Switch Mode

အခန်း (၃၇၉)

ပိုင်နက်ပိုကြီးလာလေ ဝမ်ပေါင်လဲ့ ပိုအစွမ်းထက်လာလေ

နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးထဲ၌ တိတ်ဆိတ်ငြိမ်သက်နေ၏။

ဘုရင်ခံ၏ နဝမအဆင့် ဓမ္မလက်နက်ကြီးမှာ တစ်ချက်တည်းနှင့် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ပင်။ အချိန်တိုလေးအတွင်းတွင် ထိုလှိုဏ်ခေါင်းကြီးထဲ၌ သားရဲကြီးများ လုံးဝရှိမနေတော့ပေ။

နံရံများပေါ်၌ တွဲလောင်းကျနေခဲ့သော အသားလုံးများပင်လျှင် ကြေမွပျက်စီးသွားရပြီး ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ခြင်များမှာ ရှေ့သို့ အတားအဆီးမရှိ ပျံသန်းသွားကြ၏။ ထိုသို့ဖြင့် ၎င်းတို့မှာ လှိုဏ်ခေါင်းကြီး၏ အဆုံးဆီသို့ ရောက်ရှိလာကြတော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ဆက်၍မထိန်းချုပ်နိုင်တော့ပေ။ သို့သော် သူသည် နံရံကြီးကို ခပ်ရေးရေးခန့် မြင်နေရပြီဖြစ်သောကြောင့် မျက်လုံးများပြူးသွားပြီး အသက်ရှူသံများ ရပ်တန့်သွားရ၏။ ထို့နောက် သူ၏မျက်နှာအမူအရာမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။

သူသည် ထိုနံရံကြီးအား ယခင်တုန်းက လုံးဝမမြင်ဖူးသည်တော့ မဟုတ်ပေ။ သူ၏ ကိုယ်ပိုင်မျက်လုံးများနှင့် အပြင်ဘက်၌ မမြင်ဖူးပါသော်လည်း ခြင်များ၏ အမြင်အာရုံများနှင့် ခုန်းတောက် ပုံမှန်တင်ပြခဲ့သည့် အစီရင်ခံစာများထဲမှ ရုပ်ပုံများနှင့် ရုပ်သံမှတ်တမ်းများကို မြင်ဖူထားပြီးသားဖြစ်သည်။

ထို့ကြောင့် ထိုနံရံကြီးမှာ ကြောက်မက်ဖွယ်ရာ အအေးဓာတ်ကြီးတစ်ခုကို ထုတ်လွှတ်နေသည့် ရေခဲနံရံထူကြီးတစ်ခု ဖြစ်နေကြောင်း သူက သိထား၏။ ၎င်းမှာ တိုက်စားမှုဒဏ်များကို ခံနိုင်ပြီး မာကျောမှု အပြည့်ရှိသော ကျောက်ဖြစ်ရုပ်ကြွင်းကြီးတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် ၎င်းအား ဖြည်းဖြည်းချင်းစီ ပါးလွှာသွားအောင်လုပ်ရန် မန္တန်အစီအရင်ကြီးအား နေ့မနားညမနား လည်ပတ်နေအောင် လုပ်ထားရန် လိုအပ်ပေသည်။

အချိန်တိုလေးအတွင်းတွင် ထိုတိုက်စားမှုနှုန်းကို သာမန်မျက်စိဖြင့် မြင်နိုင်မည်မဟုတ်ပေ။ ဆယ်စုနှစ်ပေါင်းများစွာ ကုန်ဆုံးပြီးသွားမှသာ အပြောင်းအလဲများကို စမြင်လာရမည်ဖြစ်သည်။

သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်လာသည့် နံရံကြီးမှာ လွန်ခဲ့သော တစ်ပတ်ခန့်က သူ ခုန်းတောက်၏ အစီရင်ခံစာများထဲ၌ မြင်ခဲ့ရသည့် အနေအထားထက် သိသိသာသာပို၍ တိုက်စားခံထားရပြီဖြစ်သည်။ ၎င်းမှာ လပေါင်းများစွာ တိုက်စားခံထားရသည့်ပုံစံ ပေါက်နေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားကာ မျက်ဝန်းများထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပလာပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သူသည် ထိုနံရံကြီး၏ တိုက်စားမှုနှုန်း မြန်ဆန်သွားရသည့် အကြောင်းအရင်းကို အတိအကျ မသိနိုင်ဘဲ ဖြစ်နေရ၏။

” ဧရာမလက်ကြီး ပေါ်လာလို့များလား။ ဒါမှမဟုတ် ဘုရင်ခံရဲ့ နဝမအဆင့် ဓမ္မလက်နက်ကြီးရဲ့ ရိုက်ချက်ကြောင့်များလား။ ဒါမှမဟုတ်… ငါ့ရဲ့ ဝါးမျိုခြင်းသစ်စေ့ကို အသုံးပြုပြီးတော့ အမှောင်ချီတွေကို စုပ်ယူခဲ့လို့များလား ” ဝမ်ပေါင်လဲ့မှာ အကြောင်းအရင်းအစစ်အမှန်ကို မသိနိုင်ဘဲဖြစ်နေရ၏။ သို့သော် ၎င်းမှာ အခွင့်အရေးတစ်ခုဖြစ်ကြောင်း သူက ရိပ်မိသွား၏။

သူသည် ထိုတိုက်စားမှုနှုန်း မြန်ဆန်သွားရသောကြောင့် သူ့အတွက် မည်ကဲ့သို့သော အခွင့်အရေးများ ပေါ်ပေါက်လာနိုင်ကြောင်းကို အသေအချာ မသိထားပါသော်လည်း အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို အပတ်တကုတ် လေ့လာဖတ်ရှုထားခဲ့သည်ဖြစ်ရာ သူ၏ ဝမ်းတွင်းအသိစိတ်များမှာ အဆင့်မြင့်နေပြီဖြစ်သည်။ ထို အသိစိတ်များမှာ သူ့အား ဤကိစ္စကြီးကို ဆက်လက်စုံစမ်းသင့်ကြောင်း တိုက်တွန်းနေကြသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခုန်းတောက်အား ချက်ချင်းပင်ဆင့်ခေါ်လိုက်၏။ ခုန်းတောက်မှာ ဒဏ်ရာများအားလုံး ပျောက်ကင်းသွားခြင်း မရှိသေးပါသော်လည်း အတော်အသင့် ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။ ယခင်တုန်းကဆိုလျှင် သူသည် ဝမ်ပေါင်လဲ့၏ ဆင့်ခေါ်မှုကို ဂရုစိုက်နေမည်မဟုတ်ဘဲ သူ၏ လက်ထောက်တစ်ယောက်ကိုသာ သူ့အစား သွားခိုင်းလိုက်မည်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူကိုယ်တိုင် သွားရောက်လိုက်၏။

ခုန်းတောက်မှာ နံရံကြီးနှင့် ပတ်သတ်သည့် ဝမ်ပေါင်လဲ့၏ မေးခွန်းများကို ကြားလိုက်ရသောအခါ ထိမ်ချန်နေခြင်းမရှိဘဲ သူသိထားသမျှ အချက်အလက်အားလုံးကို ပြောပြလိုက်၏။ ထို့အပြင် သူ မနေ့တုန်းက ထိုနံရံကြီးအား အကဲခတ်ကြည့်ရှုနေရင်း ရိုက်ကူးထားခဲ့သည့် ရုပ်သံမှတ်တမ်းများကိုလည်း ဝမ်ပေါင်လဲ့အား ပြလိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုရုပ်သံမှတ်တမ်းများကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်တောက်သွားရတော့သည်။ မနေ့က နံရံကြီးနှင့် သူ ယနေ့တွင် မြင်လိုက်ရသည့် နံရံကြီးတို့မှာ လုံးဝမတူညီဘဲ ကွဲပြားနေပြီ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စုံစမ်းစစ်ဆေးရမည့် အချက်အလက်များမှာ လျော့နည်းသွား၏။ သို့သော် ဝမ်ပေါင်လဲ့အတွက်မူ ဧရာမလက်ကြီး ပြန်လည်ပေါ်ပေါက်လာအောင် လုပ်ရန်နှင့် ဘုရင်ခံ၏ နဝမအဆင့် ဓမ္မလက်နက်ကြီး၏ ရိုက်နှက်ချက်ကို ပြန်လည်ဖန်တီးနိုင်ရန်မှာ ခဲယဉ်းနေသောကြောင့် သူ၏ ခန့်မှန်းချက်များကို မှန်ကန်ကြောင်း အတည်ပြုနိုင်ရန်မှာ အခက်တွေ့နေရ၏။

သို့သော် ဝမ်ပေါင်လဲ့၏ သုံးသပ်ချက်များအရဆိုလျှင် ဧရာမလက်ကြီးမှာ ဤပြဿနာကြီးအား ဖြေရှင်းပေးနိုင်မည့် အဓိကသော့ချက်ကြီး မဖြစ်နိုင်ပေ။ ထို့အပြင် နဝမအဆင့်ဓမ္မလက်နက်ကြီး၏ ရိုက်နှက်မှုကြောင့် နံရံကြီး၏ တိုက်စားမှုနှုန်းများ မြန်ဆန်လာရသည့် အချက်မှာလည်း ဖြစ်နိုင်ခြေ မရှိပေ။ ထိုသို့သာဆိုပါက ပြည်ထောင်စုကြီးထဲမှ နိုင်ငံရေးအင်အားစုအသီးသီးမှာ ဤနေရာ၌ မန္တန်အစီအရင်ကြီးတစ်ခုကို တပ်ဆင်နေရန် လိုတော့မည်မဟုတ်ပေ။ သူတို့မှာ သူတို့၏ နဝအဆင့်ဓမ္မလက်နက်များ၏ စွမ်းအားများကို အလှည့်ကျထုတ်လွှတ်ကာ နံရံကြီးအား ရိုက်ခတ်ထုနှက်နေရုံပင် ဖြစ်သည်။

” ဘုရင်ခံ ငါ့ကို ပြောပြထားတဲ့ အချက်အလက်တွေအရဆိုရင် နတ်ဘုရားလက်နက် တစ်ခုတည်းကပဲ အဲဒီနံကြီးကို ဖျက်ဆီးပစ်နိုင်မှာ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ တွေးလိုက်ပြီး အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ ထို့ကြောင့် မှန်ကန်မှုရှိမရှိ စစ်ဆေးအတည်ပြုရန် ကျန်ရှိနေသေးသည့် တစ်ခုတည်းသောအချက်မှာ သူ၏ ဝါးမျိုခြင်းသစ်စေ့မှာ ထိုနံရံကြီးအပေါ် အကျိုးသက်ရောက်မှု ရှိမရှိဆိုသည့် အချက်ပင် ဖြစ်သည်။

ထိုအတွေးကြီးကြောင့် သူ၏နှလုံးသားမှာ ချစ်ချစ်တောက် ပူလောင်နေရတော့သည်။ သူသည် အဘယ့်ကြောင့် ထိုယူဆချက်အား မှန်မမှန် စစ်ဆေးရန် လိုအပ်နေသေးကြောင်း မတွေးနိုင်လောက်အောင် ဖြစ်နေရပါသော်လည်း အကယ်၍ ၎င်းမှာ မှန်ကန်နေမည်ဆိုပါက သူ့ဘဝ၌ တစ်ခါမှ မကြုံဖူးသည့် အခွင့်အရေးကြီးတစ်ခုကို ရရှိသွားတော့မည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ နှလုံးသားထဲ၌ တောက်လောင်နေသော အပူဓာတ်များကို ချုပ်တည်းလိုက်ပြီး ခုန်းတောက်အား ထွက်သွားခွင့်ပြုလိုက်၏။ ထို့နောက် သူသည် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးဆီသို့ ပြေးသွားလိုက်တော့သည်။ ထိုနေရာကို စစ်တပ်က ထိမ်းချုပ်ထားခြင်းဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့၏ ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကြောင့် စစ်တပ်မှ ကျင့်ကြံသူအားလုံးမှာ သူ့အား လေးစားနေကြပြီဖြစ်သည်။ ထို့ကြောင့် မည်သူကမှ သူ့ကိုတားဆီးနေခြင်း မရှိသည့်အပြင် အချို့မှာဆိုလျှင် သူ့အား လှိုဏ်ခေါင်းထဲအထိ လိုက်ပို့ခွင့်ပေးရန် ခွင့်တောင်းနေကြ၏။

ဝမ်ပေါင်လဲ့မှာ သူ၏ စမ်းသပ်မှုများအား အခြားသူများ မြင်သွားမည်ကို မလိုလားပေ။ ထို့ကြောင့် သူသည် သူတို့၏ တောင်းဆိုချက်များကို တရိုတသေ ငြင်းဆန်လိုက်၏။ ထို့နောက် သူ၏ တဒိန်းဒိန်းခုန်နေသော ရင်ခုန်သံများနှင့်အတူ သူ၏ ခြင်များကို အရင်ဆုံး ထုတ်လွှတ်ကာ ထိုနေရာတစ်ဝိုက်အား စစ်ဆေးခိုင်းလိုက်ပြီးမှ လှိုဏ်ခေါင်းကြီးထဲသို့ တစ်ယောက်တည်း ဝင်သွားလိုက်တော့သည်။

သူသည် လှိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲအထိ ဝင်ရောက်သွားခြင်းမရှိဘဲ သင့်တော်သော နေရာတစ်ခုတွင် ရပ်တန့်လိုက်၏။ ထို့နောက် ဘေးဘီဝဲယာတွင် အန္တရာယ်ရှိမရှိ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် သူ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းကာ အမှောင်ပညာရပ်အား အခြေခံစွမ်းအားတစ်ခုအဖြစ် အသုံးပြုလိုက်ပြီး သူ၏ ဝါးမျိုခြင်းသစ်စေ့အား လပတ်သွားအောင် လုပ်လိုက်တော့သည်။ ထိုအခါ လှိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲမှာ အေးစက်စက် အငွေ့အသက်တစ်မျိုး ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာပြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ အအေးဓာတ်များကို စုပ်ယူနေသည့် ဧရာမ ရေဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။ တစ်ချိန်ထဲမှာပင် သူသည် လှိုဏ်ခေါင်းကြီး၏ အဆုံးရှိ နံရံကြီးဆီသို့ ချဉ်းကပ်သွားနေကြသော ခြင်များအပေါ် အာရုံစိုက်လိုက်ပြီး ၎င်းတို့အား ထိုနေရာတစ်ဝိုက်ကို အလျင်အမြန် စုံစမ်းစစ်ဆေးခိုင်းလိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ သူမြင်လိုက်ရသော မြင်ကွင်းကြောင့် အသားများတုန်ရီသွားရတော့သည်။ သူ၏ ဝါးမျိုခြင်းသစ်စေ့ လည်ပတ်နေသည့်အချိန်တွင် ထိုနံကြီးမှာလည်း အလွန်အင်မတန်မှ လျင်မြန်စွာ တိုက်စားခံနေရသည်ကို သူက ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်သည်။

” ဝါးမျိုခြင်းသစ်စေ့ကြောင့်ကိုးကွ ” ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွသွားကာ သူ၏ ဝါးမျိုခြင်းသစ်စေ့အား ရပ်တန့်လိုက်ပြီးနောက် နောက်သို့လှည့်ကာ အလောတကြီးနှင့် ပြန်လည်ထွက်ခွာလာတော့သည်။ ခဏအကြာတွင် သူသည် လှိုဏ်ခေါင်းကြီးထဲမှ ပြန်ထွက်လာပြီး ၎င်းအား အလုံပြန်ပိတ်လိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ အိမ်ရာဆီသို့ ပြန်သွားလိုက်တော့သည်။ သူသည် တရားထိုင်ချင်စိတ် မရှိသောကြောင့် သူ၏ အိမ်ရာထဲ၌ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း တွေးတောနေမိတော့သည်။

” ဒါ အခွင့်အရေးတစ်ခုပဲ ”

” သေချာစဉ်းစားစမ်း။ ဒီအခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်ဖို့အတွက် ဘယ်လိုစီစဉ်လိုက်ရမလဲ ”

” ဘယ်လိုလုပ်လိုက်ရပါ့… ” ဝမ်ပေါင်လဲ့၏ ဝိညာဉ်ချီများမှာ လှုပ်လှုပ်ရွရွ ဖြစ်လာပြီး သူ၏ ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာတော့သည်။ သူသည် ခေါင်းခြောက်အောင် စဉ်းစားနေရသောကြောင့် အားအင်များကုန်ခမ်းသွားသလို ခံစားလိုက်ရသဖြင့် မုန့်ထုပ်အချို့ကိုထုတ်ယူကာ အားရပါးရစားရင်း ဆက်လက်စဥ်းစားတွေးတောနေလိုက်တော့သည်။

” အရင်ဆုံးအနေနဲ့… ပြည်ထောင်စုကြီးက နံရံကြီးရဲ့ တိုက်စားမှုနှုန်းကို မြန်လာအောင် လုပ်နိုင်တဲ့ အရာကို သေချာပေါက် အလေးပေးပြီး ဆက်ဆံမှာပဲ… ငါ့ရဲ့ စွမ်းအားတွေက အကန့်အသတ်နဲ့ ရှိနေလို့ ငါ့ရဲ့ ဝါးမျိုခြင်းသစ်စေ့ကို ထုတ်ပြချင်စိတ် မရှိရင်တောင် မြူခိုတောင်ကျောင်းက ကျောင်းသားတွေကို သင်ပေးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်ပညာရပ်ကို သုံးလို့ရလောက်တယ် ”

” ဒါပေမဲ့ အမှောင်ပညာရပ်ပေါ်မှာ အခြေခံပြီးတော့ တည်ဆောက်ထားရမှာ… အဲ့တာကလည်း လွယ်ပါတယ်။ အဲဒီ လျှို့ဝှက်ဆန်းကြယ်ပညာရပ်ကို မန္တန်အစီအရင်တစ်ခုပုံစံ ပြောင်းလိုက်ပြီးတော့ ငါ့ကိုယ်ငါ အဲဒီမန္တန်အစီအရင်ကြီးရဲ့ ဗဟိုချက်ဖြစ်သွားအောင် လုပ်လိုက်ရုံပဲ ”

” အဲလိုသာဆိုရင် အဲဒီ မန္တန်အစီအရင်ကြီးက ဝါးမျိုခြင်းသစ်စေ့ကို ပိုအစွမ်းထက်လာအောင် လုပ်ပေးနိုင်မယ့်အပြင် လှိုဏ်ခေါင်းကြီးထဲက အမှောင်ချီတွေကိုလည်း အရင်ကထက် ပိုမြန်လာအောင် စုပ်ယူနိုင်စွမ်းရှိသွားမှာမလို့ နံရံကြီးရဲ့ တိုက်စားမှုနှုန်းက ပိုမြန်လာမှာပဲ ” ဝမ်ပေါင်လဲ့မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရာမှ ရပ်တန့်သွားပြီး သူ၏ပေါင်ကို လက်ဝါးဖြင့်ရိုက်ကာ ခေါင်းမော့လာ၏။ သူ၏မျက်ဝန်းများထဲ၌ စိတ်လှုပ်ရှားမှုများနှင့် မျှော်လင့်ချက် အရိပ်အယောင်များဖြင့် တောက်ပနေပြီဖြစ်ပြီး သူသည် သူ၏ ခံစားချက်များကို ချုပ်တည်းမထားနိုင်လောက်အောင် ဖြစ်နေရတော့သည်။ သူသည် သူ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲမှ လေ့လာသင်ယူထားသည့် ပညာရပ်များအားလုံးကို စုပေါင်းလိုက်ပြီးနောက် အံ့ချီးဖွယ်ရာ နည်းလမ်းတစ်ခုကို ဖန်တီးလိုက်တော့သည်။

” ငါသာ အောင်မြင်သွားမယ်ဆိုရင် အပြည့်အဝထိန်းချုပ်ခွင့် ရသွားမှာ။ မန္တန်အစီအရင်ကြီးကလည်း… ရင်းမြစ်ပစ္စည်းတွေနဲ့ အခုထက် ပိုကျယ်တဲ့ နေရာတစ်ခုကို လိုအပ်လာတော့မှာ။ အဲ့တာမလို့… လက်ရှိရှိနေပြီးသား မြို့တော်နယ်မြေထဲမှာ တည်ဆောက်ထားတဲ့ အခြေခံအဆောက်အဦတွေကို အမှီပြုပြီးတော့ နယ်မြေချဲ့ထွင်နိုင်ဖို့ ကြိုးစားရမယ် ”

” အဲ့တာမှ ချီအားဖြည့် ဝိညာဉ်မန္တန်အစီအရင်ရဲ့ အခြေခံအုတ်မြစ်တွေပေါ်မှာ ဝါးမျိုခြင်းသစ်စေ့ မန္တန်အစီအရင်ကို တပ်ဆင်နိုင်သွားမှာ ”

” ပြည်ထောင်စုကြီးကသာ ငါ့ရဲ့ အဆိုပြုချက်ကို ထောက်ခံလိုက်မယ်ဆိုရင် မန္တန်အစီအရင်ကြီးနဲ့ ကိုက်ညီမှုရှိဖို့အတွက် မြို့တော်နယ်မြေကြီးကို ဘယ်လောက်အထိ ထပ်ပြီးတော့ ချဲ့ထွင်ဖို့ လိုသလဲဆိုတာကို ငါက ဆုံးဖြတ်ခွင့်ရှိသွားမှာပဲ။ အဲ့တာဆိုရင် ငါက ဒီမြို့တော်နယ်မြေကြီးကို အဆပေါင်းများစွာ ထပ်ချဲ့ထွင်ပြီး အင်္ဂါဂြိုဟ်မြို့တော်အသစ်တစ်ခု ဖြစ်သွားတဲ့အထိ ပြောင်းလဲပစ်နိုင်စွမ်း ရှိသွားတော့မှာ ”

” ဟုတ်ပြီ။ ဒီအတိုင်း ဖြစ်ကိုဖြစ်လာစေရမယ်။ ဒါ ငါ့ရဲ့ အခွင့်အရေးကြီးပဲ။ မန္တန်အစီအရင်ကိုသာ အောင်အောင်မြင်မြင် တပ်ဆင်နိုင်မယ်ဆိုရင် မြို့တော်နယ်မြေတစ်ခုကို တကယ့်မြို့တော်အစစ်တစ်ခု ဖြစ်သွားတဲ့အထိ ပြောင်းလဲဖြစ်နိုင်မယ့် အခွင့်အရေးတစ်ခု ပေါ်လာမှာပဲ ” ဝမ်ပေါင်လဲ့မှာ ခေါင်းတစ်ခေါင်းလုံး မူးနောက်နေပြီဖြစ်သည်။ သူ၏ အကြံအစည်မှာ အလွန်အင်မတန်မှ ရဲတင်းလွန်းနေပါသော်လည်း အကယ်၍ သူသာ အောင်မြင်သွားမည်ဆိုပါက ဤ မြို့တော်နယ်မြေအသစ်ကြီးမှာ မြို့တော်အသစ်တစ်ခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုအခါ သူသည် ယခင်တုန်းက ရာထူးတက်ရန် အလားအလာ လုံးဝမရှိတော့သည့် အနေအထားမှ ချက်ချင်းပင် ရာထူးတက်သွားမည်လည်း ဖြစ်သည်။ သူသည် ပဏာမအဆင့်လေးအရာရှိတစ်ယောက် မဟုတ်တော့ဘဲ ပဏာမအဆင့်သုံးအရာရှိအဆင့်အထိ ရာထူးတက်သွားမည်မှာ အသေအချာပင်။

ပြည်ထောင်စုကြီးမှာ မြို့တော်နယ်မြေတစ်ခုက မြို့တော်အစစ်တစ်ခုကဲ့သို့ အရွယ်အစား ကြီးမားနေသည်ကို လက်ခံနိုင်မည်မဟုတ်ပေ။ ထိုသို့သာ ဖြစ်နေပါက လက်ရှိအသုံးပြုနေသည့် အုပ်ချုပ်ရေးစနစ်များနှင့် ဖွဲ့စည်းပုံဥပဒေများမှာ ကမောက်ကမ ဖြစ်သွားကြမည်သာ ဖြစ်သည်။ ထို့ကြောင့် ထိုအဆင့်အထိ ရောက်သွားမည်ဆိုပါက ထိုမြို့တော်နယ်မြေအား မြို့တော်တစ်ခုအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ရမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုမြို့တော်အား တည်ဆောက်ရာ၌ အဓိကသော့ချက်တစ်ခုဖြစ်၏။ သူသည် ထိုအဆိုပြုချက်ကို တင်သွင်းမည့်လူ မဟုတ်ပါလော။ ထို့ကြောင့် သူသည် အတိုင်းအတာတစ်ခုအထိ အစားထိုး၍မရသောအဆင့်သို့ ရောက်ရှိသွားမည်သာဖြစ်သည်။ ထို့အပြင် နောက်ထပ်အရေးကြီးသည့်အချက်မှာ ပြည်ထောင်စုကြီးမှာ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးထဲရှိ နံရံကြီးအား အမြန်ဆုံးနည်းဖြင့် ဖြိုချရင် လိုအပ်နေခြင်းဖြစ်သည်။ သူ၏ ယူဆချက်မှာ မှန်ကန်နေပြီး အမှန်တကယ် လက်တွေ့အသုံးချနိုင်မည်ဆိုပါက သူသည် ခက်ခက်ခဲခဲ ကြိုးစားအားထုတ်နေစရာမလိုပဲ ပဏာမအဆင့်သုံး အရာရှိတစ်ယောက်အဖြစ်သို့ ရာထူးတိုးသွားနိုင်ခြေ အများကြီးရှိပေသည်။

” အဲ့တာမလို့ ငါ ပိုင်နက်တွေအများကြီး ပိုင်ဆိုင်ထားလေလေ ပိုပြီးတော့ အစွမ်းထက်လာလေလေ ဖြစ်နေတော့မှာပဲ ” ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရပြီဖြစ်သည်။ သူသည် အလွန်အင်မတန်မှ လိမ္မါပါးနပ်နေသည်ဟု သူ့ကိုယ်သူ မှတ်ယူမိလိုက်၏။ သူသည် လက်ဖျားခါလောက်ပြီး ရူးသွပ်ဖွယ်ရာကောင်းသည့် အကြံအစည်ကြီးတစ်ခုကို စဉ်းစားတွေးတောနိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ဝိညာဉ်ရေခဲရေတစ်ဘူးအား စိတ်လှုပ်တရှားနှင့် လှမ်းယူလိုက်ပြီး တစ်ဝကြီး မော့သောက်လိုက်၏။ ထို့နောက် သူ၏ နှလုံးသားထဲမှ မီးတောက်ကြီးမှာ ပို၍ပင် တောက်ပစွာ တောက်လောင်လာတော့သည်။

” လောလောဆယ်တော့ ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပြောပြမထားတာ ကောင်းတယ်။ ဝါးမျိုခြင်းသစ်စေ့ကို ရိုးရှင်းအောင် လုပ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ပညာရပ်ကို မန္တန်အစီအရင်ကြီး တစ်ခုဖြစ်သွားအောင် ပြောင်းလဲနိုင်ဖို့က… ” ဝမ်ပေါင်လဲ့မှာ သူ ရွေးချယ်နိုင်မည့် နည်းလမ်းများကို စဉ်းစားရင်း ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ နောက်ဆုံးတွင် ကျောက်ယမုန့်နှင့် ကောင်းကင်တာအိုကျောင်းတို့၏ ပုံရိပ်နှစ်ခုမှာ သူ၏အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။

” ငါ ကျောက်ယမုန့်ကို အကူအညီ လှမ်းတောင်းကြည့်မယ်။ ပြီးရင် ကောင်းကင်တာအိုကျောင်းက ဂိုဏ်းချုပ်ကြီးဆီကိုလည်း လှမ်းပြီးတော့ အကူအညီတောင်းထားလိုက်မယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ သူ၏ အသံလွှင့်လက်စွပ်ကို ချက်ချင်းဖွင့်လိုက်ပြီး ကျောက်ယမုန့်အား လှမ်း၍ဆက်သွယ်လိုက်တော့သည်။

ကျောက်ယမုန့်မှာ ကမ္ဘာပေါ်ရှိ ပြည်ထောင်စုမြို့တော်ထဲတွင် တာဝန်ကျနေ၏။ လက်ရှိတွင် သူမသည် သူမ၏ ရုံခန်းထဲ၌ ထိုင်နေသည်။ သူမသည် ချောမောလှပပြီး ဂုဏ်ကျက်သရေရှိသော အမျိုးသမီးတစ်ယောက် ဖြစ်သောကြောင့် ရုံးစထိုင်ခဲ့သည့် အချိန်ကတည်းက အမျိုးသား ကျင့်ကြံသူပေါင်း မြောက်မြားစွာ၏ ချစ်ခင်မြတ်နိုးခြင်းကို ခံခဲ့ရသည်။ သို့သော် သူမ၏ ဆန့်ကျင်ဘက်လိင်များမှာ သူမ၏ရှေ့သို့ ရောက်လာသည့်အချိန်တိုင်း သူမ၏ အငွေ့အသက်များကြောင့် သိမ်ငယ်စိတ်များ အလိုလို ဝင်သွားရသည်သာ ဖြစ်သည်။

ယခုတွင် သူမ၏ရှေ့၌ အတော်အသင့်ကြည့်ကောင်းသော လူငယ်တစ်ယောက် ရှိနေပြီး ထိုလူငယ်လေးမှာ မြတ်နိုးမှုအရိပ်အယောင်များ ထင်ဟပ်နေသည့် မျက်ဝန်များဖြင့် တိုးတိုးလေး ဆိုလိုက်၏။

” ဝန်ကြီးကျောက်။ ကျနော်တို့ဌာနက ဒီနေ့ည ပါတီပွဲတစ်ခု ကျင်းပမှာ။ အဲ့တာ ဝန်ကြီးများ လာချင်… ”

သူ စကားမဆုံးနိုင်ခင်မှာပင် ကျောက်ယမုန့်မှာ ခေါင်းမော့လာပြီး သူ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်သည်။ သူမ၏ အကြည့်ကြောင့် ထိုလူငယ်လေးမှာ ချွေးဖြိုင်ဖြိုင် ကျလာရတော့သည်။ ထို့နောက် သူသည် ရင်တထိတ်ထိတ်နှင့် ကိုးရိုးကားရားဖြစ်သွားရပြီး စကားများ ထစ်သွားရသောကြောင့် စကားဆုံးအောင် မပြောနိုင်တော့ပေ။ ထို့‌ကြောင့် သူသည် နှုတ်ဆိတ်ကာ ထွက်ခွာသွားရတော့သည်။

သူ ထွက်ခွာသွားပြီးနောက် ကျောက်ယမုန့်မှာ ခေါင်းပြန်ငုံ့သွားပြီး သူမ၏ စာရွက်စာတမ်းများကို ဆက်လက်ဖတ်ရှုနေလိုက်၏။ ထိုအချိန်တွင် သူမ၏ အသံလွှင့်လက်စွပ်မှာ တုန်ရီသွားပြီး ဝမ်ပေါင်လဲ့၏ စကားသံ အကျယ်ကြီး ထွက်ပေါ်လာတော့သည်။

” ယမုန့်ရေ။ ငါ့ကို လွမ်းနေပီလား။ လာပါ။ အာကာသာကြီးကို ဖြတ်ပြီးတော့ ကမ္ဘာကနေ အင်္ဂါဂြိုဟ်အထိ လှမ်းဖက်လိုက်ရအောင် “

Comment

  1. Lamin says:

    👍👍👍👍👍👍👍👍

Leave a Reply

Options

not work with dark mode
Reset