သောဂိုဏ်းသားတော်တော်များများသူ့ကိုမှတ်မိကြပြီး ကြောက်ရွံ့ထိတ်လန့်စွာ သူနှင့်ဝေးရာသို့ထွက်ပြေးကြလေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset