အခန်း ( ၈၆ )

လာပြန်ပြီ

ရူးမတတ်ကြောက်ရွံ့နေသော ပိုင်ရှောင်ချန်းက တောင်အောက်သို့ပြေးဆင်းကာ ဂိုဏ်းထဲကပင်ထွက်ပြေးသွားတော့သည်။ စျေးသို့ရောက်ခါမှသူက ရပ်လိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်တော့သည်။

” အခု ဘာဆက်လုပ်ရတော့မှာတုံးကွာ။” သူက သနားကမားအမူအရာနှင့် ဆူပုတ်နေတော့သည်။ သူမတရားခံရခြင်းဖြစ်သဖြင့် နာကျည်းနေပြီး ထိုငှက်က သူ့ဆီကဆေးလုံးကို ခိုးသွားသည့်အချက်ကိုပဲတွေးနေတော့သည်။ သူမည်သို့ ရှင်းပြရပါမည်နည်း။ အကြီးအကဲကျိုးက လုံးဝနားမထောင်မည် မဟုတ်ပါလော….

စိတ်ပျက်လက်ပျက် ဖြစ်နေစဥ်မှာပင် သူ၏ခေါင်းထဲသို့ အတွေးတစ်ချက်ကဝင်လာသည်။
” နေပါအုံး။ ငါနံပါတ်တစ်နေရာများ ရသွားတာလား။”

” ဟာကွာ။ ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေးမလို့ အငယ်တွေနဲ့ မပြိုင်ချင်ပါဘူးဆိုနေမှပဲကွာ။” သူက ထိုသို့ရေရွတ်နေသော်လည်း သူ၏မျက်နှာပေါ်မှ ကျေနပ်နေသော အမူအရာကိုမူ ဖုံးကွယ်၍မရပေ။ သို့သော်လည်း သူ နံပါတ်တစ်နေရာရသဖြင့် လက်ရွေးစင်တိုက်ပွဲများတွင် မြောက်ဘက်နှင့်အတူ မဖြစ်မနေပါဝင်ရတော့မည်ကို သိသွားသောအခါ စိတ်နှလုံး ညှိုးငယ်သွားတော့သည်။

ညရောက်လာသည်အထိ သူက စျေးထဲတွင် ပတ်သွားနေသည်။ ဂိုဏ်းသို့ပြန်သွားရန် မလုံခြုံလောက်သေးဟု သူကထင်သည့်အတွက် သတင်းပို့ကျောက်စိမ်းပေလွှာကိုထုတ်ကာ ရွှီပေါက်ချိုင်ကို သူ၏ခြံဝန်းနားတွင် အကြီးအကဲကျိုး စောင့်နေသလား သွားကြည့်ခိုင်းရန် သတင်းလှမ်းပို့လိုက်သည်။

အရှုပ်အရှင်းကင်းကြောင်း သတင်းပြန်ရသောအခါ သူက ဂိုဏ်းကို သတိကြီးကြီးထားကာ ပြန်လာတော့သည်။ ခပ်လှမ်းလှမ်းမှနေ၍ သူ၏အိမ်ရှေ့တွင် ရွှီပေါက်ချိုင်က စောင့်နေသည်ကို လှမ်းမြင်လိုက်ရသောအခါ သူကဘေးဘီကို နောက်တစ်ခေါက် ဂရုတစိုက်ထပ်ကြည့်လိုက်ပြီး သူ့အိမ်ဘက်သို့ အပြေးသွားလိုက်တော့သည်။

ရွှီပေါက်ချိုင်က သူ့ကို စိတ်လှုပ်တရှားကြည့်ကာ တစ်ခုခုပြောရန်ပြင်လိုက်စဥ်မှာပင် ပိုင်ရှောင်ချန်းက သူ့ကို ခြံဝန်းထဲသို့ ဆွဲခေါ်သွားတော့သည်။

တံခါးကိုပိတ်ပြီးသွားသောအခါ ရွှီပေါက်ချိုင်ကပြောလိုက်သည်။
” ဂိုဏ်းတူဦးလေးပိုင်။ စိတ်မပူနဲ့တော့။ အကြီးအကဲကျိုးကို ဂိုဏ်းက စောစောကပဲ တာဝန်အရ အပြင်ကိုစေလွှတ်လိုက်ပြီ။”

သူ၏မျက်လုံးများမှာ ပိုင်ရှောင်ချန်းကို ကြည့်ရင်း စိတ်အားထက်သန်မှုများဖြင့် လောင်ကျွမ်းနေတော့သည်။
“စားဖိုဆောင်မှာတုံးက သူကလူသိပ်အသိခံတာမဟုတ်ဘူး။ အပြင်စည်းဂိုဏ်းသားဝင်ခွင့်နေရာတွေလည်း သူကရောင်းတာပဲ။ ပြီးတော့ အသေးစားပြိုင်ပွဲလေးတစ်ခုမှာ နံပါတ်တစ်နေရာယူပြီး လူအများကြီးကို ဆူဆူညံညံဖြစ်အောင်လုပ်လိုက်သေးတယ်။ အဲ့တာပြီးတော့ လောချိန်မျိုးနွယ်စုကိစ္စပေါ်လာပါလေရော။ အသက်ရှင်လျက်ပြန်လာပြီးနောက် ဂုဏ်ထူးဆောင်ဂိုဏ်းသားအပြင် ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေး ဖြစ်သွားတာပဲ။ အခုလည်း အရည်အချင်းစစ်ပွဲမှာ နံပါတ်တစ်နေရာရပြန်ပြီ။ ပိုင်ရှောင်ချန်းက အနာဂတ်မှာ သေချာပေါက် ကျော်စောတော့မှာပဲ။” ရွှီပေါက်ချိုင်သည် အတွေးပင်လယ်ထဲတွင် နစ်မျောနေတော့သည်။

ပိုင်ရှောင်ချန်းက အခြားလူအားလုံးကိုကျော်တက်ကာ နံပါတ်တစ်ဂိုဏ်းသားဖြစ်လာသဖြင့် ရွှီပေါက်ချိုင်မှာ အရင်ထဲက တုန်လှုပ်နေရခြင်းဖြစ်သည်။ ယခုဆို ရွှီပေါက်ချိုင်က သူ့ကို ရင်သက်ရှုမောဖွယ် အမွေဆက်ခံသူ တစ်ယောက်အဖြစ် မြင်နေပြီဖြစ်သည်။ သူလုပ်ခဲ့သည်များကိုပြန်တွေးရင်း ရွှီပေါက်ချိုင်မှာ မနေနိုင်တော့ဘဲ လက်ယှက်ကာ ရိုကျိုးစွာ ဦးညွှတ်လိုက်တော့သည်။

” ဂိုဏ်းတူဦးလေးပိုင်… အရည်ချင်းစစ်ပွဲမှာ ပထမရလို့ ဂုဏ်ပြုပါတယ်။” သူက ဦးညွှတ်ရင်း ဆိုလိုက်သည်။

ပိုင်ရှောင်ချန်းကမူ ခြံဝန်းကိုတစ်ခဏမျှ ဝေ့ဝိုက်ကြည့်ကာ စိတ်အေးလက်အေး သက်ပြင်းချလိုက်တော့သည်။ အကြီးအကဲကျိုး၏ အင်မော်တယ်ဂူဖက်ကို စေ့စေ့ကြည့်လိုက်ရင်း သူ အခြေခိုင်မာခြင်းအဆင့်ရောက်ပါက ထိုဖီးနစ်ငှက်ကို ချက်စားမည်ဖြစ်ကြောင်း ကျိန်ဆိုလိုက်တော့သည်။

ရွှီပေါက်ချိုင်၏ စကားလုံးများကိုကြားသောအခါ သူက ချောင်းဟန့်လိုက်သည်။ ဝါရင့်ဂိုဏ်းသားတစ်ယောက်ပုံစံဖမ်းကာ သူက တည်ကြည်စွာ ပြောလိုက်သည်။
” ငါက အဲ့လောက်ကြီးလည်း မတော်ပါဘူးကွာ။ ငါ့ပုံစံက ကောင်းကင်ပေါ်က တိမ်တိုက်တစ်ခုနဲ့ ပိုတူတာကွ။ အစကတော့ အငယ်တွေနဲ့ ပြိုင်ဖို့အစီအစဥ်ကမရှိပါဘူး။ ဒါပေမဲ့ အကြီးအကဲကျိုးက လိုက်ဖမ်းမှတော့ ငါလည်း ဘာတတ်နိုင်တော့မလဲကွာ။”

အရင်တုံးက ပိုင်ရှောင်ချန်းဆီမှ ယခုလိုမျိုးစကားလုံးများထွက်လာပါက ရွှီပေါက်ချိုင်၏ မျက်နှာတွင် အထင်သေးသော အမူအရာများပေါ်လာမည်မှာ အမှန်ပင်။ သို့သော်လည်း ယခုမှာမူ ပိုင်ရှောင်ချန်းက လက်ရွေးစင်များထဲမှ လက်ရွေးစင်တစ်ယောက်ဖြစ်နေလေပြီ။

” ဂိုဏ်းတူဦးလေးပိုင်က အမြဲတမ်း သိုသိုသိပ်သိပ်နေတာပဲ။ ဒါပေမဲ့လည်းဗျာ လက်ရွေးစင်တစ်ယောက်က ဘယ်လောက်ကြာကြာ အဲ့လိုနေနိုင်မှာလည်းဗျ။ ကြောင်မှန်ရင် ကြာကြာရေမငုပ်နိုင်ပါဘူး။ ဦးလေး တမင်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ တစ်နည်းနည်းနဲ့ အုတ်အော်သောင်းနင်း ဖြစ်သွားမှာပဲဗျ။”

ရွှီပေါက်ချိုင်၏စကားလုံးများကြောင့် ပိုင်ရှောင်ချန်းမှာ အကြီးကြီးကျေနပ်နေတော့သည်။ ပိုင်ရှောင်ချန်းမှာ ဂရုမစိုက်သည့် ပုံစံဖမ်းလိုက်သော်လည်း သူ၏မျက်လုံးများကမူ ရွှီပေါက်ချိုင်ကို ထောက်ခံသည့်အရိပ်အယောင်များဖြင့် တောက်ပနေတော့သည်။

ရွှီပေါက်ချိုင်ကမူ ပိုင်ရှောင်ချန်းက သူ့ကိုဆက်ပြောစေလိုမှန်း သိလိုက်လေသည်။ ထို့ကြောင့် သူကလည်း စိတ်လှုပ်ရှားစွာနှင့် ထပ်၍ မြှောက်ပင့်နေတော့သည်။
” ဂိုဏ်းတူဦးလေးပိုင်ရေ။ မြောက်ပိုင်းနဲ့တိုက်ရတဲ့ လက်ရွေးစင်ပွဲတွေ ဒီတစ်ခေါက်လာရင်တော့ တောင်ပိုင်းက အရင်ကလို ပျော့ညံ့နေမှာ မဟုတ်တော့ဘူးဗျို့။ ဦးလေးရဲ့ကျေးဇူးတွေကြောင့်ပေါ့ဗျာ။ ဦးလေးကြောင့် မြောက်ပိုင်းကကောင်တွေ ဖရိုဖရဲဖြစ်ကုန်တော့မှာ အသေအချာပဲ။”

“အခုလောလောဆယ် မြောက်ပိုင်းရဲ့ထိပ်တန်း လက်ရွေးစင်ငါးယောက်က အခြေခိုင်မာခြင်းအဆင့်အောက်မှာရှိတဲ့ ဂိုဏ်းသားတွေထဲမှာ စွမ်းအားအကြီးဆုံးပဲဗျ။ သူတို့အကုန်လုံးက မိစ္ဆာကောင်ကြီးတွေအလားပဲ။ ဒါပေမဲ့လည်းဗျာ ဦးလေးက သူတို့ကို ဒီဂိုဏ်းရဲ့ ထိပ်ဆုံးလက်ရွေးစင်က တောင်ဘက်ပိုင်းက မွှေးရနံ့တိမ်တောင်ပေါ်က လူဆိုတာကို ပြတော့မှာမလား။”

” ထိပ်တန်းလက်ရွေးစင် ငါးယောက် ဟုတ်လား။” ပိုင်ရှောင်ချန်းမှာ အမူအရာမပျက် ပြန်မေးလိုက်သော်လည်း သူ၏ရင်ဘတ်မှာမူ တဒိန်းဒိန်းခုန်စပြုလာသည်။

” ဟုတ်တယ်။ မြောက်ပိုင်းမှာ ထိပ်တန်းလက်ရွေးစင် ငါးယောက်ရှိတာ။ဘယ်သူတွေလဲဆိုတော့ကား…ဆည်းဆာတောင်က ပေဟန်လဲ့။ သူကအေးစက်စက်နဲ့ မာနကြီးတယ်။ ပြီးတော့ သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ လျှို့ဝှက်မှော်အတတ်ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ဆည်းဆာဂါထာ ဆိုတဲ့ မှော်အတတ်ကိုကျင့်တာ။ သူ့မှာ ညမင်းသားဆိုတဲ့ လူတွေကို တစစီဆွဲဖြဲနိုင်လောက်အောင် ကြောက်စရာကောင်းပြီး စွမ်းအားကြီးတဲ့ သားရဲတိရစ္ဆာန်တစ်ကောင် ရှိတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ချီစုစည်းမှုအဆင့်ကိုးအောက်က စွမ်းအားအကြီးဆုံး တိုက်ခိုက်သမားတွေဆိုတဲ့နေရာကို သတ်ဖြတ်ရင်း တက်လာတာဗျ။ နေဝင်တောင်ပေါ်မှာဆို သူက နံပါတ်တစ် ဂိုဏ်းသားပဲ။”

“ဘာ…ဘာ။ လူတွေကို တစစီဆွဲဖြဲတယ် ဟုတ်လား။” ပိုင်ရှောင်ချန်းက မျက်လုံးပြူးနေတော့သည်။

” အဲ့တာက ဘာမှမဟုတ်သေးဘူး။ မုခ်ဦးတောင် က ရွှီဆုန် ဆိုတဲ့လူရှိသေးတယ်။ သူက မွေးကထဲက နတ်ဘုရားသွေးကြောနဲ့အတူ မွေးလာတာ။ မုခ်ဦးတောင်ရဲ့ ဂိုဏ်းချုပ်သခင်က သူ့ကိုဂိုဏ်းသားတစ်ယောက်အဖြစ်ခေါ်ယူဖို့ ငွေအများကြီး ပေးထားရတာ။ သူက သားရဲကောင်တွေကို ထိန်းချုပ်တဲ့နေရာမှာ ဆရာကြီးဗျ။ ကောလာဟလတွေအရ သူက သားရဲကောင်ကို တချိန်ထဲမှာ ထိန်းချုပ်နိုင်တယ်တဲ့။ တစ်ခါတုံးက ချီုစည်းမှုအဆင့်ရှိတဲ့ လူဆိုးတစ်ယောက်က သူ့ကိုဒေါသထွက်အောင်လုပ်မိလို့ သူက အဲ့ကောင်ကို သုံးလတိတိ အမဲလိုက်သလိုလိုက်ပြီး ဖမ်းမိတော့ သူတိုက်ခိုက်တဲ့နေရာမှာသုံးတဲ့ တိရစ္ဆာန်တွေကို ကျွေးပစ်တာတဲ့။ အဲ့လူဆိုးမှာ နောက်ဆုံး အရိုးစုပဲကျန်တဲ့အထိပဲ။”

” အရိုးစုပဲကျန်တယ်…ဟုတ်လား။” ပိုင်ရှောင်ချန်းကမူ ထိုအရာများကိုကြား၍ ခေါင်းမှာချာချာလည်နေပြီဖြစ်သည်။

” သူ့ထက်ပိုကြောက်ဖို့ကောင်းတာက သုံးယောက်မြောက်နဲ့ လေးယောက်မြောက် လက်ရွေးစင်တွေပဲ။ သူတို့က ယန်ဝေ့ တောင်က မောင်နှစ်မ နှစ်ယောက်ပဲ။ အစ်မရဲ့နာမည်က ကုန်းစွန်းဝမ်အာတဲ့။ သူမကတော်တော်လှတယ်လို့တော့ပြောကြတယ်။ စွန်ရဲငှက်တွေကို ထိန်းချုပ်တဲ့နေရာမှာ သူမက ကျွမ်းကျင်တာ။ အရင်တုံးက ကျိုးရှင်းချီနဲ့ တိုက်ခဲ့တာ ဘယ်သူနိုင်လဲ တစ်ယောက်မှ အဖြေရှာမရလိုက်ဘူး။

” သူ့ရဲ့မောင်နာမည်က ကုန်းစွန်းယွင်တဲ့။ သူက တာအိုပိုးကောင်တွေနဲ့ပတ်သတ်ပြီး ကျွမ်းကျင်တာ။ သူအမြဲတမ်းဝတ်တဲ့ အနက်ရောင်ဝတ်ရုံကြီးထဲမှာ ပိုးကောင်အမျိုးမျိုးနဲ့ အပြည့်ပဲ။ လူတွေပြောတာတော့ သူ့ခန္ဓာကိုယ်ကြီးက ပိုးကောင်ဥတွေနဲ့ပြည့်နေတာတဲ့။ တော်တော်တော့ ရူးတဲ့လူပဲဗျ။ သူက ရန်သူတွေကို ပိုးကောင်တွေနဲ့အုပ်ပြီးတော့ သူတို့ခန္ဓာကိုယ်တွေထဲကို ပိုးကောင်တွေကိုဖောက်ဝင်ခိုင်းပြီး သွေးတွေကိုသောက်ခိုင်းတာတဲ့။ အဲဒီအခါ နာကျင်မှုက ဆိုးရွားလွန်းလို့ လူတွေက သေပါရစေလို့ ဆုတောင်းရတဲ့အထိပဲ။ အလျင်အမြန်မရှောင်တိမ်းနိုင်ဘူးဆို ပိုးကောင်တွေစားတာခံရပြီး အရိုးပဲကျန်မှာပဲ။ “

“အရိုး..အရိုးပဲကျန်မှာ ဟုတ်လား။ “
ပိုင်ရှောင်ချန်းမှာ မှင်တက်နေတော့သည်။ ထိုမြင်ကွင်းကို စိတ်ကူးနှင့်ပုံဖော်မိသဖြင့် သူ့မှာ ခေါင်းခဲလာတော့သည်။

” မြောက်ဘက်ခြမ်းရဲ့ ထိပ်သီးလက်ရွေးစင်ငါးယောက်ထဲက နောက်ဆုံးလူက ထူးဆန်းပြီး ဒဏ္ဍာရီဆန်တယ်။ သူ့နာမည်အရင်းကို ဘယ်သူမှမသိကြဘူး။ လွန်ခဲ့တဲ့နှစ် နှစ်ဆယ်က ဝိညာဥ်စွယ်တောင်က ဂိုဏ်းချုပ်က သူ့ကို ဂိုဏ်းထဲကို ဘယ်ကနေမှန်းမသိ ခေါ်လာတာတဲ့။ လူတွေကသူ့ကို တောင်နာမည်အစွဲပြုပြီး ဝိညာဥ်စွယ်လို့ပဲ သူ့ကိုခေါ်ကြတာ။ သူက တာအိုဝိညာဥ်ပညာနဲ့ပတ်သတ်တဲ့ မှော်အတတ်တွေမှာ ကျွမ်းကျင်တာ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ဒဏ္ဍာရီလာလျို့ဝှက်မှော်အတတ် ဆယ်ခုထဲကတစ်ခုကို သူလည်းကျင့်ထားတယ်။ အဲ့မှော်အတတ်က ” ​​ဝိညာဥ်ခေါ်သံ ‘ ဆိုတဲ့အတတ်ပဲ။ အဲ့ဒီမှော်အတတ်က ရွှယ်ကျဲကော်တု ပညာရပ်နဲ့ တန်းတူလောက်ကို ခက်တယ်။ ကောလာဟလတွေအရတော့ သူက ဝိညာဥ်အကောင်တစ်ရာလောက်ကို ဆင့်ခေါ်နိုင်ပြီတဲ့။ လူတွေပြောတာကတော့ သူက မြောက်ဘက်ခြမ်းရဲ့ နံပါတ်တစ် လက်ရွေးစင်ပဲတဲ့။” ရွှီပေါက်ချိုင်က တစ်လုံးမကျန် မမောမပန်းရှင်းပြလိုက်တော့သည်။

ရွှီပေါက်ချိုင် ရှင်းပြသမျှအားလုံးကို ရှင်းရှင်းလင်းလင်း သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ကြောက်ရွံ့မှုများနှင့်အတူ တုန်ရီနေတော့သည်။

မြောက်ဘက်ခြမ်း၏လက်ရွေးစင်များမှာ တောင်ဘက်ခြမ်း၏လက်ရွေးစင်များထက် ပို၍ပင် ရက်စက်ကြမ်းကြုတ်နေတော့သည်။ မြောက်ဘက်ပိုင်းသည် တိရစ္ဆာန်များ ထိန်းချုပ်ခြင်းကို အထူးပြုလေ့လာသည်ဖြစ်၍ အနည်းငယ်ပို၍ရက်စက်ကြမ်းကြုတ်မည်မှာ သဘာဝပင်ဖြစ်သော်လည်း တောင်ဘက်ခြမ်းနှင့် အမှန်တကယ် ကွာခြားနေမှုကြီးမှာ ကြီးမားလွန်းလှသည်။

” မြောက်ဘက်ခြမ်းက ကျွန်တော်တို့ကို အသာစီးရရနေတာ နှစ်အများကြီးရှိပြီ။ လက်ရွေးစင်တိုက်ပွဲတွေလာတိုင်း ကျွန်တော်တို့ဘက်ကပဲ အမြဲရှုံးရတာ။ နောက်ဆုံးအကြိမ်တုံးကဆို ထိပ်ဆုံးဆယ်ယောက်ထဲက ကိုးယောက်က မြောက်ဘက်ခြမ်းကလူတွေချည်းပဲဗျ။ တော်တော်လေး ရှက်ဖို့ကောင်းပါတယ်ဗျာ။ ကျွန်တော်တို့မှာ…..” ရွှီပေါက်ချိုင်က ပြောရင်းဆိုရင်း ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်မှ ထူးဆန်းသောအမူအရာတစ်ခုကို သတိထားမိလိုက်သည်။

” ဂိုဏ်းတူဦးလေးပိုင်။ ဦးလေးနေရောကောင်းရဲ့လား။”

ပိုင်ရှောင်ချန်းက မေးချက်ချင်းငေါ့ကာ ခက်ထန်သောအမူအရာဖြင့်ပြောလိုက်တော့သည်။ ” တောက်ဘက်ခြမ်းရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒီလိုမျိုးတွေကြားရတာ ငါ ဒေါသတော်တော်ထွက်နေပြီ။”

” ဂိုဏ်းတူဦးလေးပိုင်ရာ စိတ်တိုစရာမလိုပါဘူး။ဒီတစ်ခေါက်က ဦးလေးပါပြီဆိုတော့ တောင်ဘက်ရဲ့အစွမ်းတွေကို မြောက်ဘက်ကောင်းကောင်းကြီးသိသွားတော့မှာပါ။” ရွှီပေါက်ချိုင်က လက်သီးဆုပ်လိုက်ရင်း စိတ်လှုပ်တရှား ပြောနေတော့သည်။

ပိုင်ရှောင်ချန်းမှာ ယခုအခါတွင် စင်မြင့်ပေါ်သို့တွန်းတင်ခံလိုက်ရသော အနေအထားရောက်သွားသဖြင့် စင်အောက်ပြန်ဆင်းရန် မလွယ်တော့ကြောင်းသိလိုက်သည်။ ထို့ကြောင့် သူက မတ်မတ်ရပ်ပြီး မေးငေါ့ကာ အင်္ကျီလက်ကိုခါရမ်းပြီး တည်ကြည်စွာ ဆိုလိုက်တော့သည်။ ” မြောက်ဘက်ခြမ်းက ဘာကောင်တွေမလို့တုံး။ ငါပိုင်ရှောင်ချန်း..လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ အဲ့ကောင်တွေအကုန် ပြာကျသွားစေရမယ်။”

ရွှီပေါက်ချိုင်ကမူ မိနစ်အနည်းငယ်မျှ စိတ်လှုပ်ရှားစွာ စကားအနည်းငယ်ထပ်ပြောကာ ထွက်ခွာသွားတော့သည်။

ထိုအချိန်တွင် ညဥ့်နက်နေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းကမူ ရွှီပေါက်ချိုင်သူ့ကိုပြောခဲ့သည့် လူငါးယောက်အကြောင်းတွေးတောက ခြံဝန်ထဲတွင် မတ်တတ်ရပ်နေတော့သည်။ ထို့နောက် လေတစ်ချက်တိုက်ခတ်သွားပြီး သူ၏နောက်ဘက်မ အေးစိမ့်စိမ့်အငွေ့အသက်ကို ခံစားလိုက်ရသည်။

” မြောက်ဘက်ခြမ်းကလူတွေက ဘယ်လိုမျိုးတွေလဲ။ သူတို့က သားရဲတွေရော ပိုးကောင်တွေရော ဝိညာဥ်တွေရော မွေးထားကြတာပဲ။ ကြောက်စရာပါလား ” ထို့နောက် ရွှီပေါက်ချိိုင်ပြောထားသောအရာများနှင့် ရှုပ်ရှက်ခတ်နေသော အတွေးများ တပွေ့တပိုက်နှင့် သစ်သားအိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။

သူ၏ လက်ရှိအခြေအနေအကြောင်းကို သူပိုတွေးတောလေ ထိုအခြေအနေမှာ ပို၍ထူးဆန်းလာလေဖြစ်သည်။ အဆုံးတွင် သူက ကောက်ချက်ချလိုက်တော့သည်။ ” အကြီးအကဲ ငါ့ကိုလိုက်ဖမ်းတာ တမင်ကြိုတင်စီစဥ်ထားနေမှာ။”

” သောက်ကျိုးနည်း…. ငါ့ဘဝမှာအမုန်းဆုံးက တိုက်ခိုက် သတ်ဖြတ်တာတွေပါဆိုနေမှပဲ။”
သူက ထိုသို့ညည်းညူလိုက်ပြီး ဤကမ္ဘာပေါ်ရှိမည်သည့်အရာကမှ သူ့ကို လက်ရွေးစင်တိုက်ပွဲများတွင်ဝင်ရောက်ယှဥ်ပြိုင်အောင်လုပ်နိုင်မည်မဟုတ်ဟု ဆုံးဖြတ်လိုက်တော့သည်။

နောက်နေ့မနက် အရုဏ်ချိန်သို့ရောက်သော် သူက လက်ရွေးစင်တိုက်ပွဲများကိုရှောင်ရှားရန်ပင် မကြံစည်ရသေးသည့်အချိန်တွင်ပင် အမိန့်ပေးကျောက်စိမ်းပေလွှာတစ်ခုက မွှေးရနံ့တိမ်တောင်ထိပ်မှ အနက်ရောင်အလင်းတန်းတစ်ခုနှင့်အတူ ကျလာတော့သည်။ ထိုပေလွှာထဲမှ လီချင်းဟောက်၏ အသံကိုကြားနိုင်ပေသည်။

” ပိုင်ရှောင်ချန်း။ မင်းက တောင်ဘက်ခြမ်းရဲ့ အရည်ချင်းစစ်ပွဲမှာ နံပါတ်တစ်နေရာ ရထားတာ။ လာမဲ့လတစ်ဝက်အတွင်း အခြားကိုးယောက်နဲ့ပေါင်းပြီး တောင်ဘက်နဲ့မြောက်ဘက်ပူးပေါင်းကျင်းပတဲ့ လက်ရွေးစင်တိုက်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်ရမယ်။ မယှဥ်ပြိုင်ဘူး ဘာညာ လုပ်လို့ကတော့ မြွေတစ်သောင်းတောင်ကြားထဲ ပစ်ချခံရမယ်သာမှတ်။”

“လာပြန်ပြီကွာ…” ပိုင်ရှောင်ချန်းမှာ ညည်းညူနေတော့သည်။ အကြီးအကဲကျိုး၏ ကလိမ်ကျခြင်းကို သူခံလိုက်ပြီဖြစ်ကြောင်း ထင်သွားတော့သည်။

လီချင်းဟောက်၏အသံ တဖြည်းဖြည်းတိုးသွားပြီး ကျောက်စိမ်းပေလွှာပျောက်ကွယ်သွားသောအခါ လက်ပတ်လေးတစ်ခုပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်း အရှေ့သို့ ပျံဝဲလာတော့သည်။

သူက ထိုလက်ပတ်ကို အံ့သြစွာကြည့်လိုက်ပြီး စိတ်စွမ်းအင်အချို့ကို ထိုထဲသို့ စီးဝင်စေလိုက်သည်။ ထိုအခါ ထိုလက်ပတ်က ချက်ချင်းပင် အနက်ရောင်အရည်တစ်ခုအဖြစ် အရည်ပျော်သွားပြီး ပိုင်ရှောင်ချန်း၏ လက်ကောက်ဝတ်ကိုပတ်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

အနည်းငယ်ကြာသောအခါ ထိုပစ္စည်း၏မှော်အစွမ်းကို အသုံးပြုပုံအကြောင်းရှင်းပြနေသည့် လီချင်းဟောက်၏အသံကို ပိုင်ရှောင်ချန်းက ကြားလိုက်ရသည်။ ထိုလက်ပတ်မှာ
ကနဦး အခြေခိုင်မာခြင်းအဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားအပြည့်ဖြင့်တိုက်ခိုက်မှုများကို ကာကွယ်န်ိုင်သည်။

ပိုင်ရှောင်ချန်းမှာ တုန်ရီနေတော့သည်။ သူသည် ဂိုဏ်း၏လူသစ်တစ်ယောက်မဟုတ်တော့သည့်အတွက် ယခုလိုမျိုး ပစ္စည်းတစ်ခု၏ တန်ကြေးကို ကောင်းကောင်းသိသည်။ ဂိုဏ်းခေါင်းဆောင်သူ့ကိုပေးသော နတ်ကြိုးကြာဒိုင်းကာများထက် တန်ဖိုးမနည်းသည်မှာတော့ အမှန်ပင်။ ပိုင်ရှောင်ချန်းမှာ မနေနိုင်တော့ပဲ မွှေးရနံ့တိမ်တောင်၏ထိပ်သို့ မော့ကြည့်လိုက်တော့သည်။

ပစ္စည်းအကြောင်းကို အကြမ်းဖျင်းမိတ်ဆက်ပြရုံမှလွဲ၍ လီချင်းဟောက်က အခြားအရာများကို မပြောသော်လည်း ပိုင်ရှောင်ချန်းမှာ ထိုလက်ပတ်ကို ကြည့်လိုက်သောအခါ နွေးထွေးသောခံစားချက်တစ်ခုကို ရလိုက်လေသည်။ ထို့နောက် လွန်ခဲ့သောနှစ်များစွာက အသေးစားပြိုင်ပွဲတွင်ဝင်ပြိုင်ခဲ့စဥ်က လီချင်းဟောက်မျက်နှာပေါ်ရှိ မျှော်လင့်ချက်အပြည့်နှင့်အကြည့်ကို ပြန်သတိရသွားတော့သည်။

အနည်းငယ်ကြာသောအခါ သူက အံကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

” ကောင်းပြီ။ လက်ရွေးစင်တိုက်ပွဲတွေထဲ ငါဝင်ပြိုင်မယ်။ “


Comment

Leave a Reply

Options

not work with dark mode
Reset