Switch Mode

အခန်း ( ၁၂၂ )

အလင်းတံတား

“ ဟောက်အာ၊ ဒီအသီးတွေက မကြာခင် မှည့်ကြတော့မှာ”

သစ်ပင်အိုကြီးထက်မှ အသီးများကို ကြည့်ကာ လင်းယုံက ပြုံးလိုက်သည်။ ထိုအပြုံးကြောင့် ပိုမို ခံ့ညားသွားကာ သစ်ပင်အိုကြီးမှာ သက်စောင့်စွမ်းအင်များ အများအပြား ရရှိသွားသည့်အလား ထင်ရသည်။

လင်းတျန်ဟောက်က သူ့အဖေကို ကြည့်လိုက်သည်။ သူ့အမူအရာမှာ စိတ်ညစ်နေဆဲ ဖြစ်ပြီး စကားပြန်မပြောပေ။

“ မင်း နားမလည်သေးဘူးလား ”
လင်းယုံက လှည့်လာပြီး သူ အားထားရဆုံးဖြစ်သော သူ၏ ဆက်ခံသူ တစ်ဦးတည်းသော သားကို ကြည့်ကာ မျက်လုံးများ တောက်ပနေသည်။ သို့ရာတွင် သူက အကြီးကြီး မျှော်လင့်ထားသောကြောင့် စိတ်ပျက်ခြင်းမှာလည်း ပိုဆိုးနေသည်။ သူ့သား၏ အကြီးဆုံး အားနည်းချက်မှာ စီစဉ်ခြင်းဖြစ်ကြောင်း သိထားသည်။

သူ့အဖေ၏ စကားများကို ကြားပြီးနောက် လင်းတျန်ဟောက်မှာ မနေနိုင်တော့ဘဲ ချုပ်တည်းထားသမျှ အတွေးများကို ဖွင့်ပြောလိုက်သည်။

“ အဖေ၊ ကျွန်တော့်ကို ဘာလို့ တာအိုကျောင်းကို ပြန်သွားခွင့် မပြုသေးတာလဲဆိုတာ နားမလည်ဘူး။ အဖေ့ရာထူးနဲ့ဆို ကျွန်တော် အဲဒီလိုတွေ လုပ်ရင်တောင် တာအိုကျောင်းကို ပြန်သွားဖို့ ပြဿနာ ရှိမှာ မဟုတ်ဘူး”

“ နောက်ပြီး အဖေ ပြန်မလွှတ်‌တော့ ကျွန်တော် ဝိညာဉ်အမြစ်ရွာ မှော်ဝင်နယ်မြေ ဖွင့်ပွဲမှာ မပါလိုက်ရဘူး။ အဲဒီ ဝမ်ပေါင်လဲ့ ခွေးကောင်က သွားပြီး ရှစ်လက်မ ဝိညာဉ်အမြစ်တောင် ရထားတယ်ဆိုတဲ့ သတင်းတွေ ရထားတယ်”

လင်းတျန်ဟောက်က ပြောရင်းနှင့် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဤသည်မှာ သူ့အတွက် အမွန်းကြပ်ဆုံး ဖြစ်သည်။

လင်းတျန်ဟောက်ကို ကြည့်သည့် လင်းယုံ၏ အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ့အဖေအကြည့်ကြောင့် လင်းတျန်ဟောက်မှာ အသက်ရှူသံများ မြန်လာပြီး ခေါင်းငုံ့လိုက်သည်။

“ ဟောက်အာ၊ ငါ့ရဲ့ ဆက်ခံသူအနေနဲ့ ကောင်းကင်တာအိုကျောင်းဆိုတာ မင်းအတွက် ကြုံဖူးအောင် သွားခိုင်းတဲ့ ဖြစ်စဉ်တစ်ခုပဲ။ ဒါကို မင်းက ကိစ္စကြီးတစ်ခုလို အလေးထားနေတယ် ”
လင်းယုံက ပြောလိုက်သည်။ အသံကို မကျယ်ထားသော်လည်း ထိုနေရာတစ်ဝိုက်တွင် ဩဇာအာဏာအငွေ့အသက်တစ်ခု လွှမ်းသွားပြီး လင်းတျန်ဟောက်မှာ ပို၍ ရင်ခုန်သွားကာ ခေါင်းကို ပို၍ပင် ငုံ့ချလိုက်သည်။

“ အဲဒီလို ဘာမဟုတ်တဲ့ လူတစ်ယောက်က မင်းအာရုံကို လွှမ်းမိုးထားနိုင်တယ်။ ဟောက်အာ၊ မင်းကို ငါ တကယ် စိတ်ပျက်တယ် ”
လင်းယုံ၏ အကြည့်မှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း စကားများက လင်းတျန်ဟောက်ကို ပိုမို တုန်လှုပ်စေသည်။ သူက စိုးရိမ်တကြီး မော့ကြည့်လိုက်ပြီး ရှင်းပြလိုနေသည်။

လင်းယုံ၏ တည်ကြည်နေသော အကြည့်မှာ လင်းတျန်ဟောက်ပေါ်ကို ဖျတ်ခနဲ လျှပ်စီးမှန်သည့်အလား စူးရှလာသည်။ လင်းတျန်ဟောက်မှာ ပြန်ရှင်းမပြနိုင်ဘဲ တုန်ရီနေကာ သူ့စကားများကို မျိုချလိုက်ရသည်။

ထိုအဖြစ်ကို လင်းယုံက မြင်ကာ စိတ်ပျက်သွားပုံကို လင်းတျန်ဟောက်က မတွေ့လိုက်ပေ။ သူက တဖြည်းဖြည်း ရက်စက်ကြမ်းတမ်းမှုကို သိုဝှက်ကာ ခေါင်းမော့ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ အတော်လေး ကြာပြီးနောက် လင်းယုံက စိတ်ကုန်နေသည့် လေသံဖြင့် ပြောလိုက်သည်။

“ ‌ဟောက်အာ၊ ဒီကမ္ဘာကြီးက ဆန်းကြယ်ပြီးတော့ ကြိုတင် မှန်းဆလို့ မရနိုင်ဘူး။ ပြည်ထောင်စုထဲမှာ တာအိုကျောင်းလေးကျောင်းနဲ့ လွှတ်တော်- ငါတို့တွေက တစ်ဖက်နဲ့တစ်ဖက် မျှခြေဖြစ်အောင် နေကြရပေမဲ့ တစ်ဦးပေါ်တစ်ဦး မှီခိုလို့ မရဘူး။ ပြီးတော့ လသုံးစင်းမဟာမိတ်၊ ငါးခုမြောက် မျိုးဆက်ကောင်းကင်မျိုးနွယ်စုနဲ့ တခြား အဓိက ဂိုဏ်းနှစ်ဂိုဏ်းက စောင့်ကြည့်နေကြသေးတာ။ ပြင်ပကမ္ဘာက သားရဲတွေကို ထည့်မတွက်ရသေးဘူး ”

“ လသုံးစင်းမဟာမိတ်က ဘယ်တိုင်းပြည်နဲ့မဆို ယှဉ်ပြိုင်နိုင်တဲ့ ကြွယ်ဝမှုမျိုး၊ တန်ခိုးအင်အားမျိုး ရှိတယ်။ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုမှာ ရှေးအကျဆုံးဓါးကျမ်း ရှိတယ်လို့ သတင်းထွက်နေတာ။ နောက်ပြီး ကျန်တဲ့ နှစ်ဂိုဏ်းမှာ အိပ်ပျော်နေတဲ့ ရှေးဟောင်း ဓါးသမားတစ်ယောက် ရှိတယ်လို့ ထင်စရာ သက်သေတွေ တွေ့နေရတယ်”

“ တာအိုကျောင်းလေးကျောင်းက တံခါးဖွင့်ပြီး တန်ခိုးအစွမ်းရှိတဲ့ ဘယ်သူ့ကိုမဆို လက်ခံကြိုဆိုလို့ ရတယ်။ ဒါပေမဲ့ လွှတ်တော်က အဲဒီလို မရဘူး”

“ ဒါကပြည်ထောင်စု တစ်ခုတည်းအနေအထားမှာ ရှိသေးတယ်။ နောက်ထပ် လရှိသေးတယ်၊ တခြား ဂြိုဟ်တွေရော၊ နောက်ပြီး ရှေးဟောင်း ကြေးညိုရောင် ဓါးကြီးပေါ်က အဆုံးအစမဲ့ ကျယ်ပြန်တဲ့ နယ်မြေလည်း ရှိသေးတယ်”

“ နောက်ထပ်လည်း ငါတောင် မယုံရဲတဲ့ အရာတွေ၊ အိပ်မက်ထဲမှာ ကြုံရင်တောင်မှ ဖိမ့်ဖိန့်တုန်သွားစေမဲ့ အရာတွေ ”
လင်းယုံက ရေရွတ်လိုက်သည်။ သူသည် လင်းတျန်ဟောက်အား စကားပြောနေသည်ဟု ထင်ရသော်လည်း သူ့ကိုယ်သူ ပြောနေခြင်း ဖြစ်သည်။

“ ဒီလောက် ကြီးမား ကျယ်ပြန့်တဲ့ စကြဝဠာကြီးထဲမှာ နည်းနည်းလောက် ရှေ့ရေးကြိုတွေးလို့ မရဘူးလား။ အဖေတစ်ယောက် အနေနဲ့ မင်း မြန်မြန် ရင့်ကျက်လာရင် သိပ်ကောင်းမှာပဲ။ ဘာမဟုတ်တဲ့လူတွေ အပေါ်မှာ အင်အားတွေ မဖြုန်းတီးနဲ့။ ငါ ရှိနေတဲ့အတွက် မင်းဘဝက သူများနဲ့ လုံးဝ မတူဘူး။ မင်း အဲဒါကို နားလည်လား ”

စိတ်လှုပ်ရှားနေသည့် လင်းတျန်ဟောက်မှာ သူ့ဖခင်၏ စကားများကြောင့် ပို၍ စိုးထိတ်သွားသည်။ ခေါင်းတစ်ခုလုံး ချာချာလည်ကာ သူ့အဖေစကားမှ ဆိုလိုသည့် အဓိပ္ပါယ်ရင်းကို သူ အရိပ်အမြွက် သဘောပေါက်သောကြောင့် အမြန် ခေါင်းညိတ်ပြလိုက်သည်။

“ အဖေ၊ ကျွန်တော် နားလည်ပါတယ်”

“ မင်း နားမလည်ပါဘူးကွာ”
လင်းယုံက ခေါင်းကို ခါယမ်းလိုက်ပြီး ညာဘက်လက်ကို မြှောက်ကာ ဝှေ့ရမ်းလိုက်သည်။ တခဏအတွင်း သူ့လက်မှ တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ပုံရိပ်ရှစ်ခု ပေါ်လာသည်။

ထိုပုံရိပ်ရှစ်ခု၏ မျက်လုံးများမှာ ပိတ်ထားပြီး ချုပ်နှောင်ခံထားရသည့်အလား လေထဲတွင် မလှုပ်မယှက် မြောလွင့်နေသည်။ သို့ရာတွင် သူတို့၏ အသွင်အပြင်ကြောင့် လင်းတျန်ဟောက်မှာ ရုတ်တရက် လန့်ဖြန့်သွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။

ထိုပုံရိပ် ရှစ်ခုကား …. သူတို့ထဲမှ ခုနစ်ခုမှာ လင်းတျန်ဟောက်နှင့် ချွပ်စွပ်တူနေပြီး ခန္ဓာကိုယ်ထဲတွင် တစ်လက်မမှ ခုနစ်လက်မ အရှည်ရှိသည့် ဝိညာဉ်အမြစ်များ ရှိနေသည်။ နောက်ဆုံး မျက်နှာမဲ့ ဝိညာဉ်အမြစ်မှာ ရှစ်လက်မ ရှည်လျားသည်။

အခြားသူများသည် ရုန်းကန်ကြိုးစားကာ ကံကောင်းပါမှ ဝိညာဉ်အမြစ်ကို ရနိုင်သည်။ သို့ရာတွင် ယခု လင်းတျန်ဟောက် ရှေ့၌ တစ်လက်မမှ ရှစ်လက်မထိ အားလုံး ရှိနေကြသည်။

“ မင်းဘဝသက်တမ်းရဲ့ ရှေ့တစ်ပိုင်းက သူများတွေနဲ့ တိုက်ခိုက်စရာ မလိုဘူး။ ငါက မင်းအတွက် အရာ အားလုံးကို ပြင်ဆင်ပေးထားပြီးသား ”

“ ဒါက မင်းနဲ့ အဲဒီ ဘာမဟုတ်တဲ့ လူတွေ ကြားက ကွာခြားချက်ပဲ၊ ဟောက်အာ။ ငါ မင်းအတွက် မင်းဘဝကို စနစ်တကျ စီစဉ်ပေးပြီးသား၊ မင်း အဲဒီလမ်းကိုသာ ဆက်လျှောက်သွားရင် မင်း သေချာပေါက် ထိပ်ဆုံးရောက်မှာ။ နောက်ကျရင် မင်း ကောင်းကင်မြို့စားဖြစ်တဲ့ အချိန်၊ မင်း လွှတ်တော်အမတ် အသစ်ဖြစ်တဲ့ အချိန်၊ အဲဒီအခါကျတော့မှ မင်း တကယ် ကြိုးစားဖို့ လိုတာ။ မင်း ဒါကို တကယ် နားလည်ပြီဆိုရင် ကောင်းကင်တာအိုကျောင်းရဲ့ အဆင့်မြင့်ကျွန်းကို သွားပြီး လေ့လာလို့ ရပြီ ”

လင်းတျန်ဟောက်မှာ တုန်လှုပ်နေဆဲ ဖြစ်သည်။ ဤသည်မှာ သူ့အနာဂတ်အတွက် သူ့အဖေ ပထမဆုံး သေချာ ပြောပြခြင်း ဖြစ်သည်။ သူသည် နက်ရှိုင်းစွာ တွေးတောနေသည့်အလား အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။ ထို့နောက် တိုးတိတ်စွာ ပြောလိုက်သည်။

“ ကျွန်တော် နားလည်ပါပြီ ”

ထိုအခိုက် ဝိညာဉ်အမြစ်ရွာမှ ပြန်လာခဲ့သည့် သင်္ဘောပျံမှာ တာအိုကျောင်း လေဆိပ်ထဲတွင် ဆင်းသက်ပြီး ဖြစ်သည်။ မသွားခင်က ဤကျောင်းသားများသည် ရှေးဟောင်းသိုင်းအဆင့်တွင်သာ ရှိကြသေးသည်။ သို့သော် ယခု ပြန်ရောက်လာသောအခါ၌ အများစုမှာ အာနာပါနအဆင့် ပညာရှင်များ ဖြစ်သွားကြသည်။ သူတို့သည် လမ်းလျှောက်ထွက်လာကြရင်း ခံစားချက်များကို ထိန်းမထားနိုင်တော့ပေ။

ဌာနအားလုံးမှ ဆရာများ၊ ကျောင်းသား အများအပြားက သူတို့ကို ကြိုဆိုနှုတ်ဆက်ရန် စောင့်နေကြကြောင်း သတိပြုမိကာ ပို၍ စိတ်လှုပ်ရှားသွားကြသည်။ ပါမောက္ခက သူတို့အားလုံး၏ ခံစားချက်များကို နားလည်သောကြောင့် လက်ကို ဝှေ့ယမ်းကာ အားလုံးကို ထွက်သွားခွင့်ပေးလိုက်သည်။ ထိုအခိုက်အတန့်တွင် အာနာပါနအဆင့် ကျောင်းသားများက ချက်ချင်းပင် လူစုခွဲလိုက်ကြသည်။ မကြာမီ လေဆိပ်ထဲတွင် စကားပြောသံများဖြင့် စီစီညံနေတော့သည်။

ဝမ်ပေါင်လဲ့ကို ကြိုဆိုနေကြသူများလည်း အများအပြား ရောက်နေကြသည်။ ထုံးစံအတိုင်း လျှိုတောက်ပင်းနှင့် အဖွဲ့က ဦးဆောင်ကာ စစ်ဆေးရေးမှူး ဝတ်ရုံများဖြင့် ဝမ်ပေါင်လဲ့ဘေးနားသို့ ဝန်းရံသွားကြသည်။ သူတို့က တစ်လမ်းလုံး ရယ်မောကာ ဝမ်ပေါင်လဲ့ကို ဂုဏ်ပြုစကားများ ဆိုကြသည်။ ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်ဌာနသို့ ပျော်ရွှင်မြူးတူးစွာ ပြန်လာခဲ့သည်။

“ ငါ၊ ဝမ်ပေါင်လဲ့ ပြန်ရောက်လာပြီဟေ့ ”

ဓမ္မလက်နက်ဌာန တောင်ထိပ်သို့ ခြေချမိသည်နှင့်တပြိုင်နက် ဝမ်ပေါင်လဲ့က ကောင်းကင်သို့ မော့ကြည့်ကာ အားရပါးရ ရယ်မောလိုက်သည်။

စကားစမြည်ပြောဆိုပြီးနောက် လျှိုတောက်ပင်းက ဝမ်ပေါင်လဲ့အတွက် ဂုဏ်ပြု ညစာစားပွဲ ပြင်ဆင်လိုက်သည်။ ကောင်းကင်ထက်တွင် လမင်းထိန်ထိန်သာနေချိန်မှသာ မူးနေသော ဝမ်ပေါင်လဲ့က နတ်ဝိဇ္ဇာဂူသို့ ပြန်လာသည်။ အေ့ခနဲ လေချဉ်တက်ပြီးနောက် ဝမ်ပေါင်လဲ့က အမူးပြေစေရန် ဝိညာဉ်ရေခဲရေ တစ်ငုံ မော့သောက်လိုက်သည်။ သူက အသံလွှင့်လက်စွပ်ကို ထုတ်ကာ သူ အာနာပါနအဆင့်သို့ တက်လှမ်းနိုင်ပြီး အဆင့်မြင့်ကျွန်းသို့ ဝင်ခွင့်ရသွားပြီ ဖြစ်ကြောင်း မိဘများကို အသံပေးပို့လိုက်သည်။

“ ကျွန်‌တော် မတော်ဘူးလား၊ အဘိုးကြီးရေ” ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ကျေနပ်ပီတိဖြာကာ ပြောလိုက်သည်။

အသံလွှင့်လက်စွပ်မှ မိဘများ၏ ဝမ်းသာနေသည့် အသံများ ထွက်ပေါ်လာသည်။ အချိန်အတော်ကြာ ပြောပြီးနောက် ညဉ့်နက်လာသောကြောင့် အသံလွှင့်ခြင်းကို ရပ်တန့်လိုက်သည်။ နတ်ဝိဇ္ဇာဂူ၏ ဝရန်တာတွင် ထိုင်နေရင်း တိတ်ဆိတ်မှုကို ခံစားကာ ပတ်ဝန်းကျင်ကို ကြည့်၍ ထွက်ခွာမသွားချင်သည့် ခံစားချက်က ပိုမို ပြင်းပြလာသည်။

“ အချိန်တွေက ကုန်တာ မြန်လိုက်တာ။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းကမှ တာအိုကျောင်းထဲကို စပြီး ခြေချခဲ့တာ။ ခုတော့…. ငါက အဆင့်မြင့် ကျောင်းကျွန်းကို ဝင်ရတော့မယ်”
ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သော်လည်း ဝိညာဉ်အမြစ်ရွာထဲ၌ ရရှိခဲ့သည်များကို တွေးပြီးနောက် စိတ်ခံစားချက်မှာ အခြေအနေကောင်းလာသည်။

“ တာအိုကျောင်းကို ပေးရမယ့် ရတနာတွေကို အသာထားလိုက်ဦး။ တာအိုကျောင်းက အရာအားလုံးကို မှတ်သား စာရင်းသွင်းပြီးတော့ ငါ့ အတွက် ခွဲပေးရင် ရှာတွေ့လာတဲ့ ပစ္စည်းဖြစ်ဖြစ်၊ တခြား တန်ဖိုးကြီးတဲ့ ပစ္စည်းတွေနဲ့ လဲလို့ရတယ်။ အပြာရောင် ပုတီးစေ့တစ်ခုတည်းဆိုရင်‌တောင် တန်ဖိုးက အရမ်းများတာ”
ဝမ်ပေါင်လဲ့က စဉ်းစားမိကာ ရင်ခုန်နှုန်း မြန်လာသည်။

ထိုအခိုက် ညာလက်က သူ့အိတ်ကပ်ထဲ ရောက်သွားသည်။ လက်ကို ဆွဲထုတ်လိုက်သောအခါ မီးခိုးရောင် ပုတီးစေ့တစ်လုံး ပါလာသည်။ ထိုပုတီးစေ့မှာ မူလက အပြာရောင် ဖြစ်သော်လည်း မှိန်ဖျော့သွားပြီး မီးခိုးရောင် ဖြစ်သွားသည်။

ထိုပုတီးစေ့ကို လက်ထဲ ကိုင်ထားသောအခါ ထူးခြားသည့် အရိပ်အယောင်များ မတွေ့ရပေ။ သို့ရာတွင် ဝမ်ပေါင်လဲ့က ဤပုတီးစေ့၏ မူလအစကို သိနေသောကြောင့် သူ့မျက်လုံးထဲမှ မီးတောက်မှာ တောက်ပစွာ လောင်ကျွမ်းနေသည်။
“ ငါ ထင်တာ မမှားရင် ဒါက ငါ့ရဲ့ ဝါးမျိုခြင်း သစ်စေ့နဲ့ စုပ်ယူစုဝေးစေခဲ့တဲ့ အပြာရောင် လှံရှည် ဖြစ်ရမယ်။ ဒါဆို ပြည်ထောင်စုတစ်ခုလုံးမှာ ဒီလို လှံမျိုး တစ်ခုတည်း ရှိတယ်လို့ ဆိုလိုချင်တာ၊ ခုလောလောဆယ် ဒီဟာကို ဘယ်လို သုံးရမလဲ မသိသေးပေမဲ့ ဒီရတနာက သေချာပေါက် တန်ဖိုးကြီးမှာပဲ ”

ပုတီးစေ့ကို လေ့လာပြီးနောက် ဝမ်ပေါင်လဲ့က မျက်နှာဖုံးထဲမှ အလှပဂေးကို မေးသင့်၊ မမေးသင့် စဉ်းစားနေမိသည်။ သူ လက်ငါးချောင်း တောင်ထိပ်၌ မြင့်တွေ့ခဲ့ရသည့် မြင်ကွင်းများသာဆိုလျှင် အမှုမဲ့၊ အမှတ်မဲ့ နေနိုင်သေးသည်။ သို့သော် ဝိညာဉ်အမြစ်ရွာမှ သိရှိခဲ့ရသည့် သဲလွန်စများသည်လည်း မျက်နှာဖုံးနှင့် ဆက်စပ်နေသည်။ ဝမ်ပေါင်လဲ့အနေဖြင့် မေးကြည့်သင့်သည်ဟု ခံစားရသည်။

ထိုသို့ တွေးပြီးနောက် ဝမ်ပေါင်လဲ့က ပုံရိပ်ယောင် ခေါင်းအုံးကို ထုတ်ကာ ပုံရိပ်ယောင် နယ်မြေထဲသို့ ဝင်လိုက်သည်။ တခဏကြာပြီးနောက် သူပြန်လာသောအခါ သူ့အကြည့်မှာ သံသယများ ရှိနေသည်။ ပုံရိပ်ယောင် နယ်မြေထဲ၌ မှော်ဆန်သော မမလေးက သူ့မေးခွန်းကို တစ်ခွန်းမျှ မဖြေဘဲ တိတ်ဆိတ်နေသည်။ သူ မည်သို့ပင် မေးပါစေ၊ အဖြေမရပေ။

“ ငါ့ကို မပြောဘူးပေါ့ ”
ဝမ်ပေါင်လဲ့က နှာခေါင်းထိပ်ကို ပွတ်သပ်လိုက်သည်။ ဤမမလေးမှာ ဆိုးလှသည်။ ပုတီးစေ့နှင့် ပတ်သက်သည့် ခန့်မှန်းချက်များ ရှိနေသော်လည်း အဆင့်မြင့်ကျွန်းသို့ ရောက်မှသာ စမ်းသပ်ကြည့်ရန် စီစဉ်ထားသည်။

ပုတီးစေ့ကို သိမ်းလိုက်ပြီး ဝမ်ပေါင်လဲ့က မျက်လုံးမှိတ်ကာ ဝိညာဉ်အမြစ်ရွာထဲမှ တိုက်ပွဲများ၊ ဓမ္မအဆောင်များ အသုံးပြုခဲ့သည့် မှတ်ဉာဏ်များကို ပြန်ပုံဖော်ကြည့်နေသည်။ ဤသည်မှာ အဆင့်မြင့်အရာရှိများ၏ အတ္တုပ္ပတ္တိကို ဖတ်ပြီးနောက်ပိုင်း ကျင့်သုံးလာသည့် ဆန်းစစ် ကောက်ချက်ချသည့် အကျင့်ဖြစ်သည်။

တခဏအကြာတွင် ဝမ်ပေါင်လဲ့က မျက်လုံးဖွင့်လိုက်ပြီး မေးကို ပွတ်သပ်ကာ စဉ်းစားခန်း ဖွင့်လိုက်သည်။

“ ဝိညာဉ်လှိုင်းတွေကို ဘယ်လို ဖန်တီးရမလဲဆိုတဲ့ နည်းလမ်းကို တတ်ခဲ့တာလည်း ရလာတဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုပဲ။ ဒါပေမဲ့ ငါ့ရဲ့ ဓမ္မအဆောင်တွေက တစ်နည်းပဲ သုံးလို့ရပြီး အသုံးမဝင်ဖြစ်နေတယ်။ ပေါက်ကွဲတာကလွဲပြီး… ပေါက်ကွဲရုံပဲ တတ်နိုင်တာဟ။ အပြင်ခန္ဓာကို ထိခိုက်စေပြီး ရန်သူတွေကို ထုတ်ပယ်တာတင်မကဘဲ စိတ်အခြေအနေကိုပါ အကျိုးသက်ရောက်မှု ရှိစေဖို့ ဓမ္မအဆောင်တွေ အသုံးပြုလို့ ရနိုင်တယ်”

ဝမ်ပေါင်လဲ့က နက်နဲစွာ တွေးနေရင်း ရုပ်သေးရုပ်များက အပြင်ဘက်သို့ လိုက်ပို့စဉ် ရုပ်ပျက်ဆင်းပျက်နှင့် လဲကျတော့မတတ် ဖြစ်နေသည့် လီရီနှင့် အဖွဲ့ကို တွေးမိသွားသည်။

“ အင်း၊ ဒါက ငါ လေ့လာရမဲ့ ခေါင်းစဉ်တစ်ခုပဲ။ နောက်တစ်ခါကျရင် ငါ စမ်းသပ်ချက်လုပ်ပြီးတော့ လူတွေရဲ့ စိတ်အခြေအနေပေါ်မှာ သက်ရောက်မှုရှိတဲ့ ဓမ္မအဆောင်တစ်ခု ဖန်တီးဖို့ အခွင့်အရေး ရှာရမယ်။ ကြည့်လိုက်တာနဲ့ လူတွေရဲ့ ရင်ထဲမှာ အကြောက်တရားတွေ ဝင်ရောက်သွားပြီး မတိုက်တော့ဘဲ လက်နက်ချသွားတာမျိုး။ အဲဒီ ဓမ္မအဆောင်နဲ့ဆို အားနည်းသူက အားကြီးသူကို အနိုင်ယူနိုင်လိမ့်မယ်”

ဝမ်ပေါင်လဲ့၏မျက်လုံးများမှာ တောက်ပနေသည်။ ဝိညာဉ်အမြစ်ရွာသို့ သွားခဲ့သည့် ခရီးမှ ဝမ်ပေါင်လဲ့သည် အမှန်တကယ်ပင် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်ဟု ခံစားရသည်။

ဝမ်ပေါင်လဲ့သည် တွေးတောပြီးနောက် တက်ကြွစွာ ကျင့်ကြံနေသည်။ တဖြည်းဖြည်းနှင့် ကောင်းကင်က လင်းလာသည်။ တရားကျင့်ကြံခြင်း ပြီးခါစ၊ နံနက်ခင်းတွင် သူ့ဂူရှေ့၌ လူအုပ်ကြီး ရောက်နေသည်ကို တွေ့လိုက်ရသည်။ ဧည့်သည်များက ဝင်လာမစဲ တသဲသဲဖြစ်နေသည်။ အထူးသဖြင့် ခရီးမှ ပြန်ရောက်လာကြသည့် ဓမ္မလက်နက်ဌာနမှ အာနာပါနအဆင့် ကျောင်းသားများ လာတွေ့ကြခြင်း ဖြစ်သည်။ ယခင်က သူတို့၏ ခရီးမှာ အလောတကြီး ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့နှင့် တွေ့ဆုံနှုတ်ဆက်ကာ ရင်းနှီးရန် အချိန်မရှိခဲ့ပေ။ ယခု သူတို့ပြန်ရောက်သည်နှင့် ချက်ချင်း လာနှုတ်ဆက်ကြခြင်း ဖြစ်သည်။

ဤသို့ လာရောက်ကြသည်မှာ ငါးရက်တိုင်တိုင် ကြာသွားသည်။ ပါမောက္ခထံမှ အဆင့်မြင့်ကျွန်းသို့ ဝင်ခွင့်စာကို လက်ခံရရှိသည့် အချိန်ကျမှ တိတ်ဆိတ်သွားတော့သည်။ ထိုသို့ဖြင့် သူက အထုပ်ပြင်ကာ တစ်နှစ်တာ နေထိုင်ခဲ့သည့် ဂူကို ကြည့်လိုက်ရင်း နောက်တစ်ဆင့်အတွက် မျှော်လင့်ခြင်းများ တိုးပွားလာသည်။

ခြောက်ရက်မြောက် မိုးသောက်ချိန်၌ အဆင့်နိမ့်ကျွန်းတစ်ခုလုံးတွင် မောင်းသံ ပျံ့နှံ့လာသည်။ ဤမောင်းသံကို နေရာတိုင်း၌ ကြားနေရပြီး ငါးမိနစ်ဆက်တိုက် မြည်ဟီးနေသည်။ မည်သည့်အလုပ်များ လုပ်နေသည်ဖြစ်ပါစေ အသံကြားသမျှ ကျောင်းသားတိုင်း အခန်းထဲမှ ထွက်လာကြသည်။ အသံကြားနေရဆဲအချိန်တွင် ဌာနအသီးသီးမှ အာနာပါနအဆင့် ကျောင်းသားများ ပါမောက္ခတောင်ထိပ်သို့ အပြေးသွားနေကြသည်ကို သူတို့ တွေ့လိုက်ရသည်။

“ သူတို့က အဆင့်မြင့် ကျွန်းကို သွားကြတော့မှာ….”

“ ငါတို့လည်း ဘယ်တော့ အဆင့်မြင့်ကျွန်းကို ဝင်ခွင့်ရမလဲ သိချင်လိုက်တာ ”

လျှိုတောက်ပင်းက ဓမ္မလက်နက်ဌာန အဆောက်အဦး အပြင်ဘက်တွင် ရပ်ကြည့်နေသည်။ ပါမောက္ခတောင်ထိပ်သို့ အပြေးသွားနေကြသည့် ပုံရိပ်များထဲမှ ဝမ်ပေါင်လဲ့၏ ပုံရိပ်ကို မှုန်ဝါးဝါး တွေ့နေရသည်။ အပြင်ပန်းအရ တည်ငြိမ်နေသော်လည်း သူ့နှလုံးသားမှာ ဝမ်းနည်းမှုများ ကြီးစိုးနေသည်။

“ ငါ ကြိုးကြိုးစားစား ကျင့်ကြံမှ ငါနဲ့ ကျောင်းသားခေါင်းဆောင်ကြားက အကွာအဝေးက အရမ်းကြီးမသွားမှာ၊ မဟုတ်ရင် ငါ သူ့ကို လိုက်မီနိုင်မှာ မဟုတ်ဘူး”

သူ့နောက်မှ တောင်ထိပ်ဖျားတွင် ဆရာမုတ်ဆိတ်ကလည်း ထွက်ကြည့်နေသည်။ သူသည်လည်း အဝေးမှ ဝမ်ပေါင်လဲ့၏ ဝါးတားတား ပုံရိပ်ကို ကြည့်နေခြင်း ဖြစ်ကာ သူ့အကြည့်ထဲတွင် အားပေးခြင်း၊ ကျေနပ်နှစ်လိုခြင်းများ ပျော်ဝင်နေသည်။ သူသည် ပုံရိပ်ယောင် စစ်ဆေးပွဲမှ ဝမ်ပေါင်လဲ့၏ သွေးများ ဖုံးလွှမ်းနေသည့် ပုံစံကို ပုံဖော်မြင်ယောင်နိုင်စွမ်း ရှိသေးသည်။

မှော်ဆေးရည်တောင်ထိပ်၌ ကျိုးရှောင်ရကလည်း အခန်းထဲမှ တိတ်တဆိတ် လမ်းလျှောက်ထွက်လာကာ ပါမောက္ခတောင်ထိပ်ကို ငေးကြည့်လိုက်သည်။ အချိန်အတော်ကြာ ကြည့်နေပြီးနောက် သူ့အမူအရာမှာ စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်နှင့်အတူ လွမ်းဆွတ်တမ်းတခြင်းများ ‌ရောယှက်နေသည်။ သူမသည် လက်သီးကို တင်းတင်းဆုပ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ အစ်ကိုပေါင်လဲ့၊ ညီမ အပ်လိုက်တဲ့ မှော်ဆေးနည်းကို စစ်ဆေးနေကြပြီ။ စစ်ဆေးမှု အောင်မြင်တယ်ဆို ညီမ အဆင့်မြင့်ကျွန်းကို ဝင်ခွင့်ရနိုင်တယ် ”

အဆင့်နိမ့်ကျွန်းမှ ကျောင်းသားပေါင်းများစွာ၏ အကြည့်အောက်ဝယ် ဝိညာဉ်မြစ်ရွာ၌ အာနာပါနအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် ဌာနအသီးသီးမှ ကျောင်းသားရာကျော်တို့က ပါမောက္ခတောင်ထိပ်တွင် စုဝေးလိုက်ကြသည်။ မကြာမီ ပါမောက္ခတောင်ထိပ်ရှိ ကွင်းပြင်ထဲသို့ ရောက်ရှိသွားကြသည်။

သူတို့သည် ဝိညာဉ်အမြစ်ရွာမှ ပြန်ရောက်လာကြသူများဖြစ်ပြီး အဆင့်မြင့်ကျွန်းသို့ ဝင်ရောက်ကြမည့် ပထမဆုံး အဖွဲ့ဖြစ်သည်။ တာအိုကျောင်းများ၏ ကိုယ်ပိုင် မှော်ဝင်နယ်မြေ၌ အာနာပါနအဆင့် တက်လှမ်းနိုင်သူများ၊ အစားထိုး စစ်ဆေးပွဲများ ဖြေဆို အောင်မြင်သွားကြသူများက ဒုတိယအသုတ် ဖြစ်သွားကြပေမည်။ သူတို့ကိုလည်း တစ်ဆက်တည်း အဆင့်မြင့်ကျွန်းသို့ ပို့ပေးမည် ဖြစ်သည်။

ယခု ဤကွင်းပြင်ထဲ၌ ကျောင်းသားရာချီ အသံမထွက်ဘဲ ရပ်နေကြသည်။ သူတို့၏ မျှော်လင့်ချက်အပြည့်နှင့် အကြည့်များမှာ ရှေ့တည့်တည့်ရှိ ပါမောက္ခဆီသို့ ရောက်နေကြသည်။

“ အဆင့်မြင့်ကျွန်း၊ ကျေးဇူးပြုပြီး တောင်တန်းတံခါးများ ဖွင့်ပေးပါ ”
ပါမောက္ခက လှည့်ကာ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့အသံမှာ မိုးကြိုးသွားအလား မြူခိုးများ ဝန်းရံထားသည့် အဆင့်မြင့်ကျွန်းဆီ ရောက်သွားသည်။

တခဏအတွင်း ကောင်းကင်မှာ ပြောင်းလဲသွားသည်။ လေပြင်းကျလာပြီး ကောင်းကင်ယံ၌ အော်မြည်သံကြီး ဟိန်းထွက်လာသည်။ အဆင့်မြင့်ကျွန်းပတ်လည်မှ မြူခိုးများကလည်း ကွဲလာသည်။ အလင်းတန်းတစ်သွယ်က တံတားတစ်စင်းအလား အဆင့်မြင့်ကျွန်း၏ မြူခိုးကြားမှ ထိုးထွက်လာကာ အဆင့်နိမ့်ကျွန်း ပါမောက္ခတောင်ထိပ်နှင့် ဆက်သွားသည့် အလင်းလမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

Comment

Leave a Reply

Options

not work with dark mode
Reset