တောင်ဘက်ခြမ်းက လူများမှာ အံ့အားသင့်နေကြတော့သည်။ ပိုင်ရှောင်ချန်းနှင့် ရင်းနှီးပါသည်ဟု မိမိကိုယ်ကိုယ် ထင်ထားသူများပင်လျှင် သူတို့ရှေ့တွင်ရပ်နေသောသူကို မည်သူမှန်းမသိ ဖြစ်နေတော့သည်။
သူသည်ကား သူစိမ်းတစ်ယောက်လိုပင်။ သူတို့သိသော ပိုင်ရှောင်ချန်းဆိုသူသည်ကား သူ့ကို ဂိုဏ်းတူဦးလေးပိုင်ဟု မခေါ်ခေါ်အောင် လိုက်စတတ်သောသူသာ ဖြစ်သည်။ သူသည် လူတိုင်းက သူ့ကို ထုနှက်ချင်ရလောက်အောင် စိတ်အနှောင့်အယှက်ပေးတတ်သော လူတစ်ယောက်ဖြစ်သည်။ ယခုသူတို့ရှေ့က လူကမူ ထိုအရာများနှင့် တခြားစီပင်ဖြစ်နေတော့သည်။
မြောက်ဘက်ခြမ်းမှ ပရိသတ်များ၏ အသက်ရှူသံများမှာလည်း မြန်လာတော့သည်။ ထိုဂိုဏ်းသားများက အသက်မပါသောမျက်လုံးများဖြင့် ငေးကြည့်ကာ ကယောင်ချောက်ချားဖြစ်နေတော့သည်။ သူတို့က ပိုင်ရှောင်ချန်းကို သေချာမသိသေးသော်လည်း သူ၏အပြုအမူများအရ အရှက်မရှိသော လူတစ်ယောက်အဖြစ်သာ မြင်ထားကြလေသည်။ ယခုတွင်မူ သူတို့မြင်နေရသောသူမှာ သူတို့အတွေးထဲကနှင့် လုံးဝ ပြောင်းပြန်ဖြစ်နေသဖြင့် အကြီးအကျယ် တုန်လှုပ်နေကြတော့သည်။
ပွဲကြည့်စဥ်ပေါ်တွင်မူ ကျိန်းယွမ်သုန်၏မျက်လုံးများက တမူထူးခြားစွာ တောက်ပနေတော့သည်။ အခြားဂိုဏ်းချုပ်များ၏ မျက်နှာအမူအရာများမှာ တည်ကြည်နေကြပြီး လီချင်းဟောက်မူ အနည်းငယ်ပြုံးနေတော့သည်။ သူ၏နှလုံးသားထဲတွင် နွေးထွေးသောခံစားချက်တစ်ခုနှင့်အတူ ဂုဏ်ယူဝမ်းမြောက်မှုများက နေရာယူထားတော့သည်။ အခြားအကြီးအကဲများကလည်း တည်ကြည်သောအကြည့်များဖြင့် ကြည့်နေကြတော့သည်။
ရှန်ကွမ်းထျန်ယုံမှာ လေပေါ်သို့အနည်းငယ် မြောက်တက်သွားပြီး သွေးများအန်နေတော့သည်။ သူ၏ မျက်လုံးများက အသက်မဲ့နေတော့သည်။ အခြားသူတစ်ယောက်ကိုမဟုတ်ပဲ သူလုံးဝအထင်သေးခဲ့သော ပိုင်ရှောင်ချန်းအား သူရှုံးနိမ့်နေသည်ကို မယုံမကြည်နိုင်ဖြစ်နေတော့သည်။ သူသည် ထိခိုက်ဒဏ်ရာရနေပါသော်လည်း သူခံစားနေရသော အရှက်ရမှုကြီးက ဒဏ်ရာများ၏နာကျင်မှုများထက် ပိုနေတော့သည်။ ကွင်းအပြင်ဘက်သို့လွင့်စင်သွားခါနီးတွင် သူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။
” ဒီပွဲက မပြီးသေးဘူး ပိုင်ရှောင်ချန်း။” သူက ထိုသို့အော်ရင်း သူ့လျှာကိုကိုက်လိုက်ကာ သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။ သူ၏ဆံပင်များမှာ ချက်ချင်းပင် ခြောက်ကပ်သွားပြီး တစ်ချိန်ထဲမှာပင် သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်သည်။ အနည်းငယ်ကြာသောအခါ သူသည်တုန်ရီလာပြီး သွေးနီရောင် အလင်းတန်းတစ်ခုက သူ၏ခေါင်းထိပ်မှ ထွက်လာတော့သည်။
ထိုအလင်းတန်းက သူ့အပေါ်တွင်စုဝေးသွားပြီး သွေးဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။
ပရိတ်သတ်ထဲက ဂိုဏ်းသားအများစုက မူ သူတို့မြင်နေရသည်မှာ မည်သည့်အရာမှန်း ကောင်းကောင်းသိလေသည်။
” လျှို့ဝှက်မှော်ပညာရပ် ဆယ်ခုထဲမှ တစ်ခုဖြစ်သော ပုံရိပ်စစ်ဓား” ပင်ဖြစ်လေသည်။
” ငရဲမိစ္ဆာ ဝင်္ကပါ”
ရှန်ကွမ်းထျန်ယုံက မန္တန်လက်ကွက်နောက်တစ်ခု ထပ်ဖော်လိုက်ပြီး သူ၏လက်ချောင်းကို ပိုင်ရှောင်ချန်းဆီသို့ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သွေးဓားကြီးက မရေမတွက်နိုင်သော သွေးမျှင်များအဖြစ်ပြောင်းလဲသွားပြီး ဝဲတစ်ခုကဲ့သို့ လည်ပတ်ကာ ဓားပိုက်ကွန်ကြီး တစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ထိုဓားပိုက်ကွန်ကြီးက ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းသွားလေရာ စူးရှလှသော ရွှီခနဲမြည်သံတစ်သံပင် ထွက်လာတော့သည်။
ပိုင်ရှောင်ချန်းကမူ သူ၏ညာလက်ကို ဆန့်ထုတ်ကာ လက်ညိုးတစ်ချောင်းဖြင့်သာ ထိုးလိုက်တော့သည်။
သူ၏ရှေ့တွင်ရှိသော လေထုမှာ တွန့်လိမ်သွားပြီး ကြီးမားသော ဒယ်စောက်အိုးကြီးတစ်လုံးပေါ်လာတော့သည်။ ထိုဒယ်စောက်အိုးမှာ ပုံရိပ်ယောင်တစ်ခုသာဖြစ်သော်လည်း ဒြပ်ထုတစ်ခုပုံစံရှိရန် နီးစပ်နေပြီဖြစ်သည်။ ၎င်း၏မျက်နှာပြင်ပေါ်ရှိ ရှုပ်ထွေးလှသော အင်းကွက်များကို ရှင်းရှင်းလင်းလင်းမြင်နိုင်သဖြင့် အင်မတန်ပင် အသက်ပါလှပေသည်။
” ခရမ်းရောင်ချီ ဒယ်စောက်အိုးဆင့်ခေါ်နည်းလား။ ဘုရားရေ။”
” ဒယ်စောက်အိုးကြီးက တော်တော် အသက်ပါတာပဲဟ။ ပုံမှန်အဆင့် ခရမ်းရောင်ချီ ဒယ်စောက်အိုးဆင့်ခေါ်နည်းမဟုတ်လောက်ဘူး။ ဒုတိယအဆင့် ရောက်နေပြီပဲ။” တောင်ဘက်ခြမ်းပရိတ်သတ်များဆီမှ အံ့အားသင့်ဖွယ် အော်ဟစ်သံများထွက်လာတော့သည်။ ခရမ်းဒယ်အိုးတောင်မှ ဂိုဏ်းသားများက ပို၍ပင် အံ့သြနေကြတော့သည်။
ခရမ်းရောင်ချီဒယ်စောက်အိုးကြီးနှင့် သွေးရောင်ဓားဝင်္ကပါကြီးတို့ဝင်တိုက်မိသွားပြီး မြည်ဟည်းသံကြီးတစ်ခုပေါ်ထွက်လာချိန်တွင် မြောက်ဘက်ခြမ်းမှ ပရိတ်သတ်များပင် ပင့်သက်ရှိုက်နေကြတော့သည်။ ရှန်ကွမ်းထျန်ယုံမှာ သနားစဖွယ်အော်ဟစ်ကာ နောက်သို့လွင့်စင်သွားပြီး ပါးစပ်ထဲမှ သွေးများပန်းထွက်လာတော့သည်။
ပိုင်ရှောင်ချန်းကမူ ဒယ်စောက်အိုးကြီးပျောက်ကွယ်သွားသည်ကို ကွင်းထဲတွင်ရပ်ကာ အမူအရာမပျက် ကြည့်နေတော့သည်။
တချိန်ထဲမှာပင် ဝိညာဥ်စွယ်၏ မျက်လုံးများမှာ ချက်ချင်းအရောင်တောက်သွားပြီး မပြောမဆိုနှင့် ကွင်းထဲသို့ပျံဝဲကာဝင်လာပြီး ပိုင်ရှောင်ချန်းနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေတော့သည်။
” ရှန်ကွမ်းထျန်ယုံက ဆက်တိုက်ဖို့ အင်အားရှိမှာမဟုတ်တော့ဘူး။ ကြာပါတယ်ကွာ။ အခုချက်ချင်း မင်းရယ်ငါရယ် ချပြီး ဇယားတွေရှင်းလိုက်ရအောင်။”
ထိုသို့ပြောလိုက်သောအခါ သူ၏ဘေးတွင် အနက်ရောင်မြူခိုးများက ပေါ်ထွက်လာပြီး ဝဲဂယက်ပုံစံလည်ပတ်ကာ အသံမထွက်နိုင်သော ရက်စက်ကြမ်းကြုတ်ဖွယ် ဝိညာဥ်များအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုဝိညာဥ်များ၏ ရုပ်ရည်သွင်ပြင်များမှာ ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ အချို့၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေကြပြီး အချို့၏ဆံပင်များမှာ စိမ်းနေကြသည်။ အချို့ကမူ ပုပ်ပွနေသော ရုပ်အလောင်းများကဲ့သို့ ဖြစ်နေတော့သည်။ ကိုယ့်ခေါင်းကို လက်တွင်ပိုက်ထားသော ဝိညာဥ်များပင်ရှိလေသည်။ သူတို့ကိုမြင်ရသည်မှာ ကြောက်မက်ဖွယ်အတိပင်။
ကွင်း၏ကြမ်းပြင်တစ်ခုလုံးမှာပဲ သေခြင်းတရား အငွေ့အသက်များဖြင့် ပြည့်နှက်သွားသဖြင့် နှစ်ဘက်လုံး၏ဂိုဏ်းသားများရင်ထဲတွင် အအေးဓာတ်များက ကြီးစိုးလာသယောင်ပင် ဖြစ်နေတော့သည်။
ထိုအခါ နှစ်ဘက်လုံးရှိလူအုပ်ထဲမှ တည်ကြည်သောအမူအရာများဖြင့် လူများစွာပျံထွက်လာကြသည်။ သူတို့သည် အပြင်စည်းဂိုဏ်းသားများမဟုတ်ပဲ လက်ရွေးစင်တိုက်ပွဲများ၏ နောက်ဆုံးပွဲစဥ်ကို စိတ်ဝင်စားနေကြသော အတွင်းစည်းဂိုဏ်းသားများပင် ဖြစ်ကြတော့သည်။
တာအိုသစ်စေ့တောင်ပေါ်ရှိ ဂိုဏ်းစောင့်အကြီးအကဲများ၏ နတ်ဘုရားအာရုံများကလည်း ကွင်းကြမ်းပြင်ကိုသာ အပြည့်အဝအာရုံစိုက်နေကြတော့သည်။
မျက်လုံးအားလုံးမှာ ပိုင်ရှောင်ချန်းနှင့် ဝိညာဥ်စွယ်ပေါ်သို့ ရောက်နေကြသည်။ ပိုင်ရှောင်ချန်းက ဖြည်းဖြည်းချင်းလှည့်ကာ တည်ကြည်သောအမူအရာဖြင့် ဝိညာဥ်စွယ်ကို မျက်နှာမူလိုက်သည်။ ဝိညာဥ်စွယ်၏တိုက်ခိုက်ပုံကို လက်ရွေးစင်ပွဲများတွင် အကြိမ်များစွာ မြင်ဖူးထားပြီဖြစ်ပြီး တိုက်ကွက်တိုင်းမှာ အကြိမ်တိုင်းတွင် အံ့အားသင့်ဖွယ်ကောင်းကြောင်း သိထားလေသည်။ သူ့စွမ်းအား၏ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်သာသုံးထားသည့် လက်တစ်ချောင်းဝှေ့ယမ်းလိုက်ရုံမျှနှင့် လုထျန်းလဲ့မှာ သေလုနီးပါးဖြစ်သွားရခဲ့သည် မဟုတ်ပါလော။
သူ၏ စွမ်းအားအကုန်သာ ထုတ်သုံးပါက မည်သို့ဖြစ်မည်ကို ခန့်မှန်းရန်မှာ လွယ်ကူမည်မဟုတ်ပေ။
ပိုင်ရှောင်ချန်းက ဝိညာဥ်စွယ်ကိုလှမ်းကြည့်လိုက်ချိန်တွင် ဝိညာဥ်စွယ်၏မျက်လုံးများက လျှို့ဝှက်ဆန်းကြယ်စွာ တဖျတ်ဖျတ် လက်နေသည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းဘက်သို့ သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သောအခါ ထစ်ချုန်းသံများက ကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးပေါ်တွင် ပျံ့နှံ့သွားသည့်အလားပင်။ ဝိညာဥ်စွယ်၏ဘေးတွင် ဝိညာဥ်လက်ကြီးတစ်ခုပေါ်လာပြီး ကွင်း၏တစ်ဝက်လောက်ကို ဖုံးလွှမ်းသွားလေသည်။ ထိုလက်ကြီးက အံ့အားသင့်ဖွယ် စွမ်းအင်ပမာဏများကို စုစည်းကာ ပိုင်ရှောင်ချန်းဆီသို့ ဒုန်းစိုင်းပျံသန်းသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် ထိုလက်ကြီးက ပိုင်ရှောင်ချန်းရှေ့သို့ ရောက်သွားသည်။ ပိုင်ရှောင်ချန်းကမူ ညာလက်သီးကိုဆုပ်လိုက်သောအခါ ငွေရောင်အလင်းတန်းများက တလက်လက်ထလာသဖြင့် သူ့ပုံစံမှာ ငွေရုပ်တုကြီးတစ်ခုအလား ဖြစ်သွားသည်။ ထို့နောက်သူက သူ့ဆီပြေးလာနေသော ဝိညာဥ်လက်ကြီးကို လှမ်းထိုးလိုက်လေတော့သည်။
ခပ်လှမ်းလှမ်းမှကြည့်လျှင် ပိုင်ရှောင်ချန်း၏ သေးသွယ်သော ခန္ဓာကိုယ်လေးမှာ ကြောက်မက်ဖွယ်ဝိညာဥ်လက်ကြီးနှင့်ယှဥ်ကြည့်လျှင် ဆီနဲ့ရေလိုပင်။ သို့သော်လည်း သူ၏လက်သီးနှင့် ထိုဝိညာဥ်လက်ကြီးတို့ထိမိသည့်အခါတွင်မူ နားစည်များပင်ကွဲလောက်သော ပေါက်ကွဲသံကြီးတစ်ခု ပေါ်ထွက်လာသည်။
ဝုန်းးးး
မိုးချုန်းသံကြီးကဲ့သို့ ပေါက်ကွဲသံကြီးကြောင့် ကွင်းနှစ်ဘက်လုံးရှိပရိတ်သတ်များမှာ အံ့အားသင့်နေသောအမူအရာများဖြင့် နောက်သို့လန်သွားသည်။ အချို့ဆိုလျှင် မျက်လုံးများထဲတွင် ကြယ်တွေလတွေပင် မြင်နေတော့သည်။
ထိုထိပ်တိုက်တွေ့ဆုံရာမှ ထွက်လာသော တုန်ခါမှုလှိုင်းများကြောင့် ဝိညာဥ်လက်ကြီးမှာ တုန်ခါသွားသည်။ အက်ကွဲသံများပေါ်ထွက်လာပြီး ထိုလက်ကြီး၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများဖြင့် ပြည့်သွားတော့သည်။ အသက်ရှူကြိမ်တစ်ကြိမ်ပြီးသောအခါ ထိုဧရာမဝိညာဥ်လက်ကြီးမှာ အစိတ်စိတ်အမွှာအမွှာ ကွဲကြေသွားလေသည်။
အနက်ရောင်မြူခိုးများက အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားပြီး ကွင်းကြမ်းပြင်တစ်ခုလုံးက ပြင်းထန်စွာ လှုပ်ခါသွားသည်။ ဝိညာဥ်စွယ်၏ မျက်လုံးများမှာ တောက်ပနေပြီး နောက်သို့ခြေတစ်လှမ်းဆုပ်သွားကာ မြေပြင်ပေါ်သို့ခြေဆောင့်ချပြီး ရပ်တန့်လိုက်သည်။
သူခြေဆောင့်ချလိုက်သော မြေကြီးတစ်ဝိုက်တွင် အက်ကွဲကြောင်းများ ပေါ်လာတော့သည်။ ပိုင်ရှောင်ချန်းကလည်း နီရဲနေသော မျက်နှာဖြင့် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရသည်။ သူ၏လက်မှာ ငွေရောင်တဖိတ်ဖိတ်တောက်နေသည်။ အနီးကပ်ကြည့်လိုက်ပါက သူ၏လက်မှာ အနည်းငယ်တုန်ရီနေသည်ကို မြင်နိုင်မည်ဖြစ်သည်။
ဘေးပတ်ပတ်လည်ရှိ ဂိုဏ်းသားများမှာ မှင်တက်နေကြပြီး ကွင်း၏နှစ်ဘက်လုံးဆီမှ အံ့အားသင့်ကာ တုန်လှုပ်နေကြသော အော်သံများ အစီအရီပေါ်ထွက်လာတော့သည်။
” ငါ့ဖြင့်ယုံတောင်မယုံနိုင်ဘူး…. ပိုင်ရှောင်ချန်းက… စွမ်းလိုက်တာ။”
” သူက ဂိုဏ်းတူအစ်ကို ဝိညာဥ်စွယ်နဲ့ တကယ်တစ်ဆင့်ထဲရှိတာပဲ။ လောချိန်မျိုးနွယ်စု သစ္စာဖောက်တုံးက သူသီသီလေးလွတ်လာပေမဲ့ လူအုပ်လိုက်ကြီးသတ်ခဲ့တယ်ဆိုတဲ့ပုံပြင်တွေက ငါက ပုံကြီးချဲ့ပြောနေတယ် မှတ်နေတာ။ အခုကြည့်….ကြည့်ပါအုံး….”
” ဝိညာဥ်စွယ်ရဲ့ ဝိညာဥ်လက်ကြီးကို ဖျက်စီးတာ အခုမှ ငါပထမဆုံးမြင်ဖူးတာပဲ။”
အတွင်းစည်းဂိုဏ်းသားများမှာလည်း ထပ်တူထပ်မျှ အံ့အားသင့်နေကြပြီး တဒုန်းဒုန်းခုန်နေသော နှလုံးသားများဖြင့် ပိုင်ရှောင်ချန်းနှင့် ဝိညာဥ်စွယ်ကို ခါးသီးစွာကြည့်နေကြတော့သည်။ သူတို့အမြင်တွင် ထိုနှစ်ယောက်မှာ အပြင်စည်းဂိုဏ်းသားများ မဟုတ်တော့ပေ။ အောက်ခြေအဆင့်မှ ပုံမှန်လူများထက် သာလွန်သည့် ဂိုဏ်းသားတစ်ယောက်ပေါ်ထွက်ရန်မှာ နှစ်ပေါင်းများစွာကြာမှ တစ်ခေါက်တလေ ဖြစ်ခဲလေသည်။ သို့သော် ယခုတွင်မူ တစ်ချိန်ထဲတွင် သူတို့နှစ်ယောက်ပေါ်ထွက်လာခြင်း ဖြစ်လေသည်။
ပွဲကြည့်စဥ်ပေါ်တင်မူ ဂိုဏ်းခေါင်းဆောင်၏ မျက်လုံးများမှာ ပျော်ရွှင်မှုများဖြင့် တောက်ပနေသည်။ အခြားအကြီးအကဲများမှာမူ အံ့အားသင့်လွန်းလှသဖြင့် မျက်ခုံးလှုပ်နေကြတော့သည်။
ပိုင်ရှောင်ချန်းကမူ သူ့လက်ထဲတွင် တရွရွခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။ သို့သော် ထိုခံစားချက်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ဝိညာဥ်စွယ်ကို လှမ်းကြည့်ရင်း သူ၏ပြိုင်ဘက်မှာ ကြောက်မက်ဖွယ်ပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်း သိရှိသွားတော့သည်။
ဝိညာဥ်စွယ်၏ မျက်လုံးများကမူ ပျော်ရွှင်မှုများဖြင့် တောက်ပသွားသည့်အလား ဖြစ်သွားသည်။
” ငါက စွမ်းအား ငါးဆယ်ရာခိုင်နှုန်းပဲ သုံးလိိုက်တာ။ ဒါပေမဲ့မင်းက ငါ့ရဲ့လက်ချောင်းတိုက်ကွက်ကို ချေဖျက်နိုင်တယ်ပေါ့။ အဲ့တာဆို မင်းက ငါရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်တိုင်းထက် ပိုစွမ်းတယ်ဆိုတဲ့သဘောပဲ။ ဟုတ်ပြီလေ။ အဲ့တာဆို ငါ စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းကို အေးဆေးသုံးလို့ရပြီ။” ဝိညာဥ်စွယ်က ပြိုင်ဘက်ကောင်းတစ်ယောက်တွေ့သော ဆာမူရိုင်းတစ်ယောက်အလား ကျေနပ်နေတော့သည်။
သူက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး ပိုင်ရှောင်ချန်းဘက်သို့ လက်ချောင်းကို ဝှေ့ယမ်းလိုက်ပြန်သည်။
ချက်ချင်းပင် အနက်ရောင်မြူခိုးများက ပိုင်ရှောင်ချန်းအပေါ်တွင် ဝဲဂယက်ထလာတော့သည်။ လေထုကြီးမှာ ဆုတ်ဖြဲခံလိုက်သလိုဖြစ်သွားပြီး နောက်ဝိညာဥ်လက်ကြီးတစ်ခုမှာ မထင်မှတ်ပဲပေါ်ထွက်လာလေသည်။
ဤတစ်ခုမှာ လုထျန်းလဲ့ကို သေလုနီးပါးဖြစ်အောင် လုပ်ခဲ့သော လက်ကြီးထက်ပင် ပို၍ကြီးမားလေသည်။ ထိုလက်ကြီးက ပိုင်ရှောင်ချန်းကြီးပေါ်သို့ တောင်ကြီးတစ်လုံးပြိုကျသလို ဆင်းသက်လာသောအခါ ထစ်ချုန်းသံကြီးများက အရပ်မျက်နှာပေါင်းစုံ ပျံ့နှံ့သွားတော့သည်။
ပိုင်ရှောင်ချန်းက မော့ကြည့်ရင်း ညာလက်သီးကိုဆုပ်ကာ လေထဲသို့ခုန်တက်လိုက်ပြီး တောက်ပသော အလင်းတန်းတစ်ခုအသွင်ပြောင်းကာ ထိုဝိညာဥ်လက်ကြီးဆီသို့ ပျံသန်းသွားတော့သည်။
သူ့လက်သီး၏ စွမ်းအားကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတုန်ခါသွားသောအခါ ငွေရောင်အလင်းတန်းများက အရပ်မျက်နှာပေါင်းစုံသို့ ဖြာထွက်သွားလေသည်။ ပိုင်ရှောင်ချန်း၏ ထာဝရအရေပြားမှာ စွမ်းအားများဖြင့် ပေါက်ကွဲနေသဖြင့် ဝိညာဥ်လက်ကြီးမှာ တုန်ခါသွားပြီး စောစောကအတိုင်းပင် ပြိုကွဲသွားပြန်သည်။
ဝိညာဥ်စွယ်၏မျက်နှာမှာ အရောင်လက်သွားပြီး နောက်ထပ် မန္တန်လက်ကွက်များထပ်ဖော်ကာ တတိယမြောက်၊ စတုတ္ထမြောက်နှင့် ပဥ္စမမြောက် လက်ချောင်းတိုက်ကွက်များကို ဆက်တိုက်ဆိုသလို လျင်မြန်စွာ ထုတ်ဖော်လိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် ပိုင်ရှောင်ချန်းမှာဧရာမ ဝိညာဥ်လက်ကြီး လေးခုကို ရင်ဆိုင်နေရသလို ဖြစ်သွားသည်။
ဤ အရာများမှာ ဖော်ပြရန်သာကြာသော်လည်း တစ်ခဏအတွင်းဖြစ်ပျက်သွားသောအရာများဖြစ်သည်။ ထိုဧရာမလက်ကြီး လေးခုက ပိုင်ရှောင်ချန်းပေါ်သို့ ကျလာကြသောအခါ အပြင်စည်းဂိုဏ်းသားများက လန့်ဖျန့်ကာ ထအော်ကုန်ကြသည်။ အတွင်းစည်းဂိုဏ်းသားများပင် အကြီးအကျယ်တုန်လှုပ်နေတော့သည်။
ပွဲကြည့်စဥ်ပေါ်တွင်မူ ဂိုဏ်းခေါင်းဆောင်နှင့် အခြားလူများက မတ်တတ်ထရပ်လိုက်ကြသည်။ လီချင်းဟောက်၏ မျက်လုံးများကမူ တလက်လက် တောက်ပနေသည်။ သို့သော်လည်း တစ်ခဏကြာသောအခါ ပြိုင်ပွဲကိုဝင်တားပြီး ပိုင်ရှောင်ချန်းကို ဝင်ကယ်ရန် မလိုအပ်ကြောင်း သိသွားကြသည်။
မီးခတ်ကျောက်မှ မီးပွှားတစ်စ လွင့်စင်သွားရန်ကြာချ်ိန်လောက်တွင် ဝိညာဥ်လက်များအားလုံးက ပိုင်ရှောင်ချန်းပေါ်သို့ ကျသွားသဖြင့် ဒုန်းခနဲအသံကြီးတစ်ခုပေါ်ထွက်လာပြီး ကွင်းကြမ်းပြင်မှာ ဖုန်မှုန့်များအဖြစ်သို့ ရောက်သွားတော့သည်။ ထို တလိပ်လိပ်ထနေသော ဖုန်များကြောင့် ပိုင်ရှောင်ချန်းကို မမြင်နိုင်ပေ။
သို့သော်လည်း တစ်ခဏအကြာတွင် လျှပ်စီးကဲ့သို့ ဖျတ်ခနဲလက်သွားသောအရာတစ်ခုကို ဖုန်များထဲတွင်မြင်လိုက်ရပြီး အရိပ်တစ်ခုက ဝိညာဥ်စွယ်ဆီသို့ အရှိန်ကုန် ပျံသန်းသွားလေတော့သည်။
” လည်မျိုဖမ်းဆုပ်ကွက်။”
ဤအချိန်တွင် တလက်လက်တောက်နေသော ငွေရောင်အလင်းတန်းတစ်ခုကိုသာ မြင်ရလေသည်။ ထို့နောက် ဝိညာဥ်စွယ်၏ရှေ့တည့်တည့်တွင် လက်နှစ်ချောင်း ပေါ်လာတော့သည်။ ထိုအခါ အရင်တုံးက သူတစ်ခါမျှ မခံစားဖူးသော ပြင်းထန်သည့် အန္တရာယ်မျိုးကို ခံစားလိုက်ရလေသည်။ သူက အက်ကွဲသံကြီးဖြင့် အော်ဟစ်လိုက်သောအခါ မြူများကသူ့ကိုဝန်းရံသွားပြီး အကာအကွယ် ဒိုင်းကာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်ထဲမှာပင် သူ နောက်သို့ဆုတ်လိုက်လေသည်။
သို့သော်လည်း ထိုအချိန်တွင် အားကောင်းသော ဆွဲငင်မှုတစ်ခုက ပိုင်ရှောင်ချန်း၏ လက်နှစ်ချောင်းမှ ပေါ်ထွက်လာတော့သည်။ ထိုအခါ ဝိညာဥ်စွယ်မှာ နောက်သို့မဆုတ်န်ိုင်တော့သည်အပြင် ထိုလက်ချောင်းများဆီသို့ပင် ဆွဲယူခံလိုက်ရလေသည်။
သူ၏ အကာအကွယ်ဒိုင်းကာများမှာ လက်ချောင်းများနှင့်ထိမိသွားသောအခါ ချက်ချင်းပင် ကြေမွသွားတော့သည်။ သူ၏ နောက်ထပ်အကာအကွယ်များမှာ ဘာမှပင် မလုပ်နိုင်ပေ။ သူဆင့်ခေါ်လိုက်သော ဒိုင်းအငယ်စား သုံးခုလည်း ထိုနည်း၎င်းပင်။ ပထမတစ်ခုက ချင်ချင်းပင် တစ်စစီကွဲသွားသည်။ ဒုတိယတစ်ခုမှာ မူ ထပ်ခြမ်းကွဲသွားပြီး တတိယတစ်ခုမှာမူ မကွဲအက်သော်လည်း ဘေးသို့ လွင့်စင်ထွက်သွားလေသည်။
မည်သည်ကမှ ပိုင်ရှောင်ချန်းကို မတားဆီးနိုင်လိုက်ပေ။
သူ၏လက်နှစ်ချောင်းမှာ တွေ့သမျှအရာတိုင်းက်ို တူကရေခဲကို ခွဲသည့်အလား ချေဖျက်နေတော့သည်။ ဝိညာဥ်စွယ်က သနားဖွယ်အော်ဟစ်လိုက်သည်။ ထို့နောက်သူကကြီးကြီးမားမားပေးဆပ်လိုက်ရပြီး ထုပ်ချင်းပေါက်မြင်ရသော ပုံရိပ်တစ်ခုအသွင်ပြောင်းကာ ပျောက်ကွယ်သွားပြီး သူ့ဆံပင်၏ သုံးဆယ်ရာခိုင်နှုန်းကျော်ကျော်ခန့် ဖြူစွတ်သွားတော့သည်။ ပိုင်ရှောင်ချန်း၏ လက်နှစ်ချောင်းမှာ သူ့ကိုကျော်သွားပြီး လေများကိုသာ ဆုပ်မိလိုက်လေသည်။
ထိုအခါ ဒုန်းခနဲအသံကြီးတစ်ခုမြည်ဟည်းသွားပြီး လေထုကြီးမှာ တစ်စစီကွဲသွားသည်။ ခဏကြာသောအခါ ဝိညာဥ်စွယ်က ပိုင်ရှောင်ချန်း၏ အဝေးတစ်နေရာတွင် သွေးများအန်ရင်း ပြန်ပေါ်လာသည်။ သူ၏မျက်နှာမှာ အသက်ကြီးသွားသည့်အလား ပါးရေနားရေများတွံ့နေသည်။
သူက ပင့်သက်ရှိုက်ရင်း ပြောလိုက်လေသည်။
” မင်းက ငါ့ရဲ့ သက်စောင့်မှော်အတတ်ကို ထုတ်သုံးအောင် ဖိအားလာပေးနေတာပဲ။ ငါမင်းကို လျှော့တွက်မိတာပဲ။”
သို့သော်သူက နောက်မဆုတ်သည့်အပြင် ထပ်၍တိုက်ခိုက်ချင်ပုံပင် ပေါက်နေသည်။ သို့ရာတွင် စောစောက သုံးလိုက်သော တိုက်ကွက်မှာ မည်သို့သော နတ်ဘုရားတိုက်ကွက်ဖြစ်ကြောင်း သူ ဝေခွဲမရဖြစ်နေသည်။ ထိုတိုက်ကွက်မှာ ချီစုစည်းမှုအဆင့်တွင်ရှိသော တိုက်ပွဲစွမ်းအားထက် များစွာသာလွန်နေသည်။
ပိုင်ရှောင်ချန်း၏ ပါးစပ်အစွန်းမှ သွေးများစီးကျလာသည်။ သူ၏ ဒယ်အိုးကြီးမှာလည်း ကွဲအက်နေပြီး အရေပြား မှာလည်း ဆုတ်ပြဲနေသည်။ သူ၏ အငွေ့အသက်များပင်လျှင် ယောက်ယက်ခတ်နေတော့သည်။
သူသည် ဝိညာဥ်လက်ငါးချောင်းကို ကြံ့ကြံ့ခံနိုင်ခဲ့ပါသော်လည်း ခက်ခက်ခဲခဲကြိးစားခဲ့ရခြင်းဖြစ်သည်။ သူ၏ထာဝရအရေပြားသာ ငွေရောင်အဆင့်မရှိပါက သူရှုံးမည်မှာ အမှန်ပင်။
သို့သော်လည်း သူ၏နောက်ဆုံး စွမ်းအားပြင်းတိုက်ကွက်ကို ရှောင်တိမ်းသွားခဲ့၏။