ပိုင်ရှောင်ချန်းသည် ခါတိုင်းထက်ပို၍ မှားယွင်းနေသည်ဟု ခံစားရသည်။ သူ့အကြောင်းကို သူ့ဘာသာရှင်းပြရလျှင် သူ့မျက်နှာသူ ကြက်ဥပုတ်နှင့်ပေါက်မိသည့်အလား အရှက်ရစရာဖြစ်နိုင်သည်ကို သဘောပေါက်သည်မှာ ကြာလှပြီဖြစ်သည်။
ရှင်းပြရန် ရည်ရွယ်ချက်မရှိသကဲ့သို့ ဆန္ဒလည်း မရှိချေ။
ပိုင်ရှောင်ချန်း၏ ရှင်းပြချက်က ပေဟန်ဖိန်းအား ပို၍ ပင်ဒေါသဖြစ်စေခဲ့သည်။ သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ လက်ကိုဝှေ့ရမ်းလိုက်သောအခါ သူ၏လက်မှ အနက်ရောင်အလင်းတန်းများက ချက်ချင်းဖြာထွက်လာကာ လခြမ်းပုံစံသို့လျင်မြန်စွာ ပြောင်းလဲသွား၏။
အမှောင်မိုက်ဆုံးညများမှာ လထွက်လာသည့်အလား ဖြစ်နေပြီး ကြောက်စရာကောင်းသည့် စွမ်းအားကြောင့် ပိုင်ရှောင်ချန်း၏နှလုံးသားကို တဒိန်းဒိန်းခုန်လာစေသည်။ ပေဟန်ဖိန်းသည်
ချက်ချင်းပင် ဂူ၏ မန္တာန်ဝင်္ကပါ ဆီသို့ လက်ကိုတွန်းပို့ လိုက်သည်။
ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားခဲ့ကာ အင်မော်တယ်ဂူတစ်ခုလုံး ခါရမ်းသွားခဲ့သည်။ မန္တာန်ဝင်္ကပါ၏ အပြင်ဘက်တွင် လွန်စွာပုံပျက်သွားခဲ့ကာ အချို့နေရာများတွင် ကွဲအက်ခါနီးဆဲဆဲဖြစ်လာသည်။
သို့သော် အဆုံးတွင်မူ ထိုအရာသည် ပျက်စီးမသွားခဲ့ဘဲ မျက်စိတစ်မှိတ်အတွင်း ပုံမှန်ပြန်ဖြစ်သွား
ခဲ့၏။
ပေဟန်ဖိန်းပင် ပင့်သက်ရှိုက်သွားတော့ သည်။ ထိုမန္တာန်ဝင်္ကပါ၏အစွမ်းက သူ့အား အတော်ပင် ခေါင်းကိုက်စေသည်။ သူက ဒေါသဖြင့် အံကြိတ်လိုက်ကာ ဆက်လက်တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် အလှမ်းကွာဝေးသောနေရာမှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာ၏။
‘ ပေဟန်ဖိန်း၊မင်းဘာတွေလုပ်နေတာလဲ မင်းလက် ကို ခုချက်ချင်းချထားလိုက် ‘ အသံက မိုးခြိမ်းလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားလျက် အရာအားလုံး တုန်ခါသွားသည်။ အထူးသဖြင့် ပေဟန်ဖိန်း၏ပတ်ဝန်းကျင်မှာ ပို၍ တုန်ခါနေတော့သည်။ အလွန်ကြောက်ရွံ့မှုကြောင့် ပေဟန်လဲ့ ပင်လျှင် သူ၏ ဒေါသကို ရုတ်သိမ်းလိုက်ရကာ နောက်ဆုတ်သွား၏။ သူ့နှလုံးသားတွင် ကြောက်ရွံ့မှုများ ကြီးစိုးလာတော့၏။
ဆည်းဆာတောင်မှ အခြားဂိုဏ်းသားအားလုံး မျက်နှာအောက်ချကာ ဆုတ်ခွာသွားကြလေသည်။ သူတို့က မော့ကြည့်လိုက်ချိန်တွင် တာအိုသစ်စေ့တောင်ဆီမှ အလင်းရောင်စဉ်တန်း ၆ခု က လေဟုန်ခွင်း၍ သူတို့ထံလာနေသည်ကို မြင်လိုက်ရသည်။
အော်ဟစ်လိုက်သူမှာ အနက်ရောင် ဝတ်စုံဝတ်ထား သည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ဖြစ်သည်။ သူ့မျက်နှာတွင် အမျက်ဒေါသများဖြင့် ပြည့်နှက်နေကာ သူ့ကိုယ်မှ ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
ပေဟန်လဲ့နှင့် ပေဟန်ဖိန်းတို့၂ယောက်လုံး
ရေရွတ်လိုက်ကြသည်။
‘ဆရာ…..’
သူတို့နှစ်ယောက်လုံး တုန်ယင်နေပြီး လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်ကြ၏။ ဆည်းဆာတောင် မှအခြားသော ဂိုဏ်းသားများအားလုံးသည်လည်း လွန်စွာတုန်ယင်လာကာ ဦးညွှတ်လိုက်ကြသည်။
” ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်။ “
သက်လတ်ပိုင်းအရွယ်လူကြီးက ပေဟန်လဲ့၏ဆရာဖြစ်ပြီး လက်ရွေးစင်တိုက်ပွဲမှာ ပေဟန်လဲ့အား ခေါ်ထုတ်သွားချိန်တွင် ပိုင်ရှောင်ချန်း အား ဒေါသဖြင့်စူးစူးဝါးဝါးကြည့်ရှုခဲ့သော ဆည်းဆာတောင်၏ တောင်ထိပ်သခင်ဖြစ်သည်။
‘မင်းက ရိုင်းပြတဲ့သူပဲ ‘
သူကအော်ဟစ်လိုက်သည်။
‘မင်း ဒီ့ထက်ပိုပြီးတော့ မျက်နှာပျက်ချင်သေးလို့လား။ ငါမင်းနဲ့ နောက်မှ ရှင်းမယ်။တခြား ကျန်တဲ့သူတွေကတော့ တောင်ပေါ်ကို ပြန်ရောက်လာတဲ့အခါ အပြစ်ဒဏ်အနေနဲ့ ၃ နှစ်လုံးလုံး ဂူပိတ်ကျင့်ကြံရမယ် ‘
ပေဟန်ညီအစ်ကိုမှာ မည်သို့ဖြစ်ပျက်နေသည်
ကိုသေချာစွာ မသိဘဲ စိတ်ထဲတွင်ကျိတ်၍ တုန်လှုပ်နေ၏။ သူတို့၏လုပ်ဆောင်ချက်များက ဂိုဏ်းစည်းမျဉ်းများကို ချိုးဖောက်နေသည်ကို သိသော်လည်း ပုံမှန်အားဖြင့် ကြင်နာတတ်၍နူးညံ့သော သူတို့၏ဆရာအား မည်သည့်အရာကစိတ်အနှောင့်အယှက်ဖြစ်စေသည်ကို မတွေးဆနိုင်ချေ။ မည်သို့ပင်ဖြစ်စေ မူလဖြစ်ရပ် ဖြစ်ပွားစဥ်က သူတို့၏ဆရာသည်လည်း ပိုင်ရှောင်ချန်းအား အမျက် ခြောင်းခြောင်းထွက်ခဲ့သည်သာ ဖြစ်သည်။
ပေဟန်ညီအစ်ကို၂ယောက်လုံးက သူတို့မသိ သော အရာတစ်စုံတစ်ခုဖြစ်ပျက်သွားခဲ့ခြင်းကြောင့်ဟု ယူဆမိကြကာ သူတို့၏စိတ်နှလုံးတွင် ကြောက်လန့်မှုများဖြင့် လောင်မြိုက်လာသည်။ သူတို့က အမောတကော နောက်သို့ပြန်လှည့်လာကာ လေထဲတွင် ရှိနေသော သူတို့၏ဆရာအား ကြည့်ရှူလျက် ငယ်ထိပ်တွင် စပ်ဖျင်းဖျင်း ဖြစ်နေမိတော့သည်။ ဆည်းဆာတောင်၏ တောင်ထိပ်သခင်ဘေးမှလူများက မြောက်ဘက်ခြမ်းမှ တောင်ထိပ်သခင်၃ယောက် ဖြစ်ကြသည်။ အထူး သဖြင့် အဘွားအိုတစ်ယောက်ဖြစ်သော ယန်ဝေ့တောင်၏ တောင်ထိပ်သခင်မှ ဆည်းဆာတောင်၏ ဂိုဏ်းသား များအား ကြည့်လိုက်ချိန်တွင် မျက်နှာထားက တင်းမာနေဟန်ရှိသည်။
မြောက်ဘက်ခြမ်းမှတောင်ထိပ်သခင်၄ယောက်အ
ပြင် ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်နှင့် အခြားလူတစ်ဦးလည်း ရှိနေခဲ့သည်။ ထို နောက်ဆုံးလူက အောက်တွင်ဖြစ်ပေါ်နေ သောအငြင်းပွားမှုအား လုံးဝဂရုမစိုက်သည့်အလား သူ့မျက်နှာက အေးစက်နေ၏။ သူ သည်ကား မွှေးရနံ့တိမ်တောင်၏တောင်ထိပ် သခင် လီချင်းဟောက် ဖြစ်သည်။
ဆည်းဆာတောင် ဂိုဏ်းသားများမှာ ဆိုးဝါးသောခံစားချက်များ ရရှိနေပြီး မွှေးရနံ့တိမ်တောင်၏ အတွင်းစည်းဂိုဏ်းသားများမှာမူ လုံးဝ အံ့အားသင့်နေကြသည်။ ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက လုံးဝဆိုးဝါးနေသည့်အလား လူအားလုံး ရုတ်ချည်းခံစားလိုက်ရသည်။ အမှန်မှာ များသောအားဖြင့် မြောက်ဘက်ဂိုဏ်းသားများက အထက်စီးဆန်စွာပြုမူတတ်ကြသောကြောင့်ပင်။ အရင်တုန်းက ယခုအခြေအနေများနှင့်ဆင်တူသော အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ပြီး ကြီးမားသော အငြင်းပွားမှုများဖြစ်သည့်တိုင် မြောက်ဘက်ခြမ်းက တောင်ဘက်ခြမ်းအား လျင်မြန်စွာ ကျေအေးပေးခဲ့သည်။
ယနေ့ကဲ့သို့ သူတို့ ဒေါသထွက်လာခဲ့သည်မှာ ကြုံ တောင့်ကြုံခဲ အရာဖြစ်လေသည်။
အင်မော်တယ်ဂူအတွင်းတွင် ထိုင်နေသော ပိုင်ရှောင်ချန်းသည်လည်း အပြင်တွင်ရှိသောလူအုပ်ကြီးအား ငေး ကြည့်ကာ တုန်လှုပ်နေသည်။
လေပေါ်တွင် မြောက်ဘက်မှ တောင်ထိပ်သခင် ၄ ယောက်သည် အောက်ဘက်မှမြင်ကွင်းအား လှည့်ပတ်ကြည့်ရှုနေ၏။ ထို့နောက် ယန်ဝေ့တောင် မှ အဘွားအိုက လည်ချောင်းရှင်းလိုက် ကာ လီချင်းဟောက်အား အကဲခတ်လိုက်သည်။
‘တောင်ထိပ်သခင်လီ၊ စောစောက ငါတို့ဆွေးနွေးခဲ့တဲ့ အကြောင်းနဲ့ပတ်သက်ပြီးတော့ မင်းဘယ်လိုသဘောရလဲ ‘
လီချင်းဟောက်သည် သူ့ခေါင်းအားဖြည်းညင်းစွာ ခါ
ယမ်းလိုက်ကာ ပြောလိုက်သည်။
‘ ဒီကိစ္စလေးသာ မဖြစ်ခဲ့ဘူးဆိုရင် ကျုပ်သဘောတူပေးမှာပါ။ ဒါပေမယ့် အခုကျ ကိစ္စတွေက ရှုပ်ထွေးသွားပြီ။ ခင်ဗျားဘာသာပဲ လုပ်လိုက်ပါတော့ ‘
သူသည် ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူအားငုံ့ကြည့်လိုက်ကာ ခပ်ယဲ့ယဲ့ပြုံးနေသည်။
‘အာ…’
အဘွားအိုက အနည်းငယ်မချင့်မရဲ ဖြစ်ကာ ဆည်းဆာတောင်မှ တောင်ထိပ်သခင်အား တစ်ချက်ကြည့်လိုက်သည်။ ဆည်းဆာတောင် မှ တောင်ထိပ်သခင်သည် သက်ပြင်းချလိုက်သည်။ ပြဿနာသည် သူ၏တောင်ထိပ်မှ ဂိုဏ်းသားများ ကြောင့်ဖြစ်သည်ကို သူကောင်းစွာသိရှိသည်။ အဓိပ္ပါယ်မှာ ထိုအခြေအနေအား သူပြန်လည်ဖြေရှင်းပေးရန်ပင်။ သူ့မျက်နှာတွင် မချိပြုံးတစ်ခုရှိနေပြီး ပိုင်ရှောင်ချန်း ၏ အင်မော်တယ်ဂူအား ငုံ့ကြည့်လိုက်လေသည်။
‘ညီလေးပိုင် ….’
စကားလုံးများက သူ့ပါးစပ်မှ မထွက်နိုင်သော်လည်း ဖျစ်ညှစ်ကာ ထုတ်ပြောလိုက်ရသည် ။ သူ့မှာ အခြားရွေးချယ်စရာလည်း မရှိ ချေ။ အနည်းငယ် ဆွေးနွေးပြီးနောက်တွင် မြောက်ဘက် ခြမ်းမှ ခေါင်းဆောင်က ပိုင်ရှောင်ချန်း၏ ကာမအားတိုးဆေးက သူတို့အတွက် အသက်တမျှ အရေးကြီးကြောင်း ကောက်ချက်ချလိုက်သည်။ ဆေးဒဏ်ခံခဲ့ရသော သားရဲများအား လေ့လာမှုအချို့လုပ်ခဲ့ပြီး နောက် တွင် ဆေးပြားသည် ပထမအဆင့် သွေးမျိုးဆက်သားရဲများ ကို ပင် အကျိုးသက်ရောက်မှုရှိသည်ကို သူတို့သဘောပေါက်သွားခဲ့ကြသည်။
ထိုအရာက သူတို့အား ရူးလုနီးပါးဖြစ်သွားခဲ့သည်။မြောက်ဘက်ခြမ်းအတွက် ပိုင်ရှောင်ချန်း၏ဆေးလုံးက ဘုရား ပေးသော ဆုလာဒ်ပင်။ အကြောင်းအမျိုးမျိုးကြောင့် စွမ်းအားအရှိဆုံး သားရဲများထဲမှ အချို့က သားပေါက်ရန် ခက်ခဲကြသည်။ နှစ်ပေါင်းဒါဇင်ချီမှတစ်ကြိမ်၊ သို့မဟုတ် နှစ်ပေါင်းရာချီမှာတစ်ကြိမ်သာ သားပေါက်နိုင်သော ပထမ အဆင့်သွေးမျိုးဆက် သားရဲအချို့ပင် ရှိနေကြသည်။ ထိုပြဿနာက မြောက်ဘက်ဂိုဏ်းသားများကို နှစ်ပေါင်းကြာရှည်စွာ အနှောင့်အယှက်ပေးလာသော ပြဿနာများထဲမှ တစ်ခုဖြစ်သည်။
အကောင်းဆုံးဥပမာတစ်ခုမှာ ဆည်းဆာတောင်မှ ကောင်းကင် သားရဲနှစ်ကောင်အနက် တစ်ကောင်ဖြစ်သော ပိယွမ်မင်ယွဲ့မျောက် ဖြစ်သည်။ သူသည် သက်တမ်းစေ့နေပြီ ဖြစ်သော်လည်း သားပေါက်တစ်ကောင်မျှ မမွေးဖွားနိုင်သေးပေ။ အလွန်အရေးကြီးသော အခြေအနေတစ်ခုပင်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် သူ၏ မိုးကောင်းကင် ဆေးလုံးနှင့်အတူ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။မြောက်ဘက်ခြမ်းမှတောင်ထိပ်သခင်၄ယောက်သည် ထိုဆေးလုံးကို ရယူရန် ဆုံးဖြတ်လိုက်ကြသည်။ ကံမကောင်းစွာဖြင့်ပင် ထိုဆေးလုံးနှင့်ပတ်သက်သည့် အညွှန်းတစ်ခုကိုမျှ မတွေ့ရှိခဲ့ရာ နောက်ဆုံးတွင် ထိုဆေးလုံးကို ပိုင်ရှောင်ချန်းတီထွင်ခဲ့သည်ဟု အသိအမှတ်ပြုရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
ထို့နောက်တွင် သူတို့က ဂိုဏ်းခေါင်းဆောင်နှင့် လီချင်းဟောက်ဆီသို့သွားကာ ဆေးဖော်နည်းကို တောင်းဆိုခဲ့ကြသည်။
အခြားမည်သည့်ဂိုဏ်းသားမဆို၊ အတွင်းစည်းဂိုဏ်းသားပင် ဖြစ်ပါစေ သူတို့၏ ဆန္ဒကို ဖော်ပြလိုက်သည်နှင့် ဖြည့်ဆည်းပေးမည် ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းမှာမူ မတူပေ။ သူသည် ဂုဏ်ထူးဆောင် ဂိုဏ်းသားတစ်ယောက်ဖြစ်ကာ ထိုဂုဏ်ပုဒ်ကြောင့်ပင် သူတို့မှာ ထိုက်တန်သောအဖိုးအခပေးကာ တောင်းဆိုရုံမှတစ်ပါး ရွေးချယ်စရာ မရှိချေ။
ထို့အပြင် ပိုင်ရှောင်ချန်း၏ သဘောတူညီချက်မရှိဘဲ ဆေးလုံးကို မည်သည့်နည်းနှင့်မျှ ရရှိမည်မဟုတ်ကာ လွှဲပြောင်းပေးရန် အတင်းအကြပ် စေခိုင်းရန်လည်း မဖြစ်နိုင်ချေ။ တောင်ထိပ်သခင်များသည် ကိစ္စအလုံးစုံကို ဆွေးနွေးပြီးဖြစ်ကာ လီချင်းဟောက်၏ တောင်းဆိုချက်အချို့ကိုပင် သဘောတူညီပြီးဖြစ်သည်။ သဘောတူညီချက်ကို တရားဝင်မပြုလုပ်မီမှာပင် ဆည်းဆာတောင်ဂိုဏ်းသားများက ပိုင်ရှောင်ချန်းကို ဒုက္ခပေးရန် သွားရောက်နေသည့် သတင်းကို ကြားလိုက်ရခြင်းဖြစ်သည်။ မြောက်ဘက်ခြမ်းမှ တောင်ထိပ်သခင်၄ယောက်သည် ချက်ချင်းပင် ဒေါသထွက်လာကြသည်။
သူတို့၏ အကြီးမားဆုံး အကြောက်တရားမှာ ဆည်းဆာတောင်ဂိုဏ်းသားများက သူတို့ကိုယ် သူတို့ မထိန်းချုပ်နိုင်ဘဲ ပိုင်ရှောင်ချန်းအပေါ်တွင် တစ်စုံတစ်ခု ကျူးလွန်မိသွားမည်ဆိုတာပင်။ သို့ဆိုလျှင် သူ၏ဆေးလုံးကို ရရှိရန်မှာ ပို၍ ခက်ခဲသွားလိမ့်မည်။
ထို့ကြောင့်ပင် ယခုကဲ့သို့ မြင်ကွင်းမျိုး ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
” ညီလေး ရှောင်ချန်း… ဆွေးနွေးစရာလေးရှိလို့ ထွက်လာပေးပါလား။ ” ဆည်းဆာတောင်မှ တောင်ထိပ်သခင်က တတ်နိုင်သမျှ ရင်းနှီးဖော်ရွေသည့်ပုံပေါက်အောင် လေသံကို တည်ငြိမ်ပျော့ပျောင်းစွာထားလျက် ပြောလိုက်သည်။ ဘေးမှ ဆည်းဆာတောင် ဂိုဏ်းသားများက တုန်လှုပ်နေကာ ပေဟန်ညီအစ်ကိုမှာမူ မျက်လုံးများပြူးလျက် ကြက်ရုပ်တုများကဲ့သို့ ငြိမ်သက်စွာ ရပ်နေကြသည်။
သူ၏ အင်မော်တယ်ဂူထဲတွင် ပိုင်ရှောင်ချန်းသည် တွေးတောနေဟန်ဖြင့် တခဏမျှ ရပ်နေလေသည်။ အပြင်ဘက်က အဖြစ်အပျက်များသည် ထူးဆန်းသည်ထက် ပိုနေကြောင်းကို အထူးသဖြင့် လီချင်းဟောက်၏ မျက်လုံးအကြည့်များကို ကြည့်လျှင် သိနိုင်သည်။ ခဏတာမျှ တွေးတောပြီးနောက် ဖြစ်ပျက်နေသည်ကို အတိအကျ မသိသော်လည်း အနည်းငယ်မှန်းဆမိသွားသည်။
နောက်ဆုံးတွင် သူသည် ဝမ်းနည်းကြေကွဲနေသည့်လေသံဖြင့် ပြောလိုက်သည်။
” အစ်ကိုရဲ့ဂိုဏ်းသားတွေက အင်မတန် ခက်ထန်ကြမ်းကြုတ်တာပဲ။ ကျုပ်ရဲ့ သနားစရာအသက်ကလေး ဆုံးရှုံးရတော့မလို့ သီသီလေးလိုတော့တယ်။ အပြင်ကို ကျုပ် တကယ်မထွက်ဝံ့လို့ပါဗျာ… ”
ဝမ်းနည်းပက်လက်ပြောလိုက်သောကြောင့် ပေဟန်ညီအစ်ကိုသည် နောက်ကျောကို လေပြင်းတချက် ဖျတ်ခနဲ တိုက်ခတ်သွားသည့်အလား ကျောချမ်းသွားလေသည်။ အခြားဆည်းဆာတောင်မှဂိုဏ်းသားများ၏ မျက်နှာများမှာ ခံစားချက်အမျိုးမျိုး ထင်ဟပ်နေသည်။ တောင်ထိပ်သခင်၄ယောက်က ပိုင်ရှောင်ချန်းအား အပြင်ခေါ်ထုတ်ရန် အသည်းအသန်ဖြစ်ကာ မျက်နှာချိုသွေးနေကြသည်ကို သူတို့အားလုံး မြင်တွေ့နေရသည်။ ပိုင်ရှောင်ချန်း၏အဖြေကို ကြားပြီးနောက်တွင် သူတို့ကို မည်သို့သော ကံကြမ္မာက စောင့်ကြိုနေမည်ကို မြင်ယောင်ကြည့်နိုင်သည်။
လီချင်းဟောက်နှင့် ကျိန်းယွမ်သုန်တို့၏ မျက်နှာများမှာ အနည်းငယ်အရုပ်ဆိုးသွားသည်။ ဆည်းဆာတောင်မှ တောင်ထိပ်သခင်သည် သူ၏ဂိုဏ်းသားများကို ဒေါသတကြီး လှည့်ကြည့်ပြီးနောက် အော်ဟစ်လိုက်သည်။
” မင်းတို့ရဲ့ ဂိုဏ်းတူဦးလေးကို ချက်ချင်းတောင်းပန်လိုက်ကြစမ်း! ”
ဆည်းဆာတောင်ဂိုဏ်းသားများသည် ချက်ချင်းပင် ငိုပစ်တော့မည့်အလား မျက်နှာများ ရှုံ့မဲ့သွားကာ ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူရှိရာဘက်သို့ ဦးတည်ကာ လက်နှစ်ဖက်ကို ချက်ချင်း ဆုပ်ကာ တောင်းပန်လိုက်ရသည်။ ပေဟန်လဲ့သည် မခံမရပ်နိုင်ဖြစ်ကာ ကန့်ကွက်ပြောဆိုချင်သော်လည်း သူ့ဆရာ၏ မျက်လုံးထဲမှ ခက်ထန်တင်းမာသော အရိပ်အယောင်များကို တွေ့လိုက်ရသောအခါ အင်မော်တယ်ဂူရှိရာသို့ ဦးတည်ကာ လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်လိုက်ရသည်။
” ဂိုဏ်းတူ ဦးလေးပိုင်…ကျ…ကျုပ် တောင်းပန်ပါတယ်။ ”
ပေဟန်ဖိန်းသည် ရှုသိုးသိုးဖြင့် သူ၏ဆရာကို မော့ကြည့်လိုက်သော်လည်း တဖြည်းဖြည်းပို၍ စူးရှလာသော အကြည့်များကိုသာ တွေ့လိုက်ရသည်။ နှလုံးများ တဒိတ်ဒိတ်ခုန်လာကာ နားထင်သွေးကြောများပေါက်မတတ်ဖြစ်သွားသော်လည်း မည်သို့မျှ မတတ်နိုင်ဘဲ လက်နှစ်ဖက်ဆုပ်ကာ တောင်းပန်လိုက်ရသည်။
လူအားလုံး တုန်လှုပ်နေကြကာ အင်မော်တယ်ဂူကို ဒေါသတကြီး ကြည့်နေကြတော့သည်။
ဆည်းဆာတောင်၏တောင်ထိပ်သခင်က
ချိုသာပြီး နှစ်လိုဖွယ်ကောင်းအောင် အတော်အတန်ကြိုးပမ်းပြီးနောက် ပြောလိုက်သည်။
” ညီလေးပိုင်ရှောင်ချန်း… ဘယ်လိုလဲ။ ”
တခဏ အကြာတွင် မန္တာန် ဝင်္ကပါမှာ အပေါက်လေးတစ်ပေါက် ပေါ်လာကာ ပိုင်ရှောင်ချန်း၏ ခေါင်းပြူထွက်လာလေသည်။ ဟိုဟိုသည်သည် ကြည့်ပြီးနောက် ခြောက်ကပ်ကပ် ချောင်းဟန့်ကာ မေးကိုပင့်ထားကာ ဝင့်ကြွားသောအမူအရာြဖင့် ထွက်လာလေသည်။
“ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။ ဝါရင့်ဂိုဏ်းဝင်တစ်ယောက်အနေနဲ့ ဒီ ဂိုဏ်းတူ၊ တူလေးတွေနဲ့ ဘာမဟုတ်တာလေးကို ငြင်းခုံပြီး ကိုယ့်ကိုကိုယ် နိမ့်ကျအောင် ကျုပ်မလုပ်တော့ပါဘူး ” ဟုပြောကာ အင်္ကျီလက်ကို ဝှစ်ခနဲမြည်အောင် ခါရမ်းလိုက်လေသည်။
ပေဟန်လဲ့ကား နေရာတွင်ပင် မျက်လုံးများ နီရဲလာကာ တဆတ်ဆတ်တုန်နေတော့သည်။ သူသည် မထိန်းနိုင်တော့ဘဲ ရှေ့သို့ ခုန်ထွက်ကာ ပိုင်ရှောင်ချန်း၏ မျက်နှာကို ထိုးတော့မည့်ပုံ ပေါက်နေသည်။ သို့သော် ထိုသို့ သူ မလုပ်ရဲပေ။ သူ၏ အစ်ကို ပေဟန်ဖိန်းမှာလည်း ကမ္ဘာကြီး ချာချာလည်နေသည့်အလား၊ ရူးသွားတော့မည့်ပမာ ခံစားနေရသည်။
သူတို့၏ အကြည့်များကြောင့် ပိုင်ရှောင်ချန်းသည် ဒေါသထွက်လာဟန်တူပြီး သူတို့ကို စူးစူးရဲရဲ ပြန်စိုက်ကြည့်လိုက်သည်။ သူ့အသွင်က ” အခု ဘယ်သူက ကြောက်နေရတာလဲ..ဟမ် ” ၊ ” ငါတော့ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ ငါ မကြောက်ဘူးကွ ” ဟူသည့်ပုံစံမျိုးဖြစ်နေသည်။
ဆည်းဆာတောင်မှ တောင်ထိပ်သခင်သည် ပင့်သက်တစ်ချက်ရှိုက်ကာ တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
” ရှောင်ချန်း…မင်းရဲ့ ဟို..ဟို ကာမအားတိုးဆေးကလေ၊ ကိုယ့်ဘာသာ ဖော်စပ်ထားတာလား။ ”
သူပါးစပ်မှ စကားလုံးများ ထွက်လာသည်နှင့်တပြိုင်နက် မြောက်ဘက်ခြမ်းမှ အခြားတောင်ထိပ်သခင်များသည် မျက်လုံးထဲတွင် မျှောင်လင့်ချက်ရောင်ခြည်များ ယှက်သမ်းသွားတော့သည်။ ပေဟန်ညီအစ်ကိုသည် အဖြစ်အပျက်များကို ရုတ်တရက် သဘောပေါက်သွားကာ စိတ်နှလုံးများ တုန်လှုပ်သွားသည်။ သူတို့သည် မခံချိမခံသာ ဖြစ်ကာ ပိုင်ရှောင်ချန်းအပေါ် သူတို့၏ အမုန်းတရားမှာ ပိုမို ကြီးထွားလာလေသည်။
ပိုင်ရှောင်ချန်းသည်လည်း အဖြစ်အပျက်အလုံးစုံကို သဘောပေါက်သွားသည်တွင် မျက်တောင်များ တဖျတ်ဖျတ်ခတ်နေတော့သည်။ ရင်ကို ကော့ကာ ခေါင်းကို တဆတ်ဆတ်ညိတ်၍ အားရပါးရဖြေလိုက်သည်။
” ဟုတ်တယ်။ ဒီအစွမ်းထက်လှတဲ့ ဆေးလုံးက ကျုပ်ကိုယ်တိုင်ဖန်တီးထားတာပဲ။ ကျုပ်ကလွဲပြီး ဘယ်သူမှ အဲဒီဆေးလုံးကို မဖော်စပ်နိုင်ဘူး။”
တောင်ထိပ်သခင်၄ယောက်သည် ဝမ်းမြောက်ပျော်ရွှင်သွားကြသော်လည်း မျက်နှာတွင် မသိသာစေရန် ကြိုးစားထိန်းချုပ်ထားကြသည်။ ဆည်းဆာတောင်မှ တောင်ထိပ်သခင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
” ညီလေး ရှောင်ချန်း ” သူသည် တတ်နိုင်သမျှ အချိုသာဆုံး လေသံဖြင့်
” ညီလေးက ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဒီလိုဆေးမျိုး ဖန်တီးနိုင်တယ်ဆိုကတည်းက လက်ရွေးစင်လို့ ခေါ် ခံရဖို့ တကယ့်ကို ထိုက်တန်ကြောင်း ပြသနေတယ်။ စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်း အတွက်တော့ အဲ့ဒီ ဆေးဖော်စပ်နည်းဟာ အသက်တမျှ အရေးကြီးတယ်။ အဲ့ဒါအတွက် စွမ်းဆောင်ရည်ရမှတ် ၁၀၀,၀၀၀ပေးမယ်ဆိုရင် ဘယ်လိုသဘောရလဲ။ ညီလေး ရှောင်ချန်း။ မင်းသာ ဂိုဏ်းကို ဆေးဖော်စပ်နည်း ပေးမယ်ဆိုရင် အဲ့ဒါ ဂိုဏ်းအတွက် ကြီးမားတဲ့တာဝန်တစ်ခု ထမ်းဆောင်ပေးလိုက်တာနဲ့အတူတူပဲ။ မင်းက ဂုဏ်ထူးဆောင်ဂိုဏ်းသားတစ်ယောက် ဖြစ်တော့ ငါတို့ရဲ့ ဂိုဏ်းဟာ မင်းရဲ့အိမ်ဆိုတာ မင်းသိပါတယ် ”
” ကောင်းပြီ ” ဟု ပိုင်ရှောင်ချန်းက ဂိုဏ်းအတွက် အရိုးကျေကျေ အရေခန်းခန်း ကြိုးစားပေးထားရသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ ထို့နောက် သူက ဝမ်းမြောက်ဝမ်းသာဖြစ်နေသော တောင်ထိပ်သခင်၄ယောက်ကို ဆေးဖော်စပ်နည်းအား စတင်ရှင်းပြလေသည်။
“ပါဝင်ပစ္စည်းတွေက အလင်းပေါက်ကွဲစေ့၊ သုခဘုံသစ်သားပန်းပွင့်၊ ဆောင်းဝိညာဥ်ဝါးရယ် နောက်ပြီး အား… ဘာပါလိမ့်။ ကျုပ် ဘာလို့ မမှတ်မိတာလဲ။ စောစောက အရမ်းကြောက်လန့်သွားလို့ မေ့သွားတာများလား။ ” ပိုင်ရှောင်ချန်းသည် စဥ်းစားနေဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ရပ်နေလေသည်။
လီချင်းဟောက်၏ နှုတ်ခမ်းများတွန့်ကွေးသွားပြီး ပြုံးသွားကာ ကျိန်းယွမ်သုန်မှာလည်း မည်သို့မျှ မတတ်နိုင်ဟန်ဖြင့် ပုခုံးတွန့်လိုက်တော့သည်။ တောင်ထိပ်သခင်၄ယောက်သည် ဖြစ်ပျက်နေသည်များကို ချက်ချင်းပင် သဘောပေါက်သွားကာ ခါးသက်စွာ ပြုံးလိုက်လေသည်။ ဆည်းဆာတောင်မှ တောင်ထိပ်သခင်သည် အံကြိတ်ကာ သူ၏ ဂိုဏ်းသားများကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။
သူ၏ အကြည့်ကြောင့် ပေဟန်ညီအစ်ကိုအပါအဝင် ဆည်းဆာတောင်ဂိုဏ်းသားများ တုန်လှုပ်သွားရလေသည်။