Switch Mode

အခန်း ( ၉၁ )

ရူးသွပ်လုမတတ်ဖြစ်နေသော မြောက်ဘက်ဂိုဏ်းသားများ

ပထမအဆင့် ပွဲစဥ်များပြီးသွားပြီဖြစ်ရာ အမွှေးတိုင်သုံးတိုင်လောင်ကျွမ်းစာကြာသော အနားပေးချိန်တစ်ခု ရောက်လာလေသည်။ လူတိုင်းမှာထိုင်နေကြသော်လည်း မြောက်ဘက်ခြမ်းဂိုဏ်းသားများကမူ ထိုးထိုးထောင်ထောင်ဖြစ်နေပြီး ပိုင်ရှောင်ချန်းကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။

ပြိုင်ပွဲဝင်အားလုံးမှာ ဒုတိယအဆင့်ပွဲစဥ်များ စတင်ရန် တာဆူနေကြတော့သည်။ ထိုပွဲစဥ်များတွင် သူတို့က ဖြစ်နိုင်သမျှစွမ်းအင်အကုန်ထုတ်သုံးကာ ပိုင်ရှောင်ချန်းကို အနိုင်ယူချင်နေကြသ​ည်။ ယခုတွင်မူ အဆုံးသတ်တွင် မြောက်ဘက်ခြမ်းအနိုင်ရရ၊ မရရ မည်သူကမှ ဂရုမစိုက်ကြတော့ပေ။ သူတို့အားလုံးမှာ ပိုင်ရှောင်ချန်း၏ သွေးများနှင့် သူတို့၏အရှက်ရမှုများကိုသာ ဆေးကြောပစ်ချင်လိုသော စိတ်တစ်ခုသာရှိတော့သည်။

” ပိုင်ရှောင်ချန်း။ ဒုတိယအဆင့်ပွဲစဥ်တွေရောက်ရင် မြောက်ဘက်ကိုမင်းအရှက်ရစေခဲ့တာတွေအတွက် မင်းတန်ရာတန်ကြေး ကောင်းကောင်းပြန်ပေးဆပ်ရအောင် ငါလုပ်ပေးမယ်။”

” ငါတို့ရဲ့ အမုန်းရန်ငြိုးတွေ ပျောက်ပျက်ဖို့ဆ်ို သူ့ကို သားရဲတိရစ္ဆာန်တွေ အုပ်လိုက်ကြီးထဲကို ပစ်ထည့်လိုက်မှကိုရမှာ။ ဒုတိယပွဲစဥ်တွေရောက်လို့ကတော့ ဒီကောင့်ဘဝရဲ့ အနာကျင်ရဆုံးအချိန်တွေ လာတော့မှာ အသေအချာပဲ။

” ပိုင်ရှောင်ချန်းကို သုတ်သင်ကြဟေ့။ အဲ့လို အရှက်မရှိတဲ့အောက်တန်းစားကို နှိမ်နင်းကြစမ်းပါ။”

မြောက်ပိုင်းက ဂိုဏ်းသားများမှာ ပိုင်ရှောင်ချန်းကို သုတ်သင်ဖို့ကလွဲ၍ ကျန်တာ ခေါင်းထဲမရ်ှိကြပေ။ သူ့ကို သုတ်သင်ရမည့်တာဝန်မှာ ပထမအဆင့်ပွဲစဥ်များကို ကျော်ဖြတ်နိုင်ခဲ့သော လူရှစ်ယောက်၏ ပုခုံးပေါ်သို့ ရောက်နေတော့သည်။ ဝိညာဥ်စွယ်တစ်ယောက်သာ မျက်လုံးမှိတ်ပြီး ထိုင်နေပါသော်လည်း အခြားခုနစ်ယောက်မှာမူ လက်သီးများဆုပ်ကာ ဒေါသတကြီး စိုက်ကြည့်နေကြတော့သည်။

သူတို့သည် မြောက်ပိုင်း၏အခြားဂိုဏ်းသားများကိုပါ ကိုယ်စားပြုနေသည်။ သူတို့က ပိုင်ရှောင်ချန်း၏ ရှေ့ပွဲက လှုပ်ရှားမှုများကို လေ့လာကာ သုံးသပ်နေကြတော့သည်။ သူတိို့အားလုံးမှာ ပိုင်ရှောင်ချန်းနှင့် ရင်ဆိုင်ရန် ကိုယ်ပိုင်အစီအစဥ်များ ဆွဲနေကြတော့သည်။

” ပိုင်ရှောင်ချန်းက ဆေးလုံးတချို့ရှိတာက လွဲပြီးဘာမှမဟုတ်ပါဘူးကွာ။ အဲ့ဆေးလုံးတွေသုံးဖို့ အခွင့်အရေးသာ သူ့ကိုမပေးနဲ့။ အေးဆေးလေး အနိုင်ယူလို့ရတယ်။”

” အဲ့ဆေးလုံးတွေကြောင့် သူနိုင်သွားတာပါကွာ။ အဲ့ဆေးလုံးတွေသာမပါရင် သူ့ကိုသတ်ရတာက ကိုယ့်လက်ကို ဟိုဖက်ဒီဖက် လှန်တာလောက်ပဲရှိမှာ။ ဒုတိယပွဲစဥ်တွေမှာ သူသေချာပေါက်ရှုံးမှာ ကြည့်နေ။ ရှုံးတာကို ဝက်ဝက်ကွဲရှုံးစေရမယ်။”

ပိုင်ရှောင်ချန်း၏ အမြင်တွင်မူ မြောက်ဘက်ခြမ်းကလူများမှာ အနိုင်ကျင့်နေကြသည်ဟုသာ ​မြင်နေတော့သည်။ သူနိုင်ပြီးသွားပြီ မဟုတ်ပါလော။ သူအန်ိုင်ရသည့်နည်းလမ်းမှာ အနည်းငယ်ကြမ်းတမ်းသွားသဖြင့် သူက ပြန်လည်ရှင်းပြလိုပါသော်လည်း စကားမှားပြောမိပါက အများကြီးပို၍ပင်ဆိုးသွားမည်ကို တွေးကြောက်နေတော့သည်။

” အဓိပ္ပါယ်မရှိလိုက်တာကွာ။” သူက စိတ်ညစ်ညစ်နှင့် မြည်တွန်တီးတောက်နေတော့သည်။

မြောက်ဘက်​​ဂိုဏ်းသားများက ဒေါသမီးများဖြင့် တရှူးရှူး တရှဲရှဲဖြစ်နေချိန်တွင် တောင်ဘက်ဂိုဏ်းသားများကမူ စကားများများစားစား သိပ်ပြောမနေကြပေ။ အူယန်ကျဲ၏ စကားသံပေါ်ထွက်လာသည်အထိ သူတို့က မယိုးမယွထိုင်စောင့်နေကြသည်။

” ကဲ… အမွှေးတိုင် သုံးတိုင် လောင်ကျွမ်းပြီးသွားပြီ။ လက်ရွေးစင်တိုက်ပွဲရဲ့ ဒုတိယအဆင့် ပွဲစဥ်တွေ အခုပြန်စပြီး ထိပ်ဆုံးခြောက်ယောက်ကို ရွေးမယ် ”

” မင်းတို့ဆယ့်တစ်ယောက်ထဲက တစ်ယောက်က ပြိုင်စရာမလိုပဲ ထိပ်ဆုံးခြောက်ယောက်ထဲကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိမယ်။ ကျန်တဲ့ဆယ်ယောက်က မဲနှိုက်ပြီး နံပါတ်စဥ်အလိုက် တစ်ယောက်နဲ့တစ်ယောက်နဲ့ တိုက်ခိုက်ပြီး နိုင်တဲ့လူက အဆင့်တက်ရမယ်။” အူယန်ရန်ကျဲက စည်းမျဥ်းများကိုရှင်းပြနေစဥ် ကွင်းထဲသို့ အလင်းတန်းတစ်ခု ကျသွားပြီး အချင်း၃မီတာခန့်ရှိသော တလက်လက် တောက်ပနေသည့် ဓာတ်လုံးကြီးအဖြစ်ပြောင်းလဲသွားသည်။ ထိုအခါ ပိုင်ရှောင်ချန်းနှင့်အခြားပြိုင်ပွဲဝင်များ၏ လက်ထဲရှိပုလဲလုံးလေးများက ထိုဓာတ်လုံးကြီး၏ ဆွဲငင်ခြင်းကို ခံလိုက်ရသည်။ ထိုပုလဲလုံးများကို လွှတ်ပေးလိုက်သောအခါ တောက်ပနေသောဓာတ်လုံးကြီးထဲသို့ ပျံဝဲသွားကြတော့သည်။

ထိုဓာတ်လုံးကြီးထဲသို့ရောက်သောအခါ ပုလဲလုံးများ၏ မျက်နှာပြင်ပေါ်တွင် နံပါတ်တစ်မှ တစ်ဆယ်အထိ ဂဏန်းအသစ်များ ပေါ်လာတော့သည်။ ပုလဲလုံးတစ်လုံးမှာမူ ဗလာဖြစ်သည်။

ထို ပုလဲလုံးဆယ်လုံးမှာ ဓာတ်လုံးကြီးထဲတွင် လည်ပတ်နေကြပြီး တဖြည်းဖြည်းမြန်မြန်လာသဖြင့် အဆုံးတွင် ခပ်ရေးရေးသာ မြင်ရတော့သည်။

” တရားမျှတမှုအပြည့်အဝရဖို့ လျှို့ဝှက်မှော်အတတ်တစ်ခုကို သုံးတာနော်။ အဲ့ လည်ပတ်နေတဲ့ ပုလဲလုံးတွေကို ငါတောင် ဝင်စွက်ဖက်လို့မရဘူး။ မင်းတို့ စိတ်အေးအေးထားပြီး မဲနှိုက်ရုံပဲ။”
အူယန်ကျဲက တည်ကြည်စွာ ရှင်းပြနေတော့သည်။

ရွှီဆုန်က ပိုင်ရှောင်ချန်းကို စိုက်ကြည့်ရင်း အေးစက်စက် ရယ်လိုက်သည်။
” ပိုင်ရှောင်ချန်း။ မင်း ငါနဲ့မတိုက်ရပါစေနဲ့သာ ဆုတောင်းထားပေတော့။ အေး ငါနဲ့တိုက်ရလို့ကတော့ မင်း သစ်ကိုင်းခြောက်ချောင်း တစ်ချောင်းလို ချိုးခံရမယ်သာမှတ်။” ထိုသို့ပြောရင်း သူကလက်ကိုဝှေ့ယမ်းလိုက်သောအခါ ပုလဲလုံးတစ်လုံးက သူ၏လက်ထဲသို့ ပျံဝဲလာတော့သည်။

အခြားမြောက်ပိုင်းလက်ရွေးစင်တစ်ယောက်ကလည်း အံကြိတ်ကာ အေးစက်စက်လေသံနှင့်ပြောလိုက်သည်။
” မင်းဘယ်သူနဲ့ ချရချရ ကိစ္စမရှိပါဘူး။ လာမဲ့ဒုတိယအဆင့်ပွဲစဥ်မှာ မင်းအရှက်တကွဲ အကျိုးနည်းအောင် ရှုံးမှာကတော့ အ​သေအချာပဲ။”

ထို့နောက် ပိုင်ရှောင်ချန်းအပါအဝင် လူတိုင်းက လက်ကိုဆန့်ထုတ်လိုက်ပြီး ပုလဲလုံးများကို ရယူလိုက်ကြသည်။

ချက်ချင်းပင် ပုလဲလုံးဆယ်လုံးက ပြိုင်ပွဲဝင်များဆီသို့ ပျံဝဲသွားကြတော့သည်။

” ငါက နံပါတ်သုံးဟေ့။”

” ငါ့မှာ နံပါတ်ခုနစ်ဟေ့။”

” ငါက နံပါတ်တစ် ရတာဟေ့။”
မြောက်ပိုင်းကဂိုဏ်းသားများက သူတို့၏ နံပါတ်များကို အော်ပြောနေကြသည်။

မကြာမီ မည်သူကမည်သူနှင့် တိုက်ခိုက်ရမည်ကို ရှင်းရှင်းလင်းလင်း သိသွားကြတော့သည်။ သူတို့၏နံပါတ်များကိုအော်ပြီးသောအခါ ပိုင်ရှောင်ချန်းကို ကြောက်မက်ဖွယ်မျက်လုံးကြီးများဖြင့် ဝိုင်းကြည့်နေကြတော့သည်။

အဆုံးတွင် ဝိညာဥ်စွယ်က သူ့ပုလဲလုံး၏ နံပါတ်ကို တည်တည်ငြိမ်ငြိမ် ပြောလိုက်တော့သည်။
” နံပါတ်ကိုး…..”

မြောက်ဘက်ဂိုဏ်းသားများမှာ သူတို့ထဲက မည်သူမှ ဗလာပုလဲလုံးကို မရလိုက်ကြောင်း သိသွားတော့သည်။ ဤအချိန်တွင် ကျန်​သေးသော ပုလဲလုံးများမှာ နံပါတ်လေး၊ တစ်ဆယ်နှင့် ဗလာပုလဲလုံးများသာဖြစ်တော့သည်။ မြောက်ဘက်ဂိုဏ်းသားများက တောင်ဘက်ခြမ်းကလူများကို စိတ်လှုပ်ရှားစွာ လှမ်းကြည့်နေကြတော့သည်။

” ငါက နံပါတ်လေး။ ” ရှန်ကွမ်းထျန်ယုံ က တည်ငြိမ်စွာဖြင့် သူ၏နံပါတ်ကို ပြောလိုက်သည်။

” နံပါတ်တစ်ဆယ်။” ကျိုးရှင်းချီကမူ အမူအရာပျက်နေသောမျက်နှာဖြင့် ပြောလိုက်သည်။ သူမက ထိုသို့ပြောရင်း ဝိညာဥ်စွယ်ကို လှမ်းကြည့်နေတော့သည်။

ယခုတွင်မူ ပိုင်ရှောင်ချန်းမှလွဲ၍ အကုန်လုံး၏ ပွဲစဥ်များမှာ သတ်မှတ်ပြီးသွားပြီဖြစ်သည်။ တောင်ဘက်ခြမ်းပရိတ်သတ်များ၏ မျက်နှာများပေါ်တွင် ထူးဆန်းသော အမူအရာများပေါ်လာတော့သည်။ အသေးစားပြ်ိုင်ပွဲလေးတွင် ဝင်ပြိုင်ခဲ့ဖူးသည့် ပိုင်ရှောင်ချန်းကို ကြည့်ခဲ့ရသော မွှေးရနံ့တိမ်တောင်မှဂိုဏ်းသားများမှာ ပို၍ပင်ဆိုးလေသည်။ သူတို့၏ မျက်လုံးများမှာ ပန်းကန်ပြားများအလား ပြူးနေတော့သည်။

” မ…မဖြစ်နိုင်ဘူး။” သူတို့က မယုံကြည်နိုင်ဖြစ်နေတော့သည်။

သူတို့ထက်ပို၍ မယုံမကြည်န်ိုင်ဖြစ်နေကြသည်မှာ ပိုင်ရှောင်ချန်းကို သင်ခန်းစာပေးရန်တာစူနေကြသော မြောက်ခြမ်းဂိုဏ်းသားများပင်ဖြစ်သည်။ သူတို့တစ်အုပ်စုလုံးမှာ လက်သီးများဆုပ်ရင်း ပိုင်ရှောင်ချန်းကို အသက်မဲ့သောမျက်လုံးများဖြင့်သာ ငေးကြည့်နေကြတော့သည်။

ပိုင်ရှောင်ချန်းကမူ သူ့ကိုယ်သူ ဂုဏ်ယူနေသော အမူအရာကို ဖုံးကွယ်မနေနိုင်တော့ပေ။ သူ၏လက်ထဲက ပုလဲလုံးတွင် နံပါတ်မပါသည် မဟုတ်ပါလော။ စစချင်းတုံးက သူ အမြင်မှားသည်ဟု ထင်နေခဲ့သည်။ သို့သော်လည်း သေချာအနီးကပ်စစ်ဆေးပြီးသောအခါ ထိုပုလဲလုံးမှာ သေချာပေါက်ဗလာဖြစ်ကြောင်း သူကသိလိုက်လေသည်။

ထို့နောက်သူက ဘေးဘီဝဲယာကိုအကဲခတ်လိုက်သောအခါ လူတိုင်းက သူ့ကိုငေးကြည့်နေကြောင်းသိလိုက်ရ၍ ချက်ချင်းပင် ဘဝကြီးသည် တစ်ခါတစ်ရံဆိုလျှင် အထီးကျန်ဆန်စရာကောင်းကြောင်း သဘောပေါက်လိုက်တော့သည်။ သူ၏အင်္ကျီလက်ကို ခါယမ်းကာ သူက အထီးကျန်သူရဲကောင်းတစ်ယောက်၏ပုံစံဖမ်းလိုက်ပြီး တိမ်တိုက်များကို မော့ကြ​ည့်နေတော့သည်။ တည်ငြိမ်သောလေသံဖြင့် သူက ခပ်တည်တည်ပြောဆိုလိုက်တော့သည်။
” တောင်းပန်ပါတယ်ကွာ။ ဒီပွဲစဥ်တော့ ငါနားလိုက်အုံးမယ်နော်။ ငါနဲ့မှ တိုက်ခိုက်ချင်လှပါချည်ရဲ့ဆိုရင် ကြိုးစားပြီး နောက်တစ်ဆင့်တက်အောင် လုပ်ကြပေါ့ကွာ။”

သူ၏ စကားများကြောင့် တစ်ခဏမျှ မည်သူမှ ဘာမှမပြောနိုင်​​ကြချေ။ အသက်ရှူကြိမ်အနည်းငယ်ခန့် ကြာပြီးသောအခါမှ မြောက်ဘက်ပရိတ်သတ်ကြီးက ဒေါသတကြီး ထအော်ကုန်ကြတော့သည်။

” မဖြစ်နိုင်တာကွာ။ သောက်ကျိုးနည်း။ ဒီပွဲ သူ ဝင်ပြိုင်စရာမလိုတော့ဘူးပေါ့။ ဘာလို့ အရှက်မရှိတဲ့ ပိုင်ရှောင်ချန်းဆိုတဲ့ကောင်ကများ ဗလာမဲ ရရတာလဲကွာ။ ဘာလို့လဲ။”

” သူဘာကိစ္စ အဲ့လောက် ကံကောင်းနေရတာလဲ။ လူဆယ့်တစ်ယောက်ရှိတာကွာ။ သူ ဗလာမဲရတယ်ဆိုတာ ငါယုံတောင်မယုံနိုင်ဘူး။ သူ့လိုမျိုးကောင်က ဘာလို့များ ဒီလောက်ကံကောင်းနေရပါလိမ့်။ တော်တော်ကို အဓိပ္ပါယ်မရှိလိုက်တာကွာ။”

” ငါတော့ လက်မခံန်ိုင်ဘူးဟေ့။ ဒီကောင်က အကြွားသန်လိုက်တာ။ ငါ…ငါ… ဒီကောင့်ကို သုတ်သင်မှကို ရမယ်။”

မြောက်ဘက်ဂိုဏ်းသားများမှာ သူတို့၏အရှက်ရမှုကြီးကို အကြမ်းဖက်ကာ ဆေးကြောမည်ဟု ကြံထားသော်လည်း ပိုင်ရှောင်ချန်းမှာ ဗလာမဲရသွားသည်ဖြစ်၍ သူတို့အားလုံးမှာ သွေးတစ်ပွက်အန်လုနီးပါးပင် ဖြစ်ကုန်ကြသည်။ ယခုဖြစ်ရပ်မှာ ပိုင်ရှောင်ချန်း၏ မျက်နှာကို ထိုးလိုက်သောအခါ မျက်နှာကို မထိုးမိပဲ လေကိုသာထိုးမိနေသည့် ပုံစံနှင့် တူနေတော့သည်။ သူတို့၏ရင်ထဲတွင် ဒေါသများ စုဝေးနေပြီး ရွှီဆုန်နှင့် အခြားလူများမှာ ပိုင်ရှောင်ချန်းကို ထိုနေရာတွင်ချက်ချင်းပင် အပိုင်းပိုင်းခုတ်ထစ်ပစ်ချင်စိတ်များ ပေါ်နေတော့သည်။

တောင်ဘက်ဂိုဏ်းသားများပင်လျှင် ထူးဆန်းသောအမူအရာများဖြင့် ဘာပြောရမှန်းမသိ ဖြစ်နေတော့သည်။ မြောက်ဘက်ဂိုဏ်းသားများမှာ ပိုင်ရှောင်ချန်းနှင့်တိုက်ခိုက်ရန် အသေရရအရှင်ရရဖြစ်နေသည့်အတွက် ဤကဲ့သို့အခြေအနေကြောင့် သူတ်ို့မည်မျှ ခံစားရခက်နေမည်ကို တွေးကြည့်ရန်ပင်မလိုတော့ပေ။

” ဒါက ဘာဟုတ်သေးလို့လဲ။ အသေးစားပြိုင်ပွဲလေးတုံးက ဦးလေးပိုင်က… ဗလာမဲကို နှစ်ပွဲဆက်တိုက်ရခဲ့တာကွ။” မွှေးရနံ့တိမ်တောင်ဂိုဏ်းသားများထဲက တစ်ယောက်က ထပြောလိုက်လေသည်။ သူ့ဘေးနားထိုင်နေသောလူများက ထိုစကားကိုကြားလိုက်ရသောအခါ မယုံကြည်မှုများနှင့်အတူ မျက်လုံးများပြူးနေကြတော့သည်။

” အရင်တုံးကလဲ သူဒီလို ဖြစ်ခဲ့ဖူးတယ် ဟုတ်လား။ ဂိုဏ်းတူဦးလေးပိုင်က တော်တော်ကို ကံကောင်းတဲ့ လူပဲ ”

ပ်ိုင်ရှောင်ချန်းကမူ ချောင်းဟန့်လိုက်ပြီး အထီးကျန်သူရဲကောင်းတစ်ယောက်ပုံစံ ပြန်ဖမ်းလိုက်လေသည်။ မြောက်ဘက်ဂိုဏ်းသားများကို လှမ်းကြည့်ရင်း သူက ဖြေးညင်းစွာခေါင်းခါလိုက်ပြလိုက်လေသည်။ ထိုအမူအရာကြောင့် မြောက်ဘက်ဂိုဏ်းသားများများမှာ ပို၍ပင် ဒေါသထွက်လာကြတော့သည်။

သို့သော်လည်း သူတို့ ဘယ်လောက်ဒေါသထွက်ထွက် အခြေအနေကမူ ပြောင်းလဲသွားမည် မဟုတ်ပေ။ လက်ရွေးစင်ပြိုင်ပွဲ၏ ဒုတိယအဆင့်ပွဲစဥ်များ စတင်တော့မည်ဖြစ်သည့်အတွက် သူတ်ို့က ခံစားချက်ကို မျိုသိပ်ထားရုံမှလွဲ၍ မတတ်နိုင်တော့ပေ။

သို့သော်လည်း ပိုင်ရှောင်ချန်းဝင်မတိုက်ခိုက်ရသဖြင့် ပွဲစဥ်များမှာ အရင်ကလောက် စိတ်ဝင်စားဖို့မကောင်းတော့ပေ။ ထို့အပြင် တောင်ဘက်ခြမ်းမှာ ဂိုဏ်းသားနှစ်ယောက်သာကျန်တော့သဖြင့် ပွဲသုံးပွဲမှာ မြောက်ဘက်ဂိုဏ်းသားအချင်းချင်း ပြန်တိုက်ရသော ပွဲများဖြစ်နေတော့သည်။

ပထမဆုံးပွဲမှာ တစ်ခဏပင်ကြာလိုက်သည်။ ကုန်းစွန်းဝမ်အာက သူမ၏ပြိုင်ဘက်ဖြစ်သော မြောက်ဘက်ဂိုဏ်းသားတစ်ယောက်ကို လွယ်လင့်တကူပင် အနိုင်ရရှိသွားလေသည်။ ထိုရှုံးနိမ့်သွားသောဂိုဏ်းသားမှာ တောင်ဘက်ခြမ်းကို ခံစားချက်များစွာ ရောယှက်နေသော မျက်နှာဖြင့် လှည့်ကြည့်ရင်း ကွင်းထဲမှ ထွက်သွားတော့သည်။

ဒုတိယမြောက်ပွဲစဥ်တွင် ရှန်ကွမ်းထျန်ယုံ ပါလေသည်။ ကံကောင်းစွာပင် သူ၏ပြိုင်ဘက်မှာ ထိပ်သီးလက်ရွေးစင်တစ်ယောက်မဟုတ်ဘဲ အခြားဂိုဏ်းသားတစ်ယောက်သာ ဖြင်သဖြင့် သူက ပုခုံးပေါ်မှဖုန်ကိုခါသည့်အလား လွယ်ကူစွာပင် အနိုင်ရရှိသွားတော့သည်။ ထိုအခါ တောင်ဘက်ခြမ်းပရိသတ်များကမူ စိတ်အေးလက်အေးဖြစ်သွားပြီး သက်ပြင်းချလိုက်ကြတော့သည်။ အနည်းဆုံးတော့ သူတ်ို့တစ်ပွဲနိုင်သွားပြီဖြစ်လေသည်။

ထို့နောက် တတိယပွဲစဥ်နှင့် စတုတ္ထပွဲစဥ်တွင် မြောက်ဘက်ဂိုဏ်းသားများအချင်းချင်း တိုက်ခိုက်ရလေသည်။ ထိုပွဲများမှာ ပြင်းထန်သော်လည်း တောင်ဘက်မှပြိုင်ပွဲဝင်များမပါသဖြင့် ထိုဘက်က ပရိတ်သတ်များက တိတ်ဆိတ်စွာပင် ကြည့်နေကြသည်။

နောက်ဆုံးပွဲတွင် ကျိုးရှင်းချီက တည်ကြည်သောအမူအရာဖြင့် ကွင်းထဲသို့ ဝင်သွားတော့သည်။ တောင်ဘက်ဂိုဏ်းသားများမှာ အားပေးနေကြသော်လ​ည်း သူတို့က ပြိုင်ပွဲ၏ရလဒ်ကို အနိုင်ဟု မတွက်ထားကြပေ။

အဘယ့်ကြောင့်ဆိုသော်… ကျိုးရှင်းချီ၏ ပြိုင်ဘက်မှာ လက်ဖျောက်တစ်ချက်တီးရုံမျှဖြင့် လုထျန်းလဲ့ကို အ​သေသတ်နိုင်လုနီးပါးအထိဖြစ်အောင် စွမ်းသော ကြောက်မက်ဖွယ် ဝိညာဥ်စွယ်ပင် မဟုတ်ပါလော။

ဝိညာဥ်စွယ်ကမူ ကွင်းထဲသို့ဝင်လာပြီးနောက် မေးခွန်းတစ်ခုကို မေးလိုက်သည်။
“ မင်းနဲ့ စောစောက လျှပ်စီးကောင်ဆို ဘယ်သူ ပိုစွမ်းတာလဲ။”

သူထိုမေးခွန်းမေးခြင်းမှာ သူမကိုနှိမ်ချင်၍ မေးမှန်းမဟုတ်ကြောင်း ကျိုးရှင်းချီက သိသဖြင့် ရိုးသားစွာ ဖြေလိုက်လေသည်။
” ဂိုဏ်းတူအစ်ကိုလုက နည်းနည်းပိုစွမ်းပါတယ်။”

” ဒီလိုလုပ်။ စောစောကပွဲက ငါ့စွမ်းအားရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကို သုံးခဲ့တာ။ အခုဒီပွဲမှာ ငါလေးဆယ်ရာခိုင်နှုန်းလောက်ပဲသုံးမယ်။ အဲ့တာဆို မင်းမသေလောက်ပါဘူး။”
ဝိညာဥ်စွယ်က အေးအေးဆေးဆေးပင် အမူအရာမပျက် ပြန်ပြောလိုက်သည်။ သူ၏စကားကိုကြားရသူများကမူ သူအမှန်ပြောနေကြောင်းသိ၍ ခါးသက်သက်ပြုံးကာ ကြည့်နေကြတော့သည်။

ကျိုးရှင်းချီက အသက်ပြင်းပြင်းရှူလိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်လေသည်။ ချက်ချင်းပင် မရေမတွက်နိုင်သော အပြာရောင်မီးပွားလေးများက သူမ၏ဘေးပတ်ပတ်လည်တွင် ပေါ်လာပြီး မိုးပြာရောင်ချည်မျှင်များအဖြစ် ပြောင်းလဲသွားသည်။ ထိုမိုးပြာရောင်ချည်မျှင်များမှာ ပေါင်းစည်းသွားပြီး အားကောင်းသောဆွဲငင်အားတစ်ခုထုတ်လွှတ်နေသည့် ပန်းပွင့်ကြီးတစ်ပွင့်အသွင် ပြောင်းလဲသွားသည်။

” အပင်ပြောင်းလဲခြင်းမန္တန်ပဲ ”
​တောင်ဘက်မှ လူအုပ်ကြီးက အပင်ပြောင်းလဲခြင်းမန္တန်သုံးနေသည်ကို မြင်လိုက်ရသောအခါ သူတို့၏မျက်လုံးများမှာ အရောင်တောက်လာတော့သည်။ ထိုသိုင်းကွက်မှာ ဝိညာဥ်ခေါ်သံနှင့် ရွှယ်ကျဲကော်တုကဲ့သို့ ပညာရပ်များနှင့် တစ်ဆင့်ထဲတွင်မရှိသော်လည်း ဂိုဏ်း၏လျှို့ဝှက်မှော်အတတ် ဆယ်ခုထဲမှ တစ်ခုဖြစ်သည်။

ထိုအတတ်မှာ အပင်များသုံးကာ ရန်သူကို တိုက်ခိုက်သော ထူးခြားသည့် မှော်အတတ်တစ်ခုဖြစ်သည်။ အမျိုးအစားများစွာရှိသည့်အတွက် ပဟေဠိဆန်ကာ ခန့်မှန်းရခက်လေသည်။ လီချင်းဟောက်သာ ထိုမှော်အတတ်ကိုသုံးပါက ကီလိုမီတာငါးဆယ်ကျယ်ဝန်းသော အပင်နှင့် အသီးအရွက် ကမ္ဘာကြီးတစ်ခုကို ဖန်တီးနိုင်သည်။
ထိုမှော်အတတ်ကို နောက်ဆုံးအဆင့်ထိ မြှင့်တင်ပြီးပါက ‘ မှော်အပင်လက်နက် ‘ ဟူ၍ နာမည်နောက်တမျိုးခေါ်တွင်လေသ​ည်။

ထိုမှော်အတတ်ကိုသုံးလိုက်သည့်အတွက် ကျိုးရှင်းချီမှာ စွမ်းအင်များစွာကုန်ခမ်းသွားပြီး သူမ၏မျက်နှာမှာ သွေးပြတ်ကာ ဖြူဆုတ်သွားတော့သည်။ ဤပြိုင်ဘက်ကို သူမ မယှဥ်နိုင်ကြောင်းသိသော်လည်း သူမ၏အဘိဓာန်တွင် မကြိုးစားပဲနှင့်အရှုံးပေးခြင်းဆိုသော အရာမှာ မရှိပေ။

သူမ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ ထိုပန်းပွင့်ပြာကြီးမှာ တုန်ခါသွားပြီး လျင်မြန်စွာကြီးထွားလာကာ ဝိညာဥ်စွယ်ဆီသို့ ပျံသန်းသွားတော့သည်။ ထိုပန်းပွင့်ကြီးမှာ ပါးစပ်ကြီးပွင့်လာပြီး သူ့ကိုဝါးမျိုတော့မည့်အလားပင်။

ထိုမြင်ကွင်းမှာ ရင်သက်ရှုမောဖွယ်ကောင်းလှသဖြင့် ပိုင်ရှောင်ချန်းမှာ သတိထားမိသွားပြီး ထိုမှော်အတတ်ကို စိတ်ဝင်စားနေတော့သည်။ သို့သော်လည်း ထိုအချိန်တွင် သရဲစွယ်က အပေါ်သို့တည်ငြိမ်စွာမော့ကြည့်ကာ လက်ချောင်းကို ဝှေ့ယမ်းလိုက်တော့သည်။

ဤအကြိမ်တွင်မူ သူက ကောင်းကင်ကိုချိန်၍ ဝှေ့ယမ်းခြင်းမဟုတ်ပဲ ကျိုးရှင်းချီကိုချိန်၍ ဝှေ့ယမ်းလိုက်ခြင်းဖြစ်သည်။ သူ၏ဘေးနားရှိလေထုများမှာ တုန်ခါလာပြီး အနက်ရောင်ဝိညာဥ်လက်ကြီးတစ်ခုပေါ်ပေါက်လာကာ လက်သီးဆုပ်တစ်ခုအသွင် ပြောင်းသွားတော့သည်။

ထိုလက်သီးကြီးက ကွင်း၏ တစ်ဝက်လောက်ထိပြည့်အောင်ကြီးမားလွန်းလှ၍ အခြားအရာများကိုပင် မမြင်ရတော့ပေ။ ထိုလက်သီးကြီးက ပန်းပွင့်ပြာကြီးကို ဝင်တိုက်လိုက်သောအခါ ပန်းပွင့်ကြီးမှာ တုန်ခါသွားပြီး ပြာမှုန့်များအဖြစ်သို့ ပြိုလဲပျက်စီးသွားတော့သည်။ ဝိညာဥ်လက်ကြီးမှာမူ ရပ်တန့်မသွားပေ။ ထိုလက်ကြီးက ဘာမှမဖြစ်သလိုပင် ဆက်၍ ရှေ့ဆက်နေပြီး ကျိုးရှင်းချီကို ဝင်တိုက်လိုက်တော့သည်။

အသံကျယ်ကြီးတစ်ခုပေါ်ထွက်လာပြီး ကျိုးရှင်းချီ၏ ပါးစပ်မှ သွေးများပန်းထွက်လာကာ သူမမှာနောက်သို့ လွင့်ထွက်သွားသည်။ ကွင်းအပြင်ဘက်အထိသို့ ရောက်ရှိသွားခါမှ သူမက ရပ်တန့်သွားပြီး သွေးရှစ်ပွက်ထပ်အန်လေတော့သည်။ ဖြူရော်နေသောမျက်နှာဖြင့် သူမက နောက်သို့လှည့်ထွက်သွားသော သရဲစွယ်ကို အလျော့မပေးလိုသော မျက်လုံးများဖြင့် မော့ကြည့်နေသည်။

ထိုအခါ အံ့အားသင့်နေသော ပင့်သက်ရှိုက်သံများကလွဲ၍ အခြားအသံတစ်သံကိုမှ မကြားရပေ။….


Comment

Leave a Reply

Options

not work with dark mode
Reset