လီယီမှာ ထိုလှိုဏ်ခေါင်းကြီး ပေါ်ပေါက်လာမှုကို ကြိုတင်မခန့်မှန်းနိုင်ခဲ့ပေ။ ထိုအပေါက်အသစ်ကြီး ပေါ်ပေါက်လာချိန်တွင် သူမသည် တရားထိုင်နေခဲ့၏။ ထိုအချိန်တွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး မြေပြင်ကြီးတစ်ခုလုံး တုန်ရီသွား၏။ အနောက်ပိုင်းနယ်မြေ၏ အလယ်ဗဟိုတွင် ပြည်သူ့ရင်ပြင်ကြီးတစ်ခု ရှိနေခဲ့ပါသော်လည်း ယခုတွင်မူ ၎င်းမှာ ပြိုလဲပျက်စီးကာ အောက်ဖက်သို့ ကျွံဝင်သွားပြီး ဧရာမ ချိုင့်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
ထိုချိုင့်ကြီးထဲမှ ချောက်ချားဖွယ်ရာ အအေးဓာတ်ကြီးတစ်ခု ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို အအေးဓာတ်များနှင့်အတူ သားရဲအုပ်ကြီးပေါင်း မြောက်မြားစွာ ထွက်ပေါ်လာ၏။
နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးနှင့် ချိတ်ဆက်နေသည့် လှိုဏ်ခေါင်းအသစ်တစ်ခု ပေါ်ပေါက်လာသည်မှာ ယခုသည် ပထမဆုံး အကြိမ် မဟုတ်ပေ။ လင်းတျန်ဟောက် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည် သွေးဂူကြီးမှာလည်း အလားတူ အခြေအနေတစ်ခုပင် ဖြစ်သည်။ ဘုရင်ခံမှာ ထိုအခြေအနေများကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာသုံးသပ်ခဲ့ပြီးနောက် ထိုကဲ့သို့သော ဖြစ်ရပ်များ ထပ်ဖြစ်လာဦးမည်ဟု ခန့်မှန်းထားခဲ့သောကြောင့် လိုအပ်သည့် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြို့တော်နယ်မြေအသစ်မှာ ထိုကဲ့သို့သောဖြစ်ရပ်များ ဖြစ်ပေါ်လာပါက ၎င်းတို့အား ထိန်းချုပ်တားဆီးနိုင်မည့် အစီအစဉ်တစ်ခုပင် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုလှိုဏ်ခေါင်းအသစ်များ ပေါ်ပေါက်လာသည့် ကိစ္စနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို သိရှိမထားပေ။ သို့သော် သူသည် မြို့တော်နယ်မြေအသစ်၏ မန္တန်အစီအရင်ကြီးကို ကြည့်ရင်း တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်၏။ အကယ်၍ ထိုမန္တန်အစီအရင်ကြီးအား သူချမှတ်ထားသည့် အစီအစဉ်အတိုင်း အမှားအယွင်းမရှိအောင် ဆောက်လုပ်ခဲ့ပြီး မြို့တော်ကြီး တစ်ခုလုံးမှာလည်း ချောမွေ့စွာ လည်ပတ်နေခဲ့မည်ဆိုပါက လှိုဏ်ခေါင်းအသစ်တစ်ခု ပေါ်ပေါက်လာရန်မှာ ခဲယဉ်းလွန်းနေမည် ဖြစ်သည်။ အကယ်၍ ၎င်းမှာ ပေါ်ပေါက်လာခဲ့တောင် မြို့တော်ထဲ၌ မဟုတ်ဘဲ အခြားတစ်နေရာ၌သာ ပေါ်ပေါက်လာမည်ဖြစ်သည်။
သို့သော် လီယီတစ်ယောက် ပြီးပြည့်စုံမှုရှိသည်ဟု မှတ်ယူထားသော ကမ္ဘာလုံးဓမ္မမြို့တော်ကြီးမှာ ချီအားဖြည့် ဝိညာဉ်မန္တန်အစီအရင်နှင့် လိုက်ဖက်ညီစွာ ပေါင်းစည်းနိုင်စွမ်း မရှိသောကြောင့် ပြဿနာများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ သာမန်အခြေအနေများတွင်ဆိုလျှင် ထိုကဲ့သို့သော ပြဿနာများမှာ ပေါ်ပေါက်လာမည်မဟုတ်ပါသော်လည်း ယခုကဲ့သို့ အရေးကြီးသော အခိုက်အတန့်များတွင်မူ ဘူးပေါ်သလို ပေါ်လာမည်သာဖြစ်သည်။
ထို လှိုဏ်ခေါင်းအသစ်ကြီးမှာ အခြားနယ်မြေသုံးခုထဲ၌ ပေါ်ပေါက်လာနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပေ။ အနောက်ပိုင်းနယ်မြေထဲ၌ ရှိနေသော ဟာကွက်များကြောင့်သာ ၎င်းမှာ ပေါ်ပေါက်လာခွင့် ရရှိသွားခြင်းဖြစ်သည်။ ၎င်း၏ ပေါက်ကွဲပေါ်ထွက်လာမှုကြီးကြောင့် ကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားရ၏။ ထိုအချိန်တွင် လီယီတစ်ယောက် ကြိတ်၍ ကြံစည်နေခဲ့သည့် အပေါစား အစီအစဉ်များမှာ လူမြင်ကွင်း၌ ပေါ်ပေါက်လာရတော့သည်။
ထို ပေါက်ကွဲသံများကြောင့် မြို့တော်နယ်မြေအသစ်ထဲရှိ လူတိုင်းမှာ အထိတ်တလန့် ဖြစ်သွားရ၏။ လီယီမှာလည်း မျက်နှာတစ်ခုလုံး ဖြူဆုတ်နေပြီဖြစ်သည်။ သူမ၏ ခေါင်းထဲ၌ ပထမဆုံး ပေါ်လာသောအတွေးမှာ သားရဲအုပ်ကြီးများအား တွန်းလှန်တိုက်ထုတ်ရန်် မဟုတ်ဘဲ ဤကိစ္စကြီးသာ ပေါက်ကြားသွားပြီး အခြားလူများသာ သိရှိသွားမည်ဆိုပါက သူမ နစ်နာသွားရမည့်ဆိုသည့် အတွေးပင် ဖြစ်သည်။
သူမသည် ခုခံကာကွယ်မှုများကို ပြုလုပ်ရန် နောက်မှ တွေးမိလိုက်သည်ဖြစ်သည်။ ထို့ကြောင့် သူမသည် အလျင်အမြန် ပြေးထွက်လာပြီး တာအိုကျောင်းလေးကျောင်းမှ လူများအား ချက်ချင်းစည်းရုံးလိုက်ပြီးနောက် သားရဲအုပ်ကြီးများကို တွန်းလှန်တိုက်ခိုက်နေလိုက်တော့သည်။ သူတို့အများစုမှာ သမင်ဖြူတာအိုကျောင်းနှင့် ၎င်း၏ ကျောင်းခွဲတို့မှ ဖြစ်ကြ၏။ မဟာမြစ်တာအိုကျောင်းမှ လူအချို့လည်း ပါဝင်နေကြပြီး ကောင်းကင်တာအိုကျောင်းမှ လူများမှာမူ အနည်းငယ်မျှသာရှိသည်။ ဝမ်ပေါင်လဲ့မှာ ထိုမြို့တော်နယ်မြေအသစ်ထဲ၌ တာဝန်ကျနေသောကြောင့် ကောင်းကင်တာအိုကျောင်းမှာ လူများမှာ ထိုနယ်မြေအသစ်ဆီသို့ လာချင်ကြပါသော်လည်း သမင်ဖြူတာအိုကျောင်းမှာ ဝမ်ပေါင်လဲ့၏ အာဏာစက် ကြီးထွားပျံ့ပွားလာမည်ကို မလိုလားသောကြောင့် သူတို့အား တားဆီးခဲ့၏။
လီယီမှာ သားရဲစီးကြောင်းကြီးအား သွေးရူးသွေးတန်းနှင့် တွန်းလှန်တိုက်ခိုက်နေ၏။ ရုတ်တရက် အဖြစ်အပျက်များကြောင့် မြို့တော်နယ်မြေကြီးတစ်ခုလုံးမှာ တုန်ရီနေရပြီဖြစ်သည်။ သို့သော် ထိခိုက်ပျက်စီးမှု အများအပြား ကြုံနေရသည့် အနောက်ပိုင်းနယ်မြေနှင့် ယှဉ်လိုက်မည်ဆိုပါက အခြားသော နယ်မြေများမှာ အခြေအနေကောင်းနေကြသေးသည်။
ကံကောင်းသည်မှာ ထိုသားရဲစီးကြောင်းကြီးမှာ ယခုလေးတင်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သာ လှိုဏ်ခေါင်းကြီးကို အလုံပိတ်နိုင်သွားမည်ဆိုပါက အဆင်ပြေသွားမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ အချိန်မီ မပိတ်နိုင်လျှင် ထိုသားရဲကြီးများမှာ အခြားနယ်မြေများဆီသို့ပါ ပျံ့နှံ့သွားနိုင်သောကြောင့် ကံဆိုးမိုးမှောင်ကျသွားမည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို သိလိုက်ရသည်နှင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာတော့သည်။ ထို့နောက် သူသည် ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွားလိုက်ပြီး အမိန့်တစ်ခု ပေးလိုက်၏။
” အနောက်ပိုင်းနယ်မြေတစ်ခုလုံးကို အဝင်အထွက်တွေ ပိတ်လိုက်တော့။ မန္တန်အစီအရင်ကြီးကို အစွမ်းကုန် ထုတ်သုံးလိုက်။ အခြေတည်အဆင့်နဲ့ အထက်မှာရှိတဲ့ ကျင့်ကြံသူတွေက ငါနဲ့အတူ အနောက်ပိုင်းနယ်မြေထဲကို လိုက်ခဲ့ကြ။ ငါတို့တွေ လှိုဏ်ခေါင်းအသစ်ကြီးကို အလုံမှဖြစ်မယ် ”
ဝမ်ပေါင်လဲ့ အမိန့်ပေးလိုက်သောအခါ မြို့တော်နယ်မြေ၏ မန္တန်အစီအရင်ကြီးကို ချက်ချင်းပင် အသုံးပြုလိုက်ပြီး ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ အဖွဲ့လိုက် တန်းစီရင်း အမိန့်များကို စောင့်ဆိုင်းနေကြတော့သည်။ အနောက်ပိုင်းနယ်မြေတစ်ခုလုံးကို အဝင်အထွက် ပိတ်လိုက်ပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ထိုနယ်မြေကြီး တစ်ခုလုံးအား အဆုံးရှုံးခံလိုက်ရန် အဆင်သင့်ဖြစ်နေသည့်ပုံ ပေါက်နေ၏။
ဝမ်ပေါင်လဲ့ကဲ့သို့ပင် မျက်နှာအမူအရာများ တည်ကြည်နေကြသည့် ခုန်းတောက်နှင့် ကျင့်သိုမင်တို့မှာလည်း ဝမ်ပေါင်လဲ့၏ နောက်မှ လိုက်သွားကြပြီး အနောက်ပိုင်းနယ်မြေထဲသို့ ပြေးဝင်သွားကြတော့သည်။ လင်းတျန်ဟောက်ကိုမူ အပြင်ဘက်၌ အစောင့်အဖြစ်နေရစ်ခဲ့ရန် ညွှန်ကြားလိုက်၏။ ဝမ်ပေါင်လဲ့မှာ အခြားသူများအတွက် စိုးရိမ်နေရပြီဖြစ်သည်။
ခဏအကြာတွင် ကျင့်ကြံသူပေါင်း တစ်သောင်းခန့်မှာ ဝမ်ပေါင်လဲ့၏ ဦးဆောင်မှုနောက်မှ လိုက်သွားကြပြီး အနောက်ပိုင်းနယ်မြေထဲသို့ ပြေးဝင်သွားကြတော့သည်။ သူတို့ထဲတွင် အမြုတေအဆင့်ကျင့်ကြံသူ ခြောက်ယောက်ခုနစ်ယောက်ခန့် ပါဝင်နေ၏။ သူတို့မှာ ရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားကြပြီး အနောက်ပိုင်းနယ်မြေထဲရှိ လှိုဏ်ခေါင်းအသစ်ကြီးဆီသို့ ချဉ်းကပ်လာကြတော့သည်။ လီယီနှင့် သူ၏ အဖွဲ့သားများမှာ သားရဲကြီးများနှင့် အပြင်းအထန် ရင်ဆိုင်တိုက်ခိုက်နေကြပြီဖြစ်သည်။ ထို့ကြောင့် သူမ၏ အဖွဲ့သားများအားလုံးမှာ ဒဏ်ရာရထားကြပြီဖြစ်ပြီး နောက်သို့ ပြန်လည်ဆုတ်ခွာလာခဲ့ရပြီဖြစ်သည်။
သို့ရာတွင် သားရဲကြီးများမှာ အပြင်ဘက်သို့ အဆုံးမရှိ လောက်အောင် ပြေးထွက်လာနေကြဆဲပင်။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ပရမ်းပတာနှင့် ရှုပ်ယှက်ခတ်နေသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ ဒေါသများ ထောင်းခနဲ ထွက်သွားရ၏။ သူသည် ယခုလို ဖြစ်လာလိမ့်မည်ဟု ကြိုတင်မှန်းဆထားပြီးသားဖြစ်သည်။ သို့သော် လီယီမှာ ရဲတင်းလွန်းနေသည် မဟုတ်ပါလော။ သူမမှာ ဝမ်ပေါင်လဲ့၏ ဖိနှိပ်ခြင်းကို ခံထားရသည့်တိုင်အောင် သူမ၏ စိတ်ကူးများကို ကျိတ်၍ အကောင်အထည် ဖော်နေခဲ့ဆဲပင်။ သူမ၏ နမော်နမဲ့လုပ်ရပ်များကြောင့် ယခုကဲ့သို့သောပြဿနာကြီးနှင့် ကြုံနေရခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိပေ။ သူနှင့် သူ၏အဖွဲ့သားများ တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ ပတ်ပတ်လည်၌ ကိုယ်ရံတော်များက ဝန်းရံထားကြသည့် လီယီရှိရာသို့ ချက်ချင်းပင် ဦးတည်သွားလိုက်၏။ လီယီမှာ သူ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ သူမ၏ ဖြူဆုတ်နေသော မျက်နှာပေါ်တွင် မုန်းတီးမှုနှင့် မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များ ထင်ဟပ်သွားတော့သည်။
လီယီမှာ ထိုမကျေနပ်ချက်များ မည်သည့်နေရာမှ ပေါ်ပေါက်လာမှန်း မသိနိုင်လောက်အောင် ဖြစ်နေရ၏။ သို့သော် သူမ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါမှ ထိုခံစားချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူမ၏ ရန်လိုနေသောအကြည့်အား လျစ်လျူကာ ချက်ချင်းပင်ဆိုလိုက်၏ ” တာအိုကျောင်းလေးကျောင်း။ ငါ့အမိန့်ကို နားထောင်ကြ။ ပေတစ်သိန်းတိတိ နောက်ဆုတ်လိုက်ကြ။ ပြီးရင် အဝင်အထွက်တွေအားလုံးကို ပိတ်ပြီးတော့ သားရဲစီးကြောင်းကြီးကို အရှိန်လျော့သွားအောင် လုပ်လိုက်ကြ။ အမြုတေအဆင့်မှာ ရှိနေတဲ့ ဝါရင့်တွေကတော့ ကျနော်နဲ့အတူ လှိုဏ်ခေါင်းအသစ်ကြီးရဲ့ အလယ်ကို လိုက်ခဲ့ပြီးတော့ ကျနော် အလုံပိတ်နေတုန်း ကျနော့်ကို စောင့်ရှောက်ပေးထားကြ ”
” လီယီ။ နင် ခိုးပြီးတော့ နင့်စိတ်ကြိုက် ပြုပြင်မွမ်းမံနေတဲ့ မြို့တော်နယ်မြေအသစ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ငါ့ဆီ ချက်ချင်းလွှဲပြောင်းပေးရမယ် ” ဝမ်ပေါင်လဲ့မှာ ညှိနှိုင်းရန် ဆန္ဒမရှိသည့် လေသံဖြင့် ချက်ချင်းပင်ဆိုလိုက်၏။
ထိုအခါ အံ့ဩတုန်လှုပ်ကာ အထိတ်တလန့်ဖြစ်နေကြသည့် သမင်ဖြူတာအိုကျောင်းမှ ကျင့်ကြံသူများမှာ ချီတုံချတုံ ဖြစ်သွားကြပြီး လီယီအား စိုက်ကြည့်နေကြတော့သည်။ အခြားတစ်ဖက်တွင်မူ လီယီမှာ ဝမ်ပေါင်လဲ့မှာ စရောက်လာသည့် အချိန်တုန်းက သူမ၏ အဖွဲ့သားများကို အမိန့်ပေးရန် ကြိုးစားခဲ့သည်ဖြစ်ပြီး ယခုတွင်လည်း သူမ၏ လုပ်ပိုင်ခွင့်အာဏာများကို ပြန်လည်ရုပ်သိမ်းရန် ကြိုးပမ်းနေသည်ဖြစ်ကြောင်း မှတ်ယူလိုက်၏။ အကယ်၍ သူသာ စိတ်တိုင်းကျ လုပ်ခွင့်ရသွားမည်ဆိုပါက သူမ၏ လုပ်ပိုင်ခွင့်အာဏာအားလုံးကို လုယူသွားတော့မည်သာဖြစ်သည်။ ထို့ကြောင့် သူမသည် ချက်ချင်းပင် ဖီဆန်လိုက်၏။ သူမသည် အရှိကိုအရှိအတိုင်း လက်ခံနိုင်စွမ်းမရှိသေးသလို သူမ၏ မြို့တော်ကြီးမှာလည်း ပြီးပြည့်စုံခြင်း မရှိသေးကြောင်း ယုံကြည်နေဆဲပင်။ ၎င်းကို အပြီးအထိ တည်ဆောက်ပြီးသွားသည်နှင့် တစ်ပြိုင်နက် ယခုလိုမျိုး ဖြစ်ရပ်များ လုံးဝ ထပ်ဖြစ်လာတော့မည် မဟုတ်ပေ ”
” ဝမ်ပေါင်လဲ့။ နင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ဒါ ငါတာဝန်ကျနေတဲ့ အနောက်ပိုင်းမြို့တော်နယ်မြေလေ။ အဲ့တာမလို့ ငါပဲ တာဝန်ယူရမှာပေါ့။ နင် ထွက်သွားလိုက်ပါ ” လီယီ၏ စကားသံမှာ စူးရှနေ၏။ သူမသည် လက်ရှိအခြေအနေကြီးကိုသာ ထိန်းချုပ်နိုင်မည်ဆိုပါက အရာအားလုံး အဆင်ပြေသွားမည်ဖြစ်ကြောင်း ယုံကြည်ထား၏။ သို့သော် ထိုပြဿနာများကို ဖြေရှင်းလိုက်သူမှာ ဝမ်ပေါင်လဲ့ ဖြစ်နေမည်ဆိုလျှင် အင်္ဂါဂြိုဟ်နယ်မြေအသစ်ပေါ်ရှိ သူမ၏ အနာဂတ်မှာ မသေချာမရေရာ ဖြစ်သွားတော့မည် ဖြစ်သည်။
” နင်က တာဝန်ယူမယ် ဟုတ်လား။ အကောင်ကြီးပြီး အချိန်မစီးတဲ့ ငတုံးမ။ ဘယ်လိုနည်းနဲ့ တာဝန်ယူမှာလဲ။ တာအိုကျောင်းလေးကျောင်းက လူတွေရဲ့ အသက်တွေကို ချနင်းပြီးတော့လား ” ဝမ်ပေါင်လဲ့ ချုပ်တည်းထားခဲ့ရသည့် ဒေါသများမှာ ပေါက်ကွဲထွက်ပေါ်လာပြီဖြစ်သည်။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ ရှေ့သို့လှမ်းလာပြီး လီယီ၏ဘေး၌ ပေါ်လာ၏။ ထို့နောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ နှောင်းပိုင်း အခြေတည်အဆင့် ကျင့်ကြံခြင်းစွမ်းအားဖြင့် လှမ်းရိုက်လိုက်တော့သည်။ လီယီမှာ သူ့အား မယှဉ်နိုင်သလို လက်ရှိတွင် သူမ၏ စိတ်အခြေအနေမှာ မတည်မငြိမ်ဖြစ်နေရသည် မဟုတ်ပါလော။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့၏ တစ်ချက်တည်းသော ရိုက်ချက်ကြောင့် ချက်ချင်းပင် နောက်သို့လွင့်ထွက်သွားရတော့သည်။
ထို့နောက် သူမမှာ အသံအကျယ်ကြီးမြည်အောင် အောက်သို့ ပြုတ်ကျသွားပြီးနောက် သူမ၏ ပါးစပ်ထဲမှ သွေးများစီးကျလာတော့သည်။ သူမ၏ ပတ်ပတ်လည်ရှိ သမင်ဖြူတာအိုကျောင်းမှ အမြုတေအဆင့် ကျင့်ကြံသူများမှာ သူ့အား တားဆီးနိုင်စွမ်းရှိပါသော်လည်း သူတို့မှာ လီယီ၏ လုပ်ရပ်များကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့်အပြင် ဝမ်ပေါင်လဲ့မှာ လက်ရှိအခြေအနေကြီးအား ဖြေရှင်းပေးရန် ကြိုးစားနေသည်ဖြစ်ကြောင်း သိလိုက်ရသည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့၏ တုံ့ပြန်မှုမှာ ရေရှည်တွင် မည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။
သူတို့မှာ သမင်ဖြူတာအိုကျောင်း၏ အကျိုးစီးပွားကိုသာ စိတ်ဝင်စားသည် မဟုတ်ပါလော။ လီယီ၏ လုပ်ရပ်များနှင့် သူမ၏ လုပ်ရပ်များ၏ နောက်ကွယ်အကျိုးဆက်များမှာ သမင်ဖြူတာအိုကျောင်းအား ထိခိုက်နစ်နာစေမည့်အချက်မှာ သိသာထင်ရှားနေသည် ဖြစ်သည်။
ထို့ကြောင့် သူတို့မှာ တွေဝေတုံ့ဆိုင်းနေရခြင်း ဖြစ်ပြီး လီယီမှာ ဝမ်ပေါင်လဲ့ကြောင့် နောက်သို့ လွင့်ထွက်သွားရခြင်း ဖြစ်၏။ လီယီမှာ ဒေါသတကြီး အော်ဟစ်ရန် ပြင်နေစဉ်မှာ ဝမ်ပေါင်လဲ့၏ အေးတိအေးစက်နှင့် ခံစားချက်ကင်းမဲ့သော စကားသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
” လီယီကို ဖမ်းလိုက် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ အမိန့်ပေးလိုက်ပြီး လီယီ၏ ပတ်ပတ်လည်ရှိ တာအိုကျောင်းလေးကျောင်းမှ ကျင့်ကြံသူများအား စိုက်ကြည့်လိုက်၏။ အထူးသဖြင့် သူသည် သမင်ဖြူတာအိုကျောင်းမှ လူများအား အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။
လီယီမှာ သူမ၏ နှုတ်ခမ်းပေါ်မှသွေးများကို သုတ်ရန် အချိန််မရှိလိုက်ပေ။ သူမ၏ ဆံပင်များမှာ ဖားလျားကျနေပြီး သူမ၏ မျက်ဝန်းများထဲ၌ ရူးသွပ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များဖြင့် ထပ်ဟပ်နေပြီဖြစ်သည်။ ထို့နောက် သူမမှာ အော်ပြောလိုက်တော့သည်။
” ဝမ်ပေါင်လဲ့။ နင် ငါ့အသားကို ထိရဲတယ်ပေါ့။ အကြီးအကဲကျိုး၊ အကြီးအကဲဝူ၊ ဝမ်ပေါင်လဲ့ကို ချေမှုန်းဖို့အတွက် ကျမကို ကူညီပေးပါ။ ဒီနေ့ ဖြစ်သမျှ အရာအားလုံးအတွက် ကျမ လီယီ အပြည့်အဝ တာဝန်ယူပါ့မယ် ”
” အဓိပ္ပါယ်မရှိတဲ့ စကားတွေ။ ငါကလည်း တာအိုကျောင်းလေးကျောင်းကပဲ။ သမင်ဖြူတာအိုကျောင်းအပေါ်ကိုလည်း ငါက လေးစားသမှုရှိတယ်။ လီယီ။ နင် ဒီမှာ ပြဿနာအကြီးကြီး ရှာထားတာနော်။ အဲ့တာကို ငါတို့ရဲ့ တာအိုကျောင်းလေးကျောင်းက နင်နဲ့အတူ လိုက်ပြီးတော့ နာမည်ပျက် ခံလိမ့်မယ်လို့ နင်က ထင်နေတာလား ”
ထိုအခါ သမင်ဖြူတာအိုကျောင်းမှ ကျင့်ကြံသူများမှာ နှုတ်ဆိတ်သွားကြတော့သည်။ ဝမ်ပေါင်လဲ့နှင့် လီယီတို့၏ ကြားရှိ ခြားနားချက်ကြီးမှာ သိသာထင်ရှားလွန်းနေ၏။ တစ်ယောက်မှာ ဣန္ဒေကြအပြည့်နှင့် တည်ကြည်နေပြီး အခြားတစ်ယောက်မှာ အမျက်ချောင်းချောင်း ထွက်နေသည်မဟုတ်ပါလော။ ထို့အပြင် ဝမ်ပေါင်လဲ့၏ စကားများမှာ မှန်ကန်နေ၏။ လီယီမှာ အမှားတစ်ခု လုပ်မိခဲ့သည့် မဟုတ်ပါလော။ ဤ ဖြစ်ရပ်ကြီးကြောင့် ပြည်ထောင်စုကြီးထဲ၌ ဆူညံပွက်လော ရိုက်သွားကြမည်မှာ ဧကန်ပင်။ လီယီမှာ…. သေချာပေါက် တာဝန်ယူရတော့မည်ဖြစ်သည်။
အကယ်၍ သမင်ဖြူတာအိုကျောင်းကသာ လီယီဘက်မှ ဆက်၍ရပ်တည်နေမည်ဆိုလျှင် သူတို့မှာလည်း ပြစ်တင်ဝေဖန်ချက်များမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့တွင် ရွေးချယ်စရာတစ်ခုသာ ရှိပေသည်။ လီယီမှာ ကိစ္စတုံးသွားပြီဖြစ်ကြောင်း သူတို့က ကောင်းကောင်းကြီး နားလည်ထားကြ၏။ ဝမ်ပေါင်လဲ့မှာ မြို့တော်နယ်မြေအသစ်ထဲ၌ လုပ်ပိုင်ခွင့်အာဏာများ ပိုင်ဆိုင်ထားသည့် တာအိုကျောင်းလေးကျောင်း၏ တစ်ဦးတည်းသော ကိုယ်စားပြုပုဂ္ဂိလ် ဖြစ်သွားပြီ ဖြစ်သည်။
သို့ဖြစ်ရာ သမင်ဖြူတာအိုကျောင်းမှာ မြို့တော်နယ်မြေအသစ်ထဲ၌ ဆက်လက်ပါဝင်ပတ်သတ်ရန် ဆန္ဒရှိနေဆဲ ဖြစ်ပါက စိတ်ထဲမှ မပါလျှင်တောင် ဝမ်ပေါင်လဲ့အား ကူညီထောက်ပံ့ပေးရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိမည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ထိုအချက်များအားလုံးကို သိရှိထား၏။ ထို့ကြောင့် သူသည် စကားဆုံးသွားသည်နှင့် သမင်ဖြူတာအိုကျောင်းမှအဖွဲ့အား စိုက်ကြည့်လိုက်သောအခါ အမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်ထဲမှ တစ်ယောက်မှာ ချက်ချင်းပင်အမိန့်ပေးလိုက်တော့သည်။
” လီယီကို ဖမ်းလိုက် ”
ထိုအခါ လီယီ၏ မျက်နှာအမူအရာမှာ ထိတ်လန့်တုန်လှုပ်သွားရတော့သည်။ ထို့နောက် သမင်ဖြူတာအိုကျောင်းမှ ကျင့်ကြံသူများမှာ ချက်ချင်းပင် ရှေ့သို့လှမ်းလာကြပြီး တစ်ကိုယ်လုံးပျော့ခွေကာ ဖြူဆုတ်နေသည့် လီယီအား ဖမ်းဆီးခေါ်ဆောင်သွားကြတော့သည်။ ထို့နောက် တာအိုကျောင်းလေးကျောင်းမှ လူတိုင်းမှာ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။
ထို့ကြောင့် သူတို့၏သဘောထားများမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း သိနိုင်ပေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ရတက်မအေးနိုင်သေးပေ။ သူသည် ချက်ချင်းပင် အမိန့်တစ်ခု ထုတ်ပြန်လိုက်ပြီး သားရဲစီးကြောင်းကြီးအား ရင်ဆိုင်တိုက်ခိုက်ရန် လူတိုင်းအား သူနှင့်အတူ ခေါ်ဆောင်သွားလိုက်၏။ ထို့နောက် သူသည် မြို့တော်နယ်မြေအသစ်ထဲရှိ မန္တန်အစီအရင်ကြီးအား အလျင်အမြန် ထိန်းချုပ်လိုက်ပြီးနောက် ထိုနယ်မြေကြီးတစ်ခုလုံးအား မန္တန်အစီအရင်များဖြင့် လွှမ်းခြုံထားလိုက်တော့သည်။ သူသည် လှိုဏ်ခေါင်းအသစ်ကြီးအား အလုံပိတ်တော့မည် ဖြစ်သည်။
good