ထိုအချိန် ဂိုဏ်််််််််််််််းသားအားလုံးက ပြိုင်ပွဲကြမ်းပြင်ကို ဦးတည်ချက်မဲ့သတိလက်လွတ် ငေးကြည့်နေမိကြသည်။ သူတို့စိတ်အစဉ် ချာချာလည်နေသည်။ ဆူနာမီလှိုင်းလုံးများက သူတို့ အသည်းနှလုံးကို တ၀ုန်း၀ုန်း ရိုက်ခတ်နေသည့် အလားဖြစ်နေ၏။
တောင်ဘက်ဂိုဏ်းသားများမှာမူ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ပိုင်ရှောင်ချန်းသည် လောချိန်ဂိုဏ်းသားများလက်မှ အသက်ရှင်အောင် မည်သို့တိုက်ခိုက် လွတ်မြောက်လာခဲ့သလဲဆိုသည့်အချက်ကို ထိုအခိုက်တွင် နားလည်သဘောပေါက်သွားကြသည်။ ဂုဏ်ထူးဆောင်ဂိုဏ်းသားဘွဲ့ကိုလည်း ဘာကြောင့်ရထားသည်ကို ရှင်းလင်းသွားကြလေသည်။
“သူက တကယ့်ကို သန်မာတာပဲ ”
အံ့သြနေသည့် ဂိုဏ်းသားများအားလုံးက တညီတညွတ်တည်းတွေးနေကြသည်။
မြောက်ဘက်ဂိုဏ်းသားများမှာမူ စိတ်ထဲတွင် ရှက်ရွံသွားကြသည်။
ပွဲကြည့်စင်ပေါ်ရှိ နေရာအသီးသီးမှ အကြီးအကဲများ၏ မျက်၀န်းများက ၀င်းလက်တောက်ပနေသည်။ ပြိုင်ပွဲတွင် ပိုင်ရှောင်ချန်း အစွမ်းပြခဲ့သော မြင်ကွင်းများကို စိတ်ထဲတွင် ပြန်မြင်ယောင်ကြည့်နေရာ ငွေရောင်တလက်လက်တောက်ပနေသည့် ရှောင်ချန်း၏ အသွင်အပြင်လည်း မပါမဖြစ် ပါ၀င်လေသည်။
“ဒါက ထာ၀ရအသက်ရှည်နည်းကျင့်စဉ်ပဲ။ သူက ငွေအဆင့်တောင်ရောက်နေပြီ ”
“နောက်ဆုံးတိုက်ကွက်က လည်မျိုဖမ်းဆုပ်ကွက်လေ ”
“ထာ၀ရအသက်ရှည်နည်း ပညာရပ်ကို ကျင့်ကြံအောင်မြင်ထားတာတဲ့။ ဒါက စိတ်ကူးယဉ်ဖို့တောင် မဖြစ်နိုင်တာဘဲ။ အဲ့ဒါက သဘာ၀လွန် ပညာရပ်လေ။ စိတ်မကောင်းစရာက မူရင်းကျမ်းဟာ ပြီးပြည့်စုံပေမယ့် ကျုပ်တို့လက်ထပ်ကျ မပြည့်စုံတော့ဘူး”
ထို့နောက် ဝိညာဥ်စွယ်က တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့မျက်လုံးတွေမှာ တိုက်ခိုက်ရန် စိတ်အားထက်သန်နေသည့်အရိပ်အယောင်များနှင့် ပြည့်နေ၏။
“ပိုင်ရှောင်ချန်း…မင်းက ငါ့ပြိုင်ဘက်အဖြစ် ထိုက်တန်ပါပေတယ်။ အခုပဲ ငါ့ရဲ့ အချုပ်အနှောင်တွေ ဖွင့်ပြီးတိုက်ခိုက်တော့မယ် ”
“ပထမ အချုပ်အနှောင် ပွင့်စမ်း”
ပြောပြီးသည်နှင့် သူ့ညာလက်က လက်ကွက်တစ်ခုကို ဖော်ပြီးသားဖြစ်နေသည်။ ထို့နောက် သူ့လက်ချောင်းများကို နဖူးတွင် ကပ်လိုက်သည်။ တ၀ီ၀ီမြည်နေသော အသံကိုလည်း ကောင်းစွာကြားလာရသည်။ ခန္ဓာကိုယ်မှာလည်း တစ်စုံတစ်ရာ၀င်ပူးနေသကဲ့သို့ သိသိသာသာမြင်ရသည်အထိ တုန်ယင်နေသည်။ ထို့ပြင် ကိုယ်တွင်းမှ အမည်းရောင် အခိုးအငွေ့များ တလွင့်လွင့် ထွက်ပေါ်လာသည်။ ထိုအခိုးငွေ့များသည် ဝိညာဥ်စွယ်ကို လှည့်ပတ်နေကြရာ ခန္ဓာကိုယ်မှာလည်းအနည်းငယ်ပိုမိုထွားကျိုင်းလာသည့်အပြင် အင်မတန် စွမ်းအားကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ ထိုအခိုးအငွေ့များသည် အခြေခိုင်မာခြင်းအဆင့်ဖြစ်ကြောင်း သေချာလှသည်။
“အဆင့်ခြောက် လက်ချောင်း! အဆင့် ခုနစ်! အဆင့်ရှစ်! အဆင့်ကိုး! အဆင့်တစ်ဆယ် ”
သူက မာန်သွင်းကြုံးဝါးလိုက်ပြီးနောက် ပိုင်ရှောင်ချန်းဆီသို့ ငါးကြိမ်တိုင်တိုင်ဆက်တိုက်ပစ်လိုက်သည်။ အကြိမ်တိုင်းတွင် ပိုမို ကြီးမားသော စွမ်းအင်များက ထွက်ပေါ်လာသဖြင့် ကောင်းကင်နှင့်မြေကြီးက တုန်ဟည်းသွားသည်။ ဧရာမ ဝိညာဥ်လက်ဝါးကြီး ငါးခုကလည်း ကြီးမားသော စွမ်းအင်များ ဖြာထွက်လျက် အပေါ်မှ နိမ့်ဆင်းလာသည်။
ပရိတ်သတ်များဆီမှ ပင့်သက်ရှိုက်သံများ ပေါ်ထွက်လာသည်။
“ဒါက ချီစုစည်းမှု မှော်ပညာရပ် မဟုတ်လား။ အခြေခိုင်မာခြင်းအဆင့်တောင် ရောက်နေပြီ ထင်တာပဲ”
“ချီစုစည်းမှုအဆင့်ဂိုဏ်းသားက ဒီလောက်အင်အားကြီးမားတဲ့ မှော်အတတ်ကို ထုတ်သုံးနိုင်တာ ငါပထမဆုံးမြင်ဖူးတာပဲ”
“လျှို့၀ှက်မှော်အတတ်တွေကပဲ ဒါမျိုးကို ဖော်ထုတ်နိုင်တာလေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက လျှို့၀ှက်မှော်အတတ်တွေအားလုံးက ချီစုစည်းမှုအဆင့်ကို ကျော်လွန်နိုင်မှ အသုံးပြုနိုင်တာ ”
ပိုင်ရှောင်ချန်းက မျက်လုံးပြူးသွားသည်။ စောစောကထက် ဝိညာဥ်စွယ်သည် များစွာ ခွန်အားကြီးမားသွားကြောင်း ခံစားမိလိုက်သည်။ လောချိန်မျိုးနွယ်စုက ခေါင်းဆောင်ငယ်နှင့် တိုက်ခိုက်ခဲ့ရတုန်းကထက်ပင် အင်အားကြီးနေသေးသည်။
မှန်သည်။ ယခုတိုက်ပွဲသည် သူသေကိုယ်သေတိုက်ပွဲတစ်ခု မဟုတ်ပေ။ လောချိန်မျိုးနွယ်စုနှင့် တိုက်ခိုက်ခဲ့သည်ကို ပြန်ကြည့်မည်ဆိုလျှင် သူ့ဘ၀သည် သေမင်းနှုတ်ခမ်းမွှေးကို သွားနှုတ်ရသကဲ့သို့ အသက်ကို ရင်းထားရခြင်း ဖြစ်သည်။
ယခုသည် သူ့အသက်အတွက်တိုက်ခိုက်နေခြင်း မဟုတ်သော်လည်း ရှုံးချင်စိတ်တော့ အလျဉ်းမရှိပေ။ အကယ်၍သာ သူသည် ပထမနေရာကို ရယူရန် အခွင့်အရေး မရခဲ့ပါက မရမက ကြိုးစားမည် မဟုတ်သော်လည်း ယခုမူ လက်ထဲတွင်ရှိနေပြီဖြစ်ရာ လိုချင်စိတ်ဝင်နေပြီဖြစ်သည်။
ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် မဟုတ်သော်လည်း လီချင်းဟောက်မျက်၀န်းထဲတွင် သူ့ကို နိုင်အောင်လုပ်ဟု တွန်းအားပေးနေသည့် အရိပ်အယောင်များကို တွေ့လိုက်ရလေသည်။
ထိုမျှနှင့်ပင် အနိုင်ယူဖို့ အကြောင်းအရင်းက ခိုင်မာနေပြီဖြစ်သည်။
ပိုင်ရှောင်ချန်း၏ မျက်၀န်းများက နီရဲနေသည်။ ၀တ်ရုံကို ခါထုတ်လိုက်ပြီး လက်ကွက်တစ်ခုကို ဖော်လိုက်သည်။ စိတ်စွမ်းအားများက ယိုစိမ့်ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ခရမ်းရောင် ဒယ်စောက်အိုးတစ်လုံး ပေါ်လာသည်။ ထို့နောက် ဒုတိယအလုံး၊ တတိယအလုံး… ပဥ္စမအလုံးမြောက်ထိ ဒယ်စောက်အိုးများက ပေါ်လာပြီး ရှောင်ချန်းကို ရစ်၀ဲပျံသန်းနေသည်။
မျက်တောင်တစ်ချက်ခတ်အချိန်အတွင်းမှာပင် ဒယ်စောက်အိုးငါးလုံးပေါ်လာပြီး စွန်ရဲလက်သည်းများကဲ့သို့ ကုတ်ဖဲ့တော့မည့် ဝိညာဥ်လက် ငါးခုဆီသို့ ပစ်ပေါက်လိုက်သည်။ တစ်ဆက်တည်းမှာပင် ရွှေကျီးကန်းဓားကို ဆင့်ခေါ်လိုက်ပြီး ရွှေရောင် ၀င်းခနဲ လက်သွားကာ ဝိညာဥ်စွယ်ထံသို့ တဟုန်ထိုးဝင်ရောက်သွားတော့သည်။
တချိန်တည်းတွင် ပိုင်ရှောင်ချန်းက ဝိညာဥ်လက်များကို ဂရုမစိုက်ဘဲ ဝိညာဥ်စွယ်ဆီသို့ တိုးလာသည်။
ဒယ်စောက်အိုး ငါးလုံးနှင့် ဝိညာဥ်လက်ငါးချောင်းတို့ တိုက်မိသွားသောအခါ ၀ုန်းခနဲ အသံတစ်ခု ပေါ်ထွက်လာသည်။ ဒယ်စောက်အိုးများ အစိပ်စိပ် အမြွှာမြွှာ ကွဲထွက်ကုန်သည်။ ဝိညာဥ်လက်များမှာမူ အနည်းငယ် မှေးမှိန်သွားသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းဆီသို့ အရှိန်အဟုန်ပြင်းစွာ ဆက်၀င်လာနေဆဲ ဖြစ်သည်။ တ၀ုန်း၀ုန်းအသံများ မြည်ဟည်းလာကာ နတ်ကြိုးကြာဒိုင်းကာပေါ်ထွက်လာသည်။ အင်မတန်ကြီးမားလှသော ကြိုးကြာငှက်ကြီးတစ်ကောင်က ရှောင်ချန်းရှေ့မှ ကာကွယ်ပေးနေသည်။
ထိုအရာများ တစ်ခုနှင့်တစ်ခု ထိပ်တိုက်ရင်ဆိုင်မိသောအခါ အက်ကွဲသံများ ပေါ်ထွက်လာပြီး ဝိညာဥ်လက်များက ပိုမို မှေးမှိန်သွားသည်။ ကြိုးကြာငှက်ကလည်း စူးခနဲအော်လိုက်ပြီးနောက် ပျောက်ကွယ်သွားပြီး နောက်ထပ် မည်သည့် ခုခံကာကွယ်မှုမျိုးမှ မပေးနိုင်တော့ချေ။
ဝိညာဥ်လက်ငါးချောင်းသည် ပိုင်ရှောင်ချန်းဆီသို့ အတားအဆီးမရှိ၀င်ရောက်လာသည်။ သို့သော်လည်း သူ့ကို မထိနိုင်ခင်တွင် အနက်ရောင် အလင်းတန်းများ ပြန့်ထွက်လာပြီး ကာကွယ်ပေးထားပြန်သည်။ ထိုအရာများသည် လီချင်းဟောက်ပေးထားသော အသက်ကယ်မှော်လက်ပတ်ကြောင့်ဖြစ်သည်။
ထိုဝိညာဥ်လက်သည်းများနှင့် အနက်ရောင်အကာအကွယ်တို့ တိုက်မိသောအခါ ဝိညာဥ်လက်များသည် ဆက်လက်ကြံ့ကြံ့ခံမနေနိုင်တော့ဘဲ နားကွဲလုမတတ် အသံများထွက်ပေါ်လာသည်။ အဘယ့်ကြောင့်ဆိုသော် ဝိညာဥ်လက်များအားလုံး ပျက်စီးသွားပြီဖြစ်၍ပင်။ ပိုင်ရှောင်ချန်း၏ပါးစပ်မှသွေးများ အန်ထွက်လာသည်။ သို့သော်လည်း ထိုအရာမှလွဲ၍ အတွင်းဒဏ်ရာများ မရသေးပေ။ အနက်ရောင် အလင်းတန်းများလည်း ကွယ်ပျောက်သွားပြီဖြစ်သည်။ ပိုင်ရှောင်ချန်းသည် ဝိညာဥ်စွယ်ဆီသို့ သူပစ်လိုက်သည့် ရွှေကျီးကန်းဓား၏ အခြေအနေကို လှမ်းစစ်ဆေးလိုက်သည်။ ရွှေကျီးကန်းဓားသည် ပိုင်ရှောင်ချန်းဆီမှ ဆယ့်ငါးမီတာ အကွာအဝေးသာ ရောက်သေးပြီး ဝိညာဥ်စွယ် ဆီသို့ရောက်ရန် သုံးမီတာမျှသာလိုတော့သည်။
ဝိညာဥ်စွယ် မျက်နှာပျက်သွားပြီး အစိမ်းရောင် သစ်သားတံခွန်ကို ဆုပ်ကိုင်ကာ နောက်သို့ဆုတ်သွားသည်။ ရွှေကျီးကန်းဓားသည် သူ့ပုခုံးကို ထုတ်ချင်းဖောက် ဖောက်ထွက်သွားခဲ့၏။ သွေးများပန်းထွက်လာသော်လည်း ဝိညာဥ်စွယ်က နာကျင်မှုကို လျစ်လျူရှုလိုက်သည်။ ဆံပင်များဖရိုဖရဲဖြစ်ပြီး မျက်လုံးများနီရဲနေပြီဖြစ်သည်။ သူက တံခွန်ကို ဝှေ့ရမ်းလိုက်ပြီး
“အဆင့်နှစ် အချုပ်အနှောင် ပွင့်စေ… ဝိညာဥ်ဆယ်ကောင်…..ခေါ်သံ ”
ဝိညာဥ်လက်နှစ်ချောင်းက အစိမ်းရောင်သစ်သားတံခွန်ကို ဖြဲကာ ထွက်လာပြီး ကြောက်မက်ဖွယ်ရာ ဆူဆူညံညံအူသံများလည်း ထွက်လာသည်။ ခေါင်းထိပ်တွင် အချွန်ကြီးထွက်နေသည့် ကြောက်စရာကောင်းသော အစိမ်းရောင်သရဲတစ်ကောင်ထွက်လာပြီး ကြမ်းကြုတ်ရက်စက်မှုများက ပုံသဏ္ဍာန်အတိုင်း စက်ဆုပ်ဖွယ်ပင်။
ကောင်းကင်တစ်ခုလုံးမှာ မကောင်းသော အဖြစ်အပျက်တွေ ရောက်လာတော့မည့် အလား ညဥ့်နက်သန်းခေါင်ယံကဲ့သို့ မှောင်အတိကျသွားသည်။
နောက်ထပ်ကြောက်စရာကောင်းသော သရဲများကလည်း တံခွန်ထဲမှ ထွက်လာကြသည်။ စုစုပေါင်းဆယ်ကောင်ဖြစ်သည်။ တစ်ကောင်ချင်းစီသည် ချီစုစည်းမှုအဆင့်၏အထွတ်အထိပ်သို့ ရောက်နေသည်။ သူတို့က တာ၀န်အရ ပိုင်ရှောင်ချန်းကို စတင် အမဲလိုက်တော့မည်။
ပိုင်ရှောင်ချန်းသည် မျက်နှာအပျက်ပျက်နှင့် နှလုံးခုန်သံများပင် စည်းချက်မမှန်တော့ပေ။ သူ့တွင် ယခုထက်ပိုမိုကောင်းမွန်သော အင်အားရှိမည်ဆိုလျှင်ပင် သရဲဆယ်ကောင်လုံးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ သူတို့က အတိုက်အခိုက်စွမ်းအင်မှာ ထူးချွန်ပြောင်မြောက်လှသည့် အပြင် ချီစုစည်းမှုအဆင့်၏အထွတ်အထိပ်သို့လည်း ရောက်နေပြီ မဟုတ်ပါလော။
ဝိညာဥ်စွယ်သည် အနည်းငယ် စိတ်သက်ရာရသွားသည်။ သူသည် ဒုတိယအဆင့်အချုပ်အနှောင်ကို အကြာကြီးဖွင့်ထားနိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူ၏မျှော်လင့်ချက်များအားလုံးက ထိုသရဲဆယ်ကောင်ပေါ်တွင်သာ မူတည်လျက်ရှိသည်။
သရဲများနောက်မှ ပိုင်ရှောင်ချန်းကို သွေးအေးစွာကြည့်လျက်ရှိသည်။
ထိုတိုက်ပွဲသည် ကျားနှင့် နဂါးတိုက်ပွဲကဲ့သို့ ပြင်းထန်လှလေရာ ပရိတ်သတ်များထံမှ အာမေဋိတ်သံများက မကြာခဏလျှံကျလာသည်။ ခုတော့ ဝိညာဥ်စွယ်သည် မည်မျှအင်အားကြီးကြောင်း မျက်မြင်ကိုယ်တွေ့တွေ့ရပြီဖြစ်သည်။ မြောက်ဘက်ဂိုဏ်းသားများ အင်မတန် စိတ်အားတက်ကြွနေသည်။ တောင်ပိုင်းသားများမှာမူ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြပြီ ဖြစ်သည်။
သရဲဆယ်ကောင်က ပိုင်ရှောင်ချန်းကို ၀ိုင်းပိတ်တော့မည်ဖြစ်၍ လုံး၀ဆုတ်နေရသည့် အခြေအနေသို့ရောက်သွားသည်။ သူတို့၏ ကျင့်ကြံမှုအခြေခံမှာ လက်ဖျားခါရလောက်အောင် ခိုင်မာလှသည်ဖြစ်ရာ ရွှေကျီးကန်းဓားနှင့်ပင် ခုခံခြင်းငှာ မစွမ်းသာတော့ပေ။
“ ဝိညာဥ်ဆယ်ကောင် …ခေါ်သံ ဟုတ်လား…”
ချက်ချင်းပင် ကောင်းကင်ကို မော့ကြည့်လိုက်ရာ အနက်ရောင်တိမ်တိုက်များဖုံးလွှမ်းထားသဖြင့် ညသန်းခေါင်ကဲ့သို့ ဖြစ်နေသည်။ ပိုင်ရှောင်ချန်း၏ မျက်၀န်းများ တဖိတ်ဖိတ်တောက်ပသွားပြီး ညာဘက်လက်နှင့် လက်ကွက်တစ်ခုကို ဖော်လိုက်ရာ ရွှေကျီးကန်းဓားသည် တိမ်တွေဆီသို့ဖောက်ထွက်သွားသည်။ ကြည့်ရသည်မှာ ပိုင်ရှောင်ချန်းသည် တိမ်တွေကို ဖွင့်ပစ်လိုက်ပြီး ပြိုင်ပွဲဧရိယာ အတွင်း ညဥ့်သန်းခေါင်ယံ မဖြစ်အောင်ဖန်တီးနေခြင်းဖြစ်ရမည်။
လျင်မြန်စွာတုံ့ပြန်လိုက်သော ပိုင်ရှောင်ချန်း၏ စွမ်းဆောင်ချက်က ဝိညာဥ်စွယ်ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။ ထိုနတ်ဘုရားစွမ်းအင်ကို အသုံးချရန်အကောင်းဆုံး အချိန်မှာ အမြင်အာရုံမလွှမ်းမိုးနိုင်သော ညအခါဖြစ်သည်။ အကယ်၍များသာ သူသည် အဆင့်တစ်ရာအစွမ်းရှိသော သရဲကို မဆင့်ခေါ်နိုင်ခဲ့ပါက နေ့အချိန်တွင် ထိုပညာရပ်ကို အသုံးချ၍ မရချေ။
“ဒီကောင်းကင် အကာအကွယ်က နယ်နယ်ရရမှ မဟုတ်တာ”
ဝိညာဥ်စွယ်က အေးစက်စက်ပြုံးရင်း တွေးနေသည်။
“စိတ်စွမ်းအင် အဆင့်မြှင့်တင်ထားတဲ့ ရတနာပစ္စည်းနဲ့မှသာ ထိုးဖောက်လို့ရတာလေ။ ပိုင်ရှောင်ချန်းက အားနည်းချက်ကို သိတယ်ထားပါဦး။ ထိုးဖောက်နိုင်လောက်တဲ့ အားမျိုးသူ့ဆီ ရှိမှာတဲ့လား”
ရွှေကျီးကန်းဓားသည် တိမ်များထဲသို့ ထိုးဖောက်၀င်ရောက်သွားသောအခါ ပေါက်ကွဲသံကြီးက ပဲ့တင်သံထပ်ကာ ထွက်ပေါ်လာသည်။ တိမ်များသည် အမြင်အားဖြင့်ကြည့်ရလျှင် အားနည်းသည်ဟု ထင်ရသည်။ သို့သော်လည်း ထူးဆန်းစွာပင် ရွှေကျီးကန်းဓားကို စုပ်ယူသွားလေသည်။ နောက်တစ်ကြိမ် ထပ်မံ အသုံးပြုရန်ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။
ပိုင်ရှောင်ချန်း နောက်သို့ပစ်လဲကျသွားသည်။ တုန်လှုပ်ခြောက်ချားစွာဖြင့် စိတ်စွမ်းအင်အဆင့် တိုးမြှင့်ထားသော ဓားနှစ်ချောင်းကို ဆွဲထုတ်ကာ ပစ်လွှတ်လိုက်သည်။ ပစ်လိုက်ပြီးသည့်နောက်တွင် ၎င်းဓားများကိုလည်း တိမ်များက စုပ်ယူသွားပြန်သည်။ သို့သော်လည်း ထိုသို့ဖြစ်ပြီးနောက်တွင် တိမ်များက အားပျော့သွားလေသည်။
ဝိညာဥ်စွယ် ပါးစပ်အဟောင်းသားဖြစ်နေသည်။
“စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားတဲ့ ရတနာ”
ထို့နောက်တွင်မူ ဝိညာဥ်စွယ်က မည်သို့မျှ တုံ့ပြန်မှုမပေးနိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက နောက်ထပ်ဓားရှစ်ချောင်းကိုဆွဲထုတ်လိုက်သည်။ ထိုဓားများအားလုံးက ငွေရောင်တလက်လက်တောက်ကာ ကောင်းကင်ထဲသို့ ဝင်သွားကြသည်။ ဓားတစ်ချောင်းချင်းစီသည် စိတ်စွမ်းအင် အဆင့်နှစ်ဆင့်တိုးမြှင့်ထားသော ရတနာများဖြစ်လေရာ ၎င်းတို့အားလုံးက တိမ်ကို ဖောက်ထွက်သွားကြသည်။ တိမ်မည်းများသည် အင်မတန် အားပျော့သွားပြီဖြစ်ရာ နေရောင်ခြည်များက ပြန်လည်ဖြာကျလာသည်။ သို့ဖြစ်ရာ သရဲဆယ်ကောင် ပျောက်ကွယ်ရှောင်ရှားသွားတော့သည်။
ဝိညာဥ်စွယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အင်မတန်စိတ်ဓာတ်ခိုင်မာသူပင် ဖြစ်လင့်ကစား အံ့သြတကြီး မအော်ဖို့ရာ မထိန်းချုပ်လိုက်နိုင်ပေ။
“အ…အ…များကြီး!!! သေစမ်း…သူ့မှာဘယ်လိုလို့ အဲ့လောက်အများကြီးရှိနေတာလဲ…သူက ဘယ်လိုလို့ ”
ဝိညာဥ်စွယ်တစ်ယောက်တည်း အံ့သြနေခြင်းမဟုတ်ပေ။ တောင် နှင့် မြောက် နှစ်ဘက်လုံးက ဂိုဏ်းသားများကလည်း မယုံကြည်နိုင်ဖြစ်နေကြသဖြင့် စတင်အော်ဟစ်လေသည်။
“ဘုရားရေ…ပိုင်ရှောင်ချန်းမှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားတဲ့ရတနာတွေ ဘယ်နှစ်ခုတောင်ရှိနေတာလဲ?!”
“ဂိုဏ်းသားအများစုက တစ်ခုပိုင်ဆိုင်ဖို့တောင် ခက်ခဲနေတာ….ဒါပေမယ့် သူ့မှာအများကြီးရှိနေတယ်… သူ့အတွက် ဘယ်သူ စိတ်စွမ်းအင်တိုးမြှင့်ပေးနေတာလဲ ”
လူများသည် အင်မတန် အံ့သြတကြီးဖြင့် အော်ဟစ်နေကြသည်။ ဖက်တီးကျန်းမှာလည်း လူအုပ်ထဲတွင် ရှိနေလေသည်။ သူက နောက်ဘက်ကျကျ နေရာတစ်နေရာတွင်ရှိနေသော်လည်း ပိုင်ရှောင်ချန်းကို အားပေးနေလေသည်။ သို့သော်လည်း ဘယ်သူကမှ ဖက်တီးကျန်းကိုစိတ်မဝင်စားပေ။
ပိုင်ရှောင်ချန်းက ဓားပျံများအားလုံးကို အသုံးပြုလိုက်သည်ကို မြင်သောအခါ ဂုဏ်ယူဝင့်ကြွားစွာမေးကိုမော့ရင်း ပြောလိုက်သည်။
“အဲ့တာတွေအားလုံးကို အဆင့်မြှင့်ပေးတာကတော့ ကျုပ်လေ ကျုပ်…ဖက်တီးကျန်းကြီးပေါ့”
ဝိညာဥ်စွယ်သည် ပိုင်ရှောင်ချန်းတွင် နောက်ထပ် စိတ်စွမ်းအင်တိုးမြှင့်ထားသည့်ရတနာတွေမရှိတော့ဘူးဟု ယုံကြည်လက်ခံမိအောင်ကြိုးစားနေရသည်။ ပိုင်ရှောင်ချန်းသည် သူ့ဓားတွေက တကယ်ပဲ တိမ်တွေအပေါ် အလုပ်လုပ်သွားသဖြင့် ဝမ်းသာကြည်နူးနေသည်။ ခွက်ထိုးခွက်လန်ရယ်မောလိုက်ရင်း နောက်ထပ်ဓားပျံနှစ်ချောင်းကိုထုတ်လိုက်သည်။ ထိုဓားများကို ကောင်းကင်ပေါ်သို့ ပစ်လိုက်သဖြင့် ငွေရောင်ဖျတ်ခနဲလက်သွားသည်။
” မဖြစ်နိုင်တာ ”
ဝိညာဥ်စွယ်က အလန့်တကြား အော်ဟစ်လိုက်သည်။
တဝုန်းဝုန်းမြည်ပြီးနောက် ကောင်းကင်သည် စိတ်စွမ်းအင်မြှင့်တင်ထားသော ဓားများနှင့် ပစ်ပေါက်ခြင်းဒဏ်ကို ဆက်လက်မခံနိုင်တော့ပေ။ နေရောင်ခြည်က ကွက်တိကွက်ကြားဖြာကျနေခြင်းမျိုးမဟုတ်ဘဲ လုံးဝပြန်လင်းသွားပြီဖြစ်ရာ သရဲဆယ်ကောင်သည် စူးစူးရှရှအော်ဟစ်ပြီး တံခွန်ထဲသို့ ပြန်ဝင်သွားလေသည်။
ပိုင်ရှောင်ချန်းသည် တဟားဟား ရယ်မောလိုက်ပြီး ဝိညာဥ်စွယ်၏အနားသို့တိုးကပ်ကာ လည်မျိုဖမ်းဆုပ်ကွက်ကိုသုံးရန်ပြင်လိုက်သည်။
ဝိညာဥ်စွယ်၏ မျက်နှာတွင် အင်မတန် ပြင်းထန်ကာ ကြောက်ရွံ့နေသည့် အသွင်အပြင်ပေါ်လာပြီး ပြန်လည်တိုက်ခိုက်ရန်ပြင်လိုက်စဥ်တွင် သွေးများက ပါးစပ်ထဲမှ ပန်းထွက်လာသည်။ ဒုတိယအချုပ်အနှောင်ကို ဖြည်လွှတ်ပေးလိုက်ခြင်း၏ အကျိုးဆက်ဒဏ်များကို ခံစားနေရပြီဖြစ်သည်။
တင်းမာသော မျက်နှာအမူအရာနှင့် နောက်ဘက်သို့ တတ်နိုင်သလောက် လျင်မြန်စွာဆုတ်လိုက်သည်။
“အရှုံးပေးတယ်”
အံကိုကြိတ်ပြီးသူ ပြောလိုက်သည်။ ယခုချိန်တွင် ပိုင်ရှောင်ချန်းကို ယှဥ်တိုက်ရန်မဖြစ်နိုင်သည်ကို သူ့ကိုယ်သူသိလေသည်။ အမှန်တကယ်ပင်ရှုံးနိမ့်သွားပြီးနောက်မှာပင် ဝိညာဥ်စွယ်က အရှုံးကို ဝန်ခံရန် ငြင်းဆန်နေမိသည်။ အကယ်၍ ပိုင်ရှောင်ချန်းဆီတွင်သာ စိတ်စွမ်းအင်အဆင့်တိုးမြှင့်ထားသောရတနာများစွာမရှိပါက ဝိညာဥ်ခေါ်သံပညာရပ်နှင့် ရှုံးနိမ့်ဖွယ်အကြောင်းမရှိပေ။
ထိုမျှမက ညအချိန်တွင် တိုက်ခိုက်မည်ဆိုပါကလည်း အဆင်ပြေပြေပင် အနိုင်ရဦးမည်။
ဝိညာဥ်စွယ်အရှုံးပေးလိုက်ချိန်တွင် ကြောင်ငေးကြည့်နေသော တောင်ဘက်ဂိုဏ်းသားများသည် ချက်ချင်းပင် ချီးကျူးသြဘာပေးလိုက်ကြသည်။
“ငါတို့ နိုင်ပြီ။ တောင်ဘက်နိုင်ပြီ ”
“ဟဟ…ငါတို့က ပထမကွ။ ငါတို့ဘက်ကနှစ်ယောက်တောင် ထိပ်ဆုံးသုံးယောက်ဝင်တယ်!!!”
“လက်တုံ့ပြန်နိုင်ခဲ့ပြီကွ။ ဂိုဏ်းတူဦးလေးပိုင်က အံ့မခန်းပါဘဲ”
တောင်ဘက်သားများ၏ ဝိုင်းဝန်းချီးကျူးသံများသည် မုန်တိုင်းတစ်ခုအလားဖြစ်နေသည်။ ထိုအရာများကို မြောက်ဘက်ဂိုဏ်းသားများက ခါးသက်စွာကြည့်နေကြသည်။ အဓိက ရှုံးသွားရခြင်း၏ အချက်မှာ ဝိညာဥ်စွယ်က အစွမ်းနိမ့်၍မဟုတ်ဘဲ ပိုင်ရှောင်ချန်းတွင် အဖိုးတန်ရတနာများစွာရှိနေသောကြောင့်ပင်။
“ဘယ်လိုလုပ် မင်းမှာ အဲ့လောက်များတဲ့ရတနာတွေရှိနေရတာလဲ။ ”
ဤနည်းဖြင့် ဘာကြောင့်ရှုံးရသည်ဆိုသောအချက်ကို သိချင်စိတ်ပြင်းပြစွာ ဝိညာဥ်စွယ် မေးလိုက်သည်။
“ငါ့အကိုကြီး ဖက်တီးကျန်းကြီးက စိတ်စွမ်းအင်အဆင့်မြှင့်တင်တဲ့နေရာမှာ ပါရမီရှင်လေကွာ ”
ပိုင်ရှောင်ချန်းက ဂုဏ်ယူဝင့်ကြွားစွာပြောသည်။
“နှစ်တစ်ထောင်မှာ တစ်ယောက်…မဟုတ်သေးဘူး…နှစ်တစ်သောင်းမှာတစ်ယောက်။ ငါသုံးခဲ့သမျှ ရတနာတွေအားလုံးက သူလက်ဆောင်ပေးထားတာပဲလေ။ တကယ်လို့ မင်းသာ အပြစ်တင်ချင်တယ်ဆိုရင် ငါ့အစ်ကိုကြီးက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ပါရမီရှင်ဖြစ်နေတာကိုပဲ အပြစ်တင် ရလိမ့်မယ်”
တောင်ဘက်ဂိုဏ်းသားများက အော်ဟစ်နေကြသည်။ အထူးသဖြင့် ခရမ်းဒယ်အိုးတောင်မှ ဂိုဏ်းသားများသည် ဆူညံပွက်လောရိုက်ကာ အဆိုးဆုံးဖြစ်သည်။
“ဖက်တီးကျန်း….နတ်ဘုရားလို ပါရမီရှင်က ဘယ်သူလဲ ”
“ဖက်တီးကျန်း… သူက ခရမ်းဒယ်အိုးတောင်ကမလား ”
“သူက ဂိုဏ်းချုပ်ရဲ့ တပည့်မလား။ ဘုရားရေ…သူက တကယ့်ကို သိုသိုသိပ်သိပ်နေတဲ့သူပဲ။ သူက ဒီလောက်တော်တဲ့သူလို့ ဘယ်သူက ထင်မိမှာတုန်း”
ဖက်တီးကျန်းက စိတ်လှုပ်ရှားစွာ ခေါင်းကိုမော့လိုက်ရင်း အဆုပ်နှင့်အပြည့် လေကိုရှူသွင်းကာ
” ဖက်တီးကျန်းဆိုတာ ကျုပ်ပဲ။ ကျုပ်က ပိုင်ရှောင်ချန်းသုံးခဲ့သမျှ ဓားရတနာတွေကို အဆင့်မြှင့်ပေးခဲ့တာပဲ။ ”
ဖက်တီးကျန်းကြီး၏ အသံသည် စိတ်လှုပ်ရှားမှုများစွက်၍ ကျယ်လောက်စွာပေါ်ထွက်လာရာ လူတိုင်းကြားရလေသည်။ ပွဲကြည့်စင်ပေါ်မှ ဂိုဏ်းခေါင်းဆောင်များပင် သိချင်စိတ်ပြင်းပြစွာ ရှာဖွေကြည့်နေကြသည်။
နောက်ထပ်အုန်းအုန်းကျက်ကျက် အသံတစ်သံက ပရိတ်သတ်ကို ဖမ်းစားလိုက်ပြန်သည်။ ပိုင်ရှောင်ချန်းမှာမူ မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်လုပ်နေသည်။ နောက်ဆုံးတွင်မူ ပိုင်ရှောင်ချန်းသည် မေးကိုမော့ကာ ဝတ်ရုံကိုနောက်သို့ ခါထုတ်ပစ်လိုက်ပြီး အတုမရှိသော သူရဲကောင်းကြီးအလား တဖြည်းဖြည်းလှည့်ကာ ပြိုင်ပွဲဧရိယာကွင်းထဲမှ ထွက်ခွာလာခဲ့သည်။
” အယား…ဘဝကြီးကလည်း အထီးကျန်စရာကောင်းလိုက်တာ။ လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ လက်ရွေးစင်တွေအားလုံး ပြာကျသွားတော့တာပဲ ”