အခန်း ( ၈၈ )

မြောက်ဘက်ခြမ်း၏အစွမ်းထက်ဆုံးအပြင်စည်းဂိုဏ်းသား

ကျိန်းယွမ်သုန်၏စကားကြောင့် မြောက်ဘက်နှင့်တောင်ဘက်မှ ဂိုဏ်းသားများမှာ နှလုံးခုန်မြန်လာပြီး တာအိုသစ်စေ့တောင်၏ နှင်းဖုံးနေသောတောင်ထိပ်ပေါ်ရှိ လှေကားထစ်တစ်ခုကို လှမ်း၍မော့ကြည့်လိုက်ကြသည်။

တချိန်ထဲမှာပင် ကြောက်မက်ဖွယ်အင်အားကြီးမားသော
နတ်ဘုရားအာရုံလေးသွယ် စီးဆင်းထွက်ပေါ်လာပြီး ရှိရှိသမျှလူအားလုံးကို ဖုံးလွှမ်းသွားတော့သည်။

ထိုနတ်ဘုရားအာရုံလေးသွယ်မှာ ပိုင်ရှောင်ချန်းအပါအဝင် ဂိုဏ်းသားအားလုံးကို ဖုံးလွှမ်းနေပြီး သူတို့အပေါ်တွင် အံ့သြဖွယ်ကောင်းသောဖိအားကြီးတစ်ခုရောက်နေသည့်အလား ဖြစ်နေတော့သည်။ ထိုအာရုံပိုင်ရှင်များမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှိသမျှလူအားလုံး၏ အသက်ရော ဝိညာဥ်ပါမကျန်ကို နှုတ်ယူနိုင်လောက်အောင် အင်အားကြီးမားသည်။ ပိုင်ရှောင်ချန်း၊ ရှမ်ကွမ်းထျန်ယုံနှင့် မြောက်ဘက်ခြမ်းရှိလက်ရွေးစင်များပင် ထိုကဲ့သို့ တွေးနေကြသည်။ ထိုဖိအားကြီးကြောင့် သူတို့အားလုံး တုန်ရီနေကြပြီး တချိန်ထဲမှာပင် သူတို့၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေတော့သ​ည်။

ဂိုဏ်းစောင့်အကြီးအကဲများကပင် နတ်ဘုရားအာရုံများကိုသုံးကာ ပြိုင်ပွဲများကိုစောင့်ကြည့်နေသည်ဆိုသောအချက်ကြောင့် ယှဥ်ပြိုင်သူအားလုံး၏ မျက်လုံးများမှာ တောက်ပစွာလင်းလက်နေတော့သည်။

” ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက် ငါ့ကိုသဘောကျသွားအောင်လုပ်နိုင်ရင် တပည့်အဖြစ်ငါ့ကို လက်ခံလောက်တယ် ”

” ဒီပြိုင်ပွဲမှာ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားမှ ရမယ် ” ပြိုင်ပွဲဝင်များ၏ စိတ်ထဲတွင် အတွေးများက ပြိုင်မြင်းများအလား ဒုန်းစိုင်းပြေးနေကြသည်။ ချက်ချင်းလိုလိုပင် နှစ်ဘက်လုံးရှိဂိုဏ်းသားများထံမှ သတ်ဖြတ်လိုသောအငွေ့အသက်များ ပေါ်ထွက်လာတော့သည်။

ပိုင်ရှောင်ချန်းတစ်ယောက်သာလျှင် မတ်တတ်ရပ်ကာ မျက်တောင် တဖျပ်ဖျပ်ခပ်ရင်း ကြောင်တောင်တောင်ဖြစ်နေတော့သည်။

” ဂိုဏ်းစောင့်အကြီးအကဲတွေ ဟုတ်လား။ သူတို့က ငါ့ဆရာနဲ့ အဆင့်တူတူပဲမလား။ အဲ့တာဆို သူတို့က ငါ့ရဲ့ဂိုဏ်းတူဦးလေးတွေပေါ့။” ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ ဂုဏ်ယူနေတော့သည်။ ဂိုဏ်းထဲရှိ သူ၏အဆင့်မှာ တကယ်ကို မြင့်လွန်းနေသည်။ အနည်းငယ်တွေးတောပြီးသောအခါ သူက လက်ရွေးစင်တိုက်ပွဲများပြီးလျှင် သူ၏ဂိုဏ်းတူဦးလေးများထံ သွား၍လည်မည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင်ကျိမ်းယွမ်သုန်က အင်္ကျီလက်ကို ခါယမ်းလိုက်သောအခါ အလင်းရောင်ဓာတ်လုံးလေးတစ်ခုက ပြိုင်ပွဲကွင်းပြင်၏ အလယ်သို့ ပျံဝဲသွားတော့သည်။ ထိုဓာတ်လုံးက ချက်ချင်းပင် ပုလဲလုံး နှစ်ဆယ့်နှစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းနှင့် အခြားပြိုင်ပွဲဝင်များဆီသို့ပျံဝဲသွားတော့သည်။

ပိုင်ရှောင်ချန်းက သူ့လက်ထဲမှ ပုလဲလုံးကို ငုံ့ကြည့်ရင်း ရေရွတ်လိုက်သ​ည်။ “နံပါတ် ဆယ့်တစ်တဲ့လား။

သူက ရှမ်ကွမ်းထျန်ယုံနှင့် အခြားလူများ မည်သည့်နံပါတ်များရကြောင်းသိလိုသဖြင့် အကဲလိုက်ခတ်ကြည့်လိုက်သော်လည်း လူတိုင်းက သူတို့ရထားသော ပုလဲလုံးများကို ဖွက်ထားကြလေသည်။

ထိုအချိန်တွင် အထက်ဝရံတာမှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။ အသံပိုင်ရှင်ကား ကျိန်းယွမ်သုန်မဟုတ်။ တရားစီရင်ရေးခန်းမက အူယန်ကျဲ ဖြစ်သည်။
” ပထမမြောက်ပွဲက ပုလဲလုံးနံပါတ်တစ်နဲ့ ပုလဲလုံးနံပါတ်နှစ် တို့ရဲ့ပိုင်ရှင်နှစ်ယောက် တိုက်ရမယ်။ ရှေ့ထွက်ခဲ့ပါ။”

ချက်ချင်းပင် မြောက်ဘက်ခြမ်း၏ဂိုဏ်းသားများထဲမှ ပိန်ပါးပါးလူငယ်တစ်ယောက် ပေါ်ထွက်လာသည်။ သူ၏အမူအရာမှာ အေးစက်စက်နှင့် မာနကြီးကြောင်းပေါ်လွင်နေပြီး သူပေါ်ထွက်လာသောအခါ မြောက်ဘက်ဂိုဏ်းသားများက ဝိုင်း၍ အားပေးကြလေသည်။ သူက လက်ရွေးစင်ထိပ်သီးငါးယောက်ထဲက တစ်ယောက်မဟုတ်သော်လ​ည်း နာမည်အတော်အသင့်ကြီးသူ တစ်ယောက်တော့ဖြစ်သည်။

ကွင်းထဲသို့ ရောက်သွားသည်နှင့်တပြိုင်နက် သူက အော်ပြောလိုက်သည်။
” ကျုပ်က မြောက်ဘက်ခြမ်းက လျိုယွင်ပါ။”

ထိုအခါ ရှမ်ကွမ်းထျန်ယုံက ရုတ်တရက်ပျံထွက်လာသည်။ သူက တည်ကြည်သော အမူအရာဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
” ကျုပ်က တောင်ဘက်ခြမ်းက ရှမ်ကွမ်းထျန်ယုံပါ။”

သူက အေးစက်သောအမူအရာဖြင့် မတ်တတ်ရပ်နေပြီး ဓားအိမ်မချွတ်ရသေးသော ဓားတစ်ချောင်းပုံစံနှင့် တူနေတော့သည်။ သူပြောလိုက်သော စကားလုံးများကြောင့် အရာအားလုံးမှာ ပို၍ အေးစက်သွားတော့သ​ည်။

ရှမ်ကွမ်းထျန်ယုံ ရှေ့သို့ထွက်လာသည်နှင့် တောင်ဘက်ခြမ်း၏ အပြင်စည်းဂိုဏ်းသားများ၏ အားပေးသံများမှာ ဆူညံပွက်လောရိုက်ကုန်တော့သည်။

လူပိန်လေး၏မျက်နှာမှာ အမူအရာပြောင်းလဲသွားသည်။ သူပထမဆုံးရင်ဆိုင်ရမည့်လူမှာ တောင်ဘက်ခြမ်းမှ နာမည်အကြီးဆုံးလက်ရွေးစင်ဖြစ်သော ရှမ်ကွမ်းထျန်ယုံ ဖြစ်လိမ့်မည်ဟု သူကမထင်ထားပေ။ စိတ်ပျက်နေသောအမူအရာဖြင့် သူကအသက်ပြင်းပြင်းရှူလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ သူ၏ဘေးနားရှိလေထုမှာ တုန်ခါသွားသည်။ တချိန်ထဲမှာပင် စပါးအုံးမြွေကြီးတစ်ကောင်ပေါ်ထွက်လာပြီး လေများမှာ ခပ်ကြမ်းကြမ်းတိုက်ခတ်လာသည်။ ထိုစပါးအုံးမြွေကြီးက ခွေလ်ိုက်သောအခါ မီတာသုံးဆယ်နီးပါးအထိ မြင့်တက်သွားသည်။

သို့သော်လည်း ထိုလူငယ်၏ သားရဲတိရစ္ဆာန်ပေါ်လာချိန်တွင် ရှမ်ကွမ်းထျန်ယုံက ခံစားချက်မဲ့သောအမူအရာဖြင့် ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည်။ ထိုလူငယ်မှာ အခြားဘာမှလုပ်ရန်အချိန်ပင် မရလိုက်ပေ။ ရှမ်ကွမ်းထျန်ယုံမှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ ထိုလူပိန်လေး၏ ဘေးသို့ရောက်နေပြီဖြစ်သည်။ ထိုလူပိန်လေး၏လည်ပင်းပေါ်သို့ သူ့လက်ထဲမှ ဓားဖြင့်ထောက်လိုက်တော့သည်။

” မင်းရှုံးပြီ။” သူက အေးစက်စက် ပြောလိုက်သည်။

ထိုလူပိန်လေးမှာ ကျောချမ်းသွားပြီး ရှမ်ကွမ်းထျန်ယုံကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သောအခါ သူ၏မျက်နှာပေါ်တွင် မယုံကြည်မှုများဖြင့်ပြည့်နှက်နေသော တုန်လှုပ်နေသည့် အမူအရာ ပေါ်လာတော့သည်။ ယခုလိုမျိုးပြိုင်ဘက်ကို သူယှဥ်နိုင်မည်မဟုတ်ဟု သူက ချက်ချင်းသိလိုက်သ​ည်။ ထိမျှ မြန်မြန်ရှုံးသွားလိမ့်မည်ဟု သူကမထင်ထားမိပေ။ သူ၏ စပါးအုံးမြွေကြီးကို ပြန်သိမ်းကာ ဦးညွှတ်လျက် ကွင်းထဲမှထွက်သွားတော့သည်။

” ငါတို့ ပထမပွဲကို နိုင်သွားပြီဟေ့။ ဟားဟားဟား။ ဒီတစ်ခေါက်တော့ တောင်ဘက်ခြမ်းက အသာရမှာ အမှန်ပဲ။”

” ဂိုဏ်းတူအစ်ကို ရှမ်ကွမ်းထျန်ယုံက ပထမနေရာကိုတောင် စိန်ခေါ်နိုင်လောက်တယ်ကွ ”

တောင်ဘက်ခြမ်းကလူများရှိသော နေရာမှာ အုပ်အော်သောင်းနင်းဖြစ်နေကြတော့သည်။ ပိုင်ရှောင်ချန်းကမူ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း မတ်တတ်ရပ်နေသည်။ ရှမ်ကွမ်းထျန်ယုံ ဘာလုပ်လိုက်သည်ကို သူလည်းသေချာမမြင်လိုက်ရပေ။ သို့သော်လည်း သူ၏စွမ်းအားများသည် ပုံမှန်ထက်ကျော်လွန်နေကြောင်းကိုတော့ သိလိုက်လေသ​ည။

ထို့အပြင် ဂိုဏ်းစောင့်အကြီးအကဲများ၏ နတ်ဘုရားအာရုံနှစ်သွယ်မှာ ရှမ်ကွမ်းထျန်ယုံကို အနီးကပ်လေ့လာနေတော့သည်။

မြောက်ဘက်ခြမ်းကဂိုဏ်းသားများကမူ ဆွံ့အနေတော့သည်။

” အဲ့တာ အသေးစား တည်နေရာရွှေ့ပြောင်းခြင်းလား။ မဖြစ်နိုင်ဘူးနော်။ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက ဘယ်လောက်တောင်ရှိတာလဲ။ တည်နေရာရွှေ့ ပြောင်းခြင်းတော့ လုံးဝမဖြစ်နိုင်ဘူး။”

” အဲ့တာ ဟင်းလင်းပြင်မှော်အတတ်ပဲ။ ဒီကောင်က တောင်ဘက်ခြမ်းရဲ့နံပါတ်တစ်လက်ရွေးစင်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်။ ချီစုစည်းမှုအဆင့်နဲ့တင် သူက ဟင်းလင်ပြင်မှော်အတတ်ကို သုံးနိုင်နေပြီပဲ။”

မြောက်ဘက်ခြမ်းမှ အခြားယှဥ်ပြိုင်သူများကမူ လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။ ပေဟန်လဲ့၏ မျက်လုံးများမှာမူ နက်မှောင်စွာ တောက်ပနေတော့သည်။ ကုန်းစွန်းမောင်နှမနှင့် ရွှီဆုန်တို့အားလုံးမှာလ​ည်း အတွေးများထဲ နစ်မျောနေကြတော့သည်။

အနက်ရောက်ဝတ်ရုံဆင်မြန်းထားသော ဝိညာဥ်စွယ် တစ်ယောက်သာလျှင် မျက်လုံးပိတ်နေပြီး တုတ်တုတ်မျှပင် မလှုပ်ချေ။

လူအုပ်ကြီး ငြိမ်ကျမသွားခင် အူယန်ကျဲ၏ အေးစက်စက်အသံကြီးက ထပ်မံပေါ်ထွက်လာပြန်တော့သည်။
” ဒုတိယမြောက်ပွဲ စမယ် ”

မြောက်ဘက်ခြမ်း၏ လက်ရွေးစင်များထဲမှာ အနည်းငယ် ပုဝဝနှင့် လူငယ်တစ်ယောက် ထွက်လာသည်။ သူ၏အပြုံးသည် နားရွတ်တက်ချိတ်လုနီးပါးဖြစ်နေပြီး သူ့ပုံစံမှာ အပြစ်ကင်းစင်ပြီး အန္တရာယ်ပေးမည့်ပုံ မဟုတ်ပေ။

” ကျွန်တော်က မြောက်ဘက်ခြမ်းက ရွှီဆောင်းပါ။” တောင်ဘက်ခြမ်းမှ ထွက်လာသော ဂိုဏ်းသားကို သူကလှမ်းပြောလိုက်သည်။

သူ၏ပြိုင်ဘက်မှာ လုထျန်းလဲ့မဟုတ်သလို အခြားနာမည်ကြီး လက်ရွေးစင်လည်းမဟုတ်ပေ။ သူသည် အရည်ချင်းစစ်ပြိုင်ပွဲများရောက်မှ စွမ်းအားအကုန်ထုတ်သုံးပြခဲ့သည့် လျှို့ဝှက်ဂိုဏ်းသားများအဖွဲ့က ဖြစ်သ​ည်။ သူသည် မျက်နှာရှည်ပြီး ကြည့်မကောင်းပေ။ သို့သော်လည်း သူရင်ဆိုင်နေရသောလူမှာ မြောက်ခြမ်း၏ ထိပ်သီးလက်ရွေးစင်ငါးယောက်ထဲမှ တစ်ယောက်ဖြစ်ကြောင်း သူကသိပေသ​ည်။

” ကျွန်တော်က တောင်ဘက်ခြမ်းက ကျိုးဖိန်ပါ။” သူက မိတ်ဆက်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူကာ သူ၏ကျင့်ကြံခြင်းအခြေကို လည်ပတ်စေလိုက်သ​ည်။ မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး ဓားပျံတစ်ချောင်းကို သူကဆင့်ခေါ်လိုက်သည်။ သို့သော်လည်း သူက ထိုဓားပျံကို ရှေ့သို့ပင်မထုတ်ရသေး ရွှီဆုန်၏ မျက်လုံးများထဲတွင် လှောင်ပြောင်အထင်သေးသော အကြည့်များဖြင့်ပြည့်နှက်သွားပြီး လက်ကိုရှေ့သို့ဆန့်ထုတ်လိုက်သည်။

ထစ်ချုန်းသံများပေါ်ထွက်လာပြီး ကျိုးဖိန်၏အပေါ်တည့်တည့်တွင် အက်ကွဲကြောင်းကြီးတစ်ခုက ပေါ်ထွက်လာတော့သည်။ ထို့နောက် အက်ကွဲသံများပါပေါ်ထွက်လာပြီး မိကျောင်းကဲ့သို့ ဧရာမသားရဲကြီးတစ်ကောင်က လျှပ်စီးအလား လျင်မြန်သော အရှိန်ဖြင့် သူ့ကို ခုန်အုပ်လိုက်ပြီး တစ်ချက်ထဲနှင့် ဝါးမြိုလိုက်တော့သည်။

သူ၏ဓားပျံမှာလည်း စိတ်စွမ်းအင်နှင့် အဆက်အသွယ်ပြတ်သွားသဖြင့် မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။

” မုခ်ဦးတောင်ရဲ့ဂိုဏ်းသားတွေနဲ့ တိုက်ခိုက်နေရတာကိုမင်းရဲ့ခေါင်းပေါ်က လေဟာနယ်ကို မေ့ထားတယ်ပေါ့ ဟုတ်လား။ စိတ်ပျက်စရာပဲ။” ရွှီဆုန်က ခပ်နှိမ်နှိမ်လေသံဖြင့်ဆိုလိုက်ကာ ရယ်မောလျက် ကွင်းထဲမှလှည့်ထွက်သွားတော့သည်။ သူ၏လက်ကို နောက်ကျောဘက်တွင်ဝှေ့ယမ်းလိုက်သောအခါ သူ၏သားရဲကြီးမှာ ပါးစပ်ပွင့်သွားပြီး သတိမေ့မျောနေသော ကျိုးဖိန်ကို ကြက်သေသေနေသည့် တောင်ဘက်ခြမ်းဂိုဏ်းသားများအရှေ့သို့ ထွေးထုတ်လိုက်တော့သည်။

သူတို့မှာ အမူအရာအပျက်ကုန်ကြပြီး ပင့်သက်ရှိုက်သံအချို့ပင် ပေါ်ထွက်လာတော့သည်။ လုထျန်းလဲ့နှင့် အခြားလက်ရွေးစင်များကမူ နှလုံးခုန်သံများပင် မှားကုန်တော့သည်။

သူတို့နှင့် ဆန့်ကျင်ဘက်အလား မြောက်ဘက်ခြမ်းဂိုဏ်းသားများကမူ ကျယ်လောင်စွာ အားပေးနေကြတော့သ​ည်။

မြောက်ဘက်ခြမ်းကလူများ၏ ကြောက်မက်ဖွယ်အစွမ်းများကိုကြည့်၍ ပိုင်ရှောင်ချန်းမှာ တုန်လှုပ်နေတော့သည်။ သားရဲတိရစ္ဆာန်များကို သူတို့ထိန်းချုပ်ပုံမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အဆင့်မြင့်လွန်းလှသည်။

မကြာမီတွင် တတိယပွဲစလေသည်။ မြောက်ဘက်ခြမ်းက ယှဥ်ပြိုင်သူမှာ ထိပ်သီးလက်ရွေးစင်ငါးယောက်ထဲက တစ်ယောက်ဖြစ်သော ကုန်းစွန်းဝမ်အာ ဖြစ်သည်။ တောင်ဘက်ခြမ်းမှ သူမ၏ပြိုင်ဘက်မှာ ကျိုးရှင်းချီမဟုတ်ပဲ အခြားတစ်ယောက်ဖြစ်ကြောင်း သူမသိလိုက်ရသောအခါ အနည်းငယ်စိတ်ပျက်သွားသည်။ သူမက လက်ကိုဝှေ့ယမ်းလိုက်သောအခါ သူမ၏ခုနစ်ရောင်ခြယ်ဖီးနစ်ငှက်က ခုနစ်ရောင်ရှိသောမြူခိုးများကို မှုတ်ထုတ်လိုက်တော့သည်။

ထိုခုနစ်ရောင်ခြယ် မြူခိုးများမှာ တောင်ဘက်ခြမ်းမှဂိုဏ်းသားကို လွှမ်းခြုံသွားသောအခါ သူက ရုတ်တရက်ချက်ချင်းပင် ရူးသွပ်သွားတော့သည်။ ဒေါသတကြီး အော်ဟစ်ကာ သူက မမြင်ရသော ​ပြိုင်ဘက်တစ်ယောက်ကို တိုက်ခိုက်နေရသည့်အလား ဘေးနားတစ်ဝိုက်ကို အရူးအမူး ကန်ကျောက်နေတော့သည်။ တစ်ခဏမျှကြာသောအခါ သူက မေ့လဲသွားတော့သည်။

အစမှအဆုံးထိ ကုန်းစွန်းဝမ်အာမှာ သူမ၏လက်သွယ်သွယ်လေးကို ဝှေ့ယမ်းနေခြင်းသာဖြစ်သည်။ ထို့နောက်သူမက ကွင်းထဲမှ ပျံသန်းထွက်ခွာသွားတော့သည်။
တောင်ဘက်ခြမ်းက လူအုပ်ကြီးမှာ တုန်လှုပ်နေရင်း မြောက်ဘက်ခြမ်းကဂိုဏ်းသားများကို ကြောက်ရွံ့စွာကြည့်နေကြတော့သည်။

” လက်ရွေးစင်တွေနဲ့ ယှဥ်တိုက်နိုင်တာ လက်ရွေးစင်အစစ်တွေပဲရှိမှာပေါ့ကွာ။”
တောင်ဘက်ခြမ်းမှဂိုဏ်းသားများမှာ ညည်းညူရင်း မျှော်လင့်ချက်မျက်လုံးများဖြင့် ရှမ်ကွမ်းထျန်ယုံကို ဝိုင်းကြည့်လိုက်ကြသ​ည်။ လူအနည်းငယ်ကမူ ပိုင်ရှောင်ချန်းကိုလည်း ထိုနည်းအတိုင်းကြည့်နေကြတော့သည်။

ပိုင်ရှောင်ချန်းကမူ ချက်ချင်းပင် ခေါင်း​မော့ကာ ရင်ကော့လိုက်တော့သည်။ သို့သော်လည်း အတွင်းစိတ်ထဲတွင်မူ ကုန်းစွန်းဝမ်အာ လုပ်သွားသည့်အရာကြောင့် ထိတ်လန့်နေတော့သည်။

” အဲ့ကလေးမလေးက ကျိုးရှင်းချီထက်တောင် ပိုတော်နေပါ့လား ” သူက တွေးရင်းတွေးရင်း အာခေါင်များပင် ခြောက်လာတော့သည်။

ထို့နောက် စတုတ္ထမြောက်ပွဲစတင်လေသည်။ တဖျတ်ဖျတ်လက်နေသော လျှပ်စီးများဖြင့်ဝန်းရံထားသည့် လုထျန်းလဲ့က ကွင်းထဲသို့ ပျံထွက်သွားသည်။ သူ၏ မြောက်ဘက်ခြမ်းမှပြိုင်ဘက်မှာ တစ်ချိန်လုံး မျက်လုံးမဖွင့်သော ဝတ်ရုံနက်နှင့် လူငယ်ဖြစ်သည်။ အဆုံးတွင် သူ၏မျက်လုံးများမှာ ပွင့်လာပြီး ကွင်းထဲသို့ သူက တည်ငြိမ််စွာ လျှောက်လှမ်းလာတော့သည်။

ထူးဆန်းစွာပင် မြောက်ဘက်ကမည်သူကမှ သူ့ကို အားမပေးကြပေ။ ထိုဂိုဏ်းသားများ၏မျက်နှာများတွင် ထူးဆန်းသောအမူအရာများသာပေါ်နေပြီး အခြားသော လက်ရွေးစင်များကမူ အသက်သာပြင်းပြင်းရှူနေကြတော့သည်။

တောင်ဘက်ခြမ်းမှ လူအုပ်ကြီးကမူ ထိုမြင်ကွင်းကြောင့် အန​ည်းငယ် ထိတ်လန့်နေတော့သည်။ လုထျန်းလဲ့ကမူ ထိုလူငယ်ကို မျက်လုံး မခွာတမ်းစိုက်ကြည့်နေတော့သည်။

ထိုလူငယ်က အသက်မပါသောအမူအရာဖြင့် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေတော့သ​ည်။
” မြောက်ဘက်ခြမ်းက ဝိညာဥ်စွယ်ပါ။” သူက ခံစားချက်ကင်းမဲ့သောလေသံဖြင့် သူ့ကိုယ်သူ ခပ်ပြတ်ပြတ် မိတ်ဆက်လိုက်သည်။

” ကျုပ်က တောင်ဘက်ခြမ်းက လုထျန်းလဲ့ပါ။” လုထျန်းထဲ့က အသက်ပြင်းပြင်းရှူရင်း သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ မြောက်ဘက်ခြမ်း၏ နံပါတ်တစ်လက်ရွေးစင်ကို ရင်ဆ်ိုင်နေရမှန်း ကောင်းကောင်းသိသဖြင့် သူ၏မျက်လုံးများမှာ တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပနေတော့သည်။
” ငါ နည်းနည်း​လေးတောင် လျှော့မှာတော့မဟုတ်ဘူးနော်။ ငါဆက်မတိုက်နိုင်လောက်အောင် ခြေကုန်လက်ပန်းကျရမယ်ဆိုရင်တောင် တန်ပါတယ်။”

တိုက်ခိုက်လိုစိတ်များ ပြင်းပြနေသော မျက်လုံးများဖြင့် သူက ကျယ်လောင်စွာအော်ဟစ်လိုက်သဖြင့် သူ၏ဘေးနားရှိ လျှပ်စစ်မီးပွားများက ပေါက်ကွဲသွားပြီး ပတ်ပတ်လည်မီတာသုံးဆယ်အထိပျံ့နှံ့သွားသော လျှပ်စီးကန်ကြီးအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်ထဲမှာပင် ဝိညာဥ်စွယ်က ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် တိမ်မည်းကြီးများက အပေါ်တွင် စုဝေးလာတော့သည်။ မြောက်ဘက်ခြမ်း၏ဂိုဏ်းသားများက ထိုအရာကိုမြင်လိုက်သောအခါ သူတို့သည်လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတော့သည်။ အချို့မှာမူ လန့်ပင်လန့်နေကြတော့သည်။

လျှပ်စီးများဝန်းရံနေသော လုထျန်းလဲ့ကမူ အော်ဟစ်ရင်း ဝိညာဥ်စွယ်ဆီသို့ ပြေးသွားတော့သည်။

သို့သော်လည်း ဝိညာဥ်စွယ်ကမူ တုတ်တုတ်ပင်မလှုပ်။ သူက မတ်မတ်ကြီးရပ်ကာ မျက်လုံးပင်မှိတ်နေတော့သည်။

” မင်းသေချင်နေတာလား ” လုထျန်းလဲ့က အနည်းငယ်ရှက်သွားပြီး ဒေါသတကြီး အော်လိုက်တော့သည်။ လေးစားမှုသည် လက်ရွေးစင်တစ်ယောက်အတွက် အရေးကြီးသည် မဟုတ်ပါလော။ သူကနောက်ထပ်တစ်ခေါက် ထပ်အော်လိုက်သောအခါ လျှပ်စီးကန်ကြီးမှာ နှစ်ဆကြီးသွားပြီး အရင်ကထက်ပင်ပို၍ ကြီးမားသော အင်အားများဖြင့် တောက်လောင်နေတော့သည်။

သို့သော်လည်း သူက ဝိညာဥ်စွယ်နားသို့ပင်မရောက်သေး အပေါ်ရှိတိမ်မဲကြီးများက ဆွဲဖြဲခံလိုက်ရသလို ပြဲထွက်သွားပြီး တိရစ္ဆာန်တစ်ကောင်၏လက်သ​ည်းပုံစံရှိသော ဝိညာဥ်လက်ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။ ထိုလက်ကြီးမှာ ကြီးမားလွန်းလှပြီး တိမ်တိုက်များဆီမှ ဆန့်ထွက်လာသော တိုင်ရှည်ကြီးတစ်ခု သဏ္ဍာန်ပင်ရှိလေသည်။ ထိုလက်ကြီးက လုထျန်းလဲ့ဆီသို့ တုန်လှုပ်ဖွယ်ဖိအားတစ်ခုနှင့် လျင်မြန်စွာ သွားနေတော့သည်။

လက်ကြီးမှာ သူ့ဆီသို့မရောက်သေးသော်လည်း လုထျန်းလဲ့မှာ တုန်ရီလာပြီး သွေးတစ်ပွက်အန်ထွက်လာတော့သည်။ သူ၏ဘေးနားရှိ လျှပ်စီးများမှာ တစ်စစီကွဲကြေသွားပြီး သူ၏ခြေထောက်များမှာ မြေကြီးထဲသို့ နစ်ဝင်သွားသဖြင့် အက်ကွဲကြောင်းများ ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားတော့သ​ည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများပေါ်လာပြီး ထိုဒဏ်ရာများမှ သွေးများပန်းထွက်လာတော့သည်။ ထို့အပြင် သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်ထဲမှ သွေးများက တစိမ့်စိမ့်ထွက်လာတော့သည်။ သူကကြိုးစားရုန်းကန်နေပါသော်လည်း အသုံးမဝင်ပေ။ မကြာမီ သူ၏အမြင်အာရုံများမှာ ဝေဝါးလာတော့သည်။

” မလုပ်ပါနဲ့။…..” သွေးပျက်ခြောက်ခြားဖွယ်အသံကြီးဖြင့် သူက အော်ဟစ်နေတော့သည်။

ကြောက်မက်ဖွယ် ဝိညာဥ်လက်ကြီးကြောင့် တောင်ဘက်နှင့်မြောက်ဘက်မှဂိုဏ်းသားများမှာ ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေတော့သည်။ သူတို့၏အတွင်းစိတ်စွမ်းအင်များပင်လျှင် သူတို့ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားသလိုဖြစ်ကုန်ကြပြီး သူတို့၏ဝိညာဥ်များမှာ သူတို့ခန္ဓာကိုယ်မှဆွဲနှုတ်ခံလိုက်ရသည့်အလား ခံစားလိုက်ရတော့သ​ည်။

ဝရံတာပေါ်တွင်ရှိသော ဂိုဏ်းခေါင်းဆောင်နှင့် အခြားလူများကမူ ကြည့်ရင်းကြည့်ရင်း လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည်။

“ ဝိညာဥ်ခေါ်သံကျင့်စဥ်ကို ဘယ်သူမှ အောင်မြင်အောင် မကျင့်နိုင်တာ နှစ်ပေါင်းထောင်ချီနေပြီ။ အဲဒီပညာရပ်ကို ဒီကလေးကျင့်တာ ဒီအဆင့်ထိရောက်သွားပြီဆိုတော့ ယုံတောင်မယုံနိုင်ဘူး ”

ရွှီမေ့ရှန်း၏မျက်နှာမှာ ချက်ချင်းပျက်သွားသည်။
” အခြေအနေ မဟန်တော့ဘူး ” သူမက ရေရွတ်လိုက်သည်။

သူမက ဘာမှဆက်မပြောတော့ပဲ ကွင်းထဲသို့ အမြန်ဆုံးပျံဆင်းသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူမကကွင်းထဲရောက်ရှိသွားပြီး ထိုဝိညာဥ်လက်ကြီးဘက်သို့ သူမ၏လက်ချောင်းကိုဝှေ့ယမ်းလိုက်သည်။ ထစ်ချုန်းသံကြီးများကျယ်လောင်စွာပေါ်ထွက်လာပြီး လက်ကြီးမှာ နောက်သို့ ဆုတ်သွားတော့သည်။ သို့သော် ပြိုကွဲပျက်စီးသွားခြင်းတော့ မရှိပေ။

လုထျန်းလဲ့၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး သူကသတိမေ့မျောသွားတော့သည်။ ရွှီမေ့ရှန်းသာအနည်းငယ်နောက်ကျပါက သူ့မှာ အသားစလေးများအဖြစ်သို့ရောက်အောင် ဖိနှက်ခံလိုက်ရမည်ဖြစ်ပြီး ကိုယ်တခြား ဝိညာဥ်တခြားဖြစ်သွားမည်မှာ အမှန်ပင်။

ရွှီမေ့ရှန်း၏မျက်နှာမှာ မည်းမှောင်နေ​ပြီး ဝိညာဥ်စွယ်ကိုကြည့်ကာ​ပြောလိုက်သည်။

” မိမဆုံးမ ဖမဆုံးမလေး။ မင်းဟာမင်းဘယ်လောက်တော်နေတော်နေ အခုဟာတော့ မင်းရက်စက်လွန်းတယ်။ ငါတို့မျက်စိရှေ့မှာတင် ဂိုဏ်းဝင်တစ်ယောက်ကို သတ်ဖို့ ကြိုးစားရဲတယ်ပေါ့ ဟုတ်လား။ မင်းသေများ သေချင်နေတာလား။”

ဝိညာဥ်စွယ်ကမူ ထူးဆန်းသောအမူအရာဖြင့် ခေတ္တမျှ တိတ်ဆိတ်စွာရပ်နေရင်း မည်သို့ပြန်ပြောရမည်ကို မသိဖြစ်နေသည်။

” သူအဲ့လောက် အင်အားနည်းမယ်လို့မှ ကျုပ် မထင်ထားခဲ့ဘူး ” သူက တလေးတစားပြန်ပြောလိုက်ကာ ကွင်းထဲမှ လှည့်ထွက်သွားတော့သည်။

ရွှီမေ့ရှန်းကမူ မျက်မှောင်ကြုံ့ကာ စိုးရိမ်သောအမူအရာတစ်ခုဖြင့် ပွဲကြည့်စင်ဘက် သို့မော့ကြည့်လိုက်သည်။ အဆုံးတွင်သူက အေးစက်စွာ ဟင့်ခနဲအသံတစ်ချက်ပြုကာ လုထျန်းလဲ့ကို ပွေ့ချီရင်း ထွက်ခွာသွားတော့သည်။ လုထျန်းလဲ့မှာ ဆက်၍တိုက်ခိုက်နိုင်တော့မည် မဟုတ်ပဲ သူ၏ဒဏ်ရာများကိုပင် အချ်ိန်ယူကုသရတော့မည်ဖြစ်သည်။

မြောက်ဘက်ခြမ်းကမူ တောင်ဘက်ခြမ်းန​ည်းတူ တိတ်ဆိတ်စွာ ငေးကြည့်နေကြတော့သည်။

ဝိညာဥ်စွယ်ကမူ စောစောက သူရပ်နေသောနေရာဆီသို့ ပြန်သွားကာ အထီးကျန်ဆန်စွာပင် မျက်လုံးကိုပြန်မှိတ်လိုက်တော့သည်။

အနည်းငယ်ကြာသောအခါ မြောက်ဘက်ခြမ်းမှ ဂိုဏ်းသားများက သတိပြန်လည်လာပြီး အားပေးသံများအနည်းငယ် ပေါ်ထွက်လာတော့သည်။

” တောင်ဘက်ခြမ်းက ဘယ်သူမှ ငါတို့ကိုယှဥ်နိုင်မှာမဟုတ်ဘူး။ ငါတို့ပဲသေချာပေါက်န်ိုင်အုံးမှာပါကွာ။”

” သူတို့က သုံးပွဲဆက်တိုက်ရှုံးနေတာနော်။ ပထမပွဲကလည်း ကံကောင်းပြီးနိုင်သွားတာ။ သေချာတယ် ကျန်တဲ့ပွဲတွေအကုန်လုံးလည်း သူတို့ပဲရှုံးအုံးမှာ ငါလောင်းရဲတယ်။”

ထိုကဲ့သို့ မြောက်ဘက်ခြမ်း၏ ရန်စသံများကို တောင်ဘက်ခြမ်းဂိုဏ်းသားများက ဒေါသတကြီးသာ ပြန်ကြည့်နိုင်တော့သည်။ မြောက်ဘက်ခြမ်းမှာ အင်အားကြီးလွန်းလှသည် မဟုတ်ပါလော။

တောင်ဘက်ခြမ်းသည် ပထမဆုံးပွဲကို န်ိုင်ပြီး နောက်သုံးပွဲဆက်ရှုံးထားခြင်းဖြစ်သ​ည်။ ထိပ်သီးလက်ရွေးစင် လုထျန်းလဲ့မှာလည်း အသတ်ခံရလုနီးပါးဖြစ်သွားသဖြင့် ယခုဆို တောင်ဘက်ခြမ်းမှ ဂိုဏ်းသားများက လက်တုံ့ပြန်ဖို့အကြောင်းကို မတွေးနိုင်တော့ပေ။

ရှမ်ကွမ်းထျန်ယုံကမူ ဝိညာဥ်စွယ်ကို ဒေါသတကြီးစိုက်ကြည့်နေသည်။ စိတ်နှလုံးထဲတွင်မူ သူကတုန်လှုပ်နေပြီး အကြောက်တရားများ ကြီးစိုးနေတော့သည်။

သူတစ်ယောက်ထဲတော့ မဟုတ်ပေ။ တောင်ဘက်ခြမ်းရှိ အခြားလက်ရွေးစင်များအပြင် ကျိုးရှင်းချီပင် အလွန်တုန်လှုပ်နေတော့သည်။ မြောက်ဘက်ခြမ်းတစ်ခုလုံးတွင် ဝိညာဥ်စွယ်တစ်ယောက်ထဲရှိခဲ့လျှင်ပင် တောက်ဘက်ခြမ်းကို အေးဆေးအနိုင်ယူနိုင်မည်ဖြစ်သ​ည်။

” အဲ့တာ ချီစုစည်းမှုအဆင့်ရဲ့ စွမ်းအားထက်ကို ကျော်လွန်သွားပြီလေ။ ဂိုဏ်းချုပ်သခင်တစ်ယောက်တောင် ဝိညာဥ်လက်ကြီးကို ပျောက်သွားအောင်မလုပ်န်ိုင်တာကို။ အဲ့တာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ လျှို့ဝှက်မှော်အတတ် ဆယ်ခုထဲကတစ်ခုမလား။ ပြီးတော့အရှားအပါးဆုံးလို့သတ်မှတ်ထားတဲ့ ပညာရပ်နှစ်မျိုးထဲက ‘ ဝိညာဥ်ခေါ်သံ ‘ မလားကွ။”

” အဲဒီ ဝိညာဥ်ခေါ်သံကျင့်စဥ်ကို အံတုနိုင်တာဆိုလို့ ရွှယ်ကျဲကော်တုဆိုတဲ့ပညာရပ်ပဲရှိတယ် ”

ပိုင်ရှောင်ချန်း၏မျက်နှာမှာ တည်ကြည်နေပြီး သူ ၏နှလုံးခုန်သံများ မြန်လာတော့သည်။ ဝိညာဥ်စွယ်၏အစွမ်းကြောင့် သူ့မှာ ထခုန်လုမတတ်ဖြစ်နေသည်။

အဆုံးတွင် ပဥ္စမမြောက် ပြိုင်ပွဲစလေသည်။ မြောက်ဘက်က ယှဥ်ပြိုင်သူပေါ်ထွက်လာသောအခါ တောင်ဘက်ခြမ်းကဂိုဏ်းသားများမှာ ပို၍ပင် စိတ်ဓာတ်ကျနေကြတော့သည်။ သူသည် ထိပ်သီးလက်ရွေးစင်ငါးယောက်ထဲက တစ်ယောက်ဖြစ်ပြီး လူအများစုကို ကျောချမ်းစေသော ကုန်းစွန်းယွင်ပင်ဖြစ်သည်။

သူ၏အနက်ရောင်ဝတ်ရုံထဲတွင် သူ၏အဝါရောင် မျက်လုံးများကိုသာ မြင်ရပြီး ထိုမျက်လုံးများထဲမှ ပိုးကောင်များက ဝင်လိုက်ထွက်လိုက်လုပ်နေကြသည်။ သူရှေ့သို့ထွက်လာသောအခါ တောင်ဘက်ခြမ်းက ဂိုဏ်းသားတစ်ယောက်က သူ့ကိုယ်သူအားတင်းကာ တိုက်ခိုက်ရန်ပြင်လိုက်သည်။ သူ့ကိုယ်သူပင် မိတ်မဆက်ရသေး ကုန်းစွန်းယွင်၏မျက်လုံးများက အေးစက်စွာ တောက်ပသွားပြီး သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်တော့သည်။ ချက်ချင်းပင် တဝီဝီမြည်သံများပေါ်ထွက်လာပြီး မရေမတွက်န်ိုင်သော အနက်ရောင်ပိုးကောင်းများက ထိုတောင်ဘက်ဂိုဏ်းသားဆီသို့ ပျံဝံကာထွက်လာကြတော့သည်။

တောက်ဘက်ဂိုဏ်းသားမှာ မည်ကဲ့သို့ပင် ပြန်တိုက်ခိုက်ပါသော်လည်း အချည်းနှီးပင်။ မကြာမီတွင် သူ့ကို ပိုးကောင်များက ဖုံးလွှမ်းသွားသည်။ သူ၏အကာအကွယ်များက သူ့ကို လုံးဝပင် မကာကွယ်ပေးန်ိုင်တော့ပေ။ ခဏအကြာတွင် ပိုးကောင်များက သူ့အသားထဲသို့ဖောက်ဝင်တော့မည့်အလား သူ့ကိုကိုက်နေကြတော့သည်။ ထိုမြင်ကွင်းသည် တုန်လှုပ်စရာကောင်းလွန်းလှပြီး မြောက်ဘက်ဂိုဏ်းသားများပင် မြင်လေ့မြင်ထမရှိသော မြင်ကွင်းမျိုးဖြစ်သည်။

” ကျွန်တော်အရှုံးပေးပါတယ်။” တောင်ဘက်ဂိုဏ်းသားက အော်ဟစ်ကာ ပြောလိုက်သ​ည်။ သူ၏ပြိုင်ဘက်က တစ်ချက်တွေးလိုက်ရုံမျှဖြင့် ပိုးကောင်များက သူ့ကိုဝါးမျိုတော့မည်ဟု သူ ခံစားလိုက်ရလေသည်။

ကုန်းစွန်းယွင်၏မျက်လုံးများကမူ အထင်သေးသောအကြည့်များဖြင့်ပြည့်နှက်သွားပြီး သူကလှည့်ထွက်လာတော့သည်။ အနက်ရောင်ပိုးကောင်များမှာလည်း ဒီရေကျလာသည့်အလား ပြန်ဆုတ်ခွာသွားပြီး ကုန်းစွန်းယွင်ပေါ်သို့တက်ကာ သူ၏အင်္ကျီလက်ထဲသို့ ပြန်ဝင်သွားကြတော့သည်။

ပိုင်ရှောင်ချန်းမှာ ထိုအရာအားလုံးကိုကြည့်၍ ခေါင်းခဲနေတော့သည်။ ကျိုးရှင်းချီနှင့် ရှမ်ကွမ်းထျန်းယုံတို့ပင်လျှင် စိတ်ပျက်နေကြတော့သည်။

အခြားတောင်ဘက်ဂိုဏ်းသားများကမူ မြောက်ဘက်ခြမ်းမှာ ယှဥ်၍မရနိုင်လောက်အောင် ခွန်အားကြီးမားပါလားဟု တွေးတောနေကြတော့သည်။ သူတို့စိတ်ထဲတွင် လက်ရွေးစင်တိုက်ပွဲများမှာ ပြီးဆုံသွားပြီဖြစ်သည်။

” ငါတို့ တကယ်ရှုံးတော့မှာလား”

” မြောက်ဘက်ခြမ်းက စွမ်းအားကြီးလွန်းတယ်ကွား။”

တစ်ချိန်ထဲမှာပင် မြောက်ဘက်ဂိုဏ်းသားများကမူ ကျေနပ်နေကြတော့သည်။

“ငါ စောစောကပြောတဲ့အတိုင်းပဲ။ ပထမတစ်ပွဲပဲနိုင်ပြီး နောက်ပွဲတွေရှုံးမှာပါလို့။”

“တောင်ဘက်ခြမ်းတဲ့ကွာ။ ဟာသပဲ။ သူတို့က အမြဲတမ်း မြောက်ဘက်ခြမ်းရဲ့ အောက်မှာပဲရောက်နေမှာပါကွာ။”

” လွန်ခဲ့တဲ့နှစ်သုံးဆယ်တုံးကလည်း တောင်ဘက်ခြမ်းက ထိပ်ဆုံးဆယ်ယောက်ထဲမှာ သူတို့ဖက်က တစ်ယောက်ပဲပါတာ။ ကြည့်ရတာ ဒီနှစ်လည်း ဒီလိုပဲနဲ့တူပါတယ်ကွာ။”

တောင်ဘက်ဂိုဏ်းသားများမှာ ထိုစကားများကြားရသောအခါ ပြန်ပြောချင်ပါသော်လည်း ဘာပြန်ပြောရမှန်းမသိဖြစ်နေတော့သ​ည်။ သူတို့ခံစားနေရသော ရှက်ရွံ့မှုကြီးမှာ ကြီးမားလွန်းလှသည်။

ကုန်းစွန်းယွင် ကွင်းထဲမှထွက်ခွာသွားပြီးနောက် အူယန်ကျဲ၏ အသံမှာ နောက်တစ်ခါပေါ်ထွက်လာသည်။
” ဆဌမမြောက်ပြိုင်ပွဲစမယ်။ ပုလဲလုံးအမှတ် ဆယ့်တစ်နဲ့ ဆယ့်နှစ်ပိုင်ရှင် ဂိုဏ်းသားတွေ ကွင်းထဲကို ဝင်ခဲ့ပါ”

ပိုင်ရှောင်ချန်းက သူ့လက်ထဲမှ နံပါတ်ဆယ့်တစ်ကျောက်လုံးကို ငုံ့ကြည့်ရင်း အသက်ပြင်းပြင်းရှူလိုက်တော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset