ပေဟန်လဲ့နှင့် သူ၏ဆရာတို့ထွက်ခွာသွားကြသောအခါ တောင်ဘက်နှင့်မြောက်ဘက်ဂိုဏ်းသားများမှာ စိတ်တွေဂယောင်ခြောက်ခြားဖြစ်ကာ မျက်လုံးပြူးကြီးများဖြင့် ဆွံ့အနေကြတော့သည်။ သူတို့ခေါင်းထဲတွင် ပေဟန်လဲ့နှင့် သူ၏ခွေးကြီးတို့အကြား ဖြစ်ပျက်ခဲ့သော အရာများသာ ကျန်ခဲ့တော့သည်။
ဂိုဏ်းသားများသာ အံ့အားသင့်နေသည်တော့မဟုတ်ပေ။ ဂိုဏ်းခေါင်းဆောင်၊ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများပါ ဆွံ့အနေကြတော့သည်။ သူတို့အားလုံးက ကွင်းထဲရှိ အပြစ်ကင်းစင်သော အမူအရာနှင့် ပိုင်ရှောင်ချန်းကိုသာ ငေးကြည့်နေကြတော့သည်။
အကြီးအကဲကျိုးမှာ အသားတဆတ်ဆတ်တုန်နေပြီး မျက်လုံးကြီးများဖောင်းကားလာကာ မျက်နှာပေါ်တွင် ခံစားချက်ပေါင်းစုံ ရောထွေးနေတော့သည်။ လေထဲတွင်ဝဲပျံနေသော ဖီးနစ်ငှက်ကမူ အတိတ်တုံးက ၎င်းကပိုင်ရှောင်ချန်းကို မတရားစွပ်စွဲခဲ့ခြင်း မဟုတ်ကြောင်း လူတိုင်းကိုသိစေချင်နေသည့်အလား စူးစူးရှရှ အော်မြည်နေတော့သည်။
အဆုံးတွင် အသက်ရှူသံများကိုပြန်ကြားလိုက်ရပြီး တောင်ဘက်ခြမ်း၏အပြင်စည်းဂိုဏ်းသားများမှာ ပိုင်ရှောင်ချန်းကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေကြတော့သည်။
အမျိုးသမီးများကမူ မျက်နှာများနီမြန်းနေကြပြီး သူ့ကိုရွံရှာစက်ဆုပ်ဖွယ်သတ္တဝါကြီးတစ်ကောင်အလား တံတွေးများဖြင့် ထွေးနေကြတော့သည်။
သို့သော်လည်း အမျိုးသားများမှာ ပို၍ပင် ခံစားနေကြသည်ဖြစ်သည်။ တစ်ယောက်မကျန် ပိုင်ရှောင်ချန်းကို ရှောင်ခွာသွားကြပြီး ဘ ပေဟန်လဲ့ကို စာနာသနားစိတ်များနှင့်အတူ နဖူးပေါ်တွင် ချွေးများပင် ထွက်လာတော့သည်။
အဆုံးတွင် ထိုလူအုပ်ကြီးမှာ ဆူဆူညံညံဖြစ်ကုန်ကြတော့သည်။
” ဂိုဏ်းတူ ဦး…ဦးလေးပိုင်က… နတ်….နတ်ဘုရားတစ်ပါးပဲဟေ့။ အဲ့ ပေဟန်လဲ့ဆိုတဲ့ကောင် ဘယ်တော့မှ နာလန်ပြန်ထူနိုင်မှာမဟုတ်တော့ဘူး။”
” ဂိုဏ်းတူဦးလေးပိုင်ကို ဘယ်တော့မှ ရန်မစမိကြစေနဲ့။ သူက လုံးဝကို အန္တရာယ်အကြီးစားကြီးပဲ။”
” အဲ့တာ အကြီးအကဲကျိုးရဲ့ဖီးနစ်ငှက်ကို သူ ကျွေးခဲ့တဲ့ဆေးလုံးနဲ့ တူတူပဲမလား။ အဲ့ဆေးက တိရစ္ဆာန်တွေအတွက် ကာမအားတိုးဆေးကြီးပဲဟ။ ဘာလို့များ ဂိုဏ်းတူဦးလေးပိုင်က အဲ့လိုဆေးမျိုးတွေများ ဖော်စပ်ပါလိမ့်။ တွေးလို့ကိုမရဘူး။”
မည်သည့်နည်းနှင့်နိုင်နိုင် ပိုင်ရှောင်ချန်းက တောင်ဘက်ခြမ်းအတွက် ဒုတိယမြောက်နိုင်ပွဲဖြစ်သည့် အနိုင်တစ်ပွဲရယူပေးခဲ့ပြီဖြစ်သည်။ တောင်ဘက်ဂိုဏ်းသားများမှာ မည်သို့ခံစားရမည်ကို ဝေခွဲမရဖြစ်နေသော်လည်း သူတို့မှာ ပိုင်ရှောင်ချန်းကို စတင်အားပေးနေကြတော့သည်။
ရှမ်ကွမ်းထျန်ယုံကမူ သူ၏မျက်တောင်မှချွေးများကို သုတ်လိုက်သည်။ သူအရင်က ပိုင်ရှောင်ချန်းကို အထင်သေးခဲ့ပါသော်လည်း ယခုမှာမူ မှင်သက်နေပြီဖြစ်သည်။ ပေဟန်လဲ့၏ ရက်စက်သော ကံကြမ္မာကိုတွေးမိလိုက်သောအခါ သူသာထိုသို့လုပ်ခံရပါက မည်သို့များဖြစ်နေမည်ကို ကြောက်ကြောက်နှင့် တွေးတောမိနေတော့သည်။ ခဏကြာသောအခါ သူက ထိုအတွေးများကို ခေါင်းထဲကထုတ်လိုက်တော့သည်။
ကျိုးရှင်းချီကမူ စကားမပြောနိုင်ပဲ ကယောင်ချောက်ချား ဖြစ်နေတော့သည်။
အနည်းငယ်ကြာသောအခါ မိုးချုန်းသံကဲ့သို့သော အသံကြီးကို ကြားလိုက်ရသည်။ မြောက်ဘက်ဂိုဏ်းသားများမှာ သူမတူအောင် ပေါက်ကွဲနေကြသည်ဖြစ်သည်။ သူတို့ဘက်မှ အရင်ပွဲပေါင်းများစွာကို အံ့သြဖွယ်ပုံစံများဖြင့် အနိုင်ရရှိထားသည်မှာ အရေးမကြီးတော့ပေ။ ယခုတွင် အရာအားလုံးက ပြောင်းလဲသွားပြီဖြစ်သည်။
အတွင်းစည်းဂိုဏ်းသားများအပါအဝင် ပွဲလာကြည့်ကြသော မြောက်ဘက်ဂိုဏ်းသားအားလုံးမှာ ဒေါသထွက်နေကြပြီဖြစ်သည်။ နီမြန်းနေသော မျက်လုံးကြီးများဖြင့် သူတို့မှာ အသံကုန် အော်ဟစ်နေကြတော့သည်။
” ရူးချက်ပဲ။ အဲ့တာဘာဆေးလုံးလဲ။ အဲ့လိုဆေးမျိုး ဒီကမ္ဘာပေါ်မှာရှိနေတာ ငါ့ဖြင့်မယုံနိုင်ဘူး။ ပိုင်ရှောင်ချန်းကို သုတ်သင်ပြီး အဲ့ဆေးကို အမြစ်ပျက်အောင် ဖျက်ဆီးမှရမယ်။”
“ဘုရားရေ။ ဂိုဏ်းတူအစ်ကိုပေဟန်လဲ့ရဲ့ သားရဲက သူ့ကိုပြန်ခုန်အုပ်ခဲ့တာနော်။ ဒါ….ဒါ….”
” ပိုင်ရှောင်ချန်းကို နှိမ်နင်းကြ။ နှစ်ပေါင်းများစွာကြာပြီ။ ငါတို့မြောက်ဘက်ကို ဒီလိုမျိုး ဘယ်သူမှ မစော်ကားဖူးဘူး။ အဲ့ဆေးလုံးအသုံးပြုခွင့်ကို ပိတ်ပင်သင့်တယ်။ ရှိသမျှဆေးလုံးတွေကိုလည်း ဖျက်ဆီးသင့်တယ် ”
သူတို့ကို ဒေါသမထွက်ဖို့သွားပြောရန်မှာ မဖြစ်နိုင်ချေ။ တောင်ခြမ်းမှ အမျိုးသားဂိုဏ်းသားများပင်လျှင် ပေဟန်လဲ့ကိုသနားနေကြသည်။ မြောက်ပိုင်းက ဂိုဏ်းသားများကမူ သူ၏နာကျင်မှုကို သူတို့ကိုယ်တိုင် ခံစားနေရသည့်အတိုင်း ဖြစ်နေတော့သည်။ မြောက်ခြမ်းဂိုဏ်းသားများတိုင်းတွင် သူတို့ကိုယ်ပိုင် သားရဲတစ်ကောင်ဆီ ရှိကြသည်မဟုတ်ပါလော။ သူတို့ကထိုသို့ ဒေါသတကြီးလှမ်းအော်ဟစ်နေပြီးနောက် သူတို့၏ ကိုယ်ပိုင် သားရဲတိရစ္ဆာန်များကို ငုံ့ကြည့်မိလိုက်ကြသောအခါ ပေဟန်လဲ့၏ဖြစ်ရပ်များကို ပြန်တွေးမိသွားတော့သည်။ ထိုသို့ကြည့်မိလိုက်တိုင်း စိတ်မသက်မသာ ဖြစ်ပြီး ကျန်ခဲ့တော့သည်။
မကြာမီပင် သူတို့၏ စိတ်ဆိုးမာန်ဆိုးအော်သံများမှာ ပို၍ပင် ပြင်းထန်လာတော့သည်။
” ပိုင်ရှောင်ချန်းက ငါတို့မြောက်ဘက်ရဲ့ အဓိကရန်သူပဲ ”
” ပိုင်ရှောင်ချန်း ကျရှုံးပါစေ။ သူအသက်ရှင်နေသ၍ မြောက်ပိုင်းက ထာဝရအရှက်ရနေရမှာ။”
” သောက်ကျိုးနည်းကွာ။ ငါအဲ့ကောင် တစ်ခါထဲမျိုးတုန်းအောင် သတ်တော့မယ်။ သူ့ကြောင့် မြောက်ဘက်ခြမ်းရဲ့သမိုင်းမှာအမည်းစက်ကြီးတစ်ခုက ထာဝရကျန်ခဲ့ပြီကွ။”
အနာဂတ်တွင် မြောက်ဘက်ဂိုဏ်းသားများ သူတို့၏ သားရဲများကိုကြည့်လိုက်သည့်အခါတိုင်း ပေဟန်လဲ့၏ ကြေကွဲဖွယ်ဖြစ်ရပ်များကို ပြန်တွေးနေမိမှာ အမှန်ပင်။
ကုန်းစွန်းမောင်နှမ နှစ်ယောက်၏ အသက်ရှူသံများမှာ ပုံမှန်မဟုတ်တော့ပဲ ကြောက်ရွံ့မှုများနှင့်ဒေါသများ ကြီးစိုးနေသော မျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကို ကြည့်နေကြသည်။ ပေဟန်လဲ့တစ်ယောက်သာ ထိခိုက်ဒဏ်ရာရသွားသည်ဖြစ်ပါသော်လည်း မြောက်ပိုင်းတစ်ခုလုံးက နာကျင်နေရတော့သည်။
ရွှီဆုန်ကမူ သူ့ခန္ဓာကိုယ်ရှိ အဆီဖတ်တိုင်းက တုန်ရီနေပြီး ဒေါသထွက်နေတော့သည်။ သူက ဘ ပေဟန်လဲ့နှင့် မတည့်သော်ငြားလည်း သူ့အတွက် စိတ်မကောင်းတော့ဖြစ်နေရသည်။ ရင်တွင်းတွင်မူ သူက စာနာသနားနေပြီး တချိန်ထဲမှာပင် ကြောက်ရွံ့နေတော့သည်။
” ပေဟန်လဲ့က သားရဲတစ်ကောင်ကိုပဲ ထိန်းနိုင်တာလေ။ ငါ…ငါ့မှာက… ငါး…ငါးကောင်တောင်ရှိတာ။” ရွှီဆုန်က ထိုအတွေးများဝင်လာသောအခါ အော်ငိုလုမတတ်ဖြစ်သွားတော့သည်။ သူကအံကြိတ်ရင်း ဒေါသမီးများတောက်လောင်နေသော မျက်ထောင့်နီကြီးများဖြင့် ပိုင်ရှောင်ချန်းကို စိုက်ကြည့်လိုက်တော့သည်။
အနက်ရောင်ဝတ်ရုံနှင့် ဝိညာဥ်စွယ်ပင်လျှင် တုန်ရီနေပြီး သူကပိုင်ရှောင်ချန်းကို အလွန်တည်ကြည်သောမျက်လုံးများဖြင့် စိုက်ကြည့်နေတော့သည်။
ပိုင်ရှောင်ချန်းကမူ အပြစ်ကင်းစင်သဖွယ်ပုံစံလေးဖြင့် သူမွှေးခဲ့သောမီးပုံကြီးကို လှည့်ပတ်ကြည့်နေတော့သည်။ မြောက်ဘက်ခြမ်း၏ဂိုဏ်းသားများ အလွန်ဒေါသထွက်နေသည်ကို သိလိုက်ရသောအခါ သူက ချက်ချင်းပင် ရှင်းပြရန် ကြိုးစားလိုက်သည်။
” ဟေ့လူတွေ။ ကျုပ်ကို အပြစ်လာမတင်နဲ့ ။ တိုက်ပွဲမစခင်ထဲက ပေဟန်လဲ့ကို အရှုံးပေးဖို့ ပြောသားပဲ။ သူမှနားမထောင်တာ။ ကျုပ်ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူးလား။ ကျုပ်တိုက်ကွက်တွေကို ကျုပ်တောင်မှ ပြန်ကြောက်ရပါတယ်လို့။” ပိုင်ရှောင်ချန်းကမူ သူ တရားခံနေရသည်ဟု ခံစားရ၍ အမျိုးမျိုးအဖုံဖုံဖြင့် ရှင်းပြနေတော့သည်။ သို့သော်လည်း သူ၏ရှင်းပြချက်များမှာ မီးပုံထဲ ဆီလောင်းထည့်သလိုပင် ဖြစ်သွားတော့သည်။
” ပိုင်ရှောင်ချန်း။ မင်းက မင်းနာမည်နဲ့မှမလိုက်ကွာ။ မင်းက ဘယ်လိုမှ အပြစ်ကင်းစင်တဲ့ကောင်မဟုတ်ဘူးကွ။”
( ပိုင်ရှောင်ချန်းဆိုသော နာမည်သည် တရုတ်ဘာသာစကားအရ အပြစ်ကင်းစင်သောသူ ဟု အဓိပ္ပါယ်ထွက်သည်။)
” လုံးဝကို အရှက်မရှိတာပဲကွ။ စက်ဆုပ်ဖို့ကောင်းလိုက်တာ။ ငါတို့ကို မင်းမလို့ အရှက်ခွဲရဲတယ်။”
” ပိုင်ရှောင်ချန်းကို သုတ်သင်ကြဟေ့။”
မြောက်ပိုင်းမှ ဒေါသထွက်နေသော ဂိုဏ်းသားများက နီရဲသောမျက်လုံးကြီးများဖြင့် တဖြည်းဖြည်း ရှေ့တိုးလာကြတော့သည်။ ဂိုဏ်းသားပေါင်း ထောင်သောင်းမက ပိုင်ရှောင်ချန်းကို သုတ်သင်ရန် ကွင်းထဲသို့ပြေးဝင်ရန် ပြင်နေသည့်အတိုင်းပင်။
ပိုင်ရှောင်ချန်းမှာ နှလုံးခုန်မြန်လာပြီး ချက်ချင်းပင် ခြေလှမ်းအနည်းငယ်ဆုပ်ကာ တောင်ဘက်လူအုပ်နားထိရောက်အောင် သွားလိုက်လေသည်။ သူက မေးငေါ့ရင်း သက်ပြင်းချလိုက်ကာ အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး အထီးကျန်သူရဲကောင်းတစ်ယောက်အလား မတ်တတ်ရပ်နေတော့သည်။
” မင်းတို့ ဘယ်လိုမျိုး ငါ့ကို အသရေဖျက်ဖျက် ငါက အပြစ်ကင်းစင်ပြီး စိတ်ထားကောင်းတယ်ကွ။” သူက ထိုသို့ပြောရင်း သက်ပြင်းချကာ ကွင်းထဲမှ ထွက်သွားတော့သည်။ သူ၏နောက်တွင်ကား မြောက်ဘက်ခြမ်းဂိုဏ်းသားများက ဒေါသတကြီးအော်ဟစ်ကာ မျက်မုန်းကျိုးနေသော မျက်လုံးကြီးများဖြင့် ကြည့်နေကြတော့သည်။ အကြည့်ကြောင့် လူသေနိုင်ပါက ပိုင်ရှောင်ချန်းသည် အကြိမ်ပေါင်းများစွာ သေပြီးနေမည်ဖြစ်တော့သည်။
သူက ခြောက်ကပ်စွာ ချောင်းဟန့်လိုက်ရင်း တောင်ဘက်ခြမ်းဘက်သို့ ပြန်လာတော့သည်။ ထိုနေရာရှိ ဂိုဏ်းသားများ၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများကို မြင်နိုင်ပေသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းကို မြောက်ဘက်ဂိုဏ်းသားများ မည်မျှမုန်းတီးနေသည်ကို သူတို့သိသွားပြီဖြစ်ရာ ထိတ်လန့်နေတော့သည်။
ဤအချိန်မှစ၍ မြောက်ခြမ်း၏ အဓိကရန်သူမှာ တောင်ခြမ်းမဟုတ်တော့ပဲ ပိုင်ရှောင်ချန်းဆိုသော လူတစ်ယောက်သာ ဖြစ်သွားတော့သည်။
မြောက်ခြမ်းက ဤပြိုင်ပွဲကို နိုင်သွားလျှင်တောင်မှပင် ပေဟန်လဲ့၏ဖြစ်ရပ်များကြောင့် သူတို့က ရှုံးနေသေးသည်ဟု တွက်နေဦးမည်မှာ အသေအချာပင်။
ဂိုဏ်းခေါင်းဆောင်ကမူ ပွဲကြည့်စင်ပေါ်တွင် ထိုင်ရင်း အနေရခက်နေတော့သည်။ သူက ပိုင်ရှောင်ချန်းကို ငုံ့ကြည့်နေကာ ကူရာကယ်ရာမဲ့နေသည့် လူတစ်ယောက်အလား နှလုံးများပင် အခုန်မြန်နေတော့သည်။ မည်မျှ တည်ကြည်မြင့်မြတ်သော ပွဲလမ်းသဘင်တစ်ခုဖြစ်ပါစေ ပိုင်ရှောင်ချန်းပေါ်လာတိုင်း ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားရသည့် အချက်ကို သူက တွေးတောနေတော့သည်။ တောင်ဘက်ခြမ်း၏ ဂိုဏ်းချုပ်သုံးယောက်ကမူ မည်သို့မည်ပုံ ပြုမူရမှန်းမသိဖြစ်နေတော့သည်။ သူတို့၏တစ်ဘဝလုံးတွင် ယခုလို ဖြစ်ရပ်မျိုးကို တစ်ခါမျှ မကြုံဖူးကြချေ။
လီချင်းဟောက်၏ အသားအရည်မှာ နီလိုက်စိမ်းလိုက်ဖြစ်နေပြီး မျက်လုံးများမှာ အသက်မဲ့နေတော့သည်။ စောစောကဖြစ်ရပ်များကြောင့် သူကလုံးဝကို ချောက်ခြားနေတော့သည်။ တာအိုသစ်စေ့တောင်ပေါ်ရှိ ဂိုဏ်းစောင့်အကြီးအကဲလေးယောက်ပင်လျှင် သူတို့၏ နတ်ဘုရားအာရုံများ တုန်ရီနေသည်ကို ခံစားမိလိုက်ပြီး မည်သို့မည်ပုံတွေးရမည်ကို မသိနိုင်ဖြစ်နေတော့သည်။
မြောက်ဘက်ဂိုဏ်းသားများ၏ ဒေါသများကို ထိန်းချုပ်၍မရနိုင်ဖြစ်တော့မည်ကို သိ၍ အူယန်ကျဲက မြောက်ဘက်ဂိုဏ်းသားများများကို နောက်ကိုလွင့်စင်သွားစေမည့် အသံကျယ်ကြီးဖြင့် စကားပြောလိုက်တော့သည်။
” ခုနစ်ပွဲမြောက် စမယ်ဟေ့။”
ချက်ချင်းပင် ဗလကြီးတစ်ယောက် မြောက်ဘက်လူအုပ်ထဲမှ ပျံထွက်လာသည်။ သူ၏မျက်လုံးများမှာ နီရဲနေပြီး ကွင်းထဲသို့ရောက်သောအခါ သူက ဒေါသတကြီးနှင့် အော်ဟစ်လိုက်တော့သည်။
” ပိုင်ရှောင်ချန်း။ ငါမင်းကို တိုက်ခိုက်ဖို့ စိန်ခေါ်တယ်ကွာ။” ထိုဗလကြီးက ရန်လိုသော လေသံဖြင့် လှမ်းအော်လိုက်သည်။
“အေးဆေးပေါ့ကွ။ မင်းအရင် ထိပ်ဆုံးဆယ်ယောက်ထဲဝင်အောင် အရင်လုပ်လေကွာ။ အဲ့တာဆိုရင် မင်းငါနဲ့တိုက်ခိုက်ဖို့အရည်ချင်းပြည့်မီရင် မီမှာပေါ့။”
ပိုင်ရှောင်ချန်းက ဂရုမစိုက်သည့်လေသံဖြင့် မေးငေါ့ကာ အထီးကျန်သူရဲကောင်းတစ်ယောက်အလား ပြန်ပြောလိုက်လေသည်။
ထိုစကားများကြောင့် ဗလကြီးမှာ စိတ်ဆိုးမာန်ဆိုး အော်ဟစ်နေပြီး မျက်လုံးများမှာ လုံးဝကို နီရဲနေတော့သည်။ တစ်ချိန်ထဲမှာပင် ရှမ်ကွမ်းထျန်ယုံ၏ဘေးနားရပ်နေသော ဂိုဏ်းသားက သူ့ကိုယ်သူမာန်တင်းကာ ကွင်းထဲသို့ ဝင်သွားတော့သည်။
ထို့နောက် တဒုန်းဒုန်း မြည်သံများထွက်လာတော့သည်။ မြောက်ပိုင်းဂိုဏ်းသားများမှာ စိတ်တိုနေကြသည်ဖြစ်ပြီး ပိုင်ရှောင်ချန်း၏ပွဲပြီးပြီးချင်း ပထမဆုံးပြန်တိုက်သော ဤဗလကြီးမှာ သူ၏ဒေါသများကို တိုက်ခိုက်ချင်းဖြင့် ဖြေလျှော့နေတော့သည်။ တောက်ဘက်ဂိုဏ်းသားမှာ နောက်သို့ အကြိမ်ကြိမ် အတွန်းထုတ်ခံနေရပြီး အဆုံးတွင် သူက အရှုံးပေးလိုက်ရသည်။
နောက်ပွဲများမှာ ကိုးပွဲမြောက်နှင့် ဆယ်ပွဲမြောက်ပွဲစဥ်များဖြစ်သည်။ ထိုပွဲများတွင် မြောက်ဘက်ဂိုဏ်းသားများမှာ ကြက်ငှက်လေးတွေကို သတ်နေသည့်အလားပင်။ အလွန်ကြီးမားသော ဒေါသရန်ငြိုးကြီးများဖြင့် မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြသည်ဖြစ်သည်။ သူတို့အားလုံးမှာ ပိုင်ရှောင်ချန်းနှင့်တိုက်ခိုက်ကာ သိက္ခာပြန်ဆယ်ရန် ထိပ်ဆုံးဆယ်ယောက်ထဲသို့ ဝင်ချင်နေကြသည်။
” ငါနိုင်မှရမယ်။ ငါ ထိပ်ဆုံးဆယ်ယောက်ထဲ ရောက်ပြီးတာနဲ့ ပိုင်ရှောင်ချန်းကို သုတ်သင်ပေးမယ်။ အဲ့အခါမှ သူ့ကို သားရဲတစ်ကောင် တက်ပြီးခုန်အုပ်တာကြိုက်လားမကြိုက်လား ကြည့်ရမယ်။”
” တော်စမ်းပါကွာ။ ငါကတော့ ဂိုဏ်းစည်းကမ်းတွေကိုဖောက်ရမယ်ဆိုရင်တောင် ဖောက်ပြီး အဲ့ကောင်ကို ခြေတွေလက်တွေအကုန်ချိုးမှာ ”
” ငါ သူ့ကိုသတ်လိုက်ရင်တောင် ဆရာက ငါ့ကို အပြစ်အများကြီး မပေးလောက်ဘူး။ ပိုင်ရှောင်ချန်းကိုသတ်နိုင်တဲ့ကောင်က မြောက်ခြမ်းရဲ့ သူရဲကောင်းတစ်ယောက်ပဲ ”
မြောက်ဘက်ခြမ်းဂိုဏ်းသားများမှာ ထိုသို့ အငြိုးအတေးများဖြင့် ရေရွတ်ရင်း အစွမ်းကုန် တိုက်ခိုက်နေကြတော့သည်။
မြောက်ဘက်ခြမ်းသည် တောင်ဘက်ခြမ်းထက် လူနှစ်ယောက်ပိုပါသည့်အတွက် ဆယ်ပွဲမြောက်မှာ မြောက်ပိုင်းသား နှစ်ယောက်အချင်းချင်း တိုက်ခိုက်ရခြင်းဖြစ်သည်။ သို့ရာတွင် ထိုနှစ်ယောက်မှာမူ တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးကြပေ။
နောက်ဆုံးတွင် ပထမအဆင့်ပွဲစဥ်များ၏ နောက်ဆုံးပွဲသို့ရောက်လာတော့သည်။ ကျိုးရှင်းချီက အသက်ပြင်းပြင်းရှူရင်း ခရမ်းရောင်အလင်းများတောက်ပနေသော ခြေထောက်များဖြင့် ကွင်းထဲသို့ ဝင်သွားတော့သည်။ အနည်းငယ်ကြာသောအခါ သူမသည် မြောက်ခြမ်း၏နောက်ဆုံးဂိုဏ်းသားနှင့် တိုက်ခိုက်နေတော့သည်။
ထိုတိုက်ပွဲမှာ ရင်ခုန်စရာမကောင်းသလို အံ့အားသင့်စရာလည်း မကောင်းပေ။ ကျိုးရှင်းချီသည် လက်ရွေးစင်တစ်ဦးဖြစ်သည့်အတွက် မြောက်ပိုင်းမှ သူမ၏ပြိုင်ဘက်ဖြစ်သော ပြိုင်ပွဲဝင်ဂိုဏ်သားမှာ တိုက်ရည်ခိုက်ရည်ကောင်းမွန်ပါသော်လည်း သူမကို မယှဥ်နိုင်ခဲ့ပေ။ အသက်ရှူကြိမ် ဆယ်ကြိမ်လောက်ပြီးသောအခါ မြောက်ပိုင်းဂိုဏ်းသား၏ပါးစပ်မှ သွေးတစ်ပွက်အန်ထွက်လာပြီး အရှုံးမပေးချင်ပေးချင်နှင့် ပေးလိုက်ရတော့သည်။
ကျိုးရှင်းချီက လူအုပ်ထဲသို့ပြန်ဝင်လာသောအခါ တောင်ဘက်ဂိုဏ်းသားများက ဆူညံပွက်လောရိုက်အောင် အားပေးနေတော့သည်။ ပိုင်ရှောင်ချန်းက ထိုအားပေးသံများကိုကြားလိုက်ရသောအခါ စ်ိတ်ထဲတွင် အနည်းငယ် ခံရခက်သွားတော့သည်။ ကျိုးရှင်းချီကို အားပေးနေသံများမှာ သူ့ကိုအားပေးတုံးကအသံများထက် ပို၍ကျယ်နေသည်မှာ အသိသာကြီးပင်။
ဤတွင် လက်ရွေးစင်တိုက်ပွဲများ၏ ပထမအဆင့် တိုက်ပွဲများမှာပြီးဆုံးသွားပြီဖြစ်သည်။ ပြိုင်ပွဲဝင် ဆယ့်တစ်ယောက်ကျန်ရှိလေရာ ရှစ်ယောက်မှာ မြောက်ခြမ်းကဖြစ်ပြီး သုံးယောက်မှာ တောင်ခြမ်းကဖြစ်သည််။