နေ့ရက်များ တရွေ့ရွေ့ကုန်ဆုံးသွားလေပြီ။ ပိုင်ရှောင်ချန်းသည် အခန်းပြင်သို့ တစ်ဖဝါးမှမခွာဘဲ တရားထိုင်လျက်ရှိသည်။ ဆယ်ရက်ကြာသောအခါ ဂိုဏ်းတစ်ခုလုံးကို ခေါင်းလောင်းသံများက လွှမ်းခြုံသွားပြီး ရှောင်ချန်း၏ ကျောက်စိမ်းပေလွှာ မှာလည်း တုန်ခါလာတော့သည်။
တောင်ပိုင်းနှင့် မြောက်ပိုင်းမှ လက်ရွေးစင်များ၏ တိုက်ပွဲများ မကြာခင် စတင်တော့မည်။
နှစ်သုံးဆယ်ကြာလျှင် တစ်ကြိမ်ကျင်းပမြဲ ဖြစ်သည့် ထိုတိုက်ပွဲများကို ထုံးစံအတိုင်း တာအိုသစ်စေ့တောင်တွင် ကျင်းပမည်ဖြစ်သည်။ ဂိုဏ်းတစ်ခုလုံးပေါ်သို့ ခေါင်းလောင်းသံများ အကြားအလပ်မရှိ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော အပြင်စည်းဂိုဏ်းသားများက ထိုတောင်ဆီသို့ ရှေးရှူ သွားကြကုန်သည်။
သာမန်အားဖြင့် တောင်ပိုင်းနှင့်မြောက်ပိုင်းသည် ပတ်ပတ်သက်သက် သိပ်မရှိကြချေ။ အဘယ့်ကြောင့်ဆိုသော် အတွင်းစည်းဂိုဏ်းသားများသာ တောင်ဘက်နှင့် မြောက်ဘက်ကိုသွားခွင့်ရှိသောကြောင့်ဖြစ်သည်။ ယခုတိုက်ပွဲအတွင်း၌မူ တာအိုသစ်စေ့တောင်ကို ဖွင့်ထားပြီဖြစ်၍ တောင်ပိုင်းနှင့် မြောက်ပိုင်းမှ အပြင်စည်းဂိုဏ်းသားများက လက်ရွေးစင်များ တိုက်ပွဲကို အပြေးအလွှားလာရောက်ကြည့်ရှူကြလေသည်။
“ဒီနေ့က ငါတို့တောင်ပိုင်းရဲ့တချိန်တုံးက အရှက်ရစရာတွေကို ဆေးကြောပစ်မယ့် နေ့ပဲကွ”
“ငါတို့ တောင်ခြမ်းက ဘယ်လောက်တောင်မှ ဘုန်းတန်းခိုးကြီးတယ်ဆိုတာကို မြောက်ခြမ်းက ကောင်တွေ သိစေရမယ်”
တောင်ခြမ်းမှ အပြင်စည်းဂိုဏ်းသားမျ အလွန်စိတ်လှုပ်ရှားနေကြသည်။ တချိန်တည်းမှာပင် မြောက်ခြမ်းဂိုဏ်းသားများကလည်း ပြိုင်ပွဲသို့ လာရာလမ်းတစ်လျှောက်တွင် သူတို့ကိုယ် သူတို့ ဂုဏ်တင်မဆုံးဖြစ်နေကြသည်။
” တောင်ခြမ်းက နာလပိန်းတုံးတွေလေ။ နှစ်ထောင်ပေါင်းများစွာတည်းက သူတို့တောင်ခြမ်းက နိုင်တယ်ဆိုတာရှိဖူးလို့လား။ ဒီတစ်ခေါက်လည်း ထူးမခြားနားပဲ ဖြစ်မှာပဲ။”
“တောင်ခြမ်းက ကံစီမံရာအတိုင်း ရှုံးပေးရဦးမှာပဲ။ မြောက်ခြမ်းကို အားကျသွားရည်ယိုတဲ့အဖြစ်တွေ ဆက်ဖြစ်နေရဦးမှာပဲ”
မရေမတွက်နိုင်အောင်များပြားလှသည့် အပြင်စည်းဂိုဏ်းသားများ၏ တာအိုသစ်စေ့တောင်သို့ လာနေသည့် လမ်းကြောင်းတစ်လျှောက်တွင် စကားသံများကြောင့် ဆူညံလျက်ရှိသည်။ မြစိမ်းတောင်ပေါ်တွင် ရှမ်ကွမ်းထျန်ယုံသည် အေးစက်သော မျက်နှာသွင်ပြင်နှင့် လေကိုခွင်းသော ဓားမြောင်တွေအလား စူးရှစွာကြည့်လျက် မတ်တတ်ရပ်နေသည်။
ထိုစဥ် ခရမ်းဒယ်အိုးတောင်ပေါ်မှ လုထျန်းလဲ့သည် ကျောခိုင်းကာ ဟိန်းဟောက်လိုက်သည်နှင့်တပြိုင်နက် သူ့ပတ်ဝန်းကျင်တွင် လျှပ်စီးကြောင်းများက တဖျတ်ဖျတ် ကခုန်သကဲ့သို့ဖြစ်သွားရာ ဂိုဏ်းသားများက ဝိုင်းဝန်းချီးကျူးနေကြသည်။
ကျိုးရှင်းချီကလည်း လေဟုန်ခွင်း၍ ပျံသန်းထွက်ပေါ်လာသည်။ တောင်ခြမ်းမှ လက်ရွေးစင်သုံးယောက်၏ မျက်နှာတွင် စိတ်အားထက်သန်နေမှုများကို တွေ့မြင်နေရသည်။
ပိုင်ရှောင်ချန်းကမူ သူနေထိုင်ရာ ဂေဟာလေးအတွင်းမှာပင်ရှိနေသေးသည်။ သူ့မျက်ဝန်းများ နီရဲနေ၏။ ရှောင်ချန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
“အချိန်ကျပြီ။ သူရဲကောင်းက စစ်တိုက်ရင် စစ်ဝတ်စုံဝတ်ရတယ်”
ခြေလှမ်းကိုဖြည်းညင်းစွာလှမ်းကာ သူ့အိတ်ထဲက အပေါ်ရုံ လယ်သာအင်္ကျီရှစ်ထည်ကို ထုတ်လိုက်သည်။ ထိုဝတ်ရုံများသည် လောချိန်မျိုးနွယ်စုကို ခြေမှုန်းခဲ့စဥ်က ဝတ်ဆင်ခဲ့သော ဝတ်ရုံများဖြစ်သည်။ သို့သော်လည်း ထိုဝတ်ရုံများကို ပိုမို အရည်အသွေးကောင်းမွန်ပြီး ကြာရှည်ခိုင်အောင် အဆင့်မြှင့်တင်ခြင်း လုပ်ထားလေသည်။
သူသည် သုန်မှုန်နေသော မျက်နှာထားဖြင့် ဝတ်ရုံကိုဆင်မြန်းပြီးနောက်တွင် လက်ကိုဝှေ့ရမ်းလိုက်သည်။
“သူရဲကောင်းက တိုက်ပွဲမဝင်ခင် ချပ်ဝတ်တန်ဆာကို ဆင်ယင်ရတယ်”
ကြီးမားသော ဒယ်အိုးက ရှောင်ချန်းကိုင်ထားသော အိတ်ထဲမှ ပျံသန်းထွက်ပေါ်လာသည်။ ဖက်တီးကျန်းကြီး၏ ဒယ်အိုးကမူ လောချိန်မျိုးနွယ်စုများနှင့်တိုက်ခိုက်ခဲ့စဥ်တုန်းက ပျက်စီးသွားပြီဖြစ်သည်။ ယခုဒယ်အိုးသည် ထိုဒယ်အိုးအစားပြန်ရထားသော ဒယ်အိုးအသစ်တစ်လုံးဖြစ်သည်။ သူက အင်မတန် တည်ကြည်လေးနက်သောအမူအရာဖြင့် ထိုဒယ်အိုးကို နောက်ကျောတွင် လွယ်လိုက်လေသည်။
“သူရဲကောင်းက တိုက်ပွဲဝင်တော့မယ်ဆိုရင် မှော်လက်နက်ပစ္စည်းတွေ ရှိကိုရှိရတယ်”
ထိုစကားကိုနှုတ်ကပြောပြီးသည်နှင့် လက်ကိုဝှေ့ယမ်းလိုက်ရာ သစ်သားဓားမြှောင်လေးတစ်ခုက ပျံသန်းပေါ်ထွက်လာသည်။ ထိုဓားလေးကို ဘယ်ဘက်လက်တွင် လက်ပတ်ကြိုးဖြင့် သိုင်းထားလိုက်သည်။ နောက်ထွက်လာသည်ကတော့ ရွှေကျီးကန်းဓားဖြစ်လေသည်။ ထိုဓားကို ညာဘက်တွင် သိုင်းချည်ထားလိုက်သည်။ နောက်ထပ် ဓားရှည်သုံးချောင်းပေါ်ထွက်လာပြီး နောက်ကျောတွင် သိုင်းထားလိုက်သည်။ နောက်ဆုံးတွင်မူ နတ်ကြိုးကြာဒိုင်းကာကို သူ့နဖူးတွင် စီးလိုက်သည်။
သို့သော်လည်း သူသည် သက်တောင့်သက်သာမဖြစ်သေးသဖြင့် လီချင်းဟောက်ပေးထားသော လက်ပတ်ကို ပတ်လိုက်သည်။ ထို့နောက် မေးကိုမော့၍ တည်ကြည်စွာဖြင့် ရှေ့သို့လျှောက်လာရာ လွယ်ထားသော ဓားများကြောင့်တချွင်ချွင်မြည်လျက် သစ်လုံးအိမ်ထဲမှ ထွက်လာသည်။
အပြင်သို့ရောက်သောအခါ ခေါင်းလောင်းသံများကို ကြားရသည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ပေါ်သည်။ ထို့ကြောင့် အိတ်ထဲမှ လှံတံကိုထုတ်လိုက်ပြီး လက်တွင် ကိုင်လာသည်။
လေသည် တသုန်သုန်တိုက်ခတ်နေသည်ဖြစ်ရာ သူ့ဆံပင်များက လေထဲတွင် ဝေ့ဝဲနေသည်။ သူ့ခြံဝန်းလေးကို စွန့်ခွာကာ တိုက်ပွဲသို့ ရှေးရှုနေပြီဖြစ်သည်။
အဝေးက ကြည့်လျှင် ဘောလုံးကြီးတစ်လုံးလိမ့်လာသည်နှင့်တူနေသည်။ ကြီးမားသော ဒယ်အိုးကြီးကို ကျောတွင်လွယ်၊ လှံကိုလက်က ကိုင်၊ ဓားတွေက ဟိုတစ်ချောင်း သည်တစ်ချောင်း။ မြင်ကွင်းကိုမြင်လိုက်သည်နှင့် မည်သူမဆို ထိုအရာများကို အရင်ဆုံးသတိပြုမိမည်ဖြစ်သည်။
သူသည် တဖြည်းဖြည်းလမ်းလျှောက်လာရာ မွှေးရနံ့တိမ်တောင်က ဂိုဏ်းသားများသည် သူ့ကို မြင်လိုက်သည်နှင တအံ့တသြဖြစ်သွားတော့သည်။
ခေါင်းလောင်းသံက တဖြည်းဖြည်းပိုမိုကျယ်လာသည်နှင့်အမျှ အပြင်စည်းဂိုဏ်းသားတို့၏ နှလုံးသည်းပွတ်မှာလည်း တဒိန်းဒိန်းဖြစ်လာလေသည်။အတွင်းစည်း ဂိုဏ်းသားတချို့ပင်လျှင် တိုက်ပွဲကို ရှုစားရန် တာအိုသစ်စေ့တောင်သို့လာနေကြပြီဖြစ်သည်။
ပိုင်ရှောင်ချန်းအတွက် ဘေးတစ်ဖက်တစ်ချက်တွင် အပြင်စည်းဂိုဏ်းသားများက လိုက်ပါလာကြသည်။ သူတို့ထဲတွင် ရွှီပေါက်ချိုင်သည်လည်း အပါအဝင်ဖြစ်ပြီး သူက ဦးဆောင်ကာ စတင်ချီးကျူးတော့သည်။
” ဂိုဏ်းတူဦးလေးပိုင်က အံ့သြစရာတွေနဲ့ ပြည့်နှက်နေတာပဲကွ။ သူက ဒီခေတ်ရဲ့ သူရဲကောင်းတစ်ယောက်ပဲ”
“သူက သေချာပေါက်ကို နိုင်မှာပဲ။လုံးဝ သေချာတယ် ”
အပြင်စည်းဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းထဲသို့ ဝင်ရောက်လာရာ လူအုပ်ကြီးပင်ဖြစ်နေသည်။ ဤသို့ဖြင့် လမ်းတစ်လျှောက်တွင် ရှောင်ချန်း၏ပရိတ်သတ်များက ခြိမ့်ခြိမ့်သဲဝန်းရံလျက် လိုက်ပါလာကြသည်။ ထိုအထဲတွင် ထူးထူးခြားခြားအသံစာစာ တစ်ခုကိုလည်းကြားနိုင်သေးသည်။ ထိုအသံရှင်မှာမူ ဟိုရှောင်မေ့မှ လွဲ၍ အခြားမဖြစ်နိုင်ပေ။ သူမသည် ရှောင်ချန်း၏ ဂုဏ်ပုဒ်များကို အသက်မရှူတမ်း အော်ဟစ်ကြော်ငြာလျက်ရှိသည်။
ပိုင်ရှောင်ချန်းက ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး သဘောထားကြီးဟန်ဖြင့် ခေါင်းကိုတညိတ်ညိတ်လုပ်ကာ ပတ်ပတ်လည်က ဂိုဏ်းသားများကို အသိအမှတ်ပြုနေသည်။ လူတိုင်းက မျှော်လင့်ချက်ထက်သန်စွာဖြင့် အော်ဟစ်အားပေးနေကြသည်ဖြစ်ရာ တိုက်ပွဲတွင် ထိုက်တန်သောတစ်ခုခုလုပ်ပေးရန် အမှန်တကယ်လိုအပ်နေပြီဖြစ်သည်။
ပိုင်ရှောင်ချန်းက မေးကို ရှေ့သို့ပစ်ထားရင်း တာအိုသစ်စေ့တောင်သို့ ဂုဏ်ယူစွာလျှောက်လှမ်းလာသည်။ ပထမဦးစွာလှမ်းမြင်လိုက်ရသည်က ဂါထာမန္တာန်များနှင့်စီရင်ထားသော မီးအလင်းရောင်များဖြင့်တောက်ပစွာ ပြင်ဆင်ထား သည့် ကြီးမားသော မြေကွက်လပ်တစ်ခုပင်ဖြစ်သည်။
အတန်ငယ်ဝေးသောနေရာရှိ
တာအိုသစ်စေ့တောင်ထိပ်များကိုလည်း မြင်နိုင်သည်။ တောင်ထိပ်တိုင်းတွင် အဆောက်အဦးများကို တည်ဆောက်ထားသည်။ ထိုအဆောက်အဦးများမှ အကြီးအကဲများသည် ပျံသန်းထွက်ပေါ်လာကာ တိုက်ပွဲပြုလုပ်မည့် ကွင်းပြင်ကျယ်ဆီသို့ လာနေကြသည်။
ကွင်းပြင်ကျယ်၏ ပတ်ပတ်လည်တွင်မူ စင်များပြုလုပ်ထားပြီး ထိုစင်များပေါ်တွင် အပြင်စည်းဂိုဏ်းသား ပရိတ်သတ်များက ကြိတ်ကြိတ်တိုးနေကြသည်။ ထောင်သောင်းပေါင်းများစွာသောအကြည့်များက ကွင်းပြင်အလယ်သို့ရောက်ရှိနေကြသည်။
မြောက်ဘက်စင်တွင်နေရာယူထားကြသော မြောက်ဘက်ခြမ်းမှ ဂိုဏ်းသားများသည် စကားပြောနေကြပြီး တောင်ပိုင်းက ပရိတ်သတ်များထက် ပိုမိုလေလုံးထွားသော စကားလုံးများကို သုံးနှုန်းလျက်ရှိကြသည်။ ဂိုဏ်းသားအများစုသည် အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးထားသော အင်မတန်ရက်စက်ကြမ်းကြုတ်ဟန်ရှိသော ခြေလေးချောင်း သတ္တဝါများကို သူတို့နှင့်အတူ ခေါ်လာကြသည်။
ထိုသတ္တဝါကြီးများသည် တစ်ကောင်နှင့်တစ်ကောင်မတူညီကြပေ။ သို့သော်လည်း တူညီသည့်တစ်ချက်မှာ သူတို့အကြည့်များသည် လူမဆန်အောင် ရက်စက်သည့်အငွေ့အသက်များနှင့် ဖုံးလွှမ်းနေကြပြီး ကြမ်းကြုတ်မှုများကို နှိုးဆွပေးနေသကဲ့သို့ ဖြစ်သည်။ မြောက်ခြမ်းဂိုဏ်းသားများ၏ရှေ့ဆုံးတွင်နေရာယူထားသော လူနည်းစုအုပ်စုလေးတွင်မူ လူရွယ်များနှင့် အမျိုးသမီးများပါဝင်သည်။ သူတို့၏မျက်နှာပေးများသည် အင်မတန်မှ အေးစက်တည်ငြိမ်နေကြသည်။
အထင်ရှားဆုံးမှာမူ ခရမ်းရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားသည့် လှပသော မိန်းမပျိုလေး ဖြစ်သည်။ သူမ၏ဘေးတွင် အကြီးအကဲကျိုး၏ ဖီးနစ်ငှက်ထက် ပိုပြီး အင်မတန်ကျက်သရေရှိလှသည့် ခုနစ်ရောင်ခြယ် ဖီးနစ်ငှက်ကိုလည်း တွေ့နိုင်သည်။ ထိုငှက်မှာ တောက်ပသော မျက်လုံးတွေရှိပြီး ၎င်းမျက်လုံးတွေထဲရှိ အရိပ်အယောင်တွေက တခြားသတ္တဝါတွေကို အထင်မြင်သေးနေဟန်ရှိသည်။
သူ့ဘေးတွင်ရှိနေသူကမူ အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသောလူရွယ်ဖြစ်သည်။ သူ့ရုပ်ရည်သွင်ပြင်သည် ရင်သပ်ရှုမောရလောက်အောင် ပြေပြစ်လှသည်။ သူ့နှဖူးတည့်တည့်တွင်မူ ရဲရဲတောက်နေသည့် နေဝန်းအမှတ်အသားက ပေါ်လွင်စွာ ရှိနေသည်။
သူ့ခြေရင်းတွင် ပျင်းတိပျင်းရွဲ မှီနေသည်ကတော့ အင်မတန်ကြီးမားလှသည့် ခွေးဘီလူးကြီးပင်ဖြစ်သည်။ ထိုခွေးကြီးတွင် ထူထပ်လှသော အနက်ရောင်အမွှေးအမျှင်များရှိပြီး သင်တုန်းဓားများကဲ့သို့ ချွန်မြနေသည့် ခြေသည်းများကလည်းအပြည့်ဖြစ်သည်။ ထိုခြေသည်းများက ရွှေရောင်ဘက်သို့ပင် သမ်းနေသေးသည်။
သူ၏ ရှည်လျားပြီး ချွန်ထက်နေသည့်သွားများက အထူးသဖြင့် ရက်စက်ကြမ်းကြုတ်ဟန် အမှတ်အသားများဖြစ်သည်။ မည်မျှကြီးသနည်းဟုဆိုရာတွင် လူတစ်ဦးလုံလောက်စွာ တက်စီးနိုင်သည့်ပမာဏပင်ဖြစ်သည်။ ထိုခွေးကြီးကို မတ်တပ်ရပ်ခိုင်းလိုက်လျှင်မူ လူနှစ်ပြန်စာ အသာလေးပင်ရှိသည်ဖြစ်ရာ အစွမ်းအစမှာ တော်တော်လေးစွမ်းဆောင်နိုင်ပုံပေါ်နေသဖြင့် ထိုခွေး၏ တစ်စစီဖြစ်အောင် ဆုတ်ဖြဲနိုင်စွမ်းကိုမူ ခန့်မှန်း၍မရနိုင်သည့် အနေအထားသို့ပင်။
နေအမှတ်အသားနှင့် ထိုလူရွယ်မှာ မြောက်ပိုင်းလက်ရွေးစင် ပေဟန်လဲ့မှ လွဲ၍ အခြားသူမဟုတ်ပေ။ သူ့ခြေရင်းတွင် ဝပ်နေသော ခွေးကြီးမှာ ညမင်းသားဟုခေါ်သည့် အင်မတန် ထင်ရှားကျော်ကြားလှသော သတ္တဝါကြီးပင်ဖြစ်သည်။
ထိုလူရွယ်နှင့်မိန်းမပျိုလေးဘေးတွင်ရှိသော အခြားဂိုဏ်းသားတစ်ဦးကမူ မျက်နှာကို အနက်ရောင်ဝတ်ရုံဖြင့် တစ်ဝက်ဖုံးအုပ်ထားပြီး အရိုးဖောက်အောင်စိမ့်သောအကြည့်များကိုသာ မြင်ရလေသည်။ သေသေချာချာကြည့်မည်ဆိုလျှင် သူ့ဘေးနားတွင် ပလူပျံနေသော အဆိပ်ရှိသည့် ပိုးကောင်များကို တွေ့မြင်နိုင်သည်။
ထိုလက်ရွေးစင်များအား ကြည့်နေရသည်ကိုပင် တောင်ဘက်ဂိုဏ်းသားများမှာ ကြောက်လန့်တုန်လှုပ်ကာ ကျောချမ်းနေကြပြီဖြစ်သည်။
မြောက်ဘက်ဂိုဏ်းသားများသည် ကွင်းအတွင်းသို့ ကျော်လွန်ကာ အထင်အမြင်သေးသော အကြည့်များဖြင့် တောင်ပိုင်းဂိုဏ်းသားများကိုလှမ်းကြည့်နေကြသည်။
“တောင်ဂိုဏ်းသားတွေက ထာဝရအရှုံးသမားတွေပဲလေ။ သတိထားရမယ့်သူတွေဆိုလို့ ရှမ်ကွမ်းထျန်ယုံ၊ လုထျန်းလဲ့ နဲ့ ကျိုးရှင်းချီလောက််ပဲရှိတာ”
“ကြားမိသလောက်တော့ ခုတလောလေးကမှ နာမည်ကြီးလာတဲ့တစ်ယောက်ရှိတယ်တဲ့ကွ။ သူကနောက်ဆုံးပြိုင်ပွဲမှာ ပထမနေရာကိုယူသွားပြီးတော့ ဂုဏ်ထူးဆောင်ဘွဲ့ကိုလည်းရထားသေးတယ်ဆိုပဲ။ ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေးလို့လည်းပြောကြတာပဲ။ တကယ်ပဲလား ”
“သူ့ဘာသာ ဘာကောင်ဖြစ်ဖြစ်ကွာ။ မြောက်ပိုင်းသားတွေနဲ့တွေ့ရင်တော့ ဘာမှအသုံးမဝင်တော့ပါဘူး။ ငါတို့ကအသာကြီး။ စင်ပေါ်ကပဲ။”
တောင်ပိုင်းဂိုဏ်းသားများ၏ အရေအတွက်သည် မြောက်ပိုင်းဂိုဏ်းသားများထက်သိသိသာသာပင်လျော့နည်းလေသည်ဖြစ်ရာ စုစုစည်းစည်း ကျစ်လျစ်စွာ သတိနှင့်နေကြလေသည်။
“သူ တို့က တိရစ္ဆာန်တွေနဲ့ အကောင်ပလောင်လောက် ကျောင်းတတ်တဲ့ကောင်တွေပါကွာ။ ဒီတစ်ခေါက်တော့ တောင်ခြမ်းက သေချာပေါက် ဒီကောင်တွေကို လက်စားချေနိုင်လိမ့်မယ်”
“ငါတို့တွေက သေချာပေါက်သူတို့မျက်နှာတွေပေါ်ကို အရှုံးတွေနဲ့ ပစ်ပေါက်ဦးမှာ”
တောင်ပိုင်းဂိုဏ်းသားများ၏ရှေ့တွင် ဂိုဏ်းသားကိုးယောက်ရှိပြီး ထိုသူတို့အနက် ရှမ်ကွမ်းထျန်ယုံ၊ လုထျန်းလဲ့ နှင့် ကျိုးရှင်းချီတို့သည် ပိုမိုကျော်ကြားကြလေသည်။ ကျန်သောခြောက်ယောက်မှာလည်း မလျော့သော ရက်စက်ကြမ်းကြုတ်မှုများနှင့်အတူ သုန်မှုန်စွာ ရှိနေကြသည်။ ထိုအုပ်စုသည် ကြမ်းကြုတ်ရက်စက်လှပါသည်ဆိုသော မြောက်ပိုင်းနှင့် တိုက်ရမည့် တောင်ပိုင်းလက်ရွေးစင်များဖြစ်ကြလေသည်။
ခက်ထန်တင်းမာစွာ မာန်စောင်နေကြသော ပြိုင်ပွဲအလယ်သို့ ပိုင်ရှောင်ချန်းရောက်လာပြီဖြစ်သည်။
ရှမ်ကွမ်းထျန်ယုံသည် ရှောင်ချန်းကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ ပရိတ်သတ်များကလည်း ရှမ်းကွမ်းထျန်ယုံနည်းတူ အကဲခတ်လျက်ရှိသည်။ စဥ်းစားတွေးတောနေဟန်များက ရုတ်တရက်ပေါ်ပေါက်လာပြီး မီးကို ရေနှင့်ငြှိမ်းလိုက်သကဲ့သို့ တိတ်ဆိတ်ငြိမ်သတ်သွားကြသည်။
ရှမ်ကွမ်းထျန်ယုံ၏ ရေခဲတမျှအေးစက်နေသော မျက်ဝန်းများတွင် ခံစားချက်မျိုးစုံ ရောပြွမ်းနေပြီး ပိုင်ရှောင်ချန်းကိုကြည့်လိုက်သည်။ သူ့နှလုံးသားထဲတွင် မနာလိုဝန်တိုခြင်းများဖြင့် ပြည့်နေသည်။
လုထျန်းလဲ့သည်လည်း ရှမ်ကွမ်းထျန်ယုံနှင့် တစ်ထပ်တည်းပင် ပိုင်ရှောင်ချန်းကို မုန်းတီးစွာကြည့်သည်။ သူ့ဘေးတွင်လည်း လျှပ်စီးကြောင်းများက တဖျတ်ဖျတ်လက် နေသည်။
ကျိုးရှင်းချီကမူ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်လျက်ရှိသည်။ တောက်ပသောမျက်ဝန်းများနှင့် တည့်တည့်ကြည့်ရင်းက ရှောင်ချန်းနှင့်သူ၏အရည်အချင်းများကို ဂရုတစိုက် မသိမသာနှိုင်းယှဥ်နေသည်။ သူ၏ ပိန်လှီလှီခန္ဓာကိုယ်ထဲတွင် အားများဘယ်လောက်လောက်ရှိမည်ဆိုသည်ကိုလည်း ခန့်မှန်းကြည့်
လျက်ရှိသည်။
မြောက်ပိုင်းဂိုဏ်းသားများကလည်း ရှောင်ချန်းကို အကဲမခတ်ဘဲ မနေနိုင်ပေ။ သို့သော်လည်း ရှောင်ချန်းက မြောက်ပိုင်းသားများနှင့် စိမ်းသက်လျက်ရှိပြီး သူ၏ ဝတ်ပုံစားပုံကအထင်အမြင်သေးအောင် ကူညီအားပေးနေသကဲ့သို့ဖြစ်သည်။
မြောက်ပိုင်းလက်ရွေးစင်အုပ်စုကမူ သူ့ကိုဖုတ်လေသည့်ငါးပိ ရှိသည်ဟူ၍မထင်ပေ။
ပိုင်ရှောင်ချန်းသည် လူအများ၏ စိတ်ဝင်စားမှုကို ရနေမှန်း သူ့ကိုယ်သူ သတိထားမိသွားသောအခါ အနည်းငယ်ရှက်ကို့ရှက်ကန်းဖြစ်သွားသည်။ လည်ချောင်းကိုရှင်းကာ ရင်ဘတ်ကိုဖွင့်ရင်း လှံတံကိုမာန်ပါပါကျားကန်ထောက်လျက် ကျိုးရှင်းကျီဘေးတွင် ရပ်လိုက်သည်။
တောင်ခြမ်းနှင့် မြောက်ခြမ်းသည် တစ်ဦးနှင့် တစ်ဦး ရန်စောင်ကြည့်နေကြသည်ကို သတိပြုမိသောအခါ ပိုင်ရှောင်ချန်း၏ စိတ်ဝိညာဥ်မှာ ပိုမိုနိုးကြွလာလေသည်။
” အကြည့်ပြိုင်ပွဲပဲ။ အဲဒါက ငါအကျွမ်းဆုံးအရာပဲ ”
သူသည် ရုတ်တရက် မြောက်ပိုင်းဂိုဏ်းသားများကို အင်မတန်တည်ကြည်လေးနက်ဟန်ဖြင့် ကြည့်လိုက်လေသည်။
ထိုခဏတွင် လေပြင်းတစ်ချက်သည် သူ၏ ဆံ ပင်ရှည်များကို တိုးဝှေ့တိုက်ခတ်သွားပြီး သူ့ လက်ထဲတွင်မာန်ပါပါကိုင်ထားသော လှံတံနှင့် အလွန်ပနံတင့်သွားသည်ဖြစ်ရာ သူ၏ အသွင်အပြင်မှာ အထင်ကြီးလေးစားဖွယ်ဖြစ်နေသည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာနေသည်။ နှစ်ဖက်လုံးရှိ ပွဲကြည့်စင်တွင်လည်း ပရိတ်သတ်များနှင့်ပြည့်နှက်နေပြီဖြစ်သည်။ ပရိတ်သတ်များမှာ အလွန်တရာ များပြားလျက်ရှိရာ လူပင်လယ်ကြီးကဲ့သို့ဖြစ်နေပြီး ပြိုင်ပွဲကွင်းပြင်ကသာလျှင်နှစ်ပိုင်းခွဲခြားပေးထားသဖြင့် တော်သေးသည်။
မကြာမီမှာပင် မြောက်ပိုင်းက လက်ရွေးစင်များလည်း စုံလင်သွားပြီဖြစ်သည်။ နောက်ဆုံးရောက်ရှိလာသူသည် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ကာ အင်မတန်ကြည့်ကောင်းသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် လူချောတစ်ယောက်ဖြစ်လေသည်။ သို့သော် သူ့မျက်နှာသည် သွေးမရှိသကဲ့ ဖြူစုတ်နေသည်။ သူက လက်ရွေးစင်များအားလုံးရှေ့တွင် ရပ်လိုက်ပြီး မျက်းလုံးများကို မှိတ်ထားလိုက်သည်။ သူ့မျက်နှာပေါ်ဝယ် လုံးဝစိတ်မပါဟန်ကို အထင်းသားမြင်နေရသည်။မျက်လုံးများမှိတ်ထားစဥ် ဘေးနားက လေများက ဝေ့ဝိုက်ကာ တိုက်ခတ်နေရာ သူ့ဘေးတွင် ကြမ်းကြုတ်ရက်စက်သော ဝိညာဥ်များ ပေါ်ထွက်လာပြီး ငရဲမှထွက်ပေါ်လာသည့်အလား ထင်မှတ်မှားရသည်။
ထိုအချိန်တွင် တောင်နှင့်မြောက်ခြမ်းမှ အလင်းတန်းများထွက်ပေါ်လာပြီး တိုက်ပွဲကွင်းပြင်ဆီသို့ ဦးတည်ပျံသန်းလာသည်။ ထိုအလင်းတန်းများအနက် တောင်ခုနစ်လုံးမှ ဂိုဏ်းချုပ်ခုနစ်ယောက်ကို တွေ့နိုင်သည်။
အကြီးအကဲကျိုးကိုလည်းတွေ့ရမည်ဖြစ်ပြီး သူ့ဘေးတွင် စိတ်ကြီးဝင်နေသော ဖီးနစ်ငှက်က ပျံဝဲလျက်ရှိသည်။ ဖီးနစ်ငှက်က ပိုင်ရှောင်ချန်းကိုမြင်လိုက်ရသောအခါ စိန်းစိန်းဝါးဝါးအကြည့်နှင့်ကြည့်လေသည်။ ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်သည်လည်း ထိုအဖွဲ့ထဲတွင်ပါလေသည်။ လူစုံသောအခါ တောင်ပိုင်းနှင့်မြောက်ပိုင်းမှ ဂိုဏ်းသားများကိုကြည့်ကာ သူကပြောလေသည်။
” တောင်နဲ့မြောက် အပြင်ဂိုဏ်းလက်ရွေးစင် တိုက်ပွဲမှာ ပြီးခဲ့တဲ့အခေါက်က မြောက်ခြမ်းကအနိုင်ရရှိခဲ့တဲ့အတွက် တိုက်ပွဲထဲကို ဆယ့်နှစ်ယောက်စေလွှတ်ခွင့်ရှိတယ်။ ရှုံးသွားတဲ့ တောင်ခြမ်းအနေနဲ့ကတော့ ဆယ်ယောက်ပဲ စေလွှတ်ခွင့်ရှိတယ်။ အဲ့ဒီတော့ ယှဥ်ပြိုင်သူအားလုံး နှစ်ဆယ့်နှစ်ယောက်ရှိပြီးတော့ ပြိုင်ဘက်တွေကိုတော့ မဲနှိုက်ရွေးခြယ်မယ်။ ပြိုင်ပွဲရဲ့ အဓိကရည်ရွယ်ချက်က အတော်ဆုံးဆယ်ယောက်ကိုရွေးထုတ်ဖို့နဲ့ အထူးချွန်အပြောင်မြောက်ဆုံး၊ အတော်ဆုံးတစ်ယောက်ကို ရွေးချယ်ဖို့ပဲ ”
“ငါတို့ အားလုံးက သင်ယူရင်းနဲ့ တိုးတက်လာကြရမှာဖြစ်တဲ့အတွက် သေလောက်တဲ့တိုက်ခိုက်မှုမျိုးကိုတော့ခွင့်မပြုနိုင်ဘူး။ ပြိုင်ပွဲတစ်ပွဲ ပြီးတိုင်း အားအင်ပြန်ဖြည့်ဖို့ အမွှေးတိုင်သုံးတိုင်ကုန်စာ အချိန်ရမယ်။ ပြိုင်ဘက်က အရှုံးပေးကြောင်း ဝန်ခံတာနဲ့ တိုက်ခိုက်ခြင်းကို ချက်ချင်းရပ်နားရမယ်။ ပြိုင်ပွဲကို တရားစီရင်ရေးခန်းမက အူယန်ကျဲက တာဝန်ယူမယ် ”
“အားလုံး အစွမ်းကုန် ကြိုးစား ယှဥ်ပြိုင်ကြ။ ဂိုဏ်းစောင့်အကြီးအကဲလေးယောက်ကလည်း နတ်ဘုရားအာရုံနဲ့ တိုက်ပွဲတွေကို ကြည့်ရှုနေလိမ့်မယ်။ အခုကစပြီး အပြင်စည်းဂိုဏ်းလက်ရွေးစင်တိုက်ပွဲတွေ စတင်မယ် ”