Switch Mode

အခန်း ( ၉၄ )

ဂိုဏ်းတူဦးလေးပိုင်၊ ကျုပ်တို့က ခင်ဗျားဘက်ကလေ

“ဒီဘက်ခေတ်လက်ရွေးစင်တိုက်ပွဲတွေကတော့ဗျာ … အိမ်း…” ပွဲကြည့်စင်ပေါ်မှနေ၍ ဂိုဏ်းခေါင်းဆောင်ကျိန်းယွမ်သုန်သည် ခေါင်းကို အားကိုးရာမဲ့ခါရမ်းလိုက်ပြီး ဆိုသည်။ သူ၏ဘေးပတ်လည်ရှိဂိုဏ်းချုပ် များသည် ခပ်ယဲ့ယဲ့ပြုံးလိုက်ကြသည်။

လက်ရွေးစင်တိုက်ပွဲများသည် ဂုဏ်သိက္ခာရှိသော တိုက်ပွဲများဖြစ်ရမည်မှန်သော်လည်း ယခုအခါတွင်မူ ထိုကဲ့သို့ ဖြစ်မလာခဲ့ပေ။ ပြိုင်ပွဲစတင်စဥ်က အခြေအနေအားလုံးပုံမှန်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းကိုပြိုင်ပွဲအတွင်းသို့ ထည့်လိုက်ခြင်းတစ်ခုတည်းကပင် အရာအားလုံးကို ကမောက်ကမဖြစ်သွားစေလေသည်။

“ပိုင်ရှောင်ချန်း… နာမည်ကခေါ်လို့တော့အကောင်းသားကွ…ဒါပေမယ့် နည်းနည်းတောင် အရှက်မရှိဘူး ” အကြီးအကဲကျိုးသည် စိတ်ပျက်စွာရယ်လိုက်ပြီး လူအုပ်ကြားမှပိုင်ရှောင်ချန်းကို ကြည့်လိုက်ကာ တဖန်ဒေါသထွက်နေသော မြောက်ဘက်ဂိုဏ်းသားများဘက်သို့ ကြည့်နေလေ၏။

ထိုအချိန်တွင် ယန်ဝေ့တောင် မှ ဂိုဏ်းချုပ်အဘွားကြီးသည် တိတ်တဆိတ်ပြုံးလိုက်ပြီး “ထားလိုက်ပါ။ ပိုင်ရှောင်ချန်းဟာ ခပ်ဆိုးဆိုး၊ ခပ်နောက်နောက်ဖြစ်ရင်ဖြစ်မယ်။ သူ့ကိုယ်သူတော့ မြောက်ဘက်ဂိုဏ်းတစ်ခုလုံးရဲ့ ချဥ်ဖတ်ဖြစ်အောင်လုပ်နိုင်ခဲ့တာပဲ…။ ဒီတော့ ငါတို့လုပ်ရမှာက သူ့ကိုမြောက်ဘက်ဂိုဏ်းကိုရောက်အောင် နည်းလမ်းရှာပြီးပို့ဖို့ပဲ…။ ဒီလိုဆိုရင်တော့ သူနည်းနည်းလိမ္မာလာလိမ့်မပေါ့…”

အခြားအကြီးအကဲများ၏ မျက်လုံးများအရောင်လက်သွားလေ၏။ လီချင်းဟောက်တစ်ယောက်သာအခြားသူများနှင့်မတူ၊ အဘွားအိုကြီးကို ဂရုဏာသက်စွာကြည့်နေလေသည်။ ပိုင်ရှောင်ချန်းအကြောင်းကို သူကောင်းကောင်းသိသည်ဖြစ်သောကြောင့် အကယ်၍ပိုင်ရှောင်ချန်းတစ်ယောက်သာ မြောက်ဘက်အုပ်စုသို့ ပြောင်းရွေ့ခြင်းခံရပါမူ ကံဆိုးသူမောင်ရှင်က ပိုင်ရှောင်ချန်းမဟုတ်မည်မှာသေချာသည်။

အကြီးအကဲတစ်စုသည် အခြေအနေအရပ်ရပ်ကိုဆက်လက်သုံးသပ်နေဆဲမှာပင် တတိယမြောက်ပြိုင်ပွဲစတင်လေသည်။

ဝိညာဉ်စွယ်နှင့် ရွှီဆုန်တို့ယှဥ်ပြိုင်တိုက်ခိုက်ကြပြီး၊ ထို့အတူ ရှမ်ကွမ်းထျန်ယုံနှင့် ကုန်းစွန်းဝမ်အာတို့လည်း ယှဥ်ပြိုင်တိုက်ခိုက်ကြလေသည်။ သို့သော် တစ်ပွဲမှကြည့်မကောင်းပေ။၀ိညာဥ်စွယ်နှင့် ရှမ်ကွမ်းထျန်ယုံတို့နှစ်ယောက်လုံးက လုံးဝသန်မာသောကြောင့် ပြိုင်ဘက်ကိုအလွယ်တကူပင်အနိုင်ရကြလေသည်။

တောင်ဘက်နှင့်မြောက်ဘက်ဂိုဏ်းသားများ၊ ဂိုဏ်းခေါင်းဆောင်နှင့်အခြားအကြီးအကဲများအားလုံးက ပြိုင်ပွဲကျင်းပရာကွင်းပြင်သို့ အာရုံရောက်နေကြလေသည်။ ကွင်းထဲသို့ အေးစက်စက်မျက်နှာထားနှင့် ပထမဆုံးဝင်ရောက်လာသူမှာ ကုန်းစွန်းယွင်ဖြစ်သည်။ ခဏအကြာတွင် အစွမ်းထက်သူရဲကောင်းတစ်ယောက်ဟန်ပန်နှင့် ပိုင်ရှောင်ချန်းရောက်လာသည်။

ဒေါသတကြီးအော်ဟစ်နေရမည့်အစား မြောက်ဘက်ဂိုဏ်းသားများသည် သတ်တော့ဖြတ်တော့မည့်ပုံဖြင့် စိန်းစိန်းဝါးဝါးကြည့်နေကြလေသည်။ များစွာသောလူအုပ်က ထိုကဲ့သို့ကြည့်နေလေရာ ပိုင်ရှောင်ချန်းခမျာ လန့်၍ခုန်မိလေသည်။

ပိုင်ရှောင်ချန်းသည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး လက်ထဲတွင်ကား ကာမအားတိုးဆေးလုံးကိုကိုင်ထားလျက်က ကုန်းစွန်းယွင်ကိုမေးလိုက်သည် “ဘာလို့အရှုံးမပေးတာလဲ…”

ကုန်းစွန်းယွင်သည် မုန်းတီးမှုအပြည့်မျက်လုံးများနှင့် အေးစက်စွာပြန်ကြည့်နေသည်။ လက်ကိုဝှေ့ယမ်းလိုက်ကာ သူ၏ဝတ်ရုံထဲမှ များစွာသော အနက်ရောင်ပိုးကောင်များလွှတ်လိုက်လေသည်။ အနီရောင်ကင်းခြေများအချို့လည်း လျင်မြန်သောအဟုန်ဖြင့် မြေပေါ်သို့ထွက်ပြေးလာနေကြသည်။

များစွာသောပိုးကောင်များကိုမြင်ရသည်မှာ ကြက်သီးထစရာကောင်းလှပေ၏။

အေးဆေးသောအသံဖြင့် ကုန်းစွန်းယွင်သည် ပိုင်ရှောင်ချန်းကိုပါးစပ်ပိတ်သွားအောင်လုပ်လိုက်သည်။
“ငါ့ ပိုးကောင်တွေကို အဖိုနဲ့အမဆိုပြီး ခွဲခြားချင်ရင်တော့ ရတယ်။ ဒါပေမယ့် မင်းသိရမှာက သူတို့က သားရဲတိရစ္ဆာန်မဟုတ်တဲ့အတွက် မင်းရဲ့ဆေးလုံးတွေက သူတို့အပေါ်မှာ အသုံးဝင်လိမ့်မှာ မဟုတ်ဘူးဆိုတာပဲ”

ပိုးကောင်များ၏ နားကွဲလုမတတ်ဆူညံလှသော တဝီဝီမြည်သံများသည် လေထဲတွင်ပြည့်နေသည်။ ၎င်းတို့သည် ပင်လယ်ပြင်မှလှိုင်းလုံးကြီးများသဖွယ် ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာနေကြသည်။

ပိုးကောင်ပင်လယ်မှ ပိုးကောင်တကောင်ချင်းစီတွင် တိုက်ခိုက်မှုစွမ်းရည်အဆင့်တစ်ခုထိရှိသည်။ ၎င်းတို့ကို အကာအကွယ်ဒိုင်းကာများဖြင့်ခုခံနိုင်သော်လည်း ပိုးကောင်များအားလုံး၏အစွမ်းများ ပေါင်းလိုက်သောအခါ ဒိုင်းကာများဖြင့်မလုံလောက်တော့ပေ။ ပိုင်ရှောင်ချန်းတွက်ဆလိုက်သည်မှာ ဤပုံစံအတိုင်းဆိုလျှင် ကုန်းစွန်းယွင်ဘက်မှ အနည်းငယ်အသာစီးရနေလေသည်။

“မမိုက်မဲချင်စမ်းပါနဲ့ ကုန်းစွန်းယွင်…” ဖျော့တော့သောမျက်နှာဖြင့် အလျင်အမြန်ခုခံနေရင်းက ပိုင်ရှောင်ချန်းအော်ပြောလိုက်သည်။ “အခုချက်ချင်း အရှုံးပေးလိုက်ရင်ကောင်းမယ်… မင်းကိုငါမတိုက်ခိုက်ချင်ဘူး… မင်းလည်းသိမှာပါ။ ငါတိုက်ခိုက်လိုက်ပြီဆိုရင် ငါ့ကိုယ်ငါတောင် ကြောက်တယ်။ “
ကုန်းစွန်းယွင်က အေးစက်စက်ရယ်လိုက်သည်။ “ဘယ်သူအရင်သေမလဲစောင့်ကြည့်လိုက်ပါဦးကွာ… ငါ့ပိုးကောင်တွေကပဲ မင်းကိုအရိုးပေါ်အောင်အရင်စားမလား၊ ငါပဲအရင်သေမလား…” အထင်သေးသောအကြည့်ဖြင့်ကြည့်လိုက်ပြီး သူ၏လက်ကိုထပ်မံဝှေ့ယမ်းလိုက်ရာ နောက်ထပ်များစွာသော ပိုးကောင်လှိုင်းလုံးကြီးတစ်ခု ထပ်မံထွက်လာလေသည်။

တောင်ဘက်ဂိုဏ်းသားများသည် ကြောက်ရွံ့ခြင်း၊ အံ့အားသင့်ခြင်းအပြည့်ဖြင့် စောင့်ကြည့်နေကြသည်။ ကုန်းစွန်းယွင်အစွမ်းကြီးကြောင်းကို ပွဲကြည့်နေသောလူတိုင်းနီးပါး လက်ခံသိထားပြီးဖြစ်သည်။ ပိုးကောင်များကို ကျွမ်းကျင်စွာအသုံးချနိုင်ရုံမက သူသည်အစွမ်းထက်သောမှော်အတတ်များလည်း တတ်သေးသည်။ သူသည် ဝိညာဉ်စွယ်၏ တိုက်ကွက်အချို့ကိုယှဥ်ပြိုင်ခုခံနိုင်ခဲ့ပြီး ရှမ်ကွမ်းထျန်ယုံ ပင်လျှင် ဓားနှင့်သုံးကြိမ်တိုင် မောပန်းသည်အထိတိုက်ခိုက်စေခဲ့သည်။

မြောက်ဘက်ဂိုဏ်းသားများသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့်ပွဲကို ဆက်လက်ကြည့်နေကြသည်။

“သိပ်ကောင်းတယ် ဂိုဏ်းတူအကိုကုန်းစွန်း… ပိုင်ရှောင်ချန်းကိုအသေသာချ…”

“ဟားဟားဟား…. မင်းအခုတော့ဘာတတ်နိုင်သေးလဲ ပိုင်ရှောင်ချန်း…. ကြည့်ထားကွ… ဒီပိုးကောင်တွေက မင်းအသားထဲကို လှိုဏ်ခေါင်းဖောက်ပြီး မင်းကိုအရှင်လိုက် စားပစ်ကြမှာ…”

“မင်းတော့သေနေ့စေ့ပြီ ပိုင်ရှောင်ချန်း…” အလွန်အမင်းစိတ်လှုပ်ရှားနေကြသော မြောက်ဘက်ဂိုဏ်းသားများ တစ်ယောက်တစ်ပေါက်အော်ဟစ်နေကြသည်။ထို့အပြင် သူတို့၏ တိုက်ပွဲဝင်သားရဲကောင်များကလည်း သခင်များနည်းတူ စိတ်လှုပ်ရှားစွာ အူသံပေးနေကြလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုး‌ကောင်များ ပိုင်ရှောင်ချန်းရှေ့သို့ရောက်လာပြီး သူ၏အကာအကွယ်ဒိုင်းကာများကို အရှိန်ပြင်းပြင်းဝင်တိုက်ကာ ဒိုင်းကာများစုတ်ပြဲအောင်လုပ်နေကြသည်။ ဒိုင်းကာများသည် လျင်မြန်စွာပင်အရောင်များမှေးမှိန်လာကြလေသည်။

ထို့နောက် အနီရောင်ကင်းခြေများတပ်သည် ချက်ခြင်းရောက်ရှိလာပြီး သူ၏အကာအကွယ်များကိုပို၍အားနည်းသွားအောင် အဆက်မပြတ်တိုက်ခိုက်ကြသည်။ ပိုးကောင်အချို့သည် ဒိုင်းကာများကိုကိုက်စားရင်း ဒိုင်းကာထဲသို့ပင်ရောက်ရှိလာနေကြပြီဖြစ်သည်။

ပိုင်ရှောင်ချန်းသည် ကြောက်ရွံ့မှုကြောင့် ခေါင်းမီးများတောက်နေပြီဖြစ်ပြီး မျက်လုံးများကလည်း သွေးပျက်နေပြီဖြစ်ကြောင်းဖော်ပြနေသည်။

“ကုန်းစွန်းယွင်… မင်းကငါ့ကိုလာစမ်းနေတာပဲ…” ပိုင်ရှောင်ချန်းအနေဖြင့် သူ၏ထုတ်မသုံးလိုသောဝှက်ဖဲကိုထုတ်သုံးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိသောအခြေအနေသို့ရောက်ရှိနေလေပြီ။ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ဒိုင်းကာထဲသို့ စွမ်းအင်လှိုင်းတစ်ခုကိုထုတ်လွှတ်လိုက်ရာ ပိုးကောင်တချို့လွင့်ပျံသွားလေသည်။ ပိုးကောင်များသည် ပြန်လည်တိုက်ခိုက်ရန်လှည့်လာသောအခါ ကာမအားတိုးဆေးတစ်လုံးကို မြောက်ဘက်ဂိုဏ်းသားများဘက်သို့ ပစ်လိုက်လေသည်။

ဆေးလုံးသည် လေထဲတွင် ဝှီးခနဲအသံပေးလျက်ဖြတ်သွားပြီး ကွင်း၏မြောက်ဘက်ခြမ်းရှိပွဲကြည့်စင်အနီး လေထဲတွင် ဝှဲပျံနေသည်။ ဂိုဏ်းသားများသည် စိတ်ချောက်ခြား စွာငေးကြည့်နေကြစဥ်မှာပင် ပိုင်ရှောင်ချန်းသည် “ပေါက်ကွဲစမ်း…” ဟုအော်ဟစ်လိုက်သည်။

ကာမအားတိုးဆေးလုံးဝုန်းခနဲပေါက်ကွဲသွားသည်နှင့်တပြိုင်နက် ပြာအဖြစ်ပြောင်းလဲသွားပြီးနေရာအနှံ့ပျံ့ကျဲသွားလေသည်။ ပြာများသည် မြောက်ဘက်ဂိုဏ်းသားတစ်ဝက်ခန့်ကိုဖုံးလွှမ်းသွားလေသည်။

ကုန်းစွန်းယွင်၏မျက်လုံးအစုံသည် စိတ်ချောက်ခြားမှုကြောင့်ပြူးကျယ်လာလေသည်။

သူ၏ဆေးလုံးအစွမ်းက လူများအပေါ်သက်ရောက်မှုရှိသည်မရှိသည်မှာမူ မသေချာပေ။ သူဖော်စပ်ထားသော အံ့ဖွယ်ဆေးလုံးများကို သူကိုယ်တိုင်လည်းမစမ်းသပ်ရသေးပေ။ သို့သော်လည်း သူ၏ဆေးလုံးသည် တိရစ္ဆာန်များအပေါ်တွင် အတိုင်းအတာတစ်ခုအထိသက်ရောက်မှုရှိသည်ကိုတော့သူအသေအချာသိသည်။

မျက်စိတစ်မှတ်အတွင်းမှာပင် ကာမအားတိုးဆေးလုံး၏အကြွင်းအကျန်ပြာများသည် တိုက်ပွဲဝင်သားရဲကောင်များပေါ်သို့ကျလာလေသည်။ သားရဲကောင်များသည် ခေါင်းများကိုနောက်သို့လှန်ပြီး အူသံပေးနေကြလေ၏။ သူတို့၏ခန္ဓာကိုယ်များသည်ကြီးထွားလာပြီး၊ မျက်လုံးများသည် အနီရောင်ပြောင်းသွားလေ၏။ သူတို့သည် အမောတကောအသက်ရှူနေကြလေသည်။ ထိုအခါ သူတို့၏သခင်များသည်ထိတ်လန့်သွားကြပြီး နောက်ဆုတ်သွားကြလေသည်။

ခဏအတွင်းမှာပင် မြောက်ဘက်ဂိုဏ်းသားများသည် ကမှူးရှူးထိုးနှင့် အလုံးအရင်းထပြေးကြလေရာ မြောက်ဘက်ကွင်းပြင်တစ်ခုလုံး လူတစ်ယောက်မျှမကျန်ပဲရှိလေသည်။ သားကောင်ကိုလိုက်ရှာနေသော စိတ်လွတ်နေသည့်သားရဲကောင်များသာ ကွင်းထဲတွင်ကျန်ခဲ့လေ၏။

မြောက်ဘက်ဂိုဏ်းသားများသည် ရုတ်တရက် တိုင်ပင်ထားသကဲ့သို့ တညီတညွတ်တည်းအော်လိုက်ကြသည်မှာကား “ပိုင်ရှောင်ချန်း….!” ဟူ၍ဖြစ်သည်။

တချိန်တည်းမှာပင် ကုန်းစွန်းယွင်၏နဖူးပေါ်မှ ချွေးသည်းချွေးပေါက်များသည် ပုတီးလုံးများကဲ့သို့စီတန်း၍ ကျလာလေသည်။ ပိုးကောင်တာအိုပညာ ကို စတင်ကျင့်ကြံစဥ်ကတည်းက ယခုအချိန်ထိ ထိုကဲ့သို့ ချွေးသီး ချွေးပေါက်များ တစ်ခါမှမကျဖူးပေ။

ယခုမှာမူ သူသည်ဟောဟဲဆိုက်လို့ပင်မဆုံးသေး ပိုင်ရှောင်ချန်းသည် နောက်ထပ်ဆေးလုံးတစ်လုံးကိုထပ်၍ထုတ်နေလေသည်။ ပိုင်ရှောင်ချန်း ဆေးတစ်လုံးထပ်ထုတ်လိုက်သောအခါ စိတ်လွတ်နေသည့်သားရဲကောင်များသည် ကမှူးရှူးထိုးဖြစ်ကုန်ကြလေသည်။ ကုန်းစွန်းယွင်သည် ဤဆေးလုံးလေးတစ်လုံးကို ပေဟန်လဲ့ အပေါ်ဖြန့်ကျဲလိုက်ပြီးနောက် ဖြစ်လာသောကိစ္စရပ်များကို အဖြေရှာမရပေ။

“မင်း…”

ပြင်းထန်သော စိတ်ထင့်လေးမှုတစ်ရပ်ကို ခံစားလိုက်ရပြီး ကုန်းစွန်းယွင် တဆတ်ဆတ်တုန်လာလေသည်။ ပုံရိပ်များ သူ၏စိတ်တွင်ပေါ်လာပြီး နောက်သို့ယိုင်သွားလေသည်။ သူ၏ခြေထောက်များပင် တုန်လှုပ်၍နေလေပြီ။ ပိုင်ရှောင်ချန်းသည်သူ၏ဆေးလုံးများကို သူ့အပေါ်တွင်သုံးပြီးပြီဆိုပါက မည်သို့နေမည်ကို ကြိုတင်တွက်ဆထားပြီးဖြစ်သည်။ သားရဲကောင်များသည် သူ့ကိုခုန်အုပ်နေကြလေပြီ။

“မင်းကအရှုံးမှမပေးတာကိုး…” စိတ်ပျက်လက်ပျက်ဖြစ်နေသောပုံစံဖြင့် ပိုင်ရှောင်ချန်းကပြောသည်။ “ငါအခုလိုမလုပ်ချင်ပါဘူး…” ထိုသို့ပြောပြီး ပိုင်ရှောင်ချန်းသည် နောက်ထပ်ဆေးတစ်လုံးပစ်သွင်းရန် ဟန်ပြင်လိုက်သည်။

“ငါအရှုံးပေးပါပြီ…” ကုန်းစွန်းယွင်သည် ဘဝတစ်လျှောက်လုံး တစ်ခါမှမအော်ဖူးသည့်အသံနှင့် ရှိသမျှအသံကုန်ခြစ်၍ စီကနဲအော်ပြောလိုက်သည်။ ပရိသတ်ကြားထဲရောက်ပြီး လုံးဝဘေးကင်းသွားပြီဆိုမှ ပိုင်ရှောင်ချန်းကို ကြောက်ရွံ့စွာကြည့်နိုင်လေသည်။

“အိမ်း….” ကြောက်ရွံ့စွာပရိသတ်ကြားထဲပုန်းအောင်းနေရသောကုန်းစွန်းယွင်ကို ပိုင်ရှောင်ချန်းမြင်လိုက်ရသောအခါ ကျေနပ်အားရစွာဖြင့် မေးစေ့ကိုပွတ်သပ်နေလေသည်။ ထို့နောက် စိတ်လွတ်နေသောသားရဲတိရစ္ဆာန်များကိုမြင်လိုက်ရသောအခါ စိတ်ထဲမကောင်းဖြစ်သွားသည်။

သားရဲအများစုသည် အသံကုန်ခြစ်၍အူနေပြီး မျက်လုံးများကတော့ သူ့လက်ထဲရှိဆေးလုံးမှ လုံးဝမခွာကြပေ။ ထိုစဥ်မှာပင် ဆေးလုံးဆီသို့ တလှမ်းချင်းတိုး၍လာနေကြသည်။ ပိုင်ရှောင်ချန်း၏နဖူးမှချွေးသီး ချွေးပေါက်များကျလာပြီဖြစ်ပြီး သူသည် မြောက်ဘက်ဂိုဏ်းသားများဘက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်လေသည်။

သူသည် ရိုးရိုးသားသားလှည့်ကြည့်လိုက်သော်လည်း မြောက်ဘက်ဂိုဏ်းသားများ၏ရင်ထဲမှာမူ ကြောက်ရွံ့မှုကြောင့် ဗလောင်ဆူသွားလေသည်။

ပိုင်ရှောင်ချန်းသည် တစ်ခြားဘက်သို့ လှည့်ကြည့်လိုက်ပြန်သည်။ သို့သော် သူကြည့်မိသည့်နေရာတိုင်းတွင်လူသူကင်းမဲ့သွားသည်ကို သတိပြုမိလိုက်လေသည်။ လူတိုင်းသည် ကြောက်ရွံ့ထိတ်လန့်စွာထွက်ပြေးနေကြပြီး အော်မိအော်ရာကို အော်ဟစ်နေကြလေသည်။

နောက်ဆုံးတွင် သူသည် တောင်ဘက်ဂိုဏ်းသားများရှိရာဘက်သို့ငေးကြည့်နေလေ၏။

ချက်ခြင်းပင် တောက်ဘက်ဂိုဏ်းသားများသည် ခေါင်းနပန်းကြီးသွားကြပြီး နောက်သို့ဆုတ်သွားကြလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဂိုဏ်းသားအားလုံး နောက်သို့ သုံးဆယ်မီတာခန့်ဆုတ်သွားကြလေသည်။

“ကျုပ်တို့က ခင်ဗျားဘက်ကလေ ဂိုဏ်းတူဦးလေးပိုင်….” လူများသည် အော်ဟစ်ငိုကြွေးနေကြသည်။ ” ခင်ဗျားဘက်ကပါဗျ…”

ဝိညာဉ်စွယ်နှင့် ရှမ်ကွမ်းထျန်ယုံပင် နောက်သို့ဆုတ်သွားကြလေသည်။ သူတို့၏မျက်နှာများတွင်စိတ်ချောက်ခြားမှုကပေါ်လွင်နေသည်။

ဟိန်းဟောက်သံများပေးကာ စိတ်လွတ်နေသောသားရဲကောင်များသည် ရှေ့ကိုတိုးလာနေကြသည်။ သူတို့၏မျက်လုံးများသည် ကြက်သွေးရောင်သန်းနေပြီး ပါးစပ်မှသားရည်တမြားမြားကျကာ ပိုင်ရှောင်ချန်းဘက်သို့ ဦးတည်လာနေကြသည်။

“ငါဘာလုပ်ရမလဲ…” ပိုင်ရှောင်ချန်းတွေးလိုက်သည်။ “ငါဘာလုပ်ရမလဲ… ငါမင်းတို့ကိုအရှုံးပေးဖို့မပြောခဲ့ဘူးလား… ငါ့တိုက်ကွက်တွေကို ငါကိုယ်တိုင်တောင်ကြောက်မိပါတယ်လို့ မင်းတို့ကိုငါမပြောခဲ့ဘူးလား…”

ဖြစ်လာသောကိစ္စများအတွက် သူ့တွင်အပြစ်မရှိကြောင်း သိသော်လည်း ပိုင်ရှောင်ချန်းသည် အံကြိတ်ကာမြောက်ဘက်ဂိုဏ်းသားများဘက်သို့ လှမ်းကြည့်လိုက်သည်။ “မင်းတို့တွေ ငါ့ခေါင်းအတွက်ဆုလာဘ်တစ်စုံတစ်ရာပေးမယ်လို့သာကြေညာလိုက်ကြပါတော့ကွာ…”

တုန်လှုပ်ခြောက်ခြားနေသော မြောက်ပိုင်းဂိုဏ်းသားတစ်ယောက်မျှပင် ပိုင်ရှောင်ချန်းနှင့် မျက်လုံးချင်းဆုံ၍မကြည့်ရဲပေ။

ပိုင်ရှောင်ချန်း၏ရင်ဘတ်တစ်ခုလုံးလည်းတဒိန်းဒိန်းခုန်နေလေသည်။ သူ့ကိုယ်သူကောင်းမွန်စွာနေမည်ဟု စိတ်နှလုံးသွင်းထားခဲ့သည့်အလျောက် ယခုကဲ့သို့ ဆေးလုံးကိုကြုံသလိုပစ်လိုက်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ စိုးရိမ်ကြောင့်ကြမှုများသူ၏စိတ်ထဲတွင်ဖြစ်ပေါ်လာသည်။ ပို၍များပြးလာသော စိတ်လွတ်နေသည့် သားရဲများကို စိုက်ကြည့်နေမိပြီး ကောင်းကင်ပေါ်သို့မော့ကြည့်မိရာ ခံ့ညားပြီးကျက်သရေရှိလှသော အကြီးအကဲကျိုး၏ ဖီးနစ်ငှက်ကို သတိထားမိလိုက်လေသည်။

သူ၏မျက်လုံးများအရောင်တောက်လာပြီး ဘာမှထပ်မစဥ်းစားတော့ပဲ သူ၏ဆေးလုံးကို ဖီးနစ်ငှက်ဆီသို့ အားကုန်ပစ်ပေးလိုက်သည်။ ဆေးလုံးသည် လေကိုခွင်း၍သွားသော အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားလေသည်။

ဖီးနစ်ငှက်သည် ပိုင်ရှောင်ချန်း၏ကံဆိုးမိုးမှောင်ကျနေမှုများကို စိုက်ကြည့်နေခြင်းသာဖြစ်ပြီး ဆေးလုံးသူ့ဆီသို့ဦးတည်ပျံသန်းလာနေသည်ကိုပင် သတိမထားမိပေ။ ၎င်းသတိထားမိလိုက်သောအခါ သူ့အတောင်များကို လုံးဝဖြန့်ကျက်လိုက်ပြီး စီကနဲအသံတစ်ခုကိုပြုလုပ်လိုက်လေသည်။ ၎င်းရှောင်တော့မည့်ဆဲဆဲမှာပင် ဆေးလုံးမှာပေါက်ကွဲသွားပြီး ဖီးနစ်ငှက်၏ကိုယ်ပေါ်တွင် ဆေးမှုန့်များဖုံးလွမ်းသွားလေသည်။

ဖီးနစ်ငှက်သည် အောက်တွင်ကျယ်လောင်စွာအူမြည်နေသော သားရဲကောင်များကိုငုံ့ကြည့်နေလေသည်။ သားရဲများ၏မျက်လုံးများသည် ဖီးနစ်ငှက်ကို တိုက်ခိုက်ရန်အတွက် လေပေါ်သို့ ပျံလာ၍ရလျင်ပျံသန်းခုန်အုပ်တော့မည့်ဟန် ပြင်းပြနေကြသည်။

ဂိုဏ်းခေါင်းဆောင်နှင့်အခြားအကြီးအကဲများလည်းယခုမှ သက်ပြင်းချနိုင်ကြတော့၏။ ပွဲကြည့်စင်၏အစွန်းဘက်တွင်စုဝေးကာ အောက်တွင်ဖြစ်ပျက်နေသမျှကို မျက်ခြေမပြတ်စောင့်ကြည့်နေကြလေသည်။

ထိုအချိန်တွင် အကြီးအကဲတစ်ယောက်က “ပရိသတ်ကိုတိုက်ခိုက်တာဟာ စည်းမျဥ်းနဲ့ညီသလား… စည်းမျဥ်းကိုချိုးဖောက်ရာကျသလား…” ဟု မေးခွန်းထုတ်လိုက်လေသည်။

သို့သော် ထိုအချိန်တွင်မည်သူမျှစည်းမျဥ်းကို ဂရုပြုမိဟန်မတူပေ။ သူတို့အားလုံးသည် မြောက်ဘက်ခြမ်းပွဲကြည့်စင်ဘက်၏ စိတ်လွတ်နေသောသားရဲများစုဝေးနေရာသို့ အာရုံရောက်နေကြသည်။ မြောက်ဘက်ခြမ်း၏ ဂိုဏ်းချုပ်သုံးဦးသည် သားရဲအုပ်ထဲရှိတစ်ကောင်သော သားရဲအပေါ်တွင်အာရုံစိုက်နေကြလေသည်။

ထိုသားရဲသည် သားမင်တစ်ကောင်နှင့်တူပြီး ကာမအားတိုးဆေး၏အရှိန်ကြောင့် ကောင်းကင်ပေါ်သို့လှမ်းကာ အူနေလေသည်။

“အရင်က ငါတို့ထင်ထားတာ ဆေးလုံးရဲ့အာနိသင်ဟာ အဆင့်သုံးသွေးမျိုးဆက် သားရဲတွေပေါ်မှာပဲသက်ရောက်စေတယ်လို့ပဲ… အဆင့်နှစ်သွေးမျိုးဆက် တွေအပေါ်မှာ သက်ရောက်စေမယ်လို့တော့ စိတ်တောင်မကူးဖူးဘူး…”

“ဒီဆေးလုံးဟာ ငါတို့မြောက်ဘက်ဂိုဏ်းသားတွေအတွက်အတော့်ကိုအသုံးဝင်မှာပဲ…” မြောက်ပိုင်း၏ဂိုဏ်းချုပ်သုံးဦးသည် အံ့သြတကြီးပြောဆိုနေကြသည်။ အဘွားကြီးသည် ဖီးနစ်ငှက်ဆီသို့ဦးတည်ကာ သူမ၏ညာဘက်လက်ညှိုးကိုဝှေ့ယမ်းလိုက်လေသည်။

ချက်ခြင်းပင် ဖီးနစ်ငှက်သည် ၎င်း၏ဘေးရှိအားကောင်းသောဆွဲအားတစ်ခုက ရစ်ပတ်ကာဆွဲချလိုက်သကဲ့သို့ တဆတ်ဆတ်တုန်ကာ ပွဲကြည့်စင်ပေါ်သို့ကျလာသည်။ တချိန်တည်းမှာပင်သားရဲများသည် ကျယ်လောင်စွာအော်မြည်ကာ အောက်သို့ကျကုန်ကြလေသည်။

အဘွားကြီးသည်အေးစက်စွာအသက်ရှူလိုက်ပြီး သားရဲကောင်များကိုငုံ့ကြည့်နေလေရာ သားရဲများသည် ငိုကြွေးနေသံဖြင့်အူနေကြလေတော့သည်။ နောက်ထပ်ဆွဲအားတစ်ခုက သားရဲများကိုသူမဆီသို့ဆောင်ယူလာပြီး သူမ၏ဝတ်ရုံလက်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset