အပိုင်း(၂၉)

ကု့ချင်း ဝိညာဉ်

ရီဖူရှင်းက ဟွာဖန်းလူနှင့် ထွက်ခွာသွားပြီးသည့်တိုင် ချင်းကျူ ကျောင်းတော်မှ လူများကား စိတ်များ မငြိမ်မသက် ဖြစ်နေကြဆဲပင်။

ရီဖူရှင်း၏ ခိုင်မာသော ဆုံးဖြတ်ချက်အား မေ့နိုင်ရန် ခက်ခဲသည်။ ရာသီကုန် စာမေးပွဲတွင် မတရား ခွဲခြား ဆက်ဆံခံရသည်ကို လည်းကောင်း။ ကျောင်းတော်က ရီဖူရှင်းအားပေးသော အပြစ်ဒဏ်အား လည်းကောင်း သူတို့က စကားအများကြီး မပြောခဲ့ကြပေ။ မတရားခံခဲ့ရသည့်တိုင် ကျောင်းတော်၏ ဂုဏ်သိက္ခာအား သူတို့နှစ်ယောက်ကပင် ကာကွယ်ပေးခဲ့ကြသည်။ သို့သော်လည်း ကျောင်းတော်မှ အရေးပါသော ပုဂ္ဂိုလ်များက အာရုံစိုက်မှုကို ရသောအခါ သူတို့က ကျောင်းတော်မှ ထွက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

နောက်ဆုံးတွင် ဟွာဂျီယူနှင့် ရီဖူရှင်းတို့၏ ဆက်ဆံရေးမှာ ရှင်းလင်းသွားပြီ ဖြစ်ကာ ရီဖူရှင်းအပေါ် သူတို့၏မုန်းတီးမှုများမှာ ပျေက်ကွယ်သွားပြီ ဖြစ်သည်။ လူတိုင်းက ဟွာဂျီယူကဲ့သို့ အလှနတ်သမီးမှာ ရီဖူရှင်းနှင့် မထိုက်တန်ဟု တွေးဖူးကြသော်လည်း ယခုအား ထိုအတွေးမျိုး မရှိကြတော့ပေ။ ဖြစ်နိုင်သည်က သူမနှင့်ထိုက်တန်သော တစ်ဦးတည်းသောသူမှာ ရီဖူရှင်းပင် ဖြစ်လိမ့်မည်ဟု သူတို့ တွေးမိကြသည်။

ပုံမှန်အားဖြင့် ထိုအခြေအနေများက ရီဖူရှင်းအပေါ် မူရွန်ချူ၏မုန်းတီးမှုက ပိုမိုအားကောင်း လာစေသည်။

ကျောင်းအုပ် ရှီဇောင်အား ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော်လည်း သူ၏အဖော်များထဲမှ မည်သူမျှ သွားရောက် မကူညီကြပေ။ အားလုံးက မပျော်မရွှင်ဖြစ်ကာ ထွက်သွားကြသည်။ သူ၏အပြုအမူများကြောင့် ချင်းကျူ ကျောင်းတော်ကား အလွန် ထူးချွန်သော ကျောင်းသား သုံးယောက်ကို ဆုံးရှုံးခဲ့ရပေသည်။ အကယ်၍ အနာဂတ်တွင် ထိုသုံးယောက်မှာ နာမည်ကျော်ကြား လာသောအခါ ချင်းကျူ ကျောင်းတော်က သူတို့၏ ကျောင်းသားများ အတွက် ဂုဏ်ယူနိုင်မည် ဖြစ်သော်လည်း ယခုမူကား ထိုအခွင့်အရေးမျိုး ရှိတော့မည် မဟုတ်ပေ။

ရီဖူရှင်းကား မကြာခင်ကမှ သူထွက်လာခဲ့သော သူ၏ဆရာ နေထိုင်ရာ ခြံဝင်းထဲသို့ ပြန်ရောက်လာလေသည်။ သည်နေရာသို့ ပြန်ရောက်လာခြင်းက အနည်းငယ် စိတ်ကသိကအောက် ဖြစ်စရာ ကောင်းလှသည်။

“ရီဖူရှင်း…” ဟွာဖန်းလူက ထိုင်ခုံတွင် ထိုင်ရင်း ခေါ်လိုက်သည်။

“ဆရာ…” ရီဖူရှင်းက ထူးလိုက်သည်။ သူကား သူ့ဆရာ၏ သရုပ်မှန်ကို ဖော်ထုတ်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

“ဒါက ရှီဇောင် တစ်ယောက်တည်းက မကောင်းတဲ့ အကြံအစည်နဲ့ လုပ်တာနဲ့တူတယ်… ချင်းကျူ ကျောင်းတော်ကို သူနဲ့ ဖြေရှင်းခိုင်းလိုက်မယ်… ချင်းကျူ ကျောင်းတော်က ချင်းကျူမြို့ကို အများကြီး အကျိုးပြုခဲ့တယ်… လူတစ်ယောက်တည်းကြောင့် ချင်းကျူ ကျောင်းတော်ကို မကောင်းမြင်စရာ မလိုဘူး…” ဟွာဖန်းလူက ရှင်းပြသည်။

“ဟုတ်ကဲ့… ဆရာ… ကျွန်တော်… နားလည်ပါတယ်…” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“မင်းက ဘာလို့ ကျောင်းတော်က ထွက်သွားဖို့ ဆုံးဖြတ်ချက် ခိုင်မာနေရလဲဆိုတာ ငါနားမလည်ဘူး … တကယ်လို့ မင်းဆက်နေခဲ့ရင် တစ်ချိန်ချိန်မှာတော့ ကျောင်းအုပ်တွေက မင်းရဲ့ ပါရမီကို အသိအမှတ်ပြုပြီး တန်ဖိုးထားကြမှာပဲ…” ဟွာဖန်းလူက နားမလည်စွာ ပြန်ပြောသည်။

“တခြား ကျောင်းအုပ်တွေက ရှီဇောင်နဲ့ ကွာခြားတယ်ဆိုတာ နားလည်ပါတယ်… ဆရာ… ဒါပေမဲ့ … ရှီဇောင် မှားတယ်ဆိုတာ သိကြရင်တောင် ကျွန်တော့်အတွက် သူတို့က ရှီဇောင်ရဲ့ အပြုအမူတွေကို မတားဆီးခဲ့ကြဘူး… ကျွန်တော့်လို ပြင်ပကျောင်းသား တစ်ယောက် အတွက်နဲ့ သူတို့က ရှီဇောင်နဲ့ ရန်သူမဖြစ်ချင်ကြဘူး ဆိုတာ… သိသာလှတယ်… တစ်ယောက်ယောက်က ပြောချင်ပြောလိမ့်မယ်… ကျွန်တော်က ဒီလိုလုပ်ပေးဖို့ မထိုက်တန်ဘူးလို့… ဒါပေမဲ့ ဒီနေ့ တိုက်ပွဲအပြီးမှာတောင် သူတို့က ယူချင်းနဲ့ ကျွန်တော့်ကို ကူညီဖို့ဆန္ဒ မရှိကြဘူး…ကျွန်တော်က ဒါကို သည်းမခံနိုင်ဘူးဆရာ… ဒါကြောင့်ပဲ… ကျောင်းတော်က ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ… နောက်ပြီးတော့ ရှီဇောင်က ကျွန်တော့်ကို ပစ်မှတ်ထားနေတယ် ဆိုတော့ တကယ်လို့ ဆက်နေခဲ့ရင် ကျွန်တော့်ရဲ့ အခြေအနေက ပိုပြီးဆိုးလာမည့် သဘောပဲ ရှိပါတယ်… ဆရာ…” ရီဖူရှင်းက ရှင်းပြလိုက်သည်။

ရီဖူရှင်းက ဆက်ပြောလိုက်သည်… “ကျောင်းအုပ်တွေက တန်ဖိုးထားတယ် ဆိုတာက… သူတို့တစ်ယောက်ကမှ ဆရာရဲ့ လမ်းညွှန်မှုကို မမီနိုင်ဘူး… ဆရာ… ကျွန်တော်က ဘာလို့… သူတို့ တန်ဖိုးထားမှုကို လိုရမှာလဲ…”

“ဒါ…” ယူချင်းက ရီဖူရှင်း၏နောက်မှ နားထောင်နေသည်။ သူကား အလွန် လေးစားသွားသည်။ သည်ကဲ့သို့ မြှောက်ပင့်ပြောဆိုမှုမျိုးဖြင့် ရီဖူရှင်းက သူ၏ဆရာအား ယောက္ခမနေရာသို့ ပြောင်းလဲနိုင်သည်မှာ မထူးဆန်းတော့ဟု ယူချင်း တွေးလိုက်သည်။

ဟွာဂျီယူက ရီဖူရှင်းအား အထင်သေးစွာ ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏အဖေက ရီဖူရှင်းပြောသည်ကို သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်ကို မြင်လိုက်သည်။ ဟွာဖန်းလူက သူ၏အဖြေအား အလွန်သဘောကျဟန်ဖြင့် ပြန်ပြောလိုက်သည်… “မင်းပြောတာ မှန်တယ်…”

ယူချင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ ဟွာဖန်းလူကား ခန့်မှန်းရခက်သော လူမျိုးဖြစ်သည်။

“ဆရာ… ပြင်ပလောကကြီးက အရမ်း အန္တရာယ်များတယ်… သေးငယ်တဲ့ ကိစ္စကလေးတစ်ခုကတောင် ကျွန်တော့်ရဲ့ စွမ်းအင်တွေကို ဆုံးရှုံးလုနီးပါးပဲ… ကျွန်တော် ထင်တာကတော့ ဒီနေရာမှာပဲနေပြီး ဆရာ့အနားမှာပဲ သိုင်းကျင့်နေတာ ပိုကောင်းမယ်… ဆရာ…”

“မရဘူး…” သူမ၏အဖေ ဘာမှ မပြောရသေးမီ ဟွာဂျီယူက ပြောလိုက်သည်။ ပြင်ပကမ္ဘာက အန္တရာယ်များသည် ဟူသော စကားမှာ မည်သည်ကို ဆိုလိုသနည်း။ တစ်သက်လုံး တံခါးပိတ်ပြီးနေဖို့ သူတွေးနေသည်လား။ သူမကား စိတ်ထဲ အလိုမကျ ဖြစ်သွားသည်။

“သိုင်းကျင့်တယ်ဆိုတာ… ကြိုးကြိုးစားစား လေ့ကျင့်နေလို့ပဲမရဘူး… ဒီလောက် မရိုးရှင်းဘူးလို့ပဲ အဖေပြောခဲ့တယ်မလား… တကယ်လို့ သမီးက တီအန်ယွာတောင်ကို တိုက်ပွဲအတွေ့အကြုံရဖို့  ပုံမှန်သွားရမယ်ဆို သူလည်း သွားသင့်တယ်လို့ သမီးထင်တယ်… သူ့ရဲ့ ပါရမီက အရမ်းကောင်းလွန်းတော့ သူ့ရဲ့သိုင်းကျင့်စဉ်ကို အကူအညီဖြစ်အောင် အပြင်ကို ထွက်ပြီး တကယ့် အတွေ့အကြုံတွေကို ရှာဖို့ လိုအပ်တယ်…” ဟွာဂျီယူက ပြောလိုက်သည်။

“ဆရာ မိန်းကလေးဟွာ ပြောတာမှန်တယ်… ဒါကြောင့် အခုကစပြီး… ဒီမှာ သိုင်းကျင့်တဲ့အပြင် ဟွာဂျီယူနဲ့ ပုံမှန် အပြင်ကို ထွက်ပြီးတော့ လေ့ကျင့်သင့်တယ်… သူမရဲ့ ကာကွယ်မှုအောက်မှာ ဆရာက ကျွန်တော့်ကို စိတ်ပူစရာ မလိုတော့ဘူးပေါ့…” ရီဖူရှင်းက ပြောလိုက်သည်။

“နင်…” ဟွာဂျီယူကား လုံးဝစကားမပြောနိုင်တော့ပေ။ သူမ၏အဖေအား ကြည့်လျက် မလိုလားသလို ခံစားရသည်…” အဖေ… သူက သမီးကို တစ်ခုခုလုပ်မှာ မစိုးရိမ်ဘူးလား…”

“သေချာတာပေါ့… အဖေ… မစိုးရိမ်ဘူး… မင်းက ရီဖူရှင်းထက် အကြာကြီး သိုင်းကျင့်ထားပြီးတော့ ပိုပြီး အတွေ့အကြုံများတယ်… သူက မင်းကို ဘယ်လိုလုပ် အနိုင်စားမှာလဲ…”

“ဒါပေမဲ့…” ဟွာဂျီယူက ထပ်ပြောလိုသော်လည်း ရီဖူရှင်းက ကြားဖြတ် ပြောလိုက်သည်…” ကျေးဇူးပါ… ဆရာ…”

“ငါက တတိယလူလား…” ယူချင်းက တိတ်တဆိတ်ပင် မေးလိုက်သည်။ သူ၏ခေါင်းအား စိတ်ရှုပ်စွာဖြင့် ကုတ်လိုက်သည်။ ရီဖူရှင်းက သူ့အားလှည့်ကြည့်ကာ ယူချင်းမှာ တစ်နေ့ပြီးတစ်နေ့ လေ့လာ စူးစမ်းတတ်လာပြီး ပိုပို၍ ညဏ်ကောင်းလာသည်ဟု တွေးလိုက်သည်။

ဟွာဖန်းလူက ယူချင်းအား ပြုံး၍ကြည့်ကာ ပြောလိုက်သည်… “ယူချင်း… မင်းက သဘာဝအားဖြင့် မွေးဖွားလာတဲ့ တိုက်ခိုက်ရေးသမားပဲ… မင်းက တိုက်ပွဲတွေ အများကြီး တိုက်ပြီး မင်းရဲ့ ကျွမ်းကျင်မှုတွေကို ထက်မြက်အောင် လုပ်ဖို့လိုတယ်… နောက်ပိုင်းမှာ ငါမင်းကို ခံစစ်နဲ့ပတ်သက်တဲ့ သိုင်းစာအုပ်တစ်အုပ် ပေးမယ်… ငါ့ရဲ့စာကြည့်တိုက်ကလည်း တချို့ တိုက်ခိုက်ရေး နည်းပညာတွေနဲ့ မှော်စာအုပ်တွေကို ရွေးပြီး လေ့လာနိုင်တယ်… ပြီးတော့ တီအန်ယွာတောင်ကို သွားပြီးတော့ မင်းထက် အဆင့်မြင့်တဲ့ မိစ္ဆာတွေကို တိုက်ခိုက်ပြီး တိုးတက်အောင် လုပ်ရမယ်…”

“အင်း…” ယူချင်းက ခေါင်းညိတ်လိုက်သည်…။ ကြည့်ရသည်မှာ သူကား အမှန်တကယ်ပင် တတိယလူ ဖြစ်သည်။

“ဆရာ … တပည့်အတွက်ရော…” ရီဖူရှင်းက မျှော်လင့်တကြီး မေးလိုက်သည်။ သူကား မှော်စာလိပ်များနှင့် ပတ်သက်၍ လုံလောက်အောင် လေ့လာသင်ယူပြီးပြီ ဖြစ်သောကြောင့် သူ၏ဆရာက မည်သို့ အစီအစဉ်ရှိမည်ကို သိလိုသည်။

“မင်းက သိုင်းပညာနဲ့ မှော်ပညာကို တွဲလျက် လေ့ကျင့်တယ် ဆိုမှတော့ တစ်ချိန်တည်းမှာပဲ မတူတဲ့ သိုင်းအဆင့်နှစ်ခုမှာ အဆင့်တက်ဖို့လိုတယ်… မင်းမှာ လုပ်စရာတွေ အများကြီးရှိတယ်…” ဟွာဖန်းလူက ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လျက် စာကြည့်ခန်းသို့ ထွက်လာသည်။ ဟွာဖန်းလူတွင် သူ၏စာကြည့်တိုက်တွင် အမျိုးအစား စုံလင်စွာဖြင့် အလွန်များပြားသော စာအုပ်များအား စုဆောင်းထားသည်မှာ ချင်းကျူ ကျောင်းတော်၏ စာကြည့်တိုက် အငယ်စားအလား မှတ်ရသည်။

“နိုးထခြင်းအဆင့် လျှပ်စီးဓာတ်မှော်သိုင်း… မိုးကြိုးသိုင်း။ မီးဓာတ်စွမ်းအင် မှော်သိုင်း… တိတ်တဆိတ် လောင်ကျွမ်းခြင်း…” ရီဖူရှင်းက စာအုပ်နှစ်အုပ်အား ကောက်ကိုင်လိုက်သည်။ သူက ဆက်လက်၍ လေ့လာနေရင်းပင် ညအမှောင်သို့ ရောက်လာ၏။

မြူနှင်းများကား ဆက်လက်၍ ကျဆင်းနေတုန်းဖြစ်ပြီး လခြမ်းမှာကား ကြယ်စုံသော ည၏ကောင်းကင်တွင် သိမ်မွေ့သော အလင်းအနည်းငယ်အား ဖျန်းပက်ထားသည်။

ကြိုးတပ်တူရိယာ တစ်မျိုး၏ အသံက အဆောင်ငယ်လေးထံမှ တစ်ဖန်ပျံ့နှံ့လာ၏။ ထိုတူရိယာကား ကု့ချင်း ဖြစ်သည်။ သီချင်းသံကား အေးချမ်းကာ တည်ငြိမ်လှသည်။

ရီဖူရှင်းကား ကု့ချင်း၏အသံဖြင့် ညှို့ခံလိုက်ရသလိုပင်။ သူက စာကြည့်တိုက်ငယ်လေးထဲမှ ထွက်လာကာ အဆောင်ငယ်လေးသို့ လျှောက်လာလေသည်။ ထိုနေရာတွင် သူက ကု့ချင်း၏ကြိုးများအား သိမ်မွေ့စွာ တီးခတ်နေသော ဟွာဖန်းလူအား တွေ့လိုက်ရသည်။ လရောင်ဆမ်းသောညတွင် သူကား အလွန်ညက်ညောသောဟန်ဖြင့် သံစဉ်တွင် မျောပါနေ၏။

လွတ်လပ်သော ကျင့်စဉ်က အလိုအလျောက် လည်ပတ်လာသည်။ ဂီတသင်္ကေတများက လေထဲတွင် နတ်သမီးလေးများ ပျံသန်းနေသည့်အလား သူ၏စိတ်ဝိညာဉ်တွင် ထင်ဟပ်လာနေကြသည်။

သူ၏မျက်လုံးများအား ပိတ်လိုက်သည်။ ရီဖူရှင်းက နှင်းဖွဲများ ကြားထဲတွင်ပင် ထိုင်ချလိုက်ကာ စိတ်အား ဗလာဖြစ်အောင် ကြိုးစားလိုက်သည်။ လရောင်က သူ့အား ဖျန်းပက်နေသည်ကို လည်းကောင်း။ လေအေးများက သူ၏ခန္ဓာကိုယ်အား သန့်စင်နေသည်ဟု လည်းကောင်း ခံစားနေရသည်။ ဂီတက သူ၏ခန္ဓာကိုယ်အား စီးဆင်းလာသည်။ ထို့နောက် သူ၏သက်စောင့် ဟော်နန်းထဲသို့ ဆက်လက် တိုးဝင်သွားကြသည်။ ထိုနေရာတွင်ကား ကမ္ဘာသစ်ပင်ကား တဖြည်းဖြည်း လှုပ်ခါလာသည်။ သစ်ရွက်တစ်ရွက်စီတိုင်းက ဂီတစည်းချက်များကို လိုက်ပြီး ကနေကြသည်။ ထိုဂီတ သင်္ကေတများက နောက်ဆုံးတွင် ရုပ်ပုံတစ်ခု အဖြစ် စုပေါင်းလာကြသည်။ ထိုအရာကား ကု့ချင်း တူရိယာ တစ်လက်ဖြစ်သည်။

ကု့ချင်းကား ဆက်လက်၍ တီးခတ်နေသည်။ ရီဖူရှင်းကား အရာအားလုံးကို မေ့သွားလေပြီ။ သူ၏တစ်ကိုယ်လုံးအား သက်တောင့်သက်သာ ဖြစ်စေသော ဂီတတစ်ခုတည်းကသာ ဆက်လက်၍ သူ၏ ကိုယ်ထဲသို့ တိုးဝင်နေကြသည်။ သူ၏စိုးရိမ်ပူပန်မှုများ အားလုံးက ဂီတသံနှင့်အတူ ပြယ်လွင့်ပျောက်ကွယ် သွားကြ၏။

သီချင်း ပြီးဆုံးသွားသည်။ ရီဖူရှင်းကား သူ၏မျက်လုံးများအား မှိတ်ထားဆဲဖြစ်သည်။ သူ၏ သက်စောင့်ဟော်နန်းထဲတွင် တတိယမြောက် သက်စောင့်ဝိညာဉ် တစ်ခုပေါ် ထွက်လာသည်။ ထိုအရာကား ကု့ချင်းဝိညာဉ်ဖြစ်သည်။

ရီဖူရှင်းကား ထိတ်လန့်သွားသည်။ လွတ်လပ်ခြင်း ကျင့်စဉ် ကျင့်သည့်တိုင် သက်စောင့်ဝိညာဉ်မှာ အလွန်ထူးခြားသော အခိုက်အတန့်မျိုးတွင်သာ မွေးဖွားနိုင်သည်ကို သူသိသည်။ သို့သော်လည်း ကု့ချင်းဝိညာဉ်အား မွေးဖွားရန်မူ ဟွာဖန်းလူ၏သီချင်းတစ်ပုဒ်သာ လိုအပ်ပေသည်။

ရီဖူရှင်းက သူ၏မျက်လုံးအား ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ဟွာဖန်းလူအား မေးလိုက်သည်… “ဆရာ… ဒါက ဘာသီချင်းလဲ…”

“ညလမင်းကို သန့်စင်ခြင်း…” ဟွာဖန်းလူက ပြန်ဖြေလိုက်သည်။

“ဆရာက ဒီသီချင်းတီးတာကို နားထောင်နေတုန်းမှာ ကျွန်တော့်ကိုယ်ထဲက တစ်ခုခု ပြောင်းလဲသွားတာ ခံစားလိုက်ရတယ်… စွမ်းအင်ကို အာရုံခံနိုင်စွမ်းလည်း မြင့်သွားတယ်… ကု့ချင်း တီးတတ်ချင်တယ်… ဆရာ…” ရီဖူရှင်းက ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ပြောသည်။ စွမ်းအင်က မှော်ဆရာ၏ အဆင့်အား ဖော်ပြသည်။ အကယ်၍ ကု့ချင်းက သည်အရာကို တိုးတက်အောင် လုပ်နိုင်ပါက သူကား အသေအချာကို လေ့လာ သင်ယူမည် ဖြစ်သည်။

“ကောင်းပြီ…” ဟွာဖန်းလူက ပြုံးလျက် ပြောလိုက်သည်။ ဟွာဂျီယူကား အဝေးတစ်နေရာမှ ထိုအဖြစ်အပျက်များ အားလုံးကို မြင်သည်။ သူမက သူမ၏အဖေအား ကြည့်ကာ သူမ၏အဖေမှာ တမင်ပင် ကု့ချင်းအား တီးကာ ရီဖူရှင်းအား စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း သိသည်။ ဟွာဖန်းလူက သူ၏ ကု့ချင်းဂီတ ပညာအား ရီဖူရှင်းကို လက်ဆင့်ကမ်းလိုသည်။

“အခြေခံ သီချင်းက စပြီး လေ့လာကြတာပေါ့… ဟွာဂျီယူ… လာခဲ့… ဂီတ စာရွက်တွေယူခဲ့… မင်းက ရီဖူရှင်းကို သင်ပေးရမယ်…”

“သမီးက…” ဟွာဂျီယူက မယုံကြည်နိုင်စွာဖြင့် သူမ၏အဖေအား ကြည့်လိုက်သည်။ ရီဖူရှင်း စိတ်ထိခိုက်သွားသည်။ သူ၏ဆရာကား သူ့အပေါ် ကောင်းလွန်းလှသည်ဟု တွေးလိုက်သည်။

“မိန်းကလေးကောင်း တစ်ယောက် ဖြစ်ပါစေ…” ဟွာဖန်းလူက ပြုံးလျက် သူ၏သမီးအား ပြောလိုက်သည်။ သူမက သူမ၏အဖေအား တစ်ချက်ကြည့်ကာ ဂီတ စာရွက်များယူရန် ထွက်သွား၏။

အတန်ကြာသောအခါ ငွေရောင်ဆမ်းသော လရိပ်အောက်တွင် ဟွာဂျီယူက ကု့ချင်း၏ရှေ့တွင် သိမ်မွေ့စွာ ထိုင်လိုက်သည်။ သူမက စိတ်မပါစွာဖြင့် ရီဖူရှင်းအား ကု့ချင်းနှင့် ပတ်သက်၍ စတင် ရှင်းပြလိုက်သည်။

“ဟေး မြေခွေးမ… ဒီသင်္ကေတကို ဘယ်လိုတီးရမလဲ…” ရီဖူရှင်းက ဂီတ စာရွက်အား လက်ညှိုးထိုးလျက် မတော်တဆ ဟွာဂျီယူ၏လက်အား ထိမိသည်။

ဟွာဂျီယူက သူ့အား မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ သူကပြန်၍ ပြောလိုက်သည်… “အာ … ဒါက မတော်တဆ ဖြစ်သွားတာ… အပြင်မှာ မှောင်နေတော့ ငါက ရှင်းရှင်းလင်းလင်း မမြင်ရဘူး…”

“နင့်မတော်တဆ ဘယ်နှခေါက်ရှိပြီလဲ…” ဟွာဂျီယူက ပြုံးလျက် ပြန်မေးလိုက်သည်။ သူမ၏လက်က ရီဖူရှင်း၏ ပခုံးပေါ်သို့ ရောက်လာကာ ဖိချလိုက်သည်။ သူက သူမ၏လှပသော မျက်နှာလေးအား ကြည့်ကာ ရီဖူရှင်း အံအနည်းငယ် ကြိတ်လိုက်သည်။ အနည်းဆုံးတော့ နာကျင်လျက်ပင် အလှအပအား ခံစားနိုင်ပေသေးသည်။

ရီဖူရှင်းကား အခြေခံဂီတ ဗဟုသုတများအား အလွန်လျင်မြန်စွာ သင်ယူနိုင်သည်။ ထို့နောက် သူက စတင် တီးခတ်ရန် ကြိုးစား၏။ အချိန်ကြာလာသည်နှင့်အမျှ ဤသို့ဖြင့် တဖြည်းဖြည်းဖြင့် သူက ကျွမ်းကျင်လာကာ ချောမွေ့စွာ တီးခတ်လာနိုင်သည်။

တဖြည်းဖြည်းနှင့် ညနက်လာပြီ ဖြစ်သည်။ ဟွာဖန်းလူအား အိပ်ရန် ထွက်ခွာသွားပြီး ဖြစ်သော်လည်း ဟွာဂျီယူကား ရီဖူရှင်၏ဘေးတွင် ဆက်လက် သင်ပေးနေဆဲဖြစ်သည်။

ထိုအခိုက်တွင် ရီဖူရှင်းက တူရိယာအား တီးခတ်နေစဉ် သူ၏ကိုယ်မှ တောက်ပသော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်လာလေသည်။ သူ၏လက်ချောင်းများက ကြိုးများအား ထိကာ တီးလိုက်သည်နှင့် ဂီတလှိုင်းများက လေထဲသို့ပျံ့နှံ့လာကာ ဟွာဂျီယူအား ကျောရိုးမှစိမ့်ကာ တုန်လှုပ်စေလေသည်။

ရီဖူရှင်းက မျက်လုံးများ ဆက်လက်၍ မှိတ်ထားသည်ကို သူမက စောင့်ကြည့် နေလိုက်သည်။ သည်ခံစားချက်က အဘယ်ကြောင့် ရလာသည်ကို သူမက သိသည်။ သူ၏ကု့ချင်းဝိညာဉ်ကား ကု့ချင်းနှင့် လိုက်လျောညီထွေဖြစ်ကာ သူ၏လက်ချောင်းများက တစ်ချက်ခတ်လိုက်တိုင်း သင်္ကေတ တစ်ခုစီအား အသက်ဝင်စေသည်။

လရောင်အောက်တွင် သူ၏ခန့်ညားသော မျက်နှာက အေးချမ်းသောပုံစံရှိ၏။ သူ၏လက်များက လှုပ်ရှားသွားတိုင်း မှော်ပညာလို တီးခတ်သံ တစ်ချက်တစ်ချက်က နားဆင်သူအား စွဲလမ်းစေသည်။ ဟွာဂျီယူကား ပိုပို၍ သက်သောင့်သက်သာ ဖြစ်လာသည်။ သူမ၏ မျက်လုံးများကိုလည်း မှိတ်ထားလိုက်ကာ တဖြည်းဖြည်းဖြင့် မြူနှင်းများကြားတွင် အိပ်စက်သွားလေသည်။

“အံ့ဖွယ်ကောင်လေးပဲ…” အိပ်ခန်းထဲမှ နားထောင်နေသော ဟွာဖန်းလူက မှတ်ချက်ချလိုက်သည်။ သူကား အလွန်ကျေနပ်နေသည်။ သူကလည်း မျက်လုံးအား မှိတ်လိုက်သည်။ တဖြည်းဖြည်းဖြင့် ဂီတ၏ခေါ်ဆောင်ရာနောက်သို့ လိုက်ပါကာ အိပ်ပျော်သွားလေသည်။

ရီဖူရှင်းကား ဂီတ၏မှော်ဝင်သွားလေပြီ။ ထိုအခြေအနေမှ နိုးထနိုင်စွမ်း မရှိတေ့ပေ။ သူကား မောပန်းနွမ်းနယ်ခြင်း မရှိဘဲ ထိုသို့ တစ်ညလုံး ဆက်လက်၍ တီးခတ်နေသည်။ အခြားတစ်ဖက်တွင် သူ၏စိတ်ကား ရှင်းလင်းနေသည်။

နောက်တစ်နေ့ နံနက်တွင် သူက မျက်လုံးများအား ဖွင့်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုအား ခံစားလိုက်ရသည်။ လွတ်လပ်ခြင်း ကျင့်စဉ်ကို အသုံးပြုလျက် ကောင်းကင်နှင့်မြေကြီးမှ သဘာဝစွမ်းအင်အား ဈာန်ဝင်စားရင်း သူကား မှော်ပညာတွင် နိုးထခြင်း အဆင့် ရှစ်အတွင်းတို့ တက်ရောက်သွားပြီ ဖြစ်ကြောင်း သူသိလိုက်သည်။ သူကား စိတ်လက်ပေါ့ပါးစွာဖြင့် ပြုံးလိုက်သည်။

ရီဖူရှင်းက ရှေ့ကိုကြည့်လိုက်လျှင် ဟွာဂျီယူကား မြူနှင်းများပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်သည်။ သူမ၏ကိုယ်ကား မြူနှင်းလွှာများက ဖုံးလွှမ်းထား၏။ သူမ၏အပေါ်မှခြုံထားသော ဝတ်ရုံမှာ စိုစွတ်နေပြီဖြစ်သည်။ သူက သူမထံသို့ ထသွားလိုက်ပြီး စိုစွတ်နေသော အပေါ်ဝတ်ရုံရှည်အား ဂရုတစိုက် ဖယ်ရှားရန် ကြိုးပမ်းလိုက်သည်။ ထိုအခိုက်တွင် ဟွာဂျီယူက သူမ၏မျက်လုံးများအား ရုတ်တရက် ဖွင့်လိုက်ပြီး ရီဖူရှင်းအား ကြည့်လိုက်သည်။ သူက ပြုံးလျက် လက်အား ရုပ်လိုက်ပြီး… “အပေါ်ဝတ်ရုံက စိုနေတယ်လေ… ငါက မင်း နေမကောင်းဖြစ်မှာစိုးလို့…” သူက ရှင်းပြလိုက်သည်။

“တကယ်လား … တခြား ရည်ရွယ်ချက် မရှိတာ သေချာလား…” သူမက အနည်းငယ်ပြုံးလျက် မေးလိုက်သည်။

“ငါက ဒီလိုလူမျိုးလား…” ရီဖူရှင်းက သူမ၏အပြုံးအား မြင်သည်နှင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

“နင် ဘယ်လိုထင်လဲ…” ဟွာဂျီယူက ရယ်လိုက်သည်။

ရုတ်တရက် သူတို့က တစ်ခုခုအား ကြားလိုက်သည်။ ထိုအသံကား ယူချင်းက သူ၏အခန်းတံခါးကို ဖွင့်လိုက်သံဖြစ်သည်။ သူက အပြင်သို့ လှမ်းထွက်လာသည်နှင့် ဟွာဂျီယူနှင့် ရီဖူရှင်းအား မြင်ကာ ထူးဆန်းစွာ ကြည့်လိုက်သည်။

“ငါအခု… သွားတော့မယ်… မင်းတို့တွေ အခု ဆက်လုပ်တော့မှာကို လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်…” ယူချင်းက ထိုသို့ပြောပြီး သူ၏ခြေလှမ်းကျဲကြီးများဖြင့် သူတို့နှစ်ယောက်နှင့် ဝေးရာသို့ လှမ်းသွားလေသည်။ သူတို့ကား မနက်စောစောစီးစီးပင် သူ၏ရှေ့တွင် ကလူကျီစယ်နေကြသည်။ မည်မျှ ရဲတင်းလိုက်သနည်း။ သူ မည်သို့ ခံစားရမည်ကို ထိုနှစ်ယောက်က တွေးမိဟန်မတူပေ။

**


Comment

Leave a Reply

Options

not work with dark mode
Reset