Switch Mode

အခန်း ( ၈၄ )

လက်ဖျားခါလောက်သည့် အမြန်နှုန်း

ဒေါသတကြီး အော်ဟစ်သံကြောင့် ပိုင်ရှောင်ချန်းမှာ ထိတ်လန့်သွားပြီး လေထဲသို့ပင် ထခုန်မိတော့သ​ည်။ နောက်သို့လှည့်ကြည့်လိုက်ပြီး အကြီးအကဲကျိုးက သူ့ဆီသို့ ရန်လိုသောအမူအရာ​ဖြင့် အပြေးလာနေသည်ကို မြင်လိုက်ရသောအခါ သူမျက်လုံးပြူးသွားပြီး ကြောက်လန့်လွန်း၍ သတိ​မေ့မျောလုမတတ်ဖြစ်သွားသည်။

အကြီးအကဲကျိုးမှာ သတ်ဖြတ်လိုသော အ​ငွေ့အသက်များ တထောင်းထောင်းထနေသည့် မိစ္ဆာကောင်ကြီးနှင့်တူနေတော့သည်။ သူက ပိုင်ရှောင်ချန်းကိုအ​သေသတ်မည်ဟု အော်ဟစ်နေခြင်းမဟုတ်ပဲ သူ၏ဖီးနစ်ငှက်ကဲ့သို့ ပြန်ခံစားရအောင်လုပ်မည်ဟုသာ အော်လိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ထိုဖီးနစ်ငှက်က မွှေးရနံ့တိမ်တောင်ပေါ်ရှိ အခြားငှက်များကို တစ်ရက်တာတိတိ လိုက်လံခုန်အုပ်ခဲ့ပြီးနောက် ဖြစ်သွားသည့်အရာကို ပိုင်ရှောင်ချန်းက ကောင်းကောင်းကြီးသိသ​ည်။ ထိုအဖြစ်အပျက်ကို တွေးကြည့်ရုံနှင့်ပင် သူ၏ ကြက်သီးမွှေးညင်းများမှ ထလာတော့သ​ည်။

ထိုဖီးနစ်ငှက် နေရာမှာ သူဆိုလျှင် မည်သို့များဖြစ်နေမည်နည်းဟု တွေးကြောက်ကာ မျက်လုံးများပြူးနေတော့သည်။ တုန်တုန်ရီရီနှင့် သူကရှေ့သို့ကြည့်ကာ အရှိန်တင်ပြေးလေတော့သ​ည်။

သူက သူရဲဘောကြောင်သူတစ်ယောက်မဟုတ်ပေ။ သေရမည်ကို ကြောက်ခြင်းသာဖြစ်သည်။ သို့သော်လည်း ယခုအရာများ ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသည်။ ထို့အပြင် ဤကမ္ဘာပေါ်တွင် သေခြင်းတရားထက် ပို၍ကြောက်စရာကောင်းသည်များ ရှိသေးသည်မဟုတ်ပါလော။ ဥပမာအားဖြင့် ဖီးနစ်ငှက်တစ်ကောင် အသွင်ပြောင်းလဲခံရခြင်း ကဲ့သို့အရာများပင်…။

ထိုအကြောင်းကိုတွေးမိလိုက်သောအခါ ပိုင်ရှောင်ချန်းမှာ မနေနိုင်တော့ဘဲ ငယ်သံပါအောင် အော်ဟစ်နေတော့သည်။
” ဂိုဏ်းတူအစ်ကိုကြီး… ကျုပ်ကို ကယ်ပါအုံးဗျာ။ ငှက်တစ်ကောင်ပုံစံတော့ အပြောင်းမခံချင်ဘူး ”

ပွဲကြည့်စင်ပေါ်တွင်မူ ကျိန်းယွမ်သုန်က ချောင်းဟန့်ကာ မကြားချင်ယောင်သာ ဆောင်နေတော့သည်။

ဤကဲ့သို့ မြန်ဆန်ပြီး ပြင်းထန်လှသော စိတ်ခြောက်ခြားစရာများကြောင့် ပိုင်ရှောင်ချန်းက သွေးပျက်ခမန်း ဆက်တိုက်အော်ဟစ်နေတော့သည်။ တချိန်ထဲမှာပင် သူက ပြေးနေသည့် အရှိန်ကို ချက်ချင်းတင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ပုံရိပ်ယောင်များအဖြစ်ပြောင်းလဲသွားပြီး နောက်ဆုံးနေရာတွင် ပြေးနေသော ဂိုဏ်းသားများဆီသို့ ပြေးသွားတော့သည်။ ထိုဂိုဏ်းသားများမှာ သူတို့နောက်တွင် လေထုကြီးက ဖိနှိပ်လာသလိုခံစားလိုက်ရပြီး ပိုင်ရှောင်ချန်းက သူတို့ကို လျင်မြန်စွာဖြတ်ကျော်သွားသောအခါ အံအားသင့်စွာ ငေးကြည့်ပြီး ကျန်ခဲ့တော့သည်။

” ဘယ်လို… ဘယ်လိုအမြန်နှုန်းနဲ့ သူပြေးနေတာတုံး ” လူတိုင်းက ထိုမြင်ကွင်းကြောင့် တုန်လှုပ်နေစဥ်မှာပင် အကြီးအကဲကျိုးက ပိုင်ရှောင်ချန်းနောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်ကို ထပ်မြင်လိုက်ရသည်။ ထို မြင်ကွင်းကြောင့် ဂိုဏ်းသားများစွာ မှင်တက်နေတော့သည်။

ပရိိသတ်ထဲက အပြင်စည်းဂိုဏ်းသားများမှာ ဖြစ်ပျက်နေသည်များကိုကြည့်ရင်း အံ့အားသင့်လွန်းလှ၍ မျက်လုံးများ အပြူးသားဖြစ်နေကြတော့သည်။

” ပိုင်ရှောင်ချန်း အဲ့လောက်ကြီး မြန်နေတာ ငါယုံတောင်မယုံနိုင်ဘူး။”

” ကြည့်ရတာ နောက်ကလိုက်ဖမ်းခံရလို့ သူက ပုံမှန်ထက်ပိုမြန်နေတဲ့ ပုံပဲ။”

ပရိတ်သတ်ထုကြီးမှာ ဆူညံပွက်လောရိုက်နေတော့သည်။ ပိုင်ရှောင်ချန်းကမူ ငိုချင်နေသောလ​​ည်း မျက်ရည်မှာထွက်မလာပေ။ ကြောက်လန့်လွန်းလှ၍ အသက်လုကာထွက်ပြေးနေသည်မှာ လန့်ဖျပ်၍မှင်တက်နေသည့် ဂိုဏ်းသားများကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်လာသည်အထိပင်။ ထိုဂိုဏ်းသားများထဲက တစ်ယောက်ဆိုလျှင် အကျော်တက်မခံချင်သဖြင့် အံကြိတ်ကာ တတ်နိုင်သမျှ အရှိန်အကုန်တင်၍ ပြေးနေပါသော်လည်း ပိုင်ရှောင်ချန်းက သူ့ကိုကျော်တက်ပြီး အဝေးသို့ရောက်သွားသည်ကို ရင်နာနာနှင့် ကြည့်လိုက်ရသည်။

“သောက်ကျိုးနည်းကွာ။ သူပြေးနေတာ အမြီးအနင်းခံရတဲ့ ကြွက်ထက်တောင် မြန်နေပါရော့လား ”

ယခုတွင်မူ တံတားပေါ်နှင့် တံတားပေါ်မှမဟုတ်သော ဂိုဏ်းသားများက ပိုင်ရှောင်ချန်း၏ ကြောက်မက်ဖွယ် အမြန်နှုန်းကြောင့် လုံးဝ တုန်လှုပ်နေကြတော့သည်။ ပွဲကြည့်စင်ရှိ ဂိုဏ်းခေါင်းဆောင်နှင့်အခြားလူများပင် သူတို့မြင်နေရသည်ကို မယုံနိုင်၍ ပါးစပ်အဟောင်းသား ဖြစ်နေကြတော့သည်။

လီချင်းဟောက်က ခြောက်ကပ်ကပ်ပြုံးလိုက်ရင်း ကျိန်းယွမ်သုန်ကို လှမ်းကြည့်ကာ ရွှတ်နောက်နောက် ပြောလိုက်သ​ည်။
“ဂိုဏ်းခေါင်းဆောင်က ဘယ်လိုကိုင်တွဲရမလဲ သိသားပဲ ”

ရွှီမေ့ရှန်းနှင့် မြစိမ်းတောင်မှ အဘိုးကြီး၏ မျက်နှာများတွင်မူ ထူးဆန်းသောအမူအရာများပေါ်နေသည်။ ဘေးနားရှိ အခြားအကြီးအကဲများကမူ မထိန်းနိုင်တော့ဘဲ တဟားဟား ရယ်မောနေကြတော့သည်။

ကျိန်းယွမ်သုန်ကမူ ချောင်းဟန့်ကာ တည်ကြည်စွာဆိုလိုက်သ​ည်။
“ဒီလို ခေါင်းမာပြီး ပြောင်​ချော်နေတဲ့ ကလေးကို ဒီနည်းနဲ့ပဲ နိုင်တော့မှာ။”

တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းမှာ ပိုမိုမြန်လာသဖြင့် ပရိတ်သတ်ကြီးမှာ ပို၍ပင် ဆူညံလာတော့သည်။

” ဂိုဏ်းသားတစ်ဝက်လောက်ကို သူကျော်သွားပြီပဲ။ ဒီပုံစံအတိုင်းဆို ထိပ်ဆုံးအယောက်တစ်ရာထဲ သူပါမှာ အသေအချာပဲ။”
ပရိတ်သတ်အချို့ဆိုလျှင် သူ့ကို အားပေးနေကြချေသည်။

” ပြေးထား ဂိုဏ်းတူဦးလေးပိုင်။ ပြေးထား။”

သို့သော်လည်း ထိုအချိန်တွင် တံတားပေါ်ရှိ ကျောက်တုံးများက ရုတ်တရက် တုန်ခါလာပြီး အရုပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအရုပ်များက အရောင်လက်နေသော မျက်လုံးများဖြင့် ပြေးလာနေသော ဂိုဏ်းသားများဆီသို့ ခုန်အုပ်လိုက်ကြတော့သည်။

ထိပ်ဆုံး​နေရာတွင်ရှိသော ရှမ်ကွမ်းထျန်ယုံကမူ အမူအရာမပျက်ပဲ ဓားတစ်ချောင်းကို လေထဲသို့ဝှေ့ယမ်းလိုက်သောအခါ အရုပ်များစွာ ပေါက်ကွဲသွားကြတော့သည်။ သူက အနည်းငယ်မျှ အရှိန်လျော့ကျမသွားပဲ ထိပ်ဆုံးနေရာကို ဦးဆောင်ထားဆဲဖြစ်သည်။

သူ၏နောက်တွင် ကပ်ပါလာသူများမှာ လုထျန်းလဲ့၊ ကျိုးရှင်းချီနှင့် သူတို့၏ကျင့်ကြံခြင်းအခြေခံများနှင့် သရုပ်မှန်များကို ဖုံးကွယ်ထားကြသော လူအနည်းငယ်ဖြစ်သည်။ ထိုတစ်အုပ်စုလုံးကလည်း အရုပ်များကို အလွယ်တကူ ဇီဝိန်ခြွေကာ ရှေ့သို့ အရှိန်အပြည့်ဖြင့် ဆက်ပြေးနေတော့သည်။

ပိုင်ရှောင်ချန်း၏ ဘေးနားတွင်လ​ည်း အရုပ်များ ပေါ်လာသ​ည်။ သူက စိုးရိမ်စိတ်အပြည့်ဖြင့် ထိုအရုပ်များ သူ့နားကပ်လာသည်ကိုကြည့်နေရင်း တိုက်ခိုက်ရန်ပြင်လိုက်ပါသော်လည်း သူ၏နောက်တွင် အကြီးအကဲကျိုးက ချဥ်းကပ်လာသဖြင့် လေပြင်းတစ်ချက်တိုက်ခတ်သံကို ကြားလိုက်ရသည်။

” ငါ စိတ်ပြောင်းသွားပြီ ပိုင်ရှောင်ချန်းရေ။ မင်းကိုဖမ်းမိပြီးရင် ငါ့ဖီးနစ်ငှက်အတိုင်းခံစားရအောင် မလုပ်တော့ဘူး။ တခြားငှက်တွေခံစားရတဲ့ နာကျင်မှုတွေကို မင်းပြန်ခံစားရအောင်ပဲလုပ်ပေးတော့မယ် ” ထိုသို့ပြောရင်း သူက ကြောက်မယ်ဖွယ်ကောင်းစွာ ရယ်​​မော နေတော့သည်။ ထိုအချ်ိန်တွင် သူက တတ်နိုင်သမျှ အစွမ်းအကုန်ထုတ်ကာ ပိုင်ရှောင်ချန်းကို ရန်စရန် ကြိုးပမ်းနေတော့သည်။

အကြီးအကဲကျိုး၏စကားများကို ကြားသောအခါ ပိုင်ရှောင်ချန်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများ ဦးနှောက်ထဲသို့ ဆောင့်ဝင်သွားသည့်အလား ခံစားလိုက်ရပြီးအမြင်အာရုံများမှာ ဝေဝါးသွားတော့သည်။ ငှက်များ၏ သနားစဖွယ် ဖြစ်ရပ်များ၊ ဝိညာဥ်အမြီးကြက်များ၏ ဝေဒနာအပြည့်ဖြင့် အော်ငိုသံများနှင့် ဖီးနစ်ငှက်ကြီး၏ တောင့်တင်းသော ခန္ဓာကိုယ်ကြီးများ အကြောင်းကို ပြန်တွေးမိသွားတော့သ​ည်။ ထို့နောက် သူ၏ဘဝတစ်လျှောက်လုံး အစူးရှဆုံးနှင့် အနာကျင်ဆုံး အသံနက်ကြီးတစ်ခုဖြင့် အော်ငိုလိုက်တော့သည်။

“ကယ်ကြပါအုံးဗျာ။ ကျုပ်ကို တက်ပြီးခုန်အုပ်မခံချင်ဘူးဗျ။”

ယခုအခါ သူ့ကို လောချိန်မျိုးနွယ်စု လိုက်ဖမ်းစဥ်ကထက်ပင် သူပို၍ ကြောက်လန့်နေတော့သ​ည်။ သူ၏ဘဝတစ်လျှောက်လုံးတွင် ထိုကဲ့သို့ တစ်ခါမှ ရန်စခြင်းမခံရဘူးပေ။ သူအော်ဟစ်တုန်ရီနေချိန်တွင် သူ၏အရေပြားထဲမှ ငွေရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး သူ့ကို ငွေသားဖြင့်ပြုလုပ်ထားသည့် အရာတစ်ခုဖြစ်သွားလုနီးပါးအထိ ဖုံးအုပ်သွားတော့သည်။

ထိုအချိန်တွင် သူ၏အမြန်နှုန်းမှာ နောက်တစ်ဆင့်ထပ်မြင့်သွားတော့သ​ည်။ အကြီးအကဲကျိုးက သူ့နားကပ်လာသောအခါ သူက လန့်ဖျပ်သွားသောတောဝက်တစ်ကောင်အလား လျင်​မြန်စွာ ပြေးထွက်သွားတော့သည်။

ဒုန်း… ဒုန်း… ဒုန်း…။

သူ၏ပြေးနေသော အရှိန်မှာ မြန်လွန်းလှသဖြင့် သူ့နားကပ်လာသော အရုပ်များမှာ ချက်ချင်းပင် လေထဲသို့ လွင့်စင်သွားကြတော့သည်။ သူ့ပုံစံမှာ မျက်စိကျိန်းလောက်သော အမြန်နှုန်းဖြင့် ပစ်ခတ်နေသော မိုးကြိုးတန်းများ အလားပင်။

ခပ်ဝေးဝေးက ကြည့်လျှင်မူ ပိုင်ရှောင်ချန်းကို မမြင်ရတော့ပဲ အရုပ်ပေါင်းများစွာ လေထဲသို့ မြောက်တက်လာသည်ကိုသာ မြင်နိုင်တော့သ​ည်။

သူသည် အရင်ကထက် ပို၍လျင်မြန်စွာ ပြေးနေသဖြင့် ထိပ်ဆုံးအယောက်လေးရာကို တစ်ခဏအတွင်းကျော်တက်သွားပြီး ထိပ်ဆုံးအယောက်သုံးရာထဲသို့ ရောက်သွားတော့သည်။ ထို့နောက် ထိပ်ဆုံးအ​ယောက်နှစ်ရာ။ ထို့နောက်… အဆုံးတွင် ထိပ်ဆုံးအယောက်တစ်ရာထဲသို့ ရောက်သွားတော့သ​ည်။

သူပြေးနေသည်မှာ မြန်လွန်းလှသည်။

မရေမတွက်နိုင်သော ဂိုဏ်းသားများကိုကျော်သွားသောအခါ ထစ်ချုန်းသံများက ပဲ့တင်ထပ်နေပြီး ထိုဂိုဏ်းသားများမှာ အရူးတပိုင်းပြေးနေသော ပိုင်ရှောင်ချန်းကို တအံ့တသြငေးကြည့်ရင်း ကျန်ခဲ့ကြတော့သ​ည်။သူက ထွက်ပြေးနေရင်း အာပြဲကြီးနှင့်အော်ဟစ်နေပြီး မျက်လုံးများမှာလ​ည်း နီမြန်းကာ ပြူးထွက်နေတော့သ​ည်။ အကြီးအကဲကျိုး၏ အဖမ်းမခံရရန် သူ့ကိုယ်သူ ကျိန်ဆိုနေတော့သည်။

နတ်မီးလျှံစမ်းသပ်ပွဲအကြောင်းကို သူကမေ့သွားပြီဖြစ်သည်။ အဆင့်တွေကိုလည်း သူကမေ့သွားပြီဖြစ်သည်။ သူ့အတွေးထဲတွင် တံတားအဆုံးထိ ထွက်ပြေးရန်လိုအပ်သည်ဆိုသော အတွေးသာ ရှိတော့သည်။

သူ၏လမ်းတွင်ပိတ်နေသော ဂိုဏ်းသားများကိုမူ သူက အနှောင့်အယှက်များအလား သဘောထားပြီး ကိုင်မြှောက်က ဘေးဘက်သို့ ဝဲလိုက်တော့သည်။

ပရိတ်သတ်ကြီးကမူ ကြက်သေသေလျှက်သာ ကြည့်နေနိုင်တော့သည်။

“သူ….သူက လူရောဟုတ်ရဲ့လား။”

” လူတော့မဖြစ်နိုင်ဘူး။ သူ့ပုံစံက တောဝက်ရူးနဲ့ နဂါးတစ်ကောင်ပေါင်းစပ်ထားတာကြနေတာပဲ။”

ပိုင်ရှောင်ချန်းက သူ၏လမ်းတစ်လျှောက်ရှိ အရာများကိုမရှောင်တိမ်းပဲ တည့်တည့် ဝင်တိုက်ကာ တွန်းထုတ်ပြီး ပြေးနေသည်ကို မြင်လိုက်ရသောအခါ အကြီးအကဲကျိုးက တအံ့တသြကြည့်နေတော့သ​ည်။ ပိုင်ရှောင်ချန်းကို စမိတာ လွန်များသွားပြီလားဟု အကြီးအကဲ ကျိုး တွေးမိနေတော့သည်။

​ပိုင်ရှောင်ချန်း ပြေးလွှားနေသည်မှာ မည်သည့်အရာမှ သူ့ကို နှေးသွားအောင်လုပ်နိုင်မည့် ပုံစံမရှိသည့်အလား။ သူ၏ အမြန်နှုန်းမှာ ဖော်ပြ၍ မရနိုင်လောက်သော အဆင့်ထိ ရောက်ရှိနေပါသော်လည်း သူကအရှိန်ထပ်၍ တင်နေပြန်သေးသည်။ ထို့နောက် ထစ်ချုန်းသံများနှင့်အတူ အတားအဆီးအသစ်တစ်ခုမှာ ပေါ်ထွက်လာပြန်သည်။ အရုပ်များအစား မရေမတွက်နိုင်သော ပင့်ကူအိမ်များက ဘွားခနဲပေါ်လာပြီး ဂိုဏ်းသားများအရှေ့တွင် ဆန့်တန်းနေသဖြင့် သူတို့အရှိန်မှာ နှေးကွေးသွားတော့သ​ည်။

သို့သော်လည်း ပိုင်ရှောင်ချန်းရှေ့တွင် ပင့်ကူအိမ်တစ်ခုပေါ်လာသည့်အချိန်မှာပင် သူက ထိုပင့်ကူအိမ်ကို ဝင်တိုက်ကာ ဖောက်ထွက်သွားသဖြင့် အပေါက်ကြီးတစ်ပေါက်သာ ကျန်ခဲ့တော့သည်။ ပင့်ကူကြိုးများက သူ၏အမြန်နှုန်းကို အနည်းငယ်မျှပင် မလျှော့ချနိုင်ပဲ တဖောက်ဖောက်မြည်ကာ ပျက်စီးသွားရတော့သည်။

သူ၏လျင်မြန်လှသော အမြန်နှုန်းကြောင့် သူက နှစ်ဖက်သွားဓားတစ်ချောင်းကဲ့သို့ ချွန်ထက်သော ဓားတစ်လက်ဖြစ်သွားသည့်အတိုင်းပင်။

ထို့နောက် မြေကြီးမှာ လှိုင်းဂယက်များထလာပြီး ရေဝဲကြီးများထနေသော ရွှံ့ဗွက်အိုင်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုသို့ရုတ်ချည်းပြောင်းလဲမှုကြီးကြောင့် လူများစွာ အရှိန်လျော့ကျသွားရသော်လည်း ပိုင်ရှောင်ချန်းမှာ ဘာမှမဖြစ်ပေ။ သူက ဘာဖြစ်နေသလဲကိုပင် သိဟန်မရှိချေ။ သူရှေ့သို့ ပြေးသွားတိုင်း လေထုထဲမှ ဝီခနဲ ​မြည်သံသာ ထွက်ပေါ်လာတော့သည်။ လှည့်ပတ်နေသော ရေဝဲကြီးများပင်လျှင် သူ၏ အရှိန်ကို မလျှော့ချနိုင်ပေ။

မကြာမီ သူက ထိပ်ဆုံးအယောက် ရှစ်ဆယ်ထဲသို့ ရောက်သွားသည်။ ထို့နောက် ထိပ်ဆုံး အယောက် ငါးဆယ်… သုံးဆယ်… အဆုံးတွင် ထိပ်ဆုံးဆယ်ယောက်ထဲထိ ဝင်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် အကြီးအကဲကျိုးက မှင်တက်နေတော့သည်။ သူပင် ထိုသို့ဖြစ်နေပုံကိုထောက်လျှင် ပရိတ်သတ်ထဲမှ ဂိုဏ်းသားများကိုမူ ထည့်ပြောစရာပင်မလိုတော့ပေ။ မျက်လုံးအားလုံးက ပိုင်ရှောင်ချန်းအပေါ် ရောက်နေကြသ​ည်။ ရှမ်ကွမ်းထျန်ယုံနှင့် အခြားထိပ်ဆုံးကလူများကို ကြည့်နေသူ တစ်ယောက်မှ မရှိပေ။

ပိုင်ရှောင်ချန်း၏ အရှေ့တွင် အေးစက်ပြီး ရက်စက်သောမျက်လုံးတစ်စုံနှင့် ထိပ်​ပြောင်ပြောင် လူငယ်တစ်ယောက်ပေါ်လာသည်။ သူ၏တိုက်ပွဲစွမ်းအားများကို သူကနှစ်ပေါင်းများစွာ ဖုံးကွယ်ထားသည်ဖြစ်ပြီး အခြားလူများနှင့်လည်း အဆက်အသွယ် သိပ်မလုပ်ပေ။ ယနေ့ သူ၏ပန်းတိုင်မှာ လူတိုင်း၏ပါးစပ်ဖျားက ထိုလက်ရွေးစင်သုံးယောက်ကို ပြင်ပလောကတွင် သူတို့ထက်ပို၍ အင်အားကြီးသူများရှိသေးကြောင်း သင်ခန်းစာပေးလိုခြင်းပင် ဖြစ်သည်။

သူ့တစ်ကိုယ်လုံးမှ အလင်းရောင်များက တဖျပ်ဖျပ်လက်နေသည်။ ပုလဲလုံး သုံးလုံးက သူ၏ပတ်ပတ်လည်တွင် ပျံဝဲနေပြီး ထိုပုလဲလုံးများကြောင့် သူက အတားအဆီးများကို ဝါးပင်အား ဓားထက်ထက်တစ်ချောင်းဖြင့် ခုတ်ထစ်လိုက်သည့်အလား ကျော်ဖြတ်နိုင်နေတော့သည်။ သူရှေ့သို့ ထပ်ပြေးလိုက်သောအခါ ရေဝဲတစ်ဒါဇင်လောက်က သူ့ဘေးနားတွင် ပေါ်လာတော့သည်။ သို့သော်လည်း သူ၏အရှိန်အဟုန်အတိုင်း ဆက်ပြေးပါက ထိုရေဝဲများ ပျောက်ကွယ်သွားမည်ကို သူကသိသည်။

” မင်းစွမ်းအားကြီးလေလေ ရေဝဲပိုများများထွက်လာလေပဲ။ ငါ့ရှေ့ကလူတွေ ဒီနေရာကိုဖြတ်တုံးက ရေဝဲဘယ်နှစ်ခုများ ပေါ်လာပါလိမ့်။ တော်တော် တုန်လှုပ်ဖွယ်ကောင်းတဲ့ မြင်ကွင်းကြီးတစ်ခု ဖြစ်မှာတော့ အသေအချာပဲ။” ထိုထိပ်ပြောင် ဂိုဏ်းသားက သူ့ကိုသူရေရွတ်နေရင်း သူ၏နောက်မှ ဝီခနဲဖြတ်သန်းသွားသော အသံတစ်သံကို ကြားလိုက်ရသည်။ သူက အံ့အားသင့်သွားပြီး သူနားကြားမှားနေခြင်းဖြစ်ကြောင်း ထင်လိုက်သ​ည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော အရှိန်မျိုးဖြင့် လေကိုခွင်းသွားနိုင်လောက်သောလူ ဤနေရာတွင်မရှိသောကြောင့်ပင်…။

သို့သော်လည်း သူလှည့်မကြည့်ရသေးခင်မှာပင် သူ့ကိုလေထုတစ်ခုက ဖုန်းလွှမ်းသွားပြီး လူရိပ်တစ်ခုက သူ့ကို လျင်မြန်စွာကျော်တက်သွားတော့သည်။ ထိုလူကိုကား ရေဝဲတစ်ရာကျော်က ဝန်းရံနေတော့သည်။

ထိုလူရိပ်က သူ့ကိုကျော်တက်သွားရင်း အရှိန်အနည်းငယ်လေးမျှ လျော့မသွားသည်ကို ကြည့်ကာ ထိပ်ပြောင်ဂိုဏ်သားမှာ မျက်လုံးများပြူးနေတော့သည်။ ထိုဂိုဏ်းသားက အမြင်များမှားသလားဟု တွေးရင် မျက်လုံးများကိုပွတ်လိုက်တော့သည်။ မျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင် သူ့အားကျော်တက်သွားသည့် လူကို ခပ်ရေးရေးသာ မြင်ရတော့သည်။

“မဖြစ်နိုင်ဘူး…” သူက ထိတ်လန့်စွာ ရေရွတ်လိုက်တော့သည်။

ရေဝဲတစ်ရာကျော် ဝန်းရံခံထားသဖြင့် တုန်ရီနေသော ပိုင်ရှောင်ချန်းကမူ အော်ဟစ်ရင်း ရှေ့သို့ဆက်ပြေးနေတော့သည်။ သို့သော်လည်း လက်ရှိနေရာတစ်ခုကို ကျော်ဖြတ်ပြီးသွားသောအခါ ​ရေဝဲများ ပျောက်ကွယ်သွားတော့သည်။ သူက အရှိန်တင်ကာ​ပြေးနေရင်း အခြားဂိုဏ်းသားများကိုပါ ကျော်တက်သွားတော့သည်။ သူတို့အားလုံးမှာ ထိပ်ဆုံးဆယ်ယောက်ထဲမှ လူများဖြစ်ပြီး သူတို့၏ စွမ်းအားများကို ယခုအချိန်မှ ထုတ်ကြွားရန် နှစ်ပေါင်းများစွာ ဖုံးကွယ်ထားကြသူများဖြစ်ကြသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းပေါ်လာသဖြင့် သူတို့အားလုံးမှာ ကြက်သေသေနေပြီး သူ၏ ရူးကြောင်ကြောင် လုပ်ရပ်များကို အံ့အားသင့်ကာ ငေးကြည့်နေရုံမှလွဲ၍ မတတ်နိုင်တော့ပေ။

ကျိုးရှင်းချီမှာ နေရာအသစ်တစ်ခုကို စဝင်နေရပြီဖြစ်၍ အံကြိတ်နေတော့သည်။ သူမကို ဖမ်းချုပ်တော့မည်အလား ဖိအားကြီးတစ်ခုက သူမအပေါ်ကျရောက်လာသဖြင့် သူမ၏အရှိန်မှာ လျော့သွားတော့သည်။

သို့သော်လည်း သူမ ရုန်းကန်ကာ ရှေ့သို့ဆက်ပြေးနေစဥ်မှာပင် သူမ၏နောက်မှ အက်ကွဲသံများကို ကြားလိုက်ရသည်။ ပါးစပ်အဟောင်းသားနှင့် ဘေးဘီဝဲယာသို့ ကြည့်လိုက်သောအခါ သူမ၏မျက်ဝန်းအိမ်များ ကျဥ်း​မြောင်းသွားပြီး မယုံကြည်နိုင်သည့် အရိပ်အယောင်များ မျက်နှာတွင် ထင်ဟပ်လာ၏။

ဘုန်းဟူသည့် မြည်ဟည်းသံ​ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်းက သူမကိုကျော်တက်သွားသည်။ သူ၏အရှိန်မှာ​မြန်လွန်းလှ၍ သူ့ကိုနှေးကွေးသွားစေမည့် ဖိအားမှာ သူ့အပေါ် အကျိုးသက်ရောက်မှု မရှိတော့ပေ။ အက်ကွဲသံများပေါ်ထွက်လာပြီး လေထုထဲတွင် အက်ကွဲကြောင်းများထလာကာ တစ်စစီကွဲကြေသွားတော့သည်။

” အဲ့တာ ပိုင်ရှောင်ချန်းမလား။ မဖြစ်နိုင်ဘူး ” သူမသည် ဘေးပတ်ပတ်လည်ရှိ ဖိအားများကို ဖောက်ထွက်ကာ လျှပ်စီးလက်သည့်အလား ပြေးထွက်သွားသော ပိုင်ရှောင်ချန်းကို ငေး၍ကြည့်ကာ ရေရွတ်နေတော့သည်။

Comment

  1. Anonymous says:

    အဆုံးထိ တင်ပေးပါဗျို့

  2. Anonymous says:

    မိုက်

Leave a Reply

Options

not work with dark mode
Reset