Switch Mode

အခန်း (၃၈၀)

သေမင်းကို လက်ယပ်ခေါ်ခြင်း

ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ အရှက်မရှိသော နှုတ်ဆက်စကားများကို နားထောင်ရင်း ကြံရာမရဖြစ်နေရတော့သည်။ သူမ အလုပ်လုပ်နေတုန်း လာရောက်နှောင့်ယှက်သူများကို ခေါင်းမော့ကာ အချိန်ကြာကြာ စိုက်ကြည့်လိုက်ရုံဖြင့် သူတို့မှာ ရင်တထိတ်ထိတ်နှင့် ခေါင်းပြန်ငုံ့သွားရသည်သာ ဖြစ်ကြောင်း သူမက သိရှိထားပြီးဖြစ်သည်။ သူမ၏ ထိုနည်းဗျူဟာမှာ သူမ၏ဘေး၌ ဝိုင်းဝိုင်းလည်နေသော လူပိုများကို နှင်ထုတ်နိုင်စွမ်း ရှိပေသည်။

သို့သော် ဝမ်ပေါင်လဲ့မှာမူ အရေထူလွန်းနေသောကြောင့် သူမ၏ နည်းဗျူဟာမှာ သူ့အပေါ် အကျိုးသက်ရောက်မှုမရှိပေ။ ထို့အပြင် သူသည် သူမ၏ အသက်ကို ကယ်တင်ခဲ့သေးသည်လည်း ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာမူ ကျောက်ယမုန့်မှာ အခြားသူများထက် ဝမ်ပေါင်လဲ့အား ပို၍ ရင်နှီးသည်ဟု ခံစား‌မိနေခြင်း ဖြစ်သည်။

ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ မှန်းဆ၍မရနိုင်သော စကားများကိုကြားလိုက်ရသောအခါ ပြုံးသွား၏။ ကံကောင်းသည်မှာ သူမ၏အပြုံးကို မည်သူကမှ မမြင်လိုက်ခြင်းပင်။ အကယ်၍ သူမ၏ဌာနထဲရှိ တစ်ယောက်ယောက်သာ ထိုအပြုံးကို မြင်လိုက်ရသည်ဆိုပါက တန်းတန်းစွဲသွားကြမည်မှာ အသေအချာပင်။ သူတို့သိထားသော ကျောက်ယမုန့်မှာ အေးတိအေးစက်နှင့် ကုန်ကျက်သရေရှိရှိ နေထိုင်တတ်ပြီး ဣ‌န္ဒြေအပြည့်ရှိသော အမျိုးသမီးတစ်ယောက်ဖြစ်၏။ ထိုကဲ့သို့ နှလုံးသားထဲမှ ထွက်ပေါ်လာသည့် စစ်မှန်သောအပြုံးမျိုးကို တွေ့မြင်ရရန်မှာ ရှားပါးလွန်းလှပေသည်။

” နင် အင်္ဂါဂြိုဟ်ပေါ်မှာ ပြဿနာတွေ တက်လာပြန်ပြီလား။ အဲ့တာမလို့ နင် ငါ့ကို ဆက်သွယ်လာတာမလား ” ကျောက်ယမုန့်မှာ ပြုံးကာ မေးလိုက်၏။

” ဘာကိစ္စ ပြဿနာတက်ရမှာလဲဟ။ ငါက လူချောလေးများ အဖွဲ့စည်းရဲ့ လူတိုင်းက ချစ်မြတ်နိုးကြတဲ့ ခေါင်းဆောင်လေ။ ငါ ဘေးနားက ဖြတ်လျှောက်သွားတိုင်း ပန်းတွေပွင့်သွားရတာချည်းပဲ။ ငါ အင်္ဂါဂြိုဟ်ပေါ်ကို ရောက်လာကတည်းက လူတိုင်းက ငါ့ကို ကြိုက်သွားကြတာ ” ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ ရင်ဘတ်ကို လက်ဖြင့်ထု၍ ဆိုလိုက်၏။

” အဲ့လိုလား ” ကျောက်ယမုန့်မှာမူ ဖိုင်တွဲတစ်ခုကို ကောက်ယူလိုက်ပြီး ၎င်းအား ဆက်လက်ဖတ်ရှုနေလိုက်၏။

ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်၏ မယုံသင်္ကာဖြစ်နေသော လေသံကို ကြားလိုက်ရသောကြောင့် အနည်းငယ်ခန့် မပျော်မရွှင်ဖြစ်သွားရပြီး ဥပမာများဖြင့် သက်သေပြရန် ပြင်လိုက်၏…

” နင်က ငါ့ကို မယုံဘူးလား။ ငါ နင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ နင် အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေရဲ့ ဘုရင်ခံအကြောင်းကို ကြားဖူးတယ်မလား။ သူ ငါ့ကို ကြည့်တဲ့အကြည့်တွေက မူမမှန်တော့ဘူးဆိုတာ ငါ ရိပ်မိထားတယ်… ” ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ကျေနပ်အားရစွာ ဆိုလိုက်၏။ သို့သော် စာရွက်စာတမ်းများကို အောက်သို့ချလိုက်ပြီး မျက်နှာအမူအရာ ထူးဆန်းသွားသည့် ကျောက်ယမုန့်ကိုမူ ဝမ်ပေါင်လဲ့မှာ မမြင်နိုင်ပေ။

” ငါ့ရဲ့ ညှို့ဓာတ်တွေကိုက ပြင်းနေတာဟ။ ဘုရင်ခံက ငါ့ကို တကယ် သဘောကျနေတယ်ဆိုတာ ငါ ခံစားမိနေတယ်။ သူက ငါ့ကို သားမက်တော်ချင်နေတာလားမသိဘူး။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူးလေ။ ငါက နာမည်ကြီးလွန်းနေတာကိုး။ နင်သိလား။ အင်္ဂါဂြိုဟ်ပေါ်က မိန်းမပျိုလေးတွေ အားလုံးက ငါ့ကို သူတို့ရဲ့ ဆက်သွယ်ရေးအချက်အလက်တွေ ပေးဖို့ ရန်တွေဖြစ်နေကြတာ။ ဒီဘက်ခေတ် မိန်းကလေးတွေအားလုံးက နှာဗူးတွေချည်းပါပဲဟာ။ အင်္ဂါဂြိုဟ်ပေါ်မှ ငါက တစ်ဦးတည်းသော ရုပ်အချောဆုံးလူပဲ။ အဲ့တာမလို့ အခက်အခဲတွေများကြီးနဲ့ ကြုံနေရတာပေါ့။ ငါ အခုလောက်ကြီး ရုပ်ချောမနေခဲ့ရင် သိပ်ကောင်းမှာပဲ ” ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေတော့သည်။ သူ၏ ဘေးနားတစ်ဝိုက်ရှိ မည်သူ့ကိုမှ ထိုကဲ့သို့သောစကားများ ပြောပြ၍ မရသည် မဟုတ်ပါလော။ ထို့ကြောင့် ယခုတွင် သူသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ကြွားဝါနေမိတော့သည်။

သူသည် ထိုသို့ တောင်စဉ်ရေမရ ပြောဆိုရင်း အသံလွှင့်လက်စွပ်၏ အခြားတစ်ဖက်မှာ လုံးဝတိတ်ဆိတ်နေသည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ကြက်သေသေသွားရ၏။

” ယမုန့်ရေ ”

ထိုအခါ ကျောက်ယမုန့်မှာ မျက်ခုံးတစ်ဖက်ပင့်ကာ အသံလွှင့်လက်စွပ်အား လှမ်းကြည့်လိုက်၏။ ဝမ်ပေါင်လဲ့မှာမူ သူမ မျက်လုံးများမှေးကာ ပြုံးနေသည်ကို သိနိုင်မည်မဟုတ်ပေ။ သူမ၏ မျက်နှာပေါ်တွင် ထိုကဲ့သို့သော အမူအရာများကို မြင်‌တွေ့ရသည်မှာ ရှားပါးလွန်းလှပေသည်။

” နင်က တော်တော့်ကို အံ့ဩဖို့ ကောင်းမှာပဲနော် ”

တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် ကျောက်ယမုန့်မှာ လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်ပြီး ဆက်သွယ်မှုကို ဖြတ်တောက်ရန် ပြင်လိုက်၏။ ထိုအခါမှ ဝမ်ပေါင်လဲ့မှာ သူမ၏ စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို အာရုံခံမိလိုက်သဖြင့် ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး အလုပ်ကိစ္စအကြောင်း ပြောလိုက်တော့သည်။ သူသည် ကျောက်ယမုန့်အား သူ၏ အတွေးအမြင်များနှင့် သူ၏ လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား မန္တန်အစီအရင်တစ်ခုအဖြစ် ပြောင်းလဲချင်သည့် အကြောင်းများကို ပြောပြလိုက်တော့သည်။

ကျောက်ယမုန့်မှာ ကောင်းကင်တာအိုကျောင်း၏ မန္တန်အစီအဆောင်မှ ဘွဲ့ရခဲ့သူတစ်ယောက် ဖြစ်သောကြောင့် မန္တန်အစီအရင်အပိုင်းတွင် တမူထူးခြားသော ပါရမီများကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် သူမမှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရပြီးနောက် စတင်စဉ်းစားကြည့်လိုက်တော့သည်။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့နှင့်အတူ သူ၏ အတွေးအမြင်များနှင့် ပတ်သတ်၍ အသေးစိတ်အချက်အလက်များအထိ ဆွေးနွေးလိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ ချီဝါးမျိုခြင်းပညာရပ်အား လွယ်ကူရှင်းလင်းအောင်လုပ်ထားသည့် မူကြမ်းအား သူမဆီသို့ ပေးပို့လိုက်၏။

ထို့နောက် သူတို့မှာ အနည်းငယ်ခန့်ထပ်၍ အပြန်အလှန် စကားပြောလိုက်ကြပြီးနောက် ဝမ်ပေါင်လဲ့မှာ သူသည် ထိုကိစ္စနှင့်ပတ်သက်၍ ဂိုဏ်းချုပ်ကြီးကိုလည်း အသိပေးလိုက်မည်ဖြစ်ကြောင်းနှင့် ထိုမန္တန်အစီအရင်အား ကျောက်ယမုန့်နှင့်အတူ လေ့လာမည့် အကြောင်းတို့ကို ပြောပြလိုက်၏။

ထိုသို့ဖြင့် သူတို့နှစ်ယောက်၏ အပြန်အလှန်ဆက်သွယ်မှုမှာ ပြီးဆုံးသွားသဖြင့် ကျောက်ယမုန့်မှာ သူမ၏ အသံလွှင့်လက်စွပ်အား အောက်သို့ချလိုက်၏။ မည်သည်အကြောင်းကြောင့်မှန်းတော့မသိပေ။ သူမ၏ အသိစိတ်ထဲ၌ ဝမ်ပေါင်လဲ့၏ ကြွားလုံးထုတ်နေသော စကားသံများ ပေါ်ပေါက်လာရတော့သည်။

သူမမှာ အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် သူမ၏ အသံလွှင့်လက်စွပ်အား ဖွင့်လိုက်၏။ ထို့နောက် သူမသည် ဆက်သွယ်ရေးနံပါတ်တစ်ခုကို ရှာလိုက်ပြီးနောက် လှမ်း၍ ဆက်သွယ်ကြည့်လိုက်၏။ ထို့နောက် သူတို့မှာ အချိန်အနည်းငယ်ခန့် အပြန်အလှန် စကားပြောလိုက်ကြပြီးနောက် ကျောက်ယမုန့်မှာ ကျေနပ်အားရနေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့ သူမအား ပေးအပ်ခဲ့သည့် ချီဝါးမျိုခြင်းပညာရပ်အား ရိုးရှင်းအောင် လုပ်ထားသည့် ပညာရပ်အား လေ့လာရန် ထွက်ခွာသွားတော့သည်။

တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ ဂိုဏ်းချုပ်ကြီးအား ချက်ချင်း ဆက်သွယ်လိုက်၏။ သူသည် သူ၏ ရည်မှန်းချက်များအကြောင်းကို ကွယ်ဝှက်နေခြင်းမရှိဘဲ အမှန်အတိုင်း ထုတ်ပြောလိုက်၏။ ဂိုဏ်းချုပ်ကြီးမှာ ဝမ်ပေါင်လဲ့၏ အကြံအစည်များကို ကြားသိလိုက်ရသောအခါ အံ့အားသင့်သွားရ၏။ ထို့နောက် သူသည် အကြိမ်အနည်းငယ်ခံ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မျက်လုံးများ အရောင်တောက်လာတော့သည်။

” ပေါင်လဲ့။ ဒီ မန္တန်အစီအရင်က နံရံကြီးရဲ့ တိုက်စားနှုန်းကို ပိုမြန်လာအောင် လုပ်ပေးနိုင်မယ်ဆိုတာ သေချာလား ”

” ဂိုဏ်းချုပ်ကြီး။ ကျနော့် လက်ထောက်မြို့တော်ဝန်လေးယောက်ရဲ့ အသက်‌ကို တိုင်တည်ပြီးတော့ ကျိန်ဆိုရဲပါတယ် ”

ဂိုဏ်းချုပ်ကြီးမှာ ထိုစကားကိုကြားလိုက်ရသောအခါ နှုတ်ဆိတ်သွားရ၏။ ထို့နောက် သူသည် ဤ အစီအစဥ်ကြီး အမှန်တကယ် ‌အောင်မြင်နိုင်ခြေ ရှိမရှိအား မေးမြန်းရန် မကြိုးစားခဲ့သင့်ကြောင်း ရိပ်မိသွားသဖြင့် ရှုံ့မဲ့မဲ့ပြုံးကာ ဆိုလိုက်၏။

” မင်းဘက်က သေချာနေတယ်ဆိုမှတော့ ပြီးတာပါပဲ။ ဒီ မန္တန်အစီအရင်ကြီးကို ပြုပြင်မွမ်းမံရမယ့် ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ငါ ကျောက်ယမုန့်ကို လှမ်းဆက်သွယ်လိုက်ပြီး သူပြောတဲ့အတိုင်း လုပ်ထားလိုက်မယ်။ မင်းအတွက် ဒီကိစ္စကြီးကို လျှို့ဝှက်ထားပေးနိုင်ဖို့ ငါတို့တွေ ကြိုးစားပေးပါ့မယ် ”

ထိုသို့ဖြင့် သူတို့၏ စကားဝိုင်းမှာ အဆုံးသတ်သွား၏။ ဝမ်ပေါင်လဲ့မှာမူ စိတ်ဓာတ်များ တက်ကြွကာ စိတ်လှုပ်ရှားနေရပြီ ဖြစ်သည်။ သူသည် သူ၏ရှေ့၌ ကမ္ဘာအသစ်ကြီးတစ်ခုဆီသို့ သွားနိုင်မည့် တံခါးပေါက်ကြီး ပွင့်သွားသလို ခံစားလိုက်ရ၏။ အရာအားလုံးမှာ သူ့အတွက် အဆင်ပြေချောမွေ့နေပြီဖြစ်သည်။ သူသည် မန္တန်အစီအရင်ကြီးကိုသာ လိုအပ်တော့သည် ဖြစ်၏။ ထို မန္တန်အစီအရင်ကြီး အောင်မြင်သွားသည်နှင့် သူသည် ပဏာမအဆင့်သုံး အရာရှိတစ်ယောက် ဖြစ်သွားတော့မည်ဖြစ်သည်။

ထို့ကြောင့် သူသည် ပျော်ရွှင်ကျေနပ်စွာဖြင့် အပြင်သို့ထွက်လာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေရင်း မြည်းလေးအား လှမ်းမြင်လိုက်ရ၏။ သူသည် စိတ်ဓာတ်များ တက်ကြွနေသောကြောင့် ယခင်တုန်းကကဲ့သို့ ထိုမြည်းလေးအား ကန်‌ကျောက်နေခြင်းမရှိတော့ပေ။ ထို့အပြင် သူသည် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ထိုမြည်းလေး၏ ခေါင်းကိုပင် ပုတ်လိုက်သေးသည်။

ထို့ကြောင့် အကန်ခံရရန် ပြင်ဆင်ထားခဲ့သည့် မြည်းလေးမှာ အသားများ တုန်ရီသွားရပြီး ၎င်း၏ မျက်လုံးများထဲ၌ ကြောက်ရွံ့တုန်လှုပ်နေသည့် အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ ၎င်း၏ အမြင်တွင် ဝမ်ပေါင်လဲ့၏ အမူအရာများမှာ မူမမှန်ဖြစ်နေသောကြောင့် ၎င်းမှာ စိုးရိမ်ကြောင့်ကြလာပြီး ဘေးအန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည်ဟု ခံစားနေရတော့သည်။ ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီးသည့်တိုင်အောင် ၎င်းမှာ တစ်ကိုယ်လုံး တုန်ရီနေဆဲဖြစ်ပြီး တုန်လှုပ်ချောက်ချားမှုများကို ဖြေဖျောက်နိုင်စွမ်း မရှိသေးပေ။ ထို့နောက် ၎င်းမှာ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် အဝေးသို့ ပြေးထွက်သွားပြီး ထိုအတောအတွင်းတွင် ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်မလာရန် ဆုံးဖြတ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ စုံစမ်းစစ်ဆေးမှုများကို အဆုံးသတ်လိုက်ပြီး တံခါးပိတ်ကျင့်ကြံခြင်းကို ပြန်၍စတင်လိုက်၏။ ထိုသို့ဖြင့် တစ်ညတိတိ ကုန်ဆုံးသွား၏။ ဒုတိယမြောက်နေ့တွင် မျက်လုံးများ အရောင်လက်ကာ စိတ်ဓာတ်များတက်ကြွနေသော ဝမ်ပေါင်လဲ့မှာ သူ၏ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်ရန် ပြင်လိုက်စဉ်မှာပင် အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေဘုရင်ခံဆီမှ အသံလွှင့် အကြောင်းကြားစာတစ်စောင်ကို လက်ခံရရှိလိုက်၏။

ဘုရင်ခံမှာ ဝမ်ပေါင်လဲ့အား သူ၏အလုပ်ကိစ္စများအကြောင်းကို စတင်မေးမြန်းလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။ သူမသည် မနေ့ကမှ ကိုယ်တိုင်စစ်ဆေးမှုများပြုလုပ်ပြီး ထွက်ခွာသွားခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ အဘယ့်ကြောင့် သူမမှာ သူ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်ခု ပေးပို့၍ မြို့တော်နယ်မြေအသစ်ကြီး၏ အခြေအနေကို မေးမြန်းနေရပါသနည်း။

မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့မှာ စိတ်ရှည်ရှည် ထားလိုက်ပြီး အချက်အလက်အားလုံးကို တရိုတသေ တင်ပြလိုက်၏။ သို့သော် သူ စကားမဆုံးနိုင်ခင်မှာပင် ဘုရင်ခံမှာ သူ သတိမထားမိခဲ့သည့် အချက်တစ်ချက်ကို ရှာတွေ့မိသွား၏။ ထို့ကြောင့် သူမမှာ ယမ်းပုံမီးကျ ပေါက်ကွဲသွားပြီး သူ့အား အသံလွှင့်အကြောင်းကြားစာထဲမှနေ၍ ဆူပူကြိမ်းမောင်းနေလိုက်တော့သည်။ သူသည် နာရီဝက်တိတိ ဆူပူကြိမ်းမောင်းခံပြီးသွားသောအခါမှ သူမမှာ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ဆူပူကြိမ်းမောင်းခံလိုက်ရသည့် စကားများကြောင့် ရီဝေဝေ ဖြစ်သွားရပြီး အချိန်အတော်အတန်ကြာသောအခါမှ သတိပြန်ဝင်လာ၏။ ထို့နောက် သူသည် သူ၏ အသံလွှင့်လက်စွပ်အား အံ့ဩတုန်လှုပ်စွာနှင့် စိုက်ကြည့်ကာ နားမလည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။ မည်သည့်အချိန်တွင်မဆို အလုပ်ရှုပ်နေခဲ့သောကြောင့် သူနှင့် နာရီဝက်လောက်သာ ဆုံတွေ့ခွင့်ရခဲ့သည့် ဘုရင်ခံမှာ သူ့ဆီသို့ ဆက်သွယ်လာခဲ့ပြီးနောက် သူ့အား နာရီဝက်တိတိ ဆူပူကြိမ်းမောင်းနေခဲ့သည် မဟုတ်ပါလော။ အဘယ့်ကြောင့် သူမမှာ ထိုကဲ့သို့ ပြုမူခဲ့ရပါသနည်း…

” သူက ငါ့ကို ဆူပူကြိမ်းမောင်းခြင်းလို့ကို ငါ့ဆီကို ဆက်သွယ်လာတာ။ ကြည့်ရတာ တစ်ယောက်‌ယောက်က ငါ့ရဲ့နောက်ကွယ်မှာ ငါ့အကြောင်းတွေကို ပြောနေတာများလား။ တစ်ယောက်ယောက်ကများ ဘုရင်ခံဆီကို အစီအရင်ခံစာတွေ တိတ်တိတ်ကလေး ပေးပို့နေတာများလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့စဉ်းစားတွေးတောနေရင်း ပင့်သက်ရှိုက်မိသွားပြီး သူ၏ မျက်ဝန်းများထဲ၌ အံ့သြတုန်လှုပ်နေသည့် အရိပ်အယောင်များ ထင်ဟပ်သွားတော့သည်။

” လီယီပဲ ဖြစ်ရမယ် ”

ဝမ်ပေါင်လဲ့မှာ လီယီသည် အလွန်အင်မတန်မှ စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းနေသည်ဟု စိတ်ထဲ၌ မှတ်ယူထားလိုက်တော့သည်။ သူမသည် သူ၏နောက်ကျောအား ဓားနှင့်ထိုးရန် ကြိုးပမ်းခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် အလွန်အင်မတန်မှ မကျေမနပ်ဖြစ်သွားရ၏။ ထိုအချိန်တွင် လင်းတျန်ဟောက်မှာ သူ့ဆီသို့ ရောက်ရှိလာပြီး တည်ကြည်မှု အပြည့်ရှိသော မျက်နှာထားဖြင့် သူ၏ အလုပ်ကိစ္စများနှင့် ပတ်သတ်၍ တင်ပြလိုက်တော့သည်။ လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ပြောလိုက်သော စကားများကြောင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အေးစက်သွားရတော့သည်။

” မြို့တော်ဝန်။ လီယီက မြို့တော်ကြီးရဲ့ အခြေခံအဆောက်အဦးတွေကို သူတစ်ယောက်တည်း စိတ်တိုင်းကျ ပြောင်းလဲခြယ်လှယ်နေခဲ့တာ။ အပြင်ပန်းမှာ သူက ထာဝရခံတပ်ကြီးကို ဆောက်လုပ်နေတယ်တဲ့ပုံ ပေါ်နေပေမဲ့ တကယ်လက်တွေ့မှာ သူက ပြိုင်ပွဲထဲမှာ သူတည်ဆောက်ခဲ့တဲ့ မြို့တော်ပုံစံကြီးကို ခိုးပြီးတော့ တည်ဆောက်နေခဲ့တာ ”

” ဟင် ” ဝမ်ပေါင်လဲ့မှာ မျက်ခုံးများပင့်ကာ ရေရွတ်မိသွားပြီး မျက်လုံးများ အရောင်လက်သွားရတော့သည်။ ထို့နောက် လင်းတျန်ဟောက်မှာ သူရှာဖွေတွေ့ရှိထားသည့် အချက်အလက်များကို ဝမ်ပေါင်လဲ့ဆီသို့ တင်ပြလိုက်၏။

လီယီမှာ သတိကြီးကြီးထား၍ လှုပ်ရှားနေခဲ့ပါသော်လည်း အရာအားလုံးကို ထာဝရ ဖုံးကွယ်ထားနိုင်စွမ်း ရှိနေမည်မဟုတ်ပေ။ သူမ၏ ပေါ့ဆမှုများကို သူမအား သေသေချာချာ စောင့်ကြည့်နေခဲ့သည့် လင်းတျန်ဟောက်မှာ သတိထားမိသွားခဲ့၏။ ထို့ကြောင့် သူသည် ထိုကိစ္စကြီးအား ဆက်လက်စုံစမ်းခဲ့ခြင်း ဖြစ်၏။ နောက်ဆုံးတွင် သူ၏ စုံစမ်းမှုများ၏ ရလဒ်များကြောင့် သူကိုယ်တိုင်ပင်လျှင် အံ့သြတုန်လှုပ်သွားခဲ့ရသည်။

လီယီမှာ သူမ၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးချ၍ မြို့တော်နယ်မြေအသစ်ထဲရှိ နေရာအချို့၏ ဒီဇိုင်းပုံစံများကို ပြုပြင်ပြောင်းလဲခဲ့သည်ဖြစ်သည်။ အပြင်ပန်းပုံစံမှာ ထာဝရခံတပ်ကြီး၏ ဒီဇိုင်းပုံစံအား အခြေခံထားသည့်ပုံစံ ပေါက်နေပါသော်လည်း အတွင်းပိုင်း ဒီဇိုင်းပုံစံများနှင့် အဆောက်အဦးများမှာ ကမ္ဘာလုံးဓမ္မမြို့တော်ကြီးနှင့် ထပ်တူကျနေအောင် ပြောင်းလဲခံထားရသည်ဖြစ်သည်။

သို့သော် သူမသည် သတိကြီးကြီးထား၍ ဆောင်ရွက်ခဲ့သောကြောင့် သူမ၏ ပြုပြင်ပြောင်းလဲမှု အများစုကို အလွယ်တကူ သတိမထားမိနိုင်ခဲ့ပေ။ လင်းတျန်ဟောက်မှာ သူမအား အချိန်အတော်အတန်ကြာအောင် စောင့်ကြည့်နေခဲ့ပြီးမှ သူမ၏ လုပ်ရပ်များကို နောက်ကြောင်းပြန် ခြေရာခံလိုက်၍ သက်သေအထောက်အထားများကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအစီရင်ခံစာကို နားထောင်ရင်း အမူအရာတည်ကြည်သွား၏။ သူသည် လီယီ အမှားတစ်ခုခု ကျူးလွန်မိသည်ကို လက်ပူးလက်ကြပ် ဖမ်းမိလိုသောကြောင့် သူမအား လုပ်ပိုင်ခွင့်အာဏာများ ပို၍ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူမမှာ ယခုလောက်အထိ ရဲတင်းနေလိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားခဲ့ပေ။ သူမသည် ရိုးရိုးတန်းတန်း အမှားတစ်ခုကိုသာ ကျူးလွန်မိခဲ့သည် မဟုတ်ချေ။ သူမ၏ လုပ်ရပ်ကြောင့် မန္တန်အစီအရင်ကြီးမှာ ချောချောမွေ့မွေ့ လည်ပတ်နိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။ အကယ်၍ မတည်ငြိမ်မှုများ ပေါ်ပေါက်လာမည်ဆိုပါက သူတို့ ရင်ဆိုင်ကြုံတွေ့လိုက်ရမည့် ကပ်ဘေးအန္တရာယ်ကြီးမှာ စိတ်ကူးနှင့် မှန်းဆ၍ မရနိုင်လောက်အောင် ဆိုးရွားနေမည်ဖြစ်သည်။

အထူးသဖြင့် မကြာခင်တွင် လူဦးရေမြောက်မြားစွာ ပြောင်းရွှေ့လာကြတော့မည်ဖြစ်ရာ ပို၍ပင် ဆိုးနေတော့သည်။ အကယ်၍ ထိုပြောင်းရွှေ့နေထိုင်သူများ အခြေချပြီးသွားသောအခါမှ အမှားအယွင်းတစ်ခုခု ပေါ်ပေါက်လာမည်ဆိုလျှင် နောက်ဖြစ်လာမည့် အကျိုးဆက်များမှာ ဆိုးရွားလွန်းနေမည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်း ထွက်သွားရ၏။ ထို့နောက် သူသည် ကျင့်သိုမင်၊ ခုန်းတောက်နှင့် လီယီတို့ကို ချက်ချင်းပင် ဆင့်ခေါ်လိုက်၏။ သူမမှာ သူ့ဆီသို့ ချက်ချင်းလာရောက်တွေ့ဆုံရမည်ဖြစ်သည်။

ခုန်းတောက်နှင့် ကျင့်သိုမင်တို့မှာ အရင်ဆုံးရောက်ရှိလာ၏။ သူတို့မှာ ရုံခန်းထဲ၌ထိုင်ရင်း ဝမ်ပေါင်လဲ့၏ တည်ကြည်မှုအပြည့်ရှိနေသော မျက်နှာကြီးအား တအံ့တဩနှင့် စိုက်ကြည့်နေမိတော့သည်။ ထို့အပြင် သူတို့မှာ လင်းတျန်ဟောက်၏ အသက်မဲ့နေသော မျက်နှာအမူအရာကိုလည်း ထားမိလိုက်၏။ ထို့ကြောင့် ခုန်းတောက်နှင့် ကျင့်သိုမင်တို့မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြပြီးနောက် မည်သည့်မေးခွန်းမှ မေးမနေတော့ပေ။ ခဏအကြာတွင် လီယီမှာ စိတ်ရှုပ်နေသော မျက်နှာအမူအရာဖြင့် ရောက်ရှိလာ၏။ သို့သော် သူမ အောက်သို့ မထိုင်ချနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏စားပွဲခုံအား အသံအကျယ်ကြီးမြည်အောင် ရိုက်နှက်လိုက်တော့သည်။

” လီယီ။ နင့်ရဲ့ခေါင်းကို မြည်းတစ်ကောင်က ကန်သွားတာလား။ ဒါမှမဟုတ် ခွေးတစ်ကောင်ကောင်က နင့်ရဲ့ အူတွေပေါ်မှာ ကျင်ငယ်ရေ စွန့်သွားတာလား။ နင် တော်တော်ကို ရဲတင်းနေတာပဲ ” ဝမ်ပေါင်လဲ့မှာ ခုံစောင်းအား အသံကျယ်ကြီးမြည်အောင် ရိုက်နှက်ကာ အော်ပြောလိုက်သောကြောင့် သူ၏ အော်ဟစ်သံကြီးမှာ အခန်းထဲ၌ ရုတ်တရက်ဆိုသလို ပဲ့တင်ထပ်သွားရတော့သည်။

” ဝမ်ပေါင်လဲ့။ နင် ဘာစကားပြောတာလဲ ” လီယီမှာလည်း ရန်လိုစိတ်များဖြင့် တောက်ပနေသော အေးစက်စက် မျက်ဝန်းများဖြင့် ခေါင်းမော့လာ၏။ သူမသည်လည်း အမျက်ချောင်းချောင်း ထွက်နေပြီဖြစ်သည်။ သူမသည် တာအိုကျောင်းလေးကျောင်း၏ ထောက်ခံမှုကို ရရှိထားသောကြောင့် ရဲတင်နေပြီး ဝမ်ပေါင်လဲ့အား ထိပ်တိုက်ရင်ဆိုင်လိုက်၏။

” ငါ ဘာစကားပြောတာလဲ ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက် ရှာဖွေတွေ့ရှိထားသော သက်သေအထောက်အထားများ ပါဝင်နေသည့် ကျောက်စိမ်းပေလွှာအား ထုတ်ယူလိုက်ပြီး လီယီဆီသို့ လှမ်းပစ်ပေးလိုက်၏။

” ငါက နင့်ကို မြို့တော်နယ်မြေအသစ်တစ်ခု တည်ဆောက်ဖို့ တာဝန်ပေးထားတာ။ နင်က တာဝန်ပေးထားတဲ့အတိုင်း မလုပ်ဘဲ ပြိုင်ပွဲတုန်းက နင်အသုံးပြုခဲ့တဲ့ မြို့တော်ကြီးကို ငါ မသိအောင် တည်ဆောက်နေခဲ့တာလေ။ လီယီ။ နင်က ပုန်ကန်ဖို့ကြိုးစားနေတာလား။ ဒါမှမဟုတ် နင်က အင်္ဂါဂြိုဟ်စီမံကိန်းကြီးကို နှောင့်ယှက်ပြီးတော့ ပြည်ထောင်စုကြီးရဲ့ လုပ်ပိုင်ခွင့်အာဏာကို ဆန့်ကျင်ဖို့ကြိုးစားနေတာလား “

Comment

Leave a Reply

Options

not work with dark mode
Reset