Switch Mode

အခန်း (၃၈၁)

ပြဿနာ

လီယီမှာ မျက်လုံးများမှေးသွားပြီး ဝမ်ပေါင်လဲ့ ‌ဒေါသတကြီးဖြင့် လှမ်းပစ်ပေးလိုက်သည့် ကျောက်စိမ်းပေလွှာကို ဖမ်းယူလိုက်၏။ ထို့နောက် သူမသည် ၎င်းအား လက်ထဲ၌ကိုင်ကာ ဖတ်ရှုလိုက်ပြီးနောက် အမူအရာတည်ကြည်သွား၏။ နောက်ဆုံးတွင် သူမ၏ လုပ်ရပ်များအကြောင်းကို ဝမ်ပေါင်လဲ့မှာ သိသွားမည်သာဖြစ်ကြောင်း သူမက နားလည်ထားပါသော်လည်း ယခုလောက် လျင်မြန်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ အမှန်တွင် သူမသည် အချိန်ဆွဲနိုင်ရန်အတွက် သတိကြီးကြီးထား၍ ဆောင်ရွက်ခဲ့သည်ဖြစ်သည်။

သူမသည် တာဝန်ကျနေသည့် အလုပ်များကို ဆောင်ရွက်နေသည့်ပုံစံ ဟန်ဆောင်ကာ သူမ၏ လျှို့ဝှက်အစီအစဉ်များကို ဆောင်ရွက်နေခဲ့သောကြောင့် အချိန်အများကြီး လိုပေသည်။ အရာအားလုံး ပြင်ဆင်ပြီးသွားသောအခါမှ သူမသည် ဝမ်ပေါင်လဲ့အား ရင်ဆိုင်နိုင်မည့်အချိန်သို့ ရောက်ရှိလာမည်ဖြစ်သည်။

သို့သော် သူမ ကြိုတင်တွက်ချက်ထားသည့် အ ချိန်ထက် ပိုစော၍ သူမ၏ လုပ်ရပ်များမှာ ဘူးပေါ်သလို ပေါ်သွားခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူမမှာ မခံမရပ်နိုင်ဖြစ်ကာ ဒေါသထွက်သွားရတော့သည်။ ထို့နောက် လီယီမှာ အမူအရာ ပို၍တည်ကြည်သွားပြီး ကျောက်စိမ်းပေလွှာအား အောက်သို့ချကာ တည်တည်ငြိမ်ငြိမ်နှင့် ပြန်ပြောလိုက်၏။

” ‌ဒါ အောက်ခြေအဆင့်က အလုပ်သမားတွေ သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချခဲ့လို့ပဲ ဖြစ်မယ်။ ကျမ ဒီကိစ္စကို ပြေလည်သွားအောင် ဖြေရှင်းပေးပါ့မယ် ”

ထိုအခါ လင်းတျန်ဟောက်မှာ မျက်လုံးများ မှေးသွားပါသော်လည်း နှုတ်ဆိတ်နေဆဲပင်။ ခုန်းတောက်မှာမူ မျက်မှောင်ကြုတ်သွားပြီး ကျင့်သိုမင်ကမူ လီယီအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ သူမသည် အခြားတစ်ယောက်ပေါ် အပြစ်ပုံချရန် ကြိုးစားနေရင်ဖြစ်ကြောင်း သူတိူ့အားလုံးက သိထားကြ၏။

ဝမ်ပေါင်လဲ့မှာမူ လီယီအား ရန်လိုသော မျက်ဝန်းများဖြင့် အေးစက်စက် စိုက်ကြည့်နေ၏။ သူသည် ယမ်းပုံမီးကျ ပေါက်ကွဲလုမတတ် ဖြစ်နေပြီး ဤအခွင့်အရေးကို အသုံးချကာ လီယီအား ရိုက်နှက်ကန်ကျောက်ပစ်ရမည်လောဟု တွေးတောနေစဉ်မှာပင် ရုတ်တရက်ဆိုသလို သူ၏ ရုံးခန်းအပြင်ဘက်၌ ရှိနေသော လူရိပ်ကြီးသုံးခုမှာ သူ၏ချီများအား ချုပ်တည်းထားသည်ကို အာရုံခံမိလိုက်၏။

သူ၏ ချီအား ချုပ်တည်းထားသော လူရိပ်ကြီးသုံးခုမှာ သူတို့၏ အမြုတေအဆင့် ကျင့်ကြံခြင်းအဆင့်များကို ဖုံးကွယ်ထားခြင်းမရှိပေ။ သူတို့မှာ တာအိုကျောင်းလေးကျောင်း ရောက်လာကြသူများ ဖြစ်ကြပြီး လီယီ၏ တာအိုအစောင့်အရှောက်များအဖြစ် တာဝန်ယူထားကြသည်ဖြစ်သည်။ ပို၍ တိတိကျကျဆိုရမည်ဆိုလျှင် သူတို့မှာ တာအိုကျောင်းလေးကျောင်း၏ အကျိုးစီးပွားအတွက် အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲသို့ ရောက်နေခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။

သူတို့သုံးယောက်မှာ သမင်ဖြူတာအိုကျောင်း၊ မဟာမြစ်တာအိုကျောင်းနှင့် သမင်ဖြူတာအိုကျောင်းခွဲတို့မှ အသီးသီး ရောက်ရှိလာကြခြင်းဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား တားဆီးရန် စီစဉ်နေကြသောကြောင့် ကောင်းကင်တာအိုကျောင်းကမူ သူတို့၏ ထိပ်တန်းအဆင့် ကျင့်ကြံသူများကို စေလွှတ်ခဲ့ခြင်းမရှိပေ။

မြို့တော်နယ်မြေအသစ်မှာ သေးဖွဲ့သိမ်နုတ်သော အရာတစ်ခု မဟုတ်ပေ။ ၎င်းမှာ အချက်အခြာကျသည့်နေရာတွင် ရှိနေသည်ဖြစ်ရာ လီယီဖြစ်စေ၊ ကျင့်သိုမင်ဖြစ်စေ သူတို့၏ ဘေး၌ သူတို့အား ကာကွယ်စောင့်ရှောက်ပေးနေကြသည့် လူများ ရှိနေကြသည်သာဖြစ်သည်။ လင်းတျန်ဟောက်နှင့် ခုန်းတောက်တို့သာလျှင် ထိုကဲ့သို့ အစောင့်အရှောက်များ ရှိမနေခြင်းဖြစ်သည်။ လင်းတျန်ဟောက်မှာ အားကောင်းသော ကျောထောက်နောက်ခံတစ်ခုကို ပိုင်ဆိုင်ထားပါသော်လည်း သူသည် လွှတ်တော်ကိုမဟုတ်ဘဲ သူ့ကိုယ်သူသာ ကိုယ်စားပြုနေသည် မဟုတ်ပါလော။

ခုန်းတောက်မှာမူ နယ်ခံအဖွဲ့အစည်းတစ်ခုဟု သတ်မှတ်နိုင်သည့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ တည်နေရာပြောင်းရွှေ့လိုက်ရုံဖြင့် သူ့ဆီသို့ အလွယ်တကူ ရောက်ရှိလာနိုင်စွမ်းရှိနေသောကြောင့် သူ့အတွက် အစောင့်အရှောက်များ ထားပေးနေစရာမလိုပေ။

ဝမ်ပေါင်လဲ့မှာ သူ၏ချီအား ထိုအမြုတေအဆင့်ကျင့်ကြံသူသုံးယောက်က ချုပ်တည်းထားသည်ကို သိလိုက်ရသောအခါ သူ၏မျက်ဝန်းများမှာ အေးစက်သွား၏။ သူသည် ထိုကဲ့သို့ချုပ်တည်းခံထားရသည့်တိုင်အောင် လီယီအား အတင်းအဓမ္မ ရိုက်နှက်ကန်ကျောက်ကာ သင်ခန်းစာပေးနိုင်စွမ်း ရှိနေပါသော်လည်း အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် မျိုသိပ်ကာ သူ၏ ရက်စက်ကြမ်းကြုတ်သော အတွေးများကို ဖျောက်ဖျက်ပစ်လိုက်တော့သည်။ သူသည် ချက်ချင်းလက်ငင်း မတုန့်ပြန်တော့ဘဲ အေးစက်စက် လေသံကြီးဖြင့် ပဲ့တင်ထပ်သွားအောင် အော်ပြောလိုက်၏။

” အခုလောလောဆယ်မှာ လူတွေကို ပြောင်းရွှေ့ပေးဖို့က အရေးအကြီးဆုံးကိစ္စပဲ။ ပြီးရင် မြို့တော်နယ်မြေအသစ်ကို အပိုင်းတွေခွဲဖို့ လိုသေးတယ်။ အခု မင်းတို့အကုန်လုံး ဒီကို ရောက်နေကြပြီဆိုတော့ တစ်ခါတည်းပဲ မြို့တော်နယ်မြေအသစ်ကို အသေးစားနယ်မြေလေးခု ခွဲလိုက်ကြတာပေါ့။ မင်းတို့တစ်ယောက်ချင်းစီတိုင်းက အဲဒီ နယ်မြေတစ်ခုချင်းစီရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ပေးရမယ်။ အရှေ့ပိုင်းနယ်မြေနဲ့ တောင်ပိုင်းနယ်မြေကို မြို့တော်ဝန် လင်းတျန်ဟောက်နဲ့ မြို့တော်ဝန် ကျင့်သိုမင်တို့က တာဝန်ယူရမယ်။ မြောက်ပိုင်းနယ်မြေကိုကျ မြို့တော်ဝန်ခုန်းတောက်က တာဝန်ယူပြီးတော့ ကျန်နေတဲ့ ‌အနောက်ပိုင်းနယ်မြေကို မြို့တော်ဝန် လီယီက တာဝန်ယူရမယ်။ ဒါနဲ့ လီယီ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ငါ့ကို ရှင်းပြနိုင်အောင်လုပ်ဖို့ ပြင်ထား ”

ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သောအခါ လီယီမှာ အနည်းငယ်ခန့် မျက်မှောင်ကြုတ်မိသွား၏။ သူမသည် ဝမ်ပေါင်လဲ့၏ ချီများ ချုပ်တည်းခံထားရသည်ကို အာရုံခံမိနေသည်ဖြစ်ရာ သူမ၏ဘက်၌ ရှိနေသော တာအိုကျောင်းလေးကျောင်း၏ ကူညီထောက်ပံ့မှု‌ကြောင့် သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိနေပြီး သူမသည် ဝမ်ပေါင်လဲ့ထက် ပို၍အဆင့်မြင့်နေသည်ဟု ခံစားနေရ၏။ သို့ရာတွင် သူမမှာ ဝမ်ပေါင်လဲ့၏ ပြောစကားများကို နားထောင်ရင်း နေမထိထိုင်မသာ ဖြစ်လာရတော့သည်။

ဝမ်ပေါင်လဲ့မှာ သူမ၏လက်ထဲ၌ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာများကို ပြန်လည်ရုတ်သိမ်းသွားခြင်း မရှိဘဲ ၎င်းအား လေးပိုင်းပိုင်းလိုက်သည်ဖြစ်သောကြောင့် သူမသည် တစ်ပိုင်းကိုသာ ပိုင်ဆိုင်ရတော့မည်ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ သူမကျူးလွန်ခဲ့သည့် အပြစ်များကို ရှာဖွေတွေ့ရှိခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူမမှာ မ‌ပျော်မရွှင် ဖြစ်နေရပြီး တာအိုကျောင်းလေးကျောင်း၏ ကူညီထောက်ပံ့မှုအား ရရှိထားသည့်တိုင်အောင် သူ၏ စီစဉ်မှုများကို ငြင်းဆိုပိုင်ခွင့် မရှိပေ။ ထို့ကြောင့် သူမမှာ နှုတ်ဆိတ်နေလိုက်ရပြီးနောက် သက်ပြင်းချမိသွားတော့သည်။

” ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျမ သေချာပေါက် ရှင်းပြပါ့မယ်။ တခြားပြောစရာ မရှိတော့ဘူးဆိုရင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ကျမ ပြန်ပါတော့မယ် ” လီယီမှာ ထိုသို့ဆိုကာ မောက်မာဝင့်ကြွားသော ဒေါင်းတစ်ကောင်ကဲ့သို့ နောက်သို့လှည့်သွားပြီး သူမ၏ စွဲမက်ဖွယ်ရာ နောက်ကျောအလှကို အသားပေးရင်း ရုံးခန်းထဲမှ ထွက်ခွာသွားတော့သည်။

ထိုအခါ ရုံးခန်းထဲ၌ တိတ်ဆိတ်ငြိမ်သက်သွား၏။ ကျင့်သိုမင်မှာ ဖြစ်ပျက်သွားခဲ့သည့် အရာများကြောင့် အတွေးများထဲ၌ နစ်မျောနေရတော့သည်။ ဝမ်ပေါင်လဲ့မှာ ခံစားချက်များကို ဖုံးကွယ်ထားတတ်သည့် လူစားမျိုးမဟုတ်ကြောင်း သူက မှတ်ယူထားသည်။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ယခုကဲ့သို့သော ကိစ္စမျိုးကို ဣန္ဒြေရှိရှိနှင့် ပေါ့ပေါ့ပါးပါး ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိနေသည်ကို မြင်လိုက်ရသဖြင့် တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရပြီး ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ တစ်ခုခုကို ကြံစည်နေရမည်ဖြစ်ကြောင်း ကျင့်သိုမင်က ရိပ်မိသွားတော့သည်။

” သူက လီယီကို အမြစ်ပြတ်ချေမှုန်းပစ်ဖို့ ကြံစည်နေတာပဲ ” ကျင့်သိုမင်မှာ သက်ပြင်းချလိုက်ရတော့သည်။ သူသည် လီယီအား ထိုကိစ္စနှင့်ပတ်သက်၍ သတိပေးရန် စိတ်ကူးလုံးဝမရှိပေ။ အကယ်၍ သူ ထိုသို့သာ သတိသွားပေးလိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့နှင့် အဆက်အသွယ် ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်သွားမည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် ခုန်းတောက်အား လှမ်းကြည့်လိုက်သောအခါ ခုန်းတောက်မှာ ခေါင်းငုံ့ထားပြီး ထိုကိစ္စအား စိတ်ဝင်စားခြင်း မရှိသည့်ပုံ ပေါက်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူသည် မတ်တတ်ထလာပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်ပြီး ထွက်ခွာသွားတော့သည်။

သူ ထွက်ခွာသွားပြီးနောက် ခုန်းတောက်မှာ ခေါင်းမော့လာပြီး စကားပြောရန် ပြင်လိုက်ပါသော်လည်း သူ့ကိုယ်သူ ပြန်တားလိုက်၏။ ထို့နောက် သူသည်လည်း ခဏကြာတွင် ထွက်ခွာသွားတော့သည်။ ထို့ကြောင့် ရုံးခန်းထဲ၌ ဝမ်ပေါင်လဲ့နှင့် လင်းတျန်ဟောက်တို့ နှစ်ယောက်သာလျှင် ကျန်ရစ်ခဲ့တော့သည်။

လင်းတျန်ဟောက်မှာမူ ဝမ်ပေါင်လဲ့၏ ဤကိစ္စအား ကိုင်တွယိဖြေရှင်းပုံမှာ သူ၏အမြင်၌ သက်ညှာလွန်းရာ ကျနေသောကြောင့် မကျေမချမ်းဖြစ်နေရ၏။ ထို့ကြောင့် သူသည် မကျေမနပ်ဖြစ်နေသည့် လေသံဖြင့် မေးလိုက်၏။

” မြို့တော်ဝန်။ သူ့ကို ဒီလိုပဲ ခွင့်လွှတ်ပေးလိုက်မှာလား ”

ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ အဓိပ္ပာယ်လေးနက်သွားပြီး သူသည် စားပွဲခုံအား အကြိမ်ရေအနည်းငယ်ခန့် ခေါက်လိုက်ပြီးမှ ရုတ်တရက် ဆိုလိုက်၏။

” တျန်ဟောက်။ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေအားလုံးကို အသေးစိတ်အချက်အလက်ကအစ ကျောက်စိမ်းပေလွှာတစ်ခုထဲ မှတ်တမ်းတင်လိုက်ပြီးတော့ ဘုရင်ခံဆီကို ပို့လိုက်။ မြို့တော်ဝန်လီက အမှားပြန်ပြင်ပေးမယ်လို့ ပြောထားမှတော့ ငါတို့ဘက်ကလည်း ဗွေမယူသင့်တော့ပါဘူး ”

ထို့ကြောင့် လင်းတျန်ဟောက်မှာ အခြားရွေးချယ်စရာမရှိတော့သဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး ထွက်ခွာရန်ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ထပ်ပြောလိုက်ပြန်သည်။

” အဲ့တာအပြင် ဒီကိစ္စကြီးကို ဆင်ခြေပေးပြီးတော့ လူတွေ ပြောင်းရွှေ့ပေးရမဲ့အချိန်ကို နောက်ဆုတ်ပေးဖို့ တောင်းဆိုလိုက်။ ပြီးရင် လီယီရဲ့ အနောက်ပိုင်းနယ်မြေကိုလည်း စောင့်ကြည့်မနေနဲ့တော့။ လီယီ ခိုးပြီးတော့ ပြုပြင်ထားခဲ့တဲ့ တခြားနယ်မြေတွေကို ပုံမှန်အတိုင်းဖြစ်လာအောင် ပြန်လုပ်ဖို့က ပိုအရေးကြီးတယ် ”

ဝမ်ပေါင်လဲ့၏ စကားလုံးများမှာ အဓိပ္ပါယ် ထင်ရှားလွန်းနေသောကြောင့် လင်းတျန်ဟောက်မှာ သူ၏စကားများကို နားထောင်ရင်း အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူသည် ဝမ်ပေါင်လဲ့၏ လေသံထဲတွင် အန္တရာယ်ပြုလိုသည့် အငွေ့အသက်များ ကိန်းအောင်နေသည်ကို အာရုံခံမိလိုက်သောကြောင့် သူ၏အမိန့်များကို ချက်ချင်းပင် နာခံလိုက်ပြီး ထွက်ခွာလာတော့သည်။

လူတိုင်း ထွက်ခွာသွားသောအခါမှ ကုလားထိုင်ပေါ်တွင် ထိုင်ကာ အတွေးများထဲ၌ နစ်မျောနေသည့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှိတ်လိုက်တော့သည်။ ထို့နောက် ကောင်းကင်ကြီးမှာ မည်းမှောင်သွားသောကြောင့် သူ၏ ရုံးခန်းမှာလည်း တဖြည်းဖြည်းနှင့် မည်းမှောင်သွားပြီး ဝမ်ပေါင်လဲ့မှာလည်း ရုံးခန်းထဲ၌ ပျောက်ကွယ်သွားတော့သည်။ သူ၏ တတွတ်တွတ် ရေရွတ်သံများကိုသာ ကြားနေရ၏။

” လီယီ။ နင့်စကား နင်တည်ရင်တော့ ကိစ္စမရှိဘူးပေါ့။ အေး။ သေမင်းကိုမှ ထပ်ပြီးတော့ လက်ယပ်ခေါ်နေမယ်ဆိုရင် ငါက နင့်ဆန္ဒကို ဖြည့်ဆည်းပေးရမှာပဲ ”

ဝမ်ပေါင်လဲ့ မှန်းဆထားသည့်အတိုင်းပင်။ လီယီမှာ ရုံးခန်းထဲမှ ထွက်ခွာလာပြီးနောက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် အမိန့်များ ထုတ်ပြန်ခဲ့ပါသော်လည်း ၎င်းတို့မှာ အပေါ်ယံမျှသာဖြစ်သည်။ သူမသည် ပြင်ဆင်မှုများနှင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည့်ပုံ ပေါ်ပါသော်လည်း အဓိကနေရာများကို လုံးဝမထိခဲ့သည့်အပြင် ဆောက်လုပ်ရေးလုပ်ငန်းများကိုပါ အမြန်နှုန်း မြှင့်တင်လိုက်သေးသည်။

သို့သော် သူမ၏ လုပ်ပိုင်ခွင့်အာဏာများမှာ လျှော့ချခံလိုက်ရသဖြင့် လက်ရှိတွင် သူမသည် မြို့တော်နယ်မြေတစ်ခုလုံးကို မဟုတ်ဘဲ အနောက်ပိုင်းနယ်မြေတစ်ခုထဲကိုသာ ထိန်းချုပ်နိုင်စွမ်း ရှိတော့သည်ဖြစ်ရာ သူမသည် ထိုအနောက်ပိုင်းနယ်မြေကိုသာ သူမ၏ ကမ္ဘာလုံးဓမ္မမြို့တော်ကြီးအဖြစ် ပြောင်းလဲရတော့မည်ဖြစ်သည်။

လီယီမှာ သူမသည် မြို့တော်ဝန်ရာထူးအတွက် အသင့်တော်ဆုံးဖြစ်သည့် ဆန်ခါတင်ဟူသော အချက်ကို နောက်ဆုံးတွင် သက်သေပြနိုင်လိမ့်မည်ဟု ယုံကြည်ထားဆဲပင်။ ဝက်နှင့်တူသော ဝမ်ပေါင်လဲ့မှာမူ အများပြည်သူလူထုအား မျက်နှာချိုသွေးကာ လှည့်စားရန် ကြံစည်နေခြင်းဖြစ်သည်။

သို့သော် အနည်းဆုံး သူမ၏ ကမ္ဘာလုံးဓမ္မမြို့တော်ကြီး မပြီးစီးခင်အချိန်အထိ သူမ၏ လုပ်ရပ်များအား နောက်ထပ်တစ်ကြိမ် လူမိခံ၍ မဖြစ်ကြောင်းကိုလည်း နားလည်ထား၏။ ထို့ကြောင့် သူမသည် ယခင်ကထက်ပင် ပို၍ သတိကြီးကြီးထားကာ သူမ၏ လက်အောက်ရှိ အလုပ်သမားများအားလုံး၏ နေရာ၌ သူမ၏ သမင်ဖြူတာအိုကျောင်းမှ လူများနှင့် အစားထိုးလိုက်တော့သည်။

တစ်ချိန်ထဲမှာပင် သူမသည် အပြင်လူများ အလွယ်တကူ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်နိုင်ရန် အကာအရံများကို တပ်ဆင်ထားလိုက်၏။ ထိုနယ်မြေတစ်ခုတည်းသာ အခြားနယ်မြေသုံးခုနှင့် မတူဘဲ ခွဲထွက်နေခြင်းဖြစ်သည်။ လင်းတျန်ဟောက်မှာ ကျင့်သိုမင်နှင့် ခုန်းတောက်တို့အား ဦးဆောင်၍ သူတို့နှင့်အတူ ပူးပေါင်းကာ လီယီတစ်ယောက် ခိုး၍ ပြောင်းလဲခဲ့သည့် အရာအားလုံးကို ပြန်လည်ပြုပြင်‌လိုက်ပြီး ဝမ်ပေါင်လဲ့၏ ပုံစံစာရွက်အတိုင်း ပြန်လည်တည်ဆောက်နေလိုက်တော့သည်။

ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး လဝက်တိတိ ကုန်ဆုံးသွား၏။ အင်္ဂါဂြိုဟ်ဘုရင်ခံမှာ ထိုကျောက်စိမ်းပေလွှာကို လက်ခံရရှိလိုက်ပါသော်လည်း မည်သည့်အကြောင်းကြောင့်မှန်းမသိ အသေးစိတ်မေးမြန်းနေခြင်း မရှိခဲ့ပေ။ ထို့အပြင် သူမသည် လုပ်ငန်းစ‌ဉ် ပြဿနာအချို့ကို အကြောင်းပြ၍ လူများအား ရွှေ့ပြောင်းရမည့်ကိစ္စကို နောက်သို့ ဆုတ်ပေးလိုက်၏။

ထို့အပြင် ထိုလဝက်အတွင်း၌ မြို့တော်နယ်မြေအသစ်၏ သားရဲစီးကြောင်းအား ခုခံနိုင်စွမ်းကိုလည်း ကြိမ်ဖန်များစွာ စမ်းသပ်ခဲ့၏။ သားရဲစီးကြောင်းကြီးတစ်ခု ထွက်ပေါ်လာသည့် အချိန်တိုင်း မြို့တော်နယ်မြေအသစ်၏ မန္တန်အစီအရင်ကြီးအား နယ်‌မြေအားလုံးထဲ၌ လည်ပတ်သွားအောင်ပြုလုပ်ကာ သားရဲစီးကြောင်းများအား ဖိနှိပ်စေလိုက်၏။ လီယီတာဝန်ယူထားရသည့် အနောက်ပိုင်းနယ်မြေထဲတွင် မည်သည့်ပြဿနာမှ ပေါ်မလာခဲ့ပေ။

ထို့ကြောင့် လီယီမှာ သူမကိုယ်သူမ ပို၍ပင် ယုံကြည်မှုရှိလာတော့သည်။ အထူးသဖြင့် သားရဲစီးကြောင်းကြီးတစ်ခု၏ စွမ်းအားများ သိသိသာသာ မြင့်တက်လာခဲ့သည့် အချိန်တုန်းက လီယီရှိနေသော အနောက်ပိုင်းနယ်မြေထဲတွင် စက်ဝိုင်းပုံသဏ္ဌာန် မှုန်ဝါးဝါးအလင်းရောင်တစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအလင်းရောင် ရောင်ပြန်ဟပ်သွားချိန်တွင် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးထဲရှိ မန္တန်အစီအရင်ကြီးမှာ ပို၍ပင် အားကောင်းသွားခဲ့သောကြောင့် သားရဲစီးကြောင်းကြီးမှာ အတုံးအရုံး သေကျေပျက်စီးသွားခဲ့ရ၏။

ထို စမ်းသပ်မှုကြောင့် လီယီ၏ ယုံကြည်မှုများမှာ ပြင်းထန်လာရတော့သည်။ သူမ၏ ကမ္ဘာလုံးဓမ္မမြို့တော်ကြီးမှာ ဝမ်ပေါင်လဲ့၏ ထာဝရခံတပ်ကြီးထက် ပို၍သင့်တော်ပြီး ပို၍ အစွမ်းထက်နေသည်ဖြစ်ကြောင်း သူမဘက်မှ သက်သေပြနိုင်နေပြီ မဟုတ်ပါလော။

” အာဏာပြန်သိမ်းရမဲ့ အချိန်ရောက်ပြီ ” လီယီမှာ ထိုကဲ့သို့သော အခြေအနေများကို မြင်လိုက်ရသောကြောင့် ဆန္ဒစောလာရတော့သည်။ သူမသည် ကမ္ဘာလုံးဓမ္မမြို့တော်ကြီး၏ အားသာချက်များနဲ့ သားရဲစီးကြောင်းကြီးအား ခုခံနိုင်စွမ်းများကို အနှစ်ချုပ် စာရင်းပြုစုလိုက်ပြီး သမင်ဖြူတာအိုကျောင်းအား လှမ်း၍ဆက်သွယ်ကာ ဝမ်ပေါင်လဲ့အား စိန်ခေါ်ရန် ကြံရွယ်လိုက်၏။ သို့မှသာ အင်္ဂါဂြိုဟ်မြို့တော်မှာ သူတို့နှစ်ယောက်၏ မြို့တော်များ၏ အစွမ်းများကို ပြန်လည်သုံးသပ်နိုင်မည် ဖြစ်သည်။ သို့သော် ထိုနေ့ညတွင် သူမအား အငိုက်မိသွားစေခဲ့သည့် ပြောင်းလဲမှုကြီးတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။

နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးထဲမှ ခွဲထွက်နေသည့်ပုံပေါ်သော လှိုဏ်ခေါင်းပေါက်ကြီး အသစ်တစ်ပေါက်မှာ လီယီ၏ အနောက်ပိုင်းနယ်မြေထဲ၌ ပေါ်ပေါက်လာခြင်းဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset