ဒုတိယတိုက်ပွဲကွင်းပြင်တွင် ဝိညာဥ်စွယ်သည် လေထဲသို့လက်ချောင်းများကို ဒုတိယအကြိမ် ဝှေ့ယမ်းလုဆဲဆဲဖြစ်၏။ သူ၏လက်ချောင်းများကိုဝှေ့ယမ်းရုံဖြင့် လူတော်တော်များများကို အနိုင်တိုက်နိုင်သော်လည်း ကုန်းစွန်းယွင်ကိုတော့ မနိုင်။
ကုန်းစွန်းယွင်ကမူ နောက်သို့အလျင်အမြန်ဆုတ်ခွာလိုက်ပြီး အရှုံးပေးပြီဖြစ်ကြောင်း အော်ပြောလိုက်သည်။ သူ့အနေဖြင့် ဝိညာဥ်စွယ်၏ လက်တိုက်ကွက်ကို တကြိမ်အထိကောင်းကောင်းခုခံနိုင်သော်လည်း ထပ်မံ၍ခုခံဖို့ကြိုးစားလျှင်မူ ဒဏ်ရာအကြီးအကျယ်ရသွားနိုင်လေသည်။ ပထမနေရာကိုမရနိုင်တော့သည့်တိုင်အောင် ဒုတိယနေရာသည်လည်းသိပ်မဆိုးလှဟု သူတွေးလိုက်မိ၏။
ဝိညာဥ်စွယ်ကို ဂါရဝပြုကာ တိုက်ပွဲကွင်းပြင်မှ ထွက်လာခဲ့လေ၏။ ထို့နောက်ကုန်းစွန်းဝမ်အာဘက်သို့ ဖျက်ခနဲလှည့်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားသည်။
ဝိညာဥ်စွယ်သည် ပြိုင်ပွဲကွင်းပြင်မှ သူရပ်နေသည့်နေရာသို့ အေးဆေးတည်ငြိမ်စွာပြန်လာခဲ့လေသည်။
ပိုင်ရှောင်ချန်းနှင့်သူ၏အကာအကွယ်ပစ္စည်းများကို တွေ့လိုက်ရသောအခါ သူ၏မျက်နှာတွင်အထင်သေးသောအကြည့်များပေါ်ထွက်လာလေ၏။
တောင်ဘက်ဂိုဏ်းသားပရိသတ်များသည် ပြိုင်ပွဲကျင်းပရာကွင်းပြင်မှမျက်နှာလွှဲထားကြလေ၏။ သူတို့အားလုံးရှက်ကိုးရှက်ကန်းဖြစ်နေကြပြီး မြောက်ပိုင်းအုပ်စုကို အားတုံ့အားနာဖြစ်နေကြသည်။
မြောက်ဘက်ဂိုဏ်းသားများသည် အလွန်သွေးပျက်နေကြလေပြီ…။
ကုန်းစွန်းဝမ်အာသည် သူမစဥ်းစားလို့ရသမျှတိုက်ကွက်ပေါင်းစုံကိုထုတ်သုံးကာ ပိုင်ရှောင်ချန်းကိုတကွက်ပြီးတကွက်တိုက်ခိုက်နေလေ၏။ သူမသည် မရေမတွက်နိုင်အောင်များပြားသော ဂမ္ဘီရအစွမ်းများနှင့် မှော်ပညာရပ်တို့ဖြင့် အဆက်မပြတ်တိုက်ခိုက်နေသော်လည်း ပိုင်ရှောင်ချန်း၏အကာအကွယ်ပစ္စည်းများကိုမထိုးဖောက်နိုင်ချေ။
သူ့တွင်နောက်ဆုံးကျန်သော အကာအကွယ်မှာအနက်ရောင်လက်ကောက် ဖြစ်သည်။ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတယောက်ကိုပင် ကာကွယ်ပေးနိုင်သည့် အသက်ကယ်မှော်ပစ္စည်းဖြစ်သည်။ အမွှေးတိုင်တတိုင်ထွန်းစာလောက်အကြာတွင် ကုန်းစွန်းဝမ်အာသည် သွေးများပွက်ပွက်အန်လာပြီး မြေပြင်သို့လဲကျသွားကာ ပိုင်ရှောင်ချန်းကို စိတ်ပျက်လက်ပျက်ဖြင့်ကြည့်နေလေ၏။
ကုန်းစွန်းဝမ်အာသည် သူမ၏ဖီးနစ်ငှက်ကို ဆင့်ခေါ်ရန်ဟန်ပြင်နေစဥ် ပိုင်ရှောင်ချန်းသည် ရုတ်တရက်ဆေးလုံးတလုံးကိုထုတ်လိုက်ပြီး လက်ထဲတွင်ကိုင်မြောက်ကာ သူမကိုကြည့်နေလေ၏။
ဒေါသတကြီးဖြင့် ကုန်းစွန်းဝမ်အာသည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ…
“အရှုံးပေးတယ်…” မပေးချင်၊ ပေးချင်ဖြင့် အရှုံးပေးလိုက်လေ၏။
လက်ကိုပိုက်လျက်အောင်နိုင်သူတယောက်၏ဟန်ပန်ဖြင့် ပိုင်ရှောင်ချန်းက
” ကျုပ်ကိုအနိုင်ပေးလိုက်တာဟာ တော်တော်အမြော်အမြင်ရှိတဲ့လုပ်ရပ်ပဲ…။ ကျုပ်ကိုဆက်မတိုက်ခိုက်စေတာရောပေါ့…။”
သူ့စကားများကိုကြားလိုက်ရသောအခါ တောင်ဘက်ဂိုဏ်းသားများ၏မျက်လုံးအိမ်များမှ မျက်ရည်များစီးကျလာလေ၏။ ကုန်းစွန်းဝမ်အာသည် အင်မတန်မှစိတ်ဆိုးနေပြီး တဆတ်ဆတ်တုန်နေသည်။ အံကိုတင်းတင်းကြိတ်ကာ ပြိုင်ပွဲကွင်းပြင်မှထွက်လာခဲ့လေ၏။
တချိန်တည်းမှာပင် ရှမ်ကွမ်းထျန်ယုံ နှင့် ရွှီဆုန်တို့၏တိုက်ပွဲသည်လည်း အဖြေပေါ်နေပြီဖြစ်သည်။ ရှမ်ကွမ်းထျန်ယုံ ၏ဓားကျလာပြီး ပြင်းထန်သောအလင်းရောင်များ ပျံ့လွင့်သွားသည်။ ရွှီဆုန်၏သားရဲငါးကောင်မှာလည်း အခြေအနေမဟန်ဖြစ်နေပြီး ရွှီဆုန်ကိုယ်တိုင်ပင် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ရှောင်နေရကာ ရှမ်ကွမ်းထျန်းယုံကို လေးစားသောအကြည့်ဖြင့်ကြည့်နေ၏။
“စိတ်စွမ်းအင်ဓားခန္ဓာကိုယ်တွေဟာ တော်တော်အစွမ်းထက်တာပဲ…” ပြောရင်းသွေးများအန်လာလေ၏။ နောက်ဆုံးတွင် ပြိုင်ပွဲကွင်းပြင်မှ လှည့်ထွက်သွားလေတော့သည်။
ရှမ်ကွမ်းထျန်ယုံ သည် တုံ့ပြန်ခြင်းမရှိ။ အရောင်တောက်နေသောမျက်လုံးများဖြင့် သူ၏ပြိုင်ဘက်အစစ်အမှန်ဖြစ်သော ဝိညာဥ်စွယ်ကိုသာလှမ်းကြည့်နေလေ၏။
“သူလည်း ငါ့လိုမျိုးတွေးမိမှာပဲ…” သူကတွေးလိုက်သည်။ “တခြားဂိုဏ်းသားတွေနဲ့ယှဥ်ပြိုင်တိုက်ခိုက်နေရတာပျင်းစရာပဲလို့…” ရှမ်ကွမ်းထျန်းယုသည် သူ၏ဓားကိုပြန်သိမ်းလိုက်ပြီး ပိုင်ရှောင်ချန်းကိုတချက်ကြည့်လိုက်သည်။ သူ၏အကာအကွယ်ပစ္စည်းများကိုတွေ့လိုက်ရသောအခါ အထင်သေးသည့်အနေဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး တောင်ဘက် ဂိုဏ်းသားများဝန်းရံကာ ပြိုင်ပွဲကွင်းပြင်မှထွက်လာခဲ့လေ၏။
တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းသည် ဂုဏ်ယူစွာဖြင့် သူ့နေရာသို့ပြန်လာနေလေ၏။
တတိယမြောက်ပွဲစဥ်၏ ပထမတသုတ်ယှဥ်ပြိုင်မှုပြီးဆုံးသွားလေပြီ။ အနိုင်ရသူများမှာ ဝိညာဥ်စွယ်၊ ရှမ်ကွမ်းထျန်ယုံနှင့် ပိုင်ရှောင်ချန်းတို့ပင်ဖြစ်သည်။ ရွှီဆုန်နှင့် ကုန်းစွန်းမောင်နှမတို့ကတော့ အရှုံးနှင့်သာ အိမ်ပြန်ရတော့ပေမည်။
ပရိသတ်အများစုသည် ရှမ်ကွမ်းထျန်ယုံ နှင့် ဝိညာဥ်စွယ်တို့၏ အောင်ပွဲများကို သိပ်အာရုံမထားကြ။ သူတို့အာရုံရောက်နေသည်မှာ ပိုင်ရှောင်ချန်း၏ ဆက်တိုက်အရှက်မရှိယှဥ်ပြိုင်မှုများပင်ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် ပြိုင်ပွဲတခုလုံးရှိလူများ၏ စိတ်အာရုံကိုဖမ်းစားထားနိုင်သည်။ သူသည် ဂိုဏ်းတခုလုံးအပေါ်သက်ရောက်မှုရှိနေသည်မှာ ယုံနိုင်စရာပင်မရှိချေ။
မြောက်ဘက်ဂိုဏ်းသားများသည် လက်သီးများဆုပ်၊ အံများကြိတ်ကာ ပိုင်ရှောင်ချန်းကိုစိုက်ကြည့်နေကြသည်။ လူထောင်ပေါင်းများစွာက သူ့ကိုစိုက်ကြည့်နေသော်လည်း ပိုင်ရှောင်ချန်းသည် နှာခေါင်းကိုကုတ်ကာ ဘာမှမသိသလို ဟန်ဆောင်နေလေ၏။
ကုန်းစွန်းဝမ်အာသည် အလွန်ဒေါသထွက်နေပြီး တဆတ်ဆတ်တုန်နေလေ၏။ သူမ၏အကိုဖြစ်သူ ကုန်းစွန်းယွင်က သူမနားသို့ကပ်၍ တစုံတခုပြောလိုက်ရာ သူမသည် အံကိုတင်းလျက် တင်ပျဥ်ခွေထိုင်ပြီးလျှင် သူမ၏ အတွင်းအားများကိုပြန်လည်စုစည်းနေလေ၏။
ပြိုင်ပွဲသည် အမွှေးတိုင်သုံးတိုင်ထွန်းစာမျှ ရပ်နားပြီးနောက် တတိယမြောက်ပွဲစဥ်၏ ဒုတိယပိုင်းကိုစတင်လေသည်။
ပထမအုပ်စုတွင် ဝိညာဥ်စွယ်နှင့် ကုန်းစွန်းဝမ်အာတို့ယှဥ်ပြိုင်ရလေသည်။ ပြိုင်ပွဲကွင်းပြင်ထဲသို့ရောက်ပြီး ဝိညာဥ်စွယ်ကိုမြင်ရသည်နှင့် ကုန်းစွန်းဝမ်အာသည်အရှုံးပေးလိုက်လေ၏။ သူမ၏နောက်လာမည့် တိုက်ပွဲများအတွက် ထိခိုက်ဒဏ်ရာရ၍မဖြစ်ပေ။
ကုန်းစွန်းဝမ်အာအရှုံးပေးသွားပြီဖြစ်သောကြောင့် ဝိညာဥ်စွယ်သည်ထပ်မံအနိုင်ရသွားပြန်လေပြီ။
ထိုစဥ် ဒုတိယအုပ်စုတွင် ရှမ်ကွမ်းထျန်ယုံ နှင့် ကုန်းစွန်းယွင်တို့ အကြိတ်အနယ်တိုက်ခိုက်နေကြသည်။ ကုန်းစွန်းယွင်၏ ဝတ်ရုံလက်ထဲမှ ပိုးကောင်များထွက်လာပြီး ရှမ်ကွမ်းထျန်ယုံကိုတဟုန်ထိုးတိုက်ခိုက်ကြလေ၏။
ရှမ်ကွမ်းထျန်ယုံသည် အေးဆေးစွာပင် ညာဘက်လက်ကိုဝှေ့ယမ်းလိုက်ရာ ချီစွမ်းအင်များပြည့်ဝနေသောဓားပျံတချောင်းထွက်လာလေ၏။
ဒုတိယအုပ်စု၏ပြိုင်ပွဲသည် လူအများရင်သပ်ရှုမောကြည့်ရမည့်ပွဲဖြစ်သည်။ သို့သော် တောင်ဘက်နှင့်မြောက်ဘက်ဂိုဏ်းသားအများစုသည် တတိယအုပ်စု၏ ယှဥ်ပြိုင်တိုက်ခိုက်မှုအပေါ် အာရုံရောက်နေကြသည်။
တတိယအုပ်စုတွင်မူ ဘဝင်မြင့်နေသောပိုင်ရှောင်ချန်းနှင့် ရွှီဆုန်တို့ ယှဥ်ပြိုင်တိုက်ခိုက်နေကြသည်။
ရွှီဆုန်သည် ပိုင်ရှောင်ချန်းကို အေးစက်စက်ကြည့်ပြီးပြုံးလိုက်သည်။
“မင်းဟာ ဆေးဝါးနဲ့အကာအကွယ်ပညာရပ်တွေမှာ တော်တယ်လို့ကြားတယ်…။ အခုတော့ ငါနဲ့တွေ့ရပြီဆိုတော့ မင်းသေနေ့စေ့တဲ့နေ့ပဲ…။” ထိုသို့ပြောပြီး သူ၏လက်ကိုလေထဲတွင် ကြမ်းကြမ်းတမ်းတမ်းဝှေ့ယမ်းလိုက်ရာ အက်ကွဲသည့်အသံများထွက်လာပြီး သားရဲသုံးကောင်လေထဲမှခုန်ထွက်လာ၏။ သုံးမီတာခန့်ရှည်သောမျောက်ဝံတကောင်၊ ကြီးမားလှသော ကျားကြီးတကောင်နှင့် ဧရာမလင်းနို့တကောင်တို့ဖြစ်လေ၏။
သားရဲများသည် ချီစုစည်းမှုအဆင့်ကိုးရှိသောလူတယောက်ကိုပင်ကြေမွသွားအောင်လုပ်ပစ်နိုင်သော အင်အားပြင်းစွမ်းအင်များ ထုတ်လွှတ်နေလေ၏။
“ကောင်းပြီပိုင်ရှောင်ချန်း…။ မင်းရဲ့အကာအကွယ်တွေက ကျုပ်သားရဲတွေရဲ့ တရစပ်တိုက်ခိုက်မှုကို တောင့်ခံနိုင်မလား စောင့်ကြည့်ကြတာပေါ့…။” ရက်စက်စွာပြုံးလိုက်ပြီး တိုက်ခိုက်ရန်ပြင်လိုက်လေသည်။
“ခင်ဗျားအရှုံးပေးလိုက်ရင်ကောင်းမယ်…။” ပိုင်ရှောင်ချန်းကဆိုသည်။ သူသည် ကာမအားတိုးဆေးတလုံးထုတ်လိုက်ပြီး ရွှီဆုန်အားသနားသည့်အကြည့်ဖြင့်ကြည့်သည်။
မြောက်ပိုင်းဂိုဏ်းသားများသည် ဒေါသတကြီးလက်သီးလက်မောင်းတန်း အော်ဟစ်နေကြသည်။
“ဒီကောင် ဒီလိုထပ်ပြောပြန်ပြီကွ…”
“ပိုင်ရှောင်ချန်းကိုသတ်ပစ်…”
ရွှီဆုန်သည် ပိုင်ရှောင်ချန်းလက်ထဲမှဆေးလုံးကိုမြင်သောအခါ ခေါင်းကိုနောက်ပစ်ပြီး ဟက်ဟက်ပက်ပက်ရယ်သည်။ ပျက်ရယ်ပြုသည့်ဟန်ဖြင့် သူက “မင်းဒီလိုမျိုး အရှက်မရှိဆေးလုံးသုံးပြီးပြိုင်မယ်ဆိုတာ ကျုပ်သိပြီးသားပါ…။ ကျုပ်က မပြင်ဆင်ပဲလာပြိုင်မယ်ထင်လို့လား…။ ဒီသားရဲသုံးကောင်ကို မင်းအတွက်သီးသန့်ဖယ်ထားတာကွ…။ သူတို့အားလုံးက အမတွေပဲ…။”
ထိုအချက်ကြောင့်ပင် ရွှီဆုန်တယောက် အလွန်ယုံကြည်မှုရှိနေခြင်းဖြစ်သည်။ နောက်ဆုံးတွင်တော့ မြောက်ဘက်ဂိုဏ်းအတွက် လက်စားချေပေးနိုင်တော့မည်ဟုလည်း ယုံကြည်နေလေ၏။
မြောက်ဘက်ဂိုဏ်းသားများ ထိုစကားကိုကြားသောအခါ အလွန်စိတ်အားတက်ကြွလာကြပြီး ရွှီဆုန်ကို အားပေးနေကြလေသည်။
ပိုင်ရှောင်ချန်း အသက်ရှုရပ်သွားလေ၏။ သူ့မျက်လုံးများတွင် တစုံတခုကိုတွေးနေဟန်တူသည်။ တခဏမျှကြာပြီးနောက် ရွှီဆုန်ဖက်သို့ပြန်လှည့်ကြည့်ကာ သနားသောအကြည့်ဖြင့်ကြည့်လျက် “ဒီဆေးလုံးဟာ တိရစ္ဆာန်တွေအပေါ်မှာတင်မဟုတ်ဖူး…။ လူတွေအပေါ်မှာလည်းသုံးလို့ရတယ်…။”
ထို့နောက် ရွှီဆုန်၏ သားရဲအမသုံးကောင်ဘက်သို့ လှည့်ကြည့်လိုက်လေ၏။
သူ၏စကားများသည် မြောက်ဘက်ဂိုဏ်းသားများကို တိတ်ဆိတ်သွားစေ၏။ သူတို့သည် ထိတ်လန့်စွာငေးကြည့်နေကြပြီး သူတို့၏စိတ်ထဲတွင် ကြောက်လန့်ဖွယ်ရာတခုခုဖြစ်လာတော့မည်ကိုမြင်ယောင်နေကြသည်။
ရွှီဆုန်သည် မျက်လုံးများပြူးကျယ်လာပြီး သူ၏စိတ်ထဲတွင်လည်း ဗလောင်ဆူနေလေပြီ။ ပေဟန်လဲ့နှင့် ကုန်းစွန်းဝမ်အာတို့မည်သို့မည်ပုံရှုံနိမ့်ခဲ့ရကြောင်း ကြားသိထားရသည့်အတွက် အနည်းငယ်လည်းစိုးရိမ်လာလေပြီ။ အကယ်၍ ပိုင်ရှောင်ချန်းပြောသည်မှာ အမှန်ပင်ဖြစ်လျှင်၊ အကယ်၍ ကာမအားတိုးဆေးလုံးသည် လူများအပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိလျှင်၊ အကျိုးဆက်မှာ ဆက်ပင်မတွေးရဲတော့ပေ။ သူသည် ဆက်မတွေးနိုင်တော့ပဲ သူ၏သားရဲသုံးကောင်နှင့် ဝေးရာသို့ခပ်ခွာခွာနေလိုက်လေ၏။ သားရဲသုံးကောင်သည်လည်း သွေးပျက်တုန်လှုပ်နေသော သူတို့သခင်ရွှီဆုန်ကိုကြည့်ပြီး လှုပ်လှုပ်ရွရွဖြစ်လာလေသည်။
ထပ်မံတုန့်ဆိုင်းမနေတော့ပဲ ရွှီဆုန်သည် သူ၏သားရဲများကို အဝေးသို့မောင်းထုတ်လိုက်လေ၏။ ပိုင်ရှောင်ချန်းသည် ကြွားဝါပြောဆိုနေခြင်းဟုတ်မဟုတ်ကို လောင်းကြေးမထပ်ဝံ့ပေ။ ပိုင်ရှောင်ချန်း လိမ်ညာပြောနေခြင်းသာဖြစ်သည်ဟု သူထင်သော်လည်း မရင်းဝံ့ပေ။
တုန်လှုပ်နေသောရွှီဆုန်သည် သားရဲများကိုသိမ်းလိုက်သောအခါ ပိုင်ရှောင်ချန်းသည် ရှေ့ကိုပိုတိုးလာလေသည်။ သူ၏အကာအကွယ်ပစ္စည်းများမှ အလင်းရောင်များထွက်လာပြီး သူသည်ရွှီဆုန်၏အနီးသို့ရောက်သည်နှင့် ညာလက်ကိုထုတ်ကာဝှေ့ယမ်းလိုက်လေ၏။
အားပြင်းသောစွမ်းအင်တခု ပေါက်ကွဲထွက်လာသည်။ ရွှီဆုန်၏ အားသာချက်မှာသူ၏သားရဲများသာဖြစ်ပြီး လက်ရှိအခြေအနေတွင်မူ သားရဲတကောင်မှမသုံးရဲပေ။ ထို့ကြောင့်သူ၏အစွမ်းမှာ တဝက်မျှသာကျန်တော့ပြီး ပိုင်ရှောင်ချန်းကိုခုခံတိုက်ခိုက်ရန်အတွက် မလုံလောက်ပေ။ သူသည် သွေးများအန်ကာ လေထဲသို့လွင့်ပျံသွားလေ၏။ မြေပေါ်သို့ပြန်ကျလာသောအခါ ဒေါသနှင့်အရှက်ရမှုများသူ၏မျက်လုံးထဲတွင်ပြည့်နှက်နေပြီး အရှုံးပေးပြီဖြစ်ကြောင်း အော်ပြောလိုက်လေ၏။
ပိုင်ရှောင်ချန်းသည်ကျေနပ်ပြုံး ပြုံးလိုက်ပြီးလည်ချောင်းကိုရှင်းကာ လက်နှစ်ဖက်ယှက်၍ဂါရဝပြုလိုက်လေ၏။ ထို့နောက်သူသည် ပြိုင်ပွဲကွင်းပြင်မှထွက်ကာ ဆဲဆိုနေကြသောမြောက်ပိုင်းဂိုဏ်းသားများကြားမှဖြတ်လျှောက်သွားလေ၏။
“ပိုင်ရှောင်ချန်း… မင်း… မင်း…”
“အဲ့ဒီသောက်ဆေးလုံးကိုဖျက်ဆီးပစ်သင့်တာ…”
“ဘုရားရေ… ပိုင်ရှောင်ချန်းကိုအနိုင်တိုက်နိုင်တဲ့သူကို ဝိညာဥ်ကျောက်တုံးဆယ်တုံးပေးမယ်ကွာ…။”
“ကျုပ်လည်း ဝိညာဥ်ကျောက်တုံးဆယ့်ငါးတုံးပေးမယ်…။ အဲ့ကောင်ကိုချကြစမ်းပါ…။” မြောက်ဘက်ဂိုဏ်းသားများ ဒေါသူပုန်ထနေကြပြီး လူအများသည် ပိုင်ရှောင်ချန်းကိုအနိုင်တိုက်နိုင်သူကို ဝိညာဥ်ကျောက်တုံးများပေးမည်ဖြစ်ကြောင်း အော်နေကြလေရာ နောက်ဆုံးတွင် ဝိညာဥ်ကျောက်တုံးပေါင်းတသောင်းအထိ ရောက်သွား၏။ တောင်ဘက်ဂိုဏ်းသားများသည်ကား ပိုင်ရှောင်ချန်းကို ကြောက်ရွံ့လေးစားစွာကြည့်နေကြပြီး သူ့အပေါ်လေးစားမှုများ တ စတစတိုးလာနေကြ၏။
များပြားလှသောဆုကြေးငွေကြောင့် ပိုင်ရှောင်ချန်းမျက်လုံးပြူးသွားပြီး ပြိုင်ပွဲကွင်းပြင်ထဲမှ ခပ်သုတ်သုတ်ပြေးထွက်လာလေ၏။ သူ့အတွက်ဆုကြေးငွေမှာ ဝိညာဥ်ကျောက်တုံးပေါင်းနှစ်သောင်းသို့ ရောက်သွားသည့်အခါတွင်မူ နောက်ကျောမလုံသလိုပါခံစားလာရလေ၏။ နှလုံးခုန်နှုန်းများပင် ပိုမြန်လာသည်ဟု ထင်ရသည်။
“ခင်ဗျားတို့ဟာက ယုတ္ထိမရှိလိုက်တာဗျာ…။” သူသည် အားလုံးကြားအောင်အော်ပြောလိုက်လေသည်။ “ကျုပ်ပြိုင်ပွဲကွင်းပြင်ထဲရောက်တိုင်း သူတို့ကိုအရှုံးပေးဖို့အခွင့်အရေးတခုပေးပါတယ်…။”
သူရှင်းပြလိုက်သည်မှာ မြောက်ပိုင်းဂိုဏ်းသားများကို ပို၍ဒေါသထွက်သွားစေပြီး မကြာမီပင်ဆုကြေးငွေသည် ဝိညာဥ်ကျောက်တုံးပေါင်းသုံးသောင်းအထိမြင့်တက်သွားလေ၏။ လေထဲတွင်မူ ပိုင်ရှောင်ချန်းကံဆိုးလာသည့်အတွက် ဖီးနစ်ငှက်သည် ပျော်ရွှင်မြူးထူးစွာဖြင့် စူးစူးဝါးဝါးအော်ဟစ်နေလေတော့သည်။
ပွဲကြည့်စင်ပေါ်မှအကြီးအကဲများအတွက်ကမူ ပြိုင်ပွဲသည် ပို၍ပို၍ရင်ခုန်စရာကောင်းလာနေ၏။
“ကျုပ်ကဂုဏ်ထူးဆောင်ဘွဲ့တောင်ရထားတာနော်…” ပိုင်ရှောင်ချန်းကအော်ဟစ်ခြိမ်းခြောက်လိုက်သည်။ “ကျုပ်ကဂိုဏ်းခေါင်းဆောင်ရဲ့ဂိုဏ်းတူညီလေးပဲ…။ တယောက်ယောက်ကများကျုပ်ကိုဆုကြေးငွေထပ်ထုတ်မယ်ဆိုရင် ကျုပ်ဆရာကိုပြောပြီး အဲဒီလူကိုဂိုဏ်းထဲကထုတ်ခိုင်းလိုက်မယ်…။”
ထို့နောက် မြောက်ဘက်ဂိုဏ်းသားများသည် ပို၍ပင်စိတ်တိုလာကြသည်။ မည်သူမည်ဝါပစ်လိုက်မှန်းမသိသော ဓားတစ်ချောင်းသည် ပြိုင်ပွဲကြမ်းပြင်သို့ လာစိုက်နေလေ၏။ မရေမတွက်နိုင်အောင်များသော မြောက်ဘက်ဂိုဏ်းသားများသည် သူတို့၏မှော်ပစ္စည်းများကိုအသင့်ထုတ်ထားကြပြီး သူတို့၏တိုက်ပွဲဝင်သားရဲများကလည်း သွေးချောင်းစီးတော့မည့် တိုက်ပွဲတခုကိုတိုက်ရတော့မည့်သဖွယ် ဟိန်းဟောက်နေကြလေတော့သည်။
ပိုင်ရှောင်ချန်းသည်ကြောက်လန့်တကြီးထွက်ပြေးလေတော့၏။ ထိုအခါ ပွဲကြည့်စင်ပေါ်ရှိဂိုဏ်းအကြီးအကဲများသည် မနေသာတော့ပဲ ဝင်ရောက်ထိန်းသိမ်းရလေတော့သည်။ အကြီးအကဲများတချက်မျှကြည့်လိုက်ရုံမျှဖြင့် မြောက်ဘက်ဂိုဏ်းသားများငြိမ်ကျသွားလေတော့သည်။
ထိုအချိန်တွင် ရှမ်ကွမ်းထျန်ယုံ နှင့် ကုန်းစွန်းယွင်တို့တိုက်ပွဲသည် ပြီးဆုံးသွားလေပြီ။ ရှမ်ကွမ်းထျန်ယုံ သည် ဓားပျံသုံးချောင်းအသုံးပြုတိုက်ခိုက်ခဲ့ပြီး ကုန်စွန်းယွင်မှာမူ တိုက်ခိုက်စရာကုန်သွားလေပြီ။ အဆုံးတွင် ကုန်းစွန်းယွင်မှအရှုံးပေးလိုက်ကာ ပြိုင်ပွဲကိုရပ်လိုက်၏။
ရှမ်ကွမ်းထျန်ယုံ သည် အတော်ပင်မောပန်းနေပြီဖြစ်သည်။ ကုန်းစွန်းယွင်သည် ထင်ထားသည်ထက်ပို၍သန်မာလေရာ ရှမ်ကွမ်းထျန်ယုံ အနေဖြင့် အတော်အားစိုက်၍ယှဥ်ပြိုင်လိုက်ရသည်။ ပြိုင်ပွဲကွင်းပြင်မှထွက်လာသောအခါ ဒေါသထွက်နေသောမြောက်ဘက်ဂိုဏ်းသားများကို မြင်လိုက်ရသဖြင့် စိတ်မချမ်းမသာဖြစ်သွားကာ ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်၏။ သူသည် ပိုင်ရှောင်ချန်းကိုအထင်သေးသည့်အကြည့်ဖြင့် ကြည့်နေသော်လည်း စိတ်ထဲမှာမူ အနည်းငယ်မနာလိုလျက်ရှိသည်။
“ဆေးလုံးတွေနဲ့အကာအကွယ်ပစ္စည်းတွေပဲသုံးပြီး လာပြိုင်နေသတဲ့လား…။ ဒီလိုကောင်မျိုးနဲ့အဆင့်တူနေတာတောင်မယုံနိုင်ဘူး…။” ဟုပြောကာ ရှမ်းကွမ်းထျန်ယုံ သည် တင်ပျဥ်ခွေထိုင်လိုက်ပြီး မျက်လုံးများမှိတ်ကာ အသက်ရှုထုတ်နေသည်။