Switch Mode

အပိုင်း(၃၀)

ကု့ချင်းမိစ္ဆာနှင့် အနုပညာသူတော်စင်

ရီဖူရှင်းကား ဟွာဖန်းလူ၏ ဧည့်ဆောင်တွင်ပင် ဆက်လက် နေထိုင်နေသည်။ သူ၏နေ့ရက်များကား ကု့ချင်း တီးခတ်ခြင်းဖြင့် လည်းကောင်း။ မှော်စာလိပ်ရေးခြင်းဖြင့် လည်းကောင်း သို့မဟုတ် လှပသော မိန်းကလေးအား အဖော်ပြု၍ သော်လည်းကောင်း အေးချမ်းစွာ ဖြတ်သန်းလျက် ရှိသည်။ ထိုသို့ သက်သောင့်သက်သာရှိသော နေ့များကား လျင်မြန်စွာ ကုန်ဆုံးသွားကာ နှစ်သစ်ကူးကာလသို့ပင် အလွန် နီးကပ်လာလေသည်။

တစ်နေ့တွင် လင်းတငှက်ပုံစံ အနက်ရောင် သတ္တဝါကြီး တစ်ကောင်က ချင်းကျူ ကျောင်းတော်ရှိရာသို့ ပျံသန်းလာနေသည်။ ကျောင်းတော်၏ အစောင့်များက ထိုလင်းတငှက်ကြီးအား တားရန် ကြိုးစားကြသော်လည်း ထိုငှက်ကြီးက သူ၏အတောင်ပံများအား တဖျတ်ဖျတ်ခါလိုက်လျင် မည်သူမျှ ထိုငှက်ကြီး၏အနားသို့ ကပ်မရတော့ပေ။

ထိုလင်းတငှက် ငှက်ကြီးအပေါ်တွင်ကား လူအတော်များများ စီးနင်းလိုက်ပါလာကြသည်။ ထိုအုပ်စု၏ခေါင်းဆောင်မှာကား အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက် ဖြစ်သည်။

“ဒီဘက်ကို…” အဘိုးအိုက ကျောင်းတော်ရှိရာဘက်သို့ ညွှန်ပြလိုက်သည်။ လင်းတငှက်ကြီးက ထိုလမ်းအတိုင်း တည့်တည့်ပျံသန်းလာရာ လမ်းခုလတ် အရောက်တွင် မြေဓာတ်ကျောင်းဆောင် ကျောင်းအုပ်က ရုတ်တရက်ပေါ်လာကာ လင်းတငှက်ကြီးအား တားရန် ကြိုးစားလိုက်သည်… “အခု…ရပ်လိုက်…”

သို့သော်လည်း… ထိုလင်းတနှင့် သူ၏ကိုယ်ပေါ်မှ လူများကား ထိုသတိပေးသံအား ဂရုစိုက်ဟန်မတူပေ။ လင်းတ၏ အတောင်ပံခတ်သည့် အားလှိုင်းများမှာ ပြင်းထန်လွန်းရကား ရှီဇောင်မှာ ဝါးတစ်ရိုက်ခန့် အကွာသို့ပင် လွင့်စဉ်သွားလေသည်။ လင်းတ၏ ကျောပေါ်မှ လူများမှာကား ရှီဇောင်၏ တားမြစ်မှုအား စိတ်ဝင်စားပုံပင် မရပေ။

လင်းတကြီးကား ဟွာဖန်းလူ၏အိမ်သို့ ဦးတည်နေခြင်း ဖြစ်သည်။ ထိုစဉ် အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်က အိမ်ထဲမှ ထွက်လာပြီး ထိုအနက်ရောင် သိမ်းငှက်ထံသို့ အသံပင် မကြားလိုက်ရဘဲ ရောက်သွားသည်။

“ဟွာဖန်းလူ…” အဘိုးအိုက နှာခေါင်းရှုံ့လျက် စပြောလိုက်သည်… “ငါတို့ အပေးအယူအရ သုံးနှစ်ကြာသွားခဲ့ပြီ… ဟွာဂျီယူ… ဘယ်မှာလဲ…”

“အခုထိ သုံးနှစ်မပြည့်သေးဘူး… ခင်ဗျားက သူမနဲ့ပတ်သက်ပြီး ဝင်မစွက်ဖက်ဘူးလို့ ကတိပေးခဲ့တယ်…” ဟွာဖန်းလူက အေးစက်စွာ ပြန်ပြောလိုက်သည်။

“နှစ်သစ်ကူးနေ့က မကြာခင် ရက်အနည်းငယ်အတွင်း ရောက်လာတော့မယ်… ဒါကြောင့် အမှန်တကယ်အားဖြင့် သုံးနှစ်ပြည့်ပြီလို့ ပြောလို့ရတယ်… သူမက မင်းနဲ့ အချိန်ဖြုန်းဖို့အတွက် ပါရမီပါလွန်းတယ်… ငါတို့ အပေးအယူအရ ဒီလောက်ဆို လုံလောက်ပြီ…”

“အချိန်က အချိန်ပဲ … အချိန်သုံးနှစ် မပြည့်သေးဘူးလို့ ကျုပ်မှတ်ထားတယ်…” ဟွာဖန်းလူကား လက်မလျှော့ပေ။

“ကု့ချင်းမိစ္ဆာ ဟွာဖန်းလူ… ကျွန်တော်က ကျောက်မူပါ…” လူငယ်က ဟွာဖန်းလူအား အနည်းငယ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ အမှန်တကယ်တွင်ကား သူ့မျက်နှာမှ အပြုံးက ထိုသို့ နှိမ့်ချစွာ ပြုမူခြင်းမှာ စိတ်ပါ၍ မဟုတ်ကြောင်း သိနိုင်သလို သူ့ထံမှလည်း မတူမတန်သော အမူအရာမျိုးအား ခံစားရစေသည်။

ဟွာဖန်းလူက သူ့အား ငဲ့ကြည့်ကာ မေးလိုက်သည်… “မင်းက ဘယ်သူလဲ…”

“ကျွန်တော့်ရဲ့ဆရာက အနုပညာသူတော်စင်ပါ… ဆရာက နှစ်အတန်ကြာက ခင်ဗျားရဲ့ မူလဝိညာဉ် (မှော်ထိန်းချုပ်သူတိုင်းတွင် သက်စောင့်ဝိညာဉ် ရှိသည်။ ပထမဆုံးနိုးထသည့် သက်စောင့်ဝိညာဉ်ကို မူလဝိညာဉ်ဟုခေါ်သည်) ကို ဖျက်ဆီးမိခဲ့တဲ့အတွက် အပြစ်မကင်းသလို ခံစားနေရတဲ့အတွက် သူက ကျွန်တော့်ကို လွှတ်ပြီး ခင်ဗျား အဆင်ပြေလား ကြည့်ခိုင်းတာပါ… “ကျောက်မူက ပြုံးလျက် ပြောလိုက်သည်…”

ဟွာဖန်းလူ၏မျက်လုံးက အေးစက်သော အရိပ်ယောင်တချို့ ဖြတ်ပြေးသွားသည်။ သို့သော် သူကား ကျောက်မူ၏ သရော်မှုအပေါ် တုံ့ပြန်ရန် စိတ်ကူးမရှိပေ။ သူက အဘိုးအိုဘက်သို့ လှည့်ကာ မေးလိုက်သည်… “ခင်ဗျားက သူ့ကို ဘာလို့ ခေါ်လာတာလဲ…”

“သူ့ကို ငါက ခေါ်လာတာ မဟုတ်ဘူး… အနုပညာ သူတော်စင်က သူ့ကို တကယ် လွှတ်လိုက်တာ… ကျောက်မူ။ အသက်ဆယ့်ခုနစ်နှစ်။ ကောင်းကင်အဆင့်” အဘိုးအိုက ဟွာဖန်းလူအား ပြောလိုက်သည်။

ရုတ်တရက် အနုပညာ သူတော်စင်က ဘာလုပ်ချင်သည်ကို ဟွာဖန်းလူ နားလည်လိုက်သည်။ သူက သူ၏ဆံပင်များ လေထဲလွင့်သွားအောင်ပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောလိုက်သည်… “အတိတ်က သူ ငါ့ကို ရှုံးခဲ့တယ်… ပြီးတော့ အခု သူ့တပည့်ကို အသုံးချပြီး ကျုပ်ကို ပြန်ပြီး အနိုင်ယူဖို့ ကြိုးစားတယ်…ကျုပ်ပြောတာမှန်လား…”

“ကျုပ်ဆရာက ခင်ဗျားရဲ့ မူလဝိညာဉ်ကို ဖျက်ဆီးခဲ့တယ် … ပြီးတော့ ခင်ဗျားကို ဒွန်ဟိုင်မြို့ကို တစ်သက်လုံး ဝင်ခွင့် ပိတ်ပင်ခဲ့တယ်… သူက ဘယ်လိုလုပ်ရှုံးမှာလဲ…”ကျောက်မူက ငြင်းလိုက်သည်။

“ကောင်လေး… ရှုံးတယ် နိုင်တယ်ဆိုတာ မင်း ဆုံးဖြတ်လို့မရဘူး…” ဟွာဖန်းလူက ပြုံးလျက် ပြောလိုက်သည်… “ပြန်တော့… ငါ့မှာ ဒီအတွက် အချိန်မရှိဘူး…”

“ကောင်းပြီ … နှစ်သစ်ရောက်ရင် ဟွာဂျီယူအတွက် ငါပြန်လာခဲ့မယ်… အဲဒီအချိန် ငါ့ကိုတားဖို့ ကြိုးစားခဲ့ရင် ငါတို့မိသားစုက မင်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး…” အဘိုးအိုက နှာခေါင်းရှုံ့လျက် ပြောလိုက်ပြီး ချက်ချင်း လင်းတငှက်ကြီးအား အပေါ်သို့ မြင့်တက်စေပြီး ပျံသန်း ထွက်ခွာသွားလေသည်။

ဟွာဖန်းလူက အဝေးသို့ ရောက်သွားသော အနက်ရောင် အစက်ကလေးအား ကြည့်လိုက်ပြီး ရယ်မောလိုက်သည်… “မင်းက အတိတ်ကလည်း ရှုံးနိမ့်ခဲ့ပြီးပြီ … အခု မင်းရဲ့ မျှော်လင့်ချက်တွေကို မင်းတပည့်ဆီ ပုံထားတာပဲ… ဟင်း… ဒါက အလုပ်မဖြစ်တော့ဘူး…”

ဧည့်ခန်းတွင် ရီဖူရှင်းကား သီချင်းတစ်ပုဒ် တီးပြီးသွားပြီဖြစ်သည်။ သူက မျက်လုံးအား ဖွင့်လိုက်သည်။ သို့သော် သီချင်းမှရသော ခံစားချက်ကား မပျောက်ပျက်သေးပေ။ သူ၏ဆရာကား ညလမင်းကို သန့်စင်ခြင်းမှလွဲ၍ မည်သည့်သီချင်းကိုမှ မသင်ပေးသေးပေ။ ယခုရက်ပိုင်းအတွင်း ရီဖူရှင်းမှာ သိုင်းကျင့်သည်နှင့် ဂီတအား လေ့ကျင့်သည်မှလွဲ၍ တခြားမရှိပေ။ အမှန်တကယ်တွင်ကား သူ၏သိုင်းပညာအဆင့်မှာ နိုးထခြင်းအဆင့် ရှစ်သို့ တက်ရောက်သွားပြီဖြစ်ပြီး သူ၏မှော်ပညာမှာ နိုးထခြင်း အဆင့်ကိုးအတွင်းသို့ တက်ရောက်သွားပြီ ဖြစ်သည်။ ညလမင်းကို နိုးထခြင်း သီချင်းက သူ၏တိုးတက်မှု မြန်ဆန်ခြင်း၏အဓိကအကြောင်းအရင်း ဖြစ်ကြောင်း ရီဖူရှင်း နားလည်သည်။

ထိုအချိန်တွင် ဟွာဂျီယူကား စာလိပ်ရေးနေသည်။ ရီဖူရှင်းက သူမထံသို့ လျှောက်သွားလိုက်ကာ ညင်သာစွာ ပြောလိုက်သည်… “မြေခွေးမ…ငါ့ကို ဆက်တီးစေချင်လား…”

“မလိုဘူး…” ဟွာဂျီယူကား သူ့အား လှည့်၍ပင် မကြည့်ပေ။

“ဒါဆို ငါထင်တာကတော့ ငါတို့တွေ သမီးရည်းစားလို ပြောရမည့် အချိန်လို့ ထင်တယ်…” ရီဖူရှင်းက ကျီစယ်လိုက်သည်။ သို့သော်လည်း သူမ၏ပတ်ဝန်းကျင်မှ သဘာဝစွမ်းအင်များက တဖြည်းဖြည်း စုစည်းလာနေသည်။ သူမကား သူ့အား တိုက်ခိုက်တော့မည့်ဟန် ရှိနေသည်။ ရီဖူရှင်းက လျင်မြန်စွာ နောက်ဆုတ်ကာ ပြောလိုက်သည်…” လူကြီးလူကောင်းဆိုတာ စကားနဲ့ပဲ တိုက်ခိုက်တယ်… လက်မပါဘူး…”

“ဒါပေမဲ့ ငါက လူကြီးလူကောင်းမ တစ်ယောက်ပဲ… ကျေးဇူး…” ဟွာဂျီယူက လေဓာတ်သဘာဝအား စုစည်းပြီး ရီဖူရှင်းကို တိုက်ခိုက်လိုက်သည်။

“မင်းရဲ့ ရည်းစားကို မသတ်ရဘူး…” ရီဖူရှင်းကား လျင်မြန်စွာ ထွက်ပြေးလေသည်။ ဟွာဂျီယူကား သံသယဖြစ်စရာ မလိုအောင်ပင် သူ့ထက် စွမ်းအင်မြင့်သည်။ သူမ၏သိုင်းကွက်အား သူရင်ဆိုင်နိုင်စွမ်း မရှိပေ။

ဟွာဖန်းလူက အပြင်မှ ဝင်လာပြီး ထိုမြင်ကွင်းအား မြင်လိုက်သည်… “ဂျီယူ… ရပ်လိုက်…”

ဟွာဂျီယူက သူပြောသည့်အတိုင်း ရပ်လိုက်သည်။ သူမက ရီဖူရှင်းအား ကြည့်ကာ တိုင်တန်းလိုက်သည်… “အဖေ… ဒီကောင် နေ့တိုင်း သမီးကိုပဲ စနောက်နေတယ်…”

ဟွာဖန်းလူက သူမ၏ တိုင်တန်းမှုအား အလေးထားဟန်မရှိဘဲ သူတို့နှစ်ယောက်အား ခေါ်လိုက်သည်… “ငါ့နောက်ကသာ လိုက်ခဲ့ …”

သူ၏ဆရာတွင် အရေးကြီးသော အကြောင်းအရာတစ်ခု ရှိနေပြီဖြစ်ကြောင်း ရီဖူရှင်းက သတိထားမိလိုက်သည်။ သူက သူ၏ပြောင်ချော်ချော် အမူအရာအား ပြင်လိုက်ကာ ဟွာဂျီယူနှင့်အတူ သူ၏ဆရာနောက်မှ လိုက်ပါသွားသည်။ ဟွာဖန်းလူက သူတို့နှစ်ယောက်အား စာဖတ်ခန်းသို့ ခေါ်ဆောင်သွားသည်။

စာဖတ်ခန်းတွင် စာအုပ်စင်များရှိပြီး ဟွာဖန်းလူက လက်တစ်ဖက် ဝှေ့ယမ်းလိုက်လျှင် စာအုပ်စင်မှာ ဘေးတစ်ဖက်တစ်ချက်သို့ ခွဲထွက်သွားကာ တံခါးပေါက်တစ်ခု ဖြစ်သွားသည်။ ထိုအထဲတွင် သေတ္တာကလေး တစ်လုံးအား တွေ့ရ၏။

ထိုသေတ္တာကလေးထဲတွင် စာအုပ်အနည်းငယ်အား တွေ့ရသည်။ ဟွာဖန်းလူက ထိုစာအုပ်များအား ကောက်ကိုင်လိုက်ပြီး ရီဖူရှင်းအား ပေးလိုက်သည်… “ရီဖူရှင်း… ဒါတွေအကုန်လုံး မင်းဟာ ဖြစ်သွားပြီ…”

ရီဖူရှင်းက သည်စာအုပ်များမှာ တကယ့်ရတနာများ ဖြစ်သည်ကို သိသည်။ သူက စာအုပ်များအား ယူလိုက်ပြီး စာအုပ်ပေါ်မှ နာမည်များအား ဖတ်လိုက်သည်… တောင်တန်းပေါ်မှ နဂါးဟိန်းသံ။ မိစ္ဆာလေလှိုင်း။ တောင်ပံလေလှိုင်း မုန်တိုင်းပမာ အစရှိသော ကု့ချင်းဂီတ သိုင်းပညာများကို တွေ့ရသည်။

“ဆရာ… ဒါတွေအကုန်လုံးက ဂီတသိုင်းတွေ မဟုတ်ဘူးလား…” ရီဖူရှင်းက မေးလိုက်သည်။

“ကောင်းပြီ… ဒါဆို… မင်းက ဒါ ဘာတွေမှန်း သိတာပေါ့… ငါက ဒီလို မှော်သိုင်းပညာမျိုးတွေမှာ ထူးချွန်ဖူးတယ်… အမှန်တကယ်လည်း ငါငယ်ငယ်တုန်းက ငါ့ရဲ့ မူလဝိညာဉ်က ကု့ချင်း ဖြစ်တဲ့အတွက် ကု့ချင်းမိစ္ဆာဆိုပြီး နာမည်ပေးခဲ့ကြတယ်… လူတစ်ယောက်က ငါ့ရဲ့ မူလဝိညာဉ်ကို ဖျက်ဆီးပြီးနောက်မှာ ငါ့ရဲ့မှော်ပညာက တိုးတက်မှုမရှိတော့ဘူး… အခု… ဒါတွေက မင်းအတွက်ပဲ…” ဟွာဖန်းလူက သက်ပြင်းချရင်း ပြောသည်။

ရီဖူရှင်း အံ့အားသင့်သွားသည်။ သူ၏ဆရာကား မှော်ထိန်းချုပ်သူမှန်း သူအစကတည်းက သိခဲ့သော်လည်း သူ၏မူလဝိညာဉ်မှာ ဖျက်ဆီးခံခဲ့ရကြောင်းကိုကား လုံးဝမသိခဲ့ပေ။

“ငါ့ကို ဘာကြောင့်လဲ မမေးနဲ့… ပြီးတော့ လက်စားချေဖို့ မကြိုးစားနဲ့… မင်းမှာရှိတဲ့ပါရမီတွေ အလဟဿမဖြစ်အောင် ကောင်းကောင်း လေ့ကျင့်သွားဖို့ပဲ ငါမျှော်လင့်တယ်…” ဟွာဖန်းလူက သူ့အားကြည့်လျက် ဆက်ပြောလိုက်သည်။…” ရေရှည်ကိုပြောရရင် ဒီမြို့က မင်းအတွက် သေးငယ်လွန်းတယ်… နောက်တစ်နှစ်ဆို မင်းက နိုးထခြင်းအဆင့်ကိုးကို ရောက်လိမ့်မယ်လို့ ငါယုံတယ်… မင်းက အရှေ့ပင်လယ်ဘက်ကို မသွားချင်ဘူးလား…”

“မွေးစားအဖေက ကျွန်တော့်ကို အသက်ဆယ့်ရှစ်နှစ်ပြည့်ရင် ဒီနေရာက ထွက်သွားခိုင်းတယ်… ဒါပေမဲ့… အဖေနဲ့ မွေးစားအဖေကို ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာ ဆွေးနွေးရဦးမယ်…” ရီဖူရှင်းက ပြန်ပြောလိုက်သည်။

“နှစ်သစ်က မကြာခင် ရောက်လာတော့မယ်… မင်း အိမ်ပြန်သင့်တယ်… ယူချင်း ပြန်ရောက်လာတဲ့အခါ အိမ်ပြန်ဖို့ ငါပြောလိုက်မယ်…” ဟွာဖန်းလူက ပြောလိုက်သည်။

ရီဖူရှင်းက စိတ်မပါစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူက ဟွာဂျီယူအား ကြည့်ကာ ပြောလိုက်သည်… “မြေခွေးမ… ငါပြန်သွားတဲ့အခါ ဆရာ့ကို ဂရုစိုက်ပေး…”

ဟွာဂျီယူ… သို့သော်လည်း… စိတ်ဆိုးသွားသည်။ အမှန်တကယ်ကား သည်ကောင်လေး ဤနေရာတွင်နေသော ကာလတစ်လျှောက်လုံး သူမကပင် အိမ်မှုကိစ္စများအား ဒိုင်ခံလုပ်ပေးနေရခြင်း ဖြစ်သည်။ ယခုကား သူက သူမကို ဂရုစိုက်ရန် ပြောနေသည်။

“ဟင်း… နင် နောက်ဆုံးတော့ သွားပြီပေါ့…” ဟွာဂျီယူ ပုံစံကို ကြည့်ရသည်မှာ ပျော်သွားပုံရသည်။

“ဟေး… ဘယ်လို အပြုအမူမျိုးလဲ…” ရီဖူရှင်းကား အသည်းကွဲ သွားလေသည်။

“နင်က ဘာထင်လို့လဲ…” ဟွာဂျီယူက သူ့အား ရယ်လိုက်သည်။

“ငါသွားတော့မယ်…” ရီဖူရှင်းက သူမအား ပြောလိုက်သည်။

“ကောင်းပြီလေ…” ဟွာဂျီယူက ပြုံးလိုက်သည်။

ရီဖူရှင်းက တံခါးအနီးသို့ လျှောက်သွားလိုက်ပြီး သူမအား ပြန်ကြည့်လိုက်သည်… “တကယ်နော်… ငါသွားတော့မယ်…”

“သွားသာသွားပါ…” ဟွာဂျီယူကား ပြုံးနေဆဲဖြစ်သည်။

ရီဖူရှင်းက သက်ပြင်းချလိုက်ပြီး ဟွာဖန်းလူအား အနည်းငယ် ဦးညွှတ်လိုက်ကာ ပြောလိုက်သည်… “နောက်တစ်နှစ် တွေ့ပါမယ်… ဆရာ…”

ထို့နောက် သူ အိမ်မှ ထွက်ခွာ သွားလေသည်။

သူ ထွက်သွားပြီးနောက် စာကြည့်ခန်းမှာ တစ်ဖန် တိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။

ဟွာဖန်းလူက ခေါင်းခါလျက် မချိပြုံး ပြုံးလိုက်သည်… “သူက ဒီနေရာကို ပျော်စရာကောင်းအောင် လုပ်ပေးတယ်… အခုသူပြန်သွားပြီ… တိတ်ဆိတ်တာက သိပ်အသား မကျသလိုပဲ…”

“အဖေက ဒီကောင်လေးကို အရမ်းပိုတာပဲ…” ဟွာဂျီယူက သူမ၏အဖေအား ရယ်မောလိုက်သည်။

“ဒါဆို မင်းကရော… ဘယ်လိုလဲ…” ဟွာဖန်းလူက သူ၏သမီးအား ပြုံးလျက် မေးလိုက်သည်။

“သမီး… ကလား…” ဟွာဂျီယူ၏မျက်လုံးများ ဝိုင်းစက်သွားသည်… “သမီးက သူသွားလို့ ပျော်တယ်…”

“သုံးနှစ်ဆိုတဲ့အချိန်က ပြည့်သွားပြီ… ဒွန်ဟိုင်မြို့က တစ်ယောက်က ဒီကိုရောက်လာပြီး ပြောပြီးသွားပြီ… တကယ်လည်း နှစ်သစ်ရောက်ရင် မင်းလည်း ဒီက ထွက်သွားရလိမ့်မယ်…” ဟွာဖန်းလူက အပြင်ဘက်မှ မြူနှင်းဖွဲဖွဲများအား ကြည့်ကာ တစ်ခုခု ဆုံးရှုံးသွားသလို ခံစားနေရသည်။

ဟွာဂျီယူကား အံ့အားသင့် ထိတ်လန့်သွားသည်။ သူမကား သူမ၏အဖေအား ထားသွားရန် မလိုလားပေ။ ထိုအထီးကျန်သော ပုံသဏ္ဌာန်အား ကြည့်ကာ သူမက ပြောလိုက်သည်… “သမီး မသွားချင်ဘူး… သမီး… အဖေနဲ့ အတူနေချင်တယ်…”

“အရူးမလေး… မင်းအမေကလည်း မင်းကို လွမ်းနေမှာပေါ့… မင်းရဲ့မိသားစုက မင်းကို ငါနဲ့ အတူပေးနေမှာ မဟုတ်တော့ဘူး… ဒီနှစ်တွေအတွင်းမှာ မင်းက ငါ့ကို အဖော်ပြုပေးတာပဲ ကျေးဇူးတင်ရမယ်… “သူက သူ့သမီး၏ခေါင်းအား အသာအယာပွတ်ပြီး ဆက်ပြောလိုက်သည်…” မင်းက ရီဖူရှင်းကို ထပ်တွေ့ခွင့်ရမှာ မဟုတ်တော့ဘူး… ခုနက မင်းတို့အတွက် နောက်ဆုံး နှုတ်ဆက်ခြင်းလည်း ဖြစ်နိုင်တာပဲ… ပြီးတော့ မင်းက သူ့ကို ရယ်စရာ လုပ်နေတယ်…”

ဟွာဂျီယူကား အလွန် ထိတ်လန့်သွားသည်။ မိနစ်ခန့်အကြာကပင် ထိုကောင်လေးကား ထွက်ခွာသွားပြီ ဖြစ်သည်…။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကျီစယ်နေကြသည်။ ယခုမူ ထိုခွဲခွာခြင်းက နောက်ဆုံး နှုတ်ဆက်ခြင်းတဲ့လား…။

“ဂျီယူ… အဖေ့ကိုပြော… ဒီကောင်လေးကို သမီး သဘောကျလား…” ဟွာဖန်းလူက သူမအား ရုတ်တရက် မေးလိုက်သည်။

“အဖေ… ဘာတွေ ပြောနေတာလဲ…” ဟွာဂျီယူကား ထပ်မံ၍ အံ့အားသင့်သွားသည်။ သူမက သူမ၏အဖေအား ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ထိုအဖြေအား ဖြေရန် သူမက အနည်းငယ် ရှက်နေပုံရသည်… “ဒါက မဖြစ်နိုင်ဘူး…”

“တကယ်လား…” ဟွာဖန်းလူက သူ၏သမီးအား ပြုံးလျက် ပြောလိုက်သည်… “မင်းက ဒီနှစ်ဆို အသက် ဆယ့်ခြောက်ပြည့်ပြီ… မင်းမှာ မင်းရဲ့အနာဂတ် အပါအဝင် မင်းရဲ့လက်တွဲဖော်ကိုလည်း လွတ်လွတ်လပ်လပ် ရွေးပိုင်ခွင့်ရှိတယ်… မင်းက အတွေ့အကြုံမရှိဘူး… ဒါကြောင့် တချို့အကြောင်းအရာတွေက မင်းက တစ်ခါတလေ ဆုံးရှုံးသွားရင် တစ်သက်လုံး ဆုံးရှုံးသွားရတတ်တယ်… ငါတကယ် ဒီကောင်လေးကို သဘောကျတယ်… သူက ညဏ်ကောင်းပြီးတော့ ပါရမီ ပါတယ်… သူက သူ့ပါရမီတွေကို အလဟဿ ဖြစ်မည့်ပုံမျိုးလည်း မဟုတ်ဘူး… ပိုပြီး အရေးကြီးတာက သူ့ကိုကြည့်ရတာ ပွေရှုပ်တဲ့သူနဲ့တူရင် တူလိမ့်မယ်… ဒါပေမဲ့ သူက အချစ်ကို တကယ် အလေးထားတဲ့လူပဲ… သူက ငါအသက်ငယ်တုန်းက အတိုင်းပဲဆိုတာ တော်တော် သေချာတယ်… မင်းဆုံးဖြတ်ချက်ကို သေချာချပါ… မင်း တကယ်ချစ်တဲ့လူကို တစ်သက်လုံး မဆုံးရှုံးစေနဲ့… ဒီရက်ပိုင်းအတွင်း… အဖေပြောတာကို စဉ်းစားဖို့လိုတယ်… သမီးသတိရရမှာက ဘဝဆိုတာ တိုတိုလေးပဲ… နောင်တမရမိစေနဲ့…”

ဟွာဂျီယူကား စိတ်ထဲ တစ်ချက် လှုပ်ရှားသွားသည်။ သူမ၏အဖေပြောမှ သာလျှင် သူမက တစ်ယောက်ယောက်အား အမှန်တကယ် ဆုံးရှုံးရနိုင်သည်ကို သိလိုက်သည်။

“ကောင်လေးက မင်းနဲ့ အချိန်အများကြီး အတူတူရှိခဲ့တယ်… ဒါနဲ့ပဲ မင်းက သေချာသွားပြီလို့ မတွေးနဲ့… တကယ်လို့ မင်းတို့က တစ်ယောက်စီရဲ့ ဘဝက ပျောက်ကွယ်နေမယ်ဆိုရင် တခြား လှပတဲ့ မိန်းကလေးတစ်ယောက်က သူ့ဘေးနားကို ရောက်လာမှာပဲ… မင်းတို့က အတွဲတွေလည်း မဟုတ်သေးဘူး… ဒါကြောင့် ဒီကမ္ဘာမှာ မင်းက သူ့အတွက် တစ်ယောက်တည်းသော မိန်းကလေးလို့ တွေးလို့မရဘူး…” ဟွာဖန်းလူက ပြုံးလျက် သူ၏သမီး တစ်ယောက်တည်း ထားကာ ထွက်သွားလေသည်။ ဟွာဂျီယူကား ပထမဆုံးအကြိမ် အမှန်တကယ် အလေးထားကာ တွေးတောမိနေပြီ ဖြစ်သည်။ ထိုခံစားချက်ကား တင်းကျပ်သည်။ သို့သော် အချစ်၏ အသိပညာက သူမအတွက် မှေးမှိန်လှကာ သိပ်မရင်းနှီးသလို ခံစားရသည်။

ရီဖူရှင်း အိမ်တွင် ရှိသောအခါ သူမက အမြဲပင် စိတ်အနှောင့်အယှက် ဖြစ်ရသည်။ သို့သော်လည်း ရုတ်တရက် သူ ထွက်ခွာသွားသောအခါ တစ်စုံတစ်ခု ဆုံးရှုံးသွားသလိုမျိုး သူမ အမှန်တကယ် ခံစားရကာ အသားကျရန်ပင် အချိန် လိုအပ်ပုံရသည်။ သူမ၏အဖေက သူမအား ပြောခဲ့သည် တစ်စုံတစ်ယောက်အား ထာဝရ ဆုံးရှုံးနိုင်သည်… ထိုအတွေးက သူမအား ကြောက်ရွံ့စေသည်။ သူမက တန်ဖိုးရှိသော အရာတစ်ခုအား ဆုံးရှုံးသွားတော့မည်ကို ကြောက်နေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset