လက်ရွေးစင်တိုက်ပွဲများကြောင့် ဖက်တီးကျန်းကြီးအပေါ် ဂိုဏ်းချုပ်အပါအဝင်လူအများက အာရုံစိုက်လာကြလေသည်။
“စိတ်ရဲ့စွမ်းအား…” ဖက်တီးကျန်းက လေးလေးနက်နက်ဆိုသည်။ အခြားဂိုဏ်းချုပ်များ အံ့အားသင့်သွားပြီး မျက်လုံးများအရောင်လက်သွားကြသည်။
ရွှီမေ့ရှန်းသည် လုထျန်းလဲ့၏ဒဏ်ရာများကိုကုသရန် အဝေးသို့ထွက်သွားလေပြီ။ အကယ်၍သူမသာရှိနေသေးပါက သူမတပည့်၏အကြောင်းများကိုမယုံနိုင်ဖြစ်နေပေလိမ့်မည်။
ကျေနပ်အားရမှုအပြည့်မျက်နှာထားဖြင့် ဂိုဏ်းချုပ်က “ဂိုဏ်းတူညီမရွှီမေ့ရှန်းက ဒီလူဝကလေးကို လူရှေ့ထုတ်ပြခဲတယ်ကွ…။ အခုတော့ ဒီကလေးရဲ့ရှေ့ရေးဟာ ရှင်းရှင်းလင်းလင်းမြင်နေရပါပြီ။ သူ့ရဲ့စိတ်စွမ်းအင်အဆင့်မြှင့်တင်တဲ့ကျင့်စဥ်တွေဟာ သူ့ရဲ့စိတ်စွမ်းအားကိုအဆင့်မြင့်လာစေတယ်…။ ဒီလိုသန်မာတဲ့စိတ်ဓာတ်နဲ့ဆိုရင် သေသေချာချာ ကောင်းကောင်းမွန်မွန်လေ့ကျင့်ပေးရမယ့်ကလေးမျိုးပဲ…။”
မြစိမ်းတောင်၏ဂိုဏ်းချုပ်သည် အနည်းငယ်ပြုံးလိုက်ကာ “ခင်ဗျားကအခုတော့ ဒီလိုပြောလာပြီပေါ့…။ သူ့နဲ့အတူစားဖိုဆောင်ကရောက်လာတဲ့ မိန်းကလေးကျင်းရုံကလဲ တော်တော်အံ့အားသင့်ဖွယ်ပဲဗျ…။ ထျန်းယုံကိုတော့မမီသေးဘူးပေါ့ဗျာ…။ ဒါပေမယ့် ဒီကလေးမမှာလည်းရည်မှန်းချက်တွေရှိသကိုး…။ သူမက မြစိမ်းတောင်ရဲ့အကာအကွယ်ဓားနဲ့ တနည်းနည်းဆက်နွယ်နေလိမ့်မယ်လို့ ကျုပ်တော့ထင်မိတယ်…။ အခုတော့ကျင်းရုံက မြစိမ်းတောင် ဂူထဲမှာကျင့်ကြံနေလေရဲ့…။ အခြေအနေကောင်းရင်တော့ မြစိမ်းတောင်မှာနောက်ထပ် ဝိညာဥ်ဓားကိုစောင့်ရှောက်သူတယောက်ပေါ်ထွက်လာတော့မှာပဲဗျို့…။” ဟုအာဘောင်အာရင်းသန်သန်ပြောနေလေ၏။
တောင်ဘက်ဂိုဏ်းသားများ လှုပ်လှုပ်ရွရွဖြစ်နေကြစဥ် မြောက်ဘက်ဂိုဏ်းသားများ ငြိမ်သက်စွာထိုင်နေကြလေသည်။ ထိုစဥ် ဂိုဏ်းခေါင်းဆောင်က ရလဒ်များကိုတရားဝင်ကြေငြာလေသည်။
တောင်ဘက်နဲ့မြောက်ဘက်ပူးတွဲလက်ရွေးစင်ရွေးချယ်ပွဲတွင် ပိုင်ရှောင်ချန်းသည် ပထမနေရာကိုရသွားသောကြောင့် သူသည်အတွင်းစည်းဂိုဏ်းသို့ဝင်ရောက်ခွင့်ရသွားပြီဖြစ်သည်။
ဆုလာဘ်အနေဖြင့် သူသည် တာအိုသစ်စေ့တောင်ရှိကောင်းကင်ချိုအဆောင်သို့သွားကာ ချီစုစည်းမှုအဆင့်ရတနာတခုကို ယူဆောင်ခွင့်ရလေသည်။
ထို့အပြင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏လျှို့ဝှက်နယ်မြေ ထဲသို့ဝင်ခွင့်ကိုလည်းရမည်ဖြစ်ပြီး သူ့အနေဖြင့်မှော်ပညာများကိုလေ့လာခွင့်ရနိုင်မည်ဖြစ်သည်။ လက်ရွေးစင်တိုက်ပွဲများတွင်ပထမရခဲ့ဖူးသောဂိုဏ်းသားများအားလုံးကအခြေခိုင်မာခြင်းအဆင့်သိုသေချာပေါက်ရောက်ကြလေရာ ယခုအချိန်သည်ထိုအခွင့်အရေးကိုလုံးဝဆုပ်ကိုင်ရမည့်အချိန်ပင်ဖြစ်သည်။
နောက်ဆုံးဆုကြေးမှာ ဝိညာဥ်ကျောက်တုံးပေါင်း တစ်သောင်းဖြစ်လေသည်။
ထို့နောက် ကျိန်းယွမ်သုန်သည် ထိပ်ဆုံးဂိုဏ်းသားဆယ်ယောက်ကို လက်ရွေးစင်ဘွဲ့များ တရားဝင်အပ်နှင်းပေးလိုက်ပြီး အတွင်းစည်းဂိုဏ်းသားများအဖြစ်အဆင့်တိုးမြှင့်ပေးလိုက်လေသည်။ ပရိသတ်များသည်တဖြည်းဖြည်းလူစုခွဲကာ အိမ်ပြန်နေကြလေပြီ။
မြောက်ဘက်ဂိုဏ်းသားများ၏မျက်နှာများမှာ မသာမယာဖြစ်နေကြလေသည်။ တောင်ဘက်ဂိုဏ်းသားများမှာမူ စိတ်လှုပ်ရှားမှုကြောင့်လှုပ်လှုပ်ရွရွဖြစ်နေကြလေ၏။ လက်ရွေးစင်များ၏မျက်နှာတွင်မူ မသေချာမရေရာမှုများသာမြင်နေရလေသည်။ ဝိညာဥ်စွယ်သည် ပိုင်ရှောင်ချန်းထွက်သွားသည်ကိုကြည့်ရင်းက သက်ပြင်းချလျက်ရှိသည်။ သူ၏စိတ်ထဲတွင် အမှန်တကယ်အရှုံးပေးလိုက်ရပြီဆိုသည်ကိုလက်မခံနိုင်သေးပေ။
မြောက်ဘက်ဂိုဏ်း၏လက်ရွေးစင်များဖြစ်သော ကုန်းစွန်းမောင်နှမနှင့် ရွှီဆုန်တို့ကမူ လက်သီးများကျစ်ကျစ်ပါအောင်ဆုပ်ကာထွက်ခွာသွားကြလေသည်။ သူတို့သည် သက်ဆိုင်ရာတောင်ထိပ်များဆီသို့ပြန်ပြီး တစ်ကိုယ်တည်းတရားကျင့်ကြံရန်ရည်ရွယ်ထားကြသည်။
ကျိုးရှင်းချီသည် သူမ မြင်တွေ့ခဲ့ရသည်များကို မယုံနိုင်ဖြစ်နေပြီး ခေါင်းစားနေပုံပေါ်ကာ ပိုင်ရှောင်ချန်းထွက်သွားနေသည်ကိုကြည့်နေလေသည်။ သူမထက်ပို၍မယုံနိုင်ဖြစ်နေသူမှာ ရှမ်ကွမ်းထျန်ယုံဖြစ်၏။
သူသည်စိတ်ပျက်လက်ပျက်ရပ်နေပြီး လူအားလုံးနီးပါးကသူ့အားလျစ်လျူရှုထားကြလေသည်။ သူ၏ပိုင်ရှောင်ချန်းအပေါ်တိတ်တဆိတ်တိုက်ကွက်သည် တောင်ဘက်ဂိုဏ်းသားများ၏ရင်ထဲတွင် မှတ်ကျောက်တင်လိုက်သကဲ့သို့အမြဲတမ်းရှိနေမည့် အရာတစ်ခုဖြစ်သွားလေသည်။
သူသည် နာကြည်းစွာရယ်လိုက်ပြီးနောက် အံကိုကြိတ်ကာလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
“ငါတို့က ချီစုစည်းမှုအဆင့်မှာပဲရှိပါသေးတယ်ကွာ… အခြေခိုင်မာခြင်းအဆင့်ရောက်အောင်စောင့်ကြည့်နေပေါ့… အဲဒီအဆင့်ရောက်ရင် ငါကသေချာပေါက်အဆင့်တစ်ဖြစ်နေမှာပဲ… ပိုင်ရှောင်ချန်းရော ဝိညာဥ်စွယ်ရော နှစ်ကောင်လုံးထက်ပိုသာစေရမယ်…” ဟုသန္နိဠာန်ချလိုက်ကာ ဂုဏ်ယူဝင့်ကြွားစွာခေါင်းကိုမော့လျက် အလင်းတန်းတစ်ခုအသွင်ဖြင့် ပျံသန်းပျောက်ကွယ်သွားလေတော့သည်။
ကွင်းပြင်ထဲမှလူများက တဖြည်းဖြည်းပြန်ကုန်ကြပြီ။ လက်ရွေးစင်တိုက်ပွဲများလည်း ပြီးဆုံးသွားလေပြီ။ သို့သော် လက်ရွေးစင်များကြားမှ တစ်ကယ့်တိုက်ပွဲအစစ်အမှန်မှာ ယခုမှစတင်မည်ဖြစ်လေ၏။
တောင်ဘက်ဂိုဏ်းသားအားလုံးသာမက မြောက်ဘက်ဂိုဏ်းသားအားလုံးပါ တစ်ယောက်မကျန် ပိုင်ရှောင်ချန်းဟူသောနာမည်ကို သိသွားကြလေပြီ။ သို့သော် မြောက်ဘက်ဂိုဏ်းအတွင်းတွင်မူ ပိုင်ရှောင်ချန်းဟူသောစကားလုံးသည် တားမြစ်စကားလုံးဖြစ်လာလေ၏။
သူသည် မြောက်ဘက်ဂိုဏ်း၏ဘုံရန်သူဖြစ်လာခဲ့ပြီး မြောက်ဘက်ဂိုဏ်းသားများကိုအရှက်တကွဲအကျိုးနည်းဖြစ်အောင်လုပ်ခဲ့သော အရှက်မဲ့သည်လူယုတ်မာတစ်ယောက်အဖြစ်အားလုံးကသတ်မှတ်ထားလေသည်။
ပေဟန်လဲ့အတွက်ထိုအကြောင်းအရာများက ပို၍မှန်လေသည်။ သူ၏ဆရာက သူ့ကိုခေါ်သွားပြီးနောက် သူသည်တစ်ကိုယ်တည်းတရားကျင့်ကြံနေခဲ့လေသည်။ လူတောထဲတွင်မျက်နှာပင်ထုတ်မပြရဲတော့ပေ။ သူ၏ခွေးကြီးကိုမူ မြောက်ဘက်ဂိုဏ်းထဲတွင် လွှတ်ထားလိုက်ပြီး ဘေးမဲ့ပေးလိုက်လေသည်။
ခွေးဘီလူးသည် သာမန်မဟုတ်သောကြောင့် မည်သူမှလည်းမထိန်းချုပ်နိုင်ကြပေ။ အချိန်ကာလကြာလာသောအခါ ထိုအကောင်သည် ခွေးရိုင်းတစ်ကောင်ကဲ့သို့ဖြစ်လာလေသည်။ ရံဖန်ရံခါတွင် ၎င်းသည် မြောက်ဘက်ဂိုဏ်း၏တောင်ထိပ်လေးခုအနီးတစ်ဝိုက်တွင် ခြေဦးတည့်ရာလျှောက်သွားနေသည်ကို တွေ့ရလေသည်။
များစွာသောမြောက်ဘက်ဂိုဏ်းသားများသည် ပွဲမှပြန်ရောက်ပြီးနောက်ပိုင်းတွင် ၎င်းတို့၏အချိန်၊စွမ်းအားများကို ကျင့်ကြံခြင်းတွင်အလုံးစုံမြှုပ်နှံထားလေသည်။ သူတို့သည် ပိုင်ရှောင်ချန်းကြောင့်ရခဲ့သော အရှက်ကွဲခဲ့ရသည့်အစွန်းအထင်းကို တစ်နေ့တွင်သွေးဖြင့်ပြန်လည်ဆေးကြောနိုင်ရမည်ဟု စိတ်ထဲတေးမှတ်ထားလိုက်ကြ၏။
မြောက်ဘက်ဂိုဏ်းသားများသည် “ရှောင်ချန်းသုတ်သင်ရေးအဖွဲ့” ဟုအမည်ရသော အဖွဲ့တစ်ခုပင်ဖွဲ့စည်းထားပြီး ပိုင်ရှောင်ချန်းကို အမြစ်ပြတ်သုတ်သင်ရန်လုံးဝအားစိုက်နေကြလေသည်။
လက်ရွေးစင်တိုက်ပွဲများအတွင်းအဖြစ်အပျက်များကြောင့် ဖက်တီးကျန်းကြီးသည် လုံးဝနာမည်ကြီးနေလေ၏။ဝိညာဥ်စွယ်နှင့်တိုက်ပွဲတွင် ပိုင်ရှောင်ချန်းသုံးခဲ့သော ဖက်တီးကျန်းကြီး၏ များစွာသောစိတ်စွမ်းအင်အဆင့်မြှင့်တင်ပြီးသားရတနာများကြောင့် လူအများအံ့သြထိတ်လန့်နေကြလေသည်။
ဖက်တီးကျန်းကြီးသည် ခရမ်းဒယ်အိုးတောင်၏လက်ရွေးစင်ဖြစ်လာခဲ့ပြီး များမကြာမီတွင်သူ့ထံသို့ဂိုဏ်းသားအများအပြားသည် မိတ်ဆွေဖြစ်လို၍၎င်း၊ စိတ်စွမ်းအင်မြှင့်တင်ထားသောပစ္စည်းများကိုလိုချင်၍၎င်း လာရောက်ဂါရဝပြုကြလေသည်။
ဖက်တီးကျန်းကြီးသည်လွန်စွာကျေနပ်အားရနေသည်ဖြစ်သော်လည်း စိတ်ထဲမှထုတ်ဖော်မပြပေ။ သူသည်မည်သူ့အတွက်မှ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကိုထပ်မလုပ်ပေးတော့ပေ။ သူထပ်မံလုပ်ပေးနေလျှင် သူ့ထံသို့ ဖော်လံဖားများကလာရောက်အပူကပ်လွန်းသောကြောင့်ဖြစ်သည်။ ရွှီမေ့ရှန်းကိုယ်တိုင်ကပင် အသေးစိတ်မေးမြန်းရန် သူ့ကိုဆင့်ခေါ်လိုက်ရသည်။ သူမ ကြားရသည်များကိုမယုံနိုင်ဖြစ်နေပြီး သူ၏စိတ်စွမ်းအားများကို ခံစားမိလိုက်သောအခါ ပို၍အံ့အားသင့်သွားလေ၏။
အဆုံးတွင် သူမသည် ဖက်တီးကျန်းကြီးကို အခြားသူများအတွက်စိတ်စွမ်းအင်အဆင့်မြှင့်တင်ပေးခြင်းများ ထပ်မလုပ်ရန်တားမြစ်လိုက်လေသည်။ အနည်းဆုံးတော့ ပိုင်ရှောင်ချန်းအတွက်စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းငါးဆင့်အထိမလုပ်ပေးနိုင်သေးသမျှခဏနားထားရန် ညွှန်ကြားလေသည်။
ဖက်တီးကျန်းကြီးသည် ထိုကိစ္စနှင့်ပက်သတ်၍ အနည်းငယ်ထူးဆန်းနေသည်ဟုထင်မိသော်လည်း သဘောတူကြောင်းခေါင်းငြိမ့်လိုက်လေ၏။
“စိတ်စွမ်းအင်အဆင့်မြှင့်တင်တယ်ဆိုတာ သိပ်ကိုလျှို့ဝှက်ဆန်းကြယ်တဲ့ပညာရပ်ပဲ…” သူမတွေးလိုက်သည်။ “ပိုင်ရှောင်ချန်းနဲ့ ဖက်တီးကျန်းကြီးတို့ကြားမှာ ဆက်နွယ်မှုတစ်ခုရှိကောင်းရှိနိုင်လိမ့်မယ်…။ သူတို့နှစ်ယောက်သာပူးပေါင်းမိသွားရင်… ရလဒ်ကမတွေးရဲစရာပဲ…။” ဖက်တီးကျန်းကြီးထွက်ခွာသွားသည်ကိုလှမ်းကြည့်ရင်း ရွှီမေ့ရှန်းတွေးနေမိသည်။ ထိုထက်တော့ ဆက်မစဥ်းစားတော့ပေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ဂိုဏ်းသားတိုင်းသည် သူ့ကံနှင့်သူရှိပြီးသားဖြစ်ရာ လောဘကြီးပြီးအခြားသူများအပေါ်အခွင့်အရေးယူရန်ကြိုးပမ်းမိလျှင် ဂိုဏ်း၏အုတ်မြစ်ကိုထိခိုက်စေနိုင်သည်။ ထိုကဲ့သို့မလုပ်ရန်မှာ တင်းကြပ်စွာတားမြစ်ပိတ်ပင်ပြီးဖြစ်ပေသည်။ ထို့ပြင် ပိုင်ရှောင်ချန်းသည် ကိုင်တွယ်ရန်မလွယ်သည့်အခြေအနေတစ်ခုသို့ရောက်နေလေပြီ။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ နှစ်တစ်သောင်းကျော်တည်မြဲနေရခြင်းအကြောင်းရင်းတစ်ခုမှာ ထိုတင်းကြပ်သောစည်းမျဥ်းကြောင့်ပင်ဖြစ်သည်။
ရက်အနည်းငယ်အကြာတွင် အတွင်းစည်းဂိုဏ်းဝတ်စုံနှင့် အမိန့်ပေးလည်ဆွဲကိုပိုင်ရှောင်ချန်းရရှိခဲ့၏။ ထို့ပြင်မွှေးရနံ့တိမ်တောင်ပေါ်တွင်အတွင်းစည်းဂိုဏ်းကိုအုပ်ချုပ်နေသော အကြီးအကဲရွှီထံမှ အထုပ်အားလုံးထုပ်ပိုးပြီး လွန်ခဲ့သောနှစ်အတွင်း သူ၏အိမ်ဖြစ်ခဲ့သောဝင်းထဲမှထွက်ခွာရန်အမိန့်ကိုရရှိလိုက်သည်။
အတွင်းစည်းဂိုဏ်းသားအားလုံးက အားကောင်းသောစိတ်စွမ်းအင်များဖြင့်ပြည့်နေသည့် အင်မော်တယ်ဂူများထဲတွင်နေထိုင်ကြရလေ၏။
အဆိုပါ အင်မော်တယ်ဂူများသည် သီးခြားတည်ရှိလျက်ရှိသော ကောင်းကင်ရှိဘုံဗိမာန်များအလား ခမ်းနားလှသည်။ လက်ရွေးစင်တိုက်ပွဲတွင်ပထမရခဲ့သည့် ပိုင်ရှောင်ချန်းအနေဖြင့် သူကြိုက်နှစ်သက်ရာအင်မော်တယ်ဂူကိုရွေးခွင့်ရှိရာ ထုံးစံအတိုင်းပင် အကောင်းဆုံးဂူကို ရွေးလိုက်လေ၏။ ထိုဂူသည် မွှေးရနံ့တိမ်တောင်၏အနောက်ဘက်၊ လမ်းကျဥ်းကလေးတစ်ခု၏အဆုံးတွင်တည်ရှိပြီး အားကောင်းသောစိတ်စွမ်းအင်များပြည့်နေသည့် တိတ်ဆိတ်အေးချမ်းသောနေရာလေးဖြစ်သည်။
ဂူထဲတွင် အခန်းငါးခန်းပါဝင်ပြီး မျက်နှာကျက်တွင် ညပုလဲများဖြင့်စီခြယ်ထားကာ ညပုလဲများမှအလင်းရောင်ဖျော့တော့တော့သည် ဂူထဲသို့ဖြာကျနေသည်။ ကျယ်ဝန်းသောပင်မဆောင်တစ်ခုလည်းရှိပြီး အလယ်တွင်ရေပူစမ်းလေးတစ်ခုလည်းပါဝင်လေသည်။ ရေပူများသည်ပလုံစီထနေပြီး ရေကန်ငယ်လေးတစ်ခုဖြစ်နေရာ ကန်ထဲတွင်ပျင်းရိစွာကူးခတ်နေသောငါးအချို့ကိုတွေ့ရလေသည်။
အင်မော်တယ်ဂူသည် ရိုးရှင်းသော်လည်း ခမ်းနားလှ၏။ ဂူထဲတွင်ဆေးဖော်စပ်သည့်အလုပ်ရုံ၊ တစ်ကိုယ်တည်းတရားကျင့်ကြံရန်အခန်း၊ စိတ်စွမ်းအင်အပင်ပျိုးခင်းနှင့် မှော်အတတ်များလေ့ကျင့်ရန်နေရာတစ်ခုတို့ပါဝင်လေ၏။
ထို့ပြင် ပိုင်ရှောင်ချန်း၏နေ့စဥ်ဝေယျာဝစ္စပြုလုပ်ရန် ချီစုစည်းမှုအဆင့်ငါးနှင့် ညီမျှသော ကျင့်ကြံခြင်းအဆင့်ရှိသည့် အရုပ်နှစ်ရုပ်လည်းပါဝင်လေသည်။ အင်မော်တယ်ဂူ၏အခန်းတိုင်းတွင် မန္တန်ဝင်္ကပါများရှိသည်။ မန္တန်ရွတ်လိုက်လျှင် ကျောက်နံရံများနှင့် မျက်နှာကျက်များတွင် မိုးကောင်းကင်၏ပုံရိပ်များပေါ်လာလေသည်။ ညအခါတွင် လနှင့်ကြယ်များကိုပါမြင်တွေ့နိုင်ပေ၏။ အင်မော်တယ်ဂူတစ်ခုလုံးကိုကာကွယ်ထားသော ပို၍ကြီးမားသည့် မန္တန်ဝင်္ကပါတစ်ခုရှိသေးပြီး မန္တန်ရွတ်လိုက်လျှင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူပင် ချိုးဖျက်ဝင်ရောက်ဖို့ရန် မလွယ်ကူချေ။
အင်မော်တယ်ဂူသည် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအတွက်ပင် အထူးသင့်တော်သည်။ မွှေးရနံ့တိမ်တောင်ရှိ အကောင်းဆုံးဂူများထဲတွင် ပါဝင်သည်။
ပိုင်ရှောင်ချန်းသည် အလွန်ကျေနပ်အားရလျက်ရှိပြီး ဝမ်းသာအူမြူးနေလေသည်။ ယခုမှတွေးလိုက်မိသည်မှာ သူ၏ယခင်အိမ်ဝန်းသည် အလွန်ရိုးစင်းလွန်းပြီးကြမ်းတမ်းလွန်းလှသည်။ အကြီးအကဲရွှီကိုလိုက်ပို့စဥ် အကြီးအကဲရွှီက လီချင်းဟောက်သည် အတွင်းစည်းဂိုဏ်း၏ စိတ်စွမ်းအင်ဆောင်ကိုသွားရောက်ကာ ကျင့်စဥ်ကို သွားရောက်ရှာဖွေရန် မှာကြားလိုက်ကြောင်း ပြောပြလိုက်သည်။ ထို့နောက် အကြီးအကဲရွှီထွက်ခွာသွားလေသည်။
အကြီးအကဲရွှီပျောက်ကွယ်သွားသည်နှင့် ပိုင်ရှောင်ချန်းသည် အဝတ်အစားများချွတ်လိုက်ပြီး ရေကန်ထဲသို့ခုန်ချကာ ပေါလောမျောနေလေ၏။ တစ်ခါတစ်ခါ ငါးတစ်ကောင်ရောက်လာပြီး သူ့အရေပြားကိုလာလာတွတ်လေသည်။ သူ့ဘဝတွင်တစ်ခါမှမကြုံဖူးသောလောကစည်းစိမ်များကို ခံစားနေရပေပြီ။
“တုလင်ဖေးဂိုဏ်းထဲမှာမရှိတော့တာ စိတ်မကောင်းစရာပဲ…။ သူနဲ့ရေတူတူစိမ်နေရရင်သိပ်ကောင်းမှာပဲ…။” သက်ပြင်းများချလျက် ဟိုရှောင်မေ့အကြောင်းတွေးနေမိသည်။ ထို့နောက်ပြုံးလိုက်သည်။ ထိုအချိန်ခဏတွင် မဖြစ်မနေလုပ်ဆောင်မည့် ကတိတစ်ခုပြုလိုက်လေသည်။ မဖြစ်ဖြစ်သည့်နည်းဖြင့် ရှောင်မေ့ကိုဒီနေရာသို့အရောက်ခေါ်လာမည်။ ရေပူစမ်းထဲတွင်ရေတူတူစိမ်ရင်း ကောင်းကင်ကကြယ်တွေကိုငေးကြည့်ကြမည်…။
လေးနက်စွာတွေးလိုက်ပြီး သူ၏ဆုံးဖြတ်ချက်တွင်ကန့်သတ်ချက်များရှိနေသည်ကို သတိပြုမိလိုက်သည်။ “ရည်မှန်းချက်ကြီးတဲ့ယောက်ျားတစ်ယောက်အဖို့၊ ဟိုရှောင်မေ့ရော တုလင်ဖေးရောနှစ်ယောက်လုံးကိုခေါ်လာမယ်…။ နှစ်ယောက်လုံးနဲ့ ရေပူစိမ်ရမယ်…။”
နောက်နေ့မနက်တွင် ပိုင်ရှောင်ချန်းသည်စောစောထပြီး အင်မော်တယ်ဂူမှထွက်လာခဲ့သည်။ တောင်ကြားလမ်းတစ်လျှောက်ဟိုသည်လျှောက်ကြည့်နေရာ အခြားအင်မော်တယ်ဂူနှင့် သိပ်မဝေးမှန်းတွေ့ရသည်။
ထိုဂူနှင့် သူ၏ဂူသည် မျက်စောင်းထိုးအနေအထားမှာရှိပြီး မီတာအနည်းငယ်မျှသာဝေးသည်။ မန္တန်ရွတ်ကာ အရံအတားချထားသည်ကိုတွေ့ရပြီး လူနေသည့်အရိပ်အယောင်များတွေ့ရသည်။ ထိုဂူမှဆက်လျှောက်မသွားမီ ပိုင်ရှောင်ချန်းသည် ဂူကိုအသေအချာလေ့လာနေလေသည်။
ဆက်လျှောက်လာရာ လမ်းတွင် အပြင်စည်းဂိုဏ်းသားတစ်ယောက်တစ်လေမှမတွေ့ရပဲ အတွင်းစည်းဂိုဏ်းသားအချို့ကိုသာတွေ့ရလေသည်။
အတွင်းစည်းဂိုဏ်းသားအများစုသည် တစ်ကိုယ်တည်းတရားကျင့်ကြံခြင်းဖြင့်သာ အချိန်ဖြုန်းလေ့ရှိကြပြီး ဟိုဟိုဒီဒီလျှောက်သွားမနေကြပေ။ ဂိုဏ်းတာဝန်များဆောင်ရွက်ရန်ရှိမှသာ အပြင်ထွက်လေ့ရှိကြသည်။ ပိုင်ရှောင်ချန်းကတော့ထုံးစံအတိုင်းပင် တစ်ယောက်ယောက်ကိုမြင်တိုင်း လည်ချောင်းရှင်းကာ ဆရာကြီးပုံဖမ်းတတ်လေသည်။ ခဏကြာကြောင်စီစီဖြစ်သွားပြီးနောက် အတွင်းစည်းဂိုဏ်းသားများသည် ဂိုဏ်းတူဦးလေးပိုင်ကို အရိုအသေပြုနှုတ်ဆက်ရသည်သာ။
ထိုကဲ့သို့တလေးတစားနှုတ်ဆက်ခံရသဖြင့် မြောက်ကြွမြောက်ကြွဖြစ်နေလေသည်။ မွှေးရနံ့တိမ်တောင်တလျှောက်ဝင့်ကြွားစွာ လမ်းလျှောက်ပြီးနောက် အတွင်းစည်းဂိုဏ်းစိတ်စွမ်းအင်ဆောင်သို့ရောက်ရှိလာခဲ့လေ၏။ ထိုနေရာတွင် အတွင်းစည်းဂိုဏ်းသားများသည် သူတို့၏ မှော်အတတ်ပေါင်းစုံနှင့် စွမ်းရည်များကိုလေ့ကျင့်ကြလေသည်။
ဂိုဏ်းသားတစ်ယောက်သည် အတွင်းစည်းဂိုဏ်းသို့ဝင်ရောက်ခွင့်ရသည်နှင့် ဂိုဏ်း၏ပညာရပ်များစွာထဲမှတစ်ခုကို လေ့လာဆည်းပူးခွင့်ရလေသည်။ ပိုင်ရှောင်ချန်းရောက်သွားသည့်အခါ တာဝန်ကျဂိုဏ်းသားက နှုတ်ဆက်ဂါရဝပြုလေသည်။ များစွာကျေနပ်အားရမှုဖြစ်သွားလေရာ တာဝန်ကျဂိုဏ်းသား၏ပုခုံးကိုပုတ်လိုက်ပြီး ရွေးချယ်စရာပညာရပ်များစွာကို စတင်စူးစမ်းလိုက်သည်။
“ ကောင်းကင်တစ်ခွင် တုန်ဟီးစေ “
“ ရေမီးတောက် ပညာရပ် “
“ ကောင်းကင်ကိုးခုဖျက်ဆီးခြင်း ”
ရွေးစရာအားလုံးစုံပြီဖြစ်သောအခါ ဘယ်ပညာကိုရွေးချယ်ရမလဲ ပိုင်ရှောင်ချန်းတယောက်မစဥ်းစားနိုင်တော့ချေ။ ပညာရပ်အားလုံးသည် သူ့ဟာနှင့်သူထူးခြားပုံပေါ်သည်။ နောက်ဆုံးတွင် လီချင်းဟောက်လမ်းညွှန်သွားသော ပညာရပ်ကို သူရှာတွေ့သွားလေ၏။
“ နဂါးလိုဆင်လို အဏ္ဏဝါကျမ်း ” ကျောက်စိမ်းပေလွှာကိုကောက်ယူလိုက်ပြီး စိတ်စွမ်းအင်တချို့ကိုထုတ်လွှတ်လိုက်လေ၏။ နိဒါန်းကိုလေ့လာပြီးနောက်တွင် အံ့အားသင့်မှုကြောင့် မျက်လုံးများပြူးကျယ်လာကာ ကြက်သီးများထလာလေ၏။
“လူတွေဟာအတားအဆီးတွေကြားမှာပိတ်မိနေတတ်တယ်…။ ကျင့်ကြံခြင်းမှာဖြစ်စေ၊ ဒါမှမဟုတ် ကိုယ်ခန္ဓာမှာပဲဖြစ်စေ ချိုးဖျက်မရနိုင်တဲ့လူသားဘဝအတားအဆီးတွေရှိတတ်တယ်…။ လူသားဘဝအတားအဆီးတွေကိုချိုးဖောက်ဖို့မလုပ်ပဲ အတားအဆီးတွေကနေပညာယူနိုင်မယ့် ချီစုစည်းမှုအဆင့်ကျင့်ကြံဖို့သင့်တော်တဲ့ ဤပညာရပ်ကိုကျုပ်ဖန်တီးခဲ့ခြင်းဖြစ်တယ်…။ “
ပိုင်ရှောင်ချန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဝတ်ရုံနက်ဝတ်ဆင်ထားသော သူ့ကိုကယ်ခဲ့ဖူးသည့် သချိုင်္ငးစောင့်လူကြီးကိုပြန်မြင်ယောင်မိလာသည်။ ဤပေလွှာထဲရှိစကားလုံးများသည် ထိုလူကြီးပြောခဲ့ဖူးသည့်စကားလုံးများနှင့်တစ်ထပ်တည်းဖြစ်နေသည်။
“ထာဝရအပိုင်းငါးတွဲဟာ လူသားဘဝရဲ့အတားအဆီးငါးခုကိုချိုးဖျက်နိုင်ပြီး… အသက်ရှည်နည်းအပိုင်းငါးတွဲဟာ အဆုံးမဲ့ပိတ်လှောင်ခြင်းငါးရပ်ကိုချိုးဖျက်ခြင်းပဲ…။”
ကျမ်းစာသည် သာမန်ကျမ်းတစောင်ထက်မပိုဟု ပိုင်ရှောင်ချန်းရုတ်တရက်ခံစားမိလိုက်သည်။ သို့သော်ထပ်မံလေ့လာကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်လေသည်။ ဖော်ပြထားချက်များအရ အထူးတလည်အံ့အားသင့်စရာအချက်တခုမှမပါပေ။ ထိုကျမ်းသည် သူကြည့်ခဲ့သောအခြားမှော်ပညာရပ်များနှင့်ယှဥ်စရာကိုမရှိပေ။ သို့သော်မကြာမီပင်ထိုကျမ်းသည် ခရမ်းရောင်ချီဒယ်စောက်အိုးထိန်းချုပ်နည်းပညာရပ်နှင့် လုံးဝအံဝင်ခွင်ကျဖြစ်နေပြီး အခြေခိုင်မာခြင်းအဆင့်ကိုရောက်ရန်အခွင့်အလမ်းပိုမြင့်မားစေနိုင်သည်ကိုသိရှိလိုက်ရသည်ဖြစ်ရာ ပိုင်ရှောင်ချန်း၏မျက်နှာမှာဝင်းလက်လာလေသည်။
ပိုင်ရှောင်ချန်းသည်အခြေခိုင်မာခြင်းအဆင့်ကိုကျင့်ကြံရန်အိပ်မက် မက်လာခဲ့သည်မှာနှစ်ချီနေပြီဖြစ်ပြီး ထိုအကြောင်းစဥ်းစားမိလိုက်တိုင်း ရင်များတဒိန်းဒိန်းခုန်လာရသည်။
နဂါးလိုဆင်လို အဏ္ဏဝါကျမ်း တွင်အဆင့်သုံးဆင့်သာရှိပြီး ပထမအဆင့်မှာချီစုစည်းမှုအဆင့်ကိုးသို့ရောက်အောင်ညွှန်ပြပေးသည်။ ဒုတိယအဆင့်တွင် ချီစုစည်းမှုအဆင့်တစ်ဆယ်၏စက်ဝန်းကိုဖော်ပြထားပြီး နောက်ဆုံးအဆင့်တွင်ကား အခြေခိုင်မာခြင်းအဆင့်လမ်းညွှန်များပါရှိလေသည်။
အထွတ်အထိပ်အဆင့်တွင်ကျင့်ကြံသူသည် နဂါးနှင့်ဆင်ကြီးတို့၏သန်စွမ်းမှုမျိုးရရှိလာမည်ဖြစ်ပြီး ပင်လယ်ကြီးတမျှကြီးမားသောစိတ်စွမ်းအားကိုလည်းရရှိမည်ဖြစ်လေ၏။ အကောင်းဆုံးမှာ ပြိုင်ဘက်မရှိ အခြေခံကောင်းမွန်ပြီး အခြေခိုင်မာခြင်းအဆင့်ကိုရောက်ပြီဆိုလျှင် နတ်ဘုရားအစွမ်းများကိုလွယ်ကူစွာလေ့ကျင့်နိုင်ပြီး အဆင်မပြေဖြစ်မည်ကိုပူစရာမလိုတော့ပေ။
ထိုအချက်သည်ကားသာမန်ထဲမှ တမူထူးခြားခြင်းပင်ဖြစ်ပေသည်။
“ဒီပညာရပ်က ငါနဲ့အသင်တော်ဆုံးပါပဲ…။” နိဒါန်းထဲတွင်ဖော်ပြထားသော အတားအဆီးများအကြောင်းကြောင့်လား၊ ကျမ်းစာဟာသူ့ကို အခြေခိုင်မာခြင်းအဆင့်ရောက်အောင်လမ်းပြပေးနိုင်သည်ဆို၍လား၊ တခုခုတော့ တခုခုပင်။ ကျမ်းစာကိုကိုင်ထားရုံနှင့်ပင် ပိုင်ရှောင်ချန်းရင်မှာ တဒိန်းဒိန်းခုန်နေလေ၏။ ထို့နောက်ပိုင်ရှောင်ချန်းသည် ကျမ်းစာကိုပြန်မချတော့ပဲ ယူဆောင်လာကာ အင်မော်တယ်ဂူသို့ရင်ခုန်စွာဖြင့်ပြန်ခဲ့လေတော့သည်။
ထိုနေရာသို့ရောက်ခါနီးဆဲဆဲမှာပင် သူနှင့်မျက်စောင်းထိုးရှိ အင်မော်တယ်ဂူ၏တံခါးပွင့်လာပြီး မိန်းမပျိုတစ်ယောက်ထွက်လာလေသည်။ မိန်းမပျိုသည် သူ့ကိုမြင်လိုက်သည်နှင့် ပါးစပ်အဟောင်းသားဖြစ်ကာ ဂူထဲပြန်ပြေးဝင်ရန်ဟန်ပြင်သည်။ သို့သော်နောက်ကျသွားလေပြီ…။
“အိမ်း… ဂိုဏ်းတူ တူမရှင်းချီပါလား…” သူသည် ချက်ချင်းဝမ်းသာသွားသည်။ လက်ရွေးစင်တိုက်ပွဲများကျင်းပစဥ်ကတည်းကပင် ကျိုးရှင်းချီသည် သူနှင့်ဝေးဝေးမှာပင်နေခဲ့လေရာ သူ့ကိုဂိုဏ်းတူဦးလေးဟုခေါ်သည်ကိုမကြားခဲ့ရပေ။ ယခုတော့ သူမနှင့်မျက်နှာချင်းဆိုင် ဆိုက်ဆိုက်မြိုက်မြိုက်ကြီးတွေ့ရပေပြီ။