Switch Mode

အခန်း (၃၇၈)

အမှတ်တိုးခြင်းနှင့် အမှတ်လျော့ခြင်း

ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများ ထွက်ပြေးရန်ပြင်လိုက်စဉ်မှာပင် လှိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲမှ အော်ဟစ်မြည်တမ်းသံကြီးတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။

၎င်းမှာ မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းကာ နားစည်များပင် ကွဲအက်သွားစေနိုင်လောက်အောင် ကျယ်လောက်နေသောကြောင့် သူတို့အားလုံးမှာ လိပ်ပြာလွင့်လုမတတ် တုန်လှုပ်ချောက်ချားသွားရ၏။ လူတိုင်း၏ ပါးစပ်များထဲမှ သွေးများစီးကျလာကြပြီး ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်သုံးခုမှာလည်း ယိမ်းထိုးလှုပ်ရှားကာ မတည်မငြိမ် ဖြစ်လာကြပြီး မီးငြိမ်သွားတော့မည့်ဆဲဆဲ အနေအထားသို့ ရောက်သွားကြ၏။

သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ လှိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲမှ တွန့်လိမ်ကောက်ကွေးနေသည့် အကြည်ရောင် ဧရာမ လက်ကြီးတစ်ဖက်မှာ ဆန့်ထွက်လာနေသည်ကို ခပ်ရေးရေးခန့် လှမ်းမြင်လိုက်ရသလို ခံစားလိုက်ရ၏။ ၎င်းမှာ အဆုံးမရှိလောက်အောင် ဆန့်တန်းလာပြီး ဝမ်ပေါင်လဲ့အား လှမ်း၍ဖမ်းဆုပ်ရန် ကြိုးပမ်းနေသည့်ပုံပင်။

” အမှောင်ကလေးငယ် …. ” ထိုအသံကြီးမှာ ထပ်၍ ထွက်ပေါ်လာပြီး လှိုဏ်ခေါင်းထဲ၌ ပဲ့တင်ထပ်သွားသောကြောင့် ဝမ်ပေါင်လဲ့မှာ ကြောက်ရွံ့တုန်လှုပ်ကာ မျက်နှာတစ်ခုလုံး ဖြူဆုတ်သွားရ၏။ ထို့နောက် သူသည် ဒေါသတကြီးနှင့် ပြန်၍ အော်ဟစ်လိုက်၏။

” ဘာလို့ အော်နေရတာလဲဟ ” ဝမ်ပေါင်လဲ့မှာ ဦးခေါင်းခွံတစ်ခုလုံး ပေါက်ကွဲလုမတတ် ခံစားနေရပြီ ဖြစ်သည်။ သူနှင့် သူ၏ပတ်ပတ်လည်ရှိ လူများမှာ လှိုဏ်ခေါင်းကြီး၏ အဝဆီသို့ သွေးရူးသွေးတန်းနှင့် ပြေးသွားကြပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ ထိုဧရာမ လက်ကြီးမှာ မြန်ဆန်လွန်းနေ၏။ ၎င်းမှာ မကြာသေးမီတုန်းက ခပ်လှမ်းလှမ်းတွင်သာ ‌ရှိနေခဲ့ပါသော်လည်း ခဏအကြာတွင် ဝမ်ပေါင်လဲ့နှင့် ကိုက်တစ်ရာအကွာသို့ ရောက်လာပြီဖြစ်သည်။

၎င်း ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်ရှိ လှိုဏ်ခေါင်းနံရံများမှာ ရေခဲများအဖြစ် အေးခဲသွားကြ၏။ ထိုဧရာမလက်ကြီးနှင့်အတူ တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာပြီး နေရာအနှံ့၌ ရေခဲများ ဖုံးလွှမ်းသွားသည်သာ ဖြစ်သည်။

၎င်းမှာ သူ့ဆီသို့ ချဉ်းကပ်လာနေပြီဖြစ်ပြီး သူ့အား လိုက်မီတော့မည် ဖြစ်သည်…

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရပြီး ဂါထာတော်အား အသံတိတ် ရွတ်ဖတ်ကာ ပြန်လည်တုံ့ပြန်ရန် ပြင်လိုက်၏။ ထိုအချိန်တွင် သူတို့မှာ သူတို့၏ ဦးခေါင်းအထက်မှ နှာမှုတ်သံတစ်သံကို ကြားလိုက်ရ၏။ ထိုအသံမှာ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့နောက် လူရိပ်သုံးခုမှာ လျှပ်စီးတန်းများကဲ့သို့ ထိုလူအုပ်ကြီးပေါ်မှ ခုန်ပျံကျော်လွှားသွားကြပြီး သူတို့၏ နောက်ဘက်နှင့် သူတို့အား လှမ်း၍ဖမ်းဆုပ်ရန် ပြင်နေသည့် ဧရာမလက်ကြီး၏ ရှေ့၌ ပေါ်ပေါက်လာကြ၏။

သူတို့မှာ အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံ၊ ဧရာမသစ်ပင်ကြီးနှင့် စစ်တပ်တူညီဝတ်ဆုံတစ်ခုကို ဆင်မြန်ထားသည့် အနီရောင်ဆံပင်နှင့် အဘိုးကြီးတစ်ယောက်တို့ ဖြစ်ကြသည်။ သူတို့သုံးယောက်စလုံးမှာ အမြုတေထိပ်ဆုံးအဆင့်၌ ရှိနေကြ၏။ ထိုအချိန်တွင် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ‌ပေါက်ကွဲထွက်ပေါ်လာကြပြီး သူတို့မှာ အတူတကွ ပူးပေါင်းကာ ဧရာမလက်ကြီးအား ထိပ်တိုက်ရင်ဆိုင်လိုက်ကြ၏။

ထို့ကြောင့် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ၎င်းမှာ နားစည်များပင် ကွဲအက်သွားစေနိုင်လောက်အောင် ကျယ်လောင်နေသည်။ ထို့နောက် ဧရာမသစ်ပင်ကြီးနှင့် အဘိုးကြီးတို့မှာ အသံမထွက်အောင် ညည်းလိုက်ကြပြီး နောက်သို့ အလျင်စလို ဆုတ်ခွာသွားကြ၏။ ဘုရင်ခံတစ်ယောက်သာ မားမားမတ်မတ်နှင့် ကျန်ရစ်ခဲ့ပြီး သူမ၏ ညာဘက်လက်အား ‌‌မြှောက်လိုက်၏။ ထိုအခါ စစ်ပွဲသုံး ဧရာမတူကြီးတစ်လက်မှာ သူမ၏လက်ထဲ၌ ချက်ချင်းပင် ပေါ်ပေါက်လာတော့သည်။ ထိုတူကြီး ပေါ်လာသည်နှင့် ၎င်း၏ အငွေ့အသက်ကြီးကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားရ၏။ ထို့နောက် နတ်ဘုရားလက်နက်မှတစ်ပါး အခြားလက်နက်အားလုံးထက် သာလွန်သည့် ပြင်းအားကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ … နဝမအဆင့် ဓမ္မလက်နက်တစ်ခုပင် ဖြစ်သည်။

၎င်းမှာ တစ်ချက်တည်းနှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အား ကြေမွသွားအောင် လုပ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ထို့ကြောင့် ဧရာမ လက်ကြီးမှာ အပြင်းအထန် တုန်ရီသွားရပြီး ချက်ချင်းပင် တစ်စစီ ကြေမွပျက်စီးသွားရတော့သည်။ ထို့နောက် အော်ဟစ်သံကြီး တစ်ခုတည်းသာ လှိုဏ်ခေါင်းထဲ၌ ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့တော့သည်။ ထိုအသံထဲ၌ မုန်းတီးမှုများနှင့် အာဃာဂများဖြင့် ပြည့်နှက်နေပြီး အမျက်ဒေါသများ ကိန်းအောင်နေသည်ဟုပင် ထင်ရသည်။

” သွားတော့ ” ဘုရင်ခံ၏ မျက်နှာအမူအရာမှာ တည်ကြည်လွန်းနေ၏။ သူမသည် ထို တိုက်ကွက်တစ်ကွက်အား ထုတ်သုံးလိုက်ပြီးနောက် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွား၏။ ထို့နောက် သူမသည် သူမ၏ အင်္ကျီလက်အား ဝှေ့ယမ်းလိုက်ပြီး ဧရာမသစ်ပင်ကြီးနှင့် စစ်တပ်မှ အဘိုးကြီးတို့နှင့် ပူးပေါင်းကာ ဝမ်ပေါင်လဲ့နှင့် ကျင့်ကြံသူ တစ်သောင်းကျော်အား ကာကွယ်ပေးရင်း နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြတော့သည်။

သူတို့၏ အပြန်ခရီးမှာ ချောမွေ့နေပြီး မည်သည့် အတားအဆီးနှင့်မှ မကြုံခဲ့ရပေ။ ထို့ကြောင့် သူတို့မှာ လှိုဏ်ခေါင်းဝဆီသို့ ချက်ချင်းပင်‌ ရောက်ရှိလာကြပြီး အပြင်သို့ ပြေးထွက်သွားကြတော့သည်။ သူတို့မှာ အပြင်ဘက်၌ ပြန်ပေါ်လာကြသောအခါ ဘုရင်ခံမှာ မန္တန်လက်ကွက်တစ်ခုကို အလျင်အမြန် ဖော်လိုက်၏။ ထိုအခါ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးပေါ်ရှိ အချုပ်အနှောင်ကြီးမှာ လည်ပတ်သွားပြီး လှိုဏ်ခေါင်းကြီးအား နောက်ထပ်တစ်ကြိမ်ထပ်၌ အလုံပိတ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ အပြင်ဘက်သို့ ထွက်ပြေးလွတ်မြောက်လာပြီးသည့်တိုင်အောင် ရင်ခုန်နှုန်းများ မြန်ဆန်နေရဆဲပင်။ သူသည် ဘုရင်ခံနှင့် သူမနှင့်အတူ ပါလာသော အပေါင်းအပါနှစ်ယောက်အား စိုက်ကြည့်နေမိတော့သည်။ ဘုရင်ခံမှာ သူ၏ အကြောင်းကြားစာအား ရရှိခဲ့ပြီးနောက် ချက်ချင်းပင် တည်နေရာပြောင်းရွှေ့ကာ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သူက သိထား၏။ အကယ်၍ သူမသာ ထိုကဲ့သို့ ရောက်ရှိမလာပါက ဤ ကယ်ဆယ်ရေးအဖွဲ့မှာ ကပ်ဘေးကြီးတစ်ခုနှင့် ကြုံလိုက်ရသကဲ့သို့ ဖြစ်သွားမည်မှာ အမှန်ပင်။

ခုန်းတောက်မှာ မိတ်ဆွေကျင့်ကြံသူများ၏ ကူညီထောက်ပံ့ပေးမှုဖြင့် ဆေးလုံးတစ်လုံးကို သောက်ထားသောကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိထားသည့်တိုင်အောင် သတိမေ့မြောသွားခြင်း မရှိပေ။ သူသည် ယခုအကြိမ်၌ ဆုံးဖြတ်ချက် မှားယွင်းခဲ့သည်ဖြစ်ပြီး သေမင်းခံတွင်းဝမှ ကတ်သီးလေး လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိထား၏။ အကယ်၍ ဝမ်ပေါင်လဲ့မှာ သူ့အား လာရောက်ကယ်ဆယ်ခြင်း မရှိပါက သူသည် လှိုဏ်ခေါင်းကြီးထဲ၌ သေဆုံးနေလောက်ပြီ ဖြစ်သည်။

ထို့ကြောင့် သူ၏ ရင်ထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရ၏။ သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေရင်း မည်သည့်စကား ပြောရမည်မှန်း မသိနိုင်လောက်အောင် ဖြစ်နေသောကြောင့် နှုတ်ဆိတ်နေလိုက်တော့သည်။

” ဝမ်ပေါင်လဲ့။ နင် တော်တော်တရားလွန်သွားပြီ ” ဘုရင်ခံမှာ လှိုဏ်ခေါင်းကြီးအား အလုံးပိတ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာ၏။ သူမ၏ မျက်ဝန်းများထဲတွင် ဒေါသထွက်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေပြီး သူမ၏ မျက်နှာအမူအရာမှာလည်း တင်းမာနေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်နှာရှုံ့မဲ့သွားရ၏။ထို့နောက် သူ စကားပြောရန် ပြင်လိုက်စဉ်တွင် ခုန်းတောက်မှာ အံကြိတ်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

” ဘုရင်ခံခဗျား။ ဒီကိစ္စရပ်ကြီးတစ်ခုလုံးက ကျနော် မဆင်မခြင်လုပ်မိလို့ ဖြစ်လာရတာပါ။ ဝမ်ပေါင်လဲ့နဲ့ ဘာမှမဆိုင်ပါဘူး ”

” တိတ်စမ်း။ အဲ့တော့ မင်းက မင်း အလောတကြီး လုပ်ခဲ့မှန်းတော့ သိသေးတယ်ပေါ့။ မင်း ဒီနေရာကို မလာခင်တုန်းက ငါမင်းကို ဘာပြောခဲ့လဲ ” စစ်တပ်တူညီဝတ်စုံတစ်ခုကို ဆင်မြန်းထားသည့် အနီရောင်ဆံပင်နှင့် အကြီးအကဲကြီးမှာ ဘုရင်ခံအား စကားပြောခွင့်ပင် မပေးဘဲ ဒေါသတကြီး အော်ငေါက်လိုက်၏။ သူသည် အင်္ဂါဂြိုဟ်စစ်တပ်၏ ပဏာမဘုန်းတော်ကြီးဖြစ်သောကြောင့် သွမ့်မုချွယ်နှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားသည်။ ခုန်းတောက် အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်နေရသည့် အကြောင်းအရင်းမှာ ထိုအကြီးအကဲကြီးနှင့် သွမ့်မုချွယ်တို့မှာ သူ မွေးကင်းစကလေးအရွယ်၌သာ ရှိနေခဲ့စဉ်တုန်းက သူ့အား သားရဲပင်လယ်ထဲ၌ ရှာတွေ့ခဲ့သောကြောင့်ဖြစ်သည်။

ခုန်းတောက်မှာ ထိုအကြီးအကဲကြီးအတွက် အလွန်အင်မတန်မှ အရေးပါ၏။ ထို့ကြောင့် ခုန်းတောက် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ကြားသိလိုက်ရသောအခါတွင် သူသည် တံခါးပိတ်လေ့ကျင့်နေရာမှ ချက်ချင်းပင်ထွက်ခွာလာပြီး ကယ်ဆယ်ရေးအဖွဲ့ထဲသို့ ဝင်ရောက် ပူးပေါင်းလာခဲ့ခြင်းဖြစ်သည်။ ထိုအကြီးအကဲကြီးမှာ ခုန်းတောက်အား ဒေါသတကြီး ဆူပူကြိမ်းမောင်းနေစဉ် ဝမ်ပေါင်လဲ့အား တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်နေ၏။ သူ၏ ဝမ်ပေါင်လဲ့အား ကြည့်နေသော အကြည့်များမှာ ခုန်းတောက်နှင့် မတူဘဲ သဘောကျနှစ်သက်မှုများနှင့် ကျေးဇူးတင်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။

အကယ်၍ ဝမ်ပေါင်လဲ့သာ သူတို့ ရောက်ရှိလာမည့်အချိန်အထိ စောင့်ဆိုင်းနေခဲ့မည်ဆိုပါက ခုန်းတောက်မှာ သေနေလောက်ပြီဖြစ်ကြောင်း သူက သိထား၏။

ဝမ်ပေါင်လဲ့မှာမူ ထိုအကြီးအကဲကြီး၏ အကြည့်ကို သတိထားမိလိုက်သောအခါ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွား၏။ ဘုရင်ခံကမူ ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ်ထပ်၍ စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် ကျင့်သိုမင်နှင့် လင်းတျန်ဟောက်တို့အား ဆူပူကြိမ်းမောင်းလိုက်၏။ နောက်ဆုံးတွင် သူမသည် ယတိပြတ် ပြောဆိုလိုက်တော့သည်…

” ဒီလိုမျိုး နောက်တစ်ခါ လုံးဝထပ်မဖြစ်စေနဲ့ ”

ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါမှ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွားတော့သည်။ သူသည် စကြဝဠာကြီး တစ်ခုလုံးထဲတွင် မည်သည့်အရာကိုမှ ကြောက်ရွံ့ခြင်းမရှိပါသော်လည်း အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံကိုမူ ကြောက်ရွံ့နေရကြောင်း သိလိုက်၏။ သို့သော် သူသည် ထိုသို့ဖြစ်နေရသည့် အကြောင်းအရင်းကိုမူ နားမလည်နိုင်ပေ…

ထို့နောက် သူသည် ရှေ့သို့ အလောတကြီး လှမ်းလာပြီး ဘုရင်ခံအား ဖားယားနိုင်မည့် အကောင်းဆုံးနည်းလမ်းများကို တွေးတောနေချိန်တွင် သူမမှာ နှုတ်မှုတ်လိုက်၏။

” တော်လိုက်တော့။ ဘာမှ သနားကမား လုပ်နေပြမနေနဲ့။ ငါ ဒီကို ရောက်လာပြီဆိုမှတော့ မြို့တော်နယ်မြေအသစ်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းက ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတာ တစ်ခါတည်း ကြည့်သွားလိုက်မယ်။ တစ်ခုခုလွဲနေတာ တွေ့လို့ကတော့ နင် အပြစ်ပေးခံရမယ်မှတ် ”

” စိတ်မပူပါနဲ့ ဘုရင်ခံခဗျား။ ကျနော်က တခြားကိစ္စတွေနဲ့ ပတ်သက်လာရင် အာမမခံရဲပေမဲ့ မြို့တော်နယ်မြေအသစ်ကတော့ စီစဉ်ထားတဲ့အတိုင်း တစ်ပုံစံတည်း ရှိနေတယ်လို့ ပြောရဲပါတယ်။ ကျနော်မျိုးက လွန်ခဲ့တဲ့ ခြောက်လလုံးလုံး အစားပျက် အအိပ်ပျက်ခံပြီးတော့…. ” ဝမ်ပေါင်လဲ့မှာ ရင်ဘတ်ကို လက်ဖြင့်ထုကာ သူ၏စွမ်းဆောင်မှုများကို ချက်ချင်းပင်ထုတ်ပြောလိုက်ပါသော်လည်း ဘုရင်ခံမှာ သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သောကြောင့် သူ၏ ပုံကြီးချဲ့ပြောဆိုနေသော စကားများကို ရပ်တန့်လိုက်ရ၏။ ထို့နောက် သူမမှာ စကားတစ်ခွန်းမှ မပြောဘဲ ရှေ့သို့လျှောက်လှမ်းသွားပြီး စတင် ကြည့်ရှုစစ်ဆေးနေလိုက်တော့သည်။

ဘုရင်ခံ၏ စစ်ဆေးမှုမှာ စေ့စပ်တိကျမှုရှိပြီး လုံးဝနှေးကွေးနေခြင်းမရှိပေ။ သူမ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် သူမသည် တစ်ချက်မျှ ကြည့်လိုက်ရုံနှင့် အပြစ်အနာအဆာများကို ချက်ချင်းပင် မြင်လိုက်ရသည်သာဖြစ်သည်။ ထို့ကြောင့်တစ်နာရီအတွင်းတွင် ဘုရင်ခံမှာ ပြဿနာအချို့ကို ရှာတွေ့လိုက်သဖြင့် ဝမ်ပေါင်လဲ့အား ၎င်းတို့ကို ဖြေရှင်းရန် ညွှန်ကြားလိုက်ပြီး သူမ၏ စစ်ဆေးမှုကို အဆုံးသတ်ကာ ထွက်ခွာသွားတော့သည်။

သူမသည် ထိုကဲ့သို့စစ်ဆေးနေခဲ့သည့် တစ်ချိန်လုံးတွင် လီယီအား တစ်ချက်လေးပင် မကြည့်ခဲ့သလို စကားတခွန်းမှလည်း မပြောခဲ့သောကြောင့် သူမအား လုံးဝလျစ်လျူရှုထားခဲ့သည်ပုံ ပေါက်နေ၏။ ထို့ကြောင့် ချီးကျူးခံရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော လီယီမှာ ဆွံ့အသွားရ၏။

အနီရောင်ဆံပင်နှင့် အကြီးအကဲကြီးမှာလည်း ထိုနည်းတူပင်။ သူသည် ခုန်းတောက်အား ခက်ထန်တင်းမာစွာ ပြောဆိုဆက်ဆံနေပါသော်လည်း ဝမ်ပေါင်လဲ့၊ လင်းတျန်ဟောက်နှင့် ကျင့်သိုမင်တို့ကိုမူ သဘောကျနှစ်သက်နေကြောင်း သိမြင်နိုင်ပေသည်။ သူသည် ပြုံးကာ ထိုသုံးယောက်အား ဖော်ဖော်ရွေရွေ ပြောဆိုဆက်ဆံနေ၏။ သို့သော် သူသည်လည်း လီယီအား လျစ်လျူရှုခဲ့ပေသည်။ ထို့နောက် သူ ထွက်မသွားခင်တွင် သူမအား အချိန်အကြာကြီး အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် နှာမှုတ်လိုက်၏။

ထို့ကြောင့် လီယီမှာ စိုးထိတ်လာရပြီး မနေနိုင်တော့ဘဲ ဧရာမသစ်ပင်ကြီးအား ခိုးကြည့်မိလိုက်၏။ သို့သော် သူသည် နှုတ်ဆိတ်နေဆဲပင်။ ထို့နောက် သူတို့ ထွက်ခွာမသွားခင်တွင် သူသည် သက်ပြင်းချလိုက်ပြီး အဓိပ္ပါယ်လေးနက်သော မျက်ဝန်းများဖြင့် လီယီအား စိုက်ကြည့်နေလိုက်၏။ သူ၏ အသိစိတ်ထဲ၌ အတိအကျ ထုတ်ဖော်ပြရန် မလွယ်ကူသော အတွေးများဖြင့် ပြည့်နှက်နေရပြီဖြစ်သည်။ သူသည်း အနည်းငယ်ခန့် နောင်တရနေရသလို ဆွံ့အမှင်တက်မိနေတော့သည်။

သူ ထိုနေရာသို့ စတင်ရောက်ရှိလာခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့နှင့် အခြားသူများမှာ လှိုဏ်ခေါင်းကြီးထဲသို့ ဝင်သွားခဲ့ပြီး လီယီမှာ အပြင်ဘက်၌ တစ်ယောက်တည်း ကျန်ရစ်နေခဲ့သည်ကို မြင်လိုက်ရသဖြင့် လီယီမှာ အမှားကြီးတစ်ခုကို ကျူးလွန်မိသွားပြီဖြစ်ကြောင်း ချက်ချင်းပင် သိလိုက်၏။

အကယ်၍ ခိုင်းနှိုင်းယှဉ်ပြစရာ အခြေခံအကြောင်းအရင်းတစ်ခုရှိမနေပါက ကိစ္စမရှိပါသော်လည်း ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့၏ကြားမှ ဆက်ဆံရေးမှာ တင်းမာနေသည်ဖြစ်ကြောင်း လူတိုင်းက သိရှိထားကြသည်မဟုတ်ပါလော။ သို့သော် ထိုကဲ့သို့ တင်းမာမှုများရှိနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ကယ်ဆယ်ရေးလုပ်ငန်းတစ်ခုကို ချက်ချင်းဆောင်ရွက်နိုင်ရန်အတွက် သူ၏ အသက်ကို စွန့်စားခဲ့သည်ဖြစ်သည်။

သူသည် စိတ်လိုက်မာန်ပါ ပြုမူခဲ့ခြင်းဖြစ်ကြောင်း ဆိုနိုင်ပါသော်လည်း သူတို့အားလုံးမှာ လူငယ်များသာ ဖြစ်ကြသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ထိုကဲ့သို့ စိတ်ဆန္ဒပြင်းပြစွာနှင့် စိတ်လိုက်မာန်ပါ ပြုမူတတ်ရန် အနည်းငယ်ခန့် လိုအပ်ပေသည်။ သူ၏ လုပ်ရပ်များမှာ သင့်တော်မှုရှိသည်ဟု မဆိုနိုင်ပါသော်လည်း သူ၏ အကျင့်စရိုက်ကြောင့် လူများမှာ သူတို့၏ စိတ်နှလုံးထဲ၌ သူ့အား အမှတ်တိုးပေးလိုက်ကြပြီ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ လီယီမှာ မည်ကဲ့သို့သော အကြောင်းပြချက်များ ရှိနေစေကာမူ သူတို့နောက်သို့ လိုက်မသွားရန် ဆုံးဖြတ်ခဲ့သည်မဟုတ်ပါလော။ ကိစ္စကြီးတစ်ခုလုံးကို ခြုံငုံသုံးသပ်လိုက်မည်ဆိုပါက သူမသည် မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်ဟု ထင်ရပေသည်။ သို့သော် လက်တွေ့တွင်မူ သူမ၏ လုပ်ရပ်မှာ မှားယွင်းမှု မရှိသည့်တိုင်အောင် လူများ၏ စိတ်နှလုံးထဲ၌ အမှတ်လျော့သွားခဲ့ပြီဖြစ်သည်။ အမှန်အတိုင်း ဆိုရမည်ဆိုလျှင် သူမသည် အမှတ်အနည်းငယ်ခန့်သာ ဆုံးရှုံးလိုက်ရခြင်းမဟုတ်ပေ….

ပြည်ထောင်စုကြီးထဲရှိ နိုင်ငံရေးပြဇာတ်ခုံပေါ်တွင် မိမိ၏ အကျင့်စရိုက်မှာ အလွန်အင်မတန်မှ အရေးပါ၏။ အခြားသူများ၏ မိမိအပေါ် ထားရှိသော ထင်မြင်ယူဆချက်များမှာလည်း အလားတူပင် အရေးပါသည် ဖြစ်သည်။ ထို့ကြောင့် မိမိ၏ အကျင့်စရိုက်ဖြင့် လူများ၏ နှလုံးသားများကို လှုပ်ခတ်သွားအောင် လုပ်နိုင်ရန် အရေးကြီးပေသည်။

အထူးသဖြင့် ခုန်းတောက်မှာ တမူထူးခြားသော ရာထူးအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။

လီယီမှာ ဧရာမသစ်ပင်ကြီး၏ အကြည့်ကြောင့် အသားများ စတင်တုန်ရီလာရပြီး တဖြည်းဖြည်းနှင့် မျက်နှာကြီး ဖြူဆုတ်လာရတော့သည်။ ထို့နောက် သူမသည် အသိပြန်ဝင်လာသဖြင့် ခုန်းတောက်အား ခိုးကြည့်လိုက်၏။ ထိုအခါ ခုန်းတောက်မှာ ဝမ်ပေါင်လဲ့အား ခံစားချက်များ ‌ရောယှက်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရတော့သည်။

ကျင့်သိုမင်ပင်လျှင် စိတ်ထဲ၌ ခေါင်းယမ်းနေမိတော့သည်။ သူသည် လီယီမှာ သူမ၏ အာဟာရဓာတ်များအားလုံးကို သူမ၏ ခန္ဓာကိုယ်တစ်ခုတည်းဆီသို့သာ ပေးပို့ထားသောကြောင့် သူမ၏ ဦးနှောက်မှာ မဖွံ့ဖြိုးဘဲ ကျန်ရစ်နေခဲ့ခြင်း ဖြစ်နေမည်လောဟု တွေးနေမိတော့သည်။

ဘုရင်ခံနှင့် အပေါင်းအပါနှစ်ယောက် ထွက်ခွာသွားပြီးနောက် အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည့်ပုံ ပေါက်သွား၏။ သို့သော် လီယီမှာ သူမကို ဝိုင်းပယ်ထားကြပြီဖြစ်ကြောင်း ခံစားနေရပြီဖြစ်သည်…. ခုန်းတောက်မှာ စကားတစ်ခွန်းမှ မပြောပါသော်လည်း သူ၏ လက်အောက်တွင်ရှိသော စစ်တပ်မှ ကျင့်ကြံသူများမှာ သူမအား ဝမ်ပေါင်လဲ့နှင့် မတူလောက်အောင် အေးတိအေးစက် ဆက်ဆံနေကြပြီဖြစ်သည်။

လင်းတျန်ဟောက်မှာမူ နဂိုကတည်းက သူမအား ထိုကဲ့သို့ ဆက်ဆံခဲ့သည်သာဖြစ်သည်။ သို့သော် ကျင့်သိုမင်ကမူ သူမအပေါ် ယခင်ကလောက် လိုချင်တပ်မက်နေခြင်း မရှိတော့ပေ…

” ဝမ်ပေါင်လဲ့။ နင် တမင်သက်သက် ဒီလိုလုပ်တာပဲ ဖြစ်ရမယ် ” လီယီမှာ သုန်မှုန်နေသောမျက်နှာထားဖြင့် သူမ၏ အိမ်ရာဆီသို့ ပြန်သွားလိုက်၏။ သူမသည် အံတကြိတ်ကြိတ် ဖြစ်နေရပြီး သူမ၏ မျက်ဝန်းများထဲ၌ မုန်းတီးမှုများနှင့် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေတော့သည်။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့အား ရှင်းထုတ်ကာ သူ၏နေရာကို အပိုင်သိမ်းမည်ဟု စိတ်ထဲ၌ ကြိမ်းဝါလိုက်၏။

လီယီမှာ ထိုကဲ့သို့ ကြိမ်းဝါးနေစဉ် ဝမ်ပေါင်လဲ့မှာ သူ၏ အိမ်ရာသို့ ပြန်ရောက်သွားပြီးဖြစ်သည်။ ထိုအခါမှ သူသည် စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်ပြီး သူ၏မျက်ဝန်းများထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပလာ၏။ သူသည် လှိုဏ်ခေါင်းကြီးထဲ၌ ဖြစ်ပျက်သွားခဲ့သည့် ကိစ္စရပ်များကို ပြန်လည်တွေးတောကြည့်လိုက်သည်။ သူ၏ ဝါးမျိုခြင်းသစ်စေ့၏ စုပ်ယူမှုကြောင့် ထို အချိန်တိုလေးအတွင်းတွင် သူ၏ ကျင့်ကြံချက်အဆင့်မှာ သိသိသာသာ ထိုးတက်သွားခဲ့၏။

ထို့ကြောင့် သူသည် သူကိုယ်သူ မချုပ်တည်းနိုင်လောက်အောင် ဖြစ်နေရတော့သည်။ သူသည် စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ ခြင်အများစုမှာ ခုန်းတောက်အား ကယ်တင်ခဲ့ပြီးနောက် သေကျေပျက်စီးသွားကြပြီ ဖြစ်ကြောင်း သိလိုက်ရ၏။ ခြင်နှစ်ကောင်သာ အသက်ရှင်လျက် ကျန်ရှိတော့သည်ဖြစ်ပြီး ၎င်းတို့မှာ လက်ရှိတွင် ထိုလှိုဏ်ခေါင်းကြီးထဲ၌ ရှိနေကြသည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုခြင်နှစ်ကောင်၏ အမြင်အာရုံမှတစ်ဆင့် လှိုဏ်ခေါင်းကြီးထဲမှ ရေခဲလွှာများ လျင်မြန်စွာ လွင့်ပါးပျောက်ကွယ်သွားနေသည်ကို မြင်လိုက်ရ၏။ အရာအားလုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီးနောက် သူသည် ထိုခြင်နှစ်ကောင်ကို ခက်ခက်ခဲခဲနှင့် ထိန်းချုပ်လိုက်ပြီး လှိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲသို့ ပျံသန်းသွားစေလိုက်၏။ ထို့နောက် ၎င်းတို့မှာ တဖြည်းဖြည်းနှင့် နံရံကြီးရှိနေသည့် လှိုဏ်ခေါင်းကြီး၏ အဆုံးသို့ ရောက်သွားကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset