Switch Mode

အခန်း ( ၈၁ )

ရှေးဟောင်းစိတ်စွမ်းအင်မှော်အတတ်

ဖက်တီးကျန်းကြီးမှာ စိတ်လှုပ်ရှားနေပြီဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏ အကြံပေးချက်ကိုကြားလိုက်သောအခါ ထိုအကြံမှာ သင့်တော်သည်ဟုယူဆကာ ခေါင်းညိတ်လက်ခံလိုက်သည်။

သူက ချောင်းဟန့်လိုက်ကာ လုံးဝစိတ်လှုပ်ရှားခြင်းမရှိဟန် ဆောင်လိုက်သည်။

” အေးကွ။ ငါ့ဆရာမ စကားအရဆို အဆင့်မြှင့််တင်ခြင်း အောင်မြင်လား၊မအောင်မြင်လားဆိုတာကို ငါကစောင့်ကြည့်မနေသင့်ဘူး။ အမှတ်ကိုး ဂိုဏ်းတူညီလေး…အဲ့တာဆို မြန်မြန်လေး အထဲသွားပြီး စစ်ဆေးခဲ့လိုက် ”

ပိုင်ရှောင်ချန်းမှာ နောက်လှည့်ပြီး အိမ်ထဲသို့ အလျင်အမြန်ဝင်သွားသည်။ သူက ထိုဓားပျံကို မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်သည်။ ဖက်တီးကျန်းကြီးစိတ်ပျက်သွားမည် စိုး၍ သူက စစ်ဆေးရမည့်အစား မန္တန်လက်ကွက်တစ်ခုကိုဖော်ပြီး လက်ညှိုးထုတ်လိုက်သောအခါ သူ၏လိပ်ပုံစံဒယ်အိုး ထွက်ပေါ်လာသည်။

” အင်း… အစ်ကိုကြီးက ဂိုဏ်းဝင်စထဲက ဖိအားတွေအများကြီးအောက်ရောက်နေရတာ။ အခုမှ သူ့ကိုယ်သူယုံကြည်မှုလေး နည်းနည်းပြန်ရရုံရှိသေးတယ်။ ငါ့ကြောင့် သူစိတ်ပျက်လက်ပျက်နဲ့ ထွက်သွားရရင်မကောင်းဘူး။ ဒီလိပ်ပုံစံဒယ်အိုးလေးကိုသုံးရင် ဓားပျံရဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက အောင်မြင်သွားမလား မသိဘူး။ ”

သူက တစ်ယောက်ထဲ ရေရွတ်ရင်း တစ်ရောင်ခြယ်မီးတောက်တစ်ခုကို မွှေးလိုက်ကာ မစစ်ဆေးရသေးသော ဓားပျံကို ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။

ငွေရောင်အလင်းတန်းများ တောက်ပစွာ ပေါ်ထွက်လာပြီးနောက် လိပ်ပုံစံဒယ်အိုးလေးကို သူ သိမ်းဆည်းလိုက်သည်။သူက အံကြိတ်ကာ စိတ်စွမ်းအင်အချို့ကို ဓားထဲသို့ ထည့်သွင်းလိုက်သောအခါ ငွေရောင်အလင်းတန်းများက ငွေရောင်အင်းကွက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

” အောင်မြင်သွားပြီ ” ဟု သူတွေးလိုက်သော်လည်း ထိုသို့အောင်မြင်ရခြင်းမှာ ဖက်တီးကျန်းကြီးကြောင့်လား၊ သူ့ကြောင့်လားဟု မသဲကွဲချေ။ သူက တံခါးကိုအလျင်အမြန်တွန်းဖွင့်ကာ ပြေးထွက်သွားသည်။

” အစ်ကိုကြီး…. အောင်မြင်တယ်ဗျ။ အောင်မြင်တယ်။ အစ်ကိုက အရမ်းတော်တာပဲဗျာ။ ”

ထိုအချိန်တွင် ဖက်တီးကျန်းကြီးမှာ ခြံဝန်းထဲတွင် စိတ်လှုပ်ရှားစွာရပ်စောင့်နေပြီး ရလဒ်ကို သိချင်နေတော့သည်။ ပိုင်ရှောင်ချန်းကို မြင်သော် သူ ခြောက်ခြားသွားသည်။ ထို့နောက် သူက ဓားပေါ်ရှိ ငွေရောင်အင်းကွက်ကို မြင်လိုက်သောအခါ သူ့ပေါင်သူပြန်ရိုက်ကာ ခေါင်းကိုနောက်သို့လှန်ကာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

” ကဲ ဘယ်လိုတုံး။ ငါပြောသလိုပဲမလား။ စောစောကအခေါက်က ငါစွမ်းအားကို သေချာမထိန်းချုပ်လိုက်ရလို့ပါ။ ခရမ်းဒယ်အိုးတောင်ပေါ်မှာဆို လက်နက်သုံးခုကိုငါ အောင်အောင်မြင်မြင် အဆင့်မြှင့်တင်ပေးပြီးသွားပြီ။ ငါ့ဆရာမတောင် ငါ့အရည်အချင်းကို မချီးကျူးပဲမနေနိုင်ဘူး။ ကဲ အခုဒီမှာလည်း ငါထပ်အောင်မြင်ပြန်ပြီ ”

ဖက်တီးကျန်းက ပြောရင်းဆိုရင်း ပိုင်ရှောင်ချန်းဆီက ဓားကို စိတ်လှုပ်ရှားစွာ ဆွဲယူလိုက်ပြီး အနီးကပ်ကြည့်လိုက်သည်။

ပိုင်ရှောင်ချန်းက ဘေးသို့တိုးပေးလိုက်ပြီး ဖက်တီးကျန်းကြီးကို လေးစားစွာ ကြည့်နေတော့သည်။ ဖက်တီးကျန်းကြီး စိတ်လှုပ်ရှားနေပုံကိုမြင်သောအခါမှသာ သူက စိတ်ကျေနပ်သွားပြီး သက်ပြင်းချနိုင်တော့သည်။

” ကဲကွာ။ မင်းရဲ့အစ်ကိုကြီးက အခုစိတ်ကောင်းဝင်နေတယ်။ နောက်တစ်ခေါက် အဆင့်ထပ်မြှင့်ပေးမယ်။ ဒီဓားက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၂ဆင့် လုပ်ထားတဲ့ ဓားဖြစ်တော့မယ်ကွ ”

ဤသို့ နှစ်ဆင့်ထိအဆင့်မြှင့်တင်ခြင်းကို ပိုင်ရှောင်ချန်းက အကြံကောင်းတစ်ခုဟု မထင်ပေ။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သတ်၍ ဂိုဏ်းကချမှတ်ထားသော စည်းမျဥ်းများနှင့် တားမြစ်ချက်များစွာရှိပေသည်။ ထို့ကြောင့်သူက စိုးရိမ်နေသောအမူအရာဖြင့် ပြောလိုက်သည်။

” အစ်ကိုကြီး… နောက်တစ်ခေါက်မှ စမ်းကြည့်ကြတာပေါ့……..”

” မလိုဘူး။ အေးဆေးပါကွ။ ” သူစကားမဆုံးခင်မှာပဲ ဖက်တီးကျန်းကြီးက ပြတ်သားစွာ ပြောလိုက်သည်။ ဓားကိုလက်ထဲတွင်ကိုင်ကာ အာရုံစုစည်းပြီး စွမ်းအင်ထုတ်ဖော်ရန်ပြင်လိုက်သည်။

စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၏ ဒုတိယမြောက်အကြိမ်က ပို၍ခက်ခဲသည်မှာ သိသာထင်ရှားပြီး သူပိုင်သမျှ သတ္တုရိုင်းအားလုံးကို အသုံးပြုရမည်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ရီလာသည်။ ကောင်ကင်နှင့် ကမ္ဘာမြေကြီး၏စွမ်းအင်များကို မစုပ်ယူခင် ဆေးလုံးအချို့ကိုပါ သူ သောက်လိုက်သေးသည်။ ထို့နောက် ထိုစွမ်းအင်ကို ဓားထဲသို့ သူစီးဝင်စေလိုက်သောအခါ မျက်စိကျိန်းမတတ်တောက်ပသော ငွေရောင်အလင်းတန်းများပေါ်ထွက်လာသည်။ ထိုအခါ ဖက်တီးကျန်းကြီးမှာ ဟောဟဲဆိုက်ကာ မြေကြီးပေါ်သို့ ဘုန်းခနဲထိုင်ချလိုက်သည်။

သို့သော်လည်း ထိုဓားကို ပိုင်ရှောင်ချန်းကိုပေးလိုက်သည့်အချိန်တွင် သူ၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

” လုပ်လေကွာ စမ်းသပ်ကြည့်လိုက်။”

ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်ရင်း ထိုဓားကိုယူလိုက်သည်။ သို့သော်လည်း သူ မစစ်ဆေးရသေးခင်မှာပဲ ဖက်တီးကျန်းကြီးက သူ၏လက်ကို လှမ်း၍ဖမ်းဆုပ်လိုက်သည်။

” ဒီမှ မစမ်းနဲ့လေကွာ။ မှတ်ထား အမှတ်ကိုးဂိုဏ်းတူညီလေး… စိတ်စွမ်းအင်စစ်ဆေးရာမှာ အရေးကြီးဆုံးအပိုင်းက မင်းရဲ့ခံစားချက်ပဲ။ အချိန်အခါသင့်တယ်လို့ မင်းခံစားနေရတုံး စစ်ဆေးရင် မင်းကို နတ်ဘုရားတွေက ကူညီနေတဲ့အတိုင်းပဲ။ စောစောက မင်းအခန်းထဲမှာစစ်ဆေးတာ အောင်မြင်တာဆိုတော့ ဒီအကြိမ်လည်း အဲ့မှာပဲသွားစစ်ဆေးသင့်တာကွ။” ဖက်တီးကျန်းကြီးက တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

ဖက်တီးကျန်းကြီးက စိတ်စွမ်းအင်အဆင့်မြှင့်ခြင်းအကြောင်းနှင့်ပတ်သတ်၍ များစွာသိနေဟန်ရှိရာ ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်နေသည်။ ထို့နောက် သူကခေါင်းညိတ်လိုက်ကာ သူ၏အခန်းထဲသို့ အတွေးပေါင်းများစွာဖြင့် ဝင်သွားတော့သည်။

” အစ်ကိုကြီးက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းမှာ တကယ်ကျွမ်းကျင်တာလည်း ဖြစ်နေနိုင်တယ်။ သေချာပေါက် ပြောရမှာတော့ အခက်သား။ အခုအခေါက် ငါ့ရဲ့လိပ်ပုံစံ ဒယ်အိုးလေးရဲ့အကူအညီမပါပဲနဲ့ အောင်မြင်နိုင်လောက်ပါတယ်။”

ထို့သို့ တွေးတောကာ သူက ဓားပျံကို လိပ်ပုံစံဒယ်အိုးထဲသို့ မထည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူက စိတ်စွမ်းအင်အချို့ကိုသာ ဓားထဲသို့ စီးဝင်စေလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ငွေရောင်အလင်းတန်းများ ပေါ်ထွက်လာသည်။ သို့သော်လည်း ချက်ချင်းပင် ပြန်မှိန်သွားပြီး အက်ကွဲသံများထွက်လာကာ ဓားမှာ အသုံးမဝင်လောက်အောင် သံချေးတက်သွားတော့သည်။

ပိုင်ရှောင်ချန်းက စိုးရိမ်တကြီးမျက်မှောင်ကြုတ်လိုက်စဥ်မှာပင် အပြင်ဘက်မှ ဖက်တီးကျန်းကြီး၏ စကားသံကို လှမ်းကြားလိုက်ရသည်။

” အမှတ်ကိုး ဂိုဏ်းတူညီလေး… အစ်ကိုစောစောက ငွေရောင်အလင်းတန်းတွေမြင်လိုက်တယ်။ ဘာဖြစ်သွားတာလဲ။ အောင်မြင်သွားတာလား။”

” အမ်….. ကျွန်တော်မစမ်းကြည့်ရသေးဘူး အစ်ကို။ အခုစမ်းလိုက်မယ်… ခဏ။” ပိုင်ရှောင်ချန်းက လျင်မြန်စွာ ပြန်ပြောလိုက်သည်။

ဖက်တီးကျန်းကြီးသည် အပြင်ဘက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး သူ၏မျက်နှာပေါ်တွင် ခါးသီးသော နာကျည်းမှုများပေါ်လာတော့သည်။ သူသည် ငပိန်းတစ်ယောက်မဟုတ်သည့်အတွက် စောစောက ပိုင်ရှောင်ချန်း၏သစ်သားအိမ်လေးထဲမှ ငွေရောင်အလင်းတန်းများထွက်လာသည်ကို သေချာပေါက် မြင်လိုက်လေသည်။

သူသည် သက်ပြင်းချရင်း ပိုင်ရှောင်ချန်းက အဆင့်မြှင့်တင်ခြင်းမှာ ကျရှုံးသွားကြောင်း လက်မခံလို၍ လိမ်ညာနေခြင်းဖြစ်မည်ဟု ယူဆလိုက်သည်။ သူက အသက်ပြင်းပြင်းရှူကာ လှမ်းအော်လိုက်သည်။

” မင်းစမ်းသပ်မှုလုပ်ပြီးသွားပြီဆိုတာ အစ်ကိုသိပါတယ် အမှတ်ကိုးဂိုဏ်းတူညီလေးရာ။ ဘာမှမဖြစ်ပါဘူး။ အစ်ကို…..အစ်ကို သွားတော့မယ်နော်။” အားပြတ်နေသော လေသံဖြင့် သူပြန်တော့မည်ဖြစ်ကြောင်း အသိပေးလိုက်သည်။

ဖန်တီးကျန်းကြီးသည် ရောက်ခါစက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး ယခုသူကြုံတွေ့လိုက်ရသော ကျရှုံးမှုကြီးကြောင့် မျှော်လင့်ချက်ကင်းမဲ့သွားကာ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။

သူ အလောကြီးသွားကြောင်း သတိထားမိလိုက်သည်။ သူ့ဆရာမ၏စကားအရဆိုလျှင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက အလွန်လျို့ဝှက်ဆန်းကြယ်သော မှော်အတတ်တစ်ခုဖြစ်ပြီး ပြီးပြည့်စုံသော အောင်မြင်မှုရရန် မဖြစ်နိုင်ချေ။ ထို့အပြင် ကျင့်ကြံခြင်းလောကတွင် ထူးဆန်းသော ဖြစ်ရပ်တစ်ခုရှိသည်။ ပထမတစ်ခေါက် တစ်ကြိမ်အောင်မြင်ပြီးသွားသူများက နောက်အကြိမ်များတွင်လည်း အောင်မြင်ရန် ပိုလွယ်သော်လည်း ကျရှုံးသူများကမူ ဆန့်ကျင်ဘက်ဖြစ်သည်။

ထူးဆန်သည်ဟုဆိုနိုင်သော်လည်း ထိုသို့ဖြစ်ရခြင်းမှာ စိတ်ဓာတ်ကြောင့်သာဖြစ်၏။ ထိုအရာမှာ လျှို့ဝှက်နက်နဲသောပညာရပ်ဖြစ်ပြီး လူတစ်ယောက်က သူ့ကိုယ်သူယုံကြည်မှုပိုရှိလေ ပိုအောင်မြင်နိုင်လေဖြစ်သည်။

စိတ်စွမ်းအင်အဆင့်မြှင့်ခြင်းလောကတွင် ကျင့်ကြံစရာနည်းလမ်း နှစ်လမ်းရှိပေသည်။ ပထမနည်းမှာ အများကလက်ခံကျင့်သုံးသောလမ်းစဥ်ဖြစ်ပြီး ထိုလမ်းစဥ်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်သူမှာ စိတ်စွမ်းအင်မြှင့်တင်ခြင်းဖြစ်သည့် ရှေ့တစ်ပိုင်းအတွက်သာ တာဝန်ရှိပေသည်။ သူကိုယ်တိုင် စမ်းသပ်မှုကို လုပ်စရာမလိုပေ။ ထိုအစား ပစ္စည်းကိုပိုင်ရှင်ထံပြန်ပေးကာ အဆင်မြှင့်တင်ပေးသူမရှိတော့မှ ပိုင်ရှင်က စမ်းသပ်မှုကို ဆောင်ရွက်ရခြင်းဖြစ်သည်။

ထိုနည်းအားဖြင့် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ စိတ်စွမ်းအင်အဆင့်မြှင့်တင်ပေးသူ၏ စိတ်ဓာတ်အပေါ် အကျိုးသက်ရောက်မှုရှိမည် မဟုတ်ပေ။ ရလဒ်ကို မမြင်လိုက်ရသည့်အတွက် အဆင့်မြှင့်တင်ပေးသူမှာ ထိုကိစ္စကို မေ့နိုင်သွားမည်ဖြစ်ပြီး စိတ်နှလုံးအေးချမ်းနေမည်ဖြစ်သည်။

သို့သော်လည်း ပို၍ပြင်းထန်သော ကျင့်စဥ်လမ်းတစ်လမ်းရှိသေးသည်။ ထိုလမ်းစဥ်ကို ရှေးဟောင်းစိတ်စွမ်းအင်မှော်အတတ် ဟုခေါ်ပြီး ထိုလမ်းစဥ်မှာ လူ့စိတ်၏ လျှို့ဝှက်နက်နဲဆန်းကြယ်သော စွမ်းအားပေါ်တွင် အခြေခံသည်။ ထိုနည်းလမ်းတွင်မူ အဆင့်မြှင့်တင်ပေးသူက ရလဒ်ကို သေချာစောင်ကြည့်ရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ပိုအောင်မြင်လေ သူတို့၏အဆင့်မြှင့်တင်ခြင်းစွမ်းရည်များမှာ ပို၍ကြောက်မယ်ဖွယ်ကောင်းအောင် မြင့်တက်လာလေဖြစ်သည်။ ထိုလမ်းစဥ်မှာ ပြင်းထန်လွန်းလှပြီး ကျဆုံးမှုတစ်ခုက အဆင့်မြှင့်တင်ပေးသူကို ဆိုးဆိုးရွား ထိခိုက်နိုင်သည့်အပြင် သူတို့၏ အရည်အချင်းများကိုပါ ပျက်ပြားစေနိုင်သည်။

သို့သော်လည်း ထိုလမ်းစဥ်ကိုကျင့်သော လူအနည်းငယ်ကတော့ ရှိသည်။ ဖက်တီးကျန်းကြီး၏ဆရာမ ရွှီမေ့ရှန်းပင်လျှင် ထိုသို့ ပြင်းထန်သောလမ်းစဥ်ကိုကျင့်ပါက ကောင်းကင်ကိုပင် အံတုနိုင်သော ရလဒ်များရရှိနိုင်ကြောင်း ပြောဖူးလေသည်။ လူတို့၏စိတ်စွမ်းအားနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေက အံ့မခန်းကြီးကျယ်သော ရလဒ်များကို ဆောင်ကျဉ်းပေးနိုင်သည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အကာအကွယ် ရတနာဖြစ်သော ကောင်းကင်ချိုဓားကို လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက တစ်မူထူးခြားသော အဆင့်မြှင့်တင်ပေးသူတစ်ယောက်က စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆယ်ဆင့်အထိပြုလုပ်ပေးခဲ့သည်။

ဖက်တီးကျန်းကြီးက ခါးသက်စွာပြုံးလိုက်သည်။ ခရမ်းဒယ်အိုးတောင်ပေါ်တွင် လူအများကျင့်ကြံသောလမ်းစဥ်ကိုသာ ပို၍သုံးကြကြောင်း သူ ကောင်းကောင်းသိသည်။ သူ စိတ်လှုပ်ရှားလွန်း၍ အမှားကြီးတစ်ခု လုပ်ခဲ့မိပြီဖြစ်သည်။ သူ၏တည်ငြိမ်နေခဲ့သော နှလုံးသားမှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်၍ ပြန်လည်သက်သာအောင် အချိန်ယူရဦးမည်။

ပိုင်ရှောင်ချန်းက ဖက်တီးကျန်းကြီးထွက်ခွာသွားသော အရိပ်ကို ပြတင်းပေါက်မှ လှမ်းမြင်လိုက်ရသည်။ သူစိတ်ပျက်လက်ပျက်ဖြစ်သွားမည်ကို မလိုလား၍ ပိုင်ရှောင်ချန်းက အံကြိတ်ကာ သူ၏ထည့်စရာအိတ်ထဲမှ ပုံစံတူ ဓားပျံတစ်ချောင်းကို ထုတ်လိုက်သည်။ ထို့နောက် သူက လိပ်ပုံစံဒယ်အိုးလေးကို ဆွဲထုတ်လိုက်ပြီး အလျင်အမြန်ပင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၂ဆင့်ကို လုပ်လိုက်တော့သည်။

ထိုအချိန်တွင် စိတ်ပျက်နေသော ဖက်တီးကျန်းကြီးက ခြံဝန်တံခါးကိုကိုင်ကာ ထွက်ခွာရန်ပြင်နေပြီဖြစ်သည်။ ရုတ်တရက်ပင် ပိုင်ရှောင်ချန်း၏ ပျော်ရွှင်ကျေနပ်နေသော အသံကပေါ်ထွက်လာသည်။

” အစ်ကိုကြီး… အောင်မြင်တယ်ဗျ။ ” သစ်သားအိမ်တံခါးမှာ ဝုန်းခနဲပွင့်သွားပြီး ပိုင်ရှောင်ချန်းက အပျော်လွန်နေသောပုံစံဖြင့် လက်ထဲတွင် ငွေရောင်အင်းကွက်နှစ်ခုပေါ်နေသောဓားပျံတစ်ချောင်းကိုကိုင်ရင်း ပြေးထွက်လာသည်။

” တကယ်လား။ ” ဖက်တီးကျန်းကြီးက တုန်တုန်ရီရီနှင့် ဓားပျံကိုလှည့်ကြည့်လိုက်သည်။ ထို့နောက် သူ၏အသားများမှာ တဆတ်ဆတ်တုန်လာပြီး သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုနှင့် မယုံကြည်နိုင်မှု အရိပ်အယောင်များ ပေါ်လာတော့သည်။

” ဟားဟားဟား။ ငါက စိတ်စွမ်းအင်အဆင့်မြှင့်တင်ပေးတဲ့လူတွေထဲမှာ တကယ့်ကို လက်ရွေးစင်တစ်ယောက်ပဲကွ။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှစ်ဆင့်တဲ့။ ငါအောင်မြင်သွားတာ ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူး ”

သူက ပိုင်ရှောင်ချန်းကို သိမ်းကြုံးဖက်လိုက်ပြီး အပျော်လွန်ကာ မျက်ရည်များပင်ကျလာတော့သည်။ အမှန်ဆိုရလျှင် သူ၏အရည်အချင်းမှာ သာမန်အဆင့်သာရှိပြီး သူ့မိသားစုနှင့် သူ၏ဆရာမသာ ရင်းနှီးမနေပါက သူ့ကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲ ဝင်ခွင့်ပြုမည်မဟုတ်ပေ။

စားဖိုဆောင်ရှိ တန်ဖိုးကြီးရတနာများကြောင့်သာ သူက ချီစုစည်းမှုအဆင့်သုံးစက်ဝိုင်းထိရောက်အောင် ကျင့်ကြံနိုင်ခဲ့ခြင်းဖြစ်သည်။ အပြင်စည်းဂိုဏ်းသို့ဝင်ပြီးနောက် သူ့တွင် ထိုသို့ တန်ဖိုးကြီးရတနာများမရှိတော့သည့်အတွက် ကျင့်ကြံရာတွင် အခက်တွေ့နေတော့လေသည်။ အမှတ်သုံးဖက်တီးဟီနှင့် ပိုင်ရှောင်ချန်းတို့ သူ့အားကျော်တက်သွားသည်ကိုကြည့်နေရုံသာတတ်နိုင်တော့သည်။ သူတို့တိုးတက်သည့်အတွက် ဝမ်းသာရသော်လည်း သူ့ကိုယ်သူ စိတ်ပျက်လက်ပျက်ဖြစ်နေတော့သည်။

ယခုမှာမူ သူကစိတ်စွမ်းအင်အဆင်မြှင့်ခြင်းတွင် ပါရမီပါမှန်းသိလိုက်ရ၍ သူ၏ပျော်ရွှင်မှုများမှာ အတိုင်းအဆမသိအောင် ကြီးမားနေ၏။ သူ့ကိုယ့်သူ အသုံးဝင်သောလူတစ်ယောက်ဟု ခံစားနေရပြီဖြစ်သည်။သူက စိတ်လှုပ်ရှားစွာနှင့် ခေါင်းကိုနောက်သို့လှန်ကာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ကျယ်လောင်စွာအော်ရယ်လိုက်တော့သည်။ ထိုအခါ လူ့စိတ်၏ ထူးဆန်းသောစွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ထဲတွင် စုစည်းသွားတော့သည်။

စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆိုသည်မှာ လိုက်နာကျင့်ကြံရန် အလွန်ပြင်းထန်သော လမ်းတစ်လမ်းဖြစ်သည်။ ပိုအောင်မြင်လေ ယုံကြည်ချက်ပိုရှိလေဖြစ်ပြီး စိတ်ဓာတ်ပြင်းထန်လေ အောင်မြင်သည့်ရာခိုင်နှုန်းများလေဖြစ်သည်။

အောင်မြင်မှုရရှိနိုင်သည်ဟု အနည်းငယ်မျှယုံကြည်ယုံဖြင့် ထိုယုံကြည်ချက်ကိုအသုံးချကာ အောင်မြင်မှုလှေကားများကို တက်လှမ်းပြီး လူ့စိတ်၏ လျှို့ဝှက်အဆန်းကြယ်ဆုံး စွမ်းအားများကို ထုတ်ဖော်နိုင်လိမ့်မည်။

ဖက်တီးကျန်းကြီးက ခေါင်းမော့ရင်း စိတ်လှုပ်ရှားစွာ ထွက်ခွာသွားတော့သည်။ ပိုင်ရှောင်ချန်းမှာ သူထွက်သွားသည်ကိုကြည့်ရင်း သူလုပ်လိုက်သောအရာမှာ မှန်၊ မမှန် ဆန်းစစ်နေတော့သည်။ အဆုံးတွင်မူ ဖက်တီးကျန်းကြီးပျော်နေသ၍ သူ့လုပ်ရပ်မှာ မမှားနိုင်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။

ဖက်တီးကျန်းကြီးထွက်သွားပြီး ရက်အနည်းငယ်အကြာတွင် ပိုင်ရှောင်ချန်းက ရွှီပေါက်ချိုင်ထံမှ သတင်းအချို့ ထပ်ရလေသည်။ မွှေးရနံ့တိမ်တောင်ပေါ်တွင် လူများနည်းနည်းသွားရခြင်း အကြောင်းအရင်းမှာ ချီစုစည်းမှုအဆင့်ခြောက် နှင့် အထက်ရှိ ဂိုဏ်းသားအားလုံးက တံခါးပိတ်ကျင့်ကြံကာ နှစ်သုံးဆယ်မှတစ်ကြိမ်ကျင်းပသော လက်ရွေးစင်တိုက်ပွဲများအတွက် အဆင့်ရှစ်ထိရောက်အောင် ကြိုးစားနေကြ၍ဖြစ်သည်။

တောင်ဘက်ခြမ်းနှင့်မြောက်ဘက်ခြမ်း ပူးပေါင်းကျင်းပသော လက်ရွေးစင်တိုက်ပွဲများမှာ သုံးလသာလိုတော့သည်ဖြစ်၍ စိတ်စွမ်းအင်နတ်ရေစင်တစ်ဂိုဏ်းလုံးက ထိုအရာကို အာရုံစိုက်နေကြခြင်းဖြစ်သည်။

အရှေ့သစ်တောဒေသတစ်ခုလုံးရှိ ကျင့်ကြံသူမျိုးနွယ်စုများနှင့် အခြားအသေးစားဂိုဏ်းများက ရလဒ်များကို နားစွင့်နေမည်မှာ သေချာသည်။

လက်ရွေးစင်တိုက်ပွဲများတွင် မြောက်ဘက်နှင့်တောင်ဘက်မှ လက်ရွေးစင်အပြင်စည်းဂိုဏ်းသားများက တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်ကာ ထိပ်ဆုံးဆယ်နေရာကို လုရမည်ဖြစ်သည်။ ယောက်ျား မိန်းမမရွေး ဂိုဏ်းသားများအားလုံးမှာ နဂါးနှင့်ဇာမနီငှက်များကဲ့သို့ နိုးထရန်ပြင်ဆင်နေကြပြီး အတွင်းစည်းဂိုဏ်းသားအဖြစ် အဆင့်တက်ရန် မျှော်လင့်နေကြသည်။ အတွင်းစည်းဂိုဏ်းသားများသည် ကျော်ကြားမှုသာမက ဂိုဏ်းကအထောက်အပံ့ပေးရာတွင်လည်း အခြားအဆင့်ဂိုဏ်းသားများနှင့် ကွာခြားပေသည်။

အနှစ်သုံးဆယ်တိုင်း မျိုးဆက်တစ်ခု၏ ထိပ်ဆုံးလက်ရွေးစင်ဆယ်ယောက်က ခမ်းနားတောက်ပစွာ ရှေ့ဆက်လျှောက်ရသည်။ သူတို့သည် ထူးချွန်သော ပါရမီရှင်များဖြစ်ကြပြီး နီးနီးဝေးဝေးရှိလူအားလုံးက ကြောက်ရွံ့လေးစားကြလေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် အဆင့််တူအခြားဂိုဏ်းများကပင်လျှင် သူတို့ကို အသိအမှတ်ပြုကြလေသည်။

လက်ရွေးစင်တိုက်ပွဲများတွင် ထိပ်ဆုံးဆယ်နေရာထဲဝင်သောလူတိုင်းကို ဂိုဏ်းက ထိုက်ထိုက်တန်တန်ဆုချီးမြှင့်အုံးမည် ဖြစ်သည်။ သတင်းများအရ စွမ်းဆောင်မှုရမှတ် ထောင်သောင်းသာမကပဲ အခြားတန်ဖိုးရှိ ပစ္စည်းများလည်း ပါကြောင်းသိရသည်။ ထို့အပြင် ဂိုဏ်း၏ လျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ခွင့်လည်း ရနိုင်သေးသည်။

လူတိုင်းမှာ ထို ဆုလာဒ်များကြောင့် စိတ်လှုပ်ရှားနေကြတော့သည်။

ထို့အပြင် အတော်ဆုံးတွေထဲမှ အတော်ဆုံးမှာ ဒဏ္ဍာရီလာအမွေအနှစ်အဆင့်မှာ နေရာတစ်နေရာအတွက် ကြိုးစားခွင့် ရရှိမည်ဖြစ်သည်။ ထို့အတွက် လိုအပ်ချက်တစ်ခုမှာ ထိပ်ဆုံးဆယ်ယောက်ထဲတွင် နံပါတ်တစ်နေရာရရန်ဖြစ်ရာ ဂိုဏ်းသားအားလုံးအတွက် နောက်ထပ်ကြိုးစားချင်စိတ်ဖြစ်ရခြင်း အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။

လက်ရွေးစင်တိုက်ပွဲများမစခင် အရည်ချင်းစစ်ပွဲများ အရင်လာမည်ဖြစ်သည်။ တောင်ဘက်နှင့်မြောက်ဘက်နှစ်ခြမ်းလုံးမှာ အရည်ချင်းစစ်ပွဲများ သီးသန့် ကျင်းပကြမည်ဖြစ်ပြီး ထိုအထဲမှ အတော်ဆုံးဂိုဏ်းသားဆယ်ယောက်ကို ရွေးထုတ်ကာ နောက်ဆုံးလက်ရွေးစင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်စေမည်ဖြစ်သည်။

ထို့အတွက် လိုအပ်သော ကျင့်ကြံခြင်းအခြေခံအဆင့်မှာ ချီစုစည်းမှုအဆင့်ရှစ်ဖြစ်သည်။ ထိုအဆင့်ရှိသော ဂိုဏ်းသားများသာ ဝင်ရောက်ယှဥ်ပြိုင်နိုင်မည် ဖြစ်သည်။ အတွင်းစည်းဂိုဏ်းထဲဝင်ရန် အဓိကလိုအပ်ချက်နှစ်ချက်ရှိသည်။ ပထမအချက်မှာ ချီစုစည်းမှုအဆင့်ရှစ်တွင်ရောက်နေရန်ဖြစ်ပြီး ဒုတိယအချက်မှာ နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုကို ကျော်ဖြတ်ရန်ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုရသော် အတွင်းစည်းဂိုဏ်းထဲသို့ဝင်ရန် ဝင်ရောက်ဖြေဆိုနိုင်သော နတ်မီးလျှံစမ်းသပ်ပွဲများစွာရှိသည်။ သို့သော်လည်း နှစ်သုံးဆယ်တစ်ခါကျင်းပသော လက်ရွေးစင်တိုက်ပွဲများမှာ အခက်ခဲဆုံးဖြစ်ပြီး တစ်ဂိုဏ်းလုံးတွင် လူကြည့်အများဆုံးဖြစ်သည်။

ဝင်ရောက်ကြိုးစားကြမည့် မရေမတွက်နိုင်သော အပြင်စည်းဂိုဏ်းသားများထဲမှ အများစုမှာ အဆင့်တက်ခွင့်ရမည်မဟုတ်ချေ။

အရည်အချင်းစစ်ပွဲတွင် ထိပ်ဆုံးတစ်ရာထဲပါသော လူများသာ အတွင်းစည်းဂိုဏ်းထဲဝင်ခွင့်ရလိမ့်မည်။ ထိပ်ဆုံးဆယ်ယောက်ကမူ လက်ရွေးစင်တိုက်ပွဲများထဲတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

ရှမ်ကွမ်းထျန်ယုံ၊ လုထျန်းလဲ့နှင့် ကျိုးရှင်းချီတို့အားလုံးမှာ တောက်ဘက်ခြမ်း၏ထိပ်ဆုံးဆယ်ယောက်အတွင်း ဝင်လိုပြီး မြောက်ဘက်ခြမ်း၏ထိပ်ဆုံးဆယ်ယောက် နှင့် ယှဥ်ပြိုင်တိုက်ခိုက် လိုနေကြသည်။

ဤနည်းဖြင့် သူတို့သာ အတွင်းစည်းဂိုဏ်းသားများဖြစ်သွားပါက အမွေဆက်ခံသူအဆင့်ထဲရောက်ရှိရန် ကြိုးစားခွင့်ရရှိမည် ဖြစ်ပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset