Switch Mode

အခန်း (၃၈၃) 

ဝန်ထမ်းစာရင်းမှ ထာဝရ ထုတ်ပယ်ခြင်း 

လှိုဏ်ခေါင်းအသစ်ကြီးကို အလုံပြန်ပိတ်ရန်မှာ မလွယ်ကူပေ။ ကံကောင်းသည်မှာ လက်ရှိ သားရဲစီးကြောင်းကြီး၏ အရွယ်အစားမှာ သေးငယ်နေသောကြောင့် သူတို့မှာ အငိုက်မိသွားရုံလောက်သာ ဖြစ်ခဲ့၏။ သို့သော် မြို့တော်နယ်မြေအသစ်၏ တိုက်ခိုက်ရေး စွမ်းရည်များကြောင့် ထိုသားရဲကြီးများအား အလွယ်တကူ တိုက်ထုတ်နိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးနှင့်၊ အရက်စက်ဆုံး နည်းလမ်းကို ရွေးချယ်ခဲ့၏။ သူသည် လီယီအား ဖမ်းဆီးချုပ်နှောင်ကာ လီယီ၏ ကမ္ဘာလုံးဓမ္မမြို့တော်ကြီးအား သိမ်းပိုက်လိုက်ပြီး သူမဆီမှ ပြန်လည်ရုပ်သိမ်းထားသည့် လုပ်ပိုင်ခွင့်အာဏာများကို အသုံးပြုကာ ထိုမြို့တော်နယ်မြေကြီ တစ်ခုလုံးကို အဝင်အထွက်ပိတ်လိုက်၏။ ထို့နောက် သူသည် လူတိုင်းအား ထိုနယ်မြေထဲမှ ထွက်ခွာသွားရန် အမိန့်ပေးလိုက်သည်။

ဝမ်ပေါင်လဲ့မှာ လှိုဏ်ခေါင်းအသစ်ကြီး၏ ပတ်ပတ်လည်ရှိ ‌နယ်မြေကြီးကို အဝင်အထွက် ပိတ်လိုက်ပြီးဖြစ်ရာ သားရဲကြီးများမှာ အထဲ၌ ပိတ်မိနေကြပြီဖြစ်သည်။ ထို့နောက် သူ၏ မျက်ဝန်းများထဲ၌ အေးစက်စက် အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွား၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အမြောက်များကို ပစ်ခတ်ရန် အမိန့်ပေးလိုက်တော့သည်။

ထိုနယ်မြေကြီးမှလွဲ၍ မြို့တော်နယ်မြေအသစ်ထဲရှိ အခြားနေရာအားလုံးကို ဝမ်ပေါင်လဲ့၏ ထာဝရခံတပ်ကြီးအား ရေးဆွဲထားသည့် ဒီဇိုင်းပုံစံအတိုင်း တည်ဆောက်ထားပြီး ချီအားဖြည့် ဝိညာဉ်မန္တန်အစီအရင်ကြီးဖြင့် အားအင်ဖြည်တင်းထားသည်ဖြစ်သည်။ ထို့ကြောင့် မန္တန်အစီအရင်များ၏ စွမ်းအားများမှာ ကောင်းကင်ပေါ်သို့ မြင့်တက်သွားကြပြီး ပေါင်လဲ့အမြောက်နှင့် မီးနတ်ဘုရားအမြောက် အလက်ပေါင်းများစွာ ချက်ချင်း ပေါ်ပေါက်လာကြ၏။ ၎င်းတို့မှာ အနောက်ပိုင်းမြို့တော်နယ်မြေအား ချိန်ရွယ်ထားကြပြီး တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ကြတော့သည်။

အခြားနယ်မြေသုံးခုမှ အမြောက်တပ်များ၏ ပူးပေါင်းစွမ်းအားမှာ မည်သည့်အရာကိုမဆို ဖျက်ဆီးချေမှုန်းပစ်မည့်ပုံစံ ပေါက်နေကြ၏။ ထို့နောက် အမြောက်ပစ်ချက်များမှာ သားရဲစီးကြောင်းကြီးပေါ်သို့ မိုးရေစက်များကဲ့သို့ ရွာကျလာသဖြင့် လေထုထဲ၌ ပေါက်ကွဲသံများဖြင့် ပြည့်နှက်နေတော့သည်။ ထို့နောက် မန္တန်အစီအရင်ကြီးမှာ တစ်ခုပေါ်တစ်ခု ထပ်နေပြီး အဆုံးမရှိလောက်အောင် ရှည်လျားနေသော အမျှင်အတန်းလေးများအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သားရဲကြီးများကို အပိုင်းပိုင်း ဖြတ်လိုက်ကြသဖြင့် ၎င်းတို့၏ အသားစနှင့် သွေးစများမှာ အဘက်ဘက်သို့ လွင့်စင်သွားကြတော့သည်။ နာကြည်းဖွယ်ရာ အော်ဟစ်မည်တမ်းသံများမှာလည်း ကောင်း‌ကင်ပေါ်အထိ မြင့်တက်သွားကြ၏။

ထိုတိုက်ကွက်ကြီးကြောင့် အနောက်ပိုင်းမြို့တော်နယ်မြေ၏ တစ်ဝက်ကျော်မှာ ပျက်စီးသွားကြပြီး အဆောက်အဦများမှာလည်း ပြိုကျကာ ပြာမှုန့်ဘဝသို့ ရောက်သွားကြတော့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ဂရုစိုက်နေခြင်းမရှိပေ။

ယခုလက်ရှိတွင် အရေးအကြီးဆုံးအရာမှာ ဤခြေအနေကြီးအား ထိန်းချုပ်နိုင်ရန်သာဖြစ်ကြောင်း သူက သိထား၏။ ထိုနယ်မြေထဲ၌ အလုပ်သမားများ ရှိမနေတော့ဘဲ အဆောက်အဦများသာ ကျန်ရစ်ခဲ့သည်ဖြစ်သည်။ ထိုနယ်မြေကြီးအား တည်ဆောက်နိုင်ရန် ရင်းမြစ်ပစ္စည်း အမြောက်အမြားကို အသုံးပြုခဲ့ရသည်မှာ အမှန်ပင်ဖြစ်ပါသော်လည်း လီယီမှာ ပြစ်မှုတစ်ခုကို ကျူးလွန်ထားခဲ့သောကြောင့် သူမနှင့် သမင်ဖြူတာအိုကျောင်းတို့မှာ ထိုပျက်စီးမှုများအတွက် ပေးလျော်ရမည်သာဖြစ်သည်။

အမြောက်များကို တစ်လက်ပြီးတစ်လက် အဆက်မပြတ် ပစ်ခတ်နေခဲ့သောကြောင့် ပေါက်ကွဲသံများမှာလည်း ဆူညံနေတော့သည်။ မြေပြင်ကြီး တစ်ခုလုံးမှာလည်း တုန်ရီနေရပြီဖြစ်သည်။ ကျင့်သိုမင်နှင့် ခုန်းတောက်တို့ကမူ အံ့ဩတုန်လှုပ်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့၏ ဘေး၌ ရပ်နေကြ၏။ သူတို့ နှစ်ယောက်စလုံးမှာ ဝမ်ပေါင်လဲ့အား တစ်ပြိုင်နက်တည်း စိုက်ကြည့်လိုက်ကြတော့သည်။ ဝမ်ပေါင်လဲ့၏ အမြဲတမ်း အပြုံးမပြတ်ခဲ့သော မျက်နှာအမူအရာ၏ နေရာ၌ အေးတိအေးစက်နှင့် ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာတစ်ခု အစားထိုး ဝင်ရောက်လာပြီး သူ၏ မျက်ဝန်းများမှာလည်း အေးစက်စွာ တောက်ပနေတော့သည်။

” ဒီကောင်က တော်တော်ကို ရက်စက်တဲ့ကောင်ပဲ ” ခုန်းတောက်နှင့် သျင့်သိုမင်တို့ နှစ်ယောက်စလုံးမှာ ဝမ်ပေါင်လဲ့၏ အကျင့်စရိုက် အစစ်အမှန်ကို နားလည်သိရှိသွားကြတော့သည်။ သူတို့မှာ ယခင်ကတည်းက ယခုကဲ့သို့‌ပင် ကောက်ချက်ချလျှင် ချနိုင်ခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့၏ နေ့စဉ်ဓူဝ အပြုအမူများမှာ ရက်စက်ကြမ်းကြုတ်မှု လုံးဝမရှိခဲ့ပေ။ ထို့ကြောင့် အခြားသူများမှာ သူ၏ အကျင့်စရိုက်အစစ်အမှန်ကို အလွယ်တကူနှင့် မေ့ပျောက်သွားတတ်ကြသည်သာ ဖြစ်သည်။

သို့သော် ယခုတွင်မူ သူသည် အနောက်ပိုင်းနယ်မြေကြီး၏ တစ်ဝက်တိတိကို စွန့်လွှတ်လိုက်ရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်မဟုတ်ပါလော။ အနောက်ပိုင်းနယ်မြေထဲမှ အလုပ်သမားအများစု ထိုနယ်မြေထဲမှ ပြောင်းရွှေ့သွားခဲ့ကြသည်မှာ အတော်အတန် ကြာမြင့်နေပြီဖြစ်ပါသော်လည်း ထိုကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို မည်သူကမှ ပြတ်ပြတ်သားသား ချမှတ်နိုင်မည်မဟုတ်ပေ။

အမြောက်များအား နောက်တစ်ကြိမ်ထပ်၍ ပစ်ခတ်လိုက်ပြီးနောက် သားရဲစီးကြောင်းကြီးမှာ အမြောက်ပစ်ချက်များကြောင့် နောက်သို့ ပြန်လည်တွန်းထုတ်ခံနေရသည့် အချိန်တွင် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ကျင့်ကြံသူ အမြောက်အမြား ပါဝင်သည့် စစ်တပ်ကြီးတစ်ခုအား ဦးဆောင်၍ သားရဲကြီးများ ပိတ်မိနေကြသည့် အနောက်ပိုင်းနယ်မြေထဲသို့ ပြေးဝင်သွားလိုက်၏။ သူတို့မှာ ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်တွင် သတ်ဖြတ်ချေမှုန်းနေခဲ့သောကြောင့် သားရဲကြီးများမှာ သေကျေပျက်စီးသွားရတော့သည်။ နောက်ဆုံးတွင် သူတို့မှာ လှိုဏ်ခေါင်းအသစ်ကြီး ရှိနေသည့်နေရာသို့ ရောက်ရှိသွားကြ၏။

ဝမ်ပေါင်လဲ့မှာ ထို ချောက်ချားဖွယ်ရာ လှိုဏ်ခေါင်းကြီးကို စိုက်ကြည့်နေလိုက်၏။ ထိုလှိုဏ်ခေါင်းကြီး အတွင်းပိုင်းထဲမှနေ၍ အေးစက်စက် အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်ဖြစ်သည်။ ထို့နောက် သူသည် ချက်ချင်းပင် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး သူ၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ မန္တန်အစီအရင် အသစ်အား လည်ပတ်စေလိုက်ပြီးနောက် လှိုဏ်ခေါင်းအသစ်ကြီးကို အလုံပိတ်လိုက်တော့သည်။

ထိုအခါ မန္တန်အစီအရင်ထဲမှ အမျှင်အတန်းများ ပေါ်ပေါက်လာကာ အရပ်မျက်နှာအနှံ့သို့ ထိုးထွက်သွားကြပြီးနောက် လှိုဏ်ခေါင်းကြီး၏ အထက်၌ တစ်ခုနှင့်တစ်ခု ရစ်ပတ်နေကြတော့သည်။ ထိုအချိန်တွင် မကျေနပ်ချက်များနှင့် ဒေါသများဖြင့် ပြည့်နှက်နေသည့် ဟိန်းဟောက်သံကြီးတစ်သံမှာ လှိုဏ်ခေါင်းထဲမှ ထွက်ပေါ်လာတော့သည်။ အမြုတေအဆင့် အငွေ့အသက်များ ထုတ်လွှတ်နေကြသည့် သားရဲကြီး ခုနစ်ကောင် ရှစ်ကောင်ခန့်မှာ ရှေ့သို့ ပြေးထွက်လာကြပြီး အချုပ်အနှောင်ကြီးအား တားဆီးရန် ကြိုးပမ်းလိုက်၏။

” အားလုံး ” ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားကာ ချက်ချင်းပင် အော်ဟစ်လိုက်၏။ သူ၏ စကားသံကြီး လေထုထဲ၌ ပဲ့တင်ထပ်သွားသောအခါ နိုင်ငံရေးအင်အားစုအသီးသီးမှ အမြုတေအဆင့် ကျင့်ကြံသူများမှာ သူ၏နောက်မှနေ၍ ရှေ့သို့ ပြေးလာကြပြီး လှိုဏ်ခေါင်းကြီးထဲရှိ သားရဲကြီးများနှင့် ရင်ဆိုင်တိုက်ခိုက်လိုက်ကြ၏။

ထို တိုက်ပွဲထဲမှ အသံများမှာ ကောင်းကင်ပေါ်အထိ မြင့်တက်သွားကြ၏။ မန္တန်များမှ ထွက်ပေါ်လာသော အလင်းရောင်များမှာ တဖိတ်ဖိတ် တောက်ပနေသောကြောင့် ကောင်းကင်ယံကြီးပင်လျှင် လင်းထိန်နေရပြီး ၎င်းတို့ကို အဝေးကပင် လှမ်း၍ မြင်နေရ၏။ သူတို့မှာ သားရဲကြီးများကို ရင်ဆိုင်တိုက်ခိုက်နေကြစဉ်တွင် ဝမ်ပေါင်လဲ့မှာ မန္တန်အစီအရင်ကြီးကို ဆက်လက် တပ်ဆင်ရင်း လှိုဏ်ခေါင်းကြီးအား အနှောင့်အယှက်မရှိ ပိတ်ဆို့နေလိုက်တော့သည်။

ခုန်းတောက်နှင့် ကျင့်သိုမင်တို့မှာလည်း ဤအဖြစ်အပျက်ကြီးမှာ မြို့တော်နယ်မြေအသစ်၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်နေသောကြောင့် အလွန်အင်မတန်မှ အရေးကြီးကြောင်း နားလည်ထားကြ၏။ အကယ်၍ သူတို့မှာ သူတို့၏ လုံခြုံမှုစနစ်ထဲရှိ ဟာကွက်များကို ပြုပြင်နိုင်စွမ်းမရှိပါက လီယီတစ်ယောက်သာ တာဝန်ယူရမည်မဟုတ်ဘဲ သူတို့နှစ်ယောက်စလုံးမှာလည်း ဒဏ်ပေးခံရမည်သာ ဖြစ်သည်။

ထို့အပြင် သူတို့အားလုံးမှာ ဤကိစ္စကြီးတစ်ခုလုံးကို လျှို့ဝှက်ထားရန် ဘုံသဘောတူညီချက်တစ်ခု ချမှတ်ထားခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ဤအကြောင်းကို ဘုရင်ခံဆီသို့ မတင်ပြရသေးပေ။ လင်းတျန်ဟောက်မှာလည်း သတင်းများ မပေါက်ကြားနိုင်အောင် လိုအပ်သော တာဆီးကာကွယ်မှုများကို ပြုလုပ်နေ၏။

သို့သော် မျက်မြင်သက်သေပေါက်း မြောက်မြားစွာရှိနေသည်ဖြစ်ရာ နောက်ဆုံးတွင် ဘုရင်ခံမှာ ဤကိစ္စကြီးအကြောင်းကို သိရှိသွားမည်သာ ဖြစ်သည်။ သို့သော် သူတို့မှာ အစိုးရအဖွဲ့က သူ့တို့အား တာဝန်ယူတာဝန်ခံမှုကိစ္စများနှင့် ပတ်သက်၍ မေးခွန်းမထုတ်ခင် ဤပြဿနာကြီးကို ဖြေရှင်းနိုင်ပြီဆိုလျှင် လီယီတစ်ယောက်သာလျှင် အပြစ်ပေးခံရတော့မည်ဖြစ်သည်။

လူတိုင်းမှာ ထိုအချက်ကိုနားလည်ထားကြ၏။ ထို့ကြောင့် လက်ရှိတွင် အချိန်မှာ အရေးအကြီးဆုံး အရာဖြစ်ကြောင်းကိုလည်း သူတို့က သိရှိထားကြသည်။ ထို့ကြောင့်လည်း နိုင်ငံရေးအင်အားစုတိုင်းမှ လူတိုင်းမှာ အစွမ်းကုန်ထုတ်ကာ သားရဲအုပ်ကြီးများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်၏။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့ လှိုဏ်ခေါင်းကြီးအား အလုံပိတ်နိုင်ဖို့အတွက် အချိန်ဆွဲပေးရန် တိုက်ခိုက်နေကြခြင်းဖြစ်သည်။

လူတိုင်းမှာ အင်အားများစုပေါင်းကာ သားရဲစီးကြောင်းကြီးအား နောက်သို့ တွန်းထုတ်လိုက်ကြပြီး တိုက်ပွဲထဲ၌ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ရောက်သွားသည့်အချိန်တွင် ပထမဆုံးအကြိမ်တုန်းကထက် ပို၍ ကျယ်လောင်သည့် ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံကြီး တစ်သံမှာ လှိုဏ်ခေါင်းထဲမှ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။

ထိုမိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီးနှင့်အတူ လှိုဏ်ခေါင်းကြီးမှာ စတင်အေးခဲလာပြီး တဖျစ်ဖျစ်တဖြောက်ဖြောက် မြည်သံများလည်း ထွက်ပေါ်လာ၏။ ထို့ကြောင့် ထိုလှိုဏ်ခေါင်းအသစ်ထဲရှိ နက်ရှိုင်းသောနေရာတစ်နေရာမှ ဧရာမလက်ကြီးတစ်ဖက် ဆန့်တန်းထွက်ပေါ်လာပြီ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းရှိနံရံများမှာ ရေခဲအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။

အပြင်ဘက်သို့ထွက်နိုင်ရန် ကြိုးစားနေကြသည့် သားရဲကြီးများအားလုံးမှာလည်း ထိုအအေးဓာတ်ကို ခံစားလိုက်ရပြီးနောက် ချက်ချင်းပင် ရေခဲအဖြစ်သို့ ရောက်သွားကြ၏။ ဧရာမလက်ကြီးမှာလည်း ရှေ့သို့ ထိုးထွက်လာပြီး ‌ကြောက်မက်ဖွယ်ရာကောင်းပြီး အားပြင်းလွန်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်၏။ ထို့ကြောင့် အမြုတေအဆင့် ကျင့်ကြံသူများအပါအဝင် ဘေးပတ်ပတ်လည်ရှိ အခြားကျင့်ကြံသူအားလုံးမှာ အထိတ်တလန့်ဖြစ်သွားရတော့သည်။

သူတို့မှာ ဘေးကျပ်နံကျပ် အခြေအနေတစ်ခုနှင့် ကြုံနေရပြီဖြစ်သည်။ ဝမ်ပေါင်လဲ့၏ အချုပ်အနှောင်ကြီးမှာ မပြီးသေးပေ။ ထို့ကြောင့် သူသည် အသက်ရှူသံများ မြန်ဆန်လာရ၏။ အကယ်၍ သူတို့မှာ ထိုသားရဲကြီးများကို တွန်းလှန်နိုင်စွမ်း မရှိတော့ပါက ဘုရင်ခံအား အကြောင်းကြားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ကြောင်း နားလည်ထား၏။

သူသည် ရွေးချယ်စရာတစ်ခုပင် မရှိတော့သည့်အချိန်သို့ ရောက်မှသာ ထိုသို့အကြောင်းကြားရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် သူ၏မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု တောက်ပသွားပြီး သူသည် ကျမ်းစာ၏ ပထမစာလုံးအချို့ကို သူ၏ စိတ်ထဲ၌ ရွတ်ဖတ်လိုက်တော့သည်…

” ဉာဏ်အလင်းပွင့်စေသော်…. ”

ထိုစကားလုံးများမှာ ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ၌ ပဲ့တင်ထပ်သွား၏။ ထိုအခါ သူနှင့် ရင်းနှီးနေပြီးသားဖြစ်သော အငွေ့အသက်ကြီးတစ်ခုမှာ ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံထဲ၌ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။ ၎င်းမှာ ယခင်တုန်းကနှင့် မတူပေ။ ဝမ်ပေါင်လဲ့မှာ စကြဝဠာထဲရှိ အဝေးတစ်နေရာမှ နယ်မြေတစ်ခုထဲ၌ မျက်လုံးများပွင့်လာပြီး သူရှိရာအရပ်သို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်ကို ရှင်းလင်းပြတ်သားစွာ အာရုံခံမိလိုက်သည်။

” ဘုရားရေ။ ငါ သူ့ကိုများ နှိုးမိသွားတာလား ” ဝမ်ပေါင်လဲ့မှာ အသားများတုန်ရီသွားရတော့သည်။ သူသည် သေသေချာချာ မစဉ်းစားနိုင်ခင်မှာပင် ထို အံ့ဩမှင်တက်ဖွယ်ရာ အငွေ့အသက်ကြီးမှာ စကြဝဠာကြီးကို ဖြတ်သန်းပြီး အောက်သို့ကျဆင်းလာ၏။ ထိုအခါ အကြောက်အလန့်မရှိ ရှေ့ဘက်သို့ သွေးရူးသွေးတန်းဖြင့် ဆန့်ထွက်လာနေခဲ့သည့် ဧရာမလက်ကြီးမှာ ရုတ်တရက်ဆိုသလို အပြင်းအထန် တုန်ရီသွားတော့သည်။ ၎င်းမှာ ကြောက်ရွံ့တုန်လှုပ်သွားပြီး ရှေ့သို့ ဆက်မသွားရဲတော့ဘဲ ကြောင်ကိုမြင်လိုက်ရသည့် ကြွက်တစ်ကောင်ကဲ့သို့ နောက်ဘက်သို့ ချက်ချင်း ပြန်ကျုံ့ဝင်သွားတော့သည်။

လူတိုင်းမှာ ထိုမြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်သွားရ၏။ သူတို့မှာ စိတ်အေးသွားရသဖြင့် သက်ပြင်းချမိသွားကြပြီး သူတို့၏ နှလုံးသားထဲ၌ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော ခံစားချက်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။ ထို့နောက် သူတို့အားလုံးမှာ အထူးတဆန်း ဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်လိုက်ကြ၏။

သို့သော် သူတို့မှာ လှိုဏ်ခေါင်းအသစ်ကြီးအား အလုံပိတ်ရာ၌ အရေးကြီးသော အခိုက်အတန့်တစ်ခုသို့ ရောက်ရှိနေသည်မဟုတ်ပါလော။ ထို့ကြောင့် မည်သူကမှ ထိုကိစ္စနှင့်ပတ်သက်၍ ဆက်လက်တွေးတောနေရန် အချိန်မရှိပေ။ သူတို့မှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာခဲ့သည့် ဖိနှိပ်အားကောင်းသော အငွေ့အသက်ကြီးကို အခွင့်ကောင်းယူကာ သားရဲစီးကြောင်းကြီးအား အားပိုစိုက်ကာ ခုခံတွန်းလှန်လိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုအခွင့်အရေးကို အသုံးချ၍ ပိတ်ဆို့ခြင်းလုပ်ငန်းကို အဆုံးသတ်လိုက်၏။

ထိုအချိန်တွင် မန္တန်အစီအရင်ကြီး၏ အမျှင်အတန်းများမှာ လှိုဏ်ခေါင်းအသစ်ကြီးပေါ်‌၌ ပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ သားရဲကြီးများမှာ ထိုပိုက်ကွန်ကြီးထဲ၌ ပိတ်မိနေကြပြီး ထိုအချုပ်အနှောင်ကြီးအား အဆက်မပြတ် တိုက်ခိုက်နေသည့်တိုင်အောင် လှုပ်ရှားနိုင်စွမ်းမရှိတော့ပေ။

ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချလိုက်တော့သည်။ ထို့နောက် သူသည် ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် သားရဲကြီးများအား လိုက်လံသတ်ဖြတ်ရန် ကျင့်ကြံသူများကို ချက်ချင်းပင် စေလွှတ်လိုက်၏။ ထို့အပြင် သူသည် အခြားနယ်မြေသုံးခုမှ ကျင့်ကြံသူများအား သူတို့၏ နယ်မြေအစွန်းအဖျားပိုင်းများမှနေ၍ အနောက်ပိုင်းနယ်မြေထဲသို့ ဝင်ရောက်ကာ ပိုက်စိပ်တိုက်ရှာဖွေခိုင်းရန် လင်းတျန်ဟောက်အား တာဝန်ပေးလိုက်၏။ သူတို့မှာ သားရဲတစ်ကောင်တလေပင် မကျန်ရစ်ခဲ့အောင် ရှာဖွေရမည်ဖြစ်သည်။

ထိုသို့ဖြင့် နယ်မြေတစ်ခုလုံးထဲ၌ ပိုက်စိပ်တိုက်ရှာဖွေကာ လိုက်လံသတ်ဖြတ်သည့် အချိန်မှ သားရဲတစ်ကောင်တလေပင် လုံးဝမကျန်တော့ကြောင်း အတည်ပြုပြီးသွားသည့် အချိန်အထိ လေးနာရီတိတိ ကြာမြင့်သွား၏။ ထိုလေးနာရီ ကုန်ဆုံးသွားပြီးနောက် ဘုရင်ခံဆီမှ အမျက်ချောင်းချောင်းထွက်နေသည့် ဆူပူကြိမ်းမောင်းစာကြီး ရောက်ရှိလာတော့သည်။

ဘုရင်ခံမှာ ထိုအန္တရာယ်ကြီးကို နှိမ်နင်းပြီးသွားပြီဖြစ်ကြောင်း သတင်းရထားပြီးဖြစ်သည်။ ထို့ကြောင့် သူမသည် ထိုအဖြစ်အပျက်ကြီး ပေါ်ပေါက်လာရသည့် အကြောင်းအရင်းကို သိရှိရန် ပို၍ အာရုံစိုက်နေခဲ့သည်။ ဝမ်ပေါင်လဲ့ကမူ စကားတစ်ခွန်းမှမပြောဘဲ ခုန်းတောက်နှင့် ကျင့်သိုမင်တို့ကိုသာ စိုက်ကြည့်နေ၏။

ခုန်းတောက်မှာ ဝမ်ပေါင်လဲ့တစ်ယောက် သားရဲစီးကြောင်းကြီးအား နှိပ်နင်းကာ ထိုပြဿနာကြီးအား ဖြေရှင်းခဲ့သည်ကို သူကိုယ်တိုင် မြင်ခဲ့ရသည်မဟုတ်ပါလော။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ယခင်တုန်းက ဝမ်ပေါင်လဲ့ သူ့အား ကယ်တင်ခဲ့သည့် မြင်ကွင်းကြီးမှာ သူ၏ စိတ်ထဲ၌ ပြန်ပေါ်လာ၏။ သူ၏ ဝမ်ပေါင်လဲ့အပေါ် ထားရှိသော အတွေးအမြင်နှင့် ခံစားချက်များမှာ ရှုပ်ထွေးနေပါသော်လည်း သူသည် ဝမ်ပေါင်လဲ့အား အတိုင်းအတာတစ်ခုအထိ ကြည်ညိုလေးစားမှု ရှိနေသည်ကိုတော့ ဝန်ခံရမည်ဖြစ်သည်။

ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ရှုထောင့်မှနေ၍ မြင်ခဲ့ရသည့် အကြောင်းအရာအားလုံးကို ပြန်လည်တင်ပြလိုက်၏။ ထိုအကြောင်းအရာများထဲတွင် လီယီတစ်ယောက် သူမ၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် မြို့တော်အစီအစဉ်များကို ပြုပြင်ပြောင်းလဲခဲ့ကြောင်း၊ ထိုပြောင်းလဲမှုများကြောင့် သားရဲစီးကြောင်းကြီး ပေါ်ပေါက်လာရကြောင်းနှင့် ပြဿနာအားလုံးကို မည်သို့မည်ဖုံ ဖြေရှင်းခဲ့ကြောင်း အစရှိသည့် အချက်အလက်များ ပါဝင်နေ၏။ သူသည် သူ သိထားသမျှ အရာအားလုံးကို အသေးစိတ်ကျကျ ပြန်ပြောပြလိုက်၏။

ကျင့်သိုမင်ကမူ ခေါင်းယမ်းကာ ရှုံ့မဲ့မဲ့သာ ပြုံးနေတော့သည်။ သူသည် ထိုကိစ္စနှင့် ပတ်သက်၍ စကားတစ်ခွန်းမှ ဝင်မပြောပါသော်လည်း သူ၏ နှုတ်ဆိတ်နေမှုကိုကြည့်လျှင် ဖြစ်ပျက်သွားခဲ့သည့် အကြောင်းအရာများကို အမှန်အတိုင်း သိရှိနိုင်ပြီဖြစ်သည်။ ထို့အပြင် သူတို့၏ဘေး၌ ရပ်နေသော လင်းတျန်ဟောက်မှာလည်း သူ စုစည်းထားခဲ့သည့် သက်သေအထောက်အထားများကို ဘုရင်ခံဆီသို့ ပေးပို့လိုက်၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့ မှတ်တမ်းတင်ထားရန် သူ့အား ညွှန်ကြားခဲ့သည့် သူတို့၏ ပထမဆုံး အစည်းအဝေးပွဲ၌ ပြောဆိုဆွေးနွေးခဲ့ကြသည့် အချက်အလက်များ ပါဝင်နေသော ကျောက်စိမ်းပေလွှာ တစ်ခုကိုလည်း ပေးပို့လိုက်သေးသည်။ ထို့ကြောင့် အချက်အလက်အစုံအလင်မှာ ဘုရင်ခံ၏ရှေ့၌ ရှိနေပြီဖြစ်သည်။

ဘုရင်ခံမှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် လီယီအား လက်ထောက်မြို့တော်ဝန်ရာထူးမှ ချက်ချင်းထုတ်ပယ်ရန် အမိန့်ပေးလိုက်၏။ သူမသည် အင်္ဂါဂြိုဟ်ပေါ်မှ ပြောင်းရွှေ့ရတော့မည်ဖြစ်ပြီး အင်္ဂါဂြိုဟ်ပေါ်၌ တစ်သက်လုံး ရုံးထိုင်ခွင့် ရှိတော့မည်မဟုတ်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset